Unicode
ဆောင်းရာသီဆိုလျှင် ရာသီဥတုမှာ မယ်မယ်ရရ မှန်ကန်သည်မရှိ။ မနက်မိုးလင်း နေမထွက်ခင်ဆိုလျှင် စိမ့်နေအောင် ချမ်းတတ်ကာ နေထွက်လာပြီဆိုသည်နှင့် ပြင်းစွာပူတတ်သည်။ ညနေနေကွယ်ချိန်တွင်တော့ အပူချိန်ပြန်ကျသွားကာ အေးစိမ့်စိမ့်လေးဖြစ်တတ်သည်။ တစ်ခေတ်မောင်မှာ အစ်ကိုထွင်းကိုယ်တိုင် ပြန်လည်လျှော်ဖွပ်ပေးထားသော အကွက်စိပ်အပေါ်ထပ်အင်္ကျီကလေးအား ဝတ်ဆင်ထားလျက် ချမ်းအေးမှုကို အံတုရန် လက်ကိုတင်းနေအောင် ပိုက်ထားလေသည်။
ဆောင်းလေအေးတို့မှာ ခပ်ကြမ်းကြမ်းတိုက်ခတ်နေပြီး အိမ်ခေါင်းရင်းမှ စံပယ်ရုံကလေးသည်ပင် ဟိုယိမ်းသည်ယိမ်းဖြင့် ကကြိုးဆင်နေ၏။ ထိုစံပယ်ရုံကလေးရှိ မနက်ဖြန်ပွင့်မည့် စံပယ်ဖူးကလေးများမှာ ဖြူလွှလွှဖြင့် ဟိုတစ်စုသည်တစ်စု ရှိနေကြလေသည်။ မနက်ဆိုလျှင် ခူးမလောက်အောင်ပင် ပွင့်ချည်တော့မည်ဟု တွေးမိရင်း တစ်ခေတ်မောင် ဖျတ်ခနဲပြုံးမိပါ၏။ စံပယ်တွေ များများပွင့်ပါလျှင် အစ်ကိုထွင်းအတွက် တစ်ဝကြီး သီကုံးပေးမည်ဟု တွေးထားသည်။
*မောင့်အချစ်တွေကိုသာ စံပယ်ငုံတွေအဖြစ် ဖန်ဆင်းပြီး သီကုံးပါလျှင် လကမ္ဘာထိပင် ကြိုးတန်းသွယ်နိုင်လိမ့်မယ် ထင်ပါရဲ့ အစ်ကိုထွင်း....*
အစ်ကိုထွင်းကို မည်မျှ မြတ်နိုးချစ်ခင်မိကြောင်း ကာယကံရှင် သူကိုယ်တိုင်မှ လွဲ၍ မည်သူသိနိုင်ပါမည်နည်း။ သူ့အချစ်တွေကို စာဖွဲ့ပြပါလျှင်လည်း စာဖွဲ့ပြသလောက်သာ နားလည်နိုင်ကြလိမ့်မည်။ အလုံးစုံတော့ သိနိုင်လိမ့်မည်မဟုတ်။ တစ်ခေတ်မောင်တစ်ယောက် ခပ်တိုးတိုးရယ်မိပြန်သည်။ သူ အဘယ်ချိန်ကများ သည်လောက်ထိ ကဗျာဆန်စာဖွဲ့တတ်သွားသနည်း။ တစ်ခေတ်မောင်မှာ သာမန် အညာသားကလေးဖြစ်သည့်အပြင် ဘုန်းကြီးကျောင်းသားကလေးသာဖြစ်သည်ကြောင့် သူ့ဘဝသည် လွန်စွာ ရိုးရှင်းခဲ့သည်။
လူပြက်တစ်ဦးအဖြစ် စင်ပေါ်ရပ်နိုင်ဖို့ရာ သူ့ရည်မှန်းချက်ဆိုပေသော်လည်း ဆရာကြည်၏ သနပ်ခါးခြံကလေးထဲတွင် သူ့ဘဝကလေးအား မြှုပ်နှံထားရင်း ထိုရည်မှန်းချက်ကလေးမှာ ပျောက်ချင်းမလှပျောက်ရှနေခဲ့၏။ ဆရာကြည်နှင့်အတူ ဆရာတပည့်နှစ်ဦး ဒိုးတူဘောင်ဘက်အလုပ်ကြိုးစားကြရင်း မွေးရပ်မြေရွာကလေးတွင် အေးချမ်းစွာ နေထိုင်မည်။ ဆရာကြည့်ထံ ပေးပို့လာသော ဒေါ်ငွေခင်၏ ပိုးစာပန်းစာများကို တစ်ခေတ်မောင်မှာ ကြားကဖြတ်၍ လုမည်။ သူ့နေ့ရက်တွေဟာ ရိုးရှင်းနေပေလိမ့်မည်။ အသက်အရွယ်ရလာသည့်အခါ ငယ်စဥ်က ကြီးပြင်းခဲ့သည့် ရွာဘုန်းကြီးကျောင်းကလေးတွင် ဘုန်းကြီးဝတ်ရင်း သာသနာ့အကျိုးသယ်ပိုးမည်။ ဤသည်များမှာ သူ၏ ကြိုတင်မှန်းဆချက်များဖြစ်၏။
တစ်နေ့တွင် အငြိမ့်သမကလေးတစ်ဦး သူ့ဘဝထဲ တိုးဝင်လာခဲ့ပြီး သူစီစဥ်ထားခဲ့သော ကြိုတင်မှန်းဆချက်များသည်လည်း ကမောက်ကမဖြစ်သွားချေတော့သည်။ လူတောမတိုးချင်သူ တစ်ခေတ်မောင်မှာ ရန်ကုန်မြို့ကြီးပြကြီးသို့ တက်ရောက်ကာ ချစ်ရသူကို ရှာဖွေရင်း သူ့ရည်မှန်းချက်တို့အား ဖြစ်မြောက်အောင် ဆောင်ရွက်ခဲ့လေသည်။
ယခု ကြည့်လေအုန်း။ တစ်ခေတ်မောင်တစ်ယောက် အသားတို့ပင် စိုလာသယောင်။ နေပူကျဲတဲတွင် ဧကများစွာကျယ်ဝန်းသော သနပ်ခါးခြံဝန်းထဲ အလုပ်လုပ်ခဲ့ရသည့် တစ်ခေတ်မောင်၏ အသားအရေမှာ ညိုခြောက်ခြောက်။ ယခုတော့ဖြင့် အသားပင် အနည်းငယ်ဝင်းလာကာ စိုပြေလာသယောင်။ သူပျော်ရွှင်နေ၍လည်း ဖြစ်လောက်ပေမည်။
တစ်ခေတ်မောင်မှာ ပြုံးတုံးတုံးဖြင့် ခေါက်တုံ့ခေါက်ပြန်လျှောက်နေ၏။ ညကလည်းနက်နေပြီမို့ ဝန်းကျင်တစ်ခုလုံး မှောင်မည်းတိတ်ဆိတ်လို့။ ဘေးအိမ်များမှ ဆီမီးရောင် မှိန်ပြပြနှင့် သဘင်အိမ်အပေါ်ထပ်မှ မီးအလင်းရောင်များကြောင့်သာ လက်တစ်ကမ်းမှအရာများအား မြင်မြင်သာသာရှိနေခြင်း။ လမှာ မပြည့်သေး။ အစွန်းချွန်နေသော အကွေးလေးသဏ္ဍာန်သာရှိနေသေး၏။ လပြည့်ဖို့ရာ လိုသေးသည်။ လပြည့်နေ့ရောက်လျှင်လည်း တစ်ခေတ်မောင်တို့ သည်မယ်ရှိမည်မဟုတ်တော့။ ငါးမျက်နှာဘုရားပွဲတွင် အငြိမ့်ကနေလောက်မည်။
"စောင့်ရတာ အတော်ကြာနေပလား တစ်ခေတ်မောင်...."
အသံတိုးတိုးကလေး ထွက်ပေါ်လာသည်မို့ အိမ်လှေကားဆီသို့ အကြည့်ပို့မိသည်။ စောင့်မျှော်နေရသည့် လမင်းကလေးမှာ ယခုမှ သူ့ရှေ့တွင် ထွက်ပြူ၍လာတော့၏။ အစ်ကိုထွင်းမှာ ခြုံထည်ထူထူလေးအား ပုခုံးပေါ် ခြုံလွှားထားလျက် တည်ငြိမ်လှသော အနေအထားဖြင့် သူ့ထံ လျှောက်လှမ်းလာသည်။ အစ်ကိုထွင်း၏ အပြုအမူများမှာ မိန်းမမဆန်။ မနွဲ့ပျောင်းလှ။ သို့ပေသော်ငြား နူးညံံ့ကာ ညင်သာသည်။ ခြေသံတစိုးတစိမျှမထွက်။ အစ်ကိုထွင်းမှာ မူပိုင်အပြုံးရေးရေးကလေး ပန်ဆင်လျက် ကွပ်ပျစ်ပေါ်တွင် ဖြေးညင်းစွာ ဝင်ထိုင်လေတော့သည်။ တစ်လက်စတည်း သယ်ဆောင်လာသော မီးအိမ်ကလေးကိုလည်း ခပ်ဝေးဝေးတွင် နေရာချလိုက်သည်။ တစ်ခေတ်မောင်မှာလည်း အစ်ကိုထွင်းနံဘေးတွင် ဖြေးဖြေးသက်သာ ဝင်ထိုင်လေတော့သည်။ ကျိုးကျိုးကျွိကျွိမြည်၍မဖြစ်ပေ။ အငြိမ့်အဖွဲ့သားများ အိပ်မောကျနေကြပြီမဟုတ်ပေလား။
"အအေးဓာတ်ကဲလာပြီနော် တစ်ခေတ်မောင်...."
"ဟုတ်ပဗျာ....နေ့လည်က အပူကြီး ပူနေခဲ့ပြီးတော့...."
တစ်ခေတ်မောင်က မကျေနပ်သလိုဆို၏။
"နွေးနွေးထွေးထွေးလေး ဝတ်ထားသင့်တယ်....ငါ့ခြုံထည်လေး ယူထားမလား...."
"မဟုတ်တာဗျာ...ကျုပ်လို အညာသားလူကြမ်းကြီးအတွက် သည်လောက် အအေးဓာတ်က ဘာမျှမဟုတ်ပေါင်....ရွာမှာ ရှိစဥ်အခါကဆိုရင် ပူပူအေးအေး ကိုယ့်အလုပ်ကိုယ် လုပ်ရတာပဲဗျ....နားရတယ်မှ မရှိတာပဲ...."
ထွင်းအက္ခရာ တစ်ခေတ်မောင်အား ဂရုဏာသက်သကဲ့သို့ ငေးကြည့်မိသည်။ မည်မျှ ခက်ခဲပင်ပန်းခဲ့လိမ့်မလဲဟု တွေးရင်း ရင်ထဲ တဆစ်ဆစ်နာကျင်နေလျက်။ သို့ပေမဲ့လည်း သူအားတင်းကာ ပြုံးထားလိုက်သည်။ သူသာ တစ်ခေတ်မောင်အား ဂရုဏာသက်မိနေပါလျှင် တစ်ခေတ်မောင် အနေရခက်ပေလိမ့်မည်မဟုတ်လား။ တစ်ခေတ်မောင်မှာ သူ့ရှေ့ဆိုလျှင် လွန်စွာ သန်မာချင်သူဖြစ်၏။ သူ့ကိုသာ အားကိုးတကြီးရှိစေချင်သူဖြစ်သည်။ သို့ကြောင့် ထွင်းအက္ခရာမှာ တစ်ခေတ်မောင်အား ပေါ်ပေါ်တင်တင်သနားစိတ်ဝင်ဖို့ရာ မချင့်မရဲရှိလှ၏။
"အခုတော့ဖြင့် မင်းက မြို့ကြီးသားလုံးလုံးဖြစ်လာပြီလေ...ဒါတင်မက ငါတို့အငြိမ့်အဖွဲ့ရဲ့ လူပြက်ကလေးတစ်ဦးဖြစ်လာခဲ့ပြီ....ဂရုတစိုက်နေဖို့ မမေ့လျော့လေနဲ့....."
"အစ်ကိုထွင်းက ကျုပ်ကို သည်အငြိမ့်အဖွဲ့ရဲ့ လူပြက်ကလေးတစ်ဦးအနေနဲ့ပဲ စိတ်ပူလေသလား...အစ်ကိုထွင်းရဲ့ ချစ်သူတစ်ဦးအဖြစ်နဲ့ရော စိတ်မပူပေဘူးလား...."
"အို...."
ထွင်းအက္ခရာမှာ တစ်ခေတ်မောင်အား ဖျက်ခနဲ မျက်နှာလွှဲမိသည်။ တစ်ခေတ်မောင်၏ စကားရေလည်မှုကြောင့် သူ့မယ် ရှက်ရွံ့နေဖို့သာ တတ်နိုင်ပေတော့သည်။ ဒါနဲ့ပဲ သူ့ကိုယ်သူ အညာသား လူရိုးကလေးပါဟု တတွင်တွင် ပြောနေသတဲ့လား။ အညာသားလူရိုးကလေးက သည်လောက်ပဲ စကားတတ်မတဲ့လား။
"ဖြေလေဗျာ....ချစ်သူတစ်ဦးအနေနဲ့ရော စိတ်မပူပေဘူးလားလို့...."
မျက်နှာလွှဲနေသော အစ်ကိုထွင်းအား အတင်းပင် စူးစိုက်ကြည့်ကာ မေးမိသည်။ အစ်ကိုထွင်း ရှက်နေလျှင် သူအသည်းယား၏။ ရှက်ရဲနေသော အစ်ကိုထွင်း၏ မျက်နှာကလေးအား သူတစ်ဦးတည်းသာ မြင်တွေ့ခွင့်ရှိသည်မို့ ဂုဏ်ယူ၍မဆုံး။ အခြားသူများရှေ့ဆိုလျှင် အစ်ကိုထွင်းဟာ လွန်စွာ တည်ငြိမ်ရင့်ကျက်သူဖြစ်လင့်ကစား တစ်ခေတ်မောင်ရှေ့ရောက်လျှင်တော့ ရှက်ရွံ့တတ်သူကလေးဖြစ်မှန်းမသိဖြစ်သွားတတ်သည်လေ။
"စိတ်မပူဘဲ နေမတဲ့လား..."
ကြားလိုက်ရသည်က ခပ်တိုးတိုးကလေးရယ်ပါ။ သို့ပေသော်ငြား တစ်ခေတ်မောင် ကြားနိုင်ဖို့ရန်လည်းကောင်း၊ ရင်အစုံ နွေးထွေးသွားဖို့ရန်လည်းကောင်း လွန်စွာ ပြည့်စုံလွန်းလှသည်။
"ဒါဖြင့် စိတ်ပူတယ်ပေါ့..."
"သည်လို အခက်တွေ့အောင် လုပ်နေတော့မှာလား တစ်ခေတ်မောင်...."
"အိုဗျာ...ဘယ်လို ပြောလိုက်သလဲ...အခက်တွေ့သတဲ့လား...ကျုပ်ကို ချစ်သူတစ်ဦးအဖြစ် စိတ်ပူကြောင်း ထုတ်ပြောရသည်ကိုတောင် အခက်တွေ့နေရင် တကယ်ချစ်မြတ်နိုးဖို့က----"
တစ်ခေတ်မောင် စကားစတို့ ပြတ်သွားရသည်။ အစ်ကိုထွင်းက သူ့အား ဖျတ်ခနဲ လှည့်ကြည့်ကာ အကြည့်စူးစူးကလေးများ လက်ဆောင်ပေးသည်ကြောင့်ပင်။
"ထုတ်ပြောဖို့ အခက်တွေ့ရလောက်အောင်အထိ ချစ်မြတ်နိုးမိလို့ပါလို့ ပြောရင် ယုံမလား တစ်ခေတ်မောင်...."
တစ်ခေတ်မောင်ရင်ထဲ နွေးခနဲ။ တစ်ဖန် သူ့အား လုံခြုံသည့် ခံစားချက်အား ခံစားရစေသည်။ အစ်ကိုထွင်းက ထိုမျှအထိ သူ့အား ချစ်မြတ်နိုးသတဲ့လား။ သေချာပါ၏။ ယခုဆိုလျှင် သူ အရူးအနှမ်းကြီးတစ်ဦးလို ပြုံးရယ်နေမိလောက်သည်။
"ဒါကြောင့်မို့ ခဏခဏ ထုတ်ထုတ်မမေးပါနဲ့ တစ်ခေတ်မောင်...ငါ...ငါ ရှက်လို့ရယ်..."
အထစ်ထစ်အငေါ့ငေါ့ဆိုလာလေသော အစ်ကိုထွင်းစကားကြောင့် သူ့ရင်ထဲမယ် လိပ်ပြာကလေးများ ဖြတ်ပျံသွားသကဲ့သို့၊ သို့တည်းမဟုတ် ပုရွတ်ဆိတ်ကလေးများ ဖြတ်သန်းလျှောက်လှမ်းသွားသကဲ့သို့ တရွစိစိခံစားလိုက်ရသည်။ အစ်ကိုထွင်းအား ရင်အတွင်း သွင်းဖက်ထားလိုက်ချင်စိတ်မှာ မီးပြင်းတစ်ခုလို တောက်တောက်လောင်လို့။
"ကျုပ်...ကျုပ် အစ်ကိုထွင်းကို ဖက်ထားလို့ရမလား...."
အတော်ကြာသည်အထိ ဝန်းကျင်မှာ လွန်စွာ တိတ်ဆိတ်သွားသည်။ အစ်ကိုထွင်းမှာ ဖြေးညှင်းစွာ ခေါင်းငြိမ့်ပြပါ၏။ လူရိုးကလေးတစ်ခေတ်မောင်မှာ အစ်ကိုထွင်းအား ကြွေရုပ်ကလေးအလား သတိတထားတယုတယဖြင့် ရင်အတွင်းသို့ ညင်သာစွာ သွင်းယူဖက်တွယ်လိုက်လေသည်။ထိုအခိုက် များစွာသော ခံစားမှုတို့သည် တစ်ခေတ်မောင်ရင်အတွင်း ပြည့်လျှံသွားရတော့သည်။ နှစ်သက်ပါသော၊ မြတ်နိုးပါသော၊ နွေးထွေးပါသော အစစသော ခံစားချက်များ ရောပြွန်းနေပါသော်လည်း တစ်ခေတ်မောင် စိတ်ရှုပ်မနေချေ။ အစ်ကိုထွင်း၏ ဦးခေါင်းထက်မှ တရော်ကင်ပွန်းနံ့သင်းသင်းကလေးရသည်။ သနပ်ခါးနံ့ကလေးလည်း ခပ်သဲ့သဲ့ရသေးသည်။ သူ့ရင်အစုံ တဒုန်းဒုန်းခုန်လှုပ်နေသည်ကိုတော့ နှလုံးသားနှင့်အနီးဆုံးနေရာ၌ ပါးအပ်ထားလေသော ရင်ခွင်ထဲမှ အစ်ကိုထွင်း ကြားနိုင်လောက်ပါရဲ့။
စက္ကန့်အနည်းငယ်မျှ အကြာတွင် နှစ်ဦးသားမှာ ဖက်တွယ်နေရာမှ ကွာဟသွားလေ၏။ မနေတတ်စွာ ရှက်ရွံ့နေကြသော နှစ်ဦးသားမှာ တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းမဆိုင်နိုင်။ ချောင်းဟန့်သူကဟန့်၊ ဂုတ်ပိုးပွတ်သူကပွတ်နှင့် အလုပ်ကိုယ်စီရှုပ်သွားကြတော့သည်။ ရှက်အားပိုတတ်သော ချစ်သူနှစ်ဦး၏ ညခင်းအချိန် ခိုးတွေ့ခြင်းသည် ထိုမျှလောက် နေရခက်စေသည်လား။ ကာယကံရှင်နှစ်ဦးသာ သိပါလိမ့်မည်။ အနေခက်လွန်း၍ တိတ်ဆိတ်သွားသော နှစ်ဦးသားကြား လေထုကို အစ်ကိုထွင်းကသာ စတင်ဖြိုခွင်းလေ၏။
"နောက်နှစ်ရက်နေရင် ပြည်ဘက်သွားရတော့မယ်နော် တစ်ခေတ်မောင်...လိုအပ်သမျှ ပြင်ဆင်ပြီးပလား...."
ထိုသို့ စကားစခါမှ တစ်ခေတ်မောင်မှာ ချောင်းကလေးတစ်ချက် ဟန့်ကာ စကားဆက်၏။
"ဘာမျှ ထူးထူးထွေထွေမှ မလိုတာပဲ...ပြင်ဆင်ပြီးတာ ကြာပါပေါ့လား အစ်ကိုထွင်း..."
"အဲ့မယ်လည်း အေးတယ်ဆိုပဲ...ဝတ်ဖို့ရာ နွေးနွေးထွေးထွေးရှိတာကလေးတွေ ထည့်ခဲ့ချည်နော်....."
အစ်ကိုထွင်းမှာ သူ့အား ဂရုတစိုက်ရှိလှသည်။ ဤခရီးစဥ်မှာ တစ်ခေတ်မောင်အတွက်မူ ဒုတိယအကြိမ်ဖြစ်၏။ ပထမအကြိမ်တွင်ဖြစ်စေ၊ ဒုတိယအကြိမ်တွင်ဖြစ်စေ အစ်ကိုထွင်းမှာ သူ့အား နွေးထွေးစွာ ဂရုစိုက်နေတုန်းပင်။ သို့သော် အခြေအနေကား ကွာခြားသွားခဲ့ပြီ။ ယခုတစ်ခေါက်တွင်တော့ ချစ်သူရည်းစားတစ်ဦးအနေဖြင့် ဂရုစိုက်နေခြင်း။ တစ်ခေတ်မောင်မှာ ပြုံးတုံ့တုံ့ဖြစ်သွားရကာ ခေါင်းငြိမ့်ပြရတော့သည်။
"အစ်ကိုထွင်း....ငါးမျက်နှာဘုရားပွဲက ရက်တွေလိုသေးရဲ့နဲ့ ဘာလို့ စောစောစီးစီးသွားရတာလဲဗျ...."
"ငါးမျက်နှာဘုရားနဲ့ နီးတဲ့ ရွာကလေးတစ်ရွာက ဆရာရသရဲ့ မွေးရပ်မြေလေ....ငါးမျက်နှာဘုရားပွဲကို နှစ်တိုင်း တို့အဖွဲ့သွားကနေကျ....သွားကချိန်တိုင်းလည်း သည်လိုရက်ကြိုသွားပြီး ဆရာရသရဲ့ မွေးရွာကလေးမှာ ရက်အနည်းငယ်လောက် တည်းဖြစ်ကြတယ်...ဆရာရသလည်း အလွမ်းပြေသလို အဖွဲ့သားတွေလည်း ခရီးမပမ်းတော့ဘူးပေါ့...."
ခေါင်းတငြိမ့်ငြိမ့်လုပ်နေလေသော တစ်ခေတ်မောင်။
"ဆရာရသရဲ့ အမျိုးအဆွေတွေကလည်း တို့အငြိမ့်အဖွဲ့အကြောင်း ခရေစေ့တွင်းကျ သိကြတယ်ဆိုတော့ တည်းရခိုရ သိပ်လွတ်လပ်တယ် တစ်ခေတ်မောင်ရဲ့....မင်းလည်း အဲ့ရောက်ခါကျ သဘောတွေ့သွားပါလိမ့်မယ်...."
အခြားအိမ်တွင် တည်းခိုရမည်ကိုတော့ သူအနည်းငယ်မျှ စိုးရိမ်မိသည်။ ဘုန်းကြီးကျောင်းတွင် တည်းခိုသည်ကိုတော့ တယ်ပြီး မစိုးရိမ်လှ။ ငယ်စဥ်ကတည်းက ဘုန်းကြီးကျောင်းမယ်မွေး ဘုန်းကြီးကျောင်းတွင် ကြီးခဲ့သူဆိုတော့ သူ့အတွက်တော့ဖြင့် ပို၍အသားကျသလိုပင်။ အများသူငှာအိမ်တွင် တည်းခိုရမည်ဆိုလျှင်တော့ အိမ်ပိုင်ရှင်မျက်နှာ ကြည့်နေရမည်မဟုတ်လား။ တစ်ခေတ်မောင်မှာ မျက်နှာကလေး ရှုံ့မဲ့နေမိတော့သည်။
"သိပ်လည်းပဲ စိတ်ပူမနေပါနဲ့ တစ်ခေတ်မောင်ရယ်...အဆင်ပြေသွားပါလိမ့်မယ်...."
တစ်ခေတ်မောင်၏ ပုခုံးလေးအား ဖွဖွပုတ်ရင်း အားပေးမိသည်။ သည်ကောင်ကလေး စိုးရိမ်နေသည်ကို သူသိသပေါ့။ ငလည်ကလေး တစ်ခေတ်မောင်ကတော့ဖြင့် သူ့ပုခုံးအား ဖွဖွပုတ်ပေးလာသော အစ်ကိုထွင်း၏ လက်ကလေးအား ဖျတ်ခနဲ လှမ်းဆွဲလေ၏။
"အစ်ကိုထွင်း...."
တစ်ခေတ်မောင်၏ အသံမှာ ယောက်ျားဆန်ကာ သြရှနေ၏။ ဆွဲဆောင်အားလည်း ပြင်းကာ နားထောင်၍လည်း ကောင်းပြန်သည်။ ထွင်းအက္ခရာမှာ သူ့ချစ်သူကလေး တစ်ခေတ်မောင်အား မမှတ်မသုန်ငေးကြည့်နေမိသည်။ သူတို့နှစ်ဦး၏ အကြည့်များမှာ အချိန်အတော်ကြာ စုဆုံသွားကြလေသည်။ တစ်ခေတ်မောင်၏ ခေါင်းကလေးမှာ စောင်းလျက်ဖြင့် တဖြေးဖြေး ရှေ့ဆီသို့ တိုးကပ်လာလေသည်။ အစ်ကိုထွင်း၏ မျက်နှာကလေးနှင့် လွန်စွာ နီးကပ်လှသောအရပ်တွင် မြဲစွာရှိနေလေ၏။ ထပ်မံ၍ တိုးကပ်လာတော့မည့်အချိန်တွင်......။
"အက္ခရာတို့ မအိပ်ကြသေးဘူးလားကွ! ဟေ!!!"
ထိုစူးစူးဝါးဝါးအသံကြောင့် ထွင်းအက္ခရာမှာ ဇက်ခနဲမတ်တပ်ရပ်လျက်သားဖြစ်သွားလေတော့သည်။ တစ်ခေတ်မောင်မှာလည်း ခါးကို မတ်လျက် ကိုယ်နေဟန်ထားပြင်လျက်သားဖြစ်သွားသည်။
"ဘာလုပ်နေကြသတုန်း...."
ကိုကြီးသာကူမှာ လှေကားထိပ်၌ အိပ်ချင်မူးတူးဖြင့် သူ့မျက်လုံးမို့မို့များအား ပွတ်သပ်နေကာ ဆိုနေ၏။ ကြည့်ရသည်မှာ တစ်ခေတ်မောင်တို့ နှစ်ဦး၏ အခြေအနေအား ပြတ်ပြတ်သားသားမြင်သွားပုံမပေါ်ပေ။ ထိုမှသာ တစ်ခေတ်မောင်တို့ နှစ်ဦးသား ပြိုင်တူသက်ပြင်းချမိတော့သည်။
"ကျုပ်...ကျုပ်တို့...သီချင်းတိုက်နေကြတာဗျ...."
"ဟေ....ဟုတ်သလား....ညကြီးမိုးချုပ်ခါမှလေ...."
ကိုကြီး သာကူမှာ မယုံမကြည်ဖြင့် မေး၏။ သူ့ပုံစံမှာ လုံးလုံး အိပ်ချင်ပြေသေးသည့်ပုံမပေါ်။ မို့အစ်နေသော မျက်ဝန်းမျအား အတင်းဖြဲရဲကာ အောက်ထပ်မှ တစ်ခေတ်မောင်တို့ထံ လှမ်းကြည့်နေ၏။
"ဟာ....ဟုတ်ပါတယ်ဆိုဗျာ....ကျုပ်တို့ကိုသာ မေးနေတာ ကိုကြီးသာကူကကော ညကြီးမိုးချုပ် ဘာထလုပ်သတုန်း...."
တစ်ခေတ်မောင်မှာ စကားလမ်းကြောင်းလွှဲလိုက်လေတော့သည်။ အစ်ကိုထွင်းမှာတော့ ရှက်လွန်း၍ နောက်သို့ပင် ခေါင်းမလှည့်။
"ငါလား...ငါက ရေဆာလို့ ထသောက်တာလေ...."
ထိုသို့ဆိုလျက် ကိုကြီးသာကူမှာ လှေကားထိပ်ရှိ ရေအိုးစင်မှ ရေအား တစ်ခွက်ခပ်ကာ တဂွက်ဂွက်သောက်ချပစ်လိုက်၏။
"ဟားးးးခုမှပဲ နေလို့ကောင်းသွားတော့တာပဲ....မင်းတို့လည်း အိပ်တော့ အိပ်တော့....အရမ်းကြီး ကြိုးစားမနေလေနဲ့...အိပ်ချိန်တန်အိပ်ကြ....မင်းတို့ သီချင်းကလည်း အတော်အတိုင်အဖောက်ညီနေကြပါပြီကွ...စိုးရိမ်တတ်ရန်ကော..."
"ဟုတ်....ဟုတ်ကဲ့ပါ ကိုကြီးသာကူ....ကိုကြီးသာကူအရင်ဝင်နှင့်နော့..."
"အေးအေး...."
ကိုကြီးသာကူက အိပ်ချင်မူးတူးဖြင့် အခန်းတွင်းသို့ ယိမ်းထိုးကာ ဝင်သွားလေတော့သည်။ ထိုအခါမှသာ တစ်ခေတ်မောင်မှာ ဟင်းခနဲ သက်ပြင်းချနိုင်တော့သည်။
"တ...တစ်ခေတ်မောင်.... ငါလည်းပဲ ဝင်တော့မယ်နော်...."
"နေပါအုန်း...အစ်ကိုထွင်း...ဟောဗျာ...မြန်လိုက်တာများ လှစ်ခနဲပါပဲလား...."
အပေါ်ထပ်အား လုံးနေအောင် ပြေးတက်သွားလေသော အစ်ကိုထွင်းကြောင့် သူ့မယ် ပြုံးရယ်နေသည်မှာ မရပ်နိုင်တော့ချေ။
#######
ခရီးစဥ်စတင်ရမည့်နေ့မှာ အလွန်လျင်မြန်စွာဖြင့်ပင် ရောက်ရှိလာတော့သည်။ အငြိမ့်သဘင်အိမ်ကြီးမှာတော့ ခရီးထွက်ခါနီးတိုင်း ဆူညံနေကြသကဲ့သို့ပင် လူများရုတ်ရုတ်သဲသဲဖြင့် ဆူဆူညံနေကြသည်။ ယခင် ခရီးများထွက်သကဲ့သို့ပင် ကားနှစ်စီးဖြင့် သွားကြလေ၏။ တစ်စီးမှာ ပစ္စည်းပစ္စယာများသယ်ဆောင်ရန်ဖြစ်ကာ တစ်စီးမှာတော့ဖြင့် အဖွဲ့သားများ စီးနင်းလိုက်ပါရန်ဖြစ်လေသည်။ အသက်ကြီးရင့်နေလေသော ဆိုင်းဆရာကြီးများကိုတော့ ကားတစ်စီးဖြင့် ချောင်ချောင်ချိချိသက်သက်သာသာလိုက်ပါစေသည်။
အထုပ်အပိုးများ သယ်ပိုးပေးနေသော တစ်ခေတ်မောင်အား ထွင်းအက္ခရာမှာ ချွေးသုတ်ပေးလိုက် ၊ ရေတိုက်လိုက်ဖြင့် အလုပ်ရှုပ်နေကြသည်။ အခြားအဖွဲ့သားများအတွက်တော့ ဤမြင်ကွင်းမှာ ထူးထူးထွေထွေမဟုတ်။ ခေါင်းဆောင်အငြိမ့်မင်းသမီး ထွင်းအက္ခရာမှာ လူပြက်ကလေးတစ်ခေတ်မောင်အား မည်မျှ ဂရုစိုက် ကြင်နာကြောင့် သူတို့အငြိမ့်တစ်ဖွဲ့လုံးသိ၏။ ညီကလေးတစ်ဦးလို အရိပ်တကြည့်ကြည့်ဖြင့် ဂရုစိုက်တတ်ကြောင်း သူတို့သိသည်မို့ ထူး၍ ဂရုစိုက်မနေကြတော့။
မွှေးမှာတော့ ထိုချိုမြလှသော မြင်ကွင်းအား မျက်တောင်မခတ်တမ်းကြည့်နေမိသည်။ မွှေးမျက်ခုံးလှလှကလေးများ တွန့်ချိုးနေသည်မှာ အတော့်ကို သိသာလှ၏။
"ကြည့်စမ်းပါအုန်းလား မမမွှေးရေ....အချစ်ငှက်ကလေးတွေများ မလှပေဘူးလား...."
ဘေးမှ အလိုက်မသိတတ်စွာ ပြုံးစိစိဖြင့် လာပြောနေသူ မိနွယ်ကြောင့် မွှေးစိတ်ထဲတင်းခနဲ။ မျက်စောင်းရှရှလှမ်းခနဲထိုးမိသည်။
"ဘာတွေ လျှာရှည်နေသလဲ မိနွယ်....သွားးး အထုပ်တွေ သွားတင်ချည်...."
အော်ဟစ်လိုက်သော မမမွှေးကြောင့် နွယ်နွယ့်ကိုယ်လေးမှာ တုန်ခနဲဖြစ်သွားရသည်။ သို့ပေမဲ့ ထိုငတိမကလေးမှာ သတ္တိမနည်းလှ။ ဆက်ခနဲ ခွန်းတုံ့ပြန်လေသည်။
"အို ဘယ့်နှယ် နွယ်နွယ်က သွားတင်စရာလားလို့...ဟိုမယ် ချစ်ကြည်နူးနေတဲ့ အချစ်ငှက်ကြီးကိုပဲ အကူအညီတောင်းရမပေါ့...."
"ငါတယ်!!!!"
မွှေးမှာ စကားများလေသော မိနွယ်အား ခေါင်းခေါက်ဖို့ရာ ရွယ်လိုက်မိသည်။ မိနွယ်တစ်ယောက် ဇက်ကလေး ပုခနဲ။
"ဘယ့်နှယ်ကြောင့် နွယ်နွယ့်ကို အော်ငေါက်နေရသတုန်း...မမမွှေးကို နွယ်နွယ်ဖြင့် နားမလည်နိုင်တော့ဘူး...."
"နားမလည်လည်း ဝေးဝေးသာ သွားနေစမ်းပါအေ....နားညည်းလွန်းလို့...."
"မမမွှေးကလဲ...."
မိနွယ်မှာ နှုတ်ခမ်းကလေးဆူထော်လျက် အထုပ်ကြီးအား မနိုင်မနင်းဆွဲကာ ပစ္စည်းအတင်အချလုပ်နေလေသော တစ်ခေတ်မောင်ထံ ဦးတည်လိုက်တော့သည်။ တရွေ့ရွေ့လာနေသော သူ့ကို မြင်လေတော့ တစ်ခေတ်မောင်ဘေးမှ အစ်ကိုအက္ခရာမှာ အပြေးလေးလှမ်းလာ၏။
"ညီမနွယ်...ဘယ်လိုဖြစ်လို့ မနိုင်မနင်း သယ်လာရသလဲကွယ်...ပေးပေး အစ်ကိုသယ်ချည်မယ်..."
"ရပါ----"
"အစ်ကိုထွင်း သယ်လို့ ဘယ်ဖြစ်မလဲ...ကျုပ်သယ်ပေးမယ်...."
သြရှစွာ ထွက်ပေါ်လာသော လေသံနောက် နွယ်နွယ့်လက်ထဲမှ အထုပ်ကြီးမှာ တစ်ခေတ်မောင်လက်ထဲ လှစ်ခနဲ ပါသွားလေတော့သည်။ မျက်မှောင်ကြီး ကုတ်ထားလျက် သယ်နေလေသော တစ်ခေတ်မောင်၏ ဖြစ်အင်ကို ကြည့်ကာ ထွင်းအက္ခရာတစ်ယောက် ပေါ့ပါးစွာ ရယ်မောလိုက်မိသည်။
"အစ်ကိုအက္ခရာ!"
"အယ်! ပြောလေ ညီမနွယ်...."
နွယ်နွယ်ခေါ်လိုက်မှ သတိကပ်လာသော အစ်ကိုအက္ခရာကိုကြည့်ရင်း နွယ်နွယ်တစ်ယောက် တပြုံးပြုံးဖြစ်နေပါတော့၏။
"ဟိုလေ...နွယ်နွယ် သိချင်လို့ပါတော့...အစ်ကိုအက္ခရာနဲ့ ကိုတစ်ခေတ်မောင်ကလေ....သည်လောက်ပဲ ရင်းနှီးသလားလေ...ဘယ်လောက်အထိများ---...."
"ဘယ်လိုကြီး မေးသလဲ ညီမနွယ်ရယ်..."
ထွင်းအက္ခရာမှာ မျက်နှာကလေးရဲတက်လာတော့သည်။ မေးမြန်းသူ ညီမနွယ်ကိုလည်း သူ့မယ် မျက်နှာချင်းမဆိုင်နိုင်။
"တစ်ခေတ်မောင်နဲ့က သည်အတိုင်း ရင်းနှီးကျွမ်းဝင်တာပါလေ...."
"ဟုတ်သလား အစ်ကိုအက္ခရာရဲ့..."
ပြုံးတုံ့တုံ့ဖြင့် ထပ်မံမေးလာသော နွယ်နွယ်ကြောင့် သူ့မယ် ပြန်ဖြေစရာ အဖြေရယ်လို့မရှိ။
"ဟော...ဟိုမယ် ကားရောက်လာပြီ.... ကားပေါ်နေရာယူတော့လေ..."
နွယ်နွယ့်အား အတင်းကာရော ကားပေါ် နေရာယူစေ၏။ နွယ်နွယ်မှာလည်း အရှက်သည်းနေသူလေးအား ထပ်မံ၍ မတိုက်တွန်းချင်တော့သည်မို့ ခပ်ပြုံးပြုံးပင် ကားပေါ် နေရာယူလေတော့သည်။
ကားပေါ်တွင် နေရာယူရာ၌ တစ်ခေတ်မောင်သည် ထွင်းအက္ခရာဘေးတွင် လျင်လျင်မြန်မြန်ပင် နေရာယူကာ ဝင်ထိုင်လေ၏။ အခြားလွတ်လပ်နေသော နေရာများသို့ မျက်စောင်းပင်ထိုးမကြည့်။ ဟုတ်သည်လေ။ သူက ကားမူးတတ်သည်မဟုတ်လား။ သု့ဘေးတွင် ကြင်ကြင်နာနာဖြင့် ဂရုစိုက်ပေးမည့် ချစ်သူကလေးလိုအပ်သည်လေ။ မည်သူ့ဘေးတွင် သူက ဝင်ထိုင်လို့ရပါမည်နည်း။
"အစ်ကိုအက္ခရာ...ညီမ အစ်ကို့နေရာမယ် ထိုင်လို့ရမလား...သည်ဘက်မယ်က နေထိုးလို့..."
"အယ်...အစ်ကိုက..."
"လုပ်ပါ အစ်ကိုအက္ခရာရယ်...."
တွန့်ဆုတ်ဆုတ်ဖြစ်နေလေသော အစ်ကိုထွင်းအား အတင်းဘေးသို့ တွန်းဖယ်ထုတ်ကာ ဝင်ထိုင်လေသော မမမွှေးအား သူ ဘုကြည့်ကြည့်မိသည်။ သည်လို အဖျက်သမမျိုးလည်း ရှိသေးသလား။ ဟုတ်မပေါ့။ ဒါကြောင့်လည်းပဲ မမမွှေးတစ်ယောက် ယခုအချိန်အထိ တစ်ကိုယ်တည်း အပျိုကြီးဖြစ်နေရသည်မဟုတ်လား။
"ဒါဖြင့် ကျုပ်တို့ ဟိုဘက်မယ် သွားထိုင်ကြမလား အစ်ကိုထွင်း...."
"ငါ...ငါ..."
"လာပါဗျာ...."
မမမွှေးကို ကျော်၍ အစ်ကိုထွင်း၏ လက်အား အတင်းဆွဲကာ မမမွှေး၏ မျက်နှာချင်းဆိုင်ဘက်သို့ ကူး၍ အတူပူးကပ်ထိုင်ဖြစ်သည်။ သည်ဘက်တွင်တော့ နေတကယ်ထိုး၏။ သည်တစ်ခေါက် ပစ္စည်းအတင်အချနောက်ကျသည်မို့ ကားအထွက်လည်း နောက်ကျပြီး နေပူသည်နှင့် တိုးနေခြင်း။ ပြင်းလှသော နေအရှိန်မှာ တစ်ခေတ်မောင်နှင့် ထွင်းအက္ခရာတို့၏ ကျောပြင်နှစ်ခုအား ပြင်းစွာ သက်ရောက်နေ၏။ လူအများမှာ နေထိုးသည့်ဘက်တွင် မနေချင်ကြ။ တစ်ဖက်တွင်သာ အတင်းကာရော ကြပ်ညပ်စွာ ထိုင်နေကြသည်။ သည်ဘက်တွင် တစ်ခေတ်ေမာင်တို့အပါအဝင် တစ်ယောက်စ နှစ်ယောက်စသာရှိ၏။
တစ်ခေတ်မောင်မှာ သူ့အပေါ်ထပ်အင်္ကျီကလေးအား ချွတ်လိုက်ရင်း အစ်ကိုထွင်းနှင့် သူ့ခေါင်းပေါ်သို့ အုပ်မိုးပေးလိုက်သည်။ အင်္ကျီက ခပ်ရှည်ရှည်မို့ ခေါင်းမှ ကျောအထိ နေလုံသွားတော့၏။ အစ်ကိုထွင်းမှာ သူ့အား တအံ့တသြမော့ကြည့်လို့နေ၏။ တစ်ခေတ်မောင် ပြုံးလျက်ဖြင့် အစ်ကိုထွင်း နားနားကပ်ကာ ခပ်တိုးတိုးဆိုလိုက်သည်။
"နေထိုးမှာကို မပူပန်ပါနဲ့...ကျုပ်နဲ့အတူ တွဲမထိုင်ရမှာကိုပဲ ပူပန်ပါ....နေထိုးတာလောက်ကိုတော့ သည်ကလူက ဟောသည်လို ကာပေးနိုင်တာမို့လေ...."
တစ်ခေတ်မောင်၏ အပြုံးကလေးမှာ မနက်ခင်းနေရောင်ခြည်နှင့်အပြိုင် နွေးထွေးနူးညံ့ကာ စစ်မှန်နေ၏။ ထွင်းအက္ခရာသည်ပင် လိုက်လံပြုံးရယ်မိတော့သည်။ ထိုတဒင်္ဂ၌ ထိုနှစ်ဦးသားမှာ ရှေ့တူရူမှ လူအများကို မေ့လျော့ကာ သွားပေတော့သည်။
====================
23.9.2022🖤ဆွေး🖤
~~'သည်တစ်ခါ တိုတယ်'လို့ မပြောပါနဲ့...~~ သီချင်းဆိုပြတာ😁