သည်မောင် လက်ခုပ် တီးပါ့မယ် (...
moe_for_more tarafından
144K 11.5K 3.1K
အစ်ကိုထွင်းက ဇာတ်စင်ပေါ်မယ် အချိုးအချိတ်ကျကျ လှလှကလေး ကကြိုးဆင်ပါလေ....သည်မောင်ကတော့ ဇာတ်စင်အောက် တစ်နေရာကနေ... Daha Fazla
Author's note
၁ (Z)
၂(Z)
၃(Z)
၄ Z
၅(Z)
၆(Z)
၇(Z)
၈(Z)
၉(Z)
၁၀
၁၀(Z)
၁၁
၁၁(Z)
၁၂
၁၂ (Z)
၁၃
၁၃ (Z)
၁၄
၁၄ (Z)
၁၅
၁၅ (Z)
၁၆
၁၆ (Z)
၁၇
၁၇ (Z)
၁၈
၁၈ (Z)
၁၉
၁၉ (Z)
၂၀
၂၀ (Z)
၂၁
၂၁ (Z)
၂၂
၂၂ (Z)
၂၃
၂၃ (Z)
၂၄
၂၄ (Z)
၂၅
၂၅ ( Z)
၂၆
၂၆ (Z)
၂၇
၂၇ (Z)
၂၈
၂၈ (Z)
၂၉
၂၉ (Z)
၃၀
၃၀ (Z)
၃၁
၃၁ (Z)
၃၂
၃၂ (Z)
၃၃
၃၃ (Z)
၃၄ (Z)
၃၅
၃၅ (Z)
၃၆
၃၆ (Z)
၃၇
၃၇ (Z)
၃၈
၃၈ (Z)
၃၉
၃၉ (Z)
၄၀ (ဇာတ်သိမ်းပိုင်း)
၄၀ (ဇာတ်သိမ်းပိုင်း) (Z)
အခပျြပို
အချပ်ပို
အခပျြပို၂
အချပ်ပို၂
မောင့်ဒိုင်ယာရီ
ေမာင့္ဒိုင္ယာရီ
နောက်ကျမှ ရေချိုးမိတဲ့အခါ (ေနာက္က်မွ ေရခ်ိဳးတဲ့အခါ)
ပေသလူးနဲ့ တို့များတစ်ခေတ်မောင်
အဆုံးသတ်မဟုတ်လေသော အဆုံးသတ်
Book Announcement
book cover and details
၃၄
1.3K 146 102
moe_for_more tarafından
Unicode
ခွဲစိတ်ခန်းရှေ့တွင် ထိုင်နေလျက် တစ်ခေတ်မောင် ခေါင်းငိုက်စိုက်ကျနေတော့၏။ သူ့ပုံစံမှာ အလွန် မျှော်လင့်ချက် မဲ့နေလျက် ပင်ပန်းနေသကဲ့သို့ပင်။ ဘေးတွင်လည်း အငြိမ့်အဖွဲ့သားများ စုံစုံလင်လင်ရှိနေကြ၏။ ကိုကြီးသာကူမှာ ရှေ့လျှောက်လိုက် နောက်လျှောက်လိုက်ဖြင့် ဂဏာမငြိမ်ဖြစ်နေသည်။ အခြားလူရွှင်တော်အစ်ကိုကြီးများမှာလည်း ခွဲစိတ်ခန်းထဲမှ ခွဲစိတ်ဆရာဝန်ထွက်ပေါ်လာမည့်အချိန်အား မျှော်တလင့်လင့်စောင့်နေပေတော့သည်။ ငိုသူများကလည်း ငိုကြသည်။ အရံအငြိမ့်သမ နွယ်နွယ်ဆိုလျှင် ငိုလွန်း၍ သတိပင်လစ်သွားသည်အထိ။
"တစ်ခေတ်မောင်...."
တစ်ခေတ်မောင်၏ ပုခုံးအား ခပ်ဖွဖွကိုင်ပေးလျက် တိုးဖွဖွခေါ်မိသော်လည်း ပြန်လည်ဖြေကြားခြင်းမှာ နတ္တိတန်လေ၏။ တစ်ခေတ်မောင်မှာ တိတ်ဆိတ်နေလျက် ခေါင်းချည်းသာ ငုံ့ထားတော့သည်။ ထိုသူ့မျက်နှာအား မမြင်တွေ့ရပါသော်လည်း ဝမ်းနည်းကြေကွဲနေသော ပုံစံကို ကြည့်ရုံဖြင့် စိတ်မသက်မသာဖြစ်စေ၏။
"အက္ခရာက စိတ်မာတဲ့သူပါ...သူက သိပ်စိတ်ဓာတ်မာကြောတာ....သူအဖွားဆုံးစဥ်အခါကကော သူ့ညီမကလေးဆုံးပါးသွားစဥ်အခါကပါ မပြိုမလဲ ပြန်နလန်ထူနိုင်သေးတာပဲ....သည်တစ်ခါလည်း အက္ခရာ ဘေးကင်းမှာပါ...."
ဆရာရသ တစ်ခေတ်မောင်အား အားပေးနှစ်သိမ့်မိသည်။ သူ့နှစ်သိမ့်မှုသည် အရာထင်သလား မထင်သလားတော့ သူ မသိချေ။ သို့ပေသော်လည်း သူတတွတ်တွတ်ပြောနေမိတော့၏။ သတိမရှိတော့သော အက္ခရာအား ချီမကာ လမ်းမတစ်လျှောက်ပြေးသွားလေသော တစ်ခေတ်မောင်အား သူက စတင်တွေ့ရှိခဲ့ခြင်းဖြစ်၏။ ထိုအချိန်က တစ်ခေတ်မောင်မှာလည်း အသိကပ်မနေ။ သွေးရူးသွေးတန်းဖြင့် လမ်းတစ်လျှောက်ပြေးနေကာ ဆရာရသအား တွေ့သည့်တိုင် အာရုံမရခဲ့။ ဖိနပ်တစ်ဖက်မှာ လမ်းတစ်ဝက်တွင် ကျွတ်ကျကျန်ခဲ့ပြီး တစ်ဖက်မှာလည်း သဲကြိုးပြတ်သွားခဲ့သည်။
ဆရာရသက သူ့အား အတင်းလှုပ်၍ စကားပြောကာမှ ဆရာရသအား အကြည့်ပို့လာကာ 'အစ်ကိုထွင်းကို ဆေးရုံပို့ရမယ်....ကျုပ်အမြန်ပြေးရမယ်'ဟု တတွတ်တွတ်ဆိုလေ၏။ ထိုအချိန်က ဆရာရသလည်း ထူပူနေကာ တစ်ခဏတော့ မတွေးနိုင်ဖြစ်သွားရသည်။ ပြီးကာမှ တစ်ဖွဲ့သားလုံးအား အသိပေးကာ အဖွဲ့၏ ပစ္စည်းတင်ကားဖြင့်ပင် ဆေးရုံသို့ အမြန်ဆုံးပို့ဆောင်ခဲ့သည်။ ခွဲစိတ်ခန်းထဲသို့ ဝင်သွားသည်မှာ နာရီဝက်မျှ ရှိလေပြီ။ အချိန်အားဖြင့်လည်း မနက်သုံးနာရီထိုးနေပြီဖြစ်၏။ မည်သူမျှ အိပ်ချင်စိတ်ဖြစ်မနေပါချေ။ စိုးရိမ်ပူပန်မှုတို့ကသာ မင်းမူနေလျက် ခွဲစိတ်ခန်းရှေ့တွင် ဘုရားစာရွတ်သံများ၊ ငိုသံများ၊ သက်ပြင်းချသံများသာ ပြည့်နှပ်လို့နေ၏။
"ဆရာရသ...."
"ဟေ....ထူးမော်...မင်း ဘယ်လို...."
ဟယ်ရင်တန်ထူးမော်မှာ ဆရာဝန်ဝတ်စုံဖြင့် သန့်ပြန့်နေပါသော်လည်း မျက်နှာမှာ နွမ်းလျနေသည်။ မျက်ဝန်းများမှာလည်း စိုးရိမ်ကြောင့်ကြမှုတို့ ပြည့်တင်းနေ၏။
"ရာ...ရာ ဘယ်လိုဖြစ်ရတာလဲဗျာ...လူနာနာမည်က 'ထွင်းအက္ခရာ'ဆိုတာနဲ့ပဲ သည်ခွဲစိတ်မှုကို ကျွန်တော် လက်လွှဲယူလိုက်တာ...ရာ့နာမည် ကြားလိုက်ရတုန်းကဆို ကျွန်တော်တကယ် တုန်လှုပ်သွားခဲ့ရတာ...ဘ..ဘယ်လိုဖြစ်ရတာလဲဗျာ...."
"အဲ့တာက...."
မလှုပ်မယှက် ခေါင်းငုံ့ထိုင်နေလျက်ရှိသော တစ်ခေတ်မောင်အား ဆရာရသ ငေးကြည့်မိသည်။ ဘယ်လိုဖြစ်သွားသလဲ သူ မသိ။ အဖြစ်အပျက်တို့အား သိသူမှာ တစ်ခေတ်မောင် တစ်ဦးတည်းသာရှိသည်။ ဆရာရသမှာ အက္ခရာနောက် ပြေးလိုက်သွားလေသော တစ်ခေတ်မောင်နောက်သို့ ခဏကြာမှ လိုက်လာခြင်းဖြစ်သည်မို့ ဖြစ်ပျက်ခဲ့သည်များကို မမြင်တွေ့လိုက်၊ မသိလိုက်ချေ။ အဖြစ်အပျက်အား မေးမြန်းဖို့ရာ တစ်ခေတ်မောင်၏ ပုခုံးအား ခပ်ကြမ်းကြမ်းလှုပ်လိုက်ရသည်။
"တစ်ခေတ်မောင်!!!"
ထိုအခါမှ သူ့အား တစ်ခေတ်မောင် မော့ကြည့်လာတော့သည်။ တစ်ခေတ်မောင်၏ မျက်နှာလေးအား မြင်လိုက်ရချိန် သူအတော် စိတ်မကောင်းဖြစ်သွားရသည်။ မျက်လုံးများဖောင်းအစ်နေကာ မျက်ရည်များကလည်း အတိုင်းအဆမရှိ ကျဆင်းနေတုန်းပင်။ နှုတ်ခမ်းများ တဆတ်ဆတ်တုန်နေလျက် အသိစိတ်ပင်ကပ်မနေ။ ဆရာရသကိုကြည့်နေပါသော်လည်း အမှန်စင်စစ် ကြည့်နေခြင်းမဟုတ်ပြန်။ အာရုံတို့လွင့်နေပုံပေါ်ပါ၏။ တစ်ခေတ်မောင်၏ အကြည့်သည် ဆရာရသမှသည် ထူးမော်ထံသို့ ကူးပြောင်းသွား၏။ ထူးမော်ကို မြင်သည်နှင့် တစ်ခေတ်မောင်က မတ်တပ်ထရပ်လိုက်ကာ ထူးမော်ပုခုံးနှစ်ဖက်အား ဖိညှစ်လှမ်းကိုင်လိုက်သည်ကြောင့် ဆရာရသ လန့်ဖြန့်သွားရသည်။
"တစ်ခေတ်မောင်!!!"
"ခင်...ခင်ဗျား...ခင်ဗျားက ဆရာဝန်လား...."
တစ်ခေတ်မောင်၏ အသံမှာ ကြမ်းရှအက်ကွဲနေ၏။ ငိုထားရ၍ မျက်သားများနီရဲနေလေသော မျက်ဝန်းအစုံ၏ စူးရှရှအကြည့်မှာ ထူးမော်ထံ၌သာ ကပ်ညိနေ၏။
"အစ်ကိုထွင်း....အစ်ကိုထွင်းကို ကယ်ပေးပါဗျာ....ကျုပ်...ကျုပ်ရဲ့ အစ်ကိုထွင်းကို ကယ်ပေးပါ...."
​တစ်ခေတ်မောင်မှာ ရှိုက်ကြီးတငင်ငိုကာ တောင်းဆိုလေတော့သည်။ ထူးမော်၏ ပုခုံးများအား ခပ်ကြမ်းကြမ်းလွှဲခါနေပြီး သူသည်လည်း ဝမ်းနည်းပက်လက်ငိုယိုကာ ဆိုနေတော့သည်။
"ကျုပ်...ကျုပ်အစ်ကိုထွင်းကို ကယ်ပေးပါ...ကျုပ်တောင်းဆိုပါတယ်...."
"တစ်ခေတ်မောင် စိတ်ထိန်းပါအုန်း...."
ဆရာရသက သူ့အား ဆွဲကာ ထိန်းနေပါသော်လည်း တစ်ခေတ်မောင်မှာ ရှိုက်ကြီးတငင်ငိုကြွေးနေတုန်းပင်။ တစ်ခေတ်မောင်၏ မျက်ရည်များမှာ တာကျိုးသကဲ့သို့ အဆက်မပြတ်စီးကျနေပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ တဆတ်ဆတ်တုန်ယင်လို့နေ၏။ ယောက်ျားအရင့်အမာကြီးတစ်ဦး၏ ဤသို့ ဝမ်းနည်းပက်လက်ငိုကြွေးမှုသည် ထိုမျှအထိ ကြေကွဲဖွယ်ကောင်းမယ်မှန်း မသိတတ်ခဲ့။ ရုပ်နှင့်နာမ်မကပ်လေသော တစ်ခေတ်မောင်ကို ကြည့်ကာ ဆရာရသသည်ပင် ထိန်းထားသည့်ကြားမှ မျက်ရည်များ ဖြိုင်ဖြိုင်ကျလာတော့သည်။
ဟယ်ရင်တန်ထူးမော်မှာ သူ့ပုခုံးများအား ခပ်ကြမ်းကြမ်းဆွဲလှုပ်ရင်း အော်ဟစ်ငိုယိုတောင်းဆိုနေသော တစ်ခေတ်မောင်အား မျက်မှောင်ကြုတ်၍ကြည့်လိုက်သည်။ ထို့နောက် ပုခုံးထက်မှ သူ့လက်တို့ကို ဖြုတ်ချပစ်လိုက်သည်။
"မင်းမတောင်းဆိုလည်း ရာ့ကို ရအောင်ကယ်မှာ...."
ထိုသို့ဆိုလျက် ခွဲစိတ်ခန်းထဲသို့ ထူးမော်ဝင်သွားလိုက်တော့သည်။ ပထမအချိန် ခွဲစိတ်ပေးနေလေသော ဆရာဝန်မှာ မတတ်နိုင်တော့သည်ကြောင့် အဆုံးတွင် ထူးမော်နှင့် နေရာလဲလိုက်ရခြင်းဖြစ်ပေသည်။ ခွဲစိတ်ကုတင်ထက် လဲလျောင်းနေလေသော ရာ၏ ဖြူဖျော့နေလေသော မျက်နှာကလေးအား ငေးကာ ကတိတစ်ခု တတွတ်တွတ်ပေးမိသည်။
*ကိုယ် ရာ့ကို ရအောင်ကယ်မှာပါ...ရာ ကိုယ့်ကိုယုံပါ....*
"အစ်ကိုထွင်းကို မရရအောင် ကယ်ပေးနော်!!! ရအောင်ကယ်ပေးနော်!!!"
တစ်ခေတ်မောင်မှာ ခွဲစိတ်ခန်းရှေ့ ကြမ်းပြင်ပေါ် အရုပ်ကြိုးပြတ်ထိုင်ချကာ အော်ဟစ်ငိုယိုနေတော့သည်။ အချိန်ကြာမြင့်စွာ အော်ဟစ်ငိုယိုနေခြင်းကြောင့် တစ်ခေတ်မောင်၏ လည်ချောင်းတို့ အက်ကွဲလာကာ မျက်နှာသည်လည်း နီရဲသထက် နီရဲလာတော့သည်။
"တစ်ခေတ်မောင်ရာ...မင်းစိတ်ကို ထိန်းပါကွာ....အက္ခရာ ဘာမျှမဖြစ်ပါဘူး..."
လူရွှင်တော်အစ်ကိုကြီးများရော ဆရာရသပါ ဝိုင်းဝန်း​ဖျောင်းဖျကာမှ ထိုင်ခုံပေါ်တွင် ပြောင်းထိုင်ကာ အော်ဟစ်ခြင်းတို့ ရပ်တန့်သွားတော့သည်။ သို့ပေသော်ငြား ရှိုက်ကာငင်ကာ ငိုနေတုန်းပင်။ နှစ်နာရီမျှအကြာတွင် ခွဲစိတ်မှုမှာ ပြီးဆုံးသွားလေ၏။ ထူးမော်မှာ နွမ်းနယ်နေသော မျက်နှာပေးဖြင့် ခွဲစိတ်ခန်းထဲမှ ထွက်လာခဲ့၏။ သူထွက်လာသည်နှင့် တစ်ခေတ်မောင်မှာ သူ့ရှေ့ ကမူးရှူးတိုးရောက်လာကာ မေးတော့သည်။
"အစ်ကိုထွင်း ဘယ်လိုနေသလဲဟင်....ကျုပ် အစ်ကိုထွင်း ဘယ်လိုနေသလဲဟင်...."
ထူးမော်က တစ်ခေတ်မောင်၏ အမေးကို ပြန်မဖြေပါ။ တစ်ခေတ်မောင်အား မျက်မှောင်စုကြုတ်၍သာ ကြည့်နေတော့သည်။
"ငါ့တူထူးမော်....အက္ခရာ ဘယ်လိုနေသလဲ...."
"စိတ်မပူပါနဲ့တော့ ဆရာရသ...ရာ့ ဦးခေါင်းက ဒဏ်ရာက သိပ်မပြင်းပါဘူး...ရာ အသက်အန္တရာယ်ကင်းပါတယ်...သို့ပေမဲ့...."
ဆရာရသကိုတော့ဖြင့် အဖြေပြန်ပေးလျက် ဆက်ပြောရမည်ကို တွန့်ဆုတ်နေမိသည်။ သူ့မှာ ထိုစကားအား ပြော၍မထွက်။
"ဘာ...ဘာဖြစ်တာလဲ...ကျုပ်အစ်ကိုထွင်းက ဘာဖြစ်လို့လဲ...."
"ဘာဖြစ်သလဲ ငါ့တူ...အက္ခရာ ဘာများဖြစ်လို့လဲ...."
ထူးမော် တွန့်ဆုတ်နေပါသော်လည်း မပြောပြ၍မဖြစ်ပေ။ ထို့ကြောင့် မနည်းပင် အားယူကာ ပြောပြရတော့သည်။
"ရာရဲ့ ခြေထောက်တွေက ကတ္တရာလမ်းပေါ် ကြမ်းကြမ်းကျထားတဲ့အရှိန်ကြောင့် အရိုးတစ်ချို့ပျက်စီးသွားခဲ့တယ်...ကျွန်တော် အကောင်းဆုံးကြိုးစားခဲ့ပေမဲ့ ရာ လူကောင်းပကတိတစ်ယောက်လို လမ်းလျှောက်နိုင်တော့မှာမဟုတ်ဘူး...."
"ဘယ်လို!!!"
"ခင်ဗျာ!!!"
အစ်ကိုထွင်းက လူကောင်းတစ်ဦးလို လမ်းမလျှောက်နိုင်တော့ဘူးတဲ့လား။ မဖြစ်ရ။ ထိုသို့မဖြစ်ရ။ တစ်ခေတ်မောင် ဟယ်ရင်တန်ထူးမော်၏လက်အား လှမ်းဆွဲလိုက်မိသည်။
"မရဘူးလေ....ခင်ဗျား ရအောင်ကုပေးရမပေါ့...ခင်ဗျားက ဘိလပ်ပြန်ဒေါက်တာဆို....ခင်ဗျား ရအောင်ကုပေးရမှာပေါ့...ကျုပ်...ကျုပ်အစ်ကိုထွင်း လမ်းမလျှောက်နိုင်လို့ မဖြစ်ဘူးလေ...သူ အကကို ဘယ်လောက် မြတ်နိုးလိုက်သလဲ....သူ...သူ...."
တစ်ခေတ်မောင် ပြောရင်းပင် ရင်ထဲ တစ်ဆို့လာကာ ငိုမိပြန်တော့သည်။ အစ်ကိုထွင်း မည်မျှ အကကို မြတ်နိုးသလဲ သူကောင်းကောင်းသိ၏။ အဖွားဖြစ်သူအတွက် ကခုန်ပေးချင်သည်။ ညီမငယ်ဖြစ်သူအတွက် စင်မြင့်ထက် ကလိုက်ဆိုလိုက်ပြုမူချင်သည်။ သူကိုယ်တိုင်အတွက်လည်း အငြိမ့်ကခြင်းသည် ဘဝတစ်ခုဖြစ်နေလေပြီ။ ထိုလိုလူဟာ လမ်းကောင်းကောင်းမလျှောက်နိုင်တော့၊ အကကောင်းကောင်းမကနိုင်တော့ဘူး ဆိုပါလျှင် မည်မျှအထိ သွေးပျက်သွားပါမည်နည်း။ သူ့အစ်ကိုထွင်း မည်မျှအထိ စိတ်ထိခိုက်သွားပါမည်နည်း။
"ကျွန်တော် အကောင်းဆုံး ကြိုးစားခဲ့ပါတယ် ဆရာရသ...ဒါပေမဲ့ ရာ...ရာက လူကောင်းတစ်ဦးလို လမ်းလျှောက်နိုင်တော့မှာမဟုတ်ဘူး....ကျွန်တော်...ကျွန်တော်တကယ်တောင်းပန်ပါတယ်....."
ဖြေမဆည်နိုင်လေအောင် ငိုကြွေးနေသူမှာ ဆရာရသမဟုတ်။ တစ်ခေတ်မောင်သာဖြစ်သည်။ အဖြစ်မှန်အား သူ့မယ် လက်မခံနိုင်။ သူ့ကိုယ်တွင်လည်း အားမရှိတော့။ သဲကြိုးပြတ်နေသည့် ကတ္တီပါဖိနပ် တစ်ဖက်ဝတ်လျက်ရှိသော သူ့ခြေထောက်တို့လည်း ထုံထိုင်းနေလေပြီ။သူ့တွင် အစ်ကိုထွင်းအား မည်သို့မျှ ကူနိုင်ဖွယ် အချင်းမရှိ။ ကိုယ့်ကိုယ်ကိုယ် ထိုမျှလောက် တစ်ခါမျှ စိတ်မပျက်ဖူးပေ။ စိတ်ပျက်ဝမ်းနည်းမှုတို့ဖြင့် ကြမ်းပြင်တွင် ဆောင့်ကြောင့်ထိုင်ကာသာ ကူကယ်ရာမဲ့ ငိုကြွေးမိတော့သည်။
*အစ်ကိုထွင်း မောင့်ကို လက်ဆောင်ပေးခဲ့တဲ့ အောကတ္တီပါ ဖိနပ်ကလေးတောင် တစ်ဖက်ပျောက်ပြီး တစ်ဖက်ကတော့ သဲကြိုးပြတ်သွားချေပြီ...*
#####
ကုတင်ထက်တွင် ဖျော့တော့စွာ လဲလျောင်းနေပါသော သူချစ်ရသည့် အစ်ကိုထွင်း။ အစ်ကိုထွင်း၏ မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီအား ဖြည်းညင်းစွာ မှတ်သားနေမိသည်။ နဖူးမို့မို့ကလေး၊ နှာတံပြေပြေကလေးနှင့် နှာထိပ်လုံးလုံးကလေး၊ ဖျော့တော့နေပါသော တစ်ခါက နီဆွေးဖူးသည့် နှုတ်ခမ်းနုနုကလေး။ သတိမေ့နေသော နှစ်ရက်အတွင်း အစ်ကိုထွင်း၏ မျက်နှာကလေးမှာ သိသိသာသာ ချောင်ကျသွားတော့သည်။ မျက်ဝန်းများ ပိတ်ကျနေသည်ကြောင့် မျက်ဝန်းညိုညိုများအား မမြင်တွေ့ရ။
လှုပ်ရှားမှုကင်းမဲ့နေလေသော အစ်ကိုထွင်း၏ လက်သွယ်သွယ်ကလေးအား တယုတယဆွဲယူကာ တမြတ်တနိုးကိုင်တွယ်မိသည်။ ထိုလက်တစ်စုံမှာ ယခင်ကလို တစ်ခေတ်မောင်လက်အား ပြန်လည်ဆုပ်ကိုင်လာခြင်းမရှိ။ ပကတိ လှုပ်ရှားမှုကင်းမဲ့နေလေသည်။
"မောင် အမြန်ဆုံး ပြေးခဲ့ပေမဲ့ အစ်ကိုထွင်းရဲ့ ခြေထောက်လှလှလေးတွေကို အချိန်မှီမကယ်နိုင်ခဲ့ဘူး...."
တစ်ခေတ်မောင်၏ အသံမှာ ပကတိအက်ကွဲနေ၏။ ရှတတထိုအသံက ဝမ်းနည်းမှုတို့ ပြည့်နှပ်နေ၏။ တစ်ခေတ်မောင်၏ မျက်ဝန်းများမှာ မငိုမိလေအောင် အတတ်နိုင်ဆုံး ထိန်းထားသည်မို့ သွေးကြောများပင် ထင်းကာ နီရဲနေတော့၏။
"မောင့်ကို စကားမပြောတော့ဘူးလား...."
အစ်ကိုထွင်း၏ လက်ကလေးအား သူ့ပါးပြင်တွင် အပ်ထားလိုက်သည်။ အစ်ကိုထွင်း၏ လက်ကလေးမှာ ယခင်ကအတိုင်း နွေးထွေးလို့နေ၏။ တစ်ခေတ်မောင် မထိန်းနိုင်စွာ မျက်ရည်ကျမိပြန်သည်။ အစ်ကိုထွင်း မေ့​မြောနေလေသော နှစ်ရက်အတွင်း တစ်ခေတ်မောင် တစ်ရေးမျှ မအိပ်ရသေးချေ။ ပွဲမှ လူရွှင်တော် ဝတ်စုံကိုလည်း ယခုအထိ မလဲလှယ်ရသေး။ သူ့မယ် အင်္ကျီလဲလှယ်ဖို့ပင် အာရုံမရသေးပါချေ။
"တစ်ခေတ်မောင်...."
နောက်နားဆီမှ အသံကြားလိုက်ရသည်မို့ လှည့်ကြည့်လိုက်လေရာ ဆရာရသနှင့် အငြိမ့်သမ နွယ်နွယ်ဖြစ်နေ၏။ နွယ်နွယ်ဟူသည်လည်း သည်နှစ်ရက်အတွင်း တငိုငိုတရီရီရယ်မို့ မျက်နှာကလေးမှာ နွမ်းဖတ်လျက်။ ဆရာရသသည်လည်း မျက်နှာညှိုးနေလေ၏။
"မင်း အိမ်ပြန်ပြီး နားပါအုန်းလား...အက္ခရာကို နွယ်နွယ် ကြည့်ပေးပါလိမ့်မယ်..."
"ကျုပ်အစ်ကိုထွင်းကို ကျုပ်ပဲကြည့်ပါ့မယ်...."
တစ်ခေတ်မောင်မှာ ခေါင်းမာလွန်းလှ၏။ ဆရာရသ မည်မျှပင် သူ့အား အိမ်ပြန်လွှတ်နေပါစေ အစ်ကိုထွင်းဘေးတွင်သာ တွယ်ကပ်နေမိ၏။ တစ်ခေတ်မောင်၏ သေးငယ်သော ဆန္ဒကလေးမှာ အစ်ကိုထွင်း သတိရချိန်တွင် ပထမဆုံးမြင်တွေ့ရသူမှာ သူပင်ဖြစ်ချင်၏။ သူ့အဖြေစကားကြားတော့ ဆရာရသမှာ သက်ပြင်းချလေ၏။
"အိမ်ခဏ ပြန်ကြရအောင်လား...ပြောစရာလေးလည်း ရှိလို့ပါ...."
"ဘာပြောစရာများရှိနေလို့လဲ....ကျုပ်မရှိချိန် အစ်ကိုထွင်း တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်လေမလဲ...."
"စိတ်မပူပါနဲ့...နွယ်နွယ် စောင့်ပေးပါလိမ့်မယ်..."
ဆရာရသမှာ ယခုတစ်ခါ သူ့အား အတော်တိုက်တွန်းနေ၏။ ယခင်ကတော့ သူ အစ်ကိုထွင်းနား စောင့်ပေးချင်သည်ကို ဘာမျှမပြောလေဘဲ လွှတ်ပေးထားသော်ငြား ယခုတွင်မူ အတင်းကာရော တိုက်တွန်းနေလေ၏။
"ကိုတစ်ခေတ်မောင်....အစ်ကိုအက္ခရာကို စိတ်မပူပါနဲ့နော်...နွယ်နွယ် သေချာစောင့်ကြည့်ပေးပါ့မယ်...."
တစ်ခေတ်မောင် ကုတင်ပေါ်မှ အစ်ကိုထွင်းအား ငေးကြည့်ကာ သက်ပြင်းဖွဖွချမိတော့သည်။ အစ်ကိုထွင်း၏ မျက်နှာကလေးအား သူ့လက်ကြမ်းကြမ်းများဖြင့် တစ်ချက်မျှ မထိတထိကလေး ပွတ်သပ်လိုက်ပြီးနောက် ဆရာရသနှင့်အတူ ဆေးရုံမှထွက်လာခဲ့တော့သည်။ အငြိမ့်အိမ်သို့ ရောက်သည်နှင့် အောက်ထပ်ကွပ်ပျစ်ပေါ်တွင် လူစုံနေမှန်း သဘောပေါက်လိုက်ရတော့သည်။ အဖွဲ့သားများ စုံလင်နေသည့်အပြင် ဟယ်ရင်တန်ထူးမော်လည်းအတူရှိနေ၏။
အစ်ကိုထွင်းအား 'ရာ'ဟု အမြဲတစေခေါ်တတ်လေသော ထိုလူ့ကို သိပ်သဘောမတွေ့ခဲ့သော်လည်း ယခုကဲ့သို့ အစ်ကိုထွင်းအား အသက်ကယ်တင်ပေးထားသည်ကြောင့် အရင်ကလောက် မျက်မုန်းမကျိုးတော့။ အစ်ကိုထွင်း၏ အသက်သခင် ကျေးဇူးရှင်မှာ သူ့ကျေးဇူးရှင်ပဲမဟုတ်ပေလား။
ဆရာရသက အောက်ထပ် ကွပ်ပျစ်ဆီ တန်းတန်းမတ်မတ်သွားသည်မို့ တစ်ခေတ်မောင်လည်း ဆရာရသနောက်မှ လိုက်မိသည်။ အဖွဲ့သားများ ဟိုတစ်စုသည်တစ်စုဖြင့် ထိုင်နေကြပြီး ဟယ်ရင်တန်ထူးမော်သည် အိမ်တိုင်ကို မှီကာ လက်ပိုက်လျက် ကြည့်ကောင်းစွာ မတ်တပ်ရပ်နေသည်။ ထိုသူတို့ အားလုံး၏ အကြည့်များမှာ တစ်ခေတ်မောင်ထံတွင်သာ တည်ရှိနေပြီး ကွပ်ပျစ်ထောင့်တွင် ထိုင်နေလေသော မမမွှေးတစ်ဦးသာ သူ့အား မျက်နှာလွှဲထားသည်။
"တစ်ခေတ်မောင်....ငါတို့ကို အက္ခရာ အဲ့သည့်နေ့ညက ဘယ်လိုဖြစ်သွားသလဲဆိုတာ ပြောပြနိုင်မလား...."
ဆရာရသက စတင်အမေးပြုလာတော့၏။ တစ်ခေတ်မောင် မတ်တပ်အနေအထားဖြင့် ဝင်တောင်မထိုင်ရသေးပါ။ သို့သော်လည်း ဆရာရသက ဆီး၍မေးလာသည်မို့  တစ်ခေတ်မောင် ဝင်ထိုင်မနေတော့ဘဲ မတ်တပ်ရပ်လျက်သာ ဖြေဖို့ ကြိုးစားလိုက်သည်။ ထိုနေ့ညက အကြောင်းအရာများအား ဖြစ်နိုင်လျှင် တစ်ခေတ်မောင် ပြန်မပြောချင်ပါ။ သူသာ အစ်ကိုထွင်းနောက် အမှီလိုက်နိုင်ခဲ့ပါလျှင် ထိုသို့ဖြစ်မည်မဟုတ်ခဲ့။ ထို့အတွက် သူသိပ်နောင်တရနေမိသည်။
"အဲ့သည့်နေ့ညက အစ်ကိုထွင်း စိတ်ထိခိုက်သွားပြီး ပွဲခင်းထဲကနေ ပြေးထွက်သွားခဲ့တာ...ကျုပ်လည်း အစ်ကိုထွင်းနောက်ကို အမှီလိုက်ခဲ့ပါသေးတယ်....သို့ပေမဲ့ ကျုပ်...ကျုပ် မမှီခဲ့ဘူး...အစ်ကိုထွင်းက လမ်းသွယ်လေးကနေ လမ်းမကြီးပေါ် ဖြတ်ပြေးတယ်...အဲ့သည့်နောက် ပစ္စည်းတင်ကားကြီးရဲ့ မီးရောင်ပြင်းပြင်းတွေကို ကျုပ်လှမ်းမြင်လိုက်ရလို့ အစ်ကိုထွင်းကို လှမ်းအော်ပြီးသတိပေးလိုက်ပေမဲ့ အချိန်မမှီခဲ့ဘူး...."
တစ်ခေတ်မောင်၏ စိတ်အာရုံထဲ ထိုနေ့ညက အကူအကယ်မဲ့စွာ လေပေါ်သို့ ဝဲတက်သွားသော အစ်ကိုထွင်းအား ပြန်၍မြင်ယောင်လာသည်။ သေသေသပ်သပ်ထုံးနှောင်ထားသော အစ်ကိုထွင်း၏ ဆံထုံးမြင့်မြင့်မှာလည်း လေထဲတွင်ပင် ပြေလျော့သွားခဲ့သည်ကို သူအသေအချာမြင်လိုက်ရသေးသည်။ မြေပေါ်သို့ အစ်ကိုထွင်း၏ ခန္ဓာကိုယ်သွယ်သွယ် ပြန်ပြုတ်ကျချိန်တွင် အစ်ကိုထွင်း၏ ခြေထောက်ကလေးများ ကတ္တရာလမ်းမနှင့် ပြင်းပြင်းရိုက်မိသံကို ယခုအထိ သူကြားနေရတုန်းပင်။ ဆံနွယ်များရှုပ်ပွနေလျက် သစ်ခွစိမ်းရောင် မင်းသမီးဝတ်စုံကလေး ညစ်ပတ်သွားသေးသည်။ ခြေအိတ်ဖြူဖြူသည်လည်း ပေါက်ပြဲသွားကာ သွေးများကလည်း နေရာအနှံ့မှ စီးကျနေသေးသည်။ သူအစ်ကိုထွင်းအား ပွေ့ချီကာ လမ်းမတစ်လျှောက် အော်ဟစ်နေမိသည်ကို သတိရသေးသည်။ သူ့ဖိနပ်တစ်ဖက်ကျကျန်ခဲ့ကာ တစ်ဖက်သည်လည်း သဲကြိုးပြတ်သွားသေးသည်လေ။
"အဲ့ကား နံပါတ်ကိုကော မြင်လိုက်သေးသလား...."
"ဟင့်အင်း....အစ်ကိုထွင်း​ကို တွေ့လိုက်ရတာနဲ့ ပြာသွားခဲ့တာ...ကားတွေ ကားနံပါတ်တွေ ဘာမှကို ကျုပ်အာရုံမရခဲ့ဘူး...."
အဟုတ်လည်း သူဘာကိုမျှ အာရုံထဲ ရှိမနေခဲ့ပါ။ သူ့အာရုံထဲ ရှိနေခဲ့သည်မှာ သူ့လက်မောင်းတို့ကြား သတိမရှိနေသော ဆံနွယ်ရှုပ်ပွများနှင့် အစ်ကိုထွင်းသာ။ အစ်ကိုထွင်းအား ဆေးရုံသို့ အမြန်ပို့နိုင်ရန် သူအမြန်ဆုံး ပြေးရမည်ဆိုသည်ကိုသာ အာရုံထဲ ရှိနေခဲ့သည်လေ။
သူ့အဖြေစကား​နောက် ဆရာရသရော ဟယ်ရင်တန်ထူးမော်ပါ ဟင်းခနဲ သက်ပြင်းချလေတော့သည်။
"သည်လိုဆို ကားတိုက်ပြေးတဲ့ တရားခံကို ရှာဖို့ ခက်သွားတော့မှာပဲ...."
"ဟုတ်ပ ငါ့တူရယ်...."
ဆရာရသနှင့် ဟယ်ရင်တန်ထူးမော်တို့ပြောစကားအား တစ်ခေတ်မောင် အာရုံစိုက်မနေပါ။ သူသိသည်မှာ ရေအမြန်ချိုးပြီးသည်နှင့် အစ်ကိုထွင်းအနားသို့ ပြန်သွားမည့်အကြောင်းများသာ။
"ဒါနဲ့ ရာ့အကြောင်းကို အငြိမ့်သဘင်စာစဥ်မှာ ထုတ်ဖော်လိုက်တာ ဘယ်သူလဲဆိုတာရော ဆရာရသတို့ သိပြီးကြပြီလား..."
"အခုထိ မဖော်ထုတ်ရသေးပါဘူး ငါ့တူရယ်...."
သည်တစ်ခါတော့ တစ်ခေတ်မောင် စိတ်ဝင်စားသွားမိသည်။ ဟုတ်၏။ ယခုအဖြစ်အပျက်များ၏ အရင်းမူလမှာ ထိုအငြိမ့်သဘင်စာစဥ်မှ ဆောင်းပါးကြောင့်ဖြစ်၏။ ဘယ်သူကများ သည်လောက်တိတိကျကျဖော်ထုတ်သွားသလဲမပြောတတ်။ ထိုဆောင်းပါးထဲတွင် အစ်ကိုထွင်း၏ အဖွားမှစ၍ အမေ၊အဖေနှင့် ညီမလေးအကြောင်းကိုပါ ခရေစေ့တွင်းကျ ဖော်ပြထားကာ အစ်ကိုထွင်း အမျိုးသမီးတစ်ဦးအဖြစ် လိမ်လည်ကပြဖျော်ဖြေနေသည်ဟုလည်း အတိအလင်းဖော်ပြထားသည်။ ထိုသို့သော အတွင်းသတင်းမျိုးအား မည်သူက အတိအကျရေးနိုင်ပါမည်နည်း။ ဖြစ်နိုင်မည်မှာ ဤအငြိမ့်အဖွဲ့သားများထဲမှ ဖြစ်လောက်သည်။ သို့သော်လည်း ဤအငြိမ့်အဖွဲ့မှာ သစ္စာကြီးပြီးစည်းလုံးသောအဖွဲ့ဖြစ်သည်ကြောင့် မည်သူကများ သစ္စာဖောက်ပါမည်နည်း။ နည်းနည်းမျှ မဖြစ်နိုင်ချေ။
"ရာ့အကြောင်း ကောင်းကောင်းသိတာဆိုလို့ သည်အငြိမ့်သဘင်အဖွဲ့သားတွေပဲရှိတယ်...ရာ့အကြောင်းကို ဖော်ထုတ်မယ်ဆိုရင်လည်း သည်လူတွေထဲကပဲ ဖြစ်ရမယ်...သစ္စာမရှိ၊ စည်းမစောင့်တတ်တဲ့ လူမျိုးပဲဖြစ်ရမယ်...."
ထိုသို့ဆိုနေသော ဟယ်ရင်တန်ထူးမော်ဟာ သူ့အား စူးရဲစွာ စိုက်ကြည့်လာ၏။ ထိုခဏ တစ်ခေတ်မောင် ဒေါသထွက်သွားရသည်မို့ လက်သီးအား ပြင်းပြင်းဆုပ်မိသွားသည်။ ထိုအကြည့်။ သူ့အား စွပ်စွဲချင်နေပါသော ထိုအကြည့်များမှာ မြင်ပြင်းကပ်ဖွယ်။
"သည်အငြိမ့်အဖွဲ့ကြီး စတည်ထောင်စဥ်ကတည်းက အတူရှိခဲ့ကြတဲ့ လူတွေကတော့ သစ္စာဖောက်ဖို့ဆိုတာ လုံးဝကို မဖြစ်နိုင်ဘူး...အသားထဲက လောက်ထွက်ဖို့ဆိုတာ အသားတစ်စပုတ်နေရာက စတာပဲ...အဲ့သည့် ပုတ်နေတဲ့အသားစက ဘယ်သူဖြစ်နိုင်မလဲ....အကပ်နဲ့ ဖြတ်ဝင်လာတဲ့ အချောင်သမားတစ်ဦးမဖြစ်နိုင်ဘူးလား...."
"ဘာကွ!!!"
သူ့အား စေ့စေ့ကြည့်ကာ စွပ်စွဲပြောဆိုနေသည်ကို တစ်ခေတ်မောင်တစ်ယောက် ဆက်လက်သည်းမခံနိုင်တော့။ တင်းနေအောင် ဆုပ်ထားမိသော လက်သီးဖြင့် ဟယ်ရန်တန်ထူးမော်ဆိုသူအား ပြေးထိုးရန် ပြင်မိသည်။ ဆရာရသ၏ ကြားမှ ဝင်ဟန့်တားမှုကြောင့်သာမဟုတ်လျှင် ထိုလူ့မျက်နှာ စုတ်ပြတ်သတ်နေလောက်ပြီ။ တစ်ခေတ်မောင်၏ လက်သီးမှာ ရုတ်သိမ်းခြင်းမရှိဘဲ လေထဲတွင် တန့်နေကာ တဆတ်ဆတ်တုန်နေ၏။ ထိုအချင်းအရာကို ကြည့်ခြင်းဖြင့် တစ်ခေတ်မောင် မည်မျှ ဒေါသထွက်နေကြောင်း သိသာနေပါ၏။
ဤအငြိမ့်သဘင်အဖွဲ့ထဲ စရောက်ကတည်းက တစ်ခေတ်မောင် ထိုမျှလောက် ဒေါသထွက်သည်ကို မည်သူမျှမမြင်ဖူးပါ။ လူပြက်ပီပီ ရွှတ်နောက်နောက်နှင့် နေတတ်သည့် အညာသားကလေး တစ်ခေတ်မောင်အား လူတိုင်းက နှစ်သက်ခဲ့ကြသည်။ ဆေးရုံတွင် ချုံးပွဲချငိုယိုခဲ့သော တစ်ခေတ်မောင်ကိုလည်း သူတို့မမြင်ဖူးခဲ့ပါချေ။ ထိုကဲ့သို့ မမြင်တွေ့ဖူးခဲ့သည့် အပြုအမူများနှင့် တစ်ခေတ်မောင်အား တစ်ဖွဲ့လုံးက လန့်ထိတ်သွားရသည်အထိ။
"တစ်ခေတ်မောင်...စိတ်ကိုလျှော့...စိတ်ကို အေးအေးထား..."
"ဘယ်လိုများ စိတ်လျှော့နိုင်မလဲ ဆရာရသ...သူက...သူက...ကျုပ်ကို ကျုပ်အစ်ကိုထွင်းအကြောင်း ထုတ်ဖော်တဲ့သူလို့ စွပ်စွဲနေတာလေ!!!...."
တစ်ခေတ်မောင် သတိလက်လွတ်ဖြင့် ဆရာရသကိုပင် အော်ဟစ်လိုက်မိသည်။
"ဟက်...ဒါမျိုးပေါ့...အိုးမလုံ အုံပွင့်တယ်ဆိုတာ...."
"ခင်ဗျား!!!"
ထပ်မံ၍ ထိုးရန်ပြင်မိပြန်သည်။ ဤအခါတွင်လည်း ဆရာရသ၏ အော်ငေါက်ဟန့်တားခြင်းကို ခံလိုက်ရသည်။
"တစ်ခေတ်မောင်!!! မင်းကိုငါ ရပ်လို့ပြောနေတယ်လေ!!!"
ဆရာရသမှာ သူ၏ သင်ဆရာဆိုလည်းမမှား။ ဆရာတစ်ဦးအပေါ် လေးစားမှုကြောင့် သူ့လက်အား သူရုတ်လိုက်လျက် သူ့ဒေါသအပူမီးတို့အား တတ်နိုင်သမျှ ပြန်မြိုချလိုက်သည်။
"ကျုပ်...ကျုပ်တစ်ခုပြောပါရစေ..."
ငပုက လူအုပ်ထဲမှ ထ၍ ဆိုသည်။ သုံးဦးသား၏ အကြည့်မှာ ငပုထံတွင် ကပ်တွယ်လျက်။
"ဆောင်းပါးထဲက အတိုင်းဆို ကျုပ်တို့အဖွဲ့ထဲက အရံအငြိမ့်သမတစ်ဦးကိုယ်တိုင် ဖော်ထုတ်ပြောကြားခဲ့တာဆို....ဘယ်လိုလုပ် တစ်ခေတ်မောင် ဖြစ်နိုင်ပါ့မလဲ...."
ငပု၏ ပြောစကားမှာလည်း မမှားတာမို့ ဆရာရသအတွေးများသွားရသည်။ သူ့အား ထူးမော်က တစ်ခေတ်မောင်ဟာ  ဤပြဿနာ၏လက်သည်ဖြစ်နိုင်သည်ဟု ဆိုခဲ့သော်လည်း ဆောင်းပါးထဲတွင်မူ အရံအငြိမ့်သမဖော်ထုတ်သည်ဟု ဖော်ပြထား၏။ ဆရာရသ တစ်ခဏမျှ အသံတိတ်သွားကာ ထူးမော်အား ဒေါသတကြီး စိုက်​ကြည့်နေသော တစ်ခေတ်မောင်အား ငေးကြည့်မိသည်။
"ဘယ်ပြောနိုင်မလဲ...သူကိုယ်တိုင် ဖော်ထုတ်ခဲ့ပြီး အစွပ်စွဲခံရမှာစိုးလို့ တမင်တကာ လမ်းလွှဲထားခဲ့တယ်ဆိုရင်ရော....စာစဥ်ပိုင်ရှင်ဆီက ငွေအသပြာတွေရလို့ သိပ်ပျော်နေမှာပဲနော် တစ်ခေတ်မောင်..."
"ခွပ်!!!!!!!"
ဤတစ်ခါတွင်တော့ တစ်ခေတ်မောင် သူ့ဒေါသတို့အား ချုပ်တည်းမထားနိုင်တော့ပါ။ စိတ်ရှိလက်ရှိပင် လှမ်းထိုးလိုက်မိတော့သည်။ တစ်ခေတ်မောင်၏ ခပ်ပြင်းပြင်းလက်သီးချက်ကြောင့် ထူးမော်တစ်ယောက် ခေါင်းပင် လည်ထွက်သွားတော့သည်။ သူ့နှုတ်ခမ်းတွင်လည်း သွေးများ စို့သွားတော့၏။
"မင်း!!! တစ်ခေတ်မောင်!!! ဘယ်လိုဖြစ်လို့ စိတ်လိုက်မာန်ပါ လုပ်လိုက်ရသလဲ!!! ဘာလဲ ငါ့တူပြောသလို မင်းက သည်ကိစ္စတွေရဲ့ လက်သည်ဖြစ်နေခဲ့လို့လား! ငါ့ကိုပြောစမ်း!!!"
ဆရာရသက သူ့အား စိတ်ဆိုးမာန်ဆိုးဖြင့် ဆူပူကြိမ်းမောင်းတော့သည်။ ဆရာရသဆူပူသည်ကို သူဂရုမထားပါ။ သို့ပေသော်လည်း အစ်ကိုထွင်းအား ထိုသို့ဖြစ်သွားသည်အထိ အရောက်ပို့ဖန်တီးခဲ့သူအဖြစ် သူ့အား စွပ်စွဲလာချိန်တွင်တော့ တစ်ခေတ်မောင် ခံပြင်း၍မကျေမနပ်ဖြစ်သွားမိသည်။ သူက ဘာ့ကြောင့်များ အစ်ကိုထွင်းကို...ကိုယ့်ချစ်ရသူကို သည်လိုလုပ်နိုင်ပါမည်နည်း။
"ကျုပ်က ဘာကိစ္စ သည်လို လုပ်ရပါ့မလဲ....ကျုပ် ဘာ့ကြောင့်များ လုပ်ရက်ပါ့မလဲ....ဘာလို့ဆို အစ်ကိုထွင်း.....အစ်ကိုထွင်းက...."
တစ်ခေတ်မောင်တစ်ယောက် ခံပြင်းမျက်ရည်တို့ ကျဆင်းလာမိသည်။ လက်သီးအား ပြင်းစွာဆုပ်ထားမိ၍ သူ့လက်သည်းများသည်ပင် အသားစထဲ တိုးဝင်နေသည်ကို ခံစားနေရသည်။ ထိုသို့ နာကျင်နေရခြင်းသည်တောင် သူ့ရင်အတွင်းမှ ခံပြင်းဝမ်းနည်းမှုအား လွှမ်းမိုးသွားနိုင်ခြင်းမရှိသေး။ တစ်ခေတ်မောင် သူ၏ သြရှကြမ်းတမ်းလှသော ခပ်အက်အက်အသံဖြင့် ခပ်တိုးတိုးသာဆိုမိတော့သည်။
"ဘာလို့ဆို အစ်ကိုထွင်းက ကျုပ်ရဲ့ နှစ်ယောက်မရှိတဲ့ ချစ်မြတ်နိုးရသူလေဗျာ..."
=================
19.10.2022🖤ဆွေး🖤
အဆွေးလေ တစ်ပိုင်းUpတိုင်း စာလုံးပေါင်းပြန်စစ်တတ်ပါတယ်။ သည်လောက်စစ်တဲ့ကြားက အမှားပါသွားခဲ့ရင်လည်း စာဖတ်သူတွေကပဲ သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်။
Okumaya devam et
Bunları da Beğeneceksin
922K 10.2K 100
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
1.4M 60.1K 71
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
187K 19.2K 115
ဘာသာပြန်သူ - စွဲညို့အသင်း
441K 23.1K 51