Title - အသွင်ပြောင်းသားရဲလေးတွေရဲ့ မေမေ
English Translator - Fuyu
အပိုင်း ၁ - ဝတ္ထုထဲ ကူးပြောင်းသွားခြင်း။ (၁)
ဧည့်ခန်း၏ ဒီဇိုင်းသည် ရိုးရှင်းသော်ငြား အခန်းနှင့် ပတ်သက်သည့် အရာများသည် ဇိမ်ခံပစ္စည်းများသာ။ ယခု ထိုအခန်းထဲတွင် ငယ်ရွယ်သည့် ကလေးမလေးတစ်ဦးနှင့် ယောကျာ်းတစ်ယောက် ထိုင်နေကြသည်။
ကလေးမလေးသည် သူမ၏ အမွေးပွပွ အဖြူရောင်အမြီးလေးကို ဘယ်၊ ညာ ယိမ်းကာ သူမဘေးရှိ ထိုင်နေသောသူကို သူမ၏ နို့နံ့သင်းနေသည့် ကလေးအသံလေးနှင့် မေးလိုက်သည်။
"ပါးပါး၊ မားမားက ဘာလို့ မရောက်သေးတာလဲဟင်? မားမားက ဒီကို ဘယ်အချိန်မှ ရောက်မှာလဲ...ပါးပါး?"
ထိုယောကျာ်းသည် မျက်လုံးပင့်ကြည့်ကာ သူ၏ အကြည့်များသည် ရှုပ်ထွေးနေ၏။
"ခဏနေရင်။"
•.•
သုံးရက်ကြာပြီးနောက် ဆေးရုံတစ်ရုံတွင်ဖြစ်သည်။
ယဲ့ချင်းသည် ဝတ္ထုတစ်ပုဒ်ထဲသို့ ကူးပြောင်းရောက်ရှိလာ၏။ သူမသည် ဤဝတ္ထု၏ အရေးမပါသော ဇာတ်ကောင်နေရာသို့ ကူးပြောင်းလာခြင်းဖြစ်သည်။
ဝတ္ထုထဲတွင်၊ သူမ၏ ဇာတ်ကြောင်းမှာ အမျိုးသမီးဇာတ်လိုက်၏ သူငယ်ချင်းမှ သူမ၏အကြောင်းကို သာမန်ကာလျှံကာ ထည့်ပြောလိုက်သော နေရာပင်ဖြစ်သည်။
"ဟေး! နင် သရုပ်ဆောင်ရမယ့်အခန်း တစ်ခန်းနဲ့ တစ်ခန်းကြားထဲ သေချာနားဖို့ သတိရဦး။ အနားက ကုမ္ပဏီက ဝန်ထမ်းတစ်ယောက်တော့ အလုပ် အလွန်အကျွံလုပ်ပြီး ဆုံးသွားရှာပြီ။"
မှန်ပေသည်။ သူမ ကူးပြောင်းသွားခဲ့သော သူသည် ထိုအလုပ်အကျွံလုပ်ပြီး သေဆုံးသွားသော ဖြတ်လျှောက်လေးပင် ဖြစ်ချေသည်။
မူလကိုယ်၏ အကြောင်းအရာသည် အမျိုးသမီးဇာတ်လိုက်နှင့် သူမ သူငယ်ချင်းတို့၏ စကားပြောဆိုသောအခန်းတွင်သာ ပါဝင်ရှာသည်။
ယဲ့ချင်း တချက်ကြည့်လိုက်သည်။ သူမသည် ဇာတ်ကြောင်းကို စဉ်းစားနိုင်စွမ်းမရှိရုံသာမက အမျိုးသားဇာတ်လိုက်၊ အမျိုးသမီးဇာတ်လိုက်တို့၏ နာမည်ကိုပင် မှတ်မိဖို့ရန် ခေါင်းကို အလုပ် မလုပ် ချင်တော့ပေ။
ထိုအရာတို့သည် သူမအတွက် အရေးမကြီးပေ။ အဘယ်ကြောင့်ဆိုသော် ယခု ယဲ့ချင်းသည် အတိတ်မှ မှတ်ဉာဏ်များကို စဉ်းစားလို့ပင် မရချေ။
သူမ အဘယ်ကြောင့် ကူးပြောင်းလာမှန်း မသိသလို၊ မကူးပြောင်းခင် မည်သူမည်ဝါ (သို့) မည်သည့်နေရာမှ လာမှန်းလည်း မသိချေ။
မည်သို့ပင်ဖြစ်စေ၊ အရင်က အကြိမ်ပေါင်းများစွာ ကြုံတွေ့ခဲ့ဖူးသလို ဤအရာများကို ရင်းရင်းနီးနီး ခံစားရသည်။
ဆေးရုံကုတင်ပေါ်တွင်ထိုင်ရင်း သူမ၏ အမူအရာများသည် မပြောင်းမလဲပင်ရှိသည်။
သူမ၏ ဘယ်ဘက်လက်မှ IV drip ကို ကြည့်၍ ညာဘက်လက်ဖြင့် မျက်နှာကို ညှစ်ကြည့်လိုက်သည်။
ထို့နောက် သူမ၏ညာလက်ကို ပေါင်ပေါ်သို့ တင်လိုက်သည်။ သူမ အလွန်ကျေနပ်မိ၏။
သူမသည် ထူးထူးဆန်းဆန်း သတ္တဝါမျိုးမဟုတ်ဘဲ လူသားဖြစ်နေ၍ တော်သေးသည်။ မည်သို့ကြောင့် လူသားကိုယ်ထဲ ကူးပြောင်းခြင်း ဟုတ်၊ မဟုတ် စစ်ဆေးမိမှန်းလည်း မသိချေ။
ထို့နောက် ဤကိုယ်၏ မှတ်ဉာဏ်များကို စတင်လက်ခံလိုက်သည်။
ခဏအကြာ၌ ယဲ့ချင်းသည် မူလကိုယ်ကို လေးလေးနက်နက် လေးစားမိသောကြောင့် သူမ၏ အမူအရာသည်ပင် တဖြည်းဖြည်းပြောင်းသွားချေသည်။
မူလကိုယ်၏မိဘများသည် သူမ ငယ်ရွယ်စဉ်ကပင် မထင်မှတ်ဘဲ ဆုံးပါးသွားခဲ့ကြသည်။ ဤအားကိုးရာမရှိသည့် မိန်းကလေးကို သူမ၏ဆွေမျိုးက ဘောလုံးတစ်လုံးလို ဟိုတွန်းပို့၊ ဒီတွန်းပို့ခဲ့ကြသည်။
နောက်ဆုံးတွင် သူမမှာ အထက်တန်းကျောင်းပင် မပြီးခဲ့ချေ။ ဆယ့်ခြောက်နှစ်အရွယ်တွင် သူမဘာသာ မြို့သို့သွား၍ အလုပ်ရှာခဲ့သည်။
ကိုးနှစ်တိုင် အလုပ်ကြိုးစားခဲ့ပြီးနောက် မူလပိုင်ရှင်သည် မြို့ထဲတွင် သူမ၏ ကိုယ်ပိုင်အားထုတ်မှုဖြင့် အိပ်ခန်းနှစ်ခန်းပါ တိုက်ခန်းတစ်ခန်းကို ဝယ်နိုင်ခဲ့သည်။
သူမသည် တိုက်ခန်းဝယ်ရာတွင် လစဉ်အရစ်ကျပေးရသည်က သူမအတွက် ဝန်လေးသောအရာ ဖြစ်သောကြောင့် အပြည့်ပေးချေခဲ့သည်။
'ငွေရှာရန်အတွက် သင့်၏ဘဝကို စွန့်စားထိုက်သလား။' ဆိုသည်ကတော့ လောကုတ္တရာအတွက် ချန်ထားခဲ့သည့် မေးခွန်းတစ်ခုပင်ဖြစ်ချေသည်။
မူလပိုင်ရှင်သည် ထိုအိမ်ကို ဝယ်ရန်နှင့် ပြင်ဆင်ရန် သူမ၏စုငွေများကို အကုန်ပြောင်သည်အထိ သုံးခဲ့ရသည်။
ထိုအိမ်အသစ်သို့ ပြောင်းရွေ့နေထိုင်ပြီး တစ်လအတွင်းတွင် သူမသည် အလုပ်ပိုလုပ်ရန် ဆယ်ရက်ဆက်တိုက် ညမအိပ်ဘဲ နေခဲ့သောကြောင့် သူမ၏ ငယ်ရွယ်မှုလေးသည် ချုပ်ငြိမ်းသွားရှာသည်။
ယဲ့ချင်းသည် သက်ပြင်းသာ ချလိုက်မိတော့သည်။ သူမသည် မူလပိုင်ရှင်ကို တခြားကမ္ဘာတစ်ခုတွင် ကောင်းမွန်သော ဘဝရရှိနိုင်ရန် မျှော်လင့်မိပါ၏။
သက်ပြင်းချလိုက်ပြီးနောက် ယဲ့ချင်းသည် ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားသည်။
သူမသည် အနားမှ သူမ၏လုပ်ဖော်ကိုင်ဖက် ပို့ပေးထားသောခြင်းထဲမှ လိမ္မော်သီးတစ်လုံးကို ယူလိုက်သည်။
ထို့နောက် လိမ္မော်သီးကို အေးအေးဆေးဆေးအခွံခွှါနေလိုက်သည်။
သူမ လိမ္မော်သီးကို စားနေစဉ် သူမကိုယ်သူမ ဆန်းစစ်လိုက်သည်။ သူမသည် အနည်းငယ် အေးစက်စက်နိုင်ပြီး နှလုံးသားမဲ့ပုံရသည်။
လိမ္မော်သီးကို အပြီးသတ်ပြီးနောက် အသီးခြင်းဘေးမှ ဖုန်းသည် အဆက်မပြတ်တုန်ခါလာသည်။
သူမသည် ဖုန်းကိုပြန်ဖြေရန် အလျင်မလိုပေ။ လက်ခံသည့်ခလုတ်ကို မနှိပ်မီ သူမ၏လက်ကို တစ်သျှူးနှင့် သုတ်လိုက်သည်။
ဖုန်းတစ်ဘက်မှ မန်နေဂျာ၏ ဂရုစိုက်သော အသံထွက်လာပြီး
"ယဲ့ချင်း ဘယ်လိုနေသေးလဲ? သက်သာရဲ့လား?"
ယဲ့ချင်းသည် ပြုံး၍ ညင်သာစွာ ပြောလိုက်သည်။
"ပို သက်သာလာပါပြီ။"
မန်နေဂျာ : "ကောင်းတယ်။ ကောင်းတယ်။ မင်း ငါတို့ကို လန့်သေအောင် လုပ်တာပဲ။
ဒီနေ့ CEOကတောင် မင်းရဲ့ အခြေအနေကို မေးနေသေးတယ်။
မင်းက ငယ်သေးတာပဲ။ အလုပ်မှာ ဘယ်လောက်ပဲအလုပ်များများ ကိုယ့်ရဲ့အချိန်ကို သင့်တော်အောင် စီမံရမယ်။
မင်းရဲ့ ကျန်းမာရေးကို အလေးထားရမယ်!"
ယဲ့ချင်းသည် အပြုံးမပျက်ဘဲ "စိတ်မပူပါနဲ့တော့။ နောက်ဆို ကျန်းမာရေးကို ဂရုစိုက်ပါ့မယ်။
မန်နေဂျာနဲ့ ကုမ္ပဏီကို အလုပ်ရှုပ်စေမိလို့ တောင်းပန်ပါတယ်။"
မန်နေဂျာ : "နားလည်ပြီဆိုရင်လည်း ကောင်းပါပြီ။
အို ဒါနဲ့၊ ယဲ့ချင်း မင်းရဲ့ ဆေးရုံစရိတ်အတွက် စိတ်ပူစရာမလိုဘူးနော်။
ဒီမနက်တင် HRဘက်က မင်းရဲ့ ဆေးဖိုးဝါးခအတွက် ကုမ္ပဏီက မင်းကို ပြန်ပေးမယ်လို့ ပြောတယ်။"
"မင်း တကယ် အလုပ်ကြိုးစားခဲ့တာပဲ။
CEOက မင်း ဒီလအတွက် ဘောနပ်စ် ယွမ်နှစ်ထောင်ရမယ်လို့တောင် ပြောသေးတယ်။"
ယဲ့ချင်း၏ အသံသည် အရင်ထက် တက်ကြွသွားပြီး
"ကျွန်မတော့ ကုမ္ပဏီကို ကျေးဇူးအများကြီးတင်ကြောင်း ပြောရတော့မှာပဲ။"
မန်နေဂျာ : "ဒါက မင်းနဲ့ထိုက်တန်တာပဲလေ။
ကုမ္ပဏီက မင်းရဲ့ အရည်အသွေးနဲ့ ဘယ်လောက်တောင် ကြိုးကြိုးစားစား အလုပ်လုပ်ခဲ့လည်းဆိုတာကို အသိအမှတ်ပြုပါတယ်။"
"အားလုံးက မင်း ပြန်လာပြီး အတူတူ အလုပ်ပုံထဲ ခုန်ဝင်ကြဖို့ စောင့်နေကြတယ်။
ဘယ်အချိန် ဆေးရုံက ဆင်းပြီး အလုပ်ပြန်လာမလဲ?
မနက်ဖြန် လာလို့ရလား?"
"ငါတို့ အခုပရောဂျက်က အရင်ဟာတွေထက် ပိုအလျင်လိုတယ်ဆိုတာ သိရမယ်နော်။
အလုပ်ကို အရင်လာခဲ့၊ မင်းအဆင်ပြေအောင် ငါ မင်းအတွက် အလုပ်တာဝန်ကို ညှိဖို့ ကြိုးစားပေးမယ်။"
"ပရောဂျက် ပြီးသွားရင်၊ မင်းကို ခွင့်ရက်ရှည် ပေးမယ်ကွာ!"
ယဲ့ချင်း မျက်တောင်ခတ်လိုက်ပြီး လေသံ တိုးတိုးနှင့် ပြန်ဖြေလိုက်သည်။
"ဒါပေမဲ့...ကျွန်မက အလုပ်ထွက်တော့မှာ။"
•.•