သည်မောင် လက်ခုပ် တီးပါ့မယ် (...

By moe_for_more

147K 11.6K 3.1K

အစ်ကိုထွင်းက ဇာတ်စင်ပေါ်မယ် အချိုးအချိတ်ကျကျ လှလှကလေး ကကြိုးဆင်ပါလေ....သည်မောင်ကတော့ ဇာတ်စင်အောက် တစ်နေရာကနေ... More

Author's note
၁ (Z)
၂(Z)
၃(Z)
၄ Z
၅(Z)
၆(Z)
၇(Z)
၈(Z)
၉(Z)
၁၀
၁၀(Z)
၁၁
၁၁(Z)
၁၂
၁၂ (Z)
၁၃
၁၃ (Z)
၁၄
၁၄ (Z)
၁၅
၁၅ (Z)
၁၆
၁၆ (Z)
၁၇
၁၇ (Z)
၁၈
၁၈ (Z)
၁၉
၁၉ (Z)
၂၀
၂၀ (Z)
၂၁
၂၁ (Z)
၂၂
၂၂ (Z)
၂၃ (Z)
၂၄
၂၄ (Z)
၂၅
၂၅ ( Z)
၂၆
၂၆ (Z)
၂၇
၂၇ (Z)
၂၈
၂၈ (Z)
၂၉
၂၉ (Z)
၃၀
၃၀ (Z)
၃၁
၃၁ (Z)
၃၂
၃၂ (Z)
၃၃
၃၃ (Z)
၃၄
၃၄ (Z)
၃၅
၃၅ (Z)
၃၆
၃၆ (Z)
၃၇
၃၇ (Z)
၃၈
၃၈ (Z)
၃၉
၃၉ (Z)
၄၀ (ဇာတ်သိမ်းပိုင်း)
၄၀ (ဇာတ်သိမ်းပိုင်း) (Z)
အခပျြပို
အချပ်ပို
အခပျြပို၂
အချပ်ပို၂
မောင့်ဒိုင်ယာရီ
ေမာင့္ဒိုင္ယာရီ
နောက်ကျမှ ရေချိုးမိတဲ့အခါ (ေနာက္က်မွ ေရခ်ိဳးတဲ့အခါ)
ပေသလူးနဲ့ တို့များတစ်ခေတ်မောင်
အဆုံးသတ်မဟုတ်လေသော အဆုံးသတ်
Book Announcement
book cover and details

၂၃

1.9K 199 27
By moe_for_more

Unicode

ထွင်းအက္ခရာ၏ ဘဝကလေးမှာ ရိုးရှင်းမယောင်နှင့် ခက်ခဲကြမ်းတမ်းခဲ့လေသည်။ ထွင်းအက္ခရာ၏ အဘိုးအဘေးများမှာ  တစ်ခေတ်တစ်ခါက နာမည်ကြီးလူကြိုက်များခဲ့လေသော ဘုရင့်အသုံးတော်ခံ နန်းတွင်းသဘင်သည်များဖြစ်ကြ၏။ ထိုင်းနိုင်ငံမှသည် ရေပန်းစားလာခဲ့သော အငြိမ့်သဘင်အား မြန်မာ့နန်းတွင်းတွင် ပြန်လည်ကပြချိန်၌ ထွင်းအက္ခရာ၏ ဘိုးဘေးများမှာ ရှင်ဘုရင်တို့၏နှစ်ခြိုက်မြှောက်စားခြင်းကို ခံရကာ နာမည်အကြီးဆုံးနှင့် လူအသိအများဆုံးဖြစ်ခဲ့ကြသည်။ 'သွေးဟူသည် လိမ်ညာ၍မရ'ဆိုသကဲ့သို့ ထွင်းအက္ခရာ၏ အဘွားဖြစ်သူမှာလည်း ဒုတိယကမ္ဘာစစ်တို့ မဖြစ်ပွားမှီနှင့် ဖြစ်ပွားပြီးနောက် အချိန်များတွင် နာမည်အကြီးဆုံးသော အငြိမ့်မင်းသမီးတစ်ဦးဖြစ်လေ၏။

'ထိပ်တန်းအက္ခရာ'ဟူလေသော အဘွားဖြစ်သူ၏ နာမည်အတိုင်း အငြိမ့်သဘင်လောက၌ ထိပ်တန်းတွင် နေရာယူနိုင်ခဲ့သူလည်းဖြစ်သည်။ အဘွားဖြစ်သူမှာ ဦးစွာပထမအချိန်တွင်တော့ ထိုမျှလောက် နာမည်ကြီး ခေတ်မထသေးပါချေ။ သူနှစ်သက်ရာ အငြိမ့်ကခြင်းအား အပျော်သဘောအနေဖြင့်သာ ရွာထဲရပ်ထဲတွင် လှည့်လည်ကပြသူဖြစ်လေ၏။ အငြိမ့်ဟူ၍ကြားလိုက်သည်နှင့် မကရမနေနိုင်လောက်အောင် အနုပညာပိုးပါလှသော အဘွားဖြစ်သူကို သူ့အမေကတော့ အငြိမ့်ကဖို့ရာ ခွင့်မပြုပါချေ။ အဘွား၏ အမေမှာ သာမန်ရွာသူတစ်ဦးသာဖြစ်ပြီး အငြိမ့်ဆိုလျှင် နှာခေါင်းရှုံ့တတ်သူဖြစ်၏။

သူမမှာ အငြိမ့်သဘင်သည်များဆိုလျှင်လည်း ဖက်ခွက်စားရယ်ဟုသာ သတ်မှတ်ထားလေပြီး နည်းနည်းမျှပင် အထင်ကြီးတတ်သူမဟုတ်ပေ။ အမှန်တော့ကား သူမ၏ အဖေအမေများ(ထွင်းအက္ခရာ၏ အဘိုးအဘေးများ)မှာ ရှင်ဘုရင်များ၏ သဘောကျချီးမြှောက်ခြင်းကို ခံရ၍ ဘုရင့်စားတော်အုပ်ကိုပင် လက်ခံရရှိခဲ့ကြသူများဖြစ်ကြသည်။ လိုလားသူများမှာ သူတို့အား မြစိမ်းဖက်ဖြင့် ပွဲတော်တည်သသူများဟုဆိုသော်ငြား မလိုလားသူတို့မှာ ဖက်ခွက်စားရယ်ဟု သမုတ်ခဲ့ကြသည်။ အဘွား၏ အမေမှာ မလိုလားသူတို့၏ ဆိုစကားအား အဟုတ်မှတ်နေပုံပေါ်ပြီး ဖက်ခွက်စားများရယ်ဟု မိမိ၏ မိဘရင်းများကိုပင် လက်ညှိုးငေါက်ငေါက်ထိုးခဲ့သူဖြစ်၏။

ထိုကဲ့သို့ အမျိုးသမီးအား မိခင်တော်ထားရသူ ထိပ်တန်းအက္ခရာမှာ မိမိနှစ်သက်သည်ကို ဘွင်းဘွင်းရှင်းရှင်း ထုတ်ဖော်ပြနိုင်ခြင်းအလျဥ်းမရှိခဲ့ပါ။ သူမမှာ ပန်တျာကျောင်းမတက်ဖူးပေသော်လည်း အကအလွန်တော်သည်ကြောင့် ရွာမှ အလှူပွဲများတွင် ဒိုးပတ်အိုးစည်သံ တညံညံဖြင့် ကွေးနေအောင် လိုက်ကလေ့ရှိသည်။ ပြီးတာနှင့် အမေဖြစ်သူ၏ ဝါးခြမ်းစာမမိရလေအောင် ရွာတစ်ပတ်ပတ်ကာ​ ထမိန်စွန်တောင်ဆွဲလျက် ပြေးရလေတော့သည်။

သို့လော သို့လောနှင့် သူမခင်ဗျာ သဘောကျသည်ကို ပြောင်ပြောင်တင်းတင်းလုပ်ကိုင်ခွင့်မရပါပဲ အသက်အစိတ်ပြည့်သွားခဲ့သည်။ သူမ၏ ဘဝအချိုးအကွေ့မှာ ထိုကျမှသာ ဆိုက်ဆိုက်မြိုက်မြိုက်ဖြင့် ရောက်ရှိလာတော့သည်။ လူမသိသူမသိ ပုန်းလျှိုးကွယ်လျှိုးဖြင့် အနိမ့်သဘင်( မြေဝိုင်းသဘင်)များတွင် ကညင်ဆီမီးကလေးများဖြင့်သာ လိုက်လံကပြနေရင်း မြို့တော်မှ ဇာတ်ဆရာတစ်ဦးနှင့် တွေ့ဆုံရင်းနှီးလေတော့သည်။ ထိုသူ့အကူအညီဖြင့် အမေသောဘာသောတို့အား နောက်၌ ချန်ခဲ့ကာ ထမိန်စွန်တောင်ဆွဲလျက် အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့် မြို့တော်သို့ တက်လာခဲ့တော့သည်။ ရန်ကုန်မြို့တော်တွင် အခြေချကာ ထိုဇာတ်ဆရာ၏ မြှောက်စားမှုဖြင့် အငြိမ့်ဖွဲ့တစ်ခု၏ ခေါင်းဆောင်မင်းသမီးဖြစ်လာချေတော့သည်။ 'ထိပ်တန်းအက္ခရာ'ခေတ်တွင်တော့ ဘယ်မင်းသမီးမျှ သူ့မကျော်နိုင်ခဲ့။

သူမမှာ တောင့်တောင့်တင်းတင်း ခန္ဓာကိုယ်ကြီးနှင့် ​ခေါင်းခါးခြေလက်အဆစ်ကျအောင် ကတတ်ခုန်တတ်သူဖြစ်သည်။ အဆိုမှာလည်း သူ မတူအောက် ထူးချွန်ပြန်သည်။ မူဟန်ပိုကာ သဏ္ဍာန်လုပ် ဟန်ဆောင်ရာတွင်လည်း တစ်ဖက်ကမ်းခတ်ပင်။ သို့ကြောင့် ထိုခေတ်က အမျိုးသားတိုင်း ထိပ်တန်းအက္ခရာဆိုလျှင် တမ်းတမ်းစွဲကြကုန်သည်။ သူမ၏ အငြိမ့်ပွဲဆိုလျှင် လူတိုး၍ မပေါက်။ ရုံပွင့်မတတ်ပင် အားပေးခဲ့ကြသည်။ အချို့ဆိုလျှင် နေရာမရ၍တောင် မိုးတိုးမတ်တပ်ဖြင့် တစ်ညကုန်သည်အထိ လက်ခုပ်မနားတမ်းတီးကာ အားပေးကုန်သူများလည်းရှိသည်။  ထိပ်တန်းအက္ခရာမှာ သူ့ခေတ်ပြိုင် အငြိမ့်မင်းသမီးများထဲတွင်တော့ အထာကြီးသော အမျိုးသမီးရယ်လို့ နာမည်ကြီးပြန်သည်။ သူမအား နှစ်ကိုယ်တည်း တွေ့ဆုံဖို့ရာ ချိန်းဆိုဖို့ခက်ခဲ၏။ စက္ခုဖြင့်သော်လည်းကောင်း နှုတ်ဖြင့်သော်လည်းကောင်း အသားယူနိုင်ပါသော်လည်း တကယ်လက်တွေ့တွင်တော့ သူမမှာ သင့်အား မျက်စောင်းပင် လှည့်ထိုးမည်မဟုတ်။

ဇာတ်စင်ပေါ်ဆိုလျှင် သူမမျက်နှာမှာချို၏။ စင်အောက်ရောက်လျှင်တော့ တမဟုတ်ချင်းပြောင်းတတ်သည်။ ကြေးလည်းကြီးသလို အထာကလည်း သိပ်ကြီးပါပေ့။ မာနကြီးလွန်းသော ထိပ်တန်းအက္ခရာအား သူ့ကျေးဇူးရှင် ဇာတ်ဆရာကသာ အပိုင်သိမ်းနိုင်ခဲ့သည်။ သို့ရာတွင်လည်း အပိုင်သိမ်းသည်ဟု ခေါ်၍မရ။ တကယ့်တကယ်တမ်းတွင် ဇာတ်ဆရာမှာ မယားကြောက်တတ်သူဖြစ်၏။ ထိပ်တန်းအက္ခရာ၏ ခြေသလုံးတွင် လိမ်းဖို့ရာ သနပ်ခါးကိုပင် ကိုယ်တိုင်သွေးပေးသည်ဟု သတင်းထွက်လျက် ထိုဇာတ်ဆရာမှာ လိုလားသူတို့နှုတ်တွင် 'မယားချစ်တတ်သူ'ဟု အမည်တွင်ကာ မလိုလားသူတို့နှုတ်၌ 'မယားကြောက်'ရယ်လို့ သမုတ်ခံရသည်။

ထိပ်တန်းအက္ခရာမှာ အငြိမ့်သဘင်လောကတွင် နာမည်ကြီးသလောက် သူမကိုယ်တိုင်သည်လည်း အငြိမ့်သဘင်လောကအား သစ္စာရှိချစ်ခင်လေ၏။ ပိတ်ကားထက်၌ မီးမောင်းထိုးပြသော ဓာတ်ရှင်များ ခေတ်စားလာချိန်တွင် အမူအရာ၊ သရုပ်ဆောင်တို့၌ တော်တတ်မြောက်သော ထိပ်တန်းအက္ခရာအား ဓာတ်ရှင်ထုတ်ဝေသူတစ်ဦးက သူက,သော အငြိမ့်ပွဲအထိ လာရောက်ကာ ကမ်းလှမ်းခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရသည်ဟု ဆိုသည်။ ဒုတိယကမ္ဘာစစ်ဖြစ်ချိန်တွင်တော့ ရှောင်ကြတိမ်းကြ ပြေးကြလွှားကြဖြင့် အငြိမ့်သဘင်ကြည့်ဖို့ရာတွင် အာရုံမစိုက်နိုင်ခဲ့ကြ။ ထိုအချိန်တွင် ထိပ်တန်းအက္ခရာတို့ ပြာတိပြာယာကမောက်ကမဖြစ်သွားလိမ့်မည်ဟု မထင်လေနှင့်။ သူမမှာ ရွာကိုပြန်ကာ ဘာမျှမလုပ်တတ်မကိုင်တတ်သော လင်ကိုပင် လယ်စိုက်ကျွေးခဲ့သေးသည်။ စစ်တို့ ငြိမ်ကာမှ မြို့တော်သို့ လင့်လက်ကိုကိုင်ဆွဲ၍ ခေါင်းမော့၍ တက်ကာ သူမ၏ အောင်မြင်မှုကို အခန်းဆက်ခဲ့၏။

သူမမှာ ဆက်တိုက် အငြိမ့်များ၊ ဇာတ်များ ကလာခဲ့ပြီး အသက်အားဖြင့် သုံးဆယ်စွန်း လေးဆယ်နီးကာမှ တစ်ဦးတည်းသော သမီးကလေး မွေးဖွားခဲ့သည်။ ကလေးမီးဖွားပြီးသော်လည်း သူမမှာ အလုပ်တစ်ချက်မနားခဲ့ပါ။ သူမ၏ အငြိမ့်ပွဲ၊ ဇာတ်ပွဲများမှာ ဆက်လျက် ရှိနေခဲ့ပြီး သူမ၏ အောင်မြင်မှု မီးပုံသည်လည်း တဟုန်းဟုန်းဖြင့် အရှိန်ပြင်းစွာ တောက်လောင်လျက်ပင်။ သူမ ဇရာပြလာသော အချိန်တွင်မှ ထိုမီးအရှိန်မှာ သေခါစပြု၏။ ဒါတောင် ပုရိသတ်တို့က သူ့အား လက်ခံတုန်း၊ သဘောကျတုန်းပင်။ နောင်လာနောင်သား ပုရိသတ်များကသာ အရွယ်ကြီးရင့်သည့် သူ့ကို သဘောမကျတတ်ဖြစ်ကြသည်။ သူမအသက်ခြောက်ဆယ်တွင်မှ အနားယူရန် ခက်ခက်ခဲခဲ စဥ်းစားလိုက်ရပြီး နှစ်ဆယ်သာစွန်းသေးသော ပန်တျာကျောင်းဆင်း သူ့တစ်ဦးတည်းသော သမီးကလေးအား သူ့နေရာတွင် အစားထိုးကာ စင်တင်ပေးခဲ့သည်။

သူမမှာတော့ အမေဖြစ်သူ၏ ခြေဖျားကိုပင် မမှီခဲ့ပါ။ သဘောကျသူ၊ နှစ်သက်သူတို့ရှိခဲ့သော်ငြား အမေဖြစ်သူ ခေတ်ကလောက်ထိ ဟုန်းဟုန်းတောက်မကျော်ကြားခဲ့ပေ။  ထိပ်တန်းအက္ခရာတို့မျိုးဆက်မှာ တစ်မျိုးဆက်ခြားတစ်ခါ ထူးချွန်သူပေါ်ဟန်ရှိ၏။ ထိပ်တန်းအက္ခရာ၏ အဘိုးအဘေးများမှာ အငြိမ့်သဘင်အရာ၌ တော်ထက်ခဲ့ပြီး ထိပ်တန်းအက္ခရာ၏ အမေဖြစ်သူမှာတော့ ပါရမီပါမလာချေ။ ထို့အစား သူမတွင်သာ ပါရမီအရည်အချင်းတို့ စုပြုံလေ၏။ တစ်ဖန်သူ့သမီးသည်လည်း ပန်တျာကျောင်းဆင်းပင် ဖြစ်လင့်ကစား သူ့လောက်ပင် ပညာစွမ်းမထက်ခဲ့ချေ။

ထိပ်တန်းအက္ခရာ၏ လင်ဖြစ်သူ ဇာတ်ဆရာ ဆုံးပါးပြီးနောက် သုံးနှစ်မျှအကြာတွင် သူ့သမီးဖြစ်သူမှာ အငြိမ့်မင်းသားနှင့် လွန်လွန်ကျူးကျူးဖြစ်ကာ ကိုယ်လေးလက်ဝန်ရလေ၏။ ထိပ်တန်းအက္ခရာမှာ ကနဦးက ထိုအငြိမ့်မင်းသားနှင့် သူ့သမီးကို သဘောမတူချင်ခဲ့။ ပညာစွမ်းမထက်လေသောသူ့သမီးအား စိတ်ပျက်လွန်းလှ၍ အငြိမ့်သဘင်နှင့် သူတို့မျိုးဆက်အား ဖြတ်တောက်ချင်စိတ် ရှိနေခဲ့သည်။ သို့ကြောင့် သူ့သမီးအား ဆန်စက်ပိုင်ရှင်ဖြင့် လက်ဆက်ပေးချင်ခဲ့သည်။ သို့သော် သမီးမိုက်မှာ အမေ့သဘောကိုလွန်ဆန်၍ ထိုအငြိမ့်မင်းသားနှင့် ကိုယ်ဝန်ပင်ရသွားသေးသည်။ ထိုအချိန်တွင် သူမမှာ စိတ်ဆိုးလွန်းလှ၍ က,ရန်လက်ခံထားသော ပွဲမှန်သမျှကို ဖြတ်လိုက်ပြီး သမီးဖြစ်သူနှင့် သမက်ဖြစ်သူအား အိမ်ပေါ်မှ နှင်ချလိုက်သေးသည်။

စိတ်ကြီးလက်မြန် ထိပ်တန်းအက္ခရာမှာ တော်ရုံဖြင့် ဒေါသအဟုန်တို့ မသေခဲ့ပါ။ နောက်ဆုံး သမက်ဖြစ်သူမှာ နွမ်းနယ်နေသော သူ့သမီးလက်ကိုတွဲ၍ သူ့အိမ်ပေါ်သို့ အသနားခံပြန်တက်လာခါမှ တစ်ထစ်လျှော့ပေးခဲ့သည်။ သူမသမီးနှင့် သမက်မှာ ဇာတ်ကသည်မှလွဲ၍ မလုပ်တတ်မကိုင်တတ်သော လူပေါ်ကြော့များဖြစ်လေရာ ဒုက္ခရောက်တန်ရောက်၍ အစာရေစာပြည့်ပြည့်ဝဝမစားရလေဘဲ အားအင်ပြတ်လတ်လာကြသည်လေ။ သို့ကြောင့်ပင် ဘာမှမတတ်နိုင်ဘဲ သူမ ခွင့်လွှတ်ပေးလိုက်သည်။ သမီးမိုက်ဗိုက်ထဲမှ မြေးတို့ကိုတော့ သူမ သံယောဇဥ်မဖြတ်နိုင်ဘူးမဟုတ်ပေလား။

သို့နှင့် သူမ သမီးဖြစ်သူအား အတော်ဆုံးသောလက်သည်အမျိုးသမီးကြီးထံ အပ်နှံ မွေးဖွားစေ၏။ မမျှော်လင့်ထားစွာ ကလေးမှာ အမွှာပူးဖြစ်နေခဲ့သည်။ တစ်ဦးမှာ မိန်းကလေး၊ တစ်ဦးမှာ ယောက်ျားကလေးဖြစ်သည်။ နှစ်ဦးစလုံးမှာ အကြီးနှင့်အငယ် စက္ကန့်ပိုင်းမျှသာ ကွာလေ၏။ အကြီးလေးမှာ ယောက်ျားလေးဖြစ်ပြီး အငယ်လေးမှာ မိန်းကလေးဖြစ်သည်။ သူမမှာ သူမ၏ မြေးယောက်ျားကလေးအား ထွင်းအက္ခရာဟု အမည်ပေးလိုက်လျက်၊ အငယ်လေးကိုတော့ဖြင့် ထွေးအက္ခရာဟု အမည်ပေးလိုက်လေတော့သည်။

ကံဆိုးစွာဖြင့် အငယ်ကလေး ထွေးအက္ခရာမှာ ဖွံ့ဖြိုးမှုအားနည်းသော ဝေဒနာအား ခံစားခဲ့ရသည်။ အကြောင်းမှာ ကိုယ်ဝန်ဆောင်စဥ် မိခင်မှ အာဟာရမျှတလေအောင် မစားသောက်ခဲ့ခြင်းကြောင့်ပင်။ ထိုအကြောင်းတွေးမိလေတိုင်း ထိပ်တန်းအက္ခရာမှာ မိမိကိုယ်ကို အပြစ်တင်၍ မဆုံးပါ။ သူသာ စိတ်လိုက်မာန်ပါ မလုပ်ခဲ့ပါလျှင်ဟု တွေးတွေးလျက် လူမမယ် ကလေးလေးအား နေ့စဥ် တောင်းပန်စကားဆိုတတ်လေသည်။ ထို့ကြောင့်ပင် ထိပ်တန်းအက္ခရာမှာ သူ့မြေးကလေးများအပေါ် လွန်စွာ အကဲဆတ်လာလေ၏။ သူမကိုယ်တိုင် တယုတယဖြင့် ပြုစုပျိုးထောင်ကာ မိခင်ဖြစ်သူနှင့်ပင် စိတ်မချတတ်ဖြစ်လာသည်။ ထွင်းအက္ခရာတို့အမေနှင့်အဖေမှာတော့ ပွဲများဆက်က,ကာ အိမ်တွင်ပင် မကပ်နိုင်။ ထိပ်တန်းအက္ခရာကသာ ပြုစုပျိုးထောင်ပေးခဲ့ရသည်။

ထွေးအက္ခရာလေးမှာ လက်​ချောင်းခြေချောင်းများပင် ကောင်းကောင်းမဖွံ့ဖြိုးနိုင်ပါ။ လက်ကလေးမှာ ပိန်လှီတိုကပ်နေတတ်သည်။ ခန္ဓာကိုယ်မှာလည်း သိပ်မဖွံ့ဖြိုးနိုင်။ အမွှာအစ်ကိုဖြစ်သူ ထွင်းအက္ခရာနှင့်ဆိုလျှင် လွန်စွာသေးညှပ်ကာကျန်ခဲ့သည်။ သူ့အရွယ်ကလေးများနှင့် အတူမဖွံ့ဖြိုးနိုင်ဘဲ နောက်ကျကျန်ခဲ့လေသည်။ ထွင်းအက္ခရာလေး လမ်းလျှောက်တတ်စအချိန်တွင် သူ့အဖေနှင့်အမေမှာ နယ်တွင် ပွဲကဖို့သွားရာ တောင်ပြိုသည်နှင့်တိုး၍ ကံကုန်ခဲ့ကြလေသည်။ ထွင်းအက္ခရာတို့ မောင်နှမမှာ ငယ်ငယ်ရွယ်ရွယ်ဖြင့် မိဘမဲ့ဖြစ်ခဲ့ကြလေသည်။

ထို့ကြောင့်ပင် ထိပ်တန်းအက္ခရာမှာ သူ့မြေးတို့အား တိုး၍ပင် ဂရုစိုက်လေတော့သည်။ ချီး​မြှင့်မြှောက်စားခံခဲ့ရသော အငြိမ့်မင်းသမီးဟောင်းကြီးမို့ သူ့တွင် ငွေကြေးအလုံအလောက်ရှိနေ၏။ ကလေးနှစ်ဦးအား တင့်တင့်တယ်တယ်ဖြင့် ကျွေးမွေးပြုစုနိုင်မည်ဟု ယုံကြည်ထားလေ၏။ ယုံကြည်ထားသည့်အတိုင်းလည်း ကောင်းမွန်စွာ ကျွေးမွေးပြုစုနိုင်ခဲ့သည်။

မြေးနှစ်ဦးမှာ သူ့သွေးအပြည့်ပါကြသည်။ နှစ်ဦးစလုံးမှာ သီချင်းသံကြားသည်နှင့် မနေနိုင်ကြချေ။ ကကြခုန်ကြတော့သည်မှာ ထိန်းမနိုင်ပေ။ စကားပြောတတ်လမ်းလျှောက်တတ်နေသော ထွင်းအက္ခရာကလေးမှာ မပီကလာပီကလာဖြင့် သီချင်းများဆိုရင်း ကိုယ်ကို လှည့်ကာ လှည့်ကာဖြင့် အဘွားဖြစ်သူကို ကပြတတ်သည်။ ထွေးကလေးမှာလည်း မခံ။ ဖွံ့ဖြိုးမှုနှေးသော ထွေးကလေးမှာ ပုခက်ထဲမှသည် ဝူးဝူးဝါးဝါးဖြင့် အော်ဟစ်လျက် ကော့ထိုးပြတတ်သည်။ သူ့သွေးအပြည့်ပါလေသော မြေးနှစ်ဦးအား ရင်နှင့်ရင်း၍ မွေးမြူခဲ့လေသည်။

အရွယ်ရောက်လာလေတော့ ထွင်းအက္ခရာအား ပန်တျာကျောင်းသို့ ပို့ပေးခဲ့သည်။ ထွေးကလေးမှာတော့ လုပ်ချင်သော်ငြား သူ မလုပ်နိုင်။ ထွေးကလေးမှာ အရွယ်ရောက်သည်အထိ လမ်းမလျှောက်နိုင်ပေ။ ထို့ကြောင့် အမြဲလိုလို အိမ်မှ ကုလားထိုင်ပေါ်တွင်သာ ထိုင်နေလေ့ရှိသည်လေ။ ထို့အစား ထွေးကလေးကိုတော့ စန္ဒရားနက်ကြီးတစ်လုံး ဝယ်ပေးထား၏။ သူမမှာ ထိုစန္ဒရားနက်ကြီးအား တီးခတ်နေရသည်ကို နှစ်သက်သည်။ သံစဥ်မှာတော့ မလှပပါ။ သူမတွင် လက်ကွက်၊ သံစဥ်တို့အား မှတ်ထားနိုင်သည့် ဖွံ့ဖြိုးသော ဉာဏ်ရည်လည်း မရှိရှာပေ။ ထွေးကလေးမှာ ရုပ်ရည်အရာတွင်တော့ လှပချောမောလေ၏။ ထွင်းကလေးနှင့် ထွေးကလေးမှာ ခွဲမရအောင် တူလေသည်လေ။ သူ့အစ်ကိုဖြစ်သူ ကျောင်းပိတ်ရက် အိမ်အလည်လာတိုင်း သူမမှာ စန္ဒရားကြီးအား မတောက်တခေါက် တီးခတ်လျက် ထပ်တူညီသော တောင်းဆိုမှုကို ပြုတတ်လေ၏။

"ကို....ကို...ကိုကို တီး...တီး...တီးပြ...."

"တီးပြရမှာပေါ့ ကိုယ့်ညီမလေးကို...."

ထိုအချိန်တိုင်း ထွင်းကလေးမှာ အပြုံးနုနုကလေးဖြင့် တက်ကြွစွာ ပြန်ဖြေလျက် သူမဘေးတွင် ဝင်ထိုင်ကာ သူမလက်ကလေးများကို အုပ်ကိုင်ပေးရင်း စန္ဒရားတီးပြတတ်သည်။ ထိုမြင်ကွင်းကိုတော့ အဘွားဖြစ်သူ ထိပ်တန်းအက္ခရာမှာ ပက်လက်ကုလားထိုင်၌ ချည်ထိုးနေရင်းမှ မျက်ရည်များဖြင့် ငေးတတ်စမြဲပေ။ ထွေးကလေးမှာ သူကိုယ်တိုင် လှလှပပမကခုန်နိုင်၍ သူ့အစ်ကို ကပြသည်ကိုတော့ အလွန့်အလွန်ကို သဘောကျနှစ်ခြိုက်တတ်သည်။ ခဏတဖြုတ်အိမ်ပြန်လာလေတိုင်း သူ့အစ်ကိုအား ကခုန်ပြခိုင်းသည်မှာလည်း အမောပင်။

"ကို...ကို...ကိုကို...က...က...ကပြ..ထွေး...ထွေး...ကြ..ကြ..ကြည့်ချင်လို့..."

သူ့လက်မောင်းကလေးကို ဖွဖွလှုပ်ရမ်းလျက် တောင်းဆိုနေသော ညီမဖြစ်သူအား သူ့မူပိုင် အပြုံးနုနုဖြင့် တုံ့ပြန်လိုက်လေသည်။

"ကိုကို့ ညီမလေးက ကြည့်ချင်တာကို သည်က ကိုကိုက ကပြရမှာပေါ့..."

စကားများစွာပြောလိုက်ရ၍ နှုတ်ခမ်းတစ်ဝိုက်၌ပေသွားသော ညီမငယ်၏သွားရည်စများအား လက်မဖြင့် ညင်သာစွာ ဖိသုတ်ပေးလိုက်ရင်း သူပြောလိုက်လေတော့ သူမမှာ မျက်ဝန်းကလေးများ လေးကိုင်းသဏ္ဍာန်ကွေးညွတ်သွားသည်အထိ ပြုံးလေတော့သည်။ ထိုသို့ ပြုံးလေတိုင်း ထွင်းအက္ခရာမှာ သူ့ညီမဖြစ်သူအား အသည်းတယားယားဖြင့် ပါးဖောင်းဖောင်းလေးအား ခပ်ဖွဖွညှစ်ပစ်တတ်၏။

"ကဲ ကိုကို ကပြတော့မယ်နော် သေချာကြည့်နော်....ဘွားဘွားလည်း ကြည့်နော်....ငယ်ငယ်ကကတိပေးထားတဲ့အတိုင်း ဘွားဘွားရဲ့ ခေါင်းခါးခြေလက် အစုံစုံဖြစ်ပေးဖို့ ပြည့်စုံပါရဲ့လားလို့လေ...."

"ကြည့်ရမှာပေါ့ ရှင်...ဘွားမြေးကလေး ကတာကို ကြည့်ရအုန်းမပေါ့..."

ထွင်းအက္ခရာမှာ သူတတ်စွမ်းသမျှသော ပညာတို့အား လှစ်ဟပြကာ သီဆိုကခုန်လေတော့သည်။ အဘွားဖြစ်သူမှာလည်း အပြုံးများဖြင့် ငေးလေ၏။ ညီမဖြစ်သူ ထွေးကလေးမှာလည်း မူမမှန်လေသော လက်ချောင်းလေးများပါသည့် လက်ကလေးနှစ်ဖက်ဖြင့် အားပါးတရလက်ခုပ်တီးကာ အားပေးတတ်သည်။ ထွင်းအက္ခရာတွင် ထိုအဘွားနှင့် ညီမငယ်လေးသာ ရှိလျှင် အရာရာပြည့်စုံပြီဖြစ်၏။

သို့သော်ငြား ကံကြမ္မာမှာ မျက်နှာသာမပေးခဲ့ချေ။ ပန်တျာကျောင်းဆင်းခါနီးအချိန်တွင် အဘွားဖြစ်သူမှာ အသက်အရွယ်ကြီးရင့်သူတို့ ကြုံတွေ့ရသော လူကြီးရောဂါအဖုံဖုံဒဏ်ကြောင့် ဆုံးရှာ၏။ ထိုအချိန်တွင် တစ်ဦးတည်း ကျန်ရစ်ခဲ့သော ညီမငယ်မှာ အဘွားစိတ်ဖြင့် စိတ်ပင်ပန်းကာ တက်တက်သွားတတ်လေ၏။ ထိုသတင်းအား ကြေးနန်းရသည်နှင့် ထွင်းအက္ခရာမှာ အိမ်သို့ အပြေးပြန်သွား၏။ ညီမငယ်မှာ နေ့စဥ်နေ့တိုင်း တက်သွားတတ်ပြီး တော်ရုံဖြင့် မသက်သာပါ။ ဆရာဝန်များမှာလည်း ကယ်တင်နိုင်စွမ်းမရှိကြ။ သူတို့မယ် ကြည့်နေရုံသာ တတ်နိုင်ခဲ့၏။ ထွင်းအက္ခရာ အိမ်သို့ ရောက်သွားချိန်တွင် ညီမငယ်မှာ ပါးစပ်မှ အမြှုပ်တို့ ထွက်ကာ တက်နေလေတော့သည်။ သူရောက်လာသည်ကို သတိထားမိသည့်အခါ ခေတ္တမျှ ငြိမ်ကျသွားသည်။ ထွင်းအက္ခရာမှာ ညီမငယ်ရှေ့၌ ငိုချ၍မဖြစ်သည်ကြောင့် တင်းထားခဲ့ရသည့် မျက်ဝန်းများမှာ ချင်းချင်းနီနေလေတော့သည်။

"ထွေးကလေး....ညီမလေး....အားတင်းထားနော်....ကိုကိုရောက်လာပြီနော်...ကိုကို့ညီမလေးက ကိုကို ဇာတ်စင်ပေါ်မှာ ကတာ ကြည့်ချင်သေးတယ်ဆို...လက်ခုပ်လက်ဝါးတီးချင်သေးတယ်ဆို...."

ညီမငယ်မှာ ခက်ခဲစွာဖြင့် ခေါင်းငြိမ့်ပြရှာ၏။ ထွင်းအက္ခရာမှာ ညီမငယ်၏ လက်တိုတိုကလေးများကို မချင့်မရဲဖြင့် ကိုင်ဆုပ်ထားမိသည်။ သည်လက်တွေ လွတ်ထွက်သွားမည်ကို သိပ်စိုးရိမ်နေမိ၏။

"ဒါဖြင့် အားတင်းထားနော်....အားတင်းထားနော် ညီမလေး...."

"ကို...ကို...ကိုကို..."

"ပြော ညီမလေးပြော...ကိုကို့ကို ဘာပြောချင်လို့လဲ..."

သူ့မယ် ရှူးရှူးရှားရှားဖြင့် ထိန်းမထားနိုင်စွာ ကျဆင်းလာသော မျက်ရည်များကြားထဲမှသည် ခေါင်းတဆတ်ဆတ်ငြိမ့်ရင်း ​ပြုံးနေရသည်။ ညီမလေးက သူပြုံးနေရင်း သိပ်သဘောကျသည်လေ။ နှုတ်ခမ်းကလေးမှာ လှုပ်လီလှုပ်လဲ့ဖြစ်နေသော်လည်း အားမပါလှသော်ကြောင့် ညီမလေးပြောသည်များကို မကြားရချေ။ ထွင်းအက္ခရာမှာ ညီမငယ်၏ နှုတ်ခမ်းနားထံ ငုံ့ကိုင်း၍ နားထောင်ရလေတော့သည်။

"ဟို...ဟို...တီး...တီးပြ..."

မလှမ်းမကမ်းမှ စန္ဒရားကြီးကို လက်ညှိုးထိုး၍ ပြောနေလေသည်။ သူခေါင်းကို တဆတ်ဆတ်ငြိမ့်လိုက်ကာ။

"တီးပြမယ်နော် ကိုကို တီးပြမယ်...အရင်ဆုံး ညီမလေးက အားတင်းထားအုန်းနော်...."

သူမက ထပ်မံ၍ တစ်ခုခု ထပ်ပြောနေပြန်၏။

"က...ကပြ...ကို...ကို...ကိုကို...က...ကတာ...သိပ်...သိပ်ကြည့်ကောင်းတယ်....ဇာတ်....ဇာတ်စင်ပေါ်မယ်....သေ....သေ....သေ...သေချာပေါက်....က....က..ကရမယ်နော်...."

သူသိ၏။ ထွေးကလေးမှာ သူ့အား ဇာတ်စင်ပေါ်တွင် ကခုန်သည်ကို မြင်ချင်သည်မှန်း သိ၏။ သူသာ ဇာတ်စင်ပေါ်တွင် ကခုန်သည့်တစ်နေ့ ထွေးကလေးသည်လည်း ဇာတ်စင်အောက်မှ လက်ခုပ်တီးပေးမည်ဟုလည်း တဖွဖွပြောပြဖူးသည်။ သူ့မယ် 'ထွေးကလေးရယ်' ဟုသာ မချိတင်ကဲ ရွတ်ဆိုမိတော့သည်။

"ထွေး...ထွေး...ထွေးက ...သည်...သည်လိုကလေး....လက်...လက်...လက်ခုပ်တီးနေမှာ...."

သူမ၏ လက်ကလေးများဖြင့် ပင်ပန်းခက်ခဲစွာ လက်ခုပ်လေးတစ်ချက် တီးပြလေသည်။ ထိုအချိန် မထိန်းနိုင်စွာ သူ့မျက်ရည်တွေသည်လည်း ညီမငယ်၏ လက်ခုံပေါ် ခုန်ချလေတော့သည်။ ညီမလေးထွေးမှာ ထိုမျှ လက်ခုပ်တီးပြပြီးနောက် နောက်တစ်ကြိမ် တက်ပြန်၏။ ပြီးသည့်နောက် သတိလစ်သွားကာ သူမ၏ အသက်ဝိညာဥ်ကလေးသည်လည်း ထွက်ခွာသွားကာ ကိုယ်နှင့် ကင်းကွာသွားလေလေတော့သည်။ ထွင်းအက္ခရာမှာ အသက်မဲ့သွားလေသော ညီမငယ်၏ ခန္ဓာကိုယ်ကလေးအား တင်းကြပ်စွာပွေ့ဖက်လိုက်ရင်း ကတိတဖွဖွပေးနေမိသည်။

"ကိုကို ဇာတ်စင်ပေါ်မယ် သေချာပေါက် ကခုန်မှာပါ ထွေးကလေးရယ်....ညီမလေးလည်း ကိုကို့ကို ဇာတ်စင်အောက်ကနေ သေချာပေါက် လက်ခုပ်တီးပေးရမယ်နော်....."

ခြေတံရှည်အိမ်ကြီးအတွင်း အသက်မဲ့ ခန္ဓာကိုယ်ကလေးအား ပွေ့ဖက်ရင်း အိတ်သွန်ဖာမှောက် အားပါးတရငိုကြွေးနေလေသော ယောက်ျားပျိုကလေး၏ ငိုကြွေးသံသည်သာ ကြီးစိုးလို့နေခဲ့ပေတော့သည်။

#########

အလုံးစုံ ပြောပြပြီးသည့်နောက် ညလေအေးအေးမှာ သူတို့နှစ်ဦးကြား ဖြတ်တိုက် ကျီစယ်သွား၏။ သို့ရာတွင် မည်သို့သော တုံ့ပြန်မှုမှ ပါမလာချေ။ နှစ်ဦးစလုံးမှာ နှုတ်ဆိတ်လို့နေ၏။ ထွင်းအက္ခရာမှာ စန္ဒရားလက်ခုံတို့အား ခပ်ဖွဖွတို့ထိနေရင်း မျက်ရည်များ တိတ်တဆိတ်ကျနေလေတော့၏။ တစ်ခေတ်မောင်မှာ တုန်ယင်နေသော အစ်ကိုထွင်းပုခုံးစွန်းများကို မြင်သည်နှင့် အလိုက်သိစွာ စကားတစ်ခွန်းမျှ မဆို။ သူဆိုလိုက်သော စကားကြောင့် အစ်ကိုထွင်းအား ပို၍ ဝမ်းနည်းသွားစေမည်ကို သူ မလိုလားချေ။

"ယောက်ျားလေး မင်းသမီးအဖြစ် ပေါ်ပေါ်တင်တင် ပွဲထွက်လို့ရရဲ့သားနဲ့ ဘာကြောင့်များ အမျိုးသမီးတစ်ဦးလိုဟန်ဆောင်ပြီး ပွဲကသလဲ မင်းသိလား တစ်ခေတ်မောင်...."

တစ်ခေတ်မောင်မှာ ရိုးရှင်းစွာပင် ခေါင်းခါပြမိသည်။ သူ တကယ်မသိပါချေ။ ယခုအချိန်တွင် ယောက်ျားလေးမင်းသမီးများမှာလည်း ပေါ်ပေါက်နေပြီး လူထုမှာလည်း သဘောကျနှစ်ခြိုက်ကြသည်လေ။ ဒါကို အဘယ်ကြောင့်များ အစ်ကိုထွင်းမှာ စိတ်အာရုံအား အပင်ပန်းခံ၍ အမျိုးသမီးအဖြစ် ဖုံးကွယ်ဟန်ဆောင်ကာ အငြိမ့်ကနေသလဲ သူ မသိပါချေ။

"ငါကလေ ဘွားဘွားရဲ့ ခေါင်း၊ခါး၊ ခြေ၊ လက်အစုံစုံဖြစ်ပေးပါ့မယ်လို့ ကတိကဝတ်ထားခဲ့တာ....ပြီးတော့ ငါ့ညီမကလေးထွေး....လမ်းတောင် မလျှောက်နိုင်တဲ့ ငါ့ညီမကလေးက ဘယ်လောက်တောင် ကချင်ခုန်ချင်မှန်း ငါအသိဆုံး....သူတို့အတွက် သည်လမ်းကို ရွေးခဲ့တာ တစ်ခေတ်မောင်....ငါ ဇာတ်စင်ပေါ်ရောက်လို့ ပုရိသတ်ကို ဖျော်ဖြေလေတိုင်း ထွင်းအက္ခရာဆိုတဲ့ ငါမဟုတ်လေပဲ ငါ့ဘွားဘွား ထိပ်တန်းအက္ခရာအဖြစ် ဖြစ်စေ၊ သိပ်ကို အကအခုန်ဝါသနာထုံတဲ့ ငါ့ညီမကလေးထွေးအဖြစ်ဖြစ်စေ ငါ ကခုန်တာ....ဇာတ်စင်ပေါ်မယ် ငါက ငါမဟုတ်လေဘူး တစ်ခေတ်မောင်...တစ်ခါတစ်ရံ ငါဟာ ထိပ်တန်းအက္ခရာ...တစ်ခါတစ်ရံ ငါဟာ ထွေးအက္ခရာပါလေ..."

ပြီးသည်​့နောက် အစ်ကိုထွင်းမှာ သူ့ထံသို့ ဖြေးညင်းစွာ လှည့်လာလေပြီး နွမ်းနယ်နေလေသော မျက်နှာကလေးဖြင့် ပြုံးကာပြသည်။

"ငါ့ညီမကလေးထွေးက သိပ်ကတိတည်တယ် တစ်ခေတ်မောင်....ပထမဆုံး ဇာတ်စင်ပေါ် ကခုန်တဲ့အချိန် ပွဲခင်းထဲကနေ ပက်လက်ကုလားထိုင်ကလေးပေါ်က လက်ခုပ်လက်ဝါးတီးနေတဲ့ ထွေးကလေးကို ငါမြင်ခဲ့တယ်...."

တစ်ခေတ်မောင်မှာ သူ့ရင်အတွင်း၌ ဆို့နစ်စွာ ခံစားနေရတော့သည်။ ချစ်ရသူမှာ ကိုယ့်ဘဝရယ်လို့ မဟုတ်ပါဘဲ သူချစ်ရသူများအတွက် ၊ သူချစ်ရသူများအနေဖြင့် ဘဝအား ဆက်လက်ရပ်တည်နေသည်မှာ မည်မျှ ပင်ပန်းလိုက်မည်နည်း။ အပြုံးနုနုကလေးဖြင့် ဖုံးကွယ်ထားတတ်လေသော မွန်းကြပ်နာကျင်မှုများမှာ မည်မျှ ကြီးမားနေလိုက်မည်နည်း။ စန္ဒရားခုံပေါ် ထိုင်နေလေသော အစ်ကိုထွင်းဆီ ပို၍နီးကပ်ဖို့ရာ လျှောက်လှမ်းသွားလိုက်ပြီး မြေပြင်ပေါ် ဒူးတစ်ဖက်ထောက်ကာ ထိုင်ချလိုက်တော့သည်။ ပေါင်ပေါ်ယှက်တင်ထားလေသော အစ်ကိုထွင်း၏ လက်နုနုကလေးများကို သူဖြေးဖွဖွ ဆွဲယူကာ ယုယစွာ ဖွဖွနမ်းလိုက်လေ၏။ ထို့နောက်ကား အစ်ကိုထွင်း၏ နွမ်းနယ်မှုများ၊ မျက်ရည်ဥများဖြင့် ပြည့်နေလေသော မျက်နှာကလေးအား မော့ငေးကာ သူသည်လည်း အတောက်ပဆုံးပြုံးပြမိတော့သည်။

"ဘွားဘွားနဲ့ ထွေးကလေးက အစ်ကိုထွင်းကို ကျေးဇူးလည်းတင်ပြီး ဂုဏ်လည်းယူနေမှာပါ....ကျုပ်အစ်ကိုထွင်းက ဘယ်လောက်တော်လိုက်သလဲလေ....သူတို့ သိပ်ကို ပျော်နေကြမှာ....သို့ပေမဲ့လည်း အစ်ကိုထွင်း....အစ်ကိုထွင်းကတော့ မည်သူတစ်ဦးတစ်ယောက်အနေနဲ့ သီဆိုကခုန်လေသလဲ ကျုပ်မသိခဲ့ပေမဲ့ ကျုပ်မျက်လုံးထဲမယ် အစ်ကိုထွင်းက အတော်ဆုံးနဲ့ အလှပဆုံး၊ ပညာစွမ်းအထက်ဆုံးသော အငြိမ့်သမဖြစ်လို့နေတယ်....အစ်ကိုထွင်းက ဘယ်သူ့အတွက်ပဲ ရပ်တည်နေပါစေ ကျုပ်အတွက်တော့ အစ်ကိုထွင်းက အစ်ကိုထွင်းပါပဲလေ....ကျုပ်အတွက်တော့ တစ်ဦးတည်းသော ချစ်ရတဲ့အစ်ကိုထွင်းဖြစ်နေတုန်းပဲ....ဒါကြောင့် တစ်ခါတစ်ရံမယ် ဘယ်သူအဖြစ်ရယ်လို့မဟုတ်ဘဲ အစ်ကိုထွင်းက အစ်ကိုထွင်းကိုယ်တိုင်အဖြစ် ရပ်တည်ပေးလို့ရမလား  မောင့်ရဲ့အစ်ကိုထွင်း...."

အစ်ကိုထွင်း၏ မျက်ဝန်းများမှာ လက်ခနဲ ဖြစ်သွားကာ နှုတ်ခမ်းစိုစိုကလေးများမှာလည်း အံ့သြမှုကြောင့် ဝိုင်းခနဲဖြစ်သွားသည်။ ပြီးသည့်အခါ အစ်ကိုထွင်းမှာ ကလေးငယ်လေးတစ်ဦးလို ငိုကြွေးလာလျက် တစ်ခေတ်မောင်ထံသို့ ငုံ့ကိုင်းကာ သိုင်းဖက်လာလေတော့သည်။ သည်တစ်လျှောက်လုံး ထမ်းပိုးထားရလေသော လေးပင်မှု၊ တာဝန်ကြီးမှု ၊တမ်းတမှု၊ လွမ်းဆွတ်မှုတို့ကို ဖွင့်ထုတ်နေသလိုပင်။ ရှိူက်ကြီးတငင်ဖြင့် သည်းသည်းမည်းမည်းငိုကြွေးနေလေသော အစ်ကိုထွင်း၏ ကျောပြင်ကလေးအား တစ်ခေတ်မောင်မှာ ဖြေးဖြေးမှန်မှန်ပင် ပွတ်သပ်ပေးလျက် တိတ်တဆိတ်နေပေးမိသည်။ တစ်ခါတစ်ရံ၌ကား တိတ်တဆိတ်နေပေးခြင်းသည် ကူညီနှစ်သိမ့်ပေးရာရောက်လေသည်မဟုတ်လား။

====================

19.9.2022🖤ဆွေး🖤

အမှားများပါခဲ့သည်ရှိသော် အပြုသဘောဖြင့် ထောက်ပြလှည့်ပါ....သေးမွှားလျှင် သည်မတတ်မမြောက် စာရေးသူကလေးကို ခွင့်လွှတ်ပေးပြီး ကြီးမားလျှင်တော့ဖြင့် မှန်သောအချက်တို့အား စေတနာဖြင့် ထောက်ပြပေးလှည့်ပါ....







Continue Reading

You'll Also Like

4.7M 529K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့...
305K 33.2K 170
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...
47.6K 7.9K 112
Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Update schedule - Daily Start Da...
2.5M 180K 66
ယုံကြည်မှုကလည်းအချစ် နားလည်မှုကလည်းအချစ် ပေးဆပ်မှုကလည်းအချစ် ခွင့်လွတ်မှုကလည်းအချစ် ဟု ဆိုခဲ့သော် ပြောင်းပြန်အချိုးကျခဲ့တဲ့ချစ်ခြင်းတစ်ခုရဲ့ အဆုံးသတ်က ဘယ...