Chapter-3(Unicode)

76K 7.4K 1.5K
                                    


ထမင်းစားခန်းမှ စကားသံအချို့ဟာ အခန်းပြင်ထိ လွင့်ပျံလာသည်။ လင်းထက် မီးဖိုခန်း တံခါးဝသို့ ကပ်သွားကာ အထဲသို့ ချောင်းကြည့်လိုက်၏။ ပထမဆုံး ဘေးတိုက်လှမ်းမြင်လိုက်ရသော ဦးဖြိုးစည်လင်းသူက ဘာကိုသဘောကျမှန်းမသိဟက်ဟက်ပက်ပက်ရယ်မောနေသည်။

တကယ်ကို မနက်ကရုပ်နဲ့ တခြားစီပါ။ မနက်က လင်းထက် သွားဖိတ်တော့ ရုပ်တည်နဲ့ အားသလိုလို မအားသလိုလို ပြန်ပြောပြီး ယခု မမနှင့်ကျတော့ လေကို ဖြူးဖြောင့်နေသည်။

"ဟယ်...လင်းထက်၊ ဘာချောင်းနေတာလဲ"

ရုတ်တရတ် မီးဖိုခန်းဝသို့ လှည့်ကြည့်ကာ ဆိုလာသော မမကြောင့် လင်းထက်ခန္ဓာကိုယ်တုန်တက်သွား၏။ ဦးဖြိုးစည်လင်းသူနှင့် ကျန်အစ်မနှစ်ဦးကလည်း လှည့်ကြည့်လာသည်။

"ဟို...ဟို"

"ဗိုက်ဆာနေပြီလား လင်းထက်လေး၊ အာ့ဆို လာ...မမတို့နဲ့ တစ်ခါတည်း ဝင်စားလိုက်တော့လေ"

ခေါင်းကို ခပ်မြန်မြန်ခါယမ်းလိုက်ရင်း ဗိုက်ထဲမှ ဆာလောင်မှုကို အသိအမှတ်ပြု ခံစားလိုက်ရသည်။

"လာပါ...မောင်လေးရဲ့၊ အစ်မတို့က အားနာစရာမှ မဟုတ်တာ၊ လာ...လာ"

အစ်မမေသဇင်ကလည်း ပြုံးရွှင်စွာလှမ်းခေါ်သည်။ လင်းထက် ဦးဖြိုးစည်လင်းသူထံ အကြည့်ရောက်သွားမိသည်။ ကိုယ့်အိမ်မှာကိုယ်ထမင်းစားဖို့ကို သူ့ကိုကြောက်နေမိသည့် အဖြစ်ရယ်။

တကယ်လည်း လင်းထက် ဗိုက်ဆာ၍ ဆင်းလာခြင်းပါ။ ဧည့်သည်တွေပြီးမှ စားဖို့ စိတ်ကူးထားသော်လည်း ဧည့်သည်တွေက လာတာနောက်ကျသဖြင့် လင်းထက်လည်း ထမင်းစားနောက်ကျနေရသည်။

"တစ်ခါတည်း လာဝင်စားလေ လင်းထက်နောင်"

မတည်မပြုံးမျက်နှာထားဖြင့် ဦးဖြိုးစည်လင်းသူကပါ ခေါ်လာ၍ လင်းထက်မငြင်းသာတော့ဘဲ ရဲရဲဝံ့ဝံ့ ဝင်ထိုင်မိသည်။ အနီးစပ်ဆုံး ခုံလွတ်က ဦးဖြိုးစည်လင်းသူ၏ ဘေးတွင်ရှိသဖြင့် သူ့ဘေးတွင်ပင် ခပ်ကုတ်ကုတ်ဝင်ထိုင်လိုက်သည်။ မမက ထမင်းထခူးပေးသည်။

ထို့နောက် မမတို့က စကားဆက်ပြောရင်း စားနေကြသော်လည်း လင်းထက်ကတော့ ခပ်ကုတ်ကုတ်ဖြင့် နီးစပ်ရာ ဟင်းပန်ကန်ထဲမှ ဟင်းတွေနှင့်သာ ထည့်စားနေမိသည်။ လင်းထက်ကြိုက်သည့် ဝက်သားအချိုချက်က လင်းထက်နှင့် ခပ်လှမ်းလှမ်းမှာမို့ ကုန်းကုန်းကွကွမယူချင်။ ထို့ကြောင့် မျက်လုံးဖြင့်သာ ရှုစားနေမိတော့သည်။ အခုတော့ ဗိုက်အရမ်းဆာလွန်း၍ အဆာပြေရုံလေး စားထားမည်။ ဧည့်သည်တွေပြန်သွားမှ အဝထပ်စားမည်ဟု စိတ်ကူးမိသည်။

သားဖွားခန်းက ရင်ခုန်သံ(သားဖြားခန္းက ရင္ခုန္သံ)(Complete)Where stories live. Discover now