Zawgyi
ငပုရဲ့ ခေါ်ဆိုသံကြောင့် ဇာတ်စင်နောက်သို့ ကသောင်းကနင်း ရောက်ရှိသွားတော့၏။ လူရွှင်တော် အစ်ကိုကြီးတစ်သိုက်မှာလည်း သူ့အား စောင့်မျှော်နေကာ တေးသံဆုံးလို့ အကအလှအဆုံးသတ်ချိန်တွင် လက်ခုပ်ကိုယ်စီတီး၍ ဇာတ်စင်ပေါ် တက်သွားလေတော့၏။ တစ်ခေတ်မောင်သည်လည်း အစ်ကိုကြီးတို့ နည်းတူ ဇာတ်ခုံပေါ် တက်သွားလိုက်တော့သည်။
"နှမကလေး ထွင်းအက္ခရာရဲ့ အကအလှကတော့ ရင်သပ်ရှုမောဖွယ် သိပ်ကောင်းသကိုး...."
ကိုကြီးငမှေးက စ၍ စကားစလိုက်တော့သည်။
"ဘာတဲ့ နှမလေးတဲ့...ကိုယ့်ကိုယ်ကိုယ်လည်း မှန်ထဲ ပြန်ကြည့်ပါအုန်းကွာ...မြေးမလေးလို့ ခေါ်ရင်တောင် ဟုတ်တုတ်တုတ်..."
ကိုကြီးသာကူက မကျေမနပ်ဆိုလေ၏။
"မြေးမလေး ထွင်းအက္ခရာ....အာ...မဟုတ်သေးပါဘူးကွာ...."
ကိုကြီးငမှေးက ယောင်တောင်ပေါင်တောင်ဖြင့် သံယောင်လိုက်ပုံမှာ ရယ်စရာကောင်းသည်မို့ ပရိသတ်များမှာ ဟားခနဲရယ်တော့၏။
"ကဲ ထွင်းအက္ခရာ....အစ်ကိုကြီးတို့ကို နာမည်ခေါ်ပါအုန်းလားလို့...."
ကိုကြီးငွေခဲမှာ လည်တွင် တင်ထားသော ခေါင်းပေါင်းစအား လုံးချေနေရင်း ရှက်ကိုးရှက်ကန်းပြောနေသည်ကြောင့် ကိုကြီးရှမ်းလေး၏ ကျောပြင်အား ဗြောတင်ခြင်းကို ခံလိုက်ရတော့သည်။
"အစ်ကိုကြီးလို့ ခေါ်ခံချင်သပေါ့...ကိုယ့်အသက်ကိုယ်ကြည့်အုန်း...ထွင်းအက္ခရာ သည်က အစ်ကိုကြီးကို အရင်ခေါ်နော်...."
စပ်ဖြဲဖြဲ ပြီတီတီဖြင့်ပြောရင်း အစ်ကိုထွင်းအနားတိုးကပ်လာသော ကိုကြီးရှမ်းလေးအား တွန်းထုတ်လိုက်ကာ တစ်ခေတ်မောင်တစ်ယောက် အစ်ကိုထွင်းဘေးတွင် နေရာဝင်ယူလိုက်တော့သည်။
"သည်က မောင့်ကို အရင်ခေါ်နော်...."
ထိုစကားမှာ အငြိမ့်တိုက်စဉ်က မပါပါချေ။ ထို့ကြောင့် အစ်ကိုထွင်း၏ မျက်နှာမှာရဲခနဲ။ အငြိမ့်တိုက်စဉ်က မပါဝင်ကြောင်းလည်း မျက်နှာရိပ်မျက်နှာကဲ ပြနေပါသေးသည်။
"ဘာတဲ့...မောင်တဲ့...ဟားဟားဟား...."
ကျန်သည့် လူရွှင်တော်များမှာ လှောင်ပြောင်သကဲ့သို့ရယ်နေလေ၏။
"ဟားဟားဟား...မောင်တဲ့...ကြီးတဲ့သူကို အရင်ခေါ်နော် ထွင်းအက္ခရာ!...."
ကိုကြီး ငွေခဲမှာ ရယ်နေရာမှ ရုပ်တည်ကြီးဖြင့် အသနားခံ ဝင်ပြောပြန်သည်။ အစ်ကိုထွင်းမှာ မခို့တရို့ကလေး တစ်ချက်ရယ်လေ၏။ အစ်ကိုထွင်း၏ ဟန်ပန်မှာ အဟုတ်ပင် သိမ်မွေ့နူးညံ့လွန်းသည့် အငြိမ့်မင်းသမီးတစ်ဦးကဲ့သို့ စင်စစ်ဖြစ်နေ၏။
"အစဉ်လိုက်ကလေး ခေါ်မပေါ့...ဘယ့်နှယ်လဲ..."
"ဖြစ်ပါ့ဖြစ်ပါ့..."
ပြိုင်တူရေရွတ်မိကြ၏။
"ဟော့သည်က အအိပ်မက်တဲ့ ကိုကြီးငမှေးလားရှင့်...."
"ဟုတ်ပါ့ဗျာ...ခုဏကတောင် တစ်ရေးအိပ်လိုက်သေး...အာ...မဟုတ်ပါဘူးဗျာ..."
ကိုကြီးငမှေးက ယောင်တောင်တောင်ဖြင့်ဆိုပြန်လေသည်။
"ဟော့သည်က ကိုကြီးချစ်တီး...အဲလေ ကိုကြီးငွေခဲလားလို့...."
"ဟုတ်ပါသတဲ့ နှမလေးရေ....ဒါနဲ့ ကိုကြီးကို ပိုက်ဆံငါးကျပ်ပြန်မဆပ်ရသေးဘူးနော့...."
"အို...ဘယ့်လိုဖြစ်သတုန်း...ညီမဝေစုရကာမှ ဆပ်မပေါ့...."
"သည်လိုပြောတာ ဒါနဲ့ဆို သုံးခါရှိပြီဗျ.. သုံးခါ!...."
ကိုကြီးငွေခဲမှာ မျက်နှာကလေး ရှုံ့မဲ့ပြရင်း ပရိသတ်ဘက်အား လက်သုံးချောင်းထောင်ကာ တိုင်တောနေ၏။ ထိုအခါဝယ် ဇာတ်ခင်းမှ လူများ ထပ်မံရယ်မောကြတော့၏။
"သည့်ဘက်က ကိုကြီး ရှမ်းလေးလားလို့...."
"ဟုတ်ပါ့ဗျာ...ဟုတ်ပ...."
"ခေါင်းရင်းအိမ်က မမနဲ့ကော အဆင်ပြေရဲ့လား..."
"အို နှမရယ်...ဘယ်လိုများ ပြောလိုက်တာလဲလို့...အဲ!...သည် အစ်ကိုကြီးရဲ့ ရင်ထဲမှာ သည်က နှမကလေးပဲ ရှိတာပါလို့ အဲ! ...ချစ်တဲ့အကြောင်းတွေ စီကာပြောပြရရင် သည်အငြိမ့်ပွဲကြီးပြီးတာတောင် ပြောစရာမကုန်နိုင်လောက်ပါဘူးလို့ အဲ!"
"ဟာ ကောင်းလိုက်တာကွာ!!! ဖြောင်းဖြောင်းဖြောင်း! စိတ်ပျက်ဖို့....."
ကိုကြီးသာကူက မျက်နှာပေးဟန်ပန်အမျိုးမျိုးဖြင့် ဝင်ထောက်လေတော့ တသောသောရယ်ကြတော့သည်။ ကိုကြီးရှမ်းလေးမှာတော့ ထိုလျှာရှည်သော ငနဲအား ဂေါက်ခနဲ ခေါက်ချလိုက်၏။
"ကျွန်မအစ်ကိုကြီး သနားစရာရှင်....ဟော့သည်က ကိုကြီး သာကူတဲ့လားရှင်...."
"ဒါပေါ့ နှမငယ်...သာကူကို သိပ်ကြိုက်တဲ့ သာကူ....အမေက နာမည်ပေးသိပ်တော်တာလေ....သူက ကိုကြီးကို ကိုယ်ဝန်လွယ်ထားရတုန်း သာကူစားရတာ သိပ်ကြိုက်တာတဲ့...အဲ့တာနဲ့ပဲ ကိုကြီးမွေးလာတော့ နာမည်က သာကူလို့ တွင်သတဲ့ဗျာ...ဒါနဲ့ ကိုကြီးလည်း ကိုကြီးအမေကို သည်လို မေးကြည့်တာပေါ့....."
"ဘယ်လို မေးကြည့်တာတုန်း ကိုကြီးသာကူရဲ့...."
"သားကို ကိုယ်ဝန်လွယ်တုန်း ဂွေးသီးများ ကြိုက်ရင် သားကို ဂွေးသီးလို့ နာမည်ပေးမှာလားလို့လေ...."
ထိုအခိုက် ဇာတ်ခင်းတစ်ခင်းလုံး ဝါးခနဲ ရယ်ကြတော့၏။ ကိုကြီး သာကူမှာ မျက်ရည်ကလေး တစမ်းစမ်းပုံစံ သရုပ်ဆောင်နေရင်း ပရိသတ်တို့ ငြိမ်သက်သွားသည်အထိ ခေတ္တစောင့်ဆိုင်းနေလိုက်သည်။ ငြိမ်သက်သွားကာမှ သူ့စကားကို ဆက်လေတော့သည်။
"အမေက ဘာပြန်ပြောတယ်ထင်လဲ...."
"ဘာပြန်ပြောသလဲဟင် ကိုကြီးသာကူ...."
"အမေက ဂွေးသီးမကြိုက်ဘူး...ခရမ်းသီးပဲ ကြိုက်တာတဲ့လေ...."
ကိုကြီးသာကူမှာ အတော်မျက်နှာပေးကောင်းသည်ဟုဆိုရမည်။ ထိုမျက်နှာပေးကြောင့်ပင် ပွဲတစ်ခင်းလုံး ဆူဆူညံညံအော်ရယ်ကြသည်လေ။
"ခရမ်းသီးနှပ်သိပ်ကြိုက်တယ်ပြောတာပါ....တော်သေးတယ်ဗျာ...နာမည်က သာကူဖြစ်သွားလို့...ခရမ်းသီးလို့သာ ပေးလိုက်ရင်တော့ မတွေးရဲစရာ...."
ပရိသတ်နှင့်အပြိုင် အစ်ကိုထွင်းမှာလည်း ရယ်နေလေ၏။
"ဟုတ်ပါပြီ ကိုကြီးခရမ်းသီး အဲလေ...ကိုကြီးသာကူ...."
"မှားမခေါ်နဲ့ ဟမ်း..."
"နောက်ဆုံးတစ်ယောက်ကတော့ အငယ်ဆုံးကလေး တစ်ခေတ်မောင်တဲ့လားရှင်...."
"မပြည့်စုံသေးဘူး မပြည့်စုံသေးဘူး...."
တစ်ခေတ်မောင်မှာ စုံထောက်ကြီးစတိုင်လ်ဖြင့် မေးကိုပွတ် လက်ကိုပိုက်ရင်း ဆိုလာလေ၏။
"အို...ဘာကျန်ခဲ့လို့တုန်း...နာမည်က တစ်.ခေတ်.မောင်...တစ်ခေတ်မောင်တဲ့လေ...."
"ကျန်ခဲ့တာပေါ့ ကျန်ခဲ့တာပေါ့ဗျာ...."
ထိုသို့ဆိုနေရင်းဖြင့် တစ်ခေတ်မောင်မှာ အစ်ကိုထွင်း ဘေးတွင် ဗိုလ်အောင်ဒင်စတိုင်လ် ခေါင်းကိုငုံ့လျက် လှည့်ပတ်နေလေ၏။ တစ်ဖက်မှ ပတ်၍ လာကာ 'ကျန်ခဲ့တာပေါ့'ဟု တစ်ခါဆိုသည်။ တစ်ဖန် နောက်တစ်ဖက်မှ ပတ်၍ တစ်ခါဆိုပြန်သည်။ အလှည့်အပတ်များလွန်း၍ ကိုကြီး ငမှေးမျက်နှာအား ပြေးတိုက်မိတော့၏။
"အေးဆေးငြိမ်ရပ်ပြီး ပြောစမ်းပါ!!!မျက်စိကို နောက်~~~နေတာပဲ...."
အသံရှည်ဆွဲပြောလိုက်ပြီး တစ်ခေတ်မောင်အား ပုခုံးမှဆုပ်ကိုင်၍ ငြိမ်ငြိမ်ရပ်ခိုင်းရတော့သည်။
"ဖြတ်ခနဲကြည့်ရင်...."
တစ်ခေတ်မောင်မှာ ထိုသို့ဆိုကာ တစ်ဖြတ်နားပြီး ခေါင်းလေးအားစောင်းပြသေး၏။
"ကိုဝင်းဦးနဲ့ ဆင်သလိုလိုရှိတဲ့ တစ်ခေတ်မောင်လို့ ခေါ်သဗျ...."
တစ်ခေတ်မောင်၏ မင်းသားရှုံးလောက်သော အမူအရာကြောင့် ပွဲခင်းထဲမှ လူများ တဟားဟားရယ်မောကြတော့သည်။ ကလေးများဆိုလျှင် တစ်ခေတ်မောင်အား လက်ညှိုးကလေးတထိုးထိုးဖြင့် ဗိုက်နှိပ်ရယ်မောနေကြ၏။
"ကဲဟယ်!!! မင်းနှယ် ဘယ်နားက ဆင်ဆင်တူလို့လဲ...."
ကိုကြီးငွေခဲမှာ တစ်ခေတ်မောင် နောက်စေ့အား ဖြတ်ခနဲရိုက်လိုက်ကာဆိုတော့၏။ ထို့နောက် ဟန်ပါပါလက်ကလေးပိုက်လိုက်ကာ။
"ငါကမှ တွံ့တေးသိန်းတန်နဲ့အဟုတ်တူတာကွ...."
"ကဲဟယ်!!! မင်းကကော ဘယ်နားတူလို့တုန်းကွ...."
ကိုကြီး ရှမ်းလေးက မြင်ပြင်းကပ်လာသည်ကြောင့် ဖြောင်းခနဲ နားပန်ကိုကျင်းပြန်၏။
"တော်ကြပါကွာ...ဒါနဲ့ ထွင်းအက္ခရာ....နှမလေးကို တစ်ခေတ်မောင်က ပြောစရာရှိလို့တဲ့လေ...."
"အာ....ဘယ်....ဘယ်တုန်းကလဲဗျ...."
တစ်ခေတ်မောင်က အူကြောင်ကြောင်ပုံစံလေးဖြင့် ပြန်မေး၏။
"ဟာ ဟိုကိစ္စလေကွာ...မင်း ငါတို့ကို စင်နောက်မှာ ပြောတဲ့ကိစ္စလေကွာ..."
ကိုကြီးငမှေးမှာ မျက်စပစ်ပြလိုက် လက်မောင်းသား ဆိတ်ပြလိုက်နှင့် အချက်ပြနေ၏။ တစ်ခေတ်မောင်မှာ ခေါင်းကို တဝူးဝူးမြည်အောင် ခါနေလေ၏။
"မဖြစ်ဘူးထင်တယ်နော်....."
"ဘာပြောစရာများလဲ တစ်ခေတ်မောင်...."
"အဲ့တာကလေ ဟို...."
လူရွှင်တော်အစ်ကိုကြီးများမှာ တစ်ခေတ်မောင်အား အစ်ကိုထွင်းရှေ့သို့ အတင်းကာရော တွန်းပို့နေကြ၏။ တစ်ခေတ်မောင်မှာ ဂုတ်ပေါ်တွင်ရှိနေသော ခေါင်းပေါင်းစကိုသာ ရှက်ရှက်နှင့် ပွတ်သပ်နေ၏။
"ဟိုလေ ကျုပ်...."
"အာကွာ...ကြာလိုက်တာ....မင်း ထွင်းအက္ခရာအပေါ် မေတ္တာရှိနေကြောင်း ပြောလိုက်လေကွာ...."
"အို...."
ထွင်းအက္ခရာမှာ ရှက်ရွံ့ဟန်လေးဖြင့် ခေါင်းကို ငုံ့လိုက်လေ၏။ ပြီးနောက် ဟန်ပန်မျက်နှာပေးဖြင့် ပြန်မော့လာလေ၏။
"ဘယ်ဖြစ်မလဲ ကိုယ်က အငြိမ့်မင်းသမီး...မင်းက လူပြက်ကလေး...ဘယ့်နှယ့်ဖြစ်ပါ့မလဲ...."
"ဘယ့်နှယ်ကြောင့် မဖြစ်ရမှာလဲ မင်းသမီးရဲ့...ဖြစ်တာမှ ဖြစ်ဖြစ် ဖြစ်ဖြစ်တောင် မြည်သေး...."
တစ်ခေတ်မောင်ရော ထွင်းအက္ခရာပါ သရုပ်ဆောင်မှုအရာတွင် ပါရမီပါလှသည်။ မသိလျှင် အဟုတ်အမှန်ကြီး ဇာတ်ခုံပေါ်မယ် မေတ္တာရှိကြောင်း ဖွင့်ဟပြောနေကြသလိုပင်။ အမှန်စင်စစ်မှာတော့ သူတို့နှစ်ဦးသားမှာ သားရည်းစားများ ဖြစ်နေနှင့်ပြီးဖြစ်သည်ကိုတော့ ကာယကံရှင်နှစ်ဦးသားသိတော့၏။
"ဘယ်ဖြစ်မလဲ...ကိုယ်လို မင်းသမီးနဲ့ လူပြက်နဲ့ဟာ မေတ္တာမျှသင့်ပါတယ်တဲ့လား...."
ဤသည်မှာ သဏ္ဍာန်လုပ် သရုပ်တူလေအောင် သရုပ်ဖော်နေကြသည်ဖြစ်သော်လည်း အစ်ကိုထွင်းထံမှ ထိုကဲ့သို့ ခနဲ့တဲ့တဲ့ ပြောစကားနှင့် မတူမတန်သကဲ့သို့ ကြည့်လေသော အကြည့်များကြောင့် တစ်ခေတ်မောင်မှာ ဝမ်းနည်းလာသလိုပင်။ လွန်စွာမှ သရုပ်ဆောင်ပီပြင်နေသည့် အစ်ကိုထွင်းကြောင့်သာ သူ့မယ် အဟုတ်ကြီး ခံစားနေရခြင်းပင်။
"ဖြစ်နိုင်ပါတယ်ဗျာ..."
မချိတင်ကဲကလေးရေရွတ်လိုက်မိသည်။
"အက္ခရာကတော့လေ မဖြစ်နိုင်ကြောင်းကို မချစ်စံပယ်တို့ သီချင်းကလေးနဲ့ သည်လိုလေး ပြောပြချင်တယ်ရှင်...."
ထိုသို့ဆိုရင်း ကပြဖျော်ဖြေဖို့ရာ အသင့်အနေအထားသို့ အစ်ကိုထွင်း ပြင်လိုက်လေတော့သည်။
"ပြောပြစေဗျာ...."
အစ်ကိုကြီးများမှာလည်း စင်ထောင့်တစ်နေရာသို့ စုရုန်းသွားကာ ဝိုင်းထိုင်လျက် သူတို့နှစ်ဦးထံ အကြည့်ပို့လာလေတော့သည်။ ထိုစဉ်တွင် အချိန်ကိုက်စွာဖြင့် ဆိုင်းဆရာရွာစား၏ တီးခတ်မှုစတင်လာတော့သည်။ သီချင်းသံစတင်သည်နှင့် အစ်ကိုထွင်းမှာ နွဲ့ပျောင်းစွာ စတင် ကကြိုးဆင်လေတော့သည်။ တစ်ခေတ်မောင်မှာလည်း သူ့ချစ်သူ၏ အလှအပအား ဘေးတွင်ရပ်လျက် လက်ခုပ်ကလေးတီးရင်း စီးချက်လိုက်နေမိတော့သည်။
"~~မောင်ရွှေရိုး မောင်ရွှေရိုး~~"
"ဗျာ ဗျ..."
"~~လူပြက်ကလေး သနားစရာ~~
~~ဟေ့ရှက်ပါတယ်ကွာ~~"
အစ်ကိုထွင်းမှာ ထမိန်သိမ်းအနားကလေးအား ခတ်လိုက်ရင်း လက်ကလေးဖြင့် မျက်နှာကိုကွယ်လျက် ရှက်ဟန်ကလေး ကကြိုးဆင်၏။
"~~ရွှေမင်းသမီးလေး အနားမှာ တစ်ဖဝါးမှမခွာ~~"
"~~ခင်ခင်ကညာ ကြင်ကြင်ပါ ~~
~~ပုံပုံပမာ ယုံယုံပါ~~
~~ကိန္ဒရီ မောင်နှံများလို မခွဲဘဲ နေချင်တာ~~ အချစ်ရာ!"
ထိုသို့သူဆိုလေတော့ အစ်ကိုထွင်းမှာ မျက်နှာကလေးမဲ့ပြလျက် နှာခေါင်းရှုံ့ပြပြန်၏။
"~~မောင်ရွှေရိုး မောင်ရွှေရိုး~~
~~လူပြက်ကလေး သနားစရာ~~
~~ဟေ့ ရှက်ပါတယ်ကွာ~~
~~ရွှေမင်းသမီးလေး အနားမှာ တစ်ဖဝါးမှမခွာ~~"
"~~ခင်ခင်ကညာ ကြင်ကြင်ပါ ~~
~~ပုံပုံပမာ ယုံယုံပါ~~
~~ကိန္ဒရီ မောင်နှံများလို မခွဲဘဲ နေချင်တာ~~အမိရာ!"
အစ်ကိုထွင်းအား မိန်းကလေးဟု ထင်မှတ်မှားကာ 'အမိ'ဟု မှားယွင်းခေါ်ဆိုမိသည့်အချိန်ကိုပင် ပြန်လည်သတိရသွားမိတော့သည်။ ယခု ခြေအိတ်ဖြူဖြူများဝတ်ဆင်ထား၍ မမြင်တွေ့ရသော ခြေဖမိုးဖွေးဖွေးအား ထိုနေ့တွင် ပထမဦးစွာ မြင်တွေ့ခဲ့ရသည်လေ။ တစ်ခေတ်မောင်မှာ ပြုံးနေမိတော့သည်။
"~~အငြိမ့်ခုံပေါ်မှက,တော့ ကိုယ့်အနားမကပ်နဲ့ဆရာ~~
~~ဇာတ်ခုံပေါ်မှာ က,တော့ ကိုယ့်အနားမကပ်နဲ့ဆရာ~~
~~လူပြက်ကလေးတွေ ဘယ်ညာနှစ်ဖက်မှာ ပျော်ရွှင်လျက်သာ ရိသဲ့သဲ့နဲ့ပါလို့~~"
လက်ကလေးများ နုနုယွယွချိုးချိတ်ပြီး သီဆိုနေသူအား ငေးနေမိတော့သည်။ အစ်ကိုထွင်းမှာ ခြေကလေး ဘေးသို့ တော့ကာတော့ကာ၊ လက်ကလေးအား ဘေးသို့ ဆန့်ကာထုတ်ကာဖြင့် ဘယ်သို့ တိုးတိုးကလိုက် ညာသို့ တိုးတိုးကလိုက် ဖျော်ဖြေနေတော့သည်။
"~~အငြိမ့်ခုံပေါ်မှာက,တော့ ကိုယ့်နားမကပ်နဲ့ဆရာ~~
~~ဇာတ်ခုံပေါ်မှာ က,တော့ ကိုယ့်အနားမကပ်နဲ့ဆရာ~~"
"ကပ်မှာပဲဗျာ...."
အတင်းတိုးကပ်လေတော့ အစ်ကိုထွင်းမှာ ပြန်ရုန်းထွက်လေ၏။ သူ့အား ဘေးသို့ တွန်းကာ ဆက်လက်သီဆိုပြန်သည်။
"~~လူပြက်ကလေးတွေ ဘယ်ညာနှစ်ဖက်မှာ ပျော်ရွှင်လျက်သာ ရိသဲ့သဲ့နဲ့ပါလို့~~"
"~~မင်းသမီးကို ပိုးရတာ နှစ်လတာရှည်ကြာ~~
~~အစစကိုပဲ ဇွဲပျိုးခံ ချစ်ခဲ့ရသူအမှန်ပါဗျာ~~
~~လှည်းနေလှေအောင်း မြင်းဇောင်းမကျန် အားလုံးသိကြတာ~~
~~ရွှေမင်းသမီးနှင့် ကျွန်တော်မောင်ရွှေရိုးမှာ တစ်နေ့တော့ ရကြမှာ~~"
"အမယ် ပိုင်လှချည်လားရှင့်...."
"ပိုင်မှ သိပ်ပိုင်!...."
ထို့နောက် ဆိုင်းဆရာရွာစား၏ တီးခတ်မှုအတိုင်း အစ်ကိုထွင်းမှာ အကအလှများကို ထုတ်ဖော်ကပြလေ၏။ ထို့နောက်တွင်ကား သီချင်းနောက်တစ်ပိုဒ်ဆီ ရောက်လာလေတော့သည်။
"~~လူရွှင်တော်ဆိုပြီး မင်းသမီးနဲ့ လာတွဲတာ~~
~~ပရိသတ်က လက်မခံပါဆရာ~~
~~အငြိမ့်ခုံနံဘေးကနေ ကန့်ကွက်ကြပေါ့~~"
ထိုအခိုက် ဇာတ်ခုံနံဘေးတွင် ဝိုင်းစုထိုင်နေသော လူရွှင်တော်ကြီးများမှာ သဏ္ဍာန်လုပ် သရုပ်တူလေအောင် သူ့အား ကန့်ကွက်ကြောင်း အမူအရာများ ပရိသတ်ရှေ့ ထုတ်ပြနေကြသည်။ ဤသည်ကိုကား အစ်ကိုထွင်းက မျက်ဆပစ်ပြလေ၏။ တစ်ခေတ်မောင်မှာ ဂရုမထားဘဲ အစ်ကိုထွင်းအနား ပြေးကပ်လိုက်လေတော့ အစ်ကိုထွင်းမှာ တစ်ဖက်သို့ တိုးကာ ဝေးအောင် ကြိုးစားတော့၏။
"အနားမကပ်နဲ့လေ ~~မျက်ရည်မဝဲနဲ့ လူပြက်ကလေး မောင်ရွှေရိုးသနားစရာ~~"
ဤနေရာ၌ အစ်ကိုထွင်းမှာ သူ့အား ခနဲ့တဲ့တဲ့ကလေး ကြည့်ကာဆိုလာလေ၏။ လွန်စွာမှ သရုပ်ဆောင်ပီပြင်လေသော အစ်ကိုထွင်းကြောင့် တစ်ခေတ်မောင်တစ်ယောက် မျက်နှာကြီးမည်းသထက်မည်းလာတော့သည်။
"~~ရယ်စရာ မောစရာလေးတွေ ပြောရင်းက~~
~~ကျွန်တော်ငိုမှာ~~
~~လူရွှင်တော် မျက်ရည်ကျတာ~~
~~ဘယ်သူမှ မသနားပါ~~
မသနားကြဘူး မဟုတ်လား..."
ပရိသတ်ကိုလည်း လှည့်ကာ မေးလိုက်သေးသည်။
"~~ဝိုင်းဝန်းကြလို့သာ အားပေးလိုက်ကြတာ~~
~~ရွှေပွဲလာ ရှေ့မှာ ကြေငြာ~~
~~မောင်ရွှေရိုးနဲ့ အက္ခရာ မင်္ဂလာပါ~~"
နှစ်ဦးသား လက်အုပ်ကလေးချီကာဖြင့် ပရိသတ်အား နှုတ်ဆက်လိုက်၏။ သို့သော် သီချင်းမှာ မဆုံးသေးပါ။ အစ်ကိုထွင်းမှာ မမောမပန်းနိုင်ဖြင့် ထွက်ပေါ်နေသော တီးခတ်မှုအတိုင်း ကခုန်နေလေ၏။ နောက်တစ်ပိုင်းမှာ တစ်ခေတ်မောင်ဆိုကလှည့်မို့ အစ်ကိုထွင်းမှာ တစ်ခေတ်မောင်ထံ မတူမတန်အကြည့်ကလေးပို့လာပြန်သည်။
"~~စိတ်ကူးယဉ် ဖိတ်စာထဲမှာ~~
~~အိပ်ရာလည်းပဲ~~ မင်္ဂလာခန်းဝင်ပစ္စည်းလေ..."
တစ်ခေတ်မောင်မှာ ပြီတီတီမျက်နှာပေးဖြင့် ပရိသတ်ဘက်သို့ လှည့်ကာ ဆိုလေ၏။
"~~ကုတင်ခြင်ထောင်စုံစွာ~~
~~သနပ်ခါးကျောက်ပျဉ် သူ့အတွက်မကျန်ပါ~~"
ဒါတော့ တကယ်ကျန်လို့မဖြစ်။ သူ့အစ်ကိုထွင်းက သနပ်ခါးကြိုက်သည်မဟုတ်လား။
"~~ခိုးရာပဲ လိုက်လိုက်...သြော် ကြိုက်သလိုပဲပြုပါ~~
~~အခုကစလို့ မင်းသမီးအမေကို ယောက္ခတော်ချင်တာ ~~
~~ကျွန်တော်ပါဗျာ့~~"
တစ်ခေတ်မောင်မှာ သူ့ရင်ဘတ်ကြီးအား ပုတ်ကာ ပြောင်စပ်စပ်ဖြင့်ဆိုလေ၏။
"~~စိတ်ကူးယဉ် ဖိတ်စာထဲမှာ အိပ်ရာလည်းပါ~~
မင်္ဂလာခန်းဝင်ပစ္စည်းလေ
~~ကုတင်ခြင်ထောင်စုံစွာ~~
~~သနပ်ခါးကျောက်ပျဉ် သူ့အတွက် မကျန်ပါ~~
~~ခိုးရာပဲ လိုက်လိုက်...သြော် ကြိုက်သလိုပဲပြုပါ~~
~~အခုကစလို့ မင်းသမီးအမေကို ယောက္ခမတော်ချင်တာ~~
~~ကျွန်တော် တစ်ခေတ်မောင်ပါဗျာ့~~"
ထိုအချိန်တွင် အစ်ကိုထွင်းမှာ ပုဝါကလေးဖြင့် ပါးစပ်နားကလေးအုပ်ကာ ဆက်ဆိုလာလေ၏။
"~~ဟားဟာဟာဟား ဟဟ~~
~~ရယ်ချင်ပါပြီ သည်မှာ~~
~~အားလုံးကဖြင့် ချစ်လိုက်ကြတာလေး~~
~~နောကြေလို့ပါ~~
~~ကိုယ့်ကိုကိုယ် မညှင်းဆဲစမ်းနဲ့~~
~~အငြိမ့်ထဲမှာပဲ ချစ်နိုင်မယ်ဆရာ~~"
သီချင်းဆုံးသည်နှင့် တစ်ခေတ်မောင်၏ ဗိုက်အား တံတောင်ဖြင့်တွတ်ဟန်ဆောင်ကာ ဇာတ်ခုံနောက်ဆင်းရန်ပြင်လေတော့သည်။
"မင်းသမီး!!!..ကျုပ်ကို ပြန်ချစ်ပါဗျာ...မင်းသမီး!..."
တစ်ခေတ်မောင်မှာလည်း အဟုတ်ကြီးနာသွားဟန်ဖြင့် အစ်ကိုထွင်းအား လှမ်းကာ အော်ခေါ်ရတော့သည်။ လူရွှင်တော်အစ်ကိုကြီးများမှာလည်း ဖျောင်းဖျဟန်ဖြင့်သူ့ထံစုဝေးရောက်လာကြတော့သည်။ သို့နှင့် ဤတွင် တစ်ခန်းရပ်၏။
ထွင်းအက္ခရာမှာ စင်ပေါ်က ဆင်းကာနီး ရင်းနှီးနေလေသော မျက်နှာတစ်ခုအား မြင်လိုက်ရသကဲ့သို့ ခံစားရသည်ကြောင့် မဆင်းမီ ပွဲခင်းထဲ ဝေ့ကာ ကြည့်မိသည်။ သူဌေးများဆောင်းတတ်သည့် ဦးထုပ်အား ငိုက်စိုက်ဆောင်းချလိုက်သူမှလွဲ၍ မသင်္ကာဖွယ် လူမတွေ့ချေ။ မဟုတ်မှ သူမျက်စိမှောက်သည်လည်းဖြစ်နိုင်သည်။ မနေ့ညက တစ်ညလုံး မအိပ်ခဲ့ရဘူးမဟုတ်ပေလား။ ခေါင်းကို ဖြေးညှင်းစွာ ခါရမ်းလိုက်ရင်း စင်အောက်သို့ အလျင်အမြန်ဆင်းလိုက်ရသည်။ နောက်တစ်စုံ လဲရအုန်းမည်မဟုတ်လား။
ဦးထုပ်အောက်မှ ထိုလူ၏ ကြောက်မက်ဖွယ်အပြုံးကိုတော့ဖြင့် ထွင်းအက္ခရာလေး မမြင်လိုက်ရရှာ။ ထိုလူမှာ ပွဲခင်းထဲမှ ဖြေးညှင်းစွာ ထရင်း ထွက်သွားလေတော့သည်။ ပွဲစင်အနောက်ဝင်သည့် အဝင်ဝလိုက်ကာစနားတွင်တော့ ဇာတ်ဆရာ ဆရာရသနှင့် လူငယ်လေးတစ်ဦး စကားစမြည်ပြောနေကြသည်။
"ဒါပြီးရင် ရန်ကုန်မယ် စုပေါင်းအငြိမ့်ပွဲ ကကြရအုန်းမှာဆို ဆရာရသ...ကြည့်ရတာ သိပ်ပင်ပန်းတော့မယ်ထင်တယ်...."
"ဟုတ်ပ ငပုရေ....ငါ့တပည့်တွေ ကောင်းကောင်းနားရမဲ့ပုံမပေါ်လေဘူး...."
ထိုစကားသံတို့အား ထိုလူသေချာစွာ ကြားလိုက်ရတော့သည်။ ထိုစကားထဲ အရေးအကြီးဆုံး အချက်နှစ်ချက်ပါဝင်နေပါ၏။
*ရန်ကုန်...စုပေါင်းအငြိမ့်ပွဲ....*
ထိုလူ့မျက်နှာထက် ဒုတိယအကြိမ် အေးစက်စက်အပြုံးတစ်ပွင့် ဖြစ်ပေါ်လာပြန်ပါ၏။ နက်ပြောင်နေသာ ရှူးဖိနပ်ဖြင့် ခပ်သုတ်သုတ်ထွက်သွားလိုက်တော့သည်။ ဘုရားစောင်းတန်းတစ်လျှောက် ဆင်းလာပြီးနောက် လမ်းမပေါ်တွင် အဆင်သင့်ရပ်စောင့်နေပါသော ကားအမည်းကလေးထဲ ဝင်ရောက်သွားတော့သည်။ ထိုလူမှာ ကားလေး၏ အနောက်ခုံတွင် ဝင်ရောက်နေရာယူ၏။ ပြီးနောက် ဦးထုပ်အား ဖြေးညှင်းစွာ ချွတ်လိုက်ကာ ဘုရားပေါ်သို့ ပြတင်းပေါက်မှ တစ်ချက် လှမ်းငေးလိုက်ရင်း ပြုံးလိုက်ပြန်ပါ၏။ ထို့နောက် ဆေးပေါ့လိပ်ကြီးအား ထုတ်ယူကာ မီးခြစ်ဆံဖြင့် မီးညှိလိုက်ရင်း တရှိုက်မက်မက် ရှိုက်ဖွာလိုက်တော့သည်။
"အခု ဘယ်ကို မောင်းရမလဲ သူဌေးလေး..."
ရှေ့ခန်းမှ ကားဆရာသည် အနောက်ခန်းမှ ထိုသူ့အား ကားမှန်မှတစ်ဆင့် ကြည့်ကာ မေးလိုက်လေ၏။ သူဌေးလေးဆိုသူမှာ တော်တော်နှင့်မဖြေပေ။ စိတ်ရှိလက်ရှိ ဆေးလိပ်ဖွာနေလေ၏။ ဆေးလိပ်ကလေးခပ်တိုတိုသာကျန်တော့သည့် အချိန်တွင်မှ စကားသံထွက်လာလေ၏။
"ရန်ကုန်!...."
"ဟုတ်ကဲ့ပါ သူဌေးလေး..."
ဖြေးညှင်းစွာ မောင်းထွက်သွားလေသော ကားကလေး။ ညအမှောင် သစ်ပင်ရိပ်များမှာ ပြတင်းမှ ကျော်၍ သူဌေးလေး၏ အေးစက်စက်မျက်နှာပေါ် အရိပ်ကျလှုပ်ရှားနေကြ၏။ သူ့တွင် ပြင်ဆင်စရာများစွာ ရှိသေး၏။
*မင်းတို့လာရင် အဆင်သင့်ဖြစ်နေရလေအောင် ကိုယ်ပြင်ဆင်ထားမှာဆိုတော့ ဟန်မကျပေဘူးလား ထွင်း...*
ထိုအတွေးနှင့်အတူ ဆေးပေါ့လိပ်နောက်တစ်လိပ်အား မီးထပ်ညှိလိုက်တော့သည်။
######
သုံးရက်တိတိ ထွင်းအက္ခရာ အငြိမ့်အဖွဲ့၏ ဖျော်ဖြေမှုမှာ လျှောလျှောလျှူလျှူပင်ဖြစ်သည်။ ကောင်းမွန်သေသပ်လှသည့် ဖျော်ဖြေမှုကြောင့် ပရိသတ်များ သဘောတွေ့ကာ တစ်နေ့ထက်တစ်နေ့ တစ်ရက်ထက်တစ်ရက် ပရိသတ် ပိုပိုများလာလေတော့သည်။ အထူးသဖြင့် နောက်ဆုံးရက်ဖြစ်သော လေးရက်မြောက်နေ့တွင် ပို၍ပင် လူများလေ၏။ လက်မှတ်များမှာ ရောင်းမလောက်တမ်းဖြစ်နေလေပြီး ပွဲခင်းမှာလည်း ခြေဆန့်စရာ နေရာပိုပင် မရှိလေအောင် ကြပ်သိပ်နေလေတော့သည်။
တစ်ခေတ်မောင်တို့တွင်တော့ ပြဿနာရှိနေလေသည်။ ပြဿနာမှာတော့ ကိုကြီးငွေခဲပင်။ ကိုကြီးငွေခဲ၏ ခြေထောက်မှာ ကောင်းကောင်းမလှုပ်နိုင်ပါ။ အကြောင်းမှာမူ အရီးအတွက် ရွာထဲ အကြွေးကူတောင်းပေးရင်း ခြေချော်လဲသည်ကြောင့်ပင်။ အခက်မသင့်၍ အရိုးထဲလေဝင်ကာ ကောင်းကောင်းမလှုပ်နိုင်ရှာ။ လူရွှင်တော်အဖြစ် ပြက်လုံးပြက်ရာတွင်တော့ ပြဿနာမရှိသော်လည်း ယနေ့ညတွင် အထူးပြဇာတ်ရှိနေ၏။ ထိုပြဇာတ်တွင် ကိုကြီးငွေခဲမှာ အရေးကြီးတစ်နေရာမှ ပါဝင်ကပြရမည်ဖြစ်သည်။ ဤပုံစံနှင့်တော့ မည်သို့မျှ ကနိုင်မည်မဟုတ်။
သိသည့်အတိုင်း ဤအငြိမ့်အဖွဲ့တွင် မင်းသားမရှိ။ ထို့ကြောင့် တော်ရုံဆိုလျှင် ပြဇာတ်အငှားလက်မခံကြပါ။ သို့ပေသော်လည်း တကယ့်တကယ်တမ်း ကပြလျှင်တော့ လူရွှင်တော်များသည်ပင် အရည်အချင်းရှိသည်ကြောင့် ဝင်ရောက်ကပြနိုင်သည်။ ဤတစ်ခေါက်တွင် ရာမဇာတ်အား ကပြဖျော်ဖြေမည်ဖြစ်ရာ ကိုကြီးငွေခဲမှာ ဒဿဂီရိနေရာမှ ကပြသရုပ်ဆောင်ရမည်ဖြစ်သည်။ ပြဇာတ်စတိုက်စဉ်က တစ်ခေတ်မောင်အား အတွေ့အကြုံနုသေး၍ ပါဝင်ခွင့်မပေးခဲ့ချေ။ တစ်ခေတ်မောင်မှလွဲ၍ အခြား လူရွှင်တော်များနှင့် မင်းသမီးများ ထိုပြဇာတ်တွင် နေရာအသီးသီးမှ ပါဝင်ကြသည်။
ဤသို့ဖြစ်လာချိန်မှာတော့ ရွေးချယ်စရာမရှိစွာဖြင့် တစ်ခေတ်မောင်မှာ ကိုကြီးငွေခဲနေရာ၌ ပါဝင်ရပေတော့မည်။ မပါဝင်၍လည်းမဖြစ် ပွဲကြည့်ခများအား ပြန်ပေးရကိန်းရှိသည်လေ။ တစ်ခေတ်မောင်သည်လည်း ပြဇာတ်တိုက်သည့်တောက်လျှောက် ကြည့်လာသူမို့ အဆင်ပြေနိုင်မည်ဟု ဆရာရသက မျှော်လင့်ကိုးစားထားလေသည်။
"ကျုပ်ဖြစ်ပါ့မလားဗျာ...."
"ဖြစ်မှာပါ.. စိတ်ကိုလျှော့ထား...ပြီးရင် ကပြရတော့မှာ...."
ဆရာရသက သူ့ပုခုံးအား ပြီးစလွယ်ပုတ်ရင်း ထွက်သွားတော့သည်။ ကြည့်ရသည်မှာ ဆရာရသကိုယ်တိုင်သည်လည်း စိတ်ပူပန်နေပုံပေါက်ပါ၏။ တစ်ခေတ်မောင်မှာ သူဆောင်းရမည့် ဒဿဂီရိခေါင်းဆောင်းအား ငေးကာ မှိုင်တွေနေမိတော့သည်။
"မောင်...."
ထိုအသံလေးကြောင့် တစ်ခေတ်မောင် ကိုယ်ကလေးမတ်သွားကာ အားအင်ပြည့်သွားသလိုပင်။ အစ်ကိုထွင်းမှာ မယ်သီတာဝတ်စုံကလေးဖြင့်ဖြစ်ကာ ဆံထုံးမြင့်မြင့်ထက် ပန်းဆီရောင် နှင်းဆီသုံးပွင့်အား ပန်ဆင်ထားလေသည်။ အစ်ကိုထွင်းမှာ တစ်ခေတ်မောင်ဘေးတွင် ဝင်ထိုင်လိုက်ရင်း တစ်ခေတ်မောင်၏ ပုခုံးပေါ် ဖြေးညင်းစွာ လက်တင်လာလေတော့၏။
"စိတ်မပူပါနဲ့...မောင် လုပ်နိုင်မယ်မှန်း ယုံတယ်ရယ်...."
"ဒါပေမဲ့ အစ်ကိုထွင်း...မောင်သာ တစ်ခုခုမှားသွားခဲ့ရင်...."
"ဟင့်အင်း ဘာမှမဖြစ်ဘူးနော်...မှားလည်း ဘာမှမဖြစ်ဘူး...မောင် မှားလို့ရတယ်...ဒါကြောင့် စိတ်ကလေးကို လျှော့ထား....ငါကတော့ မောင်အကောင်းဆုံး လုပ်နိုင်မယ်မှန်းယုံတယ်ရယ်...အမှားမရှိ ခြောက်ပစ်ကဲသဲလည်းစင်ဖြစ်ရမယ်လို့ပြောတာမဟုတ်ဘူးနော်...မောင် အကောင်းဆုံးကြိုးစားလိမ့်မယ်ဆိုတာကို ယုံတာ..."
"အစ်ကိုထွင်း...."
တစ်ခေတ်မောင် အစ်ကိုထွင်းအား ထွေးဖက်လိုက်မိသည်။ တင်းကြပ်နေအောင်ပင် ထွေးဖက်ထားလိုက်မိသည်။
"မောင်ကြောက်တယ်...."
"အင်း...မောင်ကြောက်တာ သိတယ်နော်...အဆင်ပြေသွားမှာပါ...မောင်က တော်ပြီးသားပါ မောင်သိရဲ့လား..."
ထိုသို့တဖွဖွဆိုကာ တစ်ခေတ်မောင်၏ ကျောပြင်ကျယ်ကလေးအား ဖွဖွပွတ်သပ်ပေးနေသူ။ ထို့ကြောင့်ပင် စိတ်အတွင်း၌ အနည်းငယ် စိတ်သက်သာရာ ရသွားသလိုပင်။ ထို့နောက် အစ်ကိုထွင်းမှာ သူ့နားနားကပ်၍ ထိုသို့ဆိုလာလေ၏။
"ငါသာ မယ်သီတာဆို မောင်ဆိုတဲ့ ဒဿဂီရိကိုပဲ ရွေးချယ်မှာမို့ အကောင်းဆုံး ကြိုးစားပေးနော်...."
တစ်ခေတ်မောင် ရင်ထဲ သိမ့်ခနဲပင်။ အစ်ကိုထွင်းအား ပိုမိုတင်းကြပ်စွာ ဖက်ထားလိုက်ရင်း အစ်ကိုထွင်းဆံနွယ်များအား တစ်ချက်ရှိုက်မွှေးလိုက်သည်။
"အစ်ကိုထွင်း မောင့်ကိုပဲ ရွေးချယ်ဖို့ဆို မောင်ကျိန်းသေပေါက် ကြိုးစားရမပေါ့...."
သို့နှင့် တစ်ခေတ်မောင်မှာ သူသိသလောက် တတ်သလောက်ဖြင့် ပထမဆုံး ပြဇာတ်က,လေ၏။ သူ့တွင် အမှားများရှိသည်။ ကကွက်တစ်ချို့လည်း မှားပါသည်။ ခြေကွက်တစ်ချို့လည်း လွဲပါသည်။ ပြောစကားအချို့လည်း မေ့ကာသွားသေး၏။ မယ်သီတာ့ ပန်းချီအား မြစ်တွင်တွေ့၍ ဆယ်ယူစဉ်မှ လေးတင်ခန်း၊ မယ်သီတာ့အား ရာမထံမှ ပြန်လည်ခိုးယူခန်းအထိ တစ်ခေတ်မောင် လုပ်ဆောင်ခဲ့သည့် အမှားများမှာ တသီတတန်းကြီးရှိနေ၏။ သို့ပေသော်လည်း ဟန်ချက်ပျက်မသွားပါ။ ပွဲပျက်မသွားပါချေ။ မှားလျှင် အမှန်ကို ပြန်ပြင်၍ ဟန်မပျက်ဆက်ကသည်။ သို့ကြောင့်မို့ ဤပြဇာတ်ကလေးမှာ အဆင်ပြေပြေဖြစ်နေ၏။
ယခုအခန်းမှာ မယ်သီတာနှင့် ဒဿ ပုဝါခြားကာ ပြေးတမ်းလိုက်တမ်းကစားခန်းဖြစ်သည်။ ဒဿမှာ သီတာ့မျက်နှာအား မြင်နိုင်အောင် ကြိုးစားမည်။ သီတာမှာ သူ့မျက်နှာအား မမြင်ရလေအောင် ပုဝါဖြင့် ကာကာ ရှောင်ဖယ်မည်။ ထိုအခန်းအတွက် တစ်ခေတ်မောင် စိတ်လှုပ်ရှားနေမိပါသော်လည်း အစ်ကိုထွင်း၏ 'မောင့်ကို ရွေးချယ်မယ်'ဟူသော စကားကြောင့်ပင် အကောင်းဆုံးကြိုးစားလေ၏။
မယ်သီတာ့မျက်နှာအား ကြိုးစားတကြီးဖြင့် ကြည့်ရှုဖို့ရန် သူကြိုးစားလေသည်။ ယခုတွင် သူမှာ တစ်ခေတ်မောင်မဟုတ် ဒဿဂီရိသာဖြစ်တော့သည်။ အစ်ကိုထွင်းမှာလည်း ပုဝါကလေးဖြင့် ကာသည်။ တစ်ခေတ်မောင် ဘယ်ဘက်မှ ငေးလျှင် အစ်ကိုထွင်းမှာ ညာဘက်သို့လှည့်၍ ရှောင်ရှား၏။ တစ်ခေတ်မောင် ညာဘက်မှ ငေးရန်ကြိုးစားသည့်အခါ အစ်ကိုထွင်းက ဘယ်ဘက်သို့လှည့်၍ ရှောင်ရှား၏။ တစ်ခေတ်မောင် ပုဝါကို အောက်သို့ချကာ ကြည့်ဖို့ကြိုးစားပါလျှင် ပုဝါစတစ်ဖက်အနားအား ကိုင်ထားသည့် အစ်ကိုထွင်းမှာ ပုဝါအား အပေါ်သို့ပင့်၍ ရှောင်၏။ တစ်ခေတ်မောင် အပေါ်သို့ပင့်ကာ ကြည့်ရန်ကြိုးစားလျှင် အစ်ကိုထွင်းမှာ ပုဝါအား အောက်သို့နှိမ့်၍ ရှောင်လေ၏။
ချစ်ဖွယ်ကောင်းသော အစ်ကိုထွင်း၏ သရုပ်ဆောင်မှုကလေးကြောင့် ဒဿဂီရိခေါင်းဆောင်းအောက်မှ တစ်ခေတ်မောင်၏ မျက်နှာကလေးမှာ ပြုံးပျော်နေတော့၏။ သူနှစ်သက်နေမိပါသည်။
သို့နှင့် ထိုပြဇာတ်ကလေးမှာ ကောင်းမွန်စွာဖြင့် ပြီးဆုံးသွားလေတော့သည်။ ပရိသတ်များမှာလည်း အကြိုက်တွေ့ကြလျက် လက်ခုပ်လက်ဝါးတီးသူကတီး၊ လက်ခေါက်မှုတ်သူကမှုတ်ဖြင့် သြဘာပေးကြလေတော့သည်။ ထိုအခါမှပဲ အဖွဲ့သားများနှင့် ဆရာရသမှာ ဟင်းခနဲ သက်ပြင်းချနိုင်တော့သည်။ ပြဇာတ်ပြီးသည်နှင့် ဇာတ်စင်နောက်သို့ ဝင်ကာ ပူလောင်အိုက်စပ်လှသည့် ဘီလူးခေါင်းဆောင်းအား ချွတ်ရတော့သည်။ သို့ပေသော်လည်း တစ်ဦးတည်း မမြင်မစမ်းချွတ်နေရသည်မို့ သိပ်အဆင်မပြေချေ။ ထိုအချိန်၌ လက်တစ်စုံမှာ သူ့အား ကူညီ၍ ခေါင်းဆောင်းချွတ်ပေးလေတော့သည်။ ခေါင်းဆောင်းကျွတ်သည်နှင့် ခေါင်းထက်မှ ထိုလက်နုနုအား အမိအရ ဖမ်းဆုပ်ကိုင်လိုက်မိသည်။ အစ်ကိုထွင်းလက်ကလေးအား ဆွဲကာ အစ်ကိုထွင်းအား သူ့ရှေ့တွင် ရပ်စေလိုက်သည်။
"သည်တော့ ရာမနဲ့ ဒဿဘယ်သူ့ကို ရွေးမှာလဲ အစ်ကိုထွင်း..."
အစ်ကိုထွင်းမှာ နူးညံ့ညင်သာလေသော အပြုံးကလေးအား ပန်ဆင်လိုက်လျက် သူ့နားကပ်ကာ ထိုသို့တိုးတိုးဆိုလေသည်။
"မောင့်ကိုပဲ ရွေးမှာလေ..."
တစ်ခေတ်မောင်မှာ မထိန်းသိမ်းနိုင်စွာဖြင့် ပီတိပြုံးကြီးပြုံးနေပေတော့သည်။ ပြုံးရွှင်ရယ်မောနေကြသော ထိုချစ်ငှက်မောင်နှံမှာ နောင်လာမည့် လေပြင်းမုန်တိုင်းအား ကြိုတင်မခန့်မှန်းမိနိုင်ဘဲ ရှိနေကြတော့သည်။
==============
9.10.2022🖤ဆွေး🖤
အကြာကြီးစောင့်ရတယ် ဖတ်မဝဘူးဆိုတဲ့ သူလေးအတွက် အရှည်ကြီးရေးပေးလိုက်ပြီနော့...
'မောင်ရွှေရိုးနဲ့ချစ်စံပယ်' original versionကိုတော့ ရှာဖွေနားထောင်လိုက်ကြပါနော်... အဆွေးဖုန်းက သီချင်းနဲ့တွဲတင်ပေးတဲ့အခါ errorတက်တတ်လို့ပါ...
အင်းးးမင်းဇေတကို လွမ်းနေတဲ့သူ လက်ထောင်😁