ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V3 Chapter 10 - Dr.Soul
တောင်ကိုရီးယားမြို့တော် ဆိုးလ်။
လူကန်က သူ့ရှေ့တွင်ရှိနေသည့် လူတစ်ကိုယ်ဝင်စာ တွင်းပေါက်မှနေ၍ အတွင်းသို့ငုံကြည့်လိုက်သည်။
နယူးယောက်တွင် သူတွေ့ဖူးခဲ့သည့် မြေအောက်စမ်းသပ်ခန်း ပုံစံတူဖြစ်ပြီး ယခုတစ်ခုက အရင်တစ်ခါစမ်းသပ်ခန်းထက် အများကြီးပိုကြီး၏။ အန္တရာယ်အငွေ့အသက်ကို ရနေသည့်အတွက်လားတော့မသိ သူ့လက်ထဲမှဓားမှာ ခုန်ထွက်လုမတတ် တုန်ရီနေပြီး ဓားပုံစံများက အလိုလိုပြောင်းလဲနေ၏။
"ဦးလေးကျင့်ခယ်... တစ်ခုခုအာရုံခံမိလို့လား။"
သူမေးလိုက်တော့ ဓားကချက်ချင်း နဂါးနှစ်ကောင်အဖြစ်ပြောင်းလဲသွားပြီး လေထဲမှာတင် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်၏ တစ္ဆေဆန်ဆန်ပုံရိပ်က ထွက်ပေါ်လာသည်။
"အတွင်းထဲမှာ သိပ်အန္တရာယ်များတယ်၊ ဒီတွင်းပေါက်ထဲမှာ လူ့အသက်ပေါင်းများစွာကို ယူဆောင်ပြီးပြီဖြစ်တဲ့ လူတစ်ယောက်ရှိနေတယ်။"
ကျင့်ခယ်က ဖြောင်းဖျသည့်အနေဖြင့် လေသံကိုအေးအေးထားပြီး ရှင်းပြလိုက်သည်။ တည်ငြိမ်သည့်အမူအရာဖြင့်ရှိနေသည့် မိုယဲ့ကလည်း ခေါင်းညိတ်ပြီး ထပ်ဖြည့်ပြောသည်။
"ဟုတ်တယ်၊ သွေးဆာနေတဲ့ အခြားသတ္တဝါတွေကိုလည်း အဒေါ်အာရုံခံမိတယ်။ မသွားတာ ကောင်းလိမ့်မယ်။"
သို့သော်လည်း လူကန်ကတော့ ထိုနေရာမှ ဒီအတိုင်းလှည့်ထွက်သွားဖို့ သဘောမတူပေ။ ယခု သူ့ဘေးနားတွင် အများတန်းရှိနေတတ်သည့် ဖက်တီးဖရန့်ကို ဘယ်နေရာမှမတွေ့ရပေ။ သူအခုလုပ်ဆောင်နေသည့်အရာက သူ့သူငယ်ချင်း၏ သေရေးရှင်ရေးနှင့် ပတ်သက်နေသည်မဟုတ်လား။
သူတို့နှစ်ယောက်က ဆုဗာနာမှထွက်လာပြီးနောက် သက်ဆိုင်ရာနိုင်ငံများကို အစီရင်ခံကာ မြူတန့်သိပ္ပံအဖွဲ့နောက်ကို ဆက်လိုက်လာကြခြင်းဖြစ်သည်။ အမိန့်တော်အဖွဲ့မှ ဖရာလီတာမှာ ဂျပန်သို့သွားနေပြီဖြစ်၍ သူတို့က တခြားသဲလွန်စတစ်ခုနောက်သို့ လိုက်လာခြင်းဖြစ်သည်။
ဖက်တီးဖရန့် လူကန့်အနားမှပျောက်မသွားခင် နှစ်ရက်ခန့်အလိုက သူတို့အဖွဲ့လေးမှာ ဆိုဂျူးနှင့်အသားကင်တွဲရောင်းသည့် စားသောက်ဆိုင်လေးတစ်ဆိုင်မှ သီးသန့်ခန်းထဲတွင် ထိုင်နေခဲ့ခြင်းဖြစ်သည်။
ထိုသဲလွန်စမှာ မထင်မှတ်ထားဘဲ တောင်ကိုရီးယားရှိ ထူးဆန်းသည့် လူပျောက်မှုများနှင့် ဆက်စပ်နေခဲ့သည်။
အမိန့်တော်အဖွဲ့၏အာရှအေးဂျင့်တချို့က ကိုယ်လက်အင်္ဂါနှင့်လူကုန်ကူးသည့် ဗီလိန်အဖွဲ့အစည်းတစ်ခုအကြောင်း ထူးဆန်းသည့်အချက်အလက်များကို ရှာဖွေတွေ့ရှိခဲ့သည်။
ပုံမှန်အားဖြင့် ထိုဂိုဏ်းများက ကလေးသူငယ်များကို ဖမ်းဆီးခြင်း၊ ဆေးရုံများမှ လောလောလတ်လတ်သေထားသည့် လူသေအလောင်းများကို ခိုးထုတ်ပြီး ကလီစာများ ထုတ်ယူခြင်းတို့ကိုသာ ပြုလုပ်တတ်ကြသော်လည်း ယခင်နှစ်အနည်းငယ်အတွင်းရှိ သူတို့၏ဆက်တိုက်လှုပ်ရှားမှုများက မူမမှန်ဖြစ်လာသည့် အတိုင်းအတာတစ်ခုအထိ ရောက်ရှိလာခဲ့သည်။
"ဒီလောက်များတဲ့ကလေးတွေကို သူတို့ဘာလို့လိုအပ်နေတာလဲ။" ရာနှင့်ချီသည့် ကလေးပျောက်ဆုံးမှုများကို ချိတ်ဆက်မိပြီးနောက်တွင် အမိန့်တော်အဖွဲ့က မူမမှန်မှုများကို စတင်သတိထားမိလာသည်။
'ပုံမှန်ဆိုရင် တရုတ်မှောင်ခိုဂိုဏ်းတွေက အဲဒီလိုစျေးကွက်တွေမှာ အကြီးဆုံးဝယ်လက်ပဲ။ ကလေးတွေကို အရှေ့တောင်အာရှဒေသကနေ မှာယူပြီးတော့ သူတို့ကပဲဝယ်နေတာ။ ဒါပေမဲ့ အဲဒီဒုတိယတန်းစားဗီလိန်ဂိုဏ်းက ကြီးမားတဲ့စျေးကွက်ကိုစွန့်လွှတ်ပြီး တောင်ကိုရီးယားက လျှို့ဝှက်ဆန်းကြယ်တဲ့ ဝယ်လက်ဆီကို လွဲပြောင်းရောင်းချခဲ့တယ်။'
လူကန်က သူ့ကွန်ပျူတာမှတစ်ဆင့် ထိပ်တန်းလျှို့ဝှက်ချက်အဆင့် အစီရင်ခံစာများကို ဖတ်ရှူရင်း မျက်မှောင်ကြုတ်လိုက်သည်။
မြူတန့်များ ပေါ်ပေါက်လာပြီးနောက်တွင် ဖွံဖြိုးဆဲနိုင်ငံအများစုဖြင့်သာ စုစည်းထားခဲ့သော အာဆီယံဒေသမှာ လုံခြုံရေးအရ စိုးရိမ်ဖွယ်ကောင်းသော အနီရောင်အဆင့်ကို ရောက်ရှိသွားပါသည်။
အရှေ့တောင်အာရှရှိ ယခင်ကတည်းက နာမည်ဆိုးဖြင့်ကျော်ကြားသော ရွှေတြိဂံဒေသမှာ ဗီလိန်များအတွက် လွတ်မြောက်နယ်မြေသဖွယ် ဖြစ်လာခဲ့သည်။ ထိပ်သီးဗီလိန်အဖွဲ့များဖြစ်သော မိုးပြာနဂါးလက်နက်မှောင်ခိုဂိုဏ်း၊ အရိပ်လုပ်ကြံသတ်ဖြတ်သူအစည်းအရုံးနှင့် မြူတန့်သိပ္ပံတို့မှာ ထိုနေရာကိုအဓိက ကျောထောက်နောက်ခံပေးထားသဖြင့် ဟီးရိုးအစည်းအရုံး၏ထိန်းချုပ်မှုအောက်တွင် ရှိမနေတော့ပေ။
စင်စစ် ထိုကဲ့သို့နေရာများမှာ အရှေ့အလယ်ပိုင်းဒေသ၊ တောင်အမေရိကနှင့်အာဖရိကတွင်လည်း များစွာရှိပြီး မြူတန့်များဖြင့်ပြည့်နေသောကမ္ဘာကြီးမှာ သင်ထင်ထားသည်ထက် များစွာမှောင်မိုက်နေပါသည်။
ထိုသို့ဖြစ်နေရသည့် အဓိကအကြောင်းအရင်းမှာ အရှေ့တောင်အာရှဒေသများတွင် စွမ်းအားကြီးမြူတန့် နည်းပါးမှုကြောင့်ဖြစ်ပြီး မြန်မာမှသူရိယရာဇာ၊ အင်ဒိုနီးရှားမှ ဂယ်ရူဒါ၊ စင်္ကါပူမှ အိန်ဂျယ်ကွင်းတို့သုံးယောက်သာ A rankတွင်ရှိကြသည်။
တစ်နည်းအားဖြင့် ရန်ကုန်ဟီးရိုးအစည်းအရုံး၊ စင်္ကါပူဟီးရိုးအစည်းအရုံးနှင့် ဂျာကာတာဟီးရိုးအစည်းအရုံးသုံးခုသာ ဖြစ်ဖြစ်မြောက်မြောက် အင်အားရှိသည်။
ယခင်က ဘန်ကောက်အစည်းအရုံးတွင် A rank ရှိဖူးသော်လည်း ရွှေတြိဂံဒေသကို ကိုင်တွယ်ရန်ကြိုးပမ်းရင်း အရိပ်အဖွဲ့မှ ရှင်းပစ်ခြင်းကို ခံခဲ့ရသည်။ စင်စစ်တွင် ထိုနေရာများ၌ အခြားA rankများ ရှိကောင်းရှိနေနိုင်သော်လည်း ဟီးရိုးလုပ်ရန်ထက် အကျိုးအမြတ်ပိုများပြီး လုပ်ကြံခံရနိုင်ခြေနည်းသော ဗီလိန်များအဖြစ် နေရန်ကိုသာ အားထုတ်ခဲ့ကြပုံပေါ်သည်။
"ဒီလောက်များတဲ့ကလေးတွေကို လိုချင်နေတဲ့သူကိုတွေးကြည့်ရင် မြူတန့်သိပ္ပံကလွဲပြီး တခြားအဖွဲ့တွေကို စဥ်းစားကြည့်လို့မရဘူး။"
မြူတန့်သိပ္ပံအဖွဲ့၏ယခင်လုပ်ရပ်များကို ပြန်ကြည့်ပါက မွေးကင်းစကလေးများနှင့် မိဘမဲ့ကလေးများကို စမ်းသပ်ခံအဖြစ်သုံးခဲ့ပြီး လူလုပ်မြူတန့်ဖြစ်လာသည့် လီဆာတို့လိုကလေးအများအပြား ရှိနေခဲ့သည်။ တော်တော်များများမှာ အရွယ်ရောက်လာပြီးနောက် စင်တီကဲ့သို့ အဖွဲ့၏လက်နက်များဖြစ်လာကြသည်။
"အရိပ်အဖွဲ့က နိုင်ငံခေါင်းဆောင်တွေ၊ ဟီးရိုးတွေနဲ့ တခြားအရေးကြီးပုဂ္ဂိုလ်တွေကို လုပ်ကြံဖို့အတွက်ပဲ စိတ်ထဲရှိကြတာ။ နည်းနည်းပါးပါးအုတ်ဂူတူးပြီး ရှေးဟောင်းပစ္စည်းတွေရောင်းတာတော့ရှိတယ်၊ လူကုန်ကူးတာနဲ့ကိုယ်လက်အင်္ဂါရောင်းဝယ်တာကျတော့ သူတို့က အဆင့်နိမ့်အလုပ်တွေလို့သတ်မှတ်ထားတာမလို့ မလုပ်ဘူး။ သူတို့ကိုဖယ်လို့ရတယ်။"
"မိုးပြာနဂါးက နိုင်ငံတွေနဲ့ဗီလိန်အဖွဲ့တွေကြားထဲမှာ လက်နက်ပွဲစားလုပ်ပေးတဲ့ကောင်တွေပဲ။ သူတို့နောက်ခံက လီမိသားစု။ တစ်ခါက အမေရိကန်လက်နက်နည်းပညာတွေကို အရှေ့အလယ်ပိုင်းက သူပုန်အဖွဲ့ဆီရောင်းဖူးလို့ ပြဿနာတက်ဖူးပေမဲ့ ကလေးတွေကိစ္စနဲ့က ဘယ်လိုမှဆက်စပ်ကြည့်လို့မရဘူး။"
ဖက်တီးဖရန့်ကတော့ ဒေတာတွေဖတ်ရင်း စဥ်းစားခန်းဝင်နေတဲ့ လူကန်ကို နည်းနည်းလေးမှဂရုမစိုက်ဘူး။ တစ်ယောက်တည်း ပျင်းရိစွာနဲ့ ဝက်သားသုံးထပ်သားကို ကိုယ်တိုင်ကင်စားရင် ဆိုဂျူးသောက်နေတာ။ ပန်းသီးလေးကတော့ ပင်ပန်းလို့ သူ့ကိုယ်ထဲ ဝင်အိပ်နေပြီ။ ဆုဗာနာတိုက်ပွဲမှာ ဂုဏ်ထူးဆောင်ပြီးကတည်းက ပန်းသီးလေးဟာ စားလိုက်အိပ်လိုက်ပဲလုပ်နေတယ်။ ဗိုက်ဆာလာရင် အပြင်ထွက်စားတယ်၊ စားလို့ဝသွားရင် ပြန်ဝင်အိပ်တယ်။ လောကကြီးမှာ သူတစ်ယောက်တည်းပဲ အေးဆေးနေတာ။
'အဲဒီကလေးကို ငါးစာအဖြစ်သုံးပြီး အမှောင်ထဲက ကလေးသူခိုးတွေကို ဖော်ထုတ်ရင်ကောင်းမလား။' လူကန်တစ်ယောက် နက်မှောင်နေတဲ့ အတွေးတွေတွေးမိပေမဲ့ တကယ်မလုပ်ဖြစ်ဘူး။
ဘာပဲပြောပြော ပန်းသီးလေးက S rank ဗီလိန်ကိုတောင် သာသာလေးသမထားတာဆိုတော့ သူ့လိုမျိုး အထူးA rankတစ်ယောက်ကို လက်ကလေးတစ်ချောင်းနဲ့တောင် အမှောက်သိပ်နိုင်တယ်။ သူဆန္ဒမရှိရင် ဘာမှခိုင်းလို့ရမှာမဟုတ်ဘူး။
"ဖွီး... မင်းကလည်း ပျင်းဖို့ကောင်းလိုက်တာကွာ။ ဒီလောက်နာမည်ကြီးတဲ့ ဘာဘီကျူ့ဆိုင်ကိုလာပြီး မစားမသောက်ဘဲ သတင်းပဲဖတ်နေလိုက်။ ငါတော့ ဆိုဂျူထပ်မှာလိုက်ဦးမယ်။"
သူတို့စားနေတဲ့ဆိုင်လေးက နာမည်ကြီးတယ်ဆိုပေမဲ့ မြစ်ကမ်းနံဘေးမှာဖွင့်ထားတာ။ သီးသန့်အခန်းဆိုတာကလည်း လုံလုံခြုံခြုံရှိတဲ့ ရွက်ဖျင်တဲလေးထဲမှာ စားပွဲဝိုင်းလေးချပေးထားရုံပဲ။ သားအမိသားအဖနှစ်ယောက် ဖွင့်ထားတာမလို့ လူကျနေတဲ့အချိန်ဆိုရင် သူတို့အတွက် သီးသန့်စားပွဲထိုးလုပ်မပေးနိုင်ဘူး။ ဒီတော့ ကောင်တာသွားပြီး ပစ္စည်းယူရတယ်။
ဟန်မြစ်ဘေးက မြောင်ဒုံညစျေးတန်းလေးက ညပိုင်းဆိုရင် သိပ်စည်တယ်။ ဒေသခံတွေလာလေ့ရှိသလို သူတို့လိုမျိုး တောင်ကိုရီယားကို ခရီးထွက်လာကြတဲ့ နိုင်ငံခြားသားတွေလည်း လာလည်တတ်တယ်။
ဖရန့်တစ်ယောက် ကောင်တာက ဦးလေးကြီးကို ဆိုဂျူးတစ်ပုလင်းထပ်မှာပြီး စောင့်နေတုန်း သူ့ဘေးနားကို ကိုရီးယားသူမိန်းမလှလေးတစ်ယောက် လာရပ်တယ်။
"ကိုလူချော... ရှင်က ဘယ်ကလာတာလဲ။" ကိုရီးယားသံဝဲဝဲနဲ့ပြောလိုက်တဲ့ အင်္ဂလိပ်စကားကြောင့် ဖရန့်လည်း လှည့်ကြည့်လိုက်မိတော့တာပေါ့။
မိန်းကလေးရဲ့အရပ်က အာရှသူတစ်ယောက်အနေနဲ့ နိမ့်တယ်လို့လည်း ပြောလို့မရသလို မြင့်တယ်လို့လည်း ပြောလို့မရဘူး။ မျက်နှာက လုံးဝကိုပြီးပြည့်စုံတဲ့ အလှတရားကိုဖော်ကျူးနေပေမဲ့ ဖရန့်တစ်ယောက် မသက်မသာစိတ်မျိုးကို စခံစားလာရတယ်။
အကြောင်းက အဲဒီမိန်းကလေးရဲ့မျက်နှာပေါ်က အစိတ်အပိုင်းတွေဟာ လှပပေမဲ့ တစ်ခုနဲ့တစ်ခုက မတူညီဘဲ ကွဲထွက်သလိုဖြစ်နေတယ်။ ပြောရရင်တော့ အစိတ်အပိုင်းတစ်ခုချင်းစီက သဟဇာတဖြစ်မနေတာ။
ဘယ်ဖက်မျက်လုံးက ကြယ်တာရာတွေလိုမျိုး တောက်ပနေပေမဲ့ အခြားတစ်ဖက်ကတော့ ရေခဲလိုမျိုး အေးစက်နေပါတယ်။ သူ့နှုတ်ခမ်းတွေက ပန်းဖူးလေးလိုမျိုး နီရဲနေပေမဲ့ ပါးပြင်မှာပါးချိုင့်ရှိနေတဲ့ တစ်ဦးတည်းမဟုတ်သလို ခံစားရပြန်တယ်။
ပြောရရင် မိန်းမလှလေးတွေအများကြီးဆီက တစ်မူထူးခြားတဲ့အလှတွေကို တစ်ယောက်တည်းဆီမှာ ပေါင်းစပ်တွေ့မြင်နေရသလိုပဲ။
လှပလွန်းတဲ့ မိန်းကလေးက စကားစလာတာကြောင့် ဖရန့်လည်း ဘယ်လိုတုံ့ပြန်ရမှန်းမသိဘဲ အဲဒီမိန်းကလေးကိုပဲ စိုက်ကြည့်နေမိတော့တယ်။
"ကိုလူချော၊ ကျွန်မကို အကြာကြီးစိုက်ကြည့်နေတာ ရိုင်းရာကျတယ်လေ။" မိန်းကလေးက ခရို့တရို့ရှက်ပြုံးလေးနဲ့ ခေါင်းကိုစောင်းပြီးပြောလိုက်တယ်။ ခါးအထိရောက်အောင်ရှည်တဲ့ ဆံပင်တွေက ရေတံခွန်လိုမျိုး ဖြာစင်းလာတယ်။ ဒီလောက်ပြီးပြည့်စုံအောင် လှပတဲ့မိန်းကလေးမျိုးကို ဖရန့်တစ်သက်နဲ့တစ်ကိုယ် မမြင်ဖူးသေးဘူး။
"အား... တောင်းပန်ပါတယ်၊ ခင်ဗျားက လှလွန်းလို့ ကျွန်တော်သတိလက်လွတ်ဖြစ်သွားတာပါ။"
သူတို့စကားပြောနေတုန်း ဦးလေးကြီးက ဆိုဂျူးပုလင်းလာပေးတယ်။ ဒါပေမဲ့ အဲဒီမိန်းကလေးကိုလည်းမြင်ရော ဘာကြောင့်မှန်းမသိ မျက်နှာပျက်သွားပြီး ဆိုင်နောက်ထဲ ဝင်ပြေးသွားတယ်။ ဆိုင်ရှင်ကြီးသမီးလည်း အလားတူပဲ။ သူတို့နှစ်ယောက်က တော်တော်ကြာတဲ့အထိ ပြန်ထွက်မလာဘူး။ အဲဒီမိန်းကလေးနဲ့အတူ ရောဂါဆိုးတစ်ခုခု ပါလာမှာစိုးရိမ်နေကြသလိုပဲ။
ဒါပေမဲ့ ဖရန့်ကတော့ ညို့ဓာတ်မိနေသလိုမျိုး ပုံမှန်မဟုတ်တဲ့အခြေအနေကို သတိမထားမိကြဘူး။
ဆိုင်ထဲမှာ ရှုပ်ယှက်ခတ်နေတဲ့ ဝယ်သူတွေလည်း ဆိုင်ထဲကနေ အလျှိုအလျှိုထွက်သွားကြတယ်။ သူတို့တွေက ဖြစ်လာတော့မယ့်အရာကို သတိထားမိကြပုံပေါ်ပေမဲ့ ဘယ်သူမှ သတိပေးချင်ပုံမရဘူး။
သူတို့နှစ်ယောက် စကားပြောနေတုန်း မိန်းကလေးက သူ့အကြောင်းသူ စပြောပြတယ်။ ဒါပေမဲ့လည်း အတိအကျမဟုတ်ဘဲ တစ်ခုခုကိုဖုံးကွယ်ထားသလိုမျိုး ဝေဝေဝါးဝါးပဲပြောတာ။
"ကျွန်မက ဆရာဝန်တစ်ယောက်လေ။" ဒါပေမဲ့ ဘာလုပ်တဲ့ဆရာဝန်လည်းဆိုတာမပြောဘူး။ ဖရန့်က သူ့လောက်လှတဲ့မိန်းကလေးမျိုး မတွေ့ဖူးဘူးလို့ အမှန်အတိုင်းပြောတော့လည်း အဓိပ္ပါယ်ပါပါပြုံးပြီး ပြန်ဖြေတယ်။
"လူတိုင်းက အလှတစ်မျိုးစီရှိကြပါတယ်။ အလှအပအားလုံးကို တစ်ပြိုင်နက်တည်းမှာ မပိုင်ဆိုင်နိုင်တာကတော့ မနာလိုစရာပဲမဟုတ်လား။" ဒီလိုမျိုး ဒဿနဆန်ဆန်လေးတွေ ပြောတတ်တယ်။
အထူးဆန်းဆုံးကတော့ ကျွန်မလှလားဆိုတာကိုပဲ အကြိမ်ကြိမ်မေးခဲ့ပြီး နောက်ဆုံးမှာတော့ ဖရန့်ရဲ့လက်ဖမိုးပေါ်ကို သူ့လက်ဝါးတင်ပြီးဆုပ်ကိုင်လိုက်တယ်။
"ကိုလူချော... ရှင်နဲ့အတူပါလာတဲ့သူနဲ့ မိတ်ဆက်ပေးဦးလေ။"
တကယ်တော့ လူကန်က သီးသန့်တဲထဲမှာ ထိုင်နေပြီး ဖရန့်နောက်ကိုမလိုက်ခဲ့သလို ဆိုင်မှာထိုင်နေကတည်းက အပြင်ကိုမသွားခဲ့ဘူး။ ဒါကြောင့် သူတို့ဝင်လာကတည်းက သေချာသတိထားစောင့်ကြည့်နေသူမဟုတ်ရင် ဒီကိစ္စတွေကိုသိနေစရာအကြောင်းမရှိဘူး။
တုံးအလွန်းတဲ့ ဖရန့်ကတော့ ဒါတွေကို သတိမထားမိရှာဘူး။
"ထားလိုက်ပါ၊ အဲဒီကောင်က အလုပ်ပဲကြိုးစားနေတာ။ ငါသွားခေါ်ရင် စိတ်ဆိုးလိမ့်မယ်။"
ဒီစကားကြားတော့ မိန်းကလေးက ရုတ်တရက်ပြုံးလိုက်ပြီး မေးလာတယ်။ "ရှင်က သူ့ကိုတော်တော် ခင်တာပဲနော်၊ ဒါနဲ့ ရှင်က သူ့အတွက်အရေးပါလား။"
ဖရန့်လည်း ရယ်မောရင်းနဲ့ ပြန်ဖြေလိုက်မိတာပေါ့။ "ဟားဟား... သူက ငါ့ရဲ့ညီအစ်ကိုကောင်းလေ၊ ငရဲထိဆင်းလိုက်ရမယ်ဆိုရင်တောင် ငါ့ကိုလာကယ်မဲ့ လူစားမျိုး။"
"ဟုတ်လား..." အဲဒီနောက်တော့ မိန်းကလေးက မယုံသင်္ကါတဲ့ပုံစံမျိုးနဲ့ မျက်မှောင်ကြုတ်လိုက်ပြီး အတန်ကြာမှ တစ်ခုခုကိုစဥ်းစားမိပြီး ဝမ်းသာအားရဖြစ်သွားတဲ့ပုံစံမျိုးနဲ့ ပြုံးလိုက်လေရဲ့။
"ဒါဆို ရှင့်မှာသူငယ်ချင်းကောင်းတစ်ယောက်ရှိနေတဲ့အတွက် ဂုဏ်ပြုရမှာပေါ့။ ကျွန်မ သူ့မျက်လုံးပြာလေးတွေကို သဘောကျတယ်။"
အဲဒီနောက်တော့ မိန်းကလေးက ဖရန့်လက်ထဲက ဆိုဂျူပုလင်းကို ယူကာအဖုံးဖွင့်လိုက်ပြီး ကောင်တာပေါ်တင်ထားတဲ့ ခွက်ထဲငှဲ့လိုက်တယ်။
အဲဒီအချိန်မှာ ဆေးရုံမှာရလေ့ရှိတဲ့ ပိုးသတ်ဆေးမျိုးကို ဖရန့်ရလိုက်ပေမဲ့ သိပ်အများကြီးဂရုမထားမိဘူး။မိန်းကလေးက ဆရာဝန်မလို့ သူ့ကိုယ်မှာစွဲကျန်နေတာလည်း ဖြစ်နိုင်တယ်လို့ တွေးခဲ့မိပုံပဲ။
"ကမ်းပေ့..." မိန်းကလေးသောက်တဲ့အရက်ကို သောက်ပြီးတဲ့နောက်တော့ ဘာဆက်ဖြစ်လဲဆိုတာ စုံထောက်ကျော်ကြီးတစ်ယောက်ကို ခေါ်စုံစမ်းစရာမလိုဘူး။
ဖရန့်ရဲ့ခန္ဓာကိုယ်က ဖယောင်းလိုပျော့ပြောင်းပြီး အဲဒီမိန်းကလေးရဲ့ရင်ခွင်ထဲ ပြုတ်ကျသွားတော့တာပဲ။ မိန်းကလေးက ပထမတော့မနှစ်မြို့တဲ့ပုံစံမျိုးနဲ့ ဖမ်းထားလိုက်ပေမဲ့ တစ်ခုခုကို ထပ်တွေးမိပုံနဲ့ ကျေကျေနပ်နပ်ကြီးပြုံးလိုက်တယ်။
အကြောင်းမသိတဲ့ လူတွေကတော့ မူးနေတဲ့အနောက်တိုင်းသားကြီးတစ်ယောက်ကို ညငှက်လေးတစ်ယောက် အခန်းဆီတွဲပြီးပြန်ပို့ပေးတယ်လို့သာ ထင်မိကြမှာပါ။
...
ဒီကိစ္စတွေအားလုံးက ဆိုင်ပိုင်ရှင်ဦးလေးကြီးနဲ့သမီးကို လူကန်တောင်းတောင်းပန်ပန်နဲ့မေးကြည့်ပြီးမှ သိခဲ့ရတာ။
သူတို့က အဲဒီမိန်းကလေးအကြောင်းကို တစ်ခုခုသိထားကြပုံပေါ်ပေမဲ့လည်း မပြောရဲကြဘူး။ ဒီတော့လည်း လူကန်တစ်ယောက်တည်း ဟီးရိုးအစည်းအရုံးဒေတာတွေကိုကြည့်ပြီး စုံစမ်းရတော့တာပဲ။ နောက်ဆုံးတော့ အဲဒီဒေတာတွေထဲမှာ ဘာမှမတွေ့ခဲ့ဘဲ ကိုရီးယား ဆိုးလ်မြို့တစ်ဝိုက်က မြို့ပြတစ္ဆေဇာတ်လမ်းတွေတင်တဲ့ ခပ်ပေါပေါဝက်ဆိုက်တစ်ခုမှာ သဲလွန်စသွားတွေ့တယ်။
ဒီလိုအမှုမျိုးတွေက ဆိုးလ်တစ်ဝိုက်မှာဖြစ်နေတာကြာပြီ။ ဒါပေမဲ့ ဆက်စပ်နေတဲ့ လူပျောက်မှုအများစုက အရမ်းလှတဲ့မိန်းကလေးတွေ။
မြူတန့်တွေရဲ့လက်ချက်ဆိုတာမျိုး မတွေ့ရတဲ့အတွက် ဟီးရိုးအစည်းအရုံးက ဂရုမစိုက်ခဲ့ဘဲ ဒေသခံရဲတွေကပဲ ကိုင်တွယ်နေခဲ့တာ ရာစုနှစ်တစ်ဝက်နီးပါးဖြစ်နေပြီ။ အမှုသည်လည်းမပေါ်သလို ပျောက်သွားတဲ့မိန်းကလေးတွေလည်း ပြန်ရောက်မလာဘူး။
ဖြစ်စဥ်တော်တော်များများမှာတော့ မိန်းမလှလေးတွေရဲ့အစိတ်အပိုင်းတွေကို တစ်ယောက်တည်းမှာ ပေါင်းတပ်ထားသလိုဖြစ်နေတဲ့ မိန်းကလေးတစ်ယောက်အကြောင်း တစ်စွန်းတစပါတတ်တယ်။
ခင်မင်ရင်းနှီးတတ်ပုံပေါ်ပြီး အလှအပအကြောင်း ဆွေးနွေးချင်နေပုံပေါ်တဲ့ ဆရာဝန်အစ်မကြီးတစ်ယောက်က မိန်းကလေးတွေကိုချဥ်းကပ်စကားပြောပြီး တစ်ခုခုကြံစည်သွားတာချည်းမျိုးပဲ။
အစပိုင်းတော့ လူပျောက်တာမျိုးအထိမဖြစ်ဘူး၊ ညီမလေးနားရွက်က လှလိုက်တာနော်ဆိုပြီး ထုံဆေးပေး ဖြတ်သွားတာမျိုး၊ မျက်လုံးတွေ နှိုက်ထုတ်သွားတာတွေလောက်ပဲရှိတယ်။
နောက်ပိုင်းတော့ လူသေတဲ့အထိဖြစ်ကုန်ပြီး ရဲတပ်ဖွဲ့က အတည်လိုက်တော့မှ တရားခံရဲ့လုပ်ပုံလုပ်နည်းတွေက ပြောင်းလဲသွားတယ်။
ပိုအနုစိတ်ပြီး သဲလွန်စရှာရခက်လာတယ်။ ဒါကြောင့်လည်း တော်ပါတယ်ဆိုတဲ့ စုံထောက်တွေတောင် မဖြေရှင်းနိုင်ခဲ့ဘူး။ ဆိုးလ်ရဲတပ်ဖွဲ့က စကော့တလန် ယော့ခ်ရဲတပ်ဖွဲ့က စုံထောက်တွေကိုတောင် အကူအညီတောင်းခဲ့သေးတယ်ဆိုတယ်။ ဒါပေမဲ့ အချည်းအနှီးပါပဲ။
အဲ၊ ခပ်ဝဝ အနောက်တိုင်းသားတစ်ယောက်ကို ဆရာဝန်အစ်မကြီးတိုက်ခိုက်တဲ့ ဖြစ်စဥ်မျိုးကတော့ ပထမဆုံးလို့ပဲ ပြောရမလား။
ဝက်ဆိုက်အရ လှပတဲ့သူတွေကို မနာလိုဖြစ်နေတဲ့ အငြိုးကြီးတဲ့တစ္ဆေ၊ ဒါမှမဟုတ် စိတ္တဇ လူသတ်သမားက အသက်ကြီးလာပြီး မျက်လုံးတွေမှုန်ကုန်လို့ ခပ်ဝဝကောင်လေးတစ်ယောက်နဲ့ မိန်းမလှလေးတွေကို မခွဲခြားတတ်တော့တာလား။ ဒါတော့ လူကန်လည်း မပြောတတ်ဘူး။
ဘာပဲဖြစ်ဖြစ် လူကန်ကတော့ သူ့သူငယ်ချင်းပါသွားတာမလို့ ရေဆုံးမြေဆုံးလိုက်ရှာဖို့ ဆုံးဖြတ်ခဲ့တယ်။
ကိုရီးယားဟာ အမေရိကန်တပ်စခန်းရှိတဲ့နေရာမလို့ CIDနဲ့ချိတ်ဆက်ပြီး ဆိုးလ်ရဲတပ်ဖွဲ့ဖိုင်တွေကို တောင်းကြည့်တာမျိုး၊ ဟီးရိုးအစည်းအရုံး အထူးအေးဂျင့်ရာထူးကိုသုံးပြီး ဒေသခံဟီးရိုးတွေရဲ့အကူအညီကို ယူခဲ့တာမျိုးတွေနဲ့ စစုံစမ်းခဲ့ပါတယ်။
၄၈ နာရီမပြည့်ခင်မှာပဲ ဒီအမှုနဲ့ပတ်သက်ပြီး သူတော်တော်သိခဲ့ရပြီ။
တစ်ချိန်တည်းမှာပဲ နောက်ပိုင်းရလာတဲ့ သဲလွန်စတွေကို ကွင်းဆက်အဖြစ်သုံးပြီး မြူတန့်သိပ္ပံအဖွဲ့အစည်းက တတိယမြောက်တည်ထောင်သူနဲ့ဆက်စပ်မိသွားတယ်။
Dr.Soul...
သူဟာ ၁၉၈၀ ခုနစ် အလှအပ ပလက်စတစ်ဆာဂျရီပညာ စတင်နာမည်ကြီးလာစဥ်အခါက နာမည်ကျော် ခွဲစိတ်ဆရာဝန်တစ်ဦးပါ။
တော်လွန်းလို့ နတ်ဘုရားပေးတဲ့လက်ပိုင်ရှင်လို့တောင် ခေါ်တွင်ကြပြီးတော့ ကိုရီးယားပြည်ကို ဆာဂျရီပညာ သယ်ဆောင်လာပေးတဲ့ ဒေါက်တာ Jae-Duk Lew လက်သစ်လေးလို့တောင် ဆိုကြပါတယ်။
၁၉၆၀ ခုနစ်တွေကတည်းက ကိုရီးယားမှာ ဆာဂျရီပညာ ထွန်းကားနေပြီးသားဆိုပေမဲ့ ၁၉၈၀ နောက်ပိုင်းမှ အလှအပအတွက် စတင်အသုံးပြုလာတာဖြစ်ပြီး ယနေ့ခေတ်မှာတော့ ကမ္ဘာ့ဆာဂျရီမြို့တော်လို့တောင် တင်စားလို့ရနေပါပြီ။
Dr.Soul ခေါ် ဒေါက်တာ ကင်ချန်းဝန်ဟာ ထာဝရအလှကိုရှာဖွေဖို့ ရည်မှန်းချက်ထားရှိထားသူပါ။ သူခွဲစိတ်ပေးလိုက်တဲ့သူတိုင်းဟာ အဆင်ပြေပြီး အမှားမရှိတဲ့သူအဖြစ် စံချိန်တင်ထားသူတစ်ယောက်ပါ။ နာမည်ကြီး အနုပညာရှင်တွေ၊ သူဌေးကတော်ကြီးတွေအတွက် အလုပ်လုပ်ပေးခဲ့ပြီး အင်မတန်ချမ်းသာလာခဲ့တယ်။
ဒါပေမဲ့ သူဘယ်လောက်တော်တော် ပလက်စတစ်ဆာဂျရီပညာဟာ ဇရာအိုမင်းခြင်းကို မတားဆီးနိုင်မှန်း သိရှိလာပါတယ်။ ဒီပညာရပ်တွေဟာ တစ်ခဏတာ အလှအတွက်ပါပဲ။ ထာဝရအလှကို တောင်းတနေသူမလို့ ဒီပညာရပ်တွေက သူ့နှလုံးသားကို မပြည့်ဝစေတော့ဘူး။
ထာဝရအလှကို ဖော်ထုတ်ဖို့အတွက် သူသုတေသနတွေ အများကြီးလုပ်ခဲ့တယ်။ ဒါပေမဲ့ အချည်းအနှီးပါပဲ။ တရားဝင်ခွင့်ပြုမထားတဲ့ သုတေသနတချို့ကို ပြုလုပ်ပြီးတဲ့နောက် ဆာဂျရီအထူးပြု ခွဲစိတ်ဆရာဝန်အလုပ်ကနေ အပြီးတိုင်ရပ်နားခံလိုက်ရတယ်။
နှစ်တွေကြာပြီးတဲ့နောက် သူကိုယ်တိုင်လည်းအိုမင်းလာပြီး အလှတွေပျက်ယွင်းလာခဲ့ပါပြီ။ ထာဝရအလှကို သက်ဝင်ယုံကြည်သူအဖို့ အိုမင်းခြင်းဟာ အိပ်မက်ဆိုးဖြစ်လာပြီး ဇရာကိုဆန့်ကျင်ဖို့အတွက် နောက်တစ်ကြိမ် သုတေသနလုပ်ပါတယ်။
ပထမဆုံးခြေလှမ်းကတော့ သူ့ရဲ့မလှတော့တဲ့ အစိတ်အပိုင်းတွေနေရာမှာ အခြားလှတဲ့အစိတ်အပိုင်းတွေကို အစားထိုးဖို့ပါ။
ဒေါက်တာကင်ရဲ့လက်ချက်မိသွားတဲ့ မိန်းမလှလေးတွေ ဘယ်လောက်ရှိသလဲဆိုတာ ဘယ်သူမှ အတိအကျမသိကြဘူး။
အစပိုင်းမှာတော့ ကိုယ်တိုင်ခက်ခက်ခဲခဲလုပ်ခဲ့ရပေမဲ့ သွေးရောင်သလင်းကျောက်တစ်ခု သူ့ရှေ့ကျလာပြီးနောက်မှာတော့ အများကြီးပြောင်းလဲသွားတယ်။
သွေးကြောတွေနဲ့ပတ်သက်တဲ့ မြူတန့်စွမ်းအားရလာပြီး The Great 47အဖွဲ့ဝင် ဦးလေးကြီးဂင်ရဲ့အဓိက ပြိုင်ဖက်ဖြစ်လာပါတယ်။
အစောပိုင်းနေ့ရက်တွေမှာ တစ်ကိုယ်တော်စိတ္တဇဗီလိန်ဆိုပေမဲ့ မြူတန့်သိပ္ပံတွေနဲ့ပေါင်းမိပြီးတဲ့နောက် သူ့လုပ်ရပ်တွေက ပိုအသေးစိတ်လာသလို ခြေရာခံဖို့လည်း ခဲယဥ်းလာပါတယ်။
အခြေခံလူတန်းစားတစ်ယောက်လည်းဖြစ် ပညာလည်းကောင်းကောင်းမတတ်တဲ့အပြင် သက်လတ်ပိုင်းထဲရောက်မှ ရုတ်တရက်စွမ်းအားရလာတဲ့ ဦးလေးဂင်မှာ Dr.Soulကို ခြေရာခံစရာနည်းလမ်းမရှိခဲ့ပါဘူး။ ဒါကြောင့်မလို့ ဦးလေးဂင်ဆုံးသွားတဲ့အထိ သူ့ကိုမဖြေရှင်းနိုင်ခဲ့ဘူး။
ဒါပေမဲ့ ဆွေကြီးမျိုးကြီးထဲက ပေါက်ပွားလာပြီး ဒီလိုအခြေအနေမျိုးတွေအတွက် အထူးလေ့ကျင့်ထားရတဲ့ လူကန်အတွက်ကတော့ ခြားနားပါတယ်။
အခုပဲ မြူတန့်သိပ္ပံရဲ့လျှို့ဝှက်စခန်းဖြစ်နိုင်တဲ့နေရာကို သူရှာတွေ့ခဲ့ပြီ။ ပြဿနာက Dr.Soulဟာ S rank ဖြစ်ပြီး သူက အများကြီးအားနည်းသလို အိမ်ကွင်းအားသာချက်ရှိတဲ့ ရန်သူ့အသိုက်ထဲ ဝင်ရမယ့်သူလည်းဖြစ်နေတာကြောင့် မိုယဲ့နဲ့ကျင့်ခယ်တို့ပြောသလိုပဲ သေဖို့က ရာနှုန်းပြည့်ပါ။
ဟန်မြစ်ကမ်းဘေးက ညစျေးတန်းတစ်နေရာ။ (မြောင်ဒုံဟုတ်မဟုတ် သေချာမသိပါ။)