မိန် ( Unicode)

By Ph4549

7.1K 370 35

ကျွန်တော့်ဒိုင်ယာရီစာအုပ်လေးရဲ့ စစပိုင်းစာရွက်ဖြူဖြူလေးမှာ ခေါင်းစဥ်တပ်ရေးချလိုက်တာက မိန် တဲ့..။ ဗမာလို ခေါ်ရ... More

Part (1)
Part (2)
Part (3)
Part (4)
Part (6)
Part (7)
Part (8)
Part (9)
Paet (10)
Part (11)
Part (12)
Part (13)
Part (14)
Part (15) Final Part..

Part (5)

295 24 2
By Ph4549



မိန်





🌼pann




Part (5)





8.12.2022 ကြာသပတေးနေ့..။

ကိုယ့်အတွက် အရေးပါတဲ့နေ့တစ်နေ့လို့မှတ်တမ်းတင်လို့ရပြီပေါ့..။

ကိုယ် မင်းနဲ့ဆုံဖို့မမျှော်လင့်ထားတဲ့နေ့လေးကျမှ ရုတ်တရက်ကြီး ဆုံလည်းဆုံတဲ့အပြင်ကို မင်းနဲ့ပါရင်းနှီးခဲ့ရတယ်..။

မင်းတော့မသိဘူး.. ကိုယ့်မှာမင်းကိုမြင်တော့ ကိုယ့်အချိန်နာရီတွေ ရပ်တန့်သွားသလိုပဲ ။

ကိုယ်မျက်လုံးထဲမှာလည်း မင်းတစ်ယောက်ထဲကိုပဲ မြင်ခဲ့တာ..။

ကိုယ်ထင်တာတော့ ကိုယ်တို့တွေ့ချိန်လောက်က ဆယ်နာရီကျော်ဝန်းကျင်လောက် ဖြစ်မယ်ထင်တယ်..။

ကိုယ်တို့အဖွဲ့အတန်းလစ်ပြီး ကန်တင်းဘက်ထိုင်တဲ့ချိန်လေ...

" ညက အိပ်ရတာအဆင်မပြေတော့ တစ်ကိုယ်လုံး ကိုက်ခဲနေတာပဲ.. "

" မင်းမှလား.. ညကဘယ်လိုအိပ်လိုက်တယ်မသိဘူး ဇက်ကြောတွေနာပြီး တစ်ဖက်နဲ့တစ်ဖက်တောက်ကောင်းကောင်းလှည့်မရဘူး "

"  ဘယ်ကောင်ပြောတာလဲ..ဒီအတိုင်းပဲ အိပ်မယ်လို့"

" အတူတူနဲ့အနူနူပဲ ပြောမနေနဲ့.."

" စာကိုကောင်းကောင်းလိုက်မကြည့်နိုင်ဘူး.. "

" ငါဆို ဘာသင်လို့သင်နေမှန်းတောင်မသိဘူး.."

တစ်ယောက်တစ်ခွန်းပြောနေတဲ့ချိန် ဘေးနားဝိတ်တာလေးက ရောက်လာတော့ ကိုယ်စားချင်တာကိုယ်မှာလိုက်သည်..။

သောက်ဖို့ပါ တစ်ပါထဲထည့်မှာလိုက်သည်..။

ကိုယ့်ဝိုင်းနဲ့ကိုယ်စားသောက်ရင်း စကားပြောနေတာကို ထဖောက်လာတာကရဲရင့်..။

" ဟာ.. "

" ဘာဖြစ်တာလဲမင်းက.. အလန့်တကြားနဲ့ "

" ဟိုဘက်ဝိုင်းမှာ ထိုင်လိုက်တာက ငါ့ကောင်မလေးကွ.. "

" ဟမ်.. "

ကျွန်တော်တို့တွေ ရဲရင့်ပြတဲ့ဝိုင်းဘက် အလျှိုလျှိုလှည့်ကြည့်လိုက်ကြသည်..။

" ဘယ်တစ်ယောက်လဲ မင်းကောင်မလေးက.. "

ထိုင်နေကြတာက လေးငါးယောက်မို့ ရဲရင့်ကြိုက်တဲ့ကောင်မလေးက ဘယ်သူမှန်းမသိ..။

" အသားဖြူဖြူလေးနဲ့ အချောဆုံးအလှဆုံးတစ်ယောက်လေကွာ.. "

" ညွှန်းတာကွာ.. "

" ငါပြောတာလည်း မဟုတ်လို့လား.. "

ဟုတ်ပါတယ် ချောပါတယ်..။

ဆံပင်က ကျောလောက်ထိကိုမှ အောက်နားကလုံးလုံးလေး.. ဘာအကူမှမပါဘဲ ဒီတိုင်းလေးချထားတာ ။

မျက်နှာလေးက သေးသေးလေးနဲ့ အပြင်ဆင်လည်းတတ်သည်..ချောတာတော့ထင်းခနဲပါပဲ။

ဒါပေမယ့် ကျွန်တော့်အကြိုက်ကတော့..။

" ဟုတ်ပါ့..လှချင်ကတော့မှုံလို့ ပပဝတီ မယ်သီတာ ယဥ်သကိုမယ်လေးနဲ့နင်လားငါလားပဲ.."

" မရွဲ့နဲ့ မရွဲ့နဲ့.."

" အကောင်းနဲ့လည်း မင်းကောင်မလေးချောကြောင်းထောက်ခံရသေးတယ်.."

" တော်.. ငါသွားစကားပြောချင်တယ် "

" ပြောချင်သွားပြောပေါ့.. "

" မင်းတို့ပါလိုက်ခဲ့.. "

" မင်းဘာသာမင်းသွားပါလား.. ငါတို့ပါတကားကားလိုက်နေရမှာလား ..အုပ်စုလိုက်သွားရအောင် ဂိုဏ်းစတားလည်းမဟုတ် ဖိုက်တာလည်းမဟုတ်.. ဒီတိုင်း MP ကျောင်းသားလေးတွေပါ "

" ဒို့က ယောကျ်ားဆို.. "

" ဟားဟား... "

မျိုးဇံက ကနွဲ့ကလျအသံနဲ့ လက်သီးလက်မောင်းကိုပျော့နွဲ့နွဲ့ဟန်ဆွဲကာ ​ပြောတော့ ကျွန်တော်တို့ရယ်မိသေးတယ်..။

" တစ်ယောက်ထဲ မသွားရဲလို့မင်းတို့ကိုခေါ်တာပေါ့.."

" မလိုက်ချင်ပါဘူးကွာ..မင်းဟာလေးက လှသလောက် မာနကြီးလောက်မယ့်ရုပ်.. "

" တစ်ခါလေးမှစကားတောင်သွားမပြောဖူးဘဲနဲ့ လူတစ်ယောက်ကို လွယ်လွယ်ကောက်ချက်ချလို့မရပါဘူးကွာ.. "

" ပြေးကြည့်တာထက် တွေးကြည့်တာကပိုမြန်တယ်.."

" အိမ်မှာရှိတဲ့မေမေကမှာလိုက်တယ်.. လှတဲ့မိန်းကလေးတွေကို ရှောင်တဲ့ "

ဝင်းထွန်းက အီလန်ဆပ်ပြာကြေငြာတဲ့မို့မို့မြင့်အောင်ပြောသလို ပြောပြန်သည်..။

ဒီကောင်တွေပါးစပ်ထဲမှာ ကြေငြာတွေလည်းမနေရပါဘူး..။

" မင်းတို့ကငါ့ဘေးအဖော်လိုက်ပေးရုံပါကွာ..စကားကိုငါကပဲပြောပါ့မယ် "

" ငါတို့ကျဝဇီပိတ်ကျင့်ပြီး မင်းတစ်ယောက်ထဲပြောရမယ့်ကိစ္စပဲ မင်းပဲသွားလိုက်ပေါ့.."

" တစ်ယောက်ထဲမသွားရဲလို့ပါဆို.. "

" မသွားရဲရအောင် ဟိုကမင်းကိုဂုတ်ချိုးသတ်နေလို့လား.. ယောကျ်ားပဲကွာ ရဲရဲတင်းတင်းပေါ့..ဘာဖြစ်လဲ "

" အဲ့လိုရဲတင်းဖို့ သတ္တိဘယ်လောက်လိုတယ်ထင်လဲ.. တခြားမှာငါရဲရင်ရဲမယ်.. ကိုယ်သဘောကျတဲ့မိန်းကလေးရှေ့မှာတော့ ရင်တုန်ဒူးတုန်နေသေးတဲ့ ပုထုဇဥ်ယောကျ်ားသားဟ "

" မင်းပဲကြောက်.. ငါတို့တော့မကြောက်ဘူး.. ဟေ့ မိန်းကလေး ကိုယ်မင်းကိုသဘောကျတယ် ချစ်တယ်ပြောပြီး လှည့်ပြန်လာခဲ့တာလေးပဲကို.."

" အဲ့ဒါပြောတာကွာ.. "

သူတို့အငြင်းခုန်စကားဝိုင်းမှာ ကျွန်တော်ဝင်မပါဘဲ ငြိမ်ငြိမ်လေးသာထိုင်ပြီးကိုယ့်အစားသာကိုယ်စားနေခဲ့တာ..။

" ကျစ်.. မင်းတို့လက်ပေါက်ကပ်တာနဲ့ ထပြန်တော့မှာပဲ.."

" ငါတို့ ဒီကလှမ်းကြည့်ပေးထားမယ်..သွားလိုက် သွား "

" မင်းဘ.. "

" တစ်ခုခုလှမ်းပေါက်ခါနီးဆို ငါတို့ပြေးလာပေးမယ်.. "

" သေမှလာတော့ ဘာလုပ်ရမှာလဲ.."

" သင်္ဂြိုဟ်ပေးလို့ရပါသေးတယ်.. "

" အမျှတန်းပါဝေပေးမယ်..မပူနဲ့ စိတ်ချသွား"

" ငနာတွေ..တစ်ယောက်မှအားကိုးမရဘူး "

ရဲရင့်က မျက်နှာကြီးတည်တည်နဲ့ ​ပြောနေပေမယ့် တခြားသူတွေကတော့ မျက်နှာတွေကဘာမှမဖြစ်သလို အေးအေးဆေးဆေးလေး..။

" ထက်အောင်.. လိုက်ခဲ့ "

လိုက်ခဲ့ပေးဆိုတာထက် by named တပ်ပြီးခေါ်နေပြီ..။

ကျွန်တော်ကတော့ ရဲရင့်နဲ့အကြည့်ကိုမဆုံအောင် ခေါင်းကြီးငုံ့လျက်သား..။

" ဟမ်.. မလိုက်ချင်ပါဘူး "

" ငါ့အပေါ်ဒီလိုပေါ့ မင်းတို့က.. "

" ............. "

ထက်အောင်က သူ့အစားသူပဲစားနေတာကြည့်ပြီး ရဲရင့်က ကျွန်တော့်ဘက်ရောက်လာပြန်သည်..။

" မြတ်ငြိမ်း.. လိုက်ခဲ့ "

" ဟမ်.. "

" လိုက်ခဲ့စမ်းပါ.. "

" ဟ..ဟ..ခဏ..ခဏ "

ကျွန်တော့်အလှည့်တော့ ငြင်းချိန်ကိုမရှိလိုက်တာ..လက်ကနေအတင်းဆွဲခေါ်ခံရလို့ တရွတ်တိုက်ပါသွားရတဲ့ ကျွန်တော့်အဖြစ် ။

ခဏဆိုလည်း မရဘူး..။

ပေါင်ပေါ်တင်ထားတဲ့ ကျွန်တော့်လွယ်အိတ်လည်းပြုတ်ကျမှာစိုးလို့ လှမ်းဆွဲဖမ်းကိုင်ထားရင်းနဲ့ပါသွားရတာမို့ ကျွန်တော့်ဟန်ကတော့မလှမပကြီး..။

သူကတော့ လျှောက်လှမ်းသွားတာက မော်ဒယ်အတိုင်း..။

" ရွှန်းလဲ့.. "

ကောင်မလေးတွေဝိုင်းအနားရောက်တော့ မျက်နှာကတစ်မျိုး..။

ကျွန်တော်လည်း အဲ့အချိန်မှ လွယ်အိတ်ကိုကောင်းကောင်းလွယ်နိုင်လိုက်ရတယ်..။

" ............ "

ကောင်မလေးက ဘာမှမပြောဘဲ ကြည့်နေတော့ရဲရင့်က သူ့ကိုယ်သူမိတ်ဆက်ပြန်သည်..။

" ကျွန်တော့်နာမည်ကရဲရင့်..ဒါကျွန်တော့်သူငယ်ချင်း မြတ်ငြိမ်း.. ကျွန်တော်တို့က 5BE MP ကျောင်းသားတွေပါဗျ "

" ဘာကိစ္စများရှိလို့လဲ.. "

" အရင်ထိုင်လို့ရမလား.. "

" ရှင်.. "

" မိုးတိုးမတ်တပ်ကြီးနဲ့မို့.. "

" ဟုတ်..ဟုတ်ကဲ့..ရပါတယ် "

" ကျေးဇူးပါဗျ.. အဟွင်း "

အံမယ် သူကနေရာလွတ်ခုံတစ်ခုံမှာ အခန့်သားလေးသွားဖြဲမျက်နှာပြဲနဲ့ ဝင်ထိုင်တယ်.. ကျွန်တော့်ကိုကျ ထိုင်လေဘာညာမပြောဘူး ။

သူမပြောတော့ ကိုယ့်အသိစိတ်နဲ့ကိုယ့်ဘာသာပဲ တခြားဝိုင်းကခုံကိုလှမ်းယူပြီး ဝိုင်းမှာဝင်ထိုင်လိုက်ရတယ်..။

" ဟိုနေ့ညက သီချင်းလာဆိုတဲ့အဖွဲ့လေ..မှတ်မိလား"

" ဪ.. အစ်ကိုတို့လား "

" ဟုတ်တယ်..အစ်ကိုတို့ပဲ "

" ............ "

ကျွန်တော်တို့မိတ်ဆက်ပြီးတော့ ကောင်မလေးတွေက ပြုံးစိစိလေးဖြစ်သွားကြသည်..။

ပြုံးရယ်သံလေးတော့ တီးတိုးလေးတောင်မထွက်လာခဲ့ပါဘူး..။

" အဲ့နေ့က ရွှန်းလဲ့အတွက်သီချင်းလာဆိုကြတဲ့သူက.. "

ကာယကံရှင်ရဲ့သူငယ်ချင်းက ထောက်မေးတော့ ရဲရင့်ကလည်း အကွက်မိဖို့ကြိုးစားနေတဲ့သူမို့ တန်းသူ့ကိုယ်သူမိတ်ဆက်စကားပြောသည်..။

သူတစ်ခွန်းငါတစ်ခွန်း ပြောကြရင်းနဲ့ စကားဝိုင်းက ကျွန်တော်မပါဘဲနဲ့လည်း စည်ကားလို့ပါ..။

ကျွန်တော်ကတော့ တစ်ယောက်ထဲထိုင်ရင်းနဲ့ အကြောင်းရင်းမရှိ လွယ်အိတ်ပေါ်မှာလက်ညိုးလေးနဲ့ အဝိုင်းလေးပဲဝိုင်းဆွဲနေခဲ့တာ..။

တစ်ယောက်ထဲ ဆိတ်ငြိမ်ခြင်းကမ္ဘာမှာ ဖြတ်သန်းနေချိန်လေးမှာ လက်ရှိကမ္ဘာထဲ ဆွဲခေါ်ခံလိုက်ရတဲ့ တစ်ခုထဲသော သက်ရှိလေးက..။

" မမကဗျာ.. "

" ဪ..ရွှန်းလဲ့ "

အသံလေးကြောင့် ကျွန်တော်မော့ကြည့်လိုက်သည်..။

ကဗျာ... ။

ကျွန်တော့်အသည်းထောင့်က ကဗျာ..။

" မုန့်လာစားကြတာလား.. "

" အဟွင်း..ဟုတ်တယ် ဟိုမှာလေ ခင်ချိုတို့မာမာတို့က ဗိုက်ဆာလို့တဲ့ "

ရွှန်းလဲ့ဆိုတဲ့ဘေးမှာ အပြုံးလေးနဲ့ရပ်နေတဲ့သူလေး..။

မျက်နှာလေးက ကြည်လင်ပြီး နွေးထွေးနေသည်..။

ဒီတစ်ခါကျွန်တော့်ရင်ခုန်သံလေးက ညိမ့်ညိမ့်ညောင်းညောင်းလေးနဲ့ တစ်ချက်ပြီးတစ်ချက် စည်းချက်မှန်မှန်ခုန်နေခဲ့တာ..။

မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေရင်းက ကဗျာ့ရဲ့မျက်လုံးအကြည့်က ကိုယ့်ဘက်ခဏတာဝေ့ဝဲရောက်လာတဲ့ချိန် ကိုယ့်မှာမလုံမလဲနဲ့မျက်လွှာလေးအမြန်ချမိလိုက်တယ်..။

မင်းကိုမကြည့်နေတဲ့ပုံစံလေး ကိုယ်လုပ်မိလိုက်တယ်ဆိုတာက တမင်ကြံရွယ်ထားတာမဟုတ်ပါဘူး..။

ကိုယ်ခန္ဓာရဲ့ အလိုလိုတုံ့ပြန်မှုထင်ပါတယ်..။

" အဟွင်း..အဲ့ဒါဆို အစ်မသွားလိုက်အုံးမယ်နော် အဆောင်ကျမှတွေ့မယ် "

" ဟုတ်ကဲ့.. "

မင်းလေးကတော့ အပြုံးနဲ့ထွက်သွားသလောက် ကိုယ့်မှာတော့ တမေ့တမောလေးနဲ့ မင်းလေးကိုခိုးကြည့်နေခဲ့မိတာ..။

" ရွှန်းလဲ့ရဲ့အစ်မလား.. "

" ဟင်..မဟုတ်ပါဘူး အဆောင်ကအစ်မလေ..အဲ့ဒါကြောင့်ခင်တာ "

" ဪ.. သူကအစ်မလား မထင်ရဘူးနော် "

" နည်းနည်းပုသေးသေးလေးဖြစ်နေလို့ပါ..မမကဗျာက သဘောကောင်းတယ်.. ညီမတို့စာမရရင် မမကဗျာကစိတ်ရှည်ရှည်နဲ့ စာရှင်းပြပေးတယ်"

ရဲရင့်က ဒီတိုင်းမေးနေပေမယ့် ကျွန်တော်ကတော့တစ်ခုချင်းစီတိုင်းကို အလေးထားပြီးနားထောင်နေမိသည်..။

" ဟုတ်လား.. ဘယ် betch ရောက်ပြီလဲ "

" ဟင်.. မမကဗျာလား "

" အင်.. "

" 4BE civil က.. "

" ဪ.. "

လက်စသတ်တော့ civil ကကိုး..။

civil ဘက်ရှာဖို့ကို ကျွန်တော်ဘာလို့မေ့နေခဲ့မိတာလဲ..။

4BE ဆို ကျွန်တော့်ထက်တစ်နှစ်ငယ်တယ်ပေါ့..။

ထပ်ပြီး နောက်တစ်ကြိမ် ကဗျာရှိရာဘက်ကို တိတ်တခိုးလှမ်းကြည့်မိသည်..။

သူလေးက သူငယ်ချင်းတွေနဲ့စကားပြောရင်းနဲ့ ဘာသဘောကျစရာရှိနေတယ်မပြောတတ်..ပြုံးရယ်နေလို့ ။

ရယ်လိုက်တိုင်း မို့တက်သွားတဲ့ပါးလေးတွေရယ်..။

နှုတ်ခမ်းပါးတစ်စုံရယ်..။

သွားတန်း ဖြူဖြူလေးရယ်..။

မှိတ်ကျမသွားဘဲ မှေးကျရုံမှေးကျသွားတဲ့ မျက်လုံးတစ်စုံရယ်..။

အဟွင်း.... ။

အသံမထွက်ဘဲ နှုတ်ခမ်းတွေတွန့်ကွေးတက်သွားတဲ့ထိ ကျွန်တော်ခေါင်းပြန်လှည့်ပြီးခေါင်းငုံ့ရင်းပြုံးမိတာက သူလေးကြောင့်..။

အကြိမ်ကြိမ် ခိုးကြည့်မိခဲ့တယ်..။

တိတ်တခိုး တစ်ယောက်ထဲ သဘောကျပြီးပြုံးနေမိခဲ့တယ်..။

အချစ်ဆိုတာ ဒါပဲနေမယ်..။

.

9.12.2022 သောကြာနေ့..။

ကျောင်းမှာတော့ မင်းကိုထပ်မတွေ့ဘူး..။

ရဲရင့်နဲ့ရွှန်းလဲ့တို့နှစ်ယောက်ကတော့ အချင်းချင်း စကားတွေအများကြီး ပြောခွင့်ရတဲ့ သူငယ်ချင်းမိတ်ဆွေတွေ ဖြစ်သွားပြီ..။

မနေ့ကမှ စခင်ကြပေမယ့် ဒီနေ့တော့ပိုရင်းနှီးနေကြပြီထင်ပါတယ်..။

သူတို့ကျ မြန်လိုက်တာနော်..။

လွယ်လည်းလွယ်နေသလိုပဲ..။

ကိုယ့်အလှည့်ကျမှ နှေးနေပြီးခက်နေသလိုပဲ..။

ကိုယ်ရဲရင့်ကို အားကျလိုက်တာ..။

ကိုယ်လည်း မင်းရဲ့အနားမှာနေပြီး မင်းနဲ့စကားတွေအများကြီးပြောချင်တယ်..။

မင်းရဲ့မျက်နှာလေးကို ငေးစိုက်ကြည့်ချင်တယ်..။

ကိုယ်ချစ်ရတဲ့အကြောင်းလေးကိုလည်း ပြောပြချင်တယ်..။

" ဟျောင့်တွေ..အဆင်သင့်ဖြစ်ပြီလား "

စာရေးနေတဲ့ချိန် ရဲရင့်နဲ့ထက်အောင်က သန့်သန့်ပြန့်ပြန့်လေးဝတ်ထားပြီး ရောက်လာသည်..။

အချိန်ကြည့်တော့ ခွန်နှနာရီထိုးနေပြီ..။

" မင်းတို့က တကယ်သွားမလို့လား.. "

" အေးလေ.. အစကတည်းက ပြောထားတာပဲကိုး"

" ဘယ်ကိုလဲ.. ဘယ်သွားကြမလို့လဲ "

ဘာမှနားမလည်ဘဲမသိတဲ့ကျွန်တော်ကပဲ ကြားဖြတ်ဝင်မေးရသည်..။

" ရွှန်းလဲ့တို့အဆောင်သွားမှာလေ..မင်းမသိဘူးလား.. မျိုးဇံ မင်းမပြောထားဘူးလား "

" မေ့နေတာ.. "

" လျန်းလျန်းအဆောင်ကိုသွားမှာလား.."

" အေး.. မပြင်ရသေးဘူးဆို မြန်မြန်ပြင် "

လျန်းလျန်းအဆောင်ကို သွားမှာတဲ့..။

ဒါဆို ကဗျာတို့ဆီကိုပဲ..။

" ဘာမှပြင်စရာမလိုပါဘူးကွာ..ဒီတိုင်းပဲလိုက်ခဲ့မယ် "

" ဟုတ်တယ်..ဟိုတစ်ခါလိုတော့ အဖြစ်မခံနိုင်ဘူး"

ဝင်းထွန်းနဲ့မျိုးဇံက စိတ်မပါတပါနဲ့ပြောကာ ဖုန်းကိုအိတ်ကပ်ထဲထိုးထည့်ပြီး ကုတင်ပေါ်ကနေထလာကြသည်..။

ကျွန်တော်ကရော..။

ပြင်ရမလား.. ပြင်သင့်လား ။

" ဒီတစ်ခါတော့ ရွှန်းလဲ့လေးဆီကနေကို ခွင့်တောင်းလာတာပါကွာ.. လာဆိုချင်ရင်ဆိုပါတဲ့ သူမတားပါဘူးတဲ့ "

" ဒါတော့ လူတိုင်းပြောမှာပဲကွ.. "

" ငါတို့လာရင် ထွက်ကြည့်ပေးဖို့ပြောထားပါတယ်.."

" အဲ့တော့ ခေါင်းလေးပြူထွက်မယ်တဲ့လား.."

" ဟာ..မင်းတို့ တအားစကားများတာပဲကွာ ဟိုရောက်ရင်သိလိမ့်မယ်..ဘာမှမပြင်ကြတော့ဘူးမလား "

" မပြင်ဘူး.. "

ဝင်းထွန်းနဲ့မျိုးဇံက သံပြိုင်တူငြင်းကြတော့..။

" ဒါဆိုလည်း သွားမယ်ကွာ.. မြတ်ငြိမ်း သွားမယ်..ထ..အဲ့စာ နောက်မှရေး "

ကျွန်တော်ရေးလက်စ စာအုပ်ကိုလည်း ရဲရင့်ကလာပိတ်ချတဲ့အပြင် ကျွန်တော့်ကိုအတင်းထခိုင်းကာ ဆွဲခေါ်နေပြီ..။

ဘာမှတောင် ပြင်ဆင်ချိန်လေးမပေး..။

ပြောတော့ ပြင်ဆင်ပါဆို..။

အခန်းထဲကထွက်မှ ကျွန်တော်တို့လက်ထဲမှ ဗလာသက်သက်ချည်း..။

ကျွန်တော် ရဲရင့်လက်ထဲကနေ ရှောင်ထွက်ပြီး..

" ဂီတာ ဂီတာ.. "

အခန်းထဲပြန်ပြေးဝင်ပြီး ဂီတာသွားယူရသည်..။

" ဪ..အေ ဟုတ်တယ်.. အဓိကဟာကြီးမေ့တော့မလို့ "

ဂီတာဆွဲပြီး ပြန်ပြေးထွက်ခဲ့ကာ အခန်းတံခါးပိတ် အဆောင်ကနေထွက်ခဲ့လိုက်သည်..။

ဦးတည်ရာလမ်းကတော့ လျန်းလျန်းအဆောင်ဆီ..။

.

လျန်းလျန်းအဆောင်ရှေ့ရောက်ပြီ..။

အရင်တစ်နေ့က ထိုင်ခဲ့တဲ့အုတ်ခုံမှာလည်း ထိုင်ပြီးပြီ..။

ရဲရင့်က ရွှန်းလဲ့ကိုဖုန်းဆက်ပြီး သူရောက်ကြောင်းပြောပြီးပြီ..။

ရွှန်းလဲ့ တို့သူငယ်ချင်းအဖွဲ့က ဒီတစ်ခါတော့ ဝရံတာဘက်ကို သူ့တွန်းငါ့တွန်းနဲ့ ထွက်လာခဲ့ပေးသည်..။

ဟုတ်ပါပြီ.. ဒီထိက ။

ကဗျာရော..။

ကဗျာရော ဘယ်နားမှာရှိနေလဲ..။

ဘယ်အခန်း ဘယ်အရပ်ဘက်မှာမင်းရှိနေမယ်လို့ တိတိကျကျမသိပေမယ့် မင်းလည်းဒီမှာရှိနေမယ်မလား..။

ဒါဆို ကိုယ့်ရင်ထဲကအချစ်သီချင်းကို မင်းနှလုံးသားနဲ့ နားဆင်ပေးပါ ချစ်ရသူ..။

" နှလုံးသားနဲ့ နားဆင်ပေးပါ.. "

ကျွန်တော် ဂီတာကြိုးညှိရင်း တစ်ယောက်တည်းတီးတိုးပြောတဲ့စကားကို ဘေးမှာထိုင်တဲ့ရဲရင့်က..။

" ဟင်.. "

" ဘာလဲ.. "

" နှလုံးသားနဲ့ နားဆင်ပေးပါလို့ ပြောရမှာလား.."

" ဟမ်.. "

" အဟက်.. ဟုတ်တယ် ဟုတ်တယ်..မင်းတော်တယ် မောင်ပြူး..အဆောင်ပြန်ရောက်ရင် ဘောက်ဆူးကောင်းကောင်းနဲ့ ဆုချမယ်..ဟားဟား.. အဆောင်ကကောင်မလေးရေ ကိုယ်ဆိုတဲ့သီချင်းလေးကို နှလုံးသားနဲ့နားဆင်ပေးပါ..နှလုံးသားနဲ့နားထောင်မှ မင်းလေးရဲ့နှလုံးသားထဲ ကိုယ့်အချစ်တွေရောက်မှာ "

ရဲရင့်ရဲ့မတိုးမကျယ်အသံက တိတ်ဆိတ်တဲ့ညချမ်းအချိန်ခါမို့ ကောင်းကောင်းကြားနိုင်သည်..။

ကျွန်တော့်မှာတော့ ပါးစပ်လေးအဟောင်းသားနဲ့ ​ကြောင်တောင်တောင်လေး ရဲရင့်နဲ့အဆောင်ကြီးကို တစ်လှည့်စီကြည့်မိနေတာ..။

ငါက မင်းကိုအကြံပေးခဲ့တာမှမဟုတ်ခဲ့တာကို..။

" ဘာဆိုကြမလဲ.. "

" မြတ်ငြိမ်း.. မင်းပြောကြည့် "

မေးပြန်ပြီ နောက်တစ်ကြိမ်.. ။

ကျွန်တော် ရဲရင့်မျက်နှာကိုငေးစိုက်ကြည့်ပြီး အဆောင်ကို လှမ်းငေးကြည့်ကာ..

" တစိမ့်စိမ့်ကြည့်.. "

" အဟားဟား.. ကောင်းသားပဲ "

" အဟွန့်.. ဘုန်းကြီးရူးနဲ့လှေလူး အဲ့မှာစတွေ့တာပဲ"

ကျန်တဲ့သုံးယောက်ကတော့ မျက်စောင်းတရွယ်ရွယ်နဲ့သာ..။

" သူများအကောင်းနဲ့ပြောတာကို မနာလိုမဖြစ်ကြနဲ့..တစိမ့်စိမ့်ကြည့်လေးနဲ့ စမယ် "

" ပြီးရော ပြီးရော.."

" အနည်းဆုံးတော့ ကမ္ဘာတစ်ခြမ်းငြိမ်းအေးရအောင် မောင်တော်အကြိုက် နှမတော်တို့ဆောင်ပေလေတော့.. "

" အို.. လာပေရော့ "

" အဟက်.. အဟား "

သုံးယောက်သား အသွားအလာညီနေတော့ သဘောကျစရာဖြစ်နေခဲ့တာ..။

" မျက်လုံးရှေ့မှာမြင်တိုင်း....ကြည့်ခဲ့ဖူးတယ် မထင်ပါနဲ့ သူများအတွက်လှလွန်းသူတွေလည်း ကိုယ်အမှတ်တမဲ့ပါပဲ "

ကျွန်တော်ကပဲ သီချင်းအစလေးနဲ့ ရင်ထဲကခံစားချက်အပိုင်းစလေး ဖွင့်ထုတ်မိသည်..။

ဒီည​တော့ဒီတိုင်း စာသားရရုံနဲ့ ကိုယ်ဟစ်အော်ထုတ်နေတာ မဟုတ်ပါဘူး ကဗျာ..။

ကိုယ့်ရင်ထဲကနေ လာတဲ့ သီချင်းသံပါ..။

စာသားတိုင်းကို ကိုယ့်ခံစားချက် ကိုယ့်နှလုံးသားလေးနဲ့ သီဆိုနေတာပါ ကဗျာ..။

" အားလုံးထဲက မင်းကျတော့..ရေး..ကိုယ် မျက်တောင်မခတ်ဘဲနဲ့ "

ဆိုနေကျတိုင်းတစ်ယောက်တစ်လှည့် ဆိုနေပေမယ့် တိတ်တဆိတ်နဲ့ ကျွန်တော့်နှလုံးသားလေးကပါ လိုက်သီဆိုနေမိတာ..။

" တစ်နေကုန်ထိုင်ပြီး တစိမ့်စိမ့်ကြည့်..နဖူးကနေခြေဖျားထိအောင်ချစ်တယ် ..အသည်းလေးအား စွဲညို့သူရေ မျက်စိအောက်က ပျောက်မသွားနဲ့အုံး..တစ်နေကုန်ထိုင်ပြီးကြည့်.. ဒီမျက်စိကအသည်းထဲအထိစီးဝင်.. ဘယ်တော့ကြည့်ကြည့် ချစ်မိသူရေ..ဒီလိုမျက်စိအောက်က ပျောက်မသွားနဲ့အုံး ..တစ်နေကုန် ထိုင်ပြီးကြည့် "

ကိုယ့်မျက်စိထဲ မင်းလေးရဲ့ပုံရိပ်တွေ ယှက်ပြေးနေတာ မင်းသိချင်မှသိလိမ့်မယ်.. မြင်ချင်မှလည်း မြင်လိမ့်မယ် ။

" ဒီတိုင်း ကြည့်နေရုံလေး..သိပ်တော့မများပါဘူး"

" ကိုယ့်ရဲ့အကြည့်ကပန်းတွေလိုပွင့်..ကဲ ယူ..မင်းဆွတ်ခူး"

" အားလုံးထဲကမင်းပဲ..အမြဲတမ်းမြင်နေခွင့်ပြု "

" တစ်နေကုန်ထိုင်ပြီး တစိမ့်စိမ့်ကြည့်..နဖူးကနေခြေဖျားထိအောင်ချစ်တယ် ..အသည်းလေးအား စွဲညို့သူရေ မျက်စိအောက်က ပျောက်မသွားနဲ့အုံး..တစ်နေကုန်ထိုင်ပြီးကြည့်.. ဒီမျက်စိကအသည်းထဲအထိစီးဝင်.. ဘယ်တော့ကြည့်ကြည့် ချစ်မိသူရေ..ဒီလိုမျက်စိအောက်က ပျောက်မ........."

သီချင်းလေးငါးပုဒ်ဆက်တိုက် ဆိုခဲ့ပြီး အဆောင်သူတွေကို နှုတ်ဆက်ကာ ပြန်လာခဲ့ကြသည်..။

ကျွန်တော်ကတော့ မမြင်ရသေးတဲ့သူကို လှမ်းမျှော်ရှာပြီး အိမ်ပြန်လက်ဆောင်မပါဘဲ ပြန်လာခဲ့ရသည်..။

.

12.12.2022 တနင်္လာနေ့..။

စနေ တနင်္ဂနွေ နားရက်မှာအိမ်ပြန်ဖြစ်ပြီး ဒီနေ့အဆောင်ပြန်ရောက်တော့ ညစာစုစားရင်း ရဲရင့်ကိုမေးဖြစ်တယ်..။

" ရဲရင့်.. မင်း ဒီနေ့သွားအုံးမှာလား "

" ဘယ်ကိုလဲ.. "

သူကတော့ ထမင်းလုတ်ကြီးကြီးတစ်ဇွန်း ပါးစပ်ထဲမထည့်ခင် ပေါ့ပေါ့ပါးပါးပြန်မေးသည်..။

" မင်းကောင်မလေး အဆောင်ကိုလေ.. "

" မသွားသေးဘူး..ဒီနေ့ နည်းနည်းပင်ပန်းနေတယ် နားလိုက်တော့မယ် "

ကျွန်တော် ဘာမှထပ်မမေးတော့..။

ခေါင်းလေးပဲငုံ့ချလိုက်သည်..။

" မြတ်ငြိမ်းရာ..မင်းမို့သွားမေးနေသေးတယ် "

" ငါဆို ဒီကောင်စကားစလာမှာစိုးလို့ကို မသိချင်ယောင်ဆောင်နေတာ.. "

" သိတယ်..စိတ်ဓာတ်တွေများ "

" ............. "

" .............. "

ပခုံးတွန့်ပြသူကတွန့်ပြ..။

ဂရုမစိုက်ဘဲ ထမင်းစားနေသူကစား..။

" မြတ်ငြိမ်းနဲ့များ တခြားစီ မင်းတို့ကောင်တွေ..ငါ့သူငယ်ချင်းလေးပဲ ကောင်းတယ် "

ရဲရင့်က ထမင်းပန်းကန်ကိုလက်တစ်ဖက်နဲ့ကိုင်ထားရင်း နောက်တစ်ဖက်နဲ့ကျွန်တော့်ပခုံးကိုလှမ်းဖက်သည်..။

ကျွန်တော်ကတော့ ထူးပြီးပြုံးလည်းမပြုံးပြတော့..။

စကားလည်း ဝင်မပြောဖြစ်ပါ..။

" ဟွင့်..မြတ်ငြိမ်းလိုကောင်က သူနားအေးပြီးရောဆိုပြီး မင်းနောက်လိုက်တာ..ချိုတယ် ငံတယ် စပ်တယ်ဆိုပြီး ပါးစပ်ကနေဘာမှဟမယ့်ကောင်မဟုတ်ဘူး.."

" အေးလေ.. ဟိုမှာလည်း ဘာမှမရှိဘဲနဲ့ သူလည်းအားတက်သရောကြီး လိုက်ပေးချင်ရအောင် ဝေဿန္တရာမင်းကြီးနဲ့အမျိုးတော်နေတာမဟုတ်ဘူး..သူ့ဘက်ငါ့ဘက်လည်း မျှမျှတတထည့်စဥ်းစားအုံး "

" မဟားတရားကြီး လိုက်ချင်နေတယ်လို့များ ထင်နေသလား မောင်မင်း..မင်းတော်တော် အရိပ်ကဲညံ့ရသလား ငါ့ရဲ့သားတော်ငယ်ဖြစ်ပြီး "

" မင်းဘိုးအေ မင်းသားဖြစ်ရမှာလား.. "

ထက်အောင်က စတော့ ရဲရင့်လှမ်းရိုက်ပေမယ့် ကောင်းကောင်းမထိလိုက်ပါဘူး.. လက်ဖျားထိပ်နဲ့ပဲ ထိလိုက်တာမို့ နာမယ်လည်းမထင်ပါဘူး ။

" အဟွင်း...အဟက် "

ဒီဝိုင်းထဲမှာ ငြိမ်သက်နေတာက ကျွန်တော်ကလွဲဘယ်သူရှိအုံးမည်လဲ..။

သူတို့ကတော့ပြောသား..။

ဘယ်သူရှိလို့ သွားချင်မှာလဲတဲ့..။

ရှိပါတယ်.. ရှိတာပေါ့ ။

ရှိလို့ သွားချင်နေတာပေါ့.. ။

ငါကြိုက်တယ်ဆိုတဲ့ကောင်မလေးက ရွှန်းလဲ့ မမလို့ခေါ်တဲ့ ကဗျာလေလို့ ဘာလို့ကျွန်တော်ထုတ်မပြောဖြစ်တာလဲ..။

ကဗျာကလည်း လျန်းလျန်းအဆောင်ကဆိုတာလည်း ကျွန်တော်ပြောဖို့ ဘာလို့နှုတ်လေးနေခဲ့မိတာလဲ..။

ကျွန်တော် ဒီအတိုင်းလေးပဲ ဆက်ငြိမ်နေမိခဲ့တာက ဘာအကြောင်းရာတွေကပိတ်ပင်တားဆီးနေခဲ့လို့လဲ..။

.

13.12.2022 အင်္ဂါနေ့...။

" ထက်အောင်.. ထက်အောင်.. ထက်အောင် "

ရဲရင့်အော်သံကြားလို့ ကျွန်တော်ဖတ်နေတဲ့ဝတ္ထုစာအုပ်ကို ချခဲ့ပြီး အခန်းပြင်ထွက်လိုက်သည်..။

" ထက်အောင်တို့ အပြင်သွားတယ်.. "

" ဟင်.. "

အနောက်ကိုပြန်လှည့်လာပြီးရဲရင့်ကရှေ့ကိုသွားနေရာကနေ ကျွန်တော့်နားပြန်လျှောက်လာသည်..။

" ဘယ်သွားကြတာလဲ.. "

" မုန့်သွားစားကြတယ်.. "

" ဘယ်တုန်းက ထွက်သွားတာလဲ..ကြာပြီလား "

" စောနလေးကမှ သွားကြတာ.. "

" ဒါဆို တန်းပြန်ရောက်ကြအုံးမှာမဟုတ်ဘူး..မင်းအားတယ်မလား "

" ဟင်.. "

" အားအား မအားအားငါနဲ့ခဏလိုက်ခဲ့အုံး.. "

" ဘယ်သွားမလို့လဲ.. "

" ရွှန်းလဲ့နဲ့ သွားတွေ့မလို့..သူ့ကိုမုန့်ဝယ်ကျွေးမယ်ပြောထားတာ ဆိုင်တစ်ဆိုင်ဆိုင်မှာသွားထိုင်ဖြစ်မှာမို့ မင်းအဝတ်လဲခဲ့လိုက်အုံး..မြန်မြန်လုပ်သိလား..ဟိုမှာစောင့်နေတာ ကြာမှာစိုးလို့ "

" ဟမ်..နေ.. "

ဘာစကားမှမပြောလိုက်ရ..။

လူကိုအခန်းထဲပြန်တွန်းထည့်ပြီး အပြင်သွားဖို့ကို ​အတင်းပြင်ဆင်ခိုင်းပြန်သည်..။

လျန်းလျန်းအဆောင်မဟုတ်လို့ စိတ်မပါပေမယ့် အကူညီတောင်းတော့လည်း လိုက်ပြီးပါရမီဖြည့်ပေးရအုံးမည်..။

ကိုယ်လည်း သူတို့အတွဲဖြစ်မြောက်ရေးမှာ တစ်ထောင့်တစ်နေရာကနေ အားဖြစ်ပေးခဲ့တာမို့ ကိုယ့်အလှည့်ကျရင်လည်း ပြန်ပြီးအကူညီခံရမှာပေါ့..။

အေးလေ..ကိုယ်လည်း ကိုယ့်ကံနဲ့ကိုယ်လာအုံးမှာပါ။

တွေးရင်းနဲ့ ဝတ်ထားတဲ့ပုဆိုးကြမ်းကို နည်းနည်းသန့်တဲ့တစ်ထည်နဲ့ ပြောင်းလဲဝတ်လိုက်သည်..။

ဝတ်ထားတဲ့စပို့ရှပ်အင်္ကျီကိုမချွတ်နေတော့ဘဲ မနက်ကကျောင်းသွားတုန်းက ဝတ်ထားတဲ့ရှပ်အင်္ကျီအဖြူကိုပဲ ကြယ်သီးတစ်လုံးမှမတပ်ဘဲ အပေါ်ထပ်အနေနဲ့ ကောက်ဝတ်လိုက်သည်..။

ကိုယ်ကြိုက်တဲ့သူနဲ့တွေ့ရမှာမှမဟုတ်ဘဲ.. အများကြီးမလိုပါဘူး ။

ဒီလောက်ဆို တော်ပြီပေါ့..။

" မြတ်ငြိမ်း.. ပြီးပြီလား "

" အေး.. "

" ဒါဆို သွားရအောင်.. "

" အွင်း.... "

ပြတင်းပေါက်တံခါးကို ဂလန့်သေချာချပြီး တံခါးသော့ပိတ်ပြီး သော့ကို ကျွန်တော်တို့သိမ်းထားလေ့ရှိတဲ့နေရာမှာပဲ ကျွန်တော်သိမ်းထားခဲ့လိုက်သည်..။

ပြီးမှ နှစ်ယောက်သားအတူထွက်လာခဲ့လိုက်သည်..။



🌼pann


__________________________

pann စာပြန်မစစ်မိဘူးနော်..။

အမှားယွင်းပါခဲ့ရင် နားလည်မှုနဲ့ ပြင်ဖတ်ပေးစေချင်ပါတယ်ရှင့် ..။

မျက်စိနောက်စေမိပြီ..။

pann မအားဖြစ်နေလို့ တစ်ရက်ခြားမှစာတင်နိုင်ပါမယ်ရှင့်..။

ကျန်းမာရေးဂရုစိုက်ကြပါနော်..။

စိတ်ညစ်စရာတွေရှိကြပေမယ့်လည်း ကြိုးစားဖြေဖျောက်ကြစို့နော်..။

အချိန်ပေးပြီးဖတ်ပေးကြတဲ့ တစ်ဦးတစ်ယောက် ချင်းစီတိုင်းကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်နော်..🙏

pann ကြိုးစားပုံဖော်သွားပါမည် 💪

Continue Reading

You'll Also Like

4.7M 526K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့...
298K 10.8K 44
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
303K 7.4K 76
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
115K 2.4K 33
ကျွန်တော်က ကျွန်တော့်ကောင်မလေးကို *စာအုပ်လေး* လို့ ချစ်စနိုးခေါ်တယ်။ လောကမှာ ဘယ်လောက်ပဲ ပြီးပြည့်စုံတဲ့ မိန်းကလေးဖြစ်နေပါစေ လိုအပ်ချက် တစ်ခုတော့ ရှိ...