သည်မောင် လက်ခုပ် တီးပါ့မယ် (...

By moe_for_more

144K 11.5K 3.1K

အစ်ကိုထွင်းက ဇာတ်စင်ပေါ်မယ် အချိုးအချိတ်ကျကျ လှလှကလေး ကကြိုးဆင်ပါလေ....သည်မောင်ကတော့ ဇာတ်စင်အောက် တစ်နေရာကနေ... More

Author's note
၁ (Z)
၂(Z)
၃(Z)
၄ Z
၅(Z)
၆(Z)
၇(Z)
၈(Z)
၉(Z)
၁၀
၁၀(Z)
၁၁
၁၁(Z)
၁၂
၁၂ (Z)
၁၃
၁၃ (Z)
၁၄
၁၄ (Z)
၁၅
၁၅ (Z)
၁၆
၁၆ (Z)
၁၇
၁၇ (Z)
၁၈
၁၈ (Z)
၁၉
၁၉ (Z)
၂၀
၂၀ (Z)
၂၁
၂၁ (Z)
၂၂
၂၂ (Z)
၂၃
၂၃ (Z)
၂၄
၂၄ (Z)
၂၅
၂၅ ( Z)
၂၆
၂၆ (Z)
၂၇ (Z)
၂၈
၂၈ (Z)
၂၉
၂၉ (Z)
၃၀
၃၀ (Z)
၃၁
၃၁ (Z)
၃၂
၃၂ (Z)
၃၃
၃၃ (Z)
၃၄
၃၄ (Z)
၃၅
၃၅ (Z)
၃၆
၃၆ (Z)
၃၇
၃၇ (Z)
၃၈
၃၈ (Z)
၃၉
၃၉ (Z)
၄၀ (ဇာတ်သိမ်းပိုင်း)
၄၀ (ဇာတ်သိမ်းပိုင်း) (Z)
အခပျြပို
အချပ်ပို
အခပျြပို၂
အချပ်ပို၂
မောင့်ဒိုင်ယာရီ
ေမာင့္ဒိုင္ယာရီ
နောက်ကျမှ ရေချိုးမိတဲ့အခါ (ေနာက္က်မွ ေရခ်ိဳးတဲ့အခါ)
ပေသလူးနဲ့ တို့များတစ်ခေတ်မောင်
အဆုံးသတ်မဟုတ်လေသော အဆုံးသတ်
Book Announcement
book cover and details

၂၇

1.7K 173 60
By moe_for_more

Unicode

"မောင်~"

အစ်ကိုထွင်း၏ ချိုကြည်သော ခေါ်သံကလေးကြောင့် တစ်ခေတ်မောင်ရင်ထဲ လှိုက်ဖိုသွားရတော့သည်။ သူ သည်နာမ်စားကလေးကို အစ်ကိုထွင်းနှုတ်က ကြားရဖို့ရာ မည်မျှစောင့်မျှော်နေခဲ့ရသလဲ သူသာ အသိဆုံးပင်။ မောင်...မောင်...မောင်တဲ့။ အစ်ကိုထွင်း တစ်ဦးတည်းက သူ့အတွက် ခေါ်ဆိုမည့် နာမ်စားကလေး။ အစ်ကိုထွင်းတစ်ဦးသာ ပိုင်ဆိုင်သည့် နာမ်စားကလေးပင်။ တစ်ခေတ်မောင်၏ ဝမ်းမြောက်ပျော်ရွှင်သွားသော အပြုံးကြောင့် အစ်ကိုထွင်းမှာ တစ်ဖက်သို့ မျက်နှာလွှဲပြန်ပါ၏။

"သည်နာမ်စားကလေးက သိပ်နားထောင်လို့ ကောင်းတာပဲ အစ်ကိုထွင်း...."

"အင်း..."

တိုးတိုးမျှသာ တုံ့ပြန်ပါ၏။ လရောင်အေးမြမြသည် အစ်ကိုထွင်း၏ ရှက်သွေးလွှမ်းနေပါသော မျက်နှာကလေးထက်ဝယ် ကျရောက်နေလေသည်။ တစ်ခေတ်မောင်ဆိုသည်မှာလည်း အစ်ကိုထွင်းမျက်နှာပေါ် ကျရောက်လေသော လရောင်ကိုဖြစ်စေ၊ အစ်ကိုထွင်းဆံနွယ်ကလေးများအား ကလူဖြတ်တိုက်သွားလေသော လေနုအေးကိုဖြစ်စေ အူတိုတတ်သူဖြစ်သည်။

"သိုပေမဲ့ တစ်ခေတ်မောင်..."

"ဟင့်အင်း...မောင်လို့ပဲ ခေါ်မယ်မဟုတ်ဘူးလား...."

မေးမြန်းသကဲ့သို့ (သို့တည်းမဟုတ်) တောင်းဆိုသကဲ့သို့ ဆိုလာလေသော တစ်ခေတ်မောင်ပါလေ။ သိပ်သဘောကျဖွယ်ကောင်းသည်မို့ ထွင်းအက္ခရာမှာ ရှက်နေရာမှသည် ပြုံးရပြန်တော့သည်။

"ဟုတ်ပါပြီ...မောင်...ငါ့ဆီမယ် တောင်းဆိုစရာကလေးတော့ရှိတယ်ရယ်...."

"ပြောပါလေ...မောင် နားထောင်နေပါတယ်..."

တကယ်တမ်းပြောဖို့ရန်မှာ ထွင်းအက္ခရာမှာ အားတုံ့အားနာဖြစ်နေရသည်။ သို့ပေမဲ့လည်း မပြောမပြီး မတီးမမြည်ဆိုသကဲ့သို့ သူသာ ကြိုမပြောထားပါလျှင် မလိုလားအပ်သည်တို့ ဖြစ်လာနိုင်သည်လေ။

"နှစ်ဦးတည်းရှိချိန်မယ်တော့ 'မောင်'ရယ်လို့ ငါခေါ်မှာပါ...အဖွဲ့သားတွေ အရှေ့မယ်တော့...."

အစ်ကိုထွင်းမှာ တိုးတိတ်၍ တွန့်ဆုတ်သွားတော့သည်။ တစ်ခေတ်မောင်မှာ မည်မျှပင် ကလေးဆန်သည့်အကျင့်ရှိသူဖြစ်နေပါစေ အစ်ကိုထွင်းမည်သည်ကို တောင်းဆိုမည်ဆိုသည်ကိုတော့ ကောင်းစွာနားလည်ပါ၏။ တစ်ခေတ်မောင်မှာ ရင်ထဲ၌ လှိုက်ခနဲ မောသွားရပါသော်လည်း အားတင်းပြုံးလိုက်ရလေသည်။

"မောင် နားလည်ပါတယ်...."

အစ်ကိုထွင်းမှာ သူ့အား အားတုံ့အားနာစွာကြည့်၏။ ချစ်ရသူအား ရဲရဲဝံ့ဝံ့ပေါ်ပေါ်တင်တင် ချစ်နိုင်သည့် စွမ်းအင်မရှိသည်ကြောင့်တော့ သူရင်မောရပါ၏။ အစ်ကိုထွင်း၏ 'အမျိုးသားဖြစ်ခြင်း၊ အမျိုးသမီးဖြစ်ခြင်း'ဟူသော ပညတ်ချက်များကို လုံးဝဥဿုံ ဂရုစိုက်ခြင်းမရှိတော့ပါ။ ယောက်ျားပျိုတစ်ဦးနှင့် ချစ်ကျွမ်းဝင်ရခြင်းကိုလည်း စိတ်အစဥ်တွင် ရှက်ရွံ့အရေးထားနေခြင်းရှိမနေပါ။ သူ့အတွက်မူ လွန်စွာအရေးပါသည်မှာတော့ ချစ်ရသူအစ်ကိုထွင်းတစ်ဦးသာ။ မည်သို့သော ပညတ်ချက်များနှင့် လောကနိယာမဟူသည်များကိုလည်း အရေးမစိုက်နိုင်ပါချေ။

သို့ပေသော်ငြား အရေးစိုက်ရပါသော အစ်ကိုထွင်းကိုယ်တိုင်ကမူ ထိုအရာတို့အား အလေးအနက်ထားနေသည်မို့ သူ့မယ် 'မချစ်သော်လည်း အောင့်ကာနမ်း'ဟူသော အဖြစ်ဖြစ်နေရသည်။ အငြိမ့်ခေါင်းဆောင်မင်းသမီးဖြစ်လေသော အစ်ကိုထွင်း၏ ဂုဏ်သိက္ခာအား ငဲ့ညှာသော အားဖြင့် သူ၏ ဂုဏ်ယူဖွယ် အချစ်ရေးအား ထုတ်မပြောနိုင်ပါချေ။ တစ်ဆက်တည်း အစ်ကိုထွင်းနှုတ်မှ မောင်ဟူသော နာမ်စားကိုပင် ကန့်သတ်ချက်များ၊ တံတိုင်းများကြားကမှသာ ကြားနိုင်တော့မည်။ အစ်ကိုထွင်း မကြားရလေအောင် သက်ပြင်းခိုးချမိလေတော့သည်။

ဒါဟာ ဘဘုန်းကြီးပြောပြောနေသည့် ဝဋ်ဆိုသည့်အရာများလား။ ချစ်သော်လည်း လူရှေ့တွင် ပေါ်ပေါ်တင်တင် မချစ်နိုင်သည်က အရင်ဘဝကများ သူတစ်ပါးချစ်ခြင်းခွဲခဲ့မိ၍လား။ ဝဋ်ကြွေးဆိုလျှင်လည်း အမြန်ဆုံးသာ ကြေချင်ပါတော့သည်။ တစ်ခေတ်မောင်အတွက်မူ အစ်ကိုထွင်းနှင့် တွေ့ဆုံချစ်မြတ်နိုးရခြင်းသည် ဝဋ်ကြွေးတစ်ခုမဟုတ်၊ ကံကောင်းမှုတစ်ခုဖြစ်သော်လည်း အစ်ကိုထွင်းကဲ့သို့သော ပြစ်မျိုးမှဲ့မထင်ချစ်သူတစ်ဦးကို ပိုင်ဆိုင်ထားရပါသော်ငြား မဏ္ဍပ်တိုင် တက်ပြနိုင်ခွင့်မရှိခြင်းသည်သာ ဝဋ်တစ်ခုဖြစ်တော့သည်။

အစ်ကိုထွင်း၏ ပတ်ပတ်လည်တွင် မည်မျှတောင် ပိုးသူပန်းသူ များလိုက်ပါသနည်း။ 'ထွင်းအက္ခရာ'ဟူသော အငြိမ့်လောက၏ အကျော်အမော်လေးအား လိုချင်တပ်မက်သူများမှာ ဒုနဲ့ဒေးရှိနေ၏။ တစ်ခေတ်မောင်ကဲ့သို့ အသေးအမွှားကိုပင် မနာလိုအူတိုတတ်သူအဖို့ 'နောင်ကြီးတို့ ပိုးပန်းချင်နေတဲ့သူကလေးက ကျုပ်ချစ်ရသူဗျ' လို့ မော်မော်ကြွားကြွားထုတ်မပြောနိုင်ခြင်းအပေါ်တော့ မကျေမနပ်ဖြစ်နေမိသည်။ ဤသည်ကား သူ၏ ကြွားလုံးထုတ်ချင်စိတ်မဟုတ်။ အစ်ကိုထွင်းအား ကာကွယ်အုပ်မိုးပေးချင်သာစိတ်ဖြစ်လေ၏။ သူ့အား အစ်ကိုထွင်း နားလည်လျှင် သိပ်ကောင်းပါလိမ့်မည်။

တစ်ခေတ်မောင်မှာ အနီးရှိအစ်ကိုထွင်းအား လွမ်းမောစွာပင် ကြည့်လိုက်မိသည်။ လက်လှမ်းမမှီပါသော နန်းထိုက်ပန်းကလေး။ သူ့ဘဝကလေးမှာ ထိုပန်းကလေးအား လက်ဝယ်ပိုင်ဆိုင်ထားသော်ငြား သူကိုယ်တိုင်က အရုပ်ဆိုးသည်ကြောင့် ထိုပန်းကလေးအား တမြတ်တနိုးဖြင့် ထုတ်ဖော်မပန်ဆင်နိုင်သည့်အဖြစ်ပေ။

"အပြင်မှာ အေးနေပြီ...ဝင်ကြရအောင်လား မောင်...."

တစ်ခေတ်မောင်အား မောင်ဟုခေါ်တွင်ဖို့ရာ နေသားမကျနိုင်သေးပါ။ နှုတ်မရဲရှိလှ၍ ခေါ်ရသည်မှာ တွန့်ဆုတ်ဆုတ်ပင်။ သို့သော်လည်း သူ့ခေါ်သံကလေးအား မောင်က သဘောတကျရယ်လျက် တုံ့ပြန်ပြောဆိုလာသည်ကြောင့် ကျေနပ်သွားရတော့သည်။

"ဟုတ်ပြီဗျာ...."

သို့နှင့် သူတို့နှစ်ဦး ညနက်ခါမှ အိပ်ယာဝင်ခဲ့ကြလေသည်။ သူတို့နှစ်ဦးမှာ တစ်ခြင်ထောင်တည်း မအိပ်ရပါ။ ဘေးချင်းကပ်လျက်သာ အိပ်ကြရသော်လည်း နီးလျက်နှင့်ဝေးကာ ခြင်ထောင်ဇာနှစ်လွှာက ခြားထားလေတော့သည်။

"အိပ်ပျော်သွားပြီလား အစ်ကိုထွင်း..."

"မအိပ်သေးပါဘူးမောင်...."

ခြင်ထောင်အမိုးအား အကြည့်ပို့လိုက်လျက် ပြောလိုက်လေတော့ မောင်မှာ သူ့ဘက်သို့ တစ်စောင်းလှည့်လာလေသည်။

"မောင် အိပ်မပျော်လို့ အစ်ကိုထွင်း လက်ကလေးကိုင်ပြီး အိပ်လို့ရလေမလား...."

ထွင်းအက္ခရာမှာ အာစေးမိသွားလျက် တစ်ခဏမျှ မည်သို့သော စကားမျှ မတုံ့ပြန်နိုင်ခဲ့ပါ။ မျက်တောင်ကလေးများမှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်နေလေပြီး မျက်ဆံညိုကလေးများမှာလည်း ဟိုဟိုသည်သည် ရွေ့လျားနေတော့သည်။ ပြီးသည့်နောက် ထွင်းအက္ခရာမှာ မောင်ဘက်တွင်ရှိသော သူ့ညာလက်အား ခြင်ထောင်အပြင်သို့ ဖြေးညင်းစွာ ထုတ်လိုက်လေတော့သည်။

"ရတာပေါ့ မောင်...."

တစ်ခေတ်မောင်မှ ပြောင်းဖူးစားရသော ကလေးငယ်သကဲ့သို့ ပျော်ရွှင်သွားရကာ မဖုံးနိုင်မဖိနိုင် ပြုံးရယ်မိတော့သည်။ သို့ပေသော်လည်း အသံမထွက်ရဲ။ တစ်ခေတ်မောင်၏ တစ်ဖက်ဘေးတွင် ကိုကြီးငမှေးအိပ်မောကျနေခြင်းကြောင့်ပင်။ တစ်ခေတ်မောင်သည်လည်း သူ့လက်နှစ်ဖက်လုံးအား ခြင်ထောင်အပြင်သို့ ထုတ်လိုက်ကာ အနည်းငယ် အေးနေလေသော အစ်ကိုထွင်း၏ လက်နုနုအား အုပ်မိုး၍ ဆုပ်ကိုင်ထားလိုက်တော့သည်။

"သည်အေးစက်နေတဲ့လက်ကလေးကို မောင်နွေးအောင်လုပ်ပေးလှည့်မယ်နော်...."

"အင်း...."

အစ်ကိုထွင်းက 'အင်း'ဟုသာ မဝံ့မရဲကလေး အသံပြုပါသည်။ နူးညံ့လှသော လက်ကလေးအား အုပ်မိုးကိုင်တွယ်ထားရသည်မို့ တစ်ခေတ်မောင်၏ ရင်အစုံမှ အေးချမ်းသွားကာ မျက်ခွံများပင် လေးလံလာပေတော့သည်။ မကြာသောအချိန်တွင် တစ်ခေတ်မောင်မှာ ကလေးတစ်ဦးသဖွယ် အေးအေးချမ်းချမ်းအိပ်မောကျသွားတော့၏။

"တကယ့်ညီကလေးလိုပဲ..."

ထွင်းအက္ခရာ တိတ်တဆိတ်ရေရွတ်လိုက်သည်။ သည်စကားသာ မောင်ကြားကြည့် ကျိန်းသေပေါက် ဆူပုတ်ကာ စိတ်ဆိုးပါလိမ့်မည်မှာ မလွှဲဧကန်ပင်။ အတွေးထဲ၌ မောင့် အမူအရာကလေးများအား ပုံဖော်ကြည့်ရင်း အမှောင်ထဲမှ ထွင်းအက္ခရာ၏ အပြုံးကလေးမှာ လင်းလက်သထက်လင်းလက်လာတော့သည်။ ညင်သာစွာဖြင့် မောင့်ဘက်သို့ တစ်စောင်းလှည့်လိုက်ကာ ကျန်လက်တစ်ဖက်ကို ခြင်ထောင်ပြင်ထုတ်၍ အုပ်မိုးထားသော မောင့်လက်တို့အပေါ် တဖန်အုပ်မိုးလိုက်တော့သည်။

"မောင်လည်းပဲ အေးနေတာပါလား..."

မောင့်လက်ဖမိုးလေးအား ဖွဖွပွတ်သပ်ပေးနေမိသည်။ သွေးကြောများ ရုန်းထယှက်ဖြာနေသော မောင်လက်တွေသည် ယောက်ျားဆန်မှုအား ပံ့ပိုးပေးနေပါတော့သည်။

*မောင်...ငါသိပ်ကံကောင်းတယ်မဟုတ်လား....မောင့်လိုချစ်သူတစ်ဦးကို ပိုင်ဆိုင်ရလို့လေ....*

တစ်ဦးတည်း ရေရွတ်ရင်း တစ်ဦးတည်းရှက်နေမိသည်။ အများသူငှာရှေ့ တည်ကြည်သိမ်မွေ့စွာ နေတတ်လေသူ ထွင်းအက္ခရာမှာ မောင့်ရှေ့တွင်တော့ အရှုံးသမားကလေးဖြစ်သွားရကာ ရှက်ရမ်းရမ်းရတတ်သည်။ ထွင်းအက္ခရာ အတွေးစတို့ကို ဖြတ်လိုက်လေပြီး မောင့်မျက်နှာကိုငေး၍ အိပ်စက်ရန် ကြိုးစားလိုက်ချည်တော့သည်။

နေမပွင့်တပွင့်ဖြင့် မြူများဆိုင်းချိန်တွင် တစ်ဖွဲ့သားလုံး အိပ်ယာနိုးကြပြီဖြစ်သည်။ စောင်ပါးကလေးများ ကိုယ်စီခြုံ၍ အိမ်ရှေ့ မြေမာမာပေါ်တွင် ဆောင့်ကြောင့်ကလေးများထိုင်ကာ မီးလှုံကြရသည်။ ချမ်းအေးနေပါသော်လည်း ဆရာရသ၏မိခင်အိုကြီးမှာ ပြုံးပျော်နေပါတော့သည်။ အရွယ်အလတ်ပေါင်းစုံသော တူ,သားများသည် ယခုကဲ့သို့ သူမခြံဝင်းထဲ ဝိုင်းစုထိုင်ကာ စည်းစည်းလုံးလုံးဖြင့် မီးလှုံနေကြခြင်းသည် မည်မျှ ငြိမ်းချမ်းလိုက်သည့် မြင်ကွင်းလဲလေ။ သူမမှာ မီးမလှုံဘဲနှင့်တောင် ထိုနွေးထွေးမှုကလေးဖြင့် အချမ်းဒဏ်ကို အံတုနိုင်မည်ဖြစ်သည်။

"မီးလည်းလှုံရင်း ကန်စွန်းဥဖုတ်ကလေးလည်း စားကြရင်းပေါ့...."

ထိုသို့ဆိုကာ ဒေါ်ဘူးသီးက ကန်စွန်းဥဖုတ်များအား အယောက်စေ့ လိုက်ဝေသည်။ လူများဝိုင်းအုံနေသည့် မီးပုံဘေးတွင်တော့ ဆီနှင့်ဆားအား အချိုးကျရောနှောထားလေသော ဇလုံကလေးရှိလေသည်။ ကန်စွန်းဥဖုတ်ချိုချိုကလေးအား ဆီဆားလေးနှင့် တို့ဆားရခြင်းမှာ အတော်သဘောတွေ့ဖွယ်ဖြစ်သည်။ သဲလွန်းလှသည့် တစ်ခေတ်မောင်မှာ ထွင်းအက္ခရာဘေးတွင် ပူးကပ်ထိုင်လျက် ထွင်းအက္ခရာအတွက်ပင် ကန်စွန်းဥအခွံနွှာပေးနေပါသေးသည်။ ထွင်းအက္ခရာမှာ ဘေးရှိလူများအား တစ်ချက်ဝေ့ဝဲကြည့်လိုက်သေးသည်။ မည်သူမျှ သူ့အား ဂရုစိုက်မနေမှန်းသိကာမှ တစ်ခေတ်မောင်ကမ်းပေးလာသော အခွံနွှာပြီးသား ကန်စွန်းဥဖုန်ကလေးကို ယူလိုက်လေသည်။

"နို့ အရီးရေ.....ကျုပ်တို့ နေ့လယ်ကျရင်ဖြင့် အင်းထဲမယ် ရေချိုးလို့ရမလားဗျ...."

ငပုမှာ တက်တက်ကြွကြွဆိုသည်။ မန်ကျည်းထုံးရွာကလေးသို့လာလေတိုင်း မန်ကျည်းထုံးအင်းကြီးထဲ ရေမချိုးရမချင်း အိမ်မပြန်တတ်ပါ။ မန်ကျည်းထုံးရွာ၏ အင်းကြီးမှာ သာ၏။ အမြဲတစေ ရေပြည့်လျှံနေတတ်ကာ နွေရာသီတွင်ပင် အနည်းငယ်မျှသာ ရေခမ်းတတ်၏။ လုံးလုံးလျားလျားမကုန်ခမ်းတတ်။ သို့ကြောင့်မို့ ထိုအင်းကြီးမှာ ရွာ၏ အချစ်တော်ဖြစ်နေ၏။ အင်းအား ကျောပေးကာ အိမ်များဆောက်ကြပါသော်လည်း အင်းကြီးအတွင်း အညစ်အကြေးစွန့်ထုတ်ခြင်းတို့မလုပ်ကြပါ။ အင်းကြီးသည် ရွာသူရွာသားတို့အား သောက်ရေပေးအပ်နေသော အဓိကအရင်းမြစ်​​ကြီးဖြစ်သောကြောင့်ပင်။

"ချိုးပါတော် ချိုးပါ...မင်းတို့က နှစ်တိုင်းလာတဲ့ ဧည့်သည်ဆိုလေတော့ အင်းကြီးက မစားလောက်တော့ပေါင်...."

အရီး၏ စကားသံကြောင့် တစ်ခေတ်မောင်ကိုယ်ကလေးတုန်တက်သွားတော့၏။ ငပုနှင့်အတူ သူလည်း ရေချိုးရန် တွေးထားသော်လည်း 'အင်းကြီးက မစားလောက်တော့ပေါင်'ဟူသော စကား၌ လန့်ထိတ်သွားရတော့သည်။ ထို့ကြောင့် ဘေးရှိအစ်ကိုထွင်းအား တိတ်တိတ်ကလေး သူမေးရတော့သည်။

"အင်းက မစားလောက်တော့ဘူးဆိုတာက ဘာသဘောများလဲ အစ်ကိုထွင်း...."

"ဟုတ်သား...မောင်က အခုမှ သည်ရွာရောက်ဖူးတာ ဆိုလေတော့ ဘယ်သိပါ့မလဲ....သည်ရွာကအင်းက လူစိမ်းဆိုရင် စားတတ်တယ်တဲ့....မေကြီးက ပြောတာပဲ...ဒါ့ကြောင့် ငါတို့ ပထမဆုံး အလည်လာတုန်းက အင်းထဲ ဆင်းဖို့ ခွင့်မပြုခဲ့ဘူးရယ်...ခဏခဏ လာလည်ဖန်များလာတော့ သူစိမ်းမဟုတ်တော့ဘူးလေ...နောက်ပိုင်းမှသာ မေကြီးက ခွင့်ပြုတာရယ်..."

"ဒါဖြင့် မောင်က သည်အင်းထဲမယ် ရေချိုးလို့ မရဘူးပေါ့...."

ဝမ်းနည်းလွန်း၍ တစ်ခေတ်မောင်၏ လေသံမှာ ကျယ်သွားလေ၏။ နှစ်ဦးသားမှာ ခေါင်းချင်းဆိုင်၍ တိုးတိုးတိုးတိုးဖြင့် တွတ်ထိုးနေကြခြင်းဖြစ်သည်ကြောင့် ဆရာရသက အမေးပြုလာတော့သည်။

"ဟိုးက နှစ်ယောက် ဘာတွေများ တွတ်ထိုးနေကြသတုန်း...."

"ဆ...ဆရာရသ...အော်...တစ်ခေတ်မောင်ကလေ အင်းထဲမယ် ရေချိုးချင်တယ်ပြောနေလို့ရယ်...ဒါကြောင့်မို့ အင်းကြီးအကြောင်း ရှင်းပြနေတာပါ ဆရာရသ..."

မနေနိုင်သည့် မေကြီးမှာ စကားဝိုင်း၌ ပါဝင်လာတော့သည်။

"လူလေးက မချိုးနဲ့အုန်းနော့....နောက်များတစ်ခါ ထပ်ရောက်ခါမှ အဲ့ခါမှ တစ်ဝကြီးချိုး...ဟုတ်ပလား...."

တစ်ခေတ်မောင်မှာ ထိုအင်းကြီးအား စရောက်ကတည်းက မျက်စိကျနေခြင်းဖြစ်သည်။ ဤကဲ့သို့ မချိုးရဘူးဆိုလေတော့ သူ့မယ် စိတ်မလန်းတော့ပြီ။

"ကန်စွန်းဥတွေ စားပြီးပြီဆိုရင် ငါ့မြေးတို့ကို အရီးက ကောက်ညှင်းကျည်တောက်လုပ်ကျွေးမယ်နော့...."

တစ်ဖွဲ့သားလုံး၏ မျက်ဝန်းများမှာ တောက်ပသွားတော့၏။

"တို့စားဖို့ရာ ငါးခြောက်ကလေးလည်း ဖုတ်ပေးအုန်းမှာတော့...."

မန်ကျည်းထုံးရွာ၏ ကောက်ညှင်းကျည်တောက်မှာ လွန်စွာ နာမည်ကြီးပါ၏။ ပတ်လုံးအနည်းငယ်သေးသည့် ဝါးများဖြင့် လုပ်ထားကာ ထင်းမီးဖြင့် စိတ်ရှည်လက်ရှည်ဖုတ်ထားလေသော ကောက်ညှင်းကျည်တောက်မှာ ဝါးနံ့ကလေးမွှေးလျက် လွန်စွာစားကောင်းသည်။ ဆီဆားဖြင့်တို့စားလျှင်လည်း ကောင်းသကဲ့သို့ ငါးခြောက်ဖုတ်နှင့်တို့စားလျှင်လည်း အတော်အရသာတွေ့စရာဖြစ်သည်။ တွေးရင်းနှင့်ပင် ထွင်းအက္ခရာမှာ စားဖို့ရန် မစောင့်နိုင်တော့ပြီ။

မေကြီးမှာ လွန်စွာ ဧည့်ဝတ်ကျေသူဖြစ်သည်။ သူမမှာ ခါးမကောင်းတော့၊ ဒူးလည်းနာနေပါ၏။ လမ်းလျှောက်ရာတွင်တောင် အနိုင်နိုင်ဖြစ်ပါသော်လည်း သူ့သားဖြစ်သူ ဆရာရသ၏ အငြိမ့်အဖွဲ့သားများကိုတော့ ကောင်းနိုးရာရာကလေးများ ချက်ပြုတ်ကျွေးချင်နေ၏။ ယခုလည်း သူကိုယ်တိုင် ကောက်ညှင်းဆန်ချင်(ချိန်)၊ သူမကိုယ်တိုင်ရွေးထားလေသော ဝါးကောင်းဝါးသန့်များထဲ သွပ်၊ ထင်းမီးကိုလည်း သူမကိုယ်တိုင်မွှေးရန် ဟန်ပြင်နေသည်မို့ မနေတတ်သူတစ်ခေတ်မောင်မှာ ကူညီညာလုပ်ပေးရတော့သည်။ ကောက်ညှင်းကျည်တောက်ကလေးများအား ထောင်လျက်မီးဖုတ်နေရင်းဖြင့်ပင် ငါးခြောက်များဖုတ်ပေးနေသည်။

"သည်ရာသီက ကောက်ညှင်းကျည်တောက်ရာသီပဲ ငါ့မြေးတို့...ဝဝလင်လင်သာ စားပေတော့...မိဘူးသီးရေ မြေးမတွေအဖို့လည်း သွားပို့ပေးလှည့်အုန်းနော်...."

သူမမှာ အားရဝမ်းသာစွာဖြင့်ပြောရင်း ကောက်ညှင်းကျည်တောက်များကို စိတ်ရှည်စွာခွာ၏။ မွှေးကြိုင်လှသော အလျားလိုက် ကောက်ညှင်းဆန်ဖွေးဖွေးများမှာ စားချင်စဖွယ်။ ဝါးလုံးသဏ္ဍာန်အတိုင်း ရှည်မျောမျောဖြစ်နေသော ကောက်ညှင်းကျည်တောက်ကလေးများအား တစ်ယောက်တစ်ချောင်းကျ ဝေပေးလိုက်သည်။ ဒေါ်ဘူးသီးကိုယ်တိုင် ထောင်းပေးထားလေသော ငါးခြောက်ပန်းကန်ကိုလည်း ချပေးရန်မမေ့ပေ။ သို့နှင့် ပြည့်အင့်စွာ စားသောက်ပြီးသည့်နောက် အဖွဲ့သားများမှာ ငါးမျက်နှာဘုရားထံ သွားဖို့ဟန်ပြင်ကြသည်။

အရီးက ရွာတောင်ပိုင်းမှ နွားလှည်းဆရာကြီး ကိုမြသောင်းအား ခေါ်ပေးသည်မို့ အဆင်ပြေသည်။ နွားလှည်းမှာ အတော်အလျားကျယ်သည်မို့ တစ်ဖွဲ့သားလုံး ကျုံ့လျက်ထိုင်လျှင် ဆန့်ပေ၏။ တစ်ဦးပြီးတစ်ဦး နွားလှည်းပေါ် လွှားခနဲ တက်သွားကြပါသော်လည်း အစ်ကိုထွင်းမှာ အခုထက်ထိပင် နွားလှည်းပေါ် မတက်နိုင်သေးပေ။

"အစ်ကိုထွင်း တက်လေ...."

"ငါ့အရပ်က မမှီဘူးရယ်...ထုံးစံအတိုင်း မေကြီးဆီက ခုံပုကလေးတောင်းအုန်းမှပါလေ...."

"အိုဗျာ...ခုံပုက ဘာကြောင့်များ လိုမတဲ့လဲ..."

မျက်မှောင်ကြုံ့လျက်သူဆိုလိုက်ပြီး အစ်ကိုထွင်းအား ဆွေ့ခနဲပွေ့လိုက်ကာ နွားလှည့်ပေါ်သို့ ဖြေးညှင်းစွာ တင်ပေးလိုက်တော့သည်။ အဖွဲ့သားတို့ကြားထဲ ရောက်နေပြီမို့ အစ်ကိုထွင်းမှာ မောင်ဟု မခေါ်တော့။ ထို့အစား 'တစ်ခေတ်မောင်'ဟုသာ အံကြိတ်သံကလေးဖြင့်ခေါ်ပြီး အရိပ်အကဲပြတော့သည်။

"အိုး...သူရဲကောင်းကြီး အမောင်တစ်ခေတ်မောင်ပါ့လားဟေ...."

ထုံးစံအတိုင်း ငပုက ဝင်ရောက်အာချောင်တော့၏။ တစ်ခေတ်မောင်မှာ မကြားသကဲ့သို့ ဟန်ဆောင်ကာ ရှူတည်တည်ဖြင့် အစ်ကိုထွင်းနံဘေးသို့ ဆွေ့ခနဲ ခုန်တက်ကာ ဝင်ထိုင်လိုက်တော့သည်။

"ကဲ လှည်းဆရာရေ...မောင်းဗျာ...."

ငပုအား ဂရုမထားဘဲ လှည်းဆရာအား သူအသံပေးလိုက်သည်။ လျစ်လျူရှုခံလိုက်ရသော ငပုမှာ ရင်ခံသွားရပြီး ရှုံ့မဲ့ကာဖြင့် ရှေ့တူရူသို့ လှည့်၍ ထိုင်​ေလတော့သည်။

"မိဘူးသီး...ညည်းပြောကြည့်စမ်း...ဟိုသူငယ်နဲ့ အက္ခရာကလေးနဲ့က မလိုက်ဖက်ပေဘူးလား...."

ထွက်ခွာသွားသော လှည်းကိုငေးကာ ပြောလာလေသော အရီး၏ ထူးထူးဆန်းဆန်းစကားကြောင့် မိဘူးသီးခင်ဗျာ ရယ်ချင်ချင်ဖြစ်သွားလေတော့သည်။

"အရီးရယ် ဘာတွေများ ပေါက်ပေါက်ရှာရှာပြောနေရသလဲ...အက္ခရာလေးတို့နှစ်ဦးစလုံးက ယောက်ျားကလေးတွေလေ...."

"ညည်းအေ! အမြင်ကို မရှိဘူး!....ဒါကြောင့်မို့ ညည်းအပျိုကြီးဖြစ်နေတာ သိရဲ့လား...."

ထိုသို့ဆိုကာ သူ့အား ကျောခိုင်း၍ ထွက်သွားသော အရီးအား မိဘူးသီး မျက်နှာမဲ့ရှုံ့ကာကြည့်လိုက်သည်။ နှုတ်တွင်လည်း တွတ်စီတွတ်စီဖြင့် ခပ်တိုးတိုးရေရွတ်လို့။

"တို့ကမရလို့မယူတာမဟုတ်ပါဘူးနော်...မလိုချင်လို့ကို မယူတာ...သိရဲ့လား အရီးရဲ့..."

ထုတ်တော့ အော်မပြောတော့ပါ။ တော်တော်ကြာ 'ညည်းသိပ်လျှာကြောရှည်တာပဲ'ဟု ဆိုကာ ခေါင်းခေါက်ခံရကာမှ ဟုတ်ပေ့ဖြစ်နေပါအုန်းမည်။

တစ်ခေတ်မောင်တို့၏ နွားလှည်းကလေးမှာ တရွေ့ရွေ့ဖြင့်သွားနေလေသည်။ ကိုယ်ထည်ပုဘတ်စ်ကားကလေးများမှာ သူတို့နံဘေးမှ ကျော်တက်၍ သွားတိုင်း ဖုန်တို့ထသွားလေသည်။ တသောသောတော့မဟုတ်ပါချေ။ ဤအရပ်၌ နွေရာသီတွင်သာ ဖုန်ပေါပါ၏။ ဆောင်းတွင် ဖုန်အနည်းငယ်သာရှိသည်။ မိုးတွင်တော့ လယ်သမားဦးကြီးတို့ အဆင်ပြေလောက်သည်အထိ မိုးကောင်းတတ်သည်။

တငြိမ့်ငြိမ့်သွားနေရင်း ချိုင့်တစ်ခွက်နှင့် ဆုံမိကာ လှည်းကလေးမှာ ချိုင့်ခနဲဖြစ်သွားရသည်။ လှည်းပေါ်ပါလာသူတို့မှာလည်း မြောက်ခနဲဖြစ်သွားတော့၏။ တစ်ခေတ်မောင်မှာ မိမိကိုယ်ကိုပင် သတိမထားမိိလိုက်ပါဘဲ အစ်ကိုထွင်း၏ ခါးအား စိုးရိမ်တကြီး လှမ်းဖက်ထားလိုက်မိသည်။ ထို့ကြောင့် မြောက်ပြီးနောက် ပြန်အကျတွင် အစ်ကိုထွင်းမှာ တစ်ခေတ်မောင်ရင်ထဲ အံဝင်ဂွင်ကျကျရောက်သွားလေတော့သည်။

တစ်ခဏမျှ နှစ်ဦးသားမှင်သက်နေမိသည်။ အစ်ကိုထွင်းမှာ တစ်ခေတ်မောင်၏ ရင်ခွင်ထဲ၌ တိုးကပ်နေလျက် တစ်ခေတ်မောင်မှာလည်း အလိုက်သင့်ဖက်တွယ်ထားမိသလိုပင်။ သူ့လက်များမှာလည်း အစ်ကိုထွင်း၏ ခါးနှင့် ပုခုံးပေါ်တွင် တစ်ဖက်တစ်ချက်စီ နေရာယူနေလေတော့သည်။

မောင့်နှလုံးခုန်သံများအား အတိုင်းသားကြားနေရတော့သည်။ ထိုနှလုံးခုန်သံကလေးမှာ စီးချက်ကျလွန်း၍ ထွင်းအက္ခရာမှာ တိတ်တဆိတ်ဖြင့် စီးမျောနားထောင်နေမိသည်။ ထိုသံစဥ်မှာ အတော့်ကို ငြိမ့်ညောင်းနေ၏။ ငြိမ့်ငြိမ့်ညောင်းညောင်းဖြင့် စီးချက်မှန်မှန် ခုန်နေလေသော မောင့်နှလုံးသားမှာ သူ့ကြောင့်များ ထိုသို့ဖြစ်ရသည်လား။ ထွင်းအက္ခရာမှာ လျှပ်တပြက်ပြုံးလိုက်မိတော့သည်။

တစ်ခေတ်မောင်မှာလည်း သေးသွယ်လှသော အစ်ကိုထွင်း၏ ခါးထက်မှ သူ့လက်ကလေးအား မဖယ်ရှားနိုင်ခဲ့။ ထို့ထက်တင်းကြပ်စွာပင် ဖက်တွယ်ချင်မိတော့သည်။ အစ်ကိုထွင်းမှာ သူ့ရင်ခွင်အတွင်း၌ မှီတွယ်လျက်ရှိနေသည်ဟူသောအသိသည် သူ့အား နွေးထွေးစွာ ပြုံးပျော်စေပါသည်။ သို့သော်လည်း အစ်ကိုထွင်းမှာ ခဏအကြာ၌ သူ့ရင်အတွင်းမှ ရုန်းထွက်လာလေ၏။

"ကျေး...ကျေးဇူးပါ....မောင်..."

မောင်ဟူသော ခေါ်သံကလေးမှာ တိုးတိမ်ဝင်သွားသည်။ မည်သူမျှ မကြားနိုင်လောက်သော်လည်း အစ်ကိုထွင်းမှာ သတိကြီးကြီးထားနေပုံရပါ၏။ အစ်ကိုထွင်း ရုန်းထွက်သွားချိန်တွင် တစ်ခေတ်မောင်ရင်ခွင်၌ လစ်ဟာအေးစက်စွာကျန်ရစ်ခဲ့တော့သည်။ ဖြစ်နိုင်လျှင် တစ်သက်လုံးသာ ဖက်တွယ်ထားလိုက်ချင်မိသည်။

"ရောက်ပြီဗျို့!...."

လှည်းဆရာ၏ ဆော်သြသံကြားကာမှ တစ်ခေတ်မောင် သတိကပ်တော့သည်။ သူအရင်လှည်းပေါ်မှ ဆင်းလိုက်ကာ အစ်ကိုထွင်းအား ချိုင်းအောက်မှ လက်လျှိုမ,၍ ကလေးတစ်ဦးသဖွယ် ချီမကာ လှည်းပေါ်မှ ချလေသည်။ ကိုကြီးသာကူတို့မှာ သူ့အား ပိုရန်ကောဟုဆိုကာ စနောက်ကြသည်။

"မဟုတ်မှ မင်းတို့လေ့ကျင့်တဲ့ သီချင်းထဲက အတိုင်း မင်းသမီးကို တကယ်ပိုးပန်းနေပြီလားကွ ဟေ...."

ကိုကြီးရှမ်းလေးမှာလည်း သူ့အား တံတောင်နှင့်တွတ်၍စနောက်ပြန်သည်။ တစ်ခေတ်မောင်မှာ ပြုံးတုံးတုံးသာလုပ်နေလိုက်ရင်း အစ်ကိုထွင်းအား လှမ်းကြည့်မိသည်။ ပြီးနောက် တစ်ဖွဲ့သားလုံး ဘုရားပေါ်သို့ တက်ကြတော့သည်။ အလိုက်သိတတ်လွန်းသည့် ချစ်သူကလေးတစ်ခေတ်မောင်မှာ အစ်ကိုထွင်း၏ ဖိနပ်ကလေးအား ကူကိုင်ပေးရန်မမေ့ပါ။ အစ်ကိုထွင်း အတင်းလုနေသည့်ကြားမှ မရရလေအောင် သူဆွဲယူသယ်လာပေးလေ၏။ ဘုရားပေါ်ရောက်သည့်အခါ ငါးမျက်နှာဘုရား ကျောင်းထိုင်ဘုန်းကြီးထံ တိုက်ရိုက်သွားလိုက်လေသည်။

ကျောင်းထိုင်ဘုန်းကြီးမှာ ဇရာပြနေပြီဖြစ်၏။ သူ့တွင် သက်တော်၅နှစ် ၆နှစ်သာရှိသေးသည့် ကိုရင်ကလေးလည်းရှိသည်။ ငါးမျက်နှာဘုရား လူသိများလာသည်မှာ သိပ်မကြာသေးပါ။ အကြောင်းမှာတော့ ထိုကိုယ်ရင်ကလေးကြောင့်သာဖြစ်သည်။ ထိုကိုယ်ရင်ကလေးမှာ သိုက်ဆက်အနွယ်ဖွားဖြစ်ပြီး ငယ်ငယ်ရွယ်ရွယ်ဖြင့်ပင် သာသနာ့အကျိုးထမ်းရွက်နေသူပင်။ သူ့အိမ်မက်များအရ ငါးမျက်နှာဘုရားပရဝုဏ်အတွင်း ရှာဖွေကြလေရာ များစွာသော ရှေးဟောင်းဘုရားစေတီများ ပေါ်ပေါက်လာလေတော့သည်။ ထိုကိုရင်ငယ်ကလေးသာ ဦးဆောင်လျက် ရှာဖွေတွေ့ရှိထားလေသော ထိုဘုရားပြိုဘုရားပျက်များအား ပြန်လည်ပြုပြင်မွန်းမံလေသည်။ ထိုမှသည် ငါးမျက်နှာဘုရားမှာ များစွာတန်ခိုးကြီးလာကာ လူသိများလာတော့သည်။

ထိုကိုရင်ငယ်ကလေး၏ ဂုဏ်သတင်းမှာလည်း ထိုနယ်တစ်ဝိုက်တွင် ကျော်စောမွှေးပျံ့လျက်ရှိ၏။ ထိုကိုရင်ငယ်လေးကြောင့်သာ ငါးမျက်နှာဘုရားမှာ တန်ခိုးပိုကြီးလာပြီး လူသိများလာကာ ငါးမျက်နှာဘုရားပွဲသည်လည်း စည်ကားသိုက်မြိုက်လာသည်လေ။ ထိုကဲ့သို့သော ပါရမီပြည့်ဝလှသည့် ကိုရင်ငယ်လေးအား တစ်ခေတ်မောင်တို့ ဖူးတွေ့ရသည်မှာ လွန်စွာ ကံကောင်းလှပေသည်။ သမာဓိပြည့်ဝသော ထိုကိုရင်ငယ်လေးမှာ အေးချမ်းကြည်ညိုဖွယ်ကောင်းလှသည်။ အဖွဲ့သားများမှာ ကျောင်းထိုင်ဘုန်းကြီးနှင့် ကိုရင်ငယ်ကလေးအား ဦးချကန်တော့လိုက်တော့သည်။

"ဒကာကြီးတို့ သည်တစ်ခေါက် ရက်နည်းနည်းလောက် နောက်ကျသလားလို့...."

"တင်ပါ့ဘုရား...တပည့်တော် သည်ကအပြန် ဆက်ကရမဲ့ပွဲအတွက် ပြင်ဆင်စရာလေးတွေ များနေလို့ပါဘုရား....."

"ရွာနီးခြောက်စပ်က ရွာသူရွာသားတွေတောင် လှည်းကိုယ်စီနေရာချပြီးပေါ့...ဒကာတို့လည်း သွက်သွက်ပြင်ဆင်ကြလေတော့...ပွဲရက်က နီးပြီမဟုတ်လား...."

"တင်ပါ့ဘုရား...."

ကျောင်းထိုင်ဘုန်းကြီးနှင့် ကိုရင်ငယ်လေးအား ကျိုးကြောင်းလျှောက်တင်ပြီးသည့်နောက် ပွဲစျေးကျင်းပမည့်နေရာသို့ ထွက်လာခဲ့သည်။ ထိုနေရာမှာ ငါးမျက်နှာဘုရားပရဝုဏ်အတွင်းတွင်သာ ရှိပြီး စေတီနှစ်ဆူတည်နေသော တောင်နှစ်လုံးကြားမှ ချိုင့်ဝှမ်းနေရာဖြစ်သည်။ ထိုချိုင့်ဝှမ်းမှာ အတော်ကျယ်၏။ ငါးမျက်နှာဘုရားပွဲကျင်းပလေတိုင်း ထိုချိုင့်ဝှမ်းထဲတွင်သာ ချိမ့်ချိမ့်သဲကျင်းပလေ့ရှိသည်။ ရွာနီးခြောက်စပ်မှ ရွာသူရွာသားတွေမှာတော့ ကိုယ်ပိုင်လှည်းကိုယ်စီဖြင့် နေရာကိုယ်စီယူပြီးနေကြပြီ။ ဝေးလံခေါင်သီသော နေရာမှ လာသူများမှာ ပွဲမတိုင်မီရက်အတွင်း လှည်းများဖြင့် မိသားစုလိုက်လာကြကာ အသုံးအဆောင်ပစ္စည်းအစုံအလင်ပင် ယူလာလေ့ရှိသည်။ ဤနေရာတွင်သာ ထမင်းဟင်းများချက်ပြုတ်စားသောက်ကြသည်။ တဲများထိုး၍လည်း အိပ်ကြသည်များရှိသည်။ ဘုရားပွဲအား အားပါးတရနွှဲနိုင်ဖို့ရာ ကြိုတင်ပြင်ဆင်လာကြတော့သည်။

တစ်ခေတ်မောင်တို့ ရောက်သွားချိန်တွင် ကလေးများအား သနပ်ခါးလိမ်းပေးသူများက လိမ်းပေး၊ ဟင်းချက်သူများက ချက်နှင့် အလုပ်ရှုပ်နေကြသည်။ အများစုမှာ စျေးသည်များဖြစ်ကြသည်။ ထိုသူတို့မှာ တစ်နှစ်တွင် တစ်ခါသာ ကျင်းပသော ဤဘုရားပွဲတွင် စျေးရောင်းနိုင်ဖို့အရေး ကြိုတင်ရောက်ရှိနေကြခြင်းဖြစ်သည်။

"တို့တွေအတွက် နေရာတော့ ကျန်သေးသားဟ...."

ဆရာရသမှာ အားရစွာပြော၏။ ထို့နောက် အဖွဲ့သားများနှင့်အတူ ထိုနေရာသို့ ကြည့်ရှုရန် ထွက်သွားလေတော့သည်။ အစ်ကိုထွင်းမှာ ထွက်သွားဟန်ပြင်နေသည့် တစ်ခေတ်မောင်လက်အား ဆွဲလိုက်လျက် တစ်ဖက်သို့ ဆွဲခေါ်လိုက်သည်။ အစ်ကိုထွင်း၏ မျက်ဝန်းများအတွင်း စိုးရိမ်မှုအပြည့်တည်နေတော့သည်။ အစ်ကိုထွင်းမှာ လေသံတိုးတိုးကလေးဖြင့် သူ့အား ပြောလေတော့သည်။

"မောင်...သည်ဘုရားပရဝုဏ်က အမှားမခံဘူးနော်...စိတ်ပူလို့ သတိပေးတာရယ်....သည်ဘုရားပရဝုဏ်အတွင်းမယ် စကားမမှားစေနဲ့နော်...အဆိုးဆုံးကတော့ ဘုရားသမိုင်းနဲ့ မြစိမ်းတောင်အကြောင်းပဲ....နားလည်ရဲ့လား မောင်....စကားပြော သတိထားလှည့်နော်...."

တစ်ခေတ်မောင်မှာ သူ့အား စိုးရိမ်တကြီးသတိပေးနေသည့်အစ်ကိုထွင်းအား ပြုံးကာကြည့်မိတော့သည်။ လွန်စွာ ချစ်ဖို့ကောင်းနေလေသော အစ်ကိုထွင်း၏ မျက်နှာကလေးနှင့် တန်းတူဖြစ်သွားစေရန် သူ့ဒူးကိုအနည်းငယ်ကွေးညွှတ်ချလိုက်ပြီး အစ်ကိုထွင်း၏ မျက်ဝန်းညိုကလေးများအား တည့်တည့်စိုက်ကြည့်လိုက်ကာ လေသံအေးအေးဖြင့် ပြောလိုက်လေတော့သည်။

"မောင့်ကို စိတ်မပူပါနဲ့...မောင် မမှားတဲ့စကားကိုပဲ ပြောပါ့မယ်....ဥပမာ...အစ်ကိုထွင်းကို မောင် သိပ်ချစ်တယ်ဆိုတာမျိုးပေါ့...အဲ့သည်စကားလေးကိုပဲ အာဂုဏ်ဆောင်နေလိုက်မယ်လေဗျာ..."

အစ်ကိုထွင်းမှာ မျက်လုံးကလေးများ ဝိုင်းစက်သွားပြီးနောက်သူ့အား မျက်စောင်းခဲကာ ကြည့်လေတော့သည်။ ပြီးသည်နှင့် သူ့ဗိုက်ခေါက်အား လှမ်းဆွဲလေတော့သည်။

"အားးး!!! နာတယ်လေ အစ်ကိုထွင်းရဲ့..."

"နာမှ မှတ်မှာမဟုတ်လား...."

ထွင်းအက္ခရာမှာ စကားတတ်သူရွာသားလေးထံမှ ပြေးထွက်လာခဲ့လိုက်ပြီး အဝေးရောက်မှသာ ရင်ဘတ်ကလေးဖိလျက် ပြုံးနေမိတော့သည်။

*မောင် သိပ်လည်တာပဲ....*

===================

29.9.2022🖤ဆွေး🖤

အင်းကြီးက အဟုတ်လူစားတာပါနော်...အဆွေးတောင် ပထမဆုံးအလည်သွားတဲ့အချိန် အင်းထဲရေချိုးဆင်းရင်း ရေနစ်သေမလိုဖြစ်ဖူးတယ်ရယ်....

ကိုရင်ကလေးကလည်း တကယ်ရှိတာပါနော်....အခုထိ ငါးမျက်နှာဘုရားမယ် ကျောင်းထိုင်တုန်းပါ....ကိုယ်တို့အမေကတော့ ဦးဇင်းလေးလို့ ခေါ်တယ်ရယ်....အဆွေးက သက်တော်ငယ်ချိန်လောက်ကို ထည့်ရေးရတာမို့ ကိုရင်ငယ်လို့ သုံးထားတာပါနော်....

[တစ်သက်လုံးရည်းစားမထားဖူးခဲ့သည့် နှစ်ချို့အက်ဖ်အေလေး ထွင်းအက္ခရာ ချစ်သူရသွားသောအခါ -

~~မောင်. မောင်. မောင်. ခေါ်နေမှာပဲ နားညည်းအောင်~~ မောင်. မောင်. မောင်. လူတွေလူတွေ ကြားအောင်လို့~~]

Continue Reading

You'll Also Like

290K 5.1K 47
ဒီဇာတ်လမ်းထဲက " စွဲမက်သျှင် " ဆိုတဲ့နာမည်ကို သာသာ crd ပေးပါတယ်နော် " မင်းညှို့သျှင် " နာမည်နဲ့ လိုက်ဖက်မှုရှိအောင် ထည့်ထားတာမို့လို့ပါရှင့် ဒီ fic လ...
157K 8K 34
Start date : 22.3.2023 ဆန်းကြယ်တဲ့ချစ်ခြင်းမေတ္တာတရားတွေကလည်း လောကကြီးရဲ့တစ်စိတ်တစ်ပိုင်းပဲလို့ ပြောရင် ယုံကြမလား...အသွင်မတူတဲ့သူနှစ်ယောက်ရဲ့ချစ်ခြင်...
1.2M 89.8K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
2.3M 148K 94
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...