အပိုင်း(၃၇)
•┈┈┈•┈┈┈•┈┈┈
ဝုန်း!!
ခီတန်ကူးဇဏ်သည် မျက်စိရှေ့တွင် ရှိနေသော ခြေတင်ခုံများအားဆောင့်ကန်လိုက်သည်။ မျက်နှာတွင်လည်း စိတ်ရှုပ်ဟန်အပြည့်။
"ကျွန်တော် လက်မခံနိုင်ဘူး ဒယ်ဒီ "
"သား ဒယ်ဒီပြောတာ နားထောင်ပါဦး "
"ဘာကိုနားထောင်ရမှာလဲ "
ဦးခီမင်းနွယ်မှာ ဒေါသတကြီးဖြစ်နေသော သားဖြစ်သူကို ဖြောင်းဖျပြောဆိုနေသော်လည်း တစ်ဖက်က လက်မခံ။
"ဒယ်ဒီ ကျွန်တော့်ကို ကူညီမယ်လို့ ပြောထားခဲ့တာ မဟုတ်ဘူးလား…အခုမှ ဒီလိုလုပ်လို့ရမလား "
ခီတန်ကူးဇဏ် ဒယ်ဒီ့မျက်နှာကို ကြည့်လိုက်တော့ မျက်နှာ အမူအယာအား သိုဝှက်ပင်မထားနိုင်ဘဲ များစွာပျက်ယွင်းနေသည်။
"သား စိတ်လျှော့ ။ ဒယ်ဒီကူညီပေးမယ်လို့ ပြောခဲ့တာမှန်တယ်။ ဒါပေမဲ့... အခုဒယ်ဒီ့အခြေအနေကို မင်းမြင်တာပဲလေ "
"အဲ့တာ ကျွန်တော်နဲ့ ဘာဆိုင်လဲ ဖွားကရော ဒီလောက်ငွေလေးကို ထုတ်မပေးနိုင်ဘူးလား "
ဦးခီမင်းနွယ် လက်အောက်ရှိ ကုမ္ပဏီခွဲတစ်ခုမှာ တစ်ဖက်မှ ကုန်ကြမ်းစက်ရုံတစ်ခုကြောင့် ငွေအရှုံးပေါ်နေသည်။
ထိုသည်မှာလည်း မိမိယုံကြည်ရသော လက်အောက်၀န်ထမ်းသည် Qualityနိမ့်ကျသော ကုန်ကြမ်းစက်ရုံတစ်ခုနှင့် ချိတ်ပြီး ကုမ္ပဏီပိုင်ပိုက်ဆံများအား လိမ်ပြေးသွားသည်။
ထိုကိစ္စနှင့် ပတ်သက်ပြီး သူလိုက်လံစုံစမ်းနေသော်လည်း အခုထိ ဘာသတင်းအစအနမှ မရသေး။
ရခဲ့ရင်တောင် ထိုလူက သူ့ပိုက်ဆံတွေကို ပြန်လျော်ပေးနိုင်မှ ဖြစ်မည်။ ပိုက်ဆံမလျော်နိုင်လို့ ထောင်သာအကျခံမည်ဆိုပါက မိမိလည်း ဘာမှမတတ်နိုင်မည်မဟုတ်။
ထို့ကြောင့် တရားခံအား စုံစမ်းနေတာကို ခတ္တရပ်တန့်ထားကာ ပိုက်ဆံအရှုပ်အရှင်းများအား ရှင်းနေရသည်။
ဒါကို သားဖြစ်သူက နားမလည်။
"သားအဖွားက ထုတ်ပေးမှာ။ ဒါပေမဲ့…"
"ဒါပေမဲ့ …အပေးအယူရှိတယ်ပေါ့ …ဟုတ်လားဒယ်ဒီ။အဲ့တော့ ကျွန်တော့်ကို နိုင်ငံခြားကို ပထုတ်မယ်ပေါ့ "
"သားကိုကောင်းစေချင်လို့နေမှာပါ "
"ဘာကိုကောင်းတာလဲ ။ ဘယ်သူ့အတွက်ကောင်းတာလဲ မြန်မာမှာဆို မိသားစုကမနွေးထွေးရင်တောင် ပြန်စရာအိမ်ရှိသေးတယ် ။ အခုတော့ ကျွန်တော့်ကို USကိုပို့ပြီး သူ့ရဲ့ လက်သစ်ရုပ်သေးရုပ်လုပ်မယ်ပေါ့ "
"ခီတန်ကူးဇဏ်!!"
"ဘာလို့ ဒေါသထွက်နေတာလဲ ဒယ်ဒီရဲ့ ကိုယ့်အမေအကြောင်း ကိုယ်အသိဆုံးနေမှာပေါ့ …ဘာလဲ မှန်တာပြောလို့ ထိသွားတာလား "
"မင်းကိုမွေးခဲ့တာ အခုလိုစော်ကားဖို့မဟုတ်ဘူး
စကားပြောဆင်ခြင် "
"ဒယ်ဒီကလေ ထင်ထားတာထက် ပိုတုံးတာပဲ ။ ထင်တောင်မထင်ထားဘူး…ဒါ့ကြောင့်လည်း ဖွားကဒယ်ဒီ့ကို တအား~ချစ်တာနေမှာ"
ကိုယ့်မျက်နှာကို တည့်တည့်ကြည့်ကာ မဆင်မခြင်ပြောနေသော်လည်း သူဘာမှပြန်မပြောနိုင်။
သားပြောတာလည်း တချို့တစ်၀က်က မှန်တာပဲလေ…။
သူ ရှေ့တွင် ထိုင်နေသော သားလက်ကို အားကိုတကြီး ဆုပ်ကိုင်လိုက်သည်။
"သားအကြောင်း ဒယ်ဒီအကုန်သိပြီးပြီ။ အဲ့ကောင်လေးကို သားသဘောကျတယ်မလား "
ခီတန်ကူးဇဏ် ကိုင်ထားသော လက်မှ ရုန်းထွက်သည်။
ဘယ်လိုပင် သားအဖပြောပြော အပိုတွေလုပ်နေတယ်လို့ သူခံစားရသည်။
"ဖွားက ပြောပြလိုက်ပြီပေါ့"
"အင်း ။ သား အဲ့ကလေးနဲ့ အနေနီးလို့ စိတ်ကစားတာလို့ သားရဲ့အဖွားက ထင်နေတယ် "
"အဲ့လိုမဟုတ်ဘူး "
"ဒယ်ဒီ သိတယ် ။ ဒါပေမဲ့ သားဖွားသိလို့မဖြစ်ဘူး ။ သားသိတယ်မလား သားတကယ့်စိတ်ရင်းကို သားဖွားသာသိရင် အဲ့ကလေးဘာဖြစ်မယ်ဆိုတာ"
သူထိုသို့ပြောလိုက်မှ ဒေါသတွေထွက်ကာ ရှူးရှူးရှဲရှဲဖြစ်နေသော သူက ငြိမ်ကျသွားသည်။ ဦးခီမင်းနွယ်က အမြင်မကျဉ်းတာမို့ ဒါမျိုးကို လိုက်ခံနိုင်သည်။ သို့ပေမဲ့ သူ့အမေလို လူမျိုးအတွက်ဆိုရင်တော့ ဘယ်လိုမှ သူ့မြေး ယောင်္ကျားလေးတစ်ယောက်နှင့် ကြိုက်မှာကို မြင်ချင်မှာမဟုတ်။ ဒေါ်မူယာနွယ်ဘယ်လို လူမျိုးလည်းဆိုတာကို သူတို့လောကတစ်ခုလုံး သိသည်။ စီးပွားရေးလောကတွင် နာမည်တစ်လုံးနှင့် နေလာတာမို့ ဒါမျိုးကို လက်မခံနိုင်တာ သဘာ၀ကျပေသည်။
ဟက်!!
ခီတန်ကူးဇဏ်သည် နှုတ်ခမ်းတစ်ဖက် ကွေးနေအောင် ပြုံးလိုက်ပြီး…
"ကျွန်တော် နိုင်ငံခြားကို ထွက်သွားပေးမယ် ။ ဒါပေမဲ့ ကျွန်တော်လည်း ဖွားလို အပေးယူရှိတယ် ။ ဒယ်ဒီလက်ခံလား "
"ဘာလဲ…သား ။ အပေးအယူကိုပြော"
"ဒယ်ဒီလက်ခံမှ…ဆက်ပြောမယ် "
ဦးမင်းနွယ် သက်ပြင်းသာချမိသည်။ခေါင်းမာလှသော မြေးအဖွားနှစ်ယောက်ကြား သူဘာဆက်လုပ်ရမလဲမသိတော့ပေ။ သူ့ကို သားက မာမီရဲ့ ရုပ်သေးရုပ်လို့ ပြောတာမှန်သည်။ သူ ဒီအသက်အရွယ်ပင် ရှိသော်လည်း သူဟာ မာမီ့ရဲ့ လက်အောက်ကုမ္ပဏီတစ်ခုက CEO ရာထူးသာရှိသည်။
လုပ်ငန်းစုတစ်ခုလုံးကို အခုထိ ခေါင်းအစခြေအဆုံးကိုင်တွယ်နေတာ ဒေါ်မူယာနွယ်သာဖြစ်သည်။ သူရဲ့လက်ရှိစီးနေသောကား နှင့် ဘဏ်ကဒ်ထဲမှ ပိုက်ဆံများကလွဲလို့ သူ့တွင်ပိုင်ဆိုင်တာ ဘာမှမရှိ။ လုပ်ငန်းစုတစ်ခုလုံးကို မာမီသာ အရင်တည်းက အစအဆုံးလုပ်ကိုင်နေတာဖြစ်သည်။ အခုလက်ရှိ ပြဿနာကိုမရှင်းနိုင်လျှင် သူတွင် ပိုင်ဆိုင်ထားသော အရာများတောင် ရှိတော့မည်မဟုတ်။ ဒါ့ကြောင့် သူသားပြောတဲ့ အပေးအယူကို လက်ခံရုံကလွဲ ဘာမှမတတ်နိုင်တော့ပါ။
"အင်း။မင်းသာ ကျောင်းသွားတက်မယ်ဆို ဘာဖြစ်ဖြစ် ဒယ်ဒီလက်ခံတယ် "
"ဒီအတိုင်း လက်ခံလို့မရဘူး ။ စာချုပ်ချုပ်ရမယ် "
"ဒီလောက်ထိ လိုသလား။ ငါကမင်းအဖေနော် "
"လောကကြီးမှာ ဘယ်သူ့မှမယုံရဘူး ။ အပေးအယူဆိုတာထက် ကူညီရမှာပါ ။ ကျွန်တော်တောင်းဆိုမဲ့ အရာက ဘယ်သူ့ကိုမှ ထိခိုက်စေမှာမဟုတ်တဲ့ တစ်စုံတစ်ယောက်အပေါ်ကာကွယ်ပေးခြင်းပဲ "
"အပေးအယူကိုပြော "
"အခု မပြောသေးဘူး ။ မနက်ဖြန် စာချုပ်ပို့လိုက်မယ်။ အခုတော့ ပြန်တော့မယ်"
ခီတန်ကူးဇဏ် ပြောပြီး ပြန်ထွက်သွားရန်ပြင်လိုက်သည်။ ပြီးမှ တစ်ခုခုကို ပြောဖို့ ကျန်ခဲ့တာမို့ ဆိုဖာထက်တွင် ပြန်ထိုင်လိုက်သည် ။ သူ့ဒယ်ဒီဘက်သို့ သေချာကြည့်လိုက်ပြီး…
"စိတ်ကစားတယ်လို့ သူထင်နေတာမဟုတ်ဘူး ဒယ်ဒီရဲ့။ ကျွန်တော်… မိုးသန့်ညိမ်နဲ့ အနေနီးလို့ သဘောကျတာမဟုတ်မှန်း သူသိတယ် ။ အဲ့တာကြောင့် ကျွန်တော့်ကို ဝေးဝေးပို့ချင်နေတာ ။ သူ့ရဲ့ အရာအားလုံးကို ခပ်ငယ်ငယ်ကောင်လေးတစ်ယောက်ဆီမှာ ဆုံးရှုံးသွားမှာစိုးလို့ ။ သူရှုံးသလို ခံစားရမှာစိုးလို့ ။ ကျွန်တော် US မှာ ကျောင်းသွားတက်ရုံနဲ့ ကိစ္စတွေအားလုံးပြီးသွားမယ်လို့ ဒယ်ဒီ ထင်နေတာမဟုတ်ပါဘူးနော် "
"..…...."
ဒယ်ဒီက ဘာမှပြန်မပြော။ အံ့ဩနေသော မျက်၀န်းများဖြင့်သာ ပြန်ကြည့်လာလေသည်။
ခီတန်ကူးဇဏ် စိတ်ရှုပ်စွာ ဆံပင်တချို့ကို ဖွာပစ်လိုက်သည်။
"ဟား!!ကျွန်တော် ဘာပြောရမှန်းတောင်မသိတော့ဘူး ဒယ်ဒီရာ ။ မျက်စိရှေ့မှာ မြင်နေရတဲ့ အရာလောက်ကြည့်ပြီး ဒယ်ဒီကအရာအားလုံးကို တွေးထားပုံပဲ ။ ကျွန်တော် ဒီနေ့ဒယ်ဒီနဲ့မတွေ့ခင်ထိ ခေါင်းထဲမှာ ဘာကြောင့်လဲဆိုတဲ့ မေးခွန်းတွေနဲ့ ပြည့်နှက်နေခဲ့တာ ။ တကယ်တော့ ဖြစ်ခဲ့တဲ့ ကိစ္စတွေမှာ ဒယ်ဒီနဲ့လည်း မကင်းခဲ့ဘူးကို "
"ခီတန်ကူးဇဏ် ! မင်းဘာတွေပြောနေတာလဲ "
"နောက်တော့ သိရမှာပေါ့ ။ ကိစ္စတစ်ခုကို မရေရာမသေချာသေးပဲ ဘယ်သူ့ကိုမှ ကျွန်တော်မပြောတတ်ဘူး ။ သေချာတစ်ခုက ကျွန်တော်က ဘယ်တော့မှ ဒယ်ဒီနဲ့ တူမှာမဟုတ်ဘူး သူ့ကိုပဲယူပြီး သူ့ကိုပဲကာကွယ်သွားမှာ ။ ဒါကို ဒယ်ဒီသဘောပေါက်ထား ။တစ်ခါတလေတော့ ဒယ်ဒီ့ပိုက်ဆံအိတ်ထဲက အမျိုးသမီးကို ဒယ်ဒီအားနာသင့်တယ် "
"ဘာလို့ ငါ့အမျိုးသမီးအကြောင်းက ပါလာရတာလဲ "
ခီတန်ကူးဇဏ်သည် ၀တ်ဆင်ထားသော အညိုရောင်နာရီလေးကိုကို ကြည့်လိုက်သည်။ထို့နောက် နေရာမှ ထလိုက်ကာ ရှပ်အင်္ကျီလက်ရှည်ကို တစ်၀က်တိတိခေါက်တင်လိုက်သည်။
"ကျွန်တော် သွားစရာရှိသေးတယ် ။ ပြီးတော့ ဒီနေ့ပြောခဲ့တဲ့ ကိစ္စတွေကို အိမ်ကို သယ်မလာပါနဲ့ ။ စာချုပ်ကို ကျွန်တော်ရေးပြီး မနက်ဖြန်ပို့ပေးလိုက်မယ် ။စာချုပ်မှာ ဒယ်ဒီ့ လက်မှတ်ရော လက်ဗွေရော နှိပ်ပေးရလိမ့်မယ်။ ဒယ်ဒီ ဖွားကို ပြန်ပြောမှာ မဟုတ်ဘူးလို့တော့ ကျွန်တော် ယုံပါတယ် "
ပြောပြီးသည်နှင့် ခီတန်ကူးဇဏ်သည် ရုံးခန်းအတွင်းမှ တစ်လှမ်းချင်း ထွက်သွားသည်။
ဦးခီမင်းနွယ် ဒုတိယအကြိမ် လောကကြီးကို စိတ်ကုန်မိခြင်းပင် ဖြစ်လိမ့်မည်။ မိခင်ဆီမှ ငွေကြေးအကူအညီရဖို့ သားကိုဖြောင်းဖျရသည်။ သားဖြစ်သူက လွယ်လွယ်လက်မခံတာကြောင့် အပေးအယူကို စာချုပ်စာတန်းနှင့် လုပ်ကာ လက်မှတ်ထိုးရုံတင်မက လက်ဗွေပါ နှိပ်ပေးရဦးမည်။ ထို့ပြင် သူ့ကို စကားလုံးများနှင့် ဖိနှိပ်သွားသည့် သားဖြစ်သူအား ဘာမှပင် ပြန်မပြောနိုင်ပဲ ကြိတ်မှိတ်ကာ ငြိမ်ခံနေရသည်။
အခုခေတ်စကားအရ ပြောရလျှင် သူ့ဘ၀က မြေးအဖွားနှစ်ယောက်အကြားတွင် တကယ့်ကို စောက်ကျိုးနည်း နေတာဖြစ်သည်။
"ကျောင်းတက်ရုံနဲ့ ပြီးမယ်လို့ထင်လား "ဆိုသော သားစကားများအား သူကြားယောင်မိသည်။သူတွေးခဲ့သည်က သား USကို ကျောင်းသွားတက်ပါက အရာအားလုံး အဆင်ပြေသွားပြီလို့ထင်နေခဲ့သည်။
အသက်နှင့် မလိုက်စွာ ဦးနှောက်က သူ့ထက်ပြေးနေသော သားဖြစ်သူအား ဂုဏ်ယူရမည်လား ၊ စိတ်ညစ်ရမည်လားဆိုတာပင် သူမသိတော့။
ဒီကောင် ဘာလို့ အဲ့လောက် ဉာဏ်ကောင်းနေရတာလဲ။
မေနဲ့ တူလို့လား ။ မေသာရှိသေးလျှင် အစ်ကို့သားက အစ်ကိုနဲ့တူတာလို့ပဲ ပြုံးကာပြောမည်ဟု သူထင်၏။
မာမီက နောက်အိမ်ထောင်ပြုဖို့ ခဏခဏ ပြောပေမဲ့ သားမျက်နှာကြောင့်ရော မေကလွဲပြီး ဘယ်သူမှ အစားမထိုးနိုင်တာမို့ သူအိမ်ထောင်ထပ်မပြုဖြစ်ခဲ့ပေ။
သူ ရုံးခန်းထဲ ဝေ့ဝဲကာ ကြည့်မိတော့ တစ်စစီဖြစ်ကာ ပြန့်ကျဲနေသည့် ကျွန်းသား ခြေတင်ခုံ သုံးလုံးကို တွေ့လိုက်ရသည်။ ထိုခုံများကို စီးပွားရေးပါတနာတစ်ဦးမှ လက်ဆောင်ပေးသွားခြင်းပင်။ ကျွန်းစစ်စစ်ကိုမှ အရည်အသွေးကောင်းတာမို့ တန်ဖိုးကမနည်းလှ။ ဒါကို ဒေါသတကြီး ကန်သွားသည့် သားသည် သိရင်တောင် တုပ်တုပ်လှုပ်မှာမဟုတ်ပေ။သူ့အဖွားနဲ့ တစ်ပုံစံတည်း ပေမို့။
ထိုသို့ စဉ်းစားမိချိန်တွင် ဦးမင်းနွယ်၏ နားထင်မှ သွေးကြောများ ဆူလာသလို ခံစားလိုက်ရသည်။
"မင်းထင်!! မင်းထင် !!"
"ဟုတ်ကဲ့ ပြောပါ သူဌေး "
"ဒီခုံတွေ ငါမမြင်ချင်တော့ဘူး ရှင်းလိုက်တော့ ။ ဒါနဲ့ သားဘယ်ကို ထွက်သွားတာလဲ "
"ဟိုကလေးရဲ့ သင်တန်းဘက် ထွက်သွားတယ်လို့ ထင်ပါတယ် "
"အော် ။ မိုးသန့်ညိမ်ဆိုတဲ့ ကောင်လေးပဲလား "
"သူကလွဲပြီး ဘယ်သူရှိမှာလဲ သူဌေး။ ပြီးတော့ ဟိုတနေ့ကလည်း ကျွန်တော်တို့လူတွေ လိုက်ချောင်းတာ သခင်လေး သိသွားတယ် ထင်ပါတယ် ။ ခြိမ်းချောက်သွားတယ်ပြောပါတယ် သူဌေး "
"ဟုတ်လား ။ သူဘာပြောလဲ "
"နောက်တစ်ခါ မိုးသန့်ညိမ်နဲ့သူ့မိသားစုနားမှာ တွေ့ရင် ဘယ်သူ့မျက်နှာမှ မထောက်ဘူးပြောပါတယ် "
"……"
"သခင်လေးက အဲ့ကောင်လေးကို အတော်ချစ်ပုံပါပဲ သူဌေး "
"ငါဘာဆက်လုပ်ရင် ကောင်းမယ်ထင်လဲ မင်းထင် "
"ကျွန်တော့်အထင် ဥက္ကဌကြီးထက် ပိုသာမယ်ထင်တယ် ။ သားဖြစ်သူအလိုကို လိုက်တာကောင်းမယ်လို့ ကျွန်တော်ထင်တယ် ။ သခင်လေးက သိပ်လည်ပြီး ထက်တယ် ။ ကျွန်တော်သိရသလောက် ဟိုတလောကလည်း အဲ့ကောင်လေးဆီမူးပြီး သွားခဲ့ပုံပါပဲ "
မိမိအတွင်းရေးမှူးထံမှ သိရတဲ့ သားဖြစ်သူအကြောင်းများကြောင့် ဦးခီမင်းနွယ် ဟက်ဟက်ပက်ပက်သာ ရယ်မိတော့သည်။
"ဒါဆိုရင်တော့ မင်းထင် "
သူခေါ်လိုက်တော့ မင်းထင်က အနားသို့တိုးလာသည်။
"ဟုတ်ကဲ့ "
"မင်းလည်း မိုးသန့်ညိမ်ကို အဲ့ကောင်လေးအစား သခင်လေးလို့ ခေါ်ဖို့ ကြိုပြင်ဆင်ထားတာ ကောင်းလိမ့်မယ် "
အပေးအယူကို လက်ခံလိုက်တာ မှန်သွားပြီလို့ ဦးခီမင်းနွယ်ထင်မိသည်။ ခီတန်ကူးဇဏ်ဟာ ပြောမရဆိုမရ ခေါင်းမာတာမို့ သူလက်ခံလိုက်တာ မှန်သွားသည်။
သူရော သူ့အဖွားရော သဘောတူသည်ဖြစ်စေ ၊ မတူသည်ဖြစ်စေ…ထိုကလေးသည် သားနှင့်သာ လက်ထပ်ရလိမ့်မည်။
ဘယ်အချိန်ဖြစ်ဖြစ် သူ့သားမက်ဖြစ်လာမည့် သူပေမို့ ယခုတည်းက ကောင်းကောင်းဆက်ဆံထားတာဟာ သူ့အတွက်အကျိုးရှိမည်ဖြစ်သည်။
အဖွားထက် မြေးက ပိုပြီး လက်ဝါးစောင်းထက်တော့မယ်ထင်တယ်။
•••••••••••
အချိန်မှန်စွာ သင်တန်း၏ လမ်းတစ်ဖက်ခြမ်းတွင် လက်ပိုက်ကာ ရပ်နေသော ကောင်လေးအား မိုးသန့်ညိမ်တွေ့လိုက်ရသည်။
ဟိုတနေ့ည သူ့ဆီရောက်လာပြီး နောက်ပိုင်း ပို၍ လာတာစိပ်လာသည်။
အနှောင့်အယှက်ပေးနေတာမျိုးလည်း မဟုတ်တာကြောင့် သူလည်း ဘာမှမပြောမိ။
တစ်ခါတရံ ပြောလာသော စကားများကြောင့်သာ သူမျက်နှာ ပူရသည်။
အခုလည်း သူ့ကိုပြုံးပြကာ သူ့ဆီကားလမ်းကူးလာသည်။
"ညိမ်…ကျွန်တော် နောက်မကျဘူးမလားဟင် "
"မင်းဘယ်တုန်းက နောက်ကျဘူးလို့လဲ ခီ "
"ဟုတ်သားနော် ။ ကျွန်တော် ညိမ့်နှလုံးသားကို ရဖို့လည်း နောက်မကျသေးဘူးမလား "
"ဘာတွေ ပြောနေတာလဲ ခီ "
"ညိမ်က အမြဲ အဲ့လိုပဲ "
"ဘာကိုလဲ "
"ကျွန်တော့်စကားတွေကို အလေးမထားဘူး "
"မင်းရော ငါရော ငယ်သေးတယ် ။ ပြီးတော့ မင်းစမ်းသပ်ချင်စိတ်တစ်ခုတည်းနဲ့ ယောင်္ကျားလေးတစ်ယောက်နဲ့ မတွဲသင့်ဘူး "
"ကျွန်တော်က မိုးသန့်ညိမ်နဲ့ပဲ တွဲချင်တာ ။ ယောင်္ကျားလေးတစ်ယောက်နဲ့ တွဲချင်တာမဟုတ်ဘူး "
ဒီကောင်လေး ဘာတွေပြောနေလဲဆိုတာရော သူ့ကိုယ်သူနားရောလည်ရဲ့လားမသိ။ သူပြောတဲ့စကားကိုပဲ ထိုကောင်လေးနားမလည်တာလား ။ ထိုကောင်လေးပြောတဲ့ စကားတွေကိုဘဲ သူလိုက်မမီတာလား မသိတော့ ။
"အေး ။ မင်းတွဲချင်တဲ့ မိုးသန့်ညိမ်က ယောင်္ကျားလေးလေ"
"သိတယ် "
မိုးသန့်ညိမ် စိတ်ရှုပ်စွာ ခေါင်းကို ကုပ်မိသည်။
"ယောင်္ကျားလေးတစ်ယောက်မို့ တွဲတာမှမဟုတ်တာ ။ ခင်ဗျားမို့လို့ တွဲချင်တာလေ ။ အခြားယောင်္ကျားလေးတွေကို ကျွန်တော်မကြိုက်ဘူး ။ မိန်းကလေးလည်း မကြိုက်ဘူး…အကယ်၍ ညိမ်နဲ့သာမတွေ့ဖြစ်ရင် လူပျိုကြီးလုပ်မိမယ်ထင်တယ် "
"အပိုတွေပါကွာ "
"တကယ်ပါဗျာ ။ ဒါပေမဲ့ ညိမ်နဲ့တွေ့ပြီးမှတော့ ညိမ်တာ၀န်ယူရမှာနော်
ညိမ်မဟုတ်ရင် ဒီကောင်က ဘယ်သူနဲ့မှ မဖြစ်ဘူးဗျ "
မိုးသန့်ညိမ် ဘတ်စ်ကားဂိတ်သို့ လမ်းလျှောက်နေရာမှ ရပ်ကြည့်လိုက်တော့ ထိုကောင်လေးဆံပင်တွေပွနေသည်။ ပုံမှန်ဆို သခင်လေးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ အညီ သပ်ရပ်ကာ ကျော့ရှင်းနေသည့် လူသားပေမို့ သူထုတ်မေးလိုက်သည်။
"ခီ မင်းဆံပင်တွေဘာလို့ ပွနေတာလဲ "
"ညိမ် ပြန်မချစ်လို့ "
သူ့ရဲ့ အဆက်အစပ်မရှိတဲ့ စကားကို ညိမ်က သဘောကျသွားပုံရသည်။ သွားတန်းဖွေးဖွေးများပေါ်အောင် ရယ်နေသည်။
မြင်ရရုံနဲ့ မတင်းတိမ်နိုင်စွာ လက်ကိုဆွဲပြီး သူ့ခေါင်းပေါ်တင်လိုက်သည်။ ထိုအခါမှ ရယ်နေသောသူက သူ့အား ဝိုင်းစက်နေသော မျက်၀န်းတွေနှင့် ပြန်ကြည့်လာသည်။
ဆုပ်ကိုင်ထားသော လက်ကို ရုန်းထွက်ရန်ပြင်နေတာမို့…
"ညိမ် သပ်ရပ်အောင်လုပ်ပေး ၊ ကျွန်တော် ဆံပင်တွေပွနေရင် မနေတတ်ဘူး "
"သူများတွေ မင်းခေါင်းကိုင်တာ မကြိုက်ဘူးဆို "
"သူများတွေလေ ညိမ်မှမဟုတ်တာ"
"ဘယ်လို "
"ညိမ်ဆို ကိုင်လို့ရတယ် "
ဟိုတလောက ဆူးက ဆံပင်ကိုကိုင်ကာ လိုက်စတော့ ခီက ဒေါသတကြီး ပြန်အော်ထုတ်ခဲ့တာဖြစ်သည်။ တချို့လူတွေလည်း ခေါင်းကို ထိတာမကြိုက်တာမို့ ခီလည်း ထိုသူတွေထဲ ပါမှန်း သိလိုက်ရသည်လေ။
အခုတော့ ညိမ်ဆို ဘာဖြစ်ဖြစ်ရတယ်ဆိုတဲ့ သဘောနှင့် ပြန်ဖြေလာတာမို့ သူရင်ထဲတစ်မျိုးတော့ ခံစားသွားရသည်။
သူ့ဆံပင်တွေကြား တိုးဝှေ့နေတဲ့ လက်ပိုင်ရှင်ကို သူသေချာကြည့်နေမိသည်။
ဒီလူက သူ့ပုံစံလေးအတိုင်းသာ ရင်ထဲကိုရောက်လာတာဖြစ်သည်။ ဒီလူ့ရဲ့ စိတ်ရင်းသည် မျက်နှာတွင် အတိုင်းသားပေါ်သည်။
အကဲခတ်ကျွမ်းတဲ့သူမို့ လူတစ်ယောက်မျက်နှာကို မြင်တာနဲ့ သူတန်းသိသည်။ ထို့ကြောင့် သူ့တွင် အပေါင်းအသင်းနည်းခဲ့တာဖြစ်သည်။
"ညိမ်..."
"ဟင် "
မိုးသန့်ညိမ်၏ မျက်တောင်ဖျားများသည် ရေပြင်ထက် ကျောက်တုံးလေးတစ်တုံး ပစ်ချလိုက်သလို ဖြည်းညင်းစွာ လှုပ်ခတ်သွားသည်။ သူ့ဦးခေါင်းထက်ရှိ ညိမ်၏လက်တွေသည်လည်း ထိုအချိန်တွင် ရပ်တန့်သွားခဲ့သည်။
"ကျွန်တော့်ကို ချစ်လားဟင် "
"ကိုယ်…ကိုယ်မင်းကိုချစ်ပါတယ် ခီ"
ဒီတစ်ခါ မျက်တောင်ဖျားများ လှုပ်ခတ်သွားသူက ခီတန်ကူးဇဏ်ပင်ဖြစ်သည်။ကိုယ်လို့ ပြောကာ ရပ်လိုက်သည့်အချိန်တွင် သူအသက်ပင်မရှူမိ။
ငြင်းများငြင်းလိုက်လျှင်ဆိုတဲ့ စိတ်သည် သူ့အား နက်ရှိုင်းသော သမုဒ္ဒရာအလယ်၌ ကျောက်ဆွဲထားသလို လေးလံစေသည်။
ခီတန်ကူးဇဏ်သည် အသိ၀င်လာသည်နှင့် မျက်စိရှေ့မှ လူအား ဆွဲဖက်ပစ်လိုက်သည်။ နေရာဒေသ အချိန်ကာလသည် သူ့အတွက် အရေးမပါတော့ ။ ယခု သူ့စိတ်ထဲတွင် မိုးသန့်ညိမ်သာရှိသည်။
"ကျွန်တော်…ကျွန်တော် ဘာပြောရမှန်းမသိတော့ဘူး "
အသက်ရှုသံတွေပင် ပြင်းကာ လူကိုတင်းတင်းကျပ်ကျပ်ဖတ်ထားတာမို့ မိုးသန့်ညိမ် အသက်ရှုပင်ကြပ်လာသလို။
"ငါအသက်ရှူကျပ်တယ် ခီ "
"ဆောရီး ညိမ် "
သူဖယ်ပေးလိုက်တော့မှ အသက်ရှူ၀သွားပုံရသည်။ လေပူများကို မှုတ်ထုတ်နေသည်။
"ကျွန်တော့်ကို တကယ်ချစ်တာလားဟင် "
"ထပ်ပြောဖို့လိုသေးတာလား ခီရဲ့ "
"ထပ်ပြောဖို့ လိုတာထက် ….ထပ်ကြားချင်တာပါ ညိမ် "
"တကယ်ချစ်ပါတယ် ခီ "
ငယ်ငယ်တုန်းက ပြိုင်ပွဲပေါင်းစုံမှ ထူးချွန်ဆုရတုန်းတွေက ခံစားချက်တွေထက်ပင် သူပို၍ပျော်သည်။ မျက်ရည်များပင် ဝဲတက်လာသော်လည်း သူအချိန်မီ ပြန်ထိန်းနိုင်လိုက်သည်။
သူပန်းခြံထဲမှာ ဖွင့်ပြောခဲ့တယ် ။
ညိမ် ကလမ်းမမှာ အဖြေပေးခဲ့တယ်။
ကျွန်တော့်လိုလူမျိုးအတွက် နည်းနည်း ကသိကအောက် ဖြစ်ရမဲ့ကိစ္စပေမဲ့ ကျွန်တော်တို့နှစ်ယောက်က လျှောက်ရမဲ့လမ်းချင်းတော့ တူပုံပဲ ညိမ်။
သူအရင်က တပ်မက်ခဲ့မိတဲ့ ဂုဏ်တွေငွေတွေ ပကာသနတွေသည် ချစ်ခြင်းမေတ္တာလောက်အရေးမပါတော့ပေ။
မျက်နှာလေးမြင်တာနဲ့ ပြုံးရယ်စေနိုင်တဲ့အထိ ချစ်ခြင်းတွေ ပြည့်လျှံလာတာမို့ အခြားအရာတွေဟာ သူ့အတွက် အများကြီးတွေးဖို့ အမှန်ပင်မလိုအပ်တော့ပါ။
မိုးသန့်ညိမ်ဖြစ်နေရင်ကို သူ့အတွက် လုံလောက်နေပြီဖြစ်သည်။
ချစ်ခြင်းမေတ္တာသည် ဤသို့နှယ် ဆန်းကြယ်လှသည်။
─────────────────
𝗚𝗲𝗻𝗻𝘆ʕ•ᴥ•ʔ
နောက်ဆုံးတော့ သူအဖြေရသွားပါပြီ^~^
ကိုကိုလေးခီရေ ကုန်းရှီ ကုန်းရှီ><
3.10.2022
11:16 pm