အိမ်ထဲသို့ ဝင်ဝင်ချင်း ဧည့်ခန်း၌ ထိုင်နေသည့် မမနှင့် ကိုသက်ပိုင်အား တွေ့လိုက်ရသည်။ မမက လက်နှစ်ဖက်အားအချင်းချင်းထွေးယှက်လျက် ဆုပ်နှယ်နေပြီး ကိုသက်ပိုင်က မမ၏ပခုံးကို ခပ်ဖွဖွပွတ်သပ်ပေးနေသည်။
လင်းထက်ကိုတွေ့တော့ မမက ဆတ်ခနဲ ကိုယ်ကိုမတ်သည်။ ပုံစံကြည့်ရသည်မှာ လင်းထက်အား စောင့်နေကြသည့်ဟန်။
“ငါ့ကိုစောင့်နေတာလား”
“အင်း တစ်ယောက်တည်း ပြန်လာတာလား”
“မဟုတ်ဘူး၊ အစ်ကိုလိုက်ပို့တာ၊ မိုးချုပ်လို့ အိမ်ထဲမခေါ်တော့တာ”
ကားငှားပြန်မည်ဆိုသည်ကို စိတ်မချသောသူက လက်မှဒဏ်ရာနှင့်လည်း ပြန်လိုက်ပို့ခဲ့တာပင်။ အတတ်နိုင်ဆုံး သူ့မျက်စိအောက်မှာ ထားချင်နေသည့်ဆန္ဒကို နားလည်တော့ စောဒကလည်းမတက်နိုင်ခဲ့။
“အင်း...”
မမက ခေါင်းညိတ်ရင်း ခပ်တွေတွေထိုင်နေတော့ သူ့မှာအစ်ကိုထည့်ပေးလိုက်သည့် စာအုပ်ထုပ်ကိုပိုက်ရင်း အိပ်ခန်းကိုပဲ တန်းသွားရမလိုလို ဧည့်ခန်းမှာပဲ မမရှေ့ဝင်ထိုင်ရမလိုလို ဖြစ်နေသည်။ မမပုံစံက သူ့ကို တစ်ခုခုပြောစရာရှိနေသည်ဟုတော့ ထင်မိသည်။
“ဘာပြောမလို့လဲ မမ၊ မေမေတို့ရော...၊ ပင်ပန်းတော့အစောကြီးအိပ်သွားကြပြီလား”
“အခန်းထဲမှာ၊ နင်ပြန်လာရင် ဖေဖေက သူ့ဆီလာဖို့မှာထားတယ်”
“ဟုတ်လား”
ခပ်ဝါးဝါးရေရွတ်ရင်း မမ၏မျက်နှာမှ ပူပန်ရိပ်တစ်စွန်းတစ်စကို ဖတ်မိလိုက်သလိုလို။
မမက ကိုသက်ပိုင်ကို တစ်ချက်လှည့်ကြည့်သည်။ ကိုသက်ပိုင်က ချက်ချင်း ခေါင်းညိတ်ပြပြီး
“ကိုယ်အခန်းထဲက စောင့်နေမယ်” ဟု ဆိုကာ ထွက်သွားသည်။
မမဆီမှာ လင်းထက်နှင့်နှစ်ယောက်တည်း ပြောစရာတစ်ခုခုရှိနေသည်မှာ သေချာနေချေပြီ။
“လင်းထက်လေး”
မမက သူ့အနားသို့လျှောက်လာရင်း အလောတကြီးအမူအရာဟန်ဖြင့်
“ဖေဖေတို့သိသွားတယ်”
“ဟင် ဘာကိုလဲ”
“နင်နဲ့ဖြိုးစည်နဲ့အကြောင်းကို”
စာအုပ်ထုပ်အား ဆုပ်ကိုင်ထားသော လင်းထက်လက်တွေ တင်းကြပ်သွားရသည်။ ဒိန်းခနဲဆောင့်တက်မြန်ဆန်သွားသော နှလုံးခုန်နှုန်းနှင့်အတူ ခေါင်းထဲမိုက်ခနဲ။ သည်လိုနေ့ဟာ အနှေးနဲ့အမြန်ရောက်လာမည်မှန်း ကြိုတွေးထားသော်လည်း ရုတ်တရတ်တော့ ဘာလုပ်ရမှန်းမသိ ငြိမ်ကျသွားရသည်။
“နေ့လည်က နင်တို့ထွက်သွားတဲ့အချိန် ဖေဖေက သူ့မိတ်ဆွေကို လိုက်ပို့ရင်း ကားပါကင်မှာ ရှိနေခဲ့ပုံရတယ်၊ နင်နဲ့ဖြိုးစည်ကို ကားပါကင်မှာ တွေ့ခဲ့တယ်တဲ့၊ ဘယ်လိုဖြစ်ပြီး အတိအကျသိသွားလဲတော့မသိပေမဲ့ ငါ့ကိုမေးလာတဲ့အချိန် ငါလည်း မလွှဲသာလို့ ဟုတ်တဲ့အကြောင်းပြောလိုက်ရတယ်”
သူခေါင်းငုံ့လိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်ချိန်ချိန်တော့ ပေးသိရမည့်အတူတူ ယခုသိသွားတော့လည်း ကောင်းသည်ဟုပဲ သတ်မှတ်ရမည်လား။ ဖေဖေရဲ့သဘောမည်သို့ ရှိမည်နည်းကိုလည်း သူမခန့်မှန်းနိုင်။
“မေမေက ဘယ်လိုသဘောရလဲတော့ မသိပေမဲ့ ဖေဖေကတော့...”
မမက စကားကိုဆက်မပြောဘဲ ရပ်ထားလိုက်သည်။ သို့ပေမဲ့ သူ ကောင်းကောင်း သဘောပေါက်လိုက်ပါသည်။ မေမေ့ထက်ဖေဖေ့ကို ကြောက်လို့ပဲ သည်ဆက်ဆံရေးကို ယခုထိ သူဖုံးကွယ်ထားခဲ့တာ။
“လင်းထက်လေး”
“ဗျာ”
“ဖေဖေနဲ့စကားပြောတဲ့အခါ ဖေဖေဘာပြောပြော ဘယ်လိုစကားလုံးနဲ့ပဲဆူဆူ အဲဒါ ငါတို့အဖေဆိုတာကို မမေ့နဲ့နော်၊ ဖေဖေ့ကို စကားကြမ်းကြမ်းတွေပြန်မပြောရဘူးနော်”
“အင်းပါ၊ ငါ ဘယ်တုန်းက ဖေဖေ့ကို ပြန်ခံပြောဖူးလို့လဲ”
“အေးပါ၊ ငါသိပါတယ်၊ ဒါပေမဲ့ နင် အချစ်စိတ်မွှန်ပြီး ဖေဖေ့ကိုပြန်အော်နေမှာစိုးလို့”
“မမရာ”
သည်လိုအချိန်မှာ နောက်နေနိုင်သည့်မမကို သူခပ်တိုးတိုးသာ ပြန်ပြောနိုင်သည်။ အပြန်အလှန်စနောက်ဖို့ ဟန်ဆောင်ပြုံးတောင်မပြုံးနိုင်အောင် သူကြောက်နေမိသည်။ မမကလည်း သူရယ်လိုရယ်ငြား စနောက်လာခြင်းဖြစ်ပေမဲ့ ကိုယ်တိုင်လည်း ပီပီပြင်ပြင်ပြုံးနိုင်နေခြင်းမရှိပါ။
“ဖိုက်တင်း လင်းထက်လေး၊ အားလုံးအဆင်ပြေသွားမှာပါ၊ ဖေဖေက နင့်ကိုအရမ်းချစ်တာပဲကို၊ ပြီးတော့ မေမေကလည်း နင့်မျက်နှာတစ်ချက် ဘယ်တုန်းကအပျက်ခံဖူးလို့လဲ”
“အင်း...”
ဖေဖေနဲ့မေမေက တကယ်လည်း လင်းထက်ကိုအလွန်ချစ်ပါသည်။ သို့သော် ချစ်တိုင်းလည်းအလိုလိုက်၍ အရိုအသေမဲ့စေသည်မဟုတ်။ ငယ်ငယ်ကတည်းက ဖေဖေက ‘ဟိတ်’ဆို တိတ်ရသည်အထိ ကြောက်ရွံ့ရိုသေခဲ့ရသည်သာ။
ယခုရော ဖေဖေက ဟိတ်ဆိုတိုင်း လင်းထက်က တိတ်နိုင်ပါမည်လား။ အစ်ကိုနှင့်တော့ မည်သည့်နည်းနှင့်မှ မခွဲနိုင်သလို ဖေဖေတို့ကိုလည်း ပြန်လည်တုံ့လှန်ဖို့ ခွန်အား သူ့မှာ နည်းပါးပါသေးသည်။
ဝိရောဓိအတွေးများဖြင့် ဖေဖေတို့အခန်းရှေ့ ခဏတုံ့ရပ်နေပြီးမှ သက်ပြင်းအသာချကာ တံခါးနှစ်ချက်ခေါက်လိုက်သည်။
“ဖေဖေနဲ့မေမေ သားပါ”
“အင်း ဝင်ခဲ့ သား”
မတိုးမကျယ်ဖေဖေ့၏အသံက ခန့်မှန်းရခက်လှသည်။ တံခါးရွက်အား အသာတွန်းဖွင်ကာ ဝင်လိုက်ချိန် မေမေက ခုတင်ပေါ်တွင်ထိုင်နေပြီး ဖေဖေကတော့ စာကြည့်စားပွဲတွင်ထိုင်နေသည်။
ခြေဉီးတည်ရာက ပို၍နားလည်ပေးနိုင်မည်ဟု တစ်ဖက်သတ်ယုံကြည်ထားမိသော မေမေ့ထံသို့။ မေမေ့ဘေးဝင်ထိုင်လိုက်ချိန် မေမေက အလိုက်သင့်ပင် သူ့လက်များအား ထွေးဆုပ်လာသည်။ မေမေ့မျက်ဝန်းတွေဟာလည်း သူ့စိတ်တွေ စိုးရွံ့နေသောကြောင့်ပဲ စိတ်ထင်နေသည်လားမသိ။ တစ်မျိုးတမည်ပါပဲ။
အတန်ကြာသည်အထိ မည်သူကစကားစနိုးအား မျှော်တလင့်လင့်ရှိရရင်း အခန်းထဲ လေအေးပေးစက်က ကောင်းကောင်းအလုပ်လုပ်နေပါလျက် သူ့မှာ ချွေးစို့နေရသည်။
“အဟမ်း”
ဖေဖေ ချောင်းတစ်ချက်ဟန့်လိုက်ချိန် မေမေ့လက်ကိုဆုပ်ကိုင်ထားရင်းပင် လင့်ထက်၏ခန္ဓာက တုန်ခနဲဖြစ်သွားသည်။ ထိုအချင်းအရာကို မေမေကလည်း ကောင်းကောင်းသတိထားမိလိုက်ပါသည်။
“သား သည်မေလတုန်းက ၂၄ ပြည့်ခဲ့တာနော်”
ထင်ထားတာထက် ပိုမိုပြေပြစ်စွာ ဖေဖေ့အသံက နွေးထွေးနေသည်။
“ဟုတ်ပါတယ် ဖေဖေ”
“အင်း ဖေ့သားတောင် မငယ်တော့ဘူးပဲ၊ ဒါကြောင့် အတောင်အလက်တွေလည်း စုံနေပြီကို”
ဘာကိုဆိုလိုမှန်းသိတော့ ခေါင်းကိုငုံ့ရင်း ခံစစ်ပြုဖို့ စကားလုံးများကိုသာ ကြိုတင်ရှာဖွေနေမိသည်။ တကယ်တော့ တစ်ချိန်ချိန်ရောက်လာမည်မှာသေချာသော ယနေ့အတွက် တုံ့ပြန်ရန် စကားလုံးတို့ကို အိပ်ရာဝင်တိုင်းမှာ ကြိုတင်စိတ်ကူးခဲ့ဖူးပေမဲ့လည်း တကယ်တမ်းတွင်တော့ အားလုံးက အတွေးအဆင့်မှာတင် ကပေါက်တိကပေါက်ချာ။
“သား အခုအရွယ်ထိ ဖေဖေ သားရဲ့ဘဝနဲ့ပတ်သတ်တဲ့ဆုံးဖြတ်ချက်တွေကို တစ်ခါမှ မစွက်ဖက်ခဲ့ဖူးဘူးနော်၊ ဟုတ်တယ်မလား”
လင်းထက် ဖြည်းလေးစွာ ခေါင်းညိတ်လိုက်ပါသည်။ တကယ်လည်း ဖေဖေဟာ သားသမီးတွေ၏ ဆန္ဒနှင့်ရွေးချယ်မှုတို်ကို စွက်ဖက်ခဲလှပါသည်။
ကိုကို ထိုင်းတွင်အခြေချ၍ တိုင်းတပါးသူကိုယူသည့်ကိစ္စ၊ မမ သူ့ချစ်သူကြောင့် မန္တလေးဆေးရုံကြီးကို ရအောင်ရွှေ့ခဲ့သည့်ကိစ္စတို့ကို ဖေဖေဟာ စိုးစဥ်းမျှဝင်မစွက်ဖက်ခဲ့ပါ။
လင်းထက်အတွက်လည်း အလားတူပါပင်။ လင်းထက် ဘာဝတ်ချင်သည်၊ ဘာစားချင်သည်၊ ဘယ်သွားချင်သည်၊ ဘယ်ကျောင်းတက်ချင်သည် စသည်တို့ကို လင်းထက်၏ဆန္ဒအတိုင်းသာ အမြဲဖြစ်စေခဲ့သည်။
ဆိုးသွမ်းမှုတို့အတွက် ဆုံးမတတ်မှုတို့ရှိခဲ့သလို ဆန္ဒတို့ကိုလည်း အမြဲဉီးစားပေးအလေးထားခဲ့သည်သာ။
“ဘာလို့ ဖေဖေဝင်မစွက်ဖက်ခဲ့လဲ သိလား”
ထင်ကြေးအဖြေပေါင်းစုံက ခေါင်းထဲ၌ ဝေ့ပတ်သွားပေမဲ့ အဖြေလို၍မေးခွန်းမေးနေခြင်းမဟုတ်ဘဲ အဖြေကိုဖြေလို၍ မေးခွန်းထုတ်နေခြင်းဖြစ်ကြောင်းနားလည်သည်မို့ နှုတ်ဆိတ်၍သာနေလိုက်သည်။
“ဖေဖေ့သားသမီးတွေလုပ်သမျှဟာ မှန်တယ်လို့ ဖေဖေယူဆလို့ပဲ၊ ဝင်မပါချင်လို့ ဖြစ်ချင်ရာဖြစ်ပစ်ထားနေတာ မဟုတ်ဘူး၊ သားတို့ကို ဖေဖေယုံခဲ့လို့”
ကိုယ့်ကိုယ်ကိုယ်အပြစ်လုပ်ထားသည်ဟု မခံယူချင်ပေမဲ့ အပြစ်ရှိသလိုခေါင်းငုံ့နေမိခြင်းအတွက် ကိုယ့်ကိုယ်ကိုယ်အားမလိုအားမရဖြစ်ရသည်။ သည်နေရာမှာ အစ်ကိုသာဆိုရင်ရော...ကျိန်းသေပေါက် ခေါင်းမော့နေမှာ အသေအချာပါပဲ။
ထိုအတွေးနဲ့အတူ အစ်ကို့အပေါ်အားနာစိတ်တို့အရ ခေါင်းကိုမော့တော့ ဖေဖေ့၏စကားပြောသောမျက်ဝန်းတွေနှင့်အဆုံ လှိုက်ခနဲ ဖြစ်ရပြန်သည်။
“သည်တစ်ခါတော့ သားအတွက် ဖေဖေဝင်စွက်ဖက်ရတော့မယ်ထင်တယ်”
သူ နှုတ်ခမ်းကို ဖိကိုက်ရင်း နှုတ်ဆိတ်နေမိဆဲပါပဲ။
“သားက စိတ်ကစားတတ်တဲ့အရွယ်မဟုတ်တော့ဘူးဆိုပေမဲ့ ဒါကိုတော့ ဖေဖေက စိတ်ကစားတာပဲဖြစ်စေချင်တယ်၊ သည်အတိုင်းအတာထိအောင်ဖြစ်နေပေမဲ့ စိတ်ကစားတာဆိုရင်တော့ ဖေဖေခွင့်ပြုနိုင်ပါသေးတယ်”
“စိတ်မကောင်းပါဘူး ဖေဖေ၊ သားစိတ်ကစားတာ လုံးဝ မဟုတ်ခဲ့တဲ့အတွက်”
ဖေဖေ့မျက်နှာရှိ ကြွက်သားအချို့ဟာတင်းခနဲဖြစ်သွားသည်။ ထိုထက်ပို၍တင်းသွားသည်က သူ့၏လက်ကိုဆုပ်ကိုင်ထားသော မေမေ့၏လက်ဖဝါးများ။
“စိတ်ကစားတာမဟုတ်ရင်လည်း နောက်ဆုတ်ရမယ် သားငယ်၊ မေမေ လုံးဝလက်မခံနိုင်တာမို့”
ရုတ်တရတ် စိမ်းသက်ပြတ်သားစွာပြောလာသည့် မေမေ့အား အံ့ဩတကြီးကြည့်မိရင်းမှ မျှော်လင့်ချက်သေးသေးလေးက ပဲ့ကြွေသွားရသည်။ အစ်ကို့ကိုအများကြီးလေးစားသော မေမေကတော့ နားလည်ပေးနိုင်လိမ့်မည်လားဟု အတွေးတိမ်ခဲ့မိသည်မို့။
“သား အစ်ကို့ကို တကယ်ချစ်တာ”
ထိုစကားအား မေမေ့လက်တွေထဲမှ ရုန်းထွက်ရင်း ဆိုလိုက်တာမို့ မေမေ့မျက်ဝန်းတွေဟာ တဖျတ်ဖျတ်လက်လျက် နာကျင်သွားဟန်။
“ဒါက လုံးဝ မဖြစ်သင့်တဲ့ချစ်ခြင်းမျိုးပဲလေ သားငယ်”
“မဖြစ်သင့်ဘူးဆိုတာထက် ဖြစ်ခဲ့ပြီးပြီမို့ သားတောင်းပန်ပါတယ်”
“မေမေက သဘောမတူဘူးလို့ပြောတာတောင် သားက ရှေ့ဆက်တိုးဉီးမှာလား”
မေမေ့အသံက ဖုံးကွယ်ထားသော ဒေါသတို့ တစ်စွန်းတစ်စ စွန်းထင်းလာချေပြီ။ ဖေဖေကတော့ မေမေ့စကားတို့အကြား စကားနာဝင်ထိုးမလာတော့။
“အစ်ကိုမရှိရင် သားကရှင်ရက်နဲ့သေသလိုပဲ ဖြစ်သွားမှာ”
“သည်ရှက်ဖို့ကောင်းတဲ့ကိစ္စကိုဖက်တွယ်နေရင်လည်း သူများ တံတွေးခွက်ထဲ ပက်လက်မျောပြီး ရှင်လျက်နဲ့သေရမှာပဲလေ သားငယ်”
“သားတို့အကြားဆက်ဆံရေးက တံတွေးခွက်ထဲ ပက်လက်မျောရမဲ့ ရှက်စရာကိစ္စမဟုတ်ဘူး မေမေ”
ကိုယ့်ကိုယ်ကိုယ် မယုံကြည်နိုင်လောက်အောင် သူ့လေသံက ပြတ်သားနေသည်။
“ရှက်စရာကိစ္စမဟုတ်ဘူး ဟုတ်လား သား၊ ဘယ်လိုအတွေးနဲ့များ ပြောလိုက်တာလဲ ဟမ်၊ မေမေ မွေးထားတာ သားယောက်ျားလေးပါကွဲ့၊ အမေတစ်ယောက်အနေနဲ့ မေမေ ဘယ်လောက်ထိမျှော်လင့်ပြီး တယုတယပျိုးထောင်ခဲ့ရလဲ မေမေ အသိဆုံး၊ ဒါကို သားက မေမေတို့မျက်နှာပျက်စရာကိစ္စကိုလုပ်ပြီး ကျေးဇူးဆပ်လိုက်မှာပေါ့ ဟုတ်လား”
“အစ်ကိုက ယောက်ျားတစ်ယောက်ဖြစ်နေတာက ဘယ်လိုများကြီးကျယ်တဲ့အပြစ်ဖြစ်သွားလို့လဲ မေမေရယ်၊ အရေးကြီးတာ သားတို့အကြားအဆင်ပြေနေဖို့ပဲမဟုတ်လား၊ အစ်ကိုက ယောက်ျားလေးတစ်ယောက်ဖြစ်နေသည့်တိုင်အောင် သား ချစ်တယ်လေ၊ ကျန်တာဘာကိုများ ဂရုစိုက်နေရမှာလဲ”
“မင်းဂရုမစိုက်တောင် မေမေတို့ ဂရုစိုက်တယ်၊ တခြားသူမပြောနဲ့ ကိုယ်မိသားစုအချင်းချင်းတောင် ပြောမထွက်အောင် မေမေတို့ရှက်တယ်၊ သည်လိုမျိုးဖြစ်လာအောင် ပြုစုပျိုးထောင်ခဲ့မိလို့လည်း မျက်နှာမပြရဲအောင်ကိုရှက်မိတယ်”
“မဟုတ်ဘူး မေမေ၊ ဒါက ရှက်စရာမဟုတ်ရပါဘူး မေမေရယ်၊ ကျေးဇူးပြုပြီး မေမေတို့ စိတ်အေးအေးထားပြီးတွေးကြည့်ပေးပါ၊ မေမေတို့စိုးရိမ်နေသလို ဘယ်သူမှ သားတို့ကိုအထင်သေး လှောင်ပြောင်ရဲမှာမဟုတ်ပါဘူး၊ အဲလိုမလှောင်ပြောင်ရဲအောင်ကို သားချစ်တဲ့သူက ကလေကချေဟုတ်မနေတာပါ၊ နောက်ပြီး သည်ဘက်ခေတ်မှာ လူတော်တော်များများက သားတို့လိုဆက်ဆံရေးတွေကို လက်ခံလာနေပါပြီ မေမေရယ်”
“လက်ခံလာနေပြီဆိုရင်တောင် ဒါက ထူးဆန်းတဲ့ဆက်ဆံရေးအဖြစ် လူအာရုံစိုက်ခံနေရတုန်းပဲလေကွယ်၊ ဘယ်လိုပဲဖြစ်ဖြစ် မေမေကိုက လက်မခံနိုင်တာပဲ သားငယ်၊ သူခိုးကို ဓားရိုးကမ်းသလို သားကို သူ့အနားစိတ်ချလက်ချလွှတ်ထားခဲ့မိတဲ့အတွက်လည်း နောင်တရတယ်၊ သားကို သည်လိုဖြစ်အောင် သိမ်းသွင်းသွားမယ်မှန်းသာကြိုသိခဲ့ရင်...”
လင်းထက် ကိုယ်လေး ဆတ်ခနဲဖြစ်သွားရသည်။ ရိုးသားစွာတွယ်ငြိခဲ့ရသည့်အစ်ကို့အပေါ် မည်သည့်စွဲချက်မျိုးကိုမှ ပုံချအပြစ်မတင်စေလို...။
“အစ်ကိုက သိမ်းသွင်းခဲ့တာမဟုတ်ပါဘူး မေမေ၊ သားကိုယ်တိုင်က လိုလိုလားလား လက်ခံခဲ့တာပါ၊ သားကိုယ်တိုင်ကိုက အစ်ကို့ကို တစ်ဘဝလုံးအတွက် ရည်ရွယ်ပြီး ပုံချစ်ခဲ့တာပါ၊ ဒါက ဘယ်သူ့ပယောဂမှမပါတဲ့ သားကိုယ်တိုင်ရဲ့ ဆုံးဖြတ်ချက်ပါပဲ၊ တကယ်လို့အပြစ်ရှိတယ်ဆိုရင်တောင် သားမှာပဲရှိပါတယ်”
မေမေက လင်းထက်၏မျက်လုံးများကို တစ်ချက်စိုက်ကြည့်၏။ ထို့နောက် လင်းထက်နှင့်မေမေ့၏အကြိတ်အနယ်စကားပွဲ၌ ဝင်မပါလာတော့သော ဖေဖေ့ထံတစ်ချက်လှမ်းကြည့်ပြီး
“ငယ်ရွယ်သေးတဲ့အချိန်မှာ သားအနေနဲ့ အချစ်ကိုဉီးစားပေးချင်မှာ အမှန်ပါပဲ၊ ဒါပေမဲ့ ငယ်ရာကနေ ကြီးလာတဲ့လူတစ်ယောက်အနေနဲ့ သားကို ကိုယ်ချင်းစာလို့မရအောင်ကို သည်ဆက်ဆံရေးကြီးက မေမေ့အတွက်အခက်တွေ့နေရတယ်၊ အပိုတွေလို့ စွပ်စွဲဖို့လည်း သားမျက်နှာကို မေမေမှာ မကြည့်ရက်ရပြန်ဘူး၊ ဒါပေမဲ့ သားကတော့ အဲလူတစ်ယောက်တည်းအတွက် မေမေတို့ရဲ့ဆန္ဒကို ဆန့်ကျင်ဖို့ သတ္တိတွေအပြည့်ရှိနေပုံပဲ”
ခနဲ့ချင်သလို မေမေ့စကားက သူ့အတွက် ခါးသက်လှသည်။ အစ်ကို့အတွက်နဲ့ မေမေတို့ရင်ကို စုံလုံးကန်နေသည်ဟူသော အတွေးမျိုး မေမေ့ကို မတွေးစေလို။ ရှေ့မတိုးသာနောက်မဆုတ်သာ ကြပ်တည်းလှသောအခြေအနေမှာ ငိုချင်ရက်လက်တို့ သောကပွားလာရသည်။
“သတ္တိတွေရှိနေတာ မဟုတ်ပါဘူး မေမေ၊ တကယ်က သားကြောက်နေတာပါ၊ သားအရမ်းကြောက်နေတာပါ၊ နှစ်ဖက်လုံးက သားအတွက်အရမ်းအရေးပါလွန်းလို့ တစ်ဖက်ဖက်က တစ်ခုခုထိခိုက်သွားမှာကို သားအရမ်းကြောက်နေရတာပါ”
အဆုံးသတ်မှာ တိုးတိမ်သွားသော သူ့အသံနှင့်အတူ အခန်းတွင်းလေထုသည် ခေတ္တတိတ်ဆိတ်သွားရသည်။ မေမေဟာ တွေဝေမှု ၊ယူကြုံးမရမှုအပေါင်းတို့နှင့် လင်းထက်ကိုငေးကြည့်နေသည်။
ထို့နောက် မေမေသည် စိတ်ကို ထပ်၍လျှော့ချဟန်ဖြင့်
“သား တွေဝေနေရမှာ မေမေနားလည်ပါတယ်ကွယ်၊ သားဖက်တွယ်ထားတဲ့ချစ်ခြင်းမေတ္တာကို မေမေလက်မခံနိုင်ပေမဲ့ ဒါကိုအဆုံးသတ်ဖို့ သားအတွက် ခက်ခဲမယ်မှန်းလည်း မေမေနားလည်ပါတယ်၊ ဒါပေမဲ့ မေမေပြောမယ် သားငယ်၊ မေမေတို့ဘဝမှာ ဘဝလက်တွဲဖော်ကို ရွေးတဲ့အခါမှာ ချစ်ခြင်းမေတ္တာကအဓိကကျတယ်ဆိုတာမှန်ပေမဲ့ အဲဒါထက်ပိုပြီးအရေးပေးရမှာတွေလည်းအများကြီးပဲ သား၊ အကျင့်စရိုက်တွေ၊ ဂုဏ်သိက္ခာတွေ၊ အသိုင်းအဝိုင်းတွေ၊ ပညာအရည်အချင်းတွေ၊ လူမျိုးဘာသာတွေ၊ အသက်အရွယ်တွေ အို အများကြီးပါပဲ၊ ဒါတွေရဲ့အရှိုန်အဝါတွေကလည်း လူနှစ်ယောက်ရဲ့ ဆက်ဆံရေးမှာ အများကြီးအကျိုးသက်ရောက်တယ်”
မည်သို့သော လေပြေအေး သိမ်းသွင်းမှုမျိုးနှင့်မှ အစ်ကို့အပေါ်သဘောထားကိုမပြောင်းလဲနိုင်ဘူးဆိုတာ သေချာပေမဲ့ မေမေ့စကားကိုတော့ သူ အလေးအနက် နားထောင်ပေးနေမိသည်။
“အခု သားကိစ္စမှာ တခြားဟာတွေကိုတော့ မေမေမပြောလိုတော့ပါဘူး၊ ယောက်ျားလေးနှစ်ယောက်ဆိုတဲ့အချက်တစ်ခုတည်းကိုပဲ မေမေပြောချင်တယ်၊ ယောက်ျားလေးနှစ်ယောက် ချစ်လို့ရတယ်ပဲ ထားလိုက်၊ ပတ်ဝန်းကျင်ကိုလည်း ခဏထားဉီး၊ သားတို့နှစ်ယောက်ကြားမှာတင် မေမေပြောမယ်၊ သားသိတတ်တဲ့အရွယ်ကနေ အခုအချိန်ထိ သားရဲ့အဝတ်တစ်ထည်ကိုတောင် သားလျှော်ရဖူးလား”
လင်းထက် ဖြည်းလေးစွာ ခေါင်းခါလိုက်မိသည်။
“အိမ်ရဲ့သန့်ရှင်းရေးမပြောနဲ့ သားအခန်းထဲရဲ့ သန့်ရှင်းရေးအတွက်တောင် ကြက်မွှေးတစ်ချောင်း ကိုင်ရဖူးလား”
ခေါင်းခါမိရပြန်သည်။
“ပါးစပ်နဲ့ဖြေ သားငယ်”
“ဟင့်အင်း မကိုင်ရဖူးပါဘူး”
“ဒါဆို ချက်တဲ့ပြုတ်တဲ့နေရာမှာရော ကြက်သွန်တစ်လုံး ဝိုင်းလှီးရဖူးလား”
“မလှီးရဖူးပါဘူး”
“အသားငါးချက်ပြုတ်ဖို့မပြောနဲ့ အသားငါးတန်းထဲနဲ့ စျေးထဲကိုတောင် သားခြေတစ်ချက် ချရဖူးလား”
“မချရဖူးပါဘူး”
“သားဝတ်ဖို့ အဝတ်တွေအတွက်ရော သပ်သပ်ရပ်ရပ်ဖြစ်ဖို့ မီးပူတစ်ချက် တိုက်ရဖူးလား”
မေမေ့မျက်နှာက သားသိပြီလားဆိုသည့် သဘောမျိုးဖြင့် ဝံ့ထည်နေသည်။ ဖေဖေကလည်း မေမေ့ကို တိတ်ဆိတ်စွာ ငေးမောနေသည်။
“ဟင့်အင်း မတိုက်ရဖူးပါဘူး မေမေ”
“အဲဒါတွေအားလုံးကို ဘယ်သူပဲလုပ်ခဲ့လဲ”
တတိတိလှိုက်တက်လာသော ဝမ်းနည်းမှုတို့အား သူကြိတ်မှိတ်မျိုချနေရသည်။ အိမ်မှုတာဝန်တွေတစ်ဖက် အလုပ်တစ်ဖက် လုံးချာလည်နေခဲ့သော မေမေ့ကို သူတစ်ချက်မှ မကူညီခဲ့ရဖူးတာပင်။ မမရှိစဥ်က မမကကူခဲ့ပေမဲ့ မမ,မရှိတော့လည်း မေမေက သူတစ်ယောက်တည်းပဲ အားလုံးကို နိုင်နင်းစေခဲ့တာ။
“မေမေပဲ လုပ်ခဲ့ရတာပါ”
“အဲလိုလုပ်ရဖို့ အဖော်တွေဘာတွေရော မေမေခေါ်ခဲ့လား”
“ဟင်အင်း မခေါ်ခဲ့ပါဘူး”
မေမေက သူလိုချင်သည့်အကွက်ကိုရောက်လာသည့်သဘောဖြင့် လင်းထက်၏လက်တို့အား ဖိညှစ်ဆုပ်ကိုင်လိုက်သည်။
“ဟုတ်ပြီ ဒါဆို အခုမေမေတို့ရဲ့အိမ်ထောင်ရေးမှာ မေမေက ဒါတွေကိုလုပ်နိုင်တယ်ပေါ့၊ တကယ်လို့ သားက သူနဲ့လက်ထပ်ခဲ့မယ်ဆိုရင်ရော သားတို့နှစ်ယောက်မှာ အဲဒါတွေကို ဘယ်သူက လုပ်နိုင်မှာလဲ၊ လုပ်ရုံတင်မဟုတ်ဘူးနော်...လုပ်နိုင်ရမှာ၊ သူက သူ့အသက်အရွယ် သူ့ရာထူးတွေနဲ့ ဒါတွေကိုအကုန်လိုက်လုပ်ပေးနိုင်မယ်လို့ သားထင်လား”
လင်းထက် ခဏတော့ ငိုင်ကျသွားရသည်။
“လုပ်ပေးမဲ့သူရှာလို့ရတာပဲလို့ သားပြောရင်လည်း ရပါတယ်၊ ဒါပေမဲ့ အဲဒါက မတူဘူးဆိုတာ သားကောင်းကောင်းသိပါတယ်”
တိတ်ဆိတ်တွေဝေနေသည့် သူ့ကို မေမေက မေတ္တာမျက်ဝန်းများဖြင့် လွှမ်းခြုံကြည့်လာသည်။
“ချစ်ခြင်းမေတ္တာနဲ့ ချည်နှောင်တိုင်းလည်းမြဲတာမဟုတ်ဘူး သားငယ်၊ ဘယ်လောက်ပဲ သူက သားငယ်အပေါ်ကောင်းပါမယ်လို့ ပြောပြော ပြောင်းလဲတတ်တဲ့လူ့သဘောမှာ သူ့စိတ်တွေက သာယာမှုတွေနောက်လိုက်မသွာဘူးလို့ မေမေတို့ ကျိန်းသေပြောလို့မရဘူး၊ ရိုးရိုးပုံမှန်ဆက်ဆံရေးတွေမှာတောင် ဒါတွေမှာ အဆင်မပြေရင် ဘယ်လောက်ချစ်ချစ် ညည်းညူလာကြတာပဲ၊ ခက်ခဲရတဲ့ သည်အဆင့်ကို ယောက်ျားလေးနှစ်ယောက်အနေနဲ့ သားတို့ဘယ်လိုရင်ဆိုင်မှာလဲ၊ ကြီးကြီးကျယ်ကျယ်ပြောရရင် ရွှေပေါ်မြတင်ထားချင်ရလောက်အောင် မေမေတို့ဖူးဖူးမှုတ်ထားရတဲ့သားငယ်ကို သည်လိုအခက်အခဲတွေနဲ့ လုံးဝမကြုံစေချင်တာ မေမေ့ရဲ့အတ္တပဲ”
“သား လုပ်နိုင်ပါတယ် မေမေ”
“ဟင်”
“စောနကမေမေပြောခဲ့တဲ့အချက်တွေကို သား လုပ်ပေးနိုင်ပါတယ်လို့”
မေမေ့မျက်ဝန်းတွေဟာ ရုတ်ချည်းမှုန်မှိုင်းသွားသည်။
“ဘာရယ်...သားကလုပ်မယ် ဟုတ်လား”
“သားကအငယ်မို့ အစ်ကို့အတွက် သားလုပ်နိုင်ပါတယ် မေမေ၊ သည်ကိစ္စအတွက် သားတို့ဆက်ဆံရေးကိုမထိခိုက်စေရပါဘူး”
“အို...မေမေတို့ကတော့ ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်နဲ့ မေမေတို့ရဲ့သားယောက်ျားလေးကို ဘယ်လောက်ဘုန်းမြင့်ကံမြင့်ထားပေးခဲ့ရလဲ၊ ဒါကို မင်းက ယောက်ျားတစ်ယောက်အတွက် အကုန်လုပ်ပေးတော့မယ်ပေါ့ ဟုတ်လား၊ မင်း ဘယ်လိုတောင် မိုက်မဲနေရတာလဲ လင်းထက်နောင်ရယ် ဟမ်၊ သည်မိဘတွေကို တစ်ချက်မှ မငဲ့တော့ရလောက်အောင် အဲဘက်ကို အဲလောက်တောင် အလေးသာနေပြီလား”
ပြောရင်း မေမေက မျက်ရည်ကျလာသည့်အခါ လင်းထက်လည်း ထိန်းထားသမျှ မျက်ရည်တို့အား လွှတ်ချရတော့သည်။
“သား တောင်းပန်ပါတယ် မေမေရယ်၊ သား တကယ် တောင်းပန်ပါတယ်”
ဖြောင်းဖျသိမ်းသွင်းသည့်စကားလုံးတွေထက် မျက်ရည်လက်နက်တို့ကပိုပြီး စွမ်းလေတာက လက်တွေ့ပါပင်။ မေမေ့ကို သိမ်းကာပွေ့ဖက်လိုက်ရင်း နှစ်သိမ့်ဖို့စကားလုံးတို့ကိုတော့ ရှာမတွေ့ပါ။ မေမေ့စကားကို သားနားထောင်ပါမယ်လို့ မပြောနိုင်အောင် အစ်ကို့ကိုလည်း မစွန့်လွှတ်နိုင်သည်မို့။
“တော်ပြီ နွယ်၊ သားလည်း ပင်ပန်းနေရောပေါ့၊ သားကိုနားခိုင်းလိုက်ပါတော့၊ နွယ်လည်း အများကြီးပင်ပန်းထားတာကို၊ စောစောနားသင့်ပြီ၊ နောက်နေ့မှ ဆက်ဆွေးနွေးကြတော့၊ နှစ်ဉီးနှစ်ဖက် ထိခိုက်မှုအနည်းဆုံးလမ်းကို ဖေဖေတို့ရွေးကြတာပေါ့၊ မိသားစုအတွင်းမှာ သူစိမ်းတစ်ယောက်အတွက် သွေးဝမ်းမကွဲဖို့ပဲ ဖေဖေမျှော်လင့်တယ်”
လင်းထက်ရင်ထဲနင့်သွားရသည်။ အစ်ကိုဟာ လင်းထက်အတွက် သူစိမ်းတစ်ယောက်မှ မဟုတ်လေတာ။ နွမ်းနယ်နေဟန်ရှိသည့် မေမေ့မျက်နှာကြောင့်လည်း သူ့ရင်ထဲ အားနာခြင်းတို့ဖြင့် စောဒကထပ်မတက်နိုင်။ မေမေက စိတ်လွတ်ကိုယ်လွတ် လွှတ်ချမိသွားသော မျက်ရည်တို့အား ပွတ်ဆွဲသုတ်လိုက်ပြီး အမူအရာတို့ကို ချက်ချင်းထိန်းချုပ်သည်။
“အင်း ဟုတ်သားပဲ၊ သားငယ် ပင်ပန်းနေမှာပဲကို သွားအိပ်တော့၊ ဘယ်လိုပဲဖြစ်ဖြစ် မေမေက သားကိုအများကြီးချစ်တယ်ဆိုတာတော့ သိထားပေး၊ ချစ်လွန်းလို့ ချစ်လွန်းလွန်းကို မေမေတားနေရတယ်ဆိုတာလည်း သိထားပါကွယ်”
“သားသိပါတယ် မေမေ၊ သားကောင်းကောင်းသိပါတယ်၊ သည်အခြေအနေမှာ သားကရှေ့ဆက်တိုးမယ်ဆိုရင်တောင် မေမေတို့က သားကိုမစွန့်ပစ်ဘူးဆိုတာလည်း သားကောင်းကောင်းသိပါတယ်၊ အဲလိုပဲ မေမေတို့လက်မခံဘဲ သားက မေမေတို့ကိုစွန့်ခွာပြီး အစ်ကို့ဆီမသွားနိုင်ဘူးဆိုတာလည်း မေမေတို့ကောင်းကောင်းသိပါတယ်”
ပြောရင်း လင်းထက်ရင်ထဲ စို့တက်လာသည်။ အဆုံးထိ မေမေတို့က လက်မခံဘူးဆိုလျှင် အစ်ကို့ကို သူတကယ်စွန့်လွှတ်ရမည်လား။
“ဒါပေမဲ့ သားအနေနဲ့ အစ်ကို့ကို မေ့...မေ့ပစ်ဖို့လည်း မဖြစ်နိုင်ပါဘူး၊ သား လုံးဝ လုပ်နိုင်စွမ်းမရှိပါဘူး၊ ဒါကြောင့် မေမေတို့ ဆုံးဖြတ်ချက်ချတဲ့အခါ ပတ်ဝန်းကျင်ဆိုတာထက် မေမေတို့ချစ်တယ်ဆိုတဲ့ သားရဲ့ခံစားချက်ကို ဉီးစားပေးတွေးပေးမယ်လို့ သားမျှော်လင့်ပါရစေ”
မှုန်မှိုင်းသွားသော မေမေ့မျက်ဝန်းတွေဟာ ကောင်းသည့်အဓိပ္ပါယ်လား၊ ဆိုးသည့်အဓိပ္ပါယ်လား သူမဝေခွဲနိုင်။
“နောက်ပြီး သားအပေါ် အစ်ကို့ရဲ့ကောင်းခြင်းဆိုးခြင်း၊ သင့်တော်ခြင်းမသင့်တော်ခြင်းတွေကို ဆုံးဖြတ်တဲ့အခါမှာလည်း အစ်ကိုက သားအသက်ကို နှစ်ကြိမ်တိတိကယ်ခဲ့ဖူးတယ်ဆိုတာလည်း သတိရပေးပါ”
သည်တစ်ခါ မေမေ့မျက်ဝန်တွေကတော့ ကောင်းသည့်အဓိပ္ပါယ်ဖြင့် ဝေဝါးသွားသည်မှာ အသေအချာ။ ဖေဖေကတော့ မေမေ့ကိုတလှည့်၊ လင်းထက်ကိုတစ်လှည့်ကြည့်ရင်း တွေးဆဆ။
“သား သွားလိုက်ပါဉီးမယ်၊ ဖေဖေနဲ့မေမေလည်း သားအတွက် အရမ်းစိတ်မဖိစီးပဲ ကောင်းကောင်းနားကြပါ၊ ဖေဖေပြောခဲ့သလိုပါပဲ၊ ဖေဖေ့သားသမီးတွေက အမှန်ကန်ဆုံး အကောင်းဆုံးလုပ်ရပ်တွေကိုပဲ လုပ်ခဲ့ကြတာပါ၊ သားအတွက်တော့ အစ်ကို့ကိုရွေးချယ်ခဲ့တာက သားဘဝတစ်လျှောက်လုံးမှာ အမှန်ကန်ဆုံးလုပ်ရပ်ပါပဲ”
ဖေဖေနဲ့မေမေ နှစ်ယောက်လုံးအား ခေါင်းငုံ့နှုတ်ဆက်ပြီး အခန်းထဲမှ ထွက်လာတော့ အခန်းရှေ့၌ရပ်နေသော ကိုကို့ကိုတွေ့လိုက်ရသည်။
“ကျွန်တော် စောစောနားတော့မယ် ကိုကို”
မည်သူနှင့်မှ အကျိုးအကြောင်းရှင်းမနေချင်တော့တာမို့ ခေါင်းငုံ့လျက် ခပ်တိုးတိုးဆိုတော့ ကိုကိုက ပခုံးကိုခပ်ဖွဖွပုတ်ရင်း
“အင်း၊ ဂွတ်ဒ်နိုက်ညီလေး၊ ဖိုက်တင်း”
မော့ကြည့်မိသည့်ကိုကိုမျက်ဝန်းတွေက ကြည်စင်နေသည်။ ခဏတာဆုံကြည့်ပြီးနောက် ကိုကို့၏သဘောကို တစ်စွန်းတစ်စနားလည်သွားသည့်အခါ စိတ်သက်သာရာရစွာ ပြုံးမိသည်။
“ကျေးဇူးတင်ပါတယ် ကိုကို”
အနည်းဆုံးတော့ ကိုကိုနဲ့မမက သူ့ဘက်မှာရှိနေပါသေးသည်။
*************
ဒေါက်...ဒေါက်...။
သားငယ်ထွက်သွားပြီးသိပ်မကြာ ထွက်ပေါ်လာသော တံခါးခေါက်သံကြောင့် ဒေါ်လင်းလက်နွယ်၏အကြည့်များက အခန်းတံခါးရှိရာသို့ ရောက်သွားသည်။
“မေမေ သားပါ”
သားကြီးလင်းသက်မောင်၏အသံဖြစ်၍ သက်ပြင်းအသာချမိရင်း
“ဝင်ခဲ့လေ သား”
တံခါးကိုတွန်းဖွင့်ဝင်လာပြီးနောက် လင်းသက်မောင်က ဒေါ်လင်းလက်နွယ်၏ဘေးသို့ ဝင်ထိုင်လာသည်။
“သား ပြောစရာနည်းနည်းရှိလို့ပါ မေမေ”
“အင်း အတော်ပါပဲ၊ မေမေလည်း သားကိုပြောစရာရှိနေတာ”
ဉီးမျိုးထက်သည် ဇနီးဖြစ်သူအား တစ်ချက်လှမ်းကြည့်လာသည်။ သူနှင့်ဘာမှမတိုင်ပင်ထားခြင်းကြောင့် ဇနီးဖြစ်သူဘာပြောချင်သလဲ မခန့်မှန်းနိုင်ဖြစ်နေရသည်။
“မေမေဘာပြောချင်တာလဲ အရင်ပြောလေ”
ဒေါ်လင်းလက်နွယ်သည် ခဏတာငြိမ်သက်နေပြီးမှ ပင့်သက်တစ်ချက်ရှိုက်ရင်း ယောင်ဝါးဝါးဖြစ်နေရသည့် ဆုံးဖြတ်ချက်ကို ယတိပြတ်ဖြစ်စေလိုက်သည်။
“သားညီလေးကို သားဆီကို မေမေပို့ချင်တယ်”
“နွယ်...”
ဉီးမျိုးထက်က တအံ့တဩခေါ်သလို လင်းသက်မောင်မှာလည်း သက်ပြင်းအသာအယာချမိရသည်။
မေမေက သူ့သားငယ်ကို ယခုလိုအဝေးပို့ဖို့မဆိုထားနှင့် မျက်စိအောက်ကအပျောက်မခံနိုင်လောက်အောင်ထိအရမ်းချစ်မှန်း လင်းသက်မောင်အသိဆုံးမို့။
“အင်း ကျွန်တော်လည်း ညီလေးကိစ္စပဲ ပြောချင်နေတာ”
ဖေဖေရောမေမေရောက သူ့ထံ စိတ်ဝင်တစားကြည့်လာကြသည်။
“ညီလေးကို ကျွန်တော့်ဆီပို့မယ်ဆိုလည်း ကျွန်တော် ဝမ်းမြောက်ဝမ်းသာကြိုဆိုမှာပါပဲ မေမေ၊ ဒါပေမဲ့ သည်လိုဆက်သွယ်ရေးတွေလွယ်ကူနေတဲ့အချိန်မှာ ညီလေးကိုအဝေးပို့တာက သူတို့ဆက်ဆံရေးကိုဖြတ်လိုက်နိုင်လိမ့်မယ်လို့တော့ ကျွန်တော်မထင်ဘူး”
“အင်း အနည်းဆုံးတော့ အနေဝေးတဲ့အခါ သားငယ်စိတ်ဖြတ်နိုင်ဖို့ ပိုလွယ်မှာပါ”
ပြတ်သားနေဟန်ရှိသော မေမေ့ကြောင့် လင်းသက်မောင် သက်ပြင်းသာ ခိုးချမိရသည်။ မေမေ့ကို စိတ်မညစ်စေချင်ပေမဲ့ ညီလေးကိုလည်း သနားရသည်မို့...
“ညီလေးတို့ကို ခွင့်ပြုလိုက်လို့မရဘူးလားဟင် မေမေ”
“ဘာရယ်...သား၊ မေမေဘယ်လိုစိတ်နဲ့များ ခွင့်ပြုရမှာလဲ သားရယ်၊ မေမေမွေးထားတဲ့သားကို လူတကာက အခြောက်လို့ လက်ညိုးဝိုင်းထိုးမဲ့အဖြစ်ကို မေမေက ဘယ်လိုများခွင့်ပြုရမှာလဲ ဟမ်”
ခုနက သားငယ်ကို သနားစိတ်ဖြင့်ထုတ်မသုံးခဲ့ရသည့်စကားလုံးအား နှုတ်မှပြောရင်းဖြင့်ပင် ဒေါ်လင်းလက်နွယ် ရင်ထဲကနာသည်။
“မေမေက အများကြီး တွေးပူနေမိတာပါ၊ တကယ်တော့ ညီလေးက ယောက်ျားလေးတစ်ယောက်နဲ့တွဲနေခဲ့ရုံလေးနဲ့ အဲဒါက လက်ညိုးထိုးစရာကိစ္စတစ်ခု ဖြစ်မသွားပါဘူး မေမေရယ်”
“မဟုတ်ရင်ရော ဂုဏ်ပြုစရာကိစ္စဖြစ်နေလို့လား သား၊ ယောက်ျားတစ်ယောက်က သူနဲ့မျိုးတူ ယောက်ျားတစ်ယောက်ကို ချစ်တယ်ဆိုတာက ဘယ်လိုမှ ပုံမှန်မဟုတ်တဲ့ ကိစ္စပဲ”
“ကျွန်တော်တို့ဆီမှာတော့ ပုံမှန်ပဲမေမေ”
“ဘယ်လို...”
“ကျွန်တော်နေနေတဲ့နိုင်ငံမှာတော့ အဲကိစ္စကပုံမှန်ပါပဲလို့ မေမေ၊ ယောက်ျားလေးနှစ်ယောက်ဖြစ်နေလို့ မိန်းကလေးနှစ်ယောက်ဖြစ်နေလို့ဆိုတာတွေရှိမနေပါဘူး၊ ယောက်ျားလေးနှစ်ယောက်ပဲဖြစ်ဖြစ် မိန်းကလေးနှစ်ယောက်ပဲဖြစ်ဖြစ် လက်ထပ်လို့ရတဲ့အထိကို ပုံမှန်ပါပဲ”
ဒေါ်လင်းလက်နွယ်က မယုံနိုင်ဟန်။
“အခုခေတ်မှာ အားလုံးကအမြင်ကျယ်နေကြပြီမေမေရဲ့၊ ခေတ်လူငယ်တစ်ယောက်ဖြစ်တဲ့ ညီလေးကလည်း သည်လိုမျိုးဖြစ်သွားတာကို သားတို့အပြစ်တင်လို့မရဘူး၊ နောက်ပြီး ဒါက ဘယ်သူ့ကိုမှ ထိခိုက်နေတဲ့ကိစ္စလည်းမဟုတ်လို့ ပြစ်မှုမမြောက်ဘူးလို့လည်း သားကတော့ ယူဆတယ်၊ ကိုယ်နဲ့မဆိုင်ပါဘဲ ကိုယ့်ကိုယ်လည်း ထိခိုက်မှုတစ်စက်မရှိပါဘဲ ရွံတယ်ရှာတယ်ပြောနေတဲ့လူတွေက အမွှန်းတင်မဲ့သိက္ခာကိုတော့ မက်မောမနေပါနဲ့ မေမေ၊ သားတောင် ပုံမှန်လို့ လက်ခံနိုင်နေတဲ့ ကိစ္စကို မေမေတို့ကိုလည်း လက်ခံစေချင်တယ်၊ ညီလေးရဲ့ အပျော်တွေကို တခြားသူတွေရဲ့ အမြင်တွေနဲ့ မလဲစေချင်ဘူး၊ လဲဖို့လည်းမတန်ဘူး မေမေ”
ဒေါ်လင်းလက်နွယ် တိတ်ဆိတ်သွားရပြန်သည်။
“သေချာ ခေါင်းအေးအေးနဲ့စဥ်းစားပါ မေမေ၊ လိင်တူချင်းချစ်တာက သည်ခေတ်မှာ ရှက်စရာမဟုတ်တော့ပါဘူး၊ အဲအချက်တစ်ခုတည်းနဲ့ ညီလေးကို ဝမ်းမနည်းစေလိုက်ပါနဲ့”
ငယ်စဉ်ကတည်းက ရွှေစိတ်တော်အညိုးမခံရလောက်အောင် တန်ဖိုးထားခံရတဲ့ မိသားစုရဲ့အငယ်ဆုံးလေးအတွက် အခန်းထဲရှိလူအားလုံးဟာ ကိုယ်စီသက်ပြင်းရှိုက်လျက်။
*********************
အားလုံးကိုကျေးဇူးတင်လျက်
ဆာကူရာရိန်း🌸