Zawgyi
ရန်ကုန်မြို့မှ စုပေါင်းအငြိမ့်ပွဲဆိုသည်မှာအခြားမဟုတ်။ ကျော်ကြားသည်ဖြစ်စေ၊ မကျော်ကြားသည်ဖြစ်စေ၊ သေးငယ်သည်ဖြစ်စေ၊ ကြီးမားသည်ဖြစ်စေ ရှိရှိသမျှသော ၊ အစုံစုံသော အငြိမ့်အဖွဲ့များအား ခေါ်ယူကာ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ကပြဖျော်ဖြေရသည့်ပွဲကြီးဖြစ်လေသည်။ ထိုပွဲအား ရန်ကုန်မြို့လည်တွင် ရုံကြီးသီးသန့်ဆောက်ပေးကာ ကျင်းပပေးလေ့ရှိ၏။
ပွဲ၏ ရည်ရွယ်ချက်မှာ တစ်စတစ်စ လူကြိုက်နည်းချင်လာသော အငြိမ့်ပွဲများအား မမေ့ပျောက်သွားစေဖို့ရာဖြစ်သည်။ ထို့အပြင် မြန်မာ့အငြိမ့်သဘင်လောကသားများအား တစ်စုတစ်စည်းတည်းဖြစ်စေချင်၍ဖြစ်သည်။ မြန်မာ့ အငြိမ့်အဖွဲ့များမှာ အပြိုင်အဆိုင်များသည်။ မြန်မာဆိုသည့်အတိုင်း ပြိုင်ရဆိုင်ရမှ ကျေနပ်ကြသည်လေ။ သူ့အဖွဲ့ကို မငှားလို့ ကိုယ့်အဖွဲ့ကို မငှားလို့ဆိုပြီး တစ်ဖွဲ့နှင့်တစ်ဖွဲ့ အမြင်စောင်းနေခြင်းများရှိတတ်ကြသေးသည်။
ကိုယ့်အဖွဲ့မဟုတ်ဘဲ အခြားအငြိမ့်အဖွဲ့သားများ တွေ့ပါလျှင်မူ မျက်စောင်းပေါ်တင်ထိုးတတ်ကြသေးသည်။ သူ့ထက်ငါ ပို၍သာလေအောင်၊ သူ့ထက်ငါ ပို၍လှလေအောင်၊ သူ့ထက်ငါ ပို၍ကျော်ကြားလေအောင်ဟူသော 'သူ့ထက်ငါ အနိုင်ရလိုစိတ်'များ ကြီးထွားကာ မြန်မာ့အငြိမ့်လောကကြီးမှာ မငြိမ်းချမ်းလှ။ သို့အတွက် နိုင်ငံမှ ဦးဆောင်၍ 'စုပေါင်းအငြိမ့်ပွဲ'ဟုဆိုကာ ပြင်ဆင်ကျင်းပပေးကြခြင်းဖြစ်သည်။
ထိုပွဲ၌ တစ်နေ့လျှင် သုံးဖွဲ့လောက်တော့ ပြီးအောင်ကလေ့ရှိသည်။ ထိုသို့ စုပေါင်းအငြိမ့်ပွဲကျင်းပပြီဆိုလျှင် ပွဲခင်းအတွင်း ပရိသတ်က နည်းနည်း အခြားအဖွဲ့ဝင်များက ခပ်များများရယ်။ ဘာ့ကြောင့်ဆို ဘယ်သူက ဘာအားနည်းကြောင်း၊ ဘယ်သူကတော့ ဘာအားသာကြောင်း၊ ဘယ်အဖွဲ့ကတော့ ဘယ်လိုလိုအပ်ချက်ရှိကြောင်းတွေကို မျက်စေ့ဒေါက်ထောက်၍ လာရောက်ကြည့်ရှုကြခြင်းပင်။ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အမုန်းမပွားစေဘဲ စုစုစည်းစည်းဖြစ်စေဖို့ရာ ရည်ရွယ်ပါသော်လည်း အရာမရောက်ဖြစ်ရတော့၏။
'ထွင်းအက္ခရာ'အငြိမ့်အဖွဲ့မှာ မန်ကျည်းထုံးမှ ပြန်ရောက်ကတည်းကပင် အလုပ်ရှုပ်နေကြတော့သည်။ တစ်ရက်မျှပင် အနားမယူကြဘဲ စုပေါင်းအငြိမ့်ပွဲအတွက် ပြင်ဆင်နေကြတော့၏။ 'ထွင်းအက္ခရာ'အငြိမ့်အဖွဲ့မှာ အခြားအငြိမ့်အဖွဲ့များအား အားကျအားပြိုင်လိုခြင်းမရှိကြပါ။ ကိုယ့်အလုပ်ကိုယ်လုပ်၊ ကိုယ့်ထမင်းကိုယ်စား၊ ကိုယ့်အရည်အချင်းကိုယ် မြှင့်နေကြသူများသာဖြစ်သည်။
သို့ပေသော်လည်း ထိုပွဲသို့ရောက်ပါလျှင် မျက်လုံးပေါင်းများစွာ ရှိကြပါလိမ့်မည်။ လိုသောမျက်လုံးများရှိသကဲ့သို့ မလိုသောမျက်လုံးများလည်းရှိ၏။ တစ်ပြည်လုံး၏ အချစ်တော် 'ထွင်းအက္ခရာ'အငြိမ့်အဖွဲ့မှာ အခြားသော အငြိမ့်အဖွဲ့များထက်ပင် မနာလိုမုန်းထား အပြစ်ရှာခြင်းကို ခံရတတ်သည်။ တစ်ချက်တစ်လေမျှပင် မှားယွင်း၍မဖြစ်ပါချေ။ သို့ကြောင့်မို့ ချွင်းချက်မရှိလေအောင် ပြင်ဆင်လေ့ကျင့်နေကြပါ၏။
ထို့အထဲတွင် အပင်ပန်းရဆုံးမှာ တစ်ခေတ်မောင်သာဖြစ်တော့သည်။ ပြီးခဲ့သော ဘုရားပွဲ၌ တစ်ခေတ်မောင်၏ ဖျော်ဖြေမှုသည် အဖွဲ့သားများအား အံ့အားသင့်စေခဲ့သည်လေ။ ဆရာရသကိုယ်တိုင်သည်ပင် ထိုမျှအထိ မမျှော်လင့်ထားခဲ့။ တစ်ခေတ်မောင်မှာ အကောင်းဆုံးကြိုးစားခဲ့သည်ကြောင့် သဘောကျနေမိတော့သည်။ ထိုဘုရားပွဲရှိ ပရိသတ်များကလည်း တစ်ခေတ်မောင်အား နှစ်သက်ကြကာ အထူးသဖြင့် မင်းသမီးထွင်းအက္ခရာနှင့် လိုက်ဖက်လွန်းလှသည်ဟု မှတ်ချက်ပေးကြသည်။
ဆရာရသတို့အဖွဲ့ ရန်ကုန်သို့ ပြန်မည့်နေ့တွင် ပရိသတ်များ အုံလိုက်ကျင်းလိုက် ရောက်ရှိလာကြ၏။ ရွာထွက် သီးနှံများ၊ ကောက်ညှင်းဆန်များနှင့် အခြားအခြားသော လက်ဆောင်ပစ္စည်းများအား တနင့်တပိုးထည့်ပေးလိုက်သည်မှာ ကားပင်မဆန့်ခဲ့။ တစ်ခေတ်မောင်တို့ ကားစထွက်တော့လည်း အမျိုးသမီးကဲ့သို့ ဟန်ဆောင်ဝတ်စားထားရသော ထွင်းအက္ခရာအား 'လူရွှင်တော်ကလေးကို ပြန်ချစ်လိုက်ပါ' ဟုဝိုင်းဝန်းအော်ဟစ်တောင်းဆိုကြသေးသည်။ ထိုအချိန်ကဆိုလျှင် ကားပေါ်၌ တစ်ခေတ်မောင်နှင့်ထွင်းအက္ခရာ မျက်နှာချင်းပင်မဆိုင်နိုင်ကြပါ။ ရှက်ရှက်ဖြင့် မျက်နှာလွှဲထားကြသည်လေ။
ထိုမျှအထိ အသိအမှတ်ပြုအားပေးခြင်းခံခဲ့ရသည်မို့ ဆရာရသမှာ ပျော်လို့မဆုံး တပြုံးပြုံးဖြစ်ကာ အကျေနပ်ကြီးကျေနပ်နေတော့၏။ ဤကဲ့သို့ အရည်အချင်းရှိသူအား သူ့ထံအပ်ခဲ့သည့် အစ်ကိုကြည့်ကိုပင် အတော့်အတော် ကျေးဇူးတင်နေမိတော့သည်။
အငြိမ့်မင်းသားမရှိလေသော 'ထွင်းအက္ခရာ'အငြိမ့်အဖွဲ့မှာ လွန်ခဲ့ပြီးသော စုပေါင်းအငြိမ့်ပွဲများ၌ အမြဲတစေ လက်ညှိုးထိုးဝေဖန်ခြင်းကိုခံခဲ့ရသည်။ 'ထွင်းအက္ခရာ'အငြိမ့်အဖွဲ့အား မလိုလား ပျက်သုန်းစေချင်သည့် ခေတ်ပြိုင်အငြိမ့်အဖွဲ့ဝင်များမှာ *ထွင်းအက္ခရာ အငြိမ့်အဖွဲ့သည် အငြိမ့်တစ်ဖွဲ့၏ ကြံအင်လက္ခဏာဖြင့် မပြည့်စုံသည်ကြောင့် ဆက်လက်မဖျော်ဖြေသင့်*ဟူ၍ ဝေဖန်တိုက်ခိုက်ကြ၏။
'ထွင်းအက္ခရာ'အငြိမ့်အဖွဲ့ ယနေ့အထိ ရပ်တည်နိုင်ဖို့ရာ မလွယ်ကူခဲ့ပါ။ တစ်ပြည်လုံးဆိုင်ရာ အငြိမ့်သဘင်အဖွဲ့အစည်းထံ 'ထွင်းအက္ခရာ'အငြိမ့်အဖွဲ့အား ဖျက်သိမ်းဖြုတ်ချပေးဖို့ရာ အမြဲတစေ စာပို့တောင်းဆိုခြင်းခံခဲ့ရ၏။ ပြစ်ချက်ဆိုလို့ အငြိမ့်မင်းသားမပါဝင်သည်မှလွဲ၍ တစ်ပြည်လုံး ရှမ်းရှမ်းတောက်အောင်မြင်လေသော ပြည်ချစ်အငြိမ့်အဖွဲ့အား အဖွဲ့အစည်းမှ ဖျက်သိမ်းဖို့ အမိန့်မပေးရဲခဲ့ပါ။ ဤလောက၌ ဆက်လက်ရပ်တည်ဖို့ရာ ပရိသတ်အသည်းစွဲသည့် ပြည်ချစ်အငြိမ့်အဖွဲ့အဖြစ် ကြိုးစားရပ်တည်ရန်သာရှိတော့၏။
ယခု ဆရာရသမှာ အရည်အချင်းရှိသည့် တစ်ခေတ်မောင်အား အငြိမ့်မင်းသားအနေဖြင့် စင်တင်ဖို့ရာ မျှော်မှန်းနေလေတော့သည်။ တစ်ခေတ်မောင်သာ အငြိမ့်မင်းသားအဖြစ် ပွဲထွက်နိုင်ပါလျှင် အမြဲတစေ ခလုတ်တိုက်ခံနေရသည့် ချွင်းချက်မှာ ပပျောက်သွားလေမည်။ လူရွှင်တော်များအတွက်တော့ မပူပါချေ။ တစ်ခေတ်မောင်မရောက်ရှိလာခင် ကာလများတွင်လည်း သည်ကျန်ရှိနေသော လူရွှင်တော်လေးဦးဖြင့်ပင် စည်းချက်ညီညီ ဖျော်ဖြေခဲ့ကြသည်လေ။ လူရွှင်တော်များမှာလည်း ဝါရင့်သဘာရင့်များမို့ ပြဿနာမရှိပါချေ။
ဆရာရသမှာ သူ့အတွေးအား ခပ်မြန်မြန်ပင် အကောင်အထည်ဖော်ပါ၏။ ယခု စုပေါင်းအငြိမ့်ပွဲ၌ ချက်ချင်းပင် တစ်ခေတ်မောင်အား အငြိမ့်ခေါင်းဆောင်မင်းသားအဖြစ် ပွဲထုတ်မည်သာ။ ထွင်းအက္ခရာနှင့် အနည်းငယ်မျှ စတင်ယှဉ်တွဲကပြခိုင်းမည်ဟု တွေးတောထား၏။
"တစ်ခေတ်မောင်....သည်စုပေါင်းအငြိမ့်ပွဲမယ် မင်းက တို့အငြိမ့်အဖွဲ့ရဲ့ ခေါင်းဆောင်မင်းသားအဖြစ် ပွဲထွက်ရမယ်...ဘယ့်နှယ့်လဲ..."
"ဗျာ!!!"
တစ်ခေတ်မောင် အထိတ်ထိတ်အလန့်လန့်ဖြစ်သွားရသည်။ သူ့အား အငြိမ့်ခေါင်းဆောင်မင်းသားအဖြစ် စင်တင်မည်တဲ့လား။
"မ...မဖြစ်နိုင်ပါဘူး ဆရာရသရယ်..."
တစ်ခေတ်မောင် အထစ်ထစ်အငေါ့ငေါ့ဖြင့်ဆိုမိတော့ အကြမ်းရည်သောက်နေသော ဆရာရသမှာ မျက်နှာကိုမဲ့၍ သောက်လက်စ အကြမ်းရည်တစ်ငုံအား ကြမ်းတမ်းစွာ မြိုချလိုက်၏။
"ဘယ့်နှယ် မဖြစ်နိုင်ရမလဲ...ဖြစ်တာမှ သိပ်ဖြစ်...မင်းမယ် အရည်အချင်းရှိပြီးသားပဲ...သည်ရက်ထဲ မနားမနေသင်ယူလိုက်ရင် သိပ်ကို ဖြစ်နိုင်သွားမှာ...."
ဆရာရသက အားကြိုးမာန်တက်ပြောလေတော့၏။ တစ်ခေတ်မောင်မှာတော့ ခေါင်းချည်းသာ ငုံ့ထားမိလေတော့သည်။ သူ့တွင် အရည်အချင်းရှိသည်လား မရှိသည်လားတော့ သူ မပြောတတ်ပါ။ မသက်သာသည့်အခြေအနေအတွက် ဝင်ရောက်ကူညီပေးလိုက်ရာမှ ကံကောင်းထောက်မ၍ အလျဉ်းသင့်သွားခြင်းသာ။ မကွယ်မဝှက်တမ်း ပြောရပါလျှင်မူ ကခြင်းဆိုခြင်းအပေါ် စိတ်ဝင်စားခြင်းမရှိသည့်အတွက် အဆင်ပြေဖို့ရာလည်း မျှော်လင့်ချက်မရှိချေ။
"ကျုပ်...ကျုပ်က လူပြက်ပဲဖြစ်ချင်ခဲ့တာ..."
တိုးလျစွာ ဆိုမိတော့သည်။ အဟုတ်ပင် ပွဲမကြိုက်သည့်သူမှာ လူပြက်၊လူရွှင်တော်များ ပြက်လုံးပြက်လျှင်တော့ မျက်တောင်မခတ်တမ်းငေးဖြစ်၏။ ကိုယ့်ဆရာ ဆရာကြည်မှာလည်း လူရွှင်တော်ဟောင်းတစ်ဦးဖြစ်လေတော့ ဆရာ့အပေါ် လေးစားစိတ်၊ပြက်လုံးများအပေါ် သဘောကျစိတ်မှာပေါင်း၍ လူပြက်တစ်ဦးဖြစ်ချင်သည့် ရည်မှန်းချက်ကလေး တည်လာခဲ့ခြင်းဖြစ်၏။ အငြိမ့်ခေါင်းဆောင်မင်းသားဖြစ်ချင်သည့်စိတ် သူ့တွင် အလျဉ်းရှိမနေပါ။
"သေချာစဉ်းစားကြည့်ပါ တစ်ခေတ်မောင်...မင်းမှာ အငြိမ့်မင်းသားတစ်ဦးဖြစ်နိုင်မဲ့ အလားအလာကောင်းတွေရှိတယ်...မင်းက မူဟန်ကောင်းတယ်...အဆိုကလေးက ကျင့်ရင်ရတယ်...အကကလေးမှာလည်း ပါရမီပါတော့ သင်ရင်ဖြစ်တယ်....မင်းသိတဲ့အတိုင်း သည်အငြိမ့်သဘင်မှာ အငြိမ့်ခေါင်းဆောင်မင်းသားမရှိခဲ့တာ အတော်ကြာပြီ...အကြောင်းကလည်း အရည်အချင်းရှိပြီး အက္ခရာနဲ့အပြိုင် ကနိုင်ခုန်နိုင်တဲ့ သင့်တော်တဲ့သူ မတွေ့ခဲ့လို့ပဲ....အခုတော့ မင်းရဲ့အလားအလာတွေကို မြင်နေရပြီ...သည်လို ကမ်းလှမ်းတာဟာ ငါမမှားဘူးလို့ ထင်တယ်....မင်းစဉ်းစားပေါ့ကွာ...တကယ်လို့ မင်းမလုပ်ချင်ဘူးဆိုရင်လည်း သည်ကဆရာက ဘာတတ်နိုင်မှာလဲ...မဟုတ်ဘူးလား..."
"ကျုပ် စဉ်းစားကြည့်ပါအုန်းမယ်..."
"အေးအေး...ဒါဖြင့် ငါအောက်ကိုဆင်းလိုက်အုန်းမယ်...မိမွှေးတို့ အကတိုက်နေတာ ကြည့်ပေးရအုန်းမယ်လေ..."
"ဟုတ်ကဲ့ ဆရာရသ...."
ဆရာရသမှာ အောက်ထပ်သို့ ဖြေးညင်းစွာ ဆင်းသွားလေတော့သည်။ အခန်းအတွင်း၌ အတွေးများကာ ကျန်ရစ်နေခဲ့သော တစ်ခေတ်မောင်ဟူသည့် လူပြက်ကလေးသာရှိသည်။
တစ်ခေတ်မောင်တစ်ယောက် ယနေ့တစ်နေ့လုံး ကောင်းကောင်းပင် အာရုံမစူးစိုက်နိုင်ပါ။ သူ့အတွေးထဲ၌ ဆရာရသ၏ ကမ်းလှမ်းချက်သာရှိနေတော့၏။ အမှန်ဆိုလျှင် ကရခုန်ရ ဆိုရငိုရသည်ကို သူ မနှစ်သက်ပါ။ ပွဲကြည့်ပရိသတ် တဟားဟားရယ်ရလေအောင် စွမ်းဆောင်ရခြင်းကိုသာ သူနှစ်သက်၏။ ပြက်လုံးများ သံချပ်များကိုသာ သူသဘောကျ၏။ သီချင်းများနှင့် ခြေကွက်လက်ကွက်များကို သူသဘောမကျ။ အမှန်ဆိုလျှင် ဤကမ်းလှမ်းချက်အား သူငြင်းလိုက်ချင်ပါ၏။
သို့ပေသော်လည်း ဆရာရသ၏ ရှင်းပြချက်အရ သူသာ ဤကမ်းလှမ်းချက်အား လက်ခံ၍ အငြိမ့်ခေါင်းဆောင်မင်းသားတစ်ဦးအဖြစ် အကောင်းဆုံးကြိုးစားလိုက်ပါလျှင် စုပေါင်းအငြိမ့်ပွဲ၌ အများထောက်ပြစရာ ချို့ယွင်းချက်မရှိနိုင်တော့။ 'ထွင်းအက္ခရာ'ဟူသည့် အငြိမ့်အဖွဲ့မှာ ချွင်းချက်မရှိသည့် ပြည်ချစ်အဖွဲ့တစ်ဖွဲ့ဖြစ်လာပေလိမ့်မည်။
အကယ်၍ သူသာ အကောင်းမွန်ဆုံး မလုပ်ဆောင်နိုင်ပါလျှင် နာမည်ကြီးကျော်ကြားပြီးသား 'ထွင်းအက္ခရာ'အငြိမ့်အဖွဲ့ နာမည်ပျက်ရချေမည်။
တစ်ခေတ်မောင်မှာ တွေးရင်းဖြင့်ပင် ခေါင်းခြောက်လာချေတော့သည်။ သူ့ဆံပင်များအား ထိုးဖွလိုက်ကာ ကြယ်စင်ကလေးများပြည့်နေလေသည့် ညကောင်းကင်ယံအား ငေးကြည့်လိုက်မိရင်း ဟင်းခနဲ သက်ပြင်းချမိသည်။ ဘေးမှ ဆီမီးယံမှာ သူနိုင်သမျှ အလင်းပေးလို့နေ၏။ ဆောင်းတွင်း မြောက်ပြန်လေမှာလည်း တဟူးဟူးတိုက်ခတ်နေ၏။ ထိုညလေအေးများကြောင့် စိမ့်ခနဲပင် ခံစားလိုက်ရသလိုပင်။
"အေးနေပြီမလား...ရော့ သည်မယ် မောင့်အကွက်စိပ်အပေါ်ထပ်အင်္ကျီကလေး....ဝတ်ထားချေ..."
စိုးရိမ်မှုများ ထည့်ပေါင်းပါဝင်နေသော လေသံဆတ်ဆတ်ကလေးနောက်တွင် တစ်ခေတ်မောင် ပုခုံးပေါ်သို့ အပေါ်ထပ်အင်္ကျီကလေးရောက်လာချေတော့သည်။ တစ်ခေတ်မောင်မှာ အတွေးများ၏ စိတ်ရှုပ်ထွေးနေရသည်မို့ ကြည်နူးပျော်ရွှင်ဖို့ပင် မေ့လျော့နေကာ ထိုအင်္ကျီအား ထိုးလျှိုဝတ်လိုက်လျက် သက်ပြင်းတစ်ချက်ချလိုက်မိသည်။
"သက်ပြင်းတွေ သိပ်မချပါနဲ့ မောင်ရယ်..."
ထိုသို့ဆိုကာ အစ်ကိုထွင်းက သူ့ဘေးတွင် ဝင်၍ထိုင်လေ၏။ ကွပ်ပျစ်ကလေးပေါ် နှစ်ဦးသား ယှဉ်တွဲထိုင်နေလျက် လေထဲတွဲလောင်းကျနေသော ခြေထောက်များအား အကြောင်းပြချက်မရှိစွာ လွှဲယမ်းခါနေမိသည်။ တစ်ခေတ်မောင်မှာ ခေါင်းငိုက်စိုက်ဖြင့်ရှိနေရင်း ချက်ချင်းဆိုသကဲ့သို့ အစ်ကိုထွင်းပေါင်ကို ခေါင်းအုံးလိုက်၍ လှဲလှောင်းချလိုက်သည်။
ထွင်းအက္ခရာ တစ်ခဏမျှတော့ လန့်ဖြန့်ကြောင်အ,သွားပါသော်လည်း ခဏအကြာ ငြိမ်သက်တိတ်ဆိတ်သွား၏။ မည်သူတစ်ဦးတစ်ယောက်မှ စကားမဆိုကြသည်မို့ ပိုးကောင်များ၏ အသံတိုးတိုးများမှလွဲ၍ မည်သည်ကိုမှ မကြားရကြပါချေ။ မောင့်ထံမှ ထပ်မံသော သက်ပြင်းချသံအား ကြားလိုက်ရတော့သည်။ အပေါ်စီးမှ မြင်နေရသည့် ဆံနွယ်များဖြာကျနေသော မောင့်မျက်နှာတစ်ခြမ်းမှာ အလွန်တရာမှ ညှိုးငယ်နေဟန်ရှိလေ၏။ ထွင်းအက္ခရာမှာ ညလေအေးများကြောင့် ရှုပ်ပွနေသည့် မောင့်ဆံနွယ်များအား သပ်တင်ပေးနေမိသည်။ မောင့်ဆံနွယ်ခပ်ကြမ်းကြမ်းများအား ထိတွေ့မိပြီးချိန် ထပ်မံ၍ ထိတွေ့မိချင်သည်မို့ စိတ်အလိုလိုက်ကာ မောင့်ဆံနွယ်များအား ပွတ်သပ်ပေးနေမိတော့သည်။
"စိတ်ပူပန်စရာတွေ ရှိနေတာများလား မောင်...."
"ဟုတ်တယ် အစ်ကိုထွင်း...မောင် ရွေးချယ်ရခက်နေတယ်...."
ထိုမျှသာ တိုးလျလျဆိုလာသော မောင်။ အကြောင်းအရာအပြည့်အစုံအား ထုတ်ပြောမလာသော မောင့်ကို သူလည်း အတင်းအကြပ်မမေးမြန်းလိုပေ။
"ခက်နေတာတွေကို အတင်းအကြပ်မစဉ်းစားနဲ့မောင်...အာရုံလွှဲပြီး စိတ်ကို ပေးပျော်လိုက်ပါလေ....မဖြစ်မနေ ရွေးချယ်လာရမဲ့အချိန်ရောက်ကာမှ မောင့်နှလုံးသားကို ခဏတဖြုတ်အပင်ပန်းခံပြီး ရွေးချယ်ခိုင်းလိုက်ပါ...."
ဆံနွယ်များအား နှစ်သိမ့်ပေးသည့်အသွင်ဖြင့် နူးနူးညံ့ညံ့ပွတ်သပ်ကာ ပျော့ပျော့ပျောင်းပျောင်းဆိုလာသည့်အစ်ကိုထွင်း။ ထိုခဏမျှ သူ့ပူပန်မှုတို့မှာ ငြိမ်းသွားသလိုပင်။ သူမျက်လုံးကလေးများပင် မှိတ်ကာ အစ်ကိုထွင်း၏ ပေါင်ထက်တွင် ဇိမ်ယူနေမိသည်။ ခဏလောက်ဖြင့် ထိုအတိုင်းကလေး သက်တောင့်သက်သာနေချင်မိတော့၏။
"မောင့်ဆံပင်တွေတောင် ရှည်နေပြီပဲ...ဆံပင်ညှပ်ချင်သလား မောင်..."
သူ့ဆံပင်ကလေးများအား ဖွဖွသပ်ကာဆိုမိပြန်၏။ မောင့်ဆံနွယ်လုံးသန်သန်များအား ကိုင်တွယ်နေမိရင်း ဆိုနေမိ၏။
"ညှပ်ချင်တာပေါ့ အစ်ကိုထွင်းရယ်...အစ်ကိုထွင်း မောင့်ကိုညှပ်ပေးမလား..."
ထိုစကားကြောင့် ထွင်းအက္ခရာမှာ မထိန်းနိုင်ဘဲ တစ်ချက်ရယ်မိတော့သည်။
"ငါသာညှပ်ပေးလိုက်ရင် အရမ်းချောတဲ့မောင်တောင် ရုပ်ဆိုးသွားမလားပဲ..."
"ဟားဟားဟား...."
တစ်ခေတ်မောင် ပေါ့ပါးစွာရယ်လိုက်မိတော့သည်။ အစ်ကိုထွင်းဟာ ယခုဆိုလျှင် သူ့အတွက် မရှိမဖြစ်လိုအပ်လေသော အားဆေးတစ်ခွက်ဖြစ်နေလေပြီ။ စိတ်ပင်ပန်းနေချိန် ပြုံးရယ်နိုင်လေအောင် စွမ်းနိုင်လေသော ဆေးချိုချိုကလေးမှာ အစ်ကိုထွင်းဟု တွင်လေ၏။
သူ့နှဖူးထက် နူးနူးညံ့ညံ့ပွတ်သပ်ပေးကာ အလုပ်ရှုပ်နေလေသော အစ်ကိုထွင်း၏ လက်သွယ်သွယ်အား ဖမ်းယူလိုက်မိသည်။ ပြီးနောက် အသာဆွဲယူကာ ဖွဖွကလေး အနမ်းပေးမိသည်။ ပြီးမှ ထိုလက်ကလေးအား သူ့ရင်ခွင်ထဲထည့်ကာ ဖက်ထားမိတော့သည်။
"အရမ်းနွေးတာပဲ အစ်ကိုထွင်း...သိပ်နွေးတာပဲ...."
ထွင်းအက္ခရာ၏ လက်သွယ်သွယ်ကလေးတစ်ဖက်မှာ မောင့်ရင်ခွင်ထဲတွင်ရောက်ရှိလို့နေ၏။ ရင်ဘတ်ပေါ် တင်ကပ်ထားသည်မို့ မြင့်ချည်နိမ့်ချည်ဖြင့် စည်းချက်မှန်မှန်ခုန်လှုပ်နေပါသော မောင့် နှလုံးသားအား ခံစားသိရှိနေမိသည်။ ထွင်းအက္ခရာ ဖြေးညင်းနွေးထွေးစွာ ပြုံးလိုက်မိပြီး ကျန်လက်တစ်ဖက်ဖြင့် မောင့်မျက်နှာအစိတ်အပိုင်းလေးများအား ထိတွေ့နေမိသည်။ မောင်ကတော့ မျက်လုံးကလေးများမှိတ်ကာ ငြိမ်သက်နေလေ၏။
မောင့် မျက်ခုံးတန်းထူထူ၊ မောင့်နှာတံချွန်ချွန်နှင့် မောင့်နှုတ်ခမ်းပါးပါးတို့ကို ခပ်ဖြေးဖြေးဖြင့် ပွတ်သပ်ထိတွေ့နေမိသည်။ ပြီးနောက် မောင့်နှဖူးပြင်ကလေးနှင့် မောင့်ပါးကလေးအား ပွတ်သပ်မိသည်။ မောင့်အသားအရေမှာ ချောမွေ့မနေပါ။ သို့ပေသော်လည်း ကြမ်းတမ်းမနေလှ။ မောင်အသားအရေလေးအား ထိတွေ့နေရသည်ကပင် ကျေနပ်အားရစေလေ၏။
"မနက်ဖြန် ဆံသဆိုင်သွားရအောင်လား မောင်...."
"မောင့်အစ်ကိုထွင်း သဘော..."
မောင့်အဖြေကလေးကြောင့် သွားတန်းဖြူဖြူတို့ပေါ်သည်အထိ ပြုံးရယ်မိတော့သည်။ သူ့ရယ်သံတိုးတိုးနှင့် မောင့်ထံမှ ခပ်မြူးမြူးရယ်သံကလေးမှာ တိတ်ဆိတ်နေသော ညခင်းကလေးအား သာယာစေတော့၏။ အိပ်တန်းတက်သွားသော ငှက်ကလေးများထဲ ယခုမှ ကြည်နူးနေတုန်းဖြစ်သည့် သည်အချစ်ငှက်ကလေးနှစ်ကောင် မပါဝင်ပါချေ။
######
နောက်နေ့ နေ့လည်မရောက်ခင်တွင် ဆရာရသထံမှ ခွင့်တောင်း၍ ဆံသဆိုင်သို့ နှစ်ဦးသားခြေဆန့်ခဲ့ကြသည်။ ဆူးလေလမ်းခွဲများထဲ တစ်လမ်းဝင်တစ်လမ်းထွက်ဖြင့် လမ်းသလားနေမိကြသည်။ ကိုကြီးသာကူ့ထံမှ ထီးကောက်အမည်းကြီးအား ထုံးစံအတိုင်း ငှားယူလာကာ ချစ်ရသူအစ်ကိုထွင်း နေမခစေဖို့ ကာကွယ်ပေးနေမိသည်။ ဆူးလေမှာ မြို့လည်ခေါင်နေရာမို့ လူစည်လေ၏။ လူတောထဲ သွားရလာရမည်မို့ အစ်ကိုထွင်းမှာ အမျိုးသမီးတစ်ဦးကဲ့သို့ ဝတ်ဆင်ထားရလေ၏။
ပစ္စည်းပစ္စယာများရောင်းချသည့်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ မုန့်ဟင်းခါးဆိုင်များ စသောစသော ဆိုင်ကနားအသီးသီးမှာ လမ်းများထဲ၌ နေရာယူနေကြ၏။ အော်ကြဟစ်ကြဖြင့် သူ့ဆီကရောင်းဖို့၊ ကိုယ့်ဆီကရောင်းဖို့ စိတ်အားထက်သန်နေကြသည်။ ဆံသဆိုင်တည်နေရာအား သိပါသော်လည်း တန်းတန်းမတ်မတ်မသွားဖြစ်ကြ။ အကြောင်းမှာ သဘင်အိမ်မှ အပြင်သို့ထွက်ဖို့ရာမှ လွန်စွာမှ ခက်ခဲလွန်း၍ဖြစ်သည်။ တော်ရုံဖြင့် သွားလာဖို့ရန် ခွင့်မပြုတတ်ဘူးမဟုတ်ပေလား။ တစ်ခဏမျှ တစ်လမ်းဝင်တစ်လမ်းထွက် စပ်စုပြီးသည့်နောက်တွင်တော့ 'ဦးဘိုကလေး' ဆံသဆိုင်အတွင်းသို့ တန်းတန်းမတ်မတ်ဝင်သွားလိုက်တော့သည်။
"လူကလေးတို့ လျှော်မလား၊ ညှပ်မလားဝေ့..."
ခပ်ပြည့်ပြည့် လူကြီးတစ်ဦးမှာ ဆိုင်သို့ လှမ်းဝင်သည်နှင့် တန်း၍မေးတော့သည်။ ထိုလူကြီးမှာ အခြားအားပေးသူတစ်ဦးအား ဆံပင်ညှပ်ပေးမပျက်ပါဘဲ မေးနေခြင်းဖြစ်၏။
"ညှပ်မယ်ဗျ...."
"လူလေး ညှပ်မှာလား..."
"ဟုတ်ကဲ့..."
"ဒါဖြင့် သည်ခုံမှာထိုင်ဗျာ....ခဏလေးနော့....ဧည့်သည်ကလေးက ထိုင်ခုံအရှည်ကလေးမယ် ထိုင်စောင့်...."
ထိုလူကြီး၏ စကားအတိုင်း တစ်ခေတ်မောင်က မှန်ခပ်ကြီးကြီးရှေ့ ထိုင်ခုံတစ်ခုတွင် ထိုင်စောင့်နေလိုက်သည်။ သူ့အနောက်တည့်တည့်မှ ထိုင်ခုံရှည်တွင်တော့ အစ်ကိုထွင်းက ထိုင်စောင့်နေတော့၏။ ဆံသဆိုင်ကလေးမှာ သိပ်မကျယ်ရှာပါ။ တစ်ခေတ်မောင်ထိုင်သည့်နေရာနှင့် အစ်ကိုထွင်းထိုင်နေသည့်နေရာအကြား လူသွားလမ်းကလေးမှာ ကပ်သီးကပ်ဖဲ့ကလေးသာကျန်၏။
"ကဲ လှသွားပါပြီဗျာ...."
"ဘယ်လောက်များလဲ..."
"ပုံမှန်အတိုင်းပါပဲ... ညှပ်ရုံဆို တစ်ကျပ်ပဲပေါ့ဗျ...."
ထိုလူကြီးထံမှ တစ်ကျပ်ဟူသော အသံကြောင့် ဘေးမှ ထိုလူကြီးအား မျက်ကလူးဆန်ပြာဖြင့် တစ်ခေတ်မောင် ကြည့်မိသည်။ ဆံပင်ညှပ်ပြီးပါသော လူကြီးမှာတော့ ကျသင့်ငွေရှင်းပြီးသွားပြီဆိုလျှင်ပဲ ဆိုင်အတွင်းမှ ခပ်သွက်သွက်ထွက်သွားတော့သည်။ တစ်ခေတ်မောင်မှာ ညှပ်ပဲညှပ်ရနိုးနိုး၊ ထပဲ ပြန်ရနိုးနိုးဖြင့် အတွေးများနေသည်။
တစ်ခါညှပ်လျှင် တစ်ကျပ်တဲ့ဗျာ။ ဖြစ်သင့်ပါရဲ့လား။ တစ်ခေတ်မောင်တို့ ရွာတွင် ဆံပင်တစ်ခါညှပ်လျှင် ငါးမူးသာရှိ၏။ ညှပ်ခလည်းတန်သလို ညှပ်ပေးသည့်ပုံစံမှာလည်း သပ်သပ်ရပ်ရပ်ဖြစ်သည်။ ပုံသေ ကတုံးဆံပင်ပေါက်ကေပင်။ ဘိုကေကလေးညှပ်ချင်၍မရပါ။ အမြဲ ထိုကေသာရ၏။ ကတုံးဆံပင်ပေါက်ကေလည်း ဘာဖြစ်သလဲ။ တစ်ခါညှပ်ပြီးရင် အရှည်ကြီးရှည်ဖို့ အကြာကြီးစောင့်ရသည်။ ထို့ကြောင့် ဆံသဆိုင်ခဏခဏသွားစရာမလို။ ခဏခဏသွားစရာမလို၍ ပိုက်ဆံလည်း အပိုမကုန်ပါ။ အခုတော့ ရန်ကုန်မြို့ကြီးဝယ် ဆံပင်ကလေး တစ်ခါညှပ်ကို တစ်ကျပ်တဲ့လား။ ကြည့်တော့ ကေမှာ ဘိုကေ။ ဘိုကေဆိုတာ ဘယ်လောက်တောင် အရှည်မြန်လိုက်သလဲ။
တစ်ခေတ်မောင် ဟင်းခနဲ သက်ပြင်းချကာ အစ်ကိုထွင်းအား ရှေ့တူရူက မှန်မှတစ်ဆင့် လှမ်းငေးမိသည်။ အစ်ကိုထွင်းမှာ အိနြေ္ဒရှိရှိဖြင့် စားပွဲပေါ်မှ နေ့စဉ်ထုတ်သတင်းစာကလေးပင် ကောက်ဖတ်နေသေးသည်။ ထိုင်နေသည်မှာလည်း ရိုရိုကျိုးကျိုးယဉ်ယဉ်ကျေးကျေးကလေးဖြစ်ကာ အမူအရာတို့မှာလည်း နူးညံ့လှသည်။ သတင်းစာစာရွက်လှန်လျှင် အသံပင်မကြားရချေ။ ထိုမျှအထိ တနူးတညံ့ရှိလှသည်။ ဤသို့ငေးနေစဉ်မှာပဲ ဆံသဆရာကြီးမှာ လျှောက်လမ်းကျဉ်းကျဉ်းထဲ ကြုံးရုန်းဝင်လာကာ တစ်ခေတ်မောင်၏ မြင်ကွင်းအား ပိတ်ရပ်လိုက်တော့သည်။ မျက်မှောင်ကိုကြုံ့၍ တစ်ခါညှပ်တစ်ကျပ်တောင်းသည့် ဆံသဆရာကြီးအား မှန်မှသည် လှမ်းကြည့်လိုက်သည်။ ဆံသဆရာကြီးမှာ သူ့ကွမ်းဂျိုးတက်နေလေသော သွားများပေါ်သည်အထိ ပြုံးပြလာတော့သည်။
"ဘယ်လိုပုံကလေး ညှပ်ချင်လဲ လူလေး...."
"ကျုပ်မေးတာလေး အရင်ဖြေပေးပါအုန်း...."
"မေးလေ လူလေး..."
ဆံသဆရာကြီးက ဂရုတစိုက်နားထောင်နေတော့၏။ တစ်ခေတ်မောင် ထိုလူကြီးမျက်နှာအား မှန်မှတစ်ဆင့် စေ့စေ့ကြည့်လိုက်ကာ။
"ဆရာကြီးက တစ်ခါဘိုကေညှပ် တစ်ကျပ်ယူသလား...."
"ဟုတ်တယ်လေ လူလေးရဲ့...."
"ဒါဖြင့် ကျုပ်ကို လွယ်လွယ်ကူကူ ကတုံးဆံပင်ပေါက်ကေသာညှပ်ပေး...ကျုပ် ငါးမူးပေးမယ်...ဘယ့်နှယ့်လဲ...."
"ဘယ်လို!!!"
ဆံသဆရာကြီးက အထိတ်တလန့်တအံ့တသြဖြင့် ဆိုလေ၏။ ထိုအသံကြောင့် သတင်းစာထဲ အာရုံရောက်နေသော အစ်ကိုထွင်းသည်ပင် သူတို့အနားရောက်လာတော့သည်။ တစ်ခေတ်မောင်သည်လည်း မျက်နှာအား ခပ်တည်တည်ပုံစံပြင်လိုက်ရင်း ဆံသဆရာကြီးအား ထပ်ပြောလိုက်တော့သည်။
"ဟုတ်တယ်လေ...ကတုံးဆံပင်ပေါက်ကေက ဘယ်လောက်လွယ်သလဲ...ကျုပ်တောင် ညှပ်တတ်သေး...အဲ့တော့ ငါးမူးပဲယူပေါ့....ဒါမှမဟုတ် ကျုပ်ကို ဘေးဆံပင်တွေ သိမ်းပြီး အရှေ့ကလေးပဲ နည်းနည်းညှပ်ပေး...တစ်မတ်ပေးမယ်...."
"မောင် အဲ! တစ်ခေတ်မောင်...ဘာတွေ ပြောနေတာလဲ....ဦးလေးရယ် တောင်းပန်ပါတယ်နော်...သူနဲ့ လိုက်ဖက်ပြီး သပ်သပ်ရပ်ရပ်ဖြစ်တာလေး ညှပ်ပေးပါနော်.. ဘယ်နှကျပ်ကျကျပါလေ..."
အစ်ကိုထွင်းက တစ်ကျပ်တန်ဆံသဆရာကြီးအား အားတုံ့အားနာဖြင့်ဆိုနေလေ၏။ 'ဘယ်နှကျပ်ဖြစ်ဖြစ်'ဟူသော စကားလုံး၌ တစ်ခေတ်မောင် သွေးတိုးသွားရတော့၏။
"အစ်ကိုထွင်း!"
"တစ်ခေတ်မောင်!!!"
ထွင်းအက္ခရာ ပိတ်အော်လိုက်ခါမှ မျက်နှာငယ်ကလေးဖြင့် ခေါင်းငုံ့ကျသွားပြန်၏။ မှန်ထဲမှ မောင့်မျက်နှာကလေးအား တစွန်းတစမြင်နေရသည်မို့ ခေါင်းငုံ့ကာ တပွစိစိပြောနေသည်ကို တွေ့နေရသည်။ ကလေးဆန်ဆန် ချစ်ဖွယ်အပြုအမူကြောင့် ရယ်ချင်သွားရသော်လည်း ထွင်းအက္ခရာ မျက်နှာကို တည်ထားလိုက်သည်။ နို့မို့ဆိုလျှင် ဆရာသမားကလေးက ဈေးထပ်ဆစ်အုန်းမည်မဟုတ်လား။ ဆံသဆရာကိုတောင် အလွတ်မပေး ဈေးဆစ်လွန်းတဲ့ အမောင်တစ်ခေတ်မောင်ပါလေ။
"သေသေသပ်သပ်ကလေးဖြစ်အောင်သာ ညှပ်ပေးပါနော် ဦးလေး...."
"အေးအေး သမီးလေး..."
ဆံသဆရာကြီးက ထွင်းအက္ခရာအား အမျိုးသမီးကလေးဟုထင်ကာ သမီးလေးဟု ဆိုလေ၏။ ထိုအဖြစ်မျိုးဟာ ဖြစ်နေကြမို့ ထွင်းအက္ခရာလည်း ထူး၍ ဂရုစိုက်မနေတော့။ မူလနေရာတွင်သာ ငြိမ်ငြိမ်ဆိမ်ဆိမ်ပြန်ထိုင်နေရင်း သတင်းစာဆက်လက်ဖတ်နေလိုက်သည်။ တစ်ခဏအကြာ မိမိအား စိုက်ကြည့်နေသည်ဟု ခံစားရ၍ ရှေ့သို့ကြည့်လိုက်ရာ မှန်မှတစ်ဆင့် သူ့အား ခိုးကြည့်နေသော မောင်နှင့် အကြည့်ဆုံ၏။ မောင်မှာ ခိုးကြည့်သည်ကို လူမိသွားတာမို့ ရှေ့တူရူသို့ အမြန်ပြန်လှည့်သွားကာ အကြည့်လွှဲ၏။ မောင်အကြည့်လွှဲသွားကာမှ ထွင်းအက္ခရာလည်း ကြိတ်ကြိတ်ရယ်မိသည်။
အစ်ကိုထွင်းမှာ သူ့အားစိတ်ဆိုးနေသလားမသိ သူ့အား မကြည့်ပါချေ။ ကိုယ်ကသာ ခိုးငေးနေရပါသော်လည်း သူကတော့ဖြင့် နေ့စဉ်ထုတ်သတင်းစာကိုသာ အာရုံစူးစိုက်၍ဖတ်နေတော့သည်။ အစ်ကိုထွင်း ဇက်ခနဲ အကြည့်ပို့လာတော့ သူခိုးငေးနေသည်ကို လူမိသွားတော့၏။ ထို့ကြောင့်ပင် အမြန်အကြည့်လွှဲလိုက်ရတော့သည်။ သူ့ခေါင်းထဲ ဝဲနေသည့် အတွေးသည်ကား...
*အစ်ကိုထွင်းကို ဘယ်လိုပြန်ချော့ရမလဲ....* ဟူ၍ပင်။
ဆံပင်ညပ်ပြီးသွားသောအခါ မောင့်မျက်နှာကလေးရှင်းထွက်သွား၏။ ဘေးဆံပင်ကလေးများမှာ သေသပ်နေပြီး ရှေ့ဆံပင်များသည်လည်း အာရုံနောက်စရာကောင်းသည်အထိ ရှည်မနေတော့။ ညှင်းသိုးသိုးပုံစံကလေးပျောက်၍ ခန့်ညားသော ပုံစံကလေးပေါ်ပေါက်လာသည်မို့ ထွင်းအက္ခရာ ကြိတ်ကျေနပ်နေမိသည်။ သည်ခန့်ညားတဲ့ အညာသားကလေးဟာ သူ့ချစ်သူလေးမဟုတ်လား။
ညှပ်ခတစ်ကျပ်နဲ့ငါးမူးပေးလိုက်ရ၍ တစ်ခေတ်မောင်သိပ်မကျေနပ်ပါ။ သို့ပေသော်လည်း ဒါသည်အရေးမဟုတ်။ အစ်ကိုထွင်း သူ့အား စကားမပြောသည်ကသာ အရေးဖြစ်နေ၏။ အစ်ကိုထွင်းမှာ တစ်လမ်းလုံး စကားတစ်ခွန်းတစ်ပါဒမှ ပြောမလာသည်မှာ အိမ်ခြံရှေ့ရောက်သည်အထိပင်။ လျှို့ဝှက်လက်နက်ကလေး ထုတ်သုံးမှဟု ဆုံးဖြတ်လျက် ခြံထဲ ခြံတံခါးဖွင့်ကာ ဝင်တော့မည့် အစ်ကိုထွင်းအား လှမ်းတားလိုက်ရတော့သည်။
"ခဏလေး နေပါအုန်း အစ်ကိုထွင်း..."
သည်လိုခေါ်တော့ ဖွင့်လက်စတံခါးအား ပြန်စေ့လိုက်ကာ သူ့ရှေ့သို့ ပြန်လျှောက်လာပြီး ဤသို့ ဘုဆတ်ဆတ်ဖြေ၏။
"ဘာလဲ!..."တဲ့လေ။
ထွင်းအက္ခရာ စိတ်ဆိုးချင်ယောင်ဆောင်ထားမိသည်။ ဒါမှ သင်း(ဒင်း) မှတ်လောက်သားလောက်ဖြစ်မည်မဟုတ်လား။ အမြဲတစေ ဈေးဆစ်ချင်လွန်းသူကို မှတ်လောက်သားလောက်ဖြစ်အောင်တော့ စိတ်ကောက်ပေးရမည်လေ။
"ဟို...ဒါလေး...အစ်ကိုထွင်းအတွက်...."
ထိုသို့ဆိုကာ သူ့ရှပ်အင်္ကျီအိတ်ကပ်ထဲမှ ဖဲပုဝါဖြင့် ထုပ်ထားသော ခပ်ရှည်ရှည်အရာကလေးအား ထုတ်ပေးလာသည်မို့ ထွင်းအက္ခရာလည်း ယောင်တောင်တောင်ဖြင့် လှမ်းယူလိုက်မိသည်။ ဖဲပုဝါကလေးအား ဖွင့်ဖယ်လိုက်လေတော့ စံပယ်ပန်းပွင့်ကလေးများသဏ္ဍာန်ထွင်းထားလေသည့် သစ်သားဆံထိုးကလေးဖြစ်သည်။ သစ်သားကလေးအား ထိပ်တွင် စံပယ်ပန်းပွင့်ကလေးများပုံဖော်ထားလျက် မထိရှလေရအောင် အချောပွတ်တိုက်ထားကာ သစ်ညိုရောင်ကလေးဆေးကြည်ကြည်သုတ်ထားသည်။ ထို့ကြောင့် ဆံထိုးကလေးမှာ တလက်လက်တောက်နေပေတော့၏။ ထွင်းအက္ခရာမှာ ထိုဆံထိုးကလေးအား ခပ်ဖွဖွပွတ်သပ်မိရင်း ထစ်ထစ်အအဖြင့် အမေးပြုမိသည်။
"ဒါ..ဒါက..."
"အစ်ကိုထွင်းနဲ့သာဆို သိပ်လှမယ်ထင်လို့ မောင်ကိုယ်တိုင် ရွေးဝယ်လာခဲ့တာ..."
စိတ်ဆိုးချင်ယောင်ပင် ဆက်လက်မဟန်ဆောင်နိုင်တော့ဘဲ မျက်ရည်များဝေ့ဝဲကာ ပြုံးမိတော့သည်။ မောင့်ထံမှ ရရှိသည့် သူ့အတွက်ဟု ရည်ရွယ်သော လက်ဆောင်ကလေးမှာ သူ့လက်အတွင်း၌ တဖိတ်ဖိတ်တောက်နေလေ၏။
"ငါလေ သည်ဆံပင်ရှည်ကြီးကို ညှပ်၊ ပြီးရင် ယောက်ျားကလေးတစ်ဦးလို ပုံစံပြောင်းပြီး ပေါ်ပေါ်ထင်ထင်နေဖို့ အတွေးရှိနေခဲ့တာ...မောင့်လိုမျိုးပေါ့...ယောက်ျားတစ်ဦးက ယောက်ျားတစ်ဦးလိုမျိုးလေ...."
ထို့နောက် အစ်ကိုထွင်းမှာ ဝမ်းသာမျက်ရည်များ ဝေ့သီးနေသော မျက်ဝန်းအစုံဖြင့် သူ့အား မော့ကြည့်လာကာ ပြုံးလျက် ဆက်ပြောလေသည်။
"ဒါပေမဲ့လေ မောင်ပန်ပေးတဲ့ စံပယ်ကုံးတွေ ပန်ဆင်ချင်သေးတာမို့၊ ဟော့သည် မောင်ပေးတဲ့ ဆံထိုးကလေး ပန်ချင်သေးတာမို့၊ မောင့်ကြောင့်မို့ သည်ဆံနွယ်တွေကို ဆက်ထိန်းသိမ်းထားဖြစ်မယ်ထင်တယ် မောင်...."
သူ့ကြောင့်ဟူသော စကားလုံးကြောင့် တစ်ခေတ်မောင်ရင်ထဲ အေးမြသွားရတော့သည်။ တစ်ခေတ်မောင်မှာ သွားတန်းဖြူများပေါ်သည်အထိ ပြုံးရယ်လိုက်မိရင်း အစ်ကိုထွင်း လက်ထဲမှ ဆံထိုးကလေးအား ဆွဲယူကာ အစ်ကိုထွင်း၏ စည်းနှောင်ထားသော ဆံနွယ်များကြား ထိုးစိုက်ပန်ဆင်ပေးလိုက်မိသည်။ ဝေ့ဝဲကျနေသော ဆံနွယ်ကလေးများကိုပါ နားနောက်သို့ သပ်တင်ပေးလိုက်မိပြန်၏။
"မောင်ကလေ အစ်ကိုထွင်းဖြစ်နေလို့ကို ချစ်မြတ်နိုးမိတာမို့ သည်ဆံနွယ်ရှည်တွေ မရှိတော့ရင်တောင် စံပယ်ပန်းကုံးကလေးကို နှီးတောင့်တောင့်ကလေးနဲ့သီ၊ အကွေးကလေး ဖန်တီးပြီး သရဖူကလေးလို ပန်ပေးအုန်းမှာဗျ...မောင် စံပယ်ကုံး ပန်ပေးမဲ့သူဟာ အစ်ကိုထွင်းဖြစ်နေဖို့ပဲ လိုအပ်တာပါ...ဘာလို့များလဲဆို မောင်ချစ်မြတ်နိုးတာ မောင့်အစ်ကိုထွင်းကိုမို့လေ...."
===============
11.10.2022🖤ဆွေး🖤
စုပေါင်းအငြိမ့်ပွဲဆိုတာ ဆွေးစိတ်ကူးသပ်သပ်ပါ...တကယ်မရှိပါဘူးနော်...၁၉၅၀နဲ့ ၆၀ပြည့်တွေအတွင်းမှာတော့ ရန်ကုန်ပန်းခြံတွေမှာ ညတိုင်း အငြိမ့်ဖျော်ဖြေပေးတာမျိုးတော့ရှိပါတယ်...ဆွေးထည့်ရေးထားတာမျိုးတော့ မရှိပါဘူးနော်...စိတ်ကူးသပ်သပ်ပါ...
ပြီးတော့ တစ်မတ်ဆိုရင် ၂၅ပြားပါ...ငါးမူးဆိုတာ ပြား၅၀ပါနော်...သိကြမယ်တော့ ထင်ပါတယ်...
အစက နေ့တိုင်uးpမလို့ပါပဲ...ဂျပန်သင်တန်းက ကြာသပတေးနေ့ စာမေးပွဲရှိတာမို့ နေ့တိုင်းမupပေးနိုင်တော့ဘူးရယ်😭