သည်မောင် လက်ခုပ် တီးပါ့မယ် (...

By moe_for_more

144K 11.5K 3.1K

အစ်ကိုထွင်းက ဇာတ်စင်ပေါ်မယ် အချိုးအချိတ်ကျကျ လှလှကလေး ကကြိုးဆင်ပါလေ....သည်မောင်ကတော့ ဇာတ်စင်အောက် တစ်နေရာကနေ... More

Author's note
၁ (Z)
၂(Z)
၃(Z)
၄ Z
၅(Z)
၆(Z)
၇(Z)
၈(Z)
၉(Z)
၁၀
၁၀(Z)
၁၁
၁၁(Z)
၁၂
၁၂ (Z)
၁၃
၁၃ (Z)
၁၄
၁၄ (Z)
၁၅
၁၅ (Z)
၁၆
၁၆ (Z)
၁၇
၁၇ (Z)
၁၈
၁၈ (Z)
၁၉
၁၉ (Z)
၂၀
၂၀ (Z)
၂၁
၂၁ (Z)
၂၂ (Z)
၂၃
၂၃ (Z)
၂၄
၂၄ (Z)
၂၅
၂၅ ( Z)
၂၆
၂၆ (Z)
၂၇
၂၇ (Z)
၂၈
၂၈ (Z)
၂၉
၂၉ (Z)
၃၀
၃၀ (Z)
၃၁
၃၁ (Z)
၃၂
၃၂ (Z)
၃၃
၃၃ (Z)
၃၄
၃၄ (Z)
၃၅
၃၅ (Z)
၃၆
၃၆ (Z)
၃၇
၃၇ (Z)
၃၈
၃၈ (Z)
၃၉
၃၉ (Z)
၄၀ (ဇာတ်သိမ်းပိုင်း)
၄၀ (ဇာတ်သိမ်းပိုင်း) (Z)
အခပျြပို
အချပ်ပို
အခပျြပို၂
အချပ်ပို၂
မောင့်ဒိုင်ယာရီ
ေမာင့္ဒိုင္ယာရီ
နောက်ကျမှ ရေချိုးမိတဲ့အခါ (ေနာက္က်မွ ေရခ်ိဳးတဲ့အခါ)
ပေသလူးနဲ့ တို့များတစ်ခေတ်မောင်
အဆုံးသတ်မဟုတ်လေသော အဆုံးသတ်
Book Announcement
book cover and details

၂၂

2K 199 86
By moe_for_more

Unicode

"အကျုံးဝင်သေးရင်ဖြင့် ငါ့ဘဝမယ် ငါဟာ လိင်တူအမျိုးသားတစ်ဦးကို ချစ်မြတ်နိုးသွားနိုင်မှန်း တစ်ခေတ်မောင်ဆိုတဲ့ မင်းကြောင့်သာ သိရှိသွားရပြီလို့ ပြောပြချင်မိလို့ပါ....."

"ခင်ဗျာ!!!"

ဤတစ်ခါတွင်တော့ တစ်ခေတ်မောင်မှာ လွန်စွာ ထိတ်လန့်သွားရကာ နှလုံးရပ်တော့မလိုပင်။ သူ၏ မတွေးခေါ်တတ်သော ဦးနှောက်ကလေးမှာ စောနကလေးတင် ပြောသွားလေသော အစ်ကိုထွင်း စကား၏ အဓိပ္ပာယ်အား အလျင်အမြန်ရှာဖွေနေရသည်။ သူ့မယ် ရဲရဲကြီးလည်း ကောက်ချက်မချနိုင်။ အိပ်မက်ဖြစ်နေမည်ကိုလည်း စိုးရိမ်မိသလို တွေးထားသကဲ့သို့ ဖြစ်မလာမည်ကိုလည်း စိုးမိသည်မို့ တစ်ခေတ်မောင်၏ မျက်နှာကလေးမှာ ညှိုးကျလျက်။ သူ့ပုံစံကိုမြင်လေတော့ အစ်ကိုထွင်းမှာ သွားဖွေးဖွေးကလေးတို့ တစီတတန်းပေါ်လာသည်အထိ လှိုက်လှိုက်လှဲလှဲပြုံးရယ်တော့သည်။

"ရိုးလိုက်ပါဘိ တစ်ခေတ်မောင်ရယ်...."

ပြစ်တင်ရှုံ့ချချင်စိတ်အလျဥ်းမရှိလေသော မချိတင်ကဲ ထိုလေသံလေးကြောင့် တစ်ခေတ်မောင်ရင်ထဲ မြို့ရထားတစ်စီး ခုတ်မောင်းသွားသကဲ့သို့ ဂျုံးဂျုံးဂျက်ဂျက်ဖြစ်ကျန်ခဲ့သည်။ အစ်ကိုထွင်းမှာ သူ၏ နူးညံ့လှသော လက်သွယ်သွယ်ကလေးများဖြင့် တစ်ခေတ်မောင်၏ ပါးကြမ်းကြမ်းကြီးများကို ဖွဖွကိုင်ကာ နှစ်ကိုယ်စာကြားရရုံအသံကလေးဖြင့် ပြောလေသည်ကား....။

"သေချာနားထောင်လှည့်နော် တစ်ခေတ်မောင်....မင်းက ငါ့ဘဝတစ်လျှောက် မေတ္တာသက်ဝင်မိတဲ့ တစ်ဦးတည်းသောပါပဲ...နားလည်ပါရဲ့လား တစ်ခေတ်မောင်...."

ခပ်ချိုချိုပြုံးလျက် ​ဆို၏။ တစ်ခေတ်မောင်မှာ တစ်ခဏမျှ အသက်ရှူရပ်တန့်သွားရကာ မျက်ကလူးဆန်ပြာဖြစ်သွားလျက် ထစ်ထစ်အအဖြင့် အတည်ပြုတော့၏။

"ဒ...ဒါဖြင့် အစ်ကိုထွင်းက ကျုပ်ကို အဖြေပေးလိုက်တာပေါ့နော်....ကျုပ်...ကျုပ်ကို မေတ္တာသက်ဝင်တယ်ပေါ့နော်...."

အစ်ကိုထွင်းမှာ ထပ်မံရယ်မောပြန်၏။ ယနေ့တွင်ပင် အစ်ကိုထွင်း အထပ်ထပ်ရယ်မောနေကြောင်း သူသတိ​​ပြုမိသည်။ သို့ပေမဲ့လည်း လူရိုးကလေး တစ်ခေတ်မောင်မှာ ယခုအခြေအနေသည် အိပ်မက်မဟုတ်ကြောင်း အတည်ပြုချင်နေသေးပြန်၏။

"ကျုပ်...ကျုပ် အိပ်မက်ယောင်နေတာ မဟုတ်ရပါဘူးနော်...."

"အော်...ကဲ..."

အစ်ကိုထွင်းမှာ နှုတ်ခမ်းကလေး စူသွားလျက် ပါးပြင်ပေါ်မှ လက်တို့ကိုဖြုတ်ချကာ တစ်ခေတ်မောင်၏ နှဖူးအား အသည်းတယားယားဖြင့် ဂွက်ခနဲခေါက်လေတော့သည်။

"အမလေးဗျ...."

"ယုံပြီလား အဟုတ်မှန်း...."

ထပ်မံကျရောက်လာလေပြန်သော မျက်စောင်းမမည်လေသော မျက်စောင်းနုနုကလေး။ ထိုမျက်စောင်းကလေးကြောင့်ပင် သူ့ရင်ထဲ အေးသွားလျက်။ တစ်ခေတ်မောင် ယခုမှသာ စိတ်ဒုန်းဒုန်းချလျက် ပြုံးနိုင်လေတော့၏။ ကမ္ဘာလောက၌ အချစ်တို့တုံ့ပြန်လေတိုင်း အချစ်တို့ပြန်၍ ရလဒ်ရသည်ကား လွန်စွာမှ ဝမ်းမြောက်ဖွယ်ကိစ္စမဟုတ်ပေလား။ တစ်ခေတ်မောင် ယနေ့သို့ ရောက်လာမည်ဟု တစ်ခါမျှ မတွေးတောခဲ့။ မရှက်စတမ်း ဝန်ခံရလျှင် အစ်ကိုထွင်းအား စတင်တွေ့မြင် မေတ္တာသက်ဝင်ချိန်ကတည်းက သူ့မယ် ယနေ့ကဲ့သို့ နေ့ထူးကလေးမျိုး ရောက်လာလိမ့်မည်ဟု မတွေးမိခဲ့။ သူနှင့်ကိုယ်၏ အခြေအနေမှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ တစ်သီးတစ်ခြားစီရှိနေခဲ့သည်မဟုတ်လား။

ထွင်းအက္ခရာဟူသည် ယောက်ျားကလေးတစ်ဦးမှန်း သိလိုက်ရချိန်တုန်းကလည်း သူ့ချစ်မြတ်နိုးမှုတို့ ပျက်စီးသွားလိမ့်မည်တွေးထားသော်လည်း ယနေ့အထိ တည်တံ့နေခဲ့သည်။ အမျိုးသားကလေး အစ်ကိုထွင်းအား ချစ်မြတ်နိုးရခြင်းသည် အငြိမ့်သမကလေး ထွင်းအက္ခရာအား ချစ်မြတ်နိုးရခြင်းထက် အင်မတန်မှ ခက်ခဲလှသည်။ ချစ်သာချစ်ရသည် သူ့မယ် မျှော်လင့်ချက်ရယ်လို့မရှိ။ တစ်ဖက်လူမှာ အမျိုးသားတစ်ဦးမဟုတ်လား။ အမျိုးသားနှစ်ဦးမှာ အချစ်တစ်ခုဖြင့် လက်တွဲ၍ ထပ်တူမကျနိုင်ဟု တွေးထားခဲ့သော်လည်း ယနေ့သို့ ရောက်လာခဲ့ချေပြီ။ သူ ပေးခဲ့ပါသော ချစ်မေတ္တာတို့အပေါ် အစ်ကိုထွင်းထံမှ တန်ပြန်သက်ရောက်မှု မေတ္တာရောင်ခြည်တို့ ထင်ဟပ်ခဲ့လေပြီ။ တစ်သီးတစ်ခြားစီ တည်ရှိနေပါသည်ဟူသော ကောင်းကင်နှင့် မြေကြီးမှာလည်း ကမ္ဘာလောက၌ မရှိမဖြစ် အတူတကွ ယှဥ်တွဲတည်ရှိနေကြောင်း သူသိသွားခဲ့လေပြီ။

အစ်ကိုထွင်းဘက်မှ သူ့အပေါ်သို့ ပြန်လည်လက်ခံချစ်ခင်ပေးသည်ကို သူပျော်မိပါ၏။ ရွာ၌ ညစဥ်သွားကြည့်နေကျ ဓာတ်ရှင်များထဲမှ သရုပ်ဆောင်မင်းသားများနှင့်တော့ ကွာပါ၏။ ထိုသူတို့ကတော့ ယခုကဲ့သို့ ကြုံတွေ့ရလျှင် လောကအား အပိုင်စားရသွားသကဲ့သို့ ​ပျော်ရပါသည်တဲ့လေ။ ဇက်ခနဲထခုန်ကာ သူတို့ ပျော်ရွှင်ကြောင်း ချပြတတ်ကြသည်။ တစ်ခေတ်မောင်မှာတော့ ထိုသို့မဟုတ်။ ထို့ထက်ပင် နူးညံ့နွေးထွေးသော ပျော်ရွှင်ဝမ်းသာမှုကိုသာ သူခံစားရပါ၏။ အစ်ကိုထွင်းအား ပိုင်ဆိုင်ရခြင်းသည် လောကအား အပိုင်စားရခြင်းထက် ပိုပျော်ရွှင်ဖွယ်ကောင်းကြောင်း လောကကြီးကိုသာ မထီမဲ့မြင်ပြုလျက် အော်ဟစ်ပြောပစ်ချင်စိတ်သာ ရှိနေခဲ့သည်။ သူ့ရင်တွင်လည်း ဘေးမှ မျက်စောင်းကလေးဝင့်ထိုးနေသူအား ညင်သာစွာ ပွေ့ဖက်ချင်စိတ်သာ ရှိနေခဲ့၏။

"ကျုပ်...ကျုပ် သိပ်ပျော်နေကြောင်း အစ်ကိုထွင်းကို ဖက်ပြီး သက်သေပြလို့ရမလား...."

သူ သည်လိုဆိုတော့ အစ်ကိုထွင်းမှာ ထပ်မံရယ်မောပြန်လေ၏။ အစ်ကိုထွင်း၏ အထိန်းအကွပ်မရှိသော သဘာဝအတိုင်း ရယ်သံကလေးမှာ မိန်းမပျိုများ၏ မခို့တရို့ရယ်သံများထက်ပင် သူ့အား လွှမ်းမိုးနိုင်ကြောင်း သူပြောလျှင် ယုံကြပါမည်လား။

"ဖက်ပြီး သက်သေမပြလည်းပဲ ယုံပါရဲ့နော်...သက်သေပြစရာမလိုပါဘူး....ဟွန့် အစကတော့ဖြင့် အညာသား လူရိုးကလေးဆိုပြီး တွေးထင်ထားခဲ့တာ...အခုတော့ဖြင့် မြို့ရောက်လာပြီး လူလည်ကလေး ဖြစ်နေပါရော့လား...."

"ဟာဗျာ...."

ဂုတ်ပိုးကလေးကို ပွတ်သပ်ရင်း လူလည်ကလေးမှာ အရှက်သည်းနေပါ၏။ တစ်ခါတစ်ရံများဆိုလျှင် တစ်ခေတ်မောင်မှာ သူ့ထက်ပင် အရှက်အကြောက် ကြီးရကောင်းလားဟု တွေးဖူးလေ၏။ ယခုလည်း ရှက်နေသည်မှာ မျက်နှာကြီးရဲတွတ်နေလေ၏။ သူ့ကြောင့်ပင် ထွင်းအက္ခရာတစ်ယောက် ရှက်ရဲရဲဖြစ်လာရတော့၏။ ကိုယ်လည်းပဲ ယခုကဲ့သို့သော အခြေအနေနှင့် မကြုံတွေ့ဖူးသည်မို့ လက်ဖျားကလေးတို့ပင် အေးလာလေတော့သည်။ ပြင်းစွာပူနေသော နေလုံးရဲရဲမှာတော့ သူ့အား ဟားတိုက်နေမည်မှာ အသေအချာပင်။

"ဒါဖြင့် ကျုပ် အစ်ကိုထွင်း လက်ကလေးကိုရော ချစ်သူတစ်ဦးအနေနဲ့ ကိုင်တွယ်လို့ ရလေပြီလား...."

ထွင်းအက္ခရာမှာ သူ့အောက်နှုတ်ခမ်းကိုသူ ကိုက်ခဲလိုက်မိကာ တစ်ဖက်သို့ မျက်နှာလွှဲမိသည်။ သည်လိုမျိုးကိစ္စများသည် ခွင့်တောင်းရသည်များမဟုတ်ပေ။ သူကလည်း မည်သို့သော မျက်နှာပေးမျိုးဖြင့် 'အင်း ရတာပေါ့ ကိုင်လေ'ဟု ပြောနိုင်ပါမည်နည်း။ တစ်ရံတစ်ရံ လည်လွန်းလျက် တစ်ခါတစ်ရံ အလည်လွန်၍ ချော်ထွက်သွားတတ်သော တစ်ခေတ်မောင် ဤသည်တို့ကို သိလျှင် သိပ်ကောင်းပေမည်။ မင်းနဲ့တော့ ခက်ပါရဲ့ တစ်ခေတ်မောင်ရယ်။

"ဟင်...."

ထွင်းအက္ခရာ ကိုယ်ကလေးမှာ တုံ့ခနဲ ဖြစ်သွားရသည်။ ကျောက်ပြားပေါ် ထောက်ထားလေသော သူ့လက်ကလေးအား နူးညံ့ညင်သာစွာ အုပ်မိုးလာသော နွေးထွေးမှုသည် သွေးကြောတစ်လျှောက် စီးဆင်းကာ နှလုံးသားသို့ သတင်းပို့လေသည်ကြောင့်ပင်။ သူ့မယ် ခေါင်းကလေး ငုံ့ကာ မဝံ့မရဲဖြင့် ထပ်လျက်ရှိသော လက်ကလေးများအား ငေးမိရာဝယ် မထိန်းနိုင်စွာ ပြုံးမိတော့၏။ သိပ်လည်း ချစ်ဖို့ကောင်းတဲ့ တစ်ခေတ်မောင်ပါလေ။

တစ်ခေတ်မောင်သည်လည်း ရင်တို့တဒိန်းဒိန်းဆောင့်ခုန်နေလျက်။ သူ့ဘဝသည်လည်း ယခုအသက်အရွယ်အထိ ရည်းစားသညှာမထားခဲ့ဖူးသော အမျိုးအစားဖော်မရသည့် မျောက်ကြီးမဟုတ်ပေလား။ သို့ကြောင့် သူ့မျက်နှာကိုတော့ မည်သည်တွင် ထားရမှန်းသူမသိ။ အပေါ်စီးမှ မြင်တွေ့ရသည့် အစ်ကိုထွင်းမျက်နှာကလေး ပြုံးယောင်သန်းသွားမှပင် သူ့မယ် စိတ်လှုပ်ရှားနေသည်တို့ လျော့သွားရကာ  ပြုံးရယ်နိုင်တော့သည်။

*သည်လိုဆိုတော့ ဗီဒီယိုရုံမယ် ဇာတ်ကားတတွေ ကြည့်ထားရတာ ကောင်းသား....ယူသင့်သည့် ပညာတို့ ယူရသည်လေ....*

"တစ်ခေတ်မောင်....ဗိုက်ဆာနေပလား...တို့တတွေ မနက်စာလည်း မစားရသေးဘူးနော်...."

"ဟုတ်သား...ကျုပ်ဖြင့် အချစ်တွေဝနေလို့ ဗိုက်တောင် မဆာတော့ပေါင်...."

သည်လိုဆိုတော့ အစ်ကိုထွင်း၏ အကြည့်စူးစူးတို့က သူ့ထံ ဒိုင်းခနဲရာက်ချလာပါ၏။

"သိပ်ကို စကားတတ်နေပါ့လား..."

"အို တတ်မပေါ့....အချစ်နဲ့ တွေ့ရင် လူတိုင်းက စကားတတ်သွားတတ်တယ်တဲ့လေ..."

"ဘယ်ကသိသလား အဲ့စကား..."

"ကျုပ်ကို ဘာမှမသိတဲ့ တောသားများ ထင်နေသလား....ကျုပ်လည်း ညနေခင်းတိုင်း ဗီဒီယိုရုံမယ် မြန်မာဓာတ်ရှင်တတွေကြည့်နေကျပါဗျ...."

"ငါဖြင့် ဓာတ်ရှင်ထဲက စကားတွေမသုံးတတ်ပေါင်....ကိုယ့်ရင်ထဲရှိတာပဲ အရှိအတိုင်း ပြောတတ်တာပါပဲ...."

"ရွဲ့သလား အစ်ကိုထွင်း....ကျုပ်လည်းပဲ ရင်ထဲရှိသမျှ ပြောတာပါလေ....ဓာတ်ရှင်ထဲက စကားတွေက အစ်ကိုထွင်းအပေါ် ကျုပ်ထားတဲ့ ချစ်မေတ္တာကို ဖော်ကြူးပေးနိုင်မယ် ထင်နေသလား...."

"အို တော်ပြီတော်ပြီ...အညာသား လူလည်လေးနဲ့ စကားမပြောချင်တော့ပေါင်...."

နေ့ချင်းညချင်း အလည်အတတ်ကလေးဖြစ်သွားလေသော တစ်ခေတ်မောင်ကို မြင်ပြင်းကပ်လှသည်မို့ ထိုင်နေရာမှ ထကာ လမ်းလျှောက်သွားလိုက်တော့သည်။ အခုများဖြင့် ကဗျာမဆန်တတ်ဘူးဟု ဆိုပါသော ငါးပါးသီလလုံခြုံသည့် အညာသားအလည်ကလေးလက်မှ သူပြေးဖို့ရန် တာဆူမိနေပါ၏။

ယခင်ကနှင့်မတူ ရှက်ရဲရဲဖြစ်လျက် မျက်စောင်းနုနုများသာ လှိမ့်ပိတ်ထိုးနေလေသော အစ်ကိုထွင်းမှာ ဘာမပြောညာမပြောပါဘဲ ထရပ်ကာ သွားတော့သည်။

*သည်မောင်လက်က လွတ်လိမ့်မည်ဟု တွေးထင်နေပါသလား အစ်ကိုထွင်း....​ရှက်ရမ်းရမ်းကာ ပြေးလေတိုင်း သည်မောင်ကတော့ မမိမိလေအောင် ဖမ်းရချည်ရဲ့....*

အနေတည် အေးချမ်းလေသော အစ်ကိုထွင်းမှာလည်း အပျိုဖြန်းကလေးတစ်ဦးလို ရှက်ရဲလျက် ပြေးလေသည်။ နုံအ,လှသည်ဟု အများသတ်မှတ်လေသော အညာသား လူရိုးကလေး တစ်ခေတ်မောင်မှာလည်း ရယ်မောပျော်ရွှင်လျက် ပြေးလေသူကို မမောနိုင်မပမ်းနိုင် ဖမ်းနေလေ၏။ နှစ်ဦးစလုံးမှာ ယခင်ကနှင့်မတူ ကလူကျီစယ်လျက် ပြေးတမ်းလိုက်တမ်း ကစားနေကြသည်မှာ နီရဲကျဲတောက်နေသော နေအပူကြောင့် ပူပြင်းနေလေသော ဘုရားရင်ပြင်တော်ကိုပင် အာရုံအတွင်း မရှိတော့သလိုပင်။

နေမှာ အညှိုးရှိသကဲ့သို့ ပူပြင်းလှသည်ကြောင့် ဘုရားရင်ပြင်တော်ပေါ်တွင် ကြာကြာမနေနိုင်ပေ။ ထီးမည်းကြီးအား နှစ်ယောက်အတူဆောင်းကာသာ သိင်္ဂုတ္တရတောင်အောက်သို့ ပြန်ဆင်းခဲ့ချေတော့သည်။ ဖိနပ်အပ်နှံထားရာနေရာမှ ဆင်တူအောကတ္တီပါ နှစ်ရံအား ပြန်လည်ယူဆောင်ကာ တောင်အောက်ဆီသို့ လက်တွဲမဖြုတ်တမ်းဆင်းလာကြလေသည်။ ​တောင်ခြေရောက်လို့ လှေကားဆုံးသည်နှင့် တစ်ခေတ်မောင်လက်ထဲမှ ထီးကောက်ကလေးအား အစ်ကိုထွင်းမှာ လွှဲပြောင်းယူ၍ ဆောင်းပေးချေတော့သည်။ တစ်ခေတ်မောင်မတော့ သူ့ဖိနပ်တစ်ရံကာ မြေပြင်ပေါ်သို့ ဖြစ်သလို ချလိုက်လျက် ထိုးလျှိုစီးလိုက်ပြီး အစ်ကိုထွင်း၏ ဖိနပ်ကိုတော့ဖြင့် အစီအရီချပေးလေသည်။ အစ်ကိုထွင်း၏ ခြေဖဝါးနုနုကလေးကို တမြတ်တနိုးကိုင်တွယ်ကာ ဖိနပ်ကလေး ထိုးလျှိုစီးပေးဖို့ရာ ဟန်ပြင်လိုက်သည်။

"တစ်ခေတ်မောင်!...အဲ့သည်လောက်ထိ မလုပ်ပါနဲ့...ငါ့ဘာသာ စီးပါ့မယ်...."

"ကိုယ့်ချစ်သူကိုကိုယ် ဖိနပ်စီးပေးတာ ဘာများထူးဆန်းသလဲ အစ်ကိုထွင်းရယ်....စီးမှာဖြင့် စီးလိုက်ပါ...အစ်ကိုထွင်း သိပ်ပူနေပြီမဟုတ်လား...."

ခေါင်းမာလှသည့် တစ်ခေတ်မောင်ကို သက်ပြင်းတစ်ချက်ချ၍သာ အလျှော့ပေးလိုက်သည်။ ဖိနပ်စီးပြီးနောက် နှစ်ဦးသားမှာ ဘတ်စ်ကားစီးနင်းပြီး သဘင်အိမ်သို့ ပြန်လာခဲ့လေသည်။ တစ်ခေတ်မောင်တစ်ယောက်မှာ ကားမူးဖို့ပင် သတိမကပ်ချေ။ ဘေးမှ အစ်ကိုထွင်းကိုသာ တစ်စိမ့်စိမ့်ကြည့်နေလျက် ချစ်မေတ္တာကြောင့် ရရှိလာလေသော ပျော်ရွှင်မှုအား ရင်၌တအုံနွေးနွေးတည်စေတော့သည်။ နှစ်ဦးသားမှာ နေ့လည်စာစားခါနီးအချိန်တွင် သဘင်အိမ်သို့ ပြန်ရောက်ကြသည်။ မနက်စာမစားထားရသော်လည်း အားအင်ချိနဲ့နေကြခြင်းအလျဥ်းမရှိ ဆန့်ကျင်ဘက်အနေဖြင့် လွန်စွာ တက်ကြွမြူးပျော်နေကြတော့သည်။

######

နေ့လည်စာစားပြီးနောက်တွင် တစ်ခေတ်မောင်တစ်ယောက် အဆိုကျင့်ရန် အကြောင်းဖန်လာလေတော့သည်။ ယနေ့မနက်တွင်ပင် ချစ်သူရည်းစားအသွင်သို့ ကူးပြောင်းသွားပြီဖြစ်သော သူနှင့် အစ်ကိုထွင်းနှစ်ဦး အတူတကွ ကပြဖျော်ဖြေရမည့် တေးသရုပ်ဖော်မို့ ရင်တုန်နေသည်မှာ မရပ်တန့်နိုင်။ ဟုတ်သည်လေ ။ မည်သူကတော့ ကိုယ့်ချစ်မြတ်နိုးသူကလေးနှင့်အတူ စုံတွဲအဖြစ် ကပြဖျော်ဖြေရမည်ကို စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။ သူ့လက်ထဲမှ သီချင်းစာသားပါသည့် ဝါကြင်ကြင်စာရွက်ကလေးအား ငုံ့ကာကြည့်လိုက်မိသည်။

ကြည့်ကြလေအုန်း။ ရွေးထားသော သီချင်းမှာလည်း ကိုတွံ့တေးသိန်းတန်နှင့် မချစ်စံပယ်တို့၏ 'မောင်ရွှေရိုးနဲ့ ချစ်စံပယ်' တေးစုထဲမှ အရှေ့ပိုဒ်ပင်။ ချစ်ကြောင်းကြိုက်ကြောင်း ဟန်လုပ်ကာ ဆိုပြကပြရမည်ကို စိတ်လှုပ်ရှားနေမိသည်ကတော့ အမှန်ပင်။ ထို့အပြင် ကိုယ်ကလည်း ဇာတ်မင်းသားမဟုတ်။ အဆိုလည်း မပိုင် အကလည်းနိုင်တာမဟုတ်။ သူနိုင်တာဆိုလျှင် သံချပ်များ ပြက်လုံးများသာရှိ၏။ အလွဲလွဲအချော်ချော်ဖြစ်ကာမှ ဟုတ်ပေ့ဖြစ်နေချေတော့မည်။ လွဲလျှင်လည်း လူပုံအလယ်မယ်မဟုတ်လား။ အခြားဆိုလျှင်တော့ သူ မရှက်ပါ။ အစ်ကိုထွင်းရှေ့ဆိုလေတော့ သူအရှက်မကွဲချင်ပေ။ တွေးရင်းဖြင့်ပင် ချွေးစေးတို့ ကျလာချေတော့သည်။

"ကဲ ဆိုင်းဆရာတို့ အဆင်သင့်ဖြစ်ပြီနော့...အက္ခရာ အဆင်​သင့်ဖြစ်ပြီဟုတ်.... တစ်ခေတ်မောင်လည်း အဆင်သင့်ဖြစ်ပြီနော်...."

ဆရာရသမှာ သူချည်းပဲမေး သူချည်းပဲ ခေါင်းတငြိမ့်ငြိမ့်လုပ်ကာ ဆိုင်းဆရာတို့ကို အစချီခိုင်းနေတော့သည်။ မြူးလေသော တေးသံမှာ စတင်လွင့်ပျံလာလေသည်။ အစ်ကိုထွင်းမှာတော့ ပညာထက်လေသော အငြိမ့်မင်းသမီးဟု မပြောရ ကိုယ်နေဟန်ထားမှာ အသင့်ဖြစ်နေလေကာ အမူအရာတို့ပင် အဆင်ပြေနေလေပြီ။ တစ်ခေတ်မောင် သူ့အရှေ့မှ လူအုပ်အား ဝေ့ကာ ကြည့်မိသည်။ ယနေ့လည်း လူစုံနေ၏။ တစ်ဖက်အိမ်မှ အငြိမ့်သမများလည်း ရှိနေသည်။ သည်အိမ်မှ အမျိုးသားများလည်း စုံနေလေပြီ။ ငုတ်တုပ်ကလေးထိုင်နေကြသူတိုင်းမှာ သူနှင့် အစ်ကိုထွင်းထံတွင်သာ စိတ်အာရုံအလုံးစုံ ပုံအောထားကြဟန်။

"~~မောင်ရွှေရိုး~~မောင်ရွှေရိုး~~"

"~ဗ..ဗျာ..."

တစ်လုံးတည်းဆိုရသော 'ဗျာ'မှာတင် ထစ်ထစ်ငေါ့ငေါ့။ လူတစ်စုမှာလည်း သူ့အလွဲကြောင့် ပြုံးစိစိဖြစ်ကြကုန်။ သူ့မယ် ရှက်ပြုံးကြီးသာ ပြုံးပြမိ၏။ နောက်အပိုဒ်တွင်တော့ မထစ်အောင် ဆိုမည်ဟု မာန်တင်းကာ လက်ထဲမှ စာသားပါသည့် စာရွက်အား ပြူးပြဲကာ ကြည့်နေလိုက်သည်။ သူနှင့် ဆန့်ကျင်ကာ အစ်ကိုထွင်းမှာတော့ တေးသီချင်းနှင့် လိုက်ဖက်သော အကအလှအား ထိုင်မသိမ်းအနားကလေးခပ်ကာခပ်ကာ လက်ကလေးဖြင့် မေးကိုငေါ့ကာငေါ့ကာ ဖော်ကြူးနေလေ၏။

"~~လူပြက်ကလေး သနားစရာ~~
~~ဟေ့ ရှက်ပါတယ်ကွာ~~
~~ရွှေမင်းသမီးအနားမှာ တစ်ဖဝါးမှ မခွာ~~"

ထိုအပိုဒ်တွင်လည်း အစ်ကိုထွင်းမှာ ခနဲ့ဟန်ကလေးကို ပီပြင်စွာ သရုပ်ဆောင်ပြန်၏။ လက်ဟန်ခြေဟန်ကလေး၊ ဟန်ပန်အမူအရာကလေးများနှင့် ချိုသာလှသော သီဆိုသံမှာလည်း လိုက်ဖက်နေလျက်။ မဖြစ်။ အစ်ကိုထွင်းနှင့် လိုက်ဖက်ညီလေအောင် သူလည်းပဲ အကောင်းဆုံး ကြိုးစားရပေမည်။ လေအဝရှူသွင်းလိုက်ရင်း သူ့အပိုဒ်ဆိုရန် ကြိုးစားလိုက်သည်။

"~~ခင်ခင်ကညာ ကြင်...ကြင်ကြင်ပါ__~
~~ပုံပုံပမာ ယုံ..."

"ရပ်ရပ်!!! ဆရာကြီးတို့ တီးတာ ခဏရပ်ပါအုန်း...."

ထစ်ငေါ့နေသော တစ်ခေတ်မောင်ကြောင့် တီးသည်ကတခြား၊ ဆိုသည်ကတလွဲဖြစ်နေသည်ကြောင့် ဆရာရသ မနည်းပင် ရပ်ခိုင်းလိုက်ရသည်။ ဖြစ်မပေါ့...ဖြစ်မပေါ့။ တစ်ခေတ်မောင်ဆိုတာ အငြိမ့်မင်းသားမှ မဟုတ်လေပဲ။ သည်လောက်တော့ မှားယွင်းလေမပေါ့။

"ကဲ တစ်ခေတ်မောင်....ငါဆိုပြချေမယ်....သည်လိုကလေးကွဲ့....~~ခင်ခင်ကညာ ကြင်ကြင်ပါ~~ ပုံပုံပမာ ယုံယုံပါ~~ကိန္ဒရီမောင်နှံများအသွင်~~မခွဲဘဲနေချင်တာ~~ အချစ်ရာ!~~...ကဲ အဲ့သည်လိုကလေး...ရပလား...."

"ဟ...ဟုတ်ကဲ့ ဆရာရသ..."

"ပြန်စအုန်းစို့လား ဆရာတို့...."

ဆိုင်းဆရာတို့မှာ ပြန်လည်တီးခတ်လာလေတော့ တေးသီချင်းသံမှာလည်း တစ်ဖန်ထွက်ပေါ်လာပြန်၏။ အစ်ကိုထွင်းမှာတော့ မူလပထမကအတိုင်း အမှားအယွင်း တစ်စိုးတစ်စိမှမရှိစွာ ဟန်ဖြန်ပန်ဖြင့် သီဆို ကပြလေတော့၏။

"~~မောင်ရွှေရိုး~~မောင်ရွှေရိုး~~"

"~~ဗျာဗျ~~"

"~~လူပြက်ကလေး သနားစရာ~~
~~ဟေ့ ရှက်ပါတယ်ကွာ~~
~~ရွှေမင်းသမီးအနားမှာ တစ်ဖဝါးမှမခွာ~~"

"ခင်ခင်ကညာ ကြင်ကြင်ပါ
ပုံပုံပမာ ယုံယုံပါ
ကိန္ဒရီမောင်နှံများအသွင်"

"ရပ်ရပ်!!! ဆရာကြီးတို့ရေ ရပ်ချေအုန်း...."

တစ်ဆက်တည်း ဆရာရသ၏ သက်ပြင်းချသံကိုလည်း ကြားလိုက်ရ၏။ သူဘာစာသားမျှလည်း မမှားပေ။ ဘာမျှလည်း ထစ်ထစ်ငေါ့ငေါ့မဖြစ်ချေ။ အဘယ်ကြောင့်များ သဘောမတွေ့ရပြန်ပါသနည်း။ သူသာ မသိသော်လည်း သူ့ရှေ့မှ ပွဲကြည့်သူများမှာတော့ တိုးတိုးကြိတ်ကြိတ်ရယ်နေကြလေပြီ။ မနေနိုင်သူ တကောင့်သား ငပုက ထုံးစံအတိုင်း အသံအောင်အောင်ဖြင့် ထပြောလေတော့သည်။

"မင်းဟာကလည်း စာရွတ်နေတာ ကျလို့...."

သူ့စကားကြောင့် ပို၍ပင် ပွဲကျသွားတော့သည်။ ငပုစကားကလည်း မှားတော့မမှားပေ။ တစ်ခေတ်မောင်တစ်ယောက်မှာ သီချင်းစာသားများကို သံစဥ်ကလေးဖြင့် မဆိုပါဘဲ စာအုပ်ကြီးအတိုင်း ထရွတ်နေသကဲ့သို့ ဆိုနေ၏။ ဘယ်သူက သူ့အား ဘုန်းကြီးကျောင်းသားမဟုတ်ဘူးရယ်လို့ ပြောမှာကြောက်သလဲမသိ။ ဦးပုဇဥ်းများ စာအံသလို ဆိုနေပြန်သည်။ ပြောလျှင်လည်း သူသာ ငရဲကြီးအုန်းမည်။ ရှိစေတော့....ရှိစေတော့။ သူလည်း အငြိမ့်မင်းသားမှမဟုတ်တာ။ သည်လောက်တော့ မှားမပေါ့လေ။

"တစ်ခေတ်မောင်ရေ လေယူလေသိမ်း အသံအနိမ့်အမြင့်ကလေးနဲ့ ဆိုလေကွာ...ဟုတ်ပလား...ပြန်စမယ်နော့...."

"ဟုတ်...ဟုတ်ကဲ့ ဆရာရသ...."

တစ်ခေတ်မောင် ချွေးပြန်နေချေပြီ။ လူရှေ့ သီချင်းဆိုရသည်မှာ တစ်ကိုယ်တည်း ညည်းဆိုသည်နှင့် လားလားမျှမဆိုင်။ သူ့အား အယောင်ယောင်အမှားမှား အလွဲလွဲအချော်ချော်ဖြစ်စေသည်လေ။ သည်တစ်ခါလည်း ဆိုင်းဆရာကြီးတို့၏ တီးခတ်သံမှာ ထပ်မံစတင်၍ တေးသီချင်းမှာလည်း တတိယ္မိစတင်လာပြန်၏။

"~~မောင်ရွှေရိုး~~မောင်ရွှေရိုး~~"

"~~ဗျာ...ဗျ~~"

"ရပ်ရပ်!!! ဗျာမှာတင် တစ်နေပါရောလား တစ်ခေတ်မောင်ရဲ့...ဟင်....ဟဲ့ ငမှေး မင်းပြောတော့ တစ်ခေတ်မောင်က အဆိုကောင်းပါရဲ့ဆို...."

လူစုထဲမှ ကိုကြီးငမှေးမှာ မချိတင်ကဲ ပြုံးကာပြသည်။ တစ်ခေတ်မောင်မှာ ရှက်လည်းရှက်ရသကဲ့သို့ အဖွဲ့သားများကိုလည်း အားနာရပြန်သည်။ သူ၏ အသုံးမကျမှုကြောင့် လေ့ကျင့်မှုတို့ နှောင့်နှေးကြန့်ကြာကုန်ပြီမဟုတ်ပါလား။ တစ်ခေတ်မောင်မှာ အားပျော့စွာဖြင့် ခေါင်းငုံ့ကျသွားရတော့သည်။

"မပူပါနဲ့ ဆရာရသ...ကျွန်တော် တစ်ခေတ်မောင်ကို တာဝန်ယူပြီး သင်ပေးလိုက်ပါ့မယ်....အခုတော့ဖြင့် အခြား လေ့ကျင့်စရာတွေပဲ လေ့ကျင့်ရအောင်လား...."

အစ်ကိုထွင်း၏ အသံကလေးမှာ ရေပြင်ကလေးကဲ့သို့ တည်ငြိမ်လျက် ဆည်းလည်းသံလို ချိုသာစွာ ပြတ်ပြတ်သားသားထွက်ပေါ်လာလေ၏။ တစ်ခေတ်မောင်မှာ အစ်ကိုထွင်းအား အံ့သြသကဲ့သို့ သို့မဟုတ် အားကိုးသကဲ့သို့ ငေးကာမောကာကြည့်မိသည်။

"ဖြစ်ရဲ့လား အက္ခရာ...."

"ဖြစ်ပါတယ် ဆရာရသ...ကျွန်တော့်ကို ယုံလှည့်ပါ...."

"ဒါဖြင့်ရင်လည်း...."

သို့နှင့် အစ်ကိုထွင်း ကျေးဇူးကြောင့်ပင် အခြားသော လေ့ကျင့်စရာတို့ထံသာ ကူးပြောင်းသွားလေတော့သည်။ လူများအားလုံး ကိုယ့်နေရာကိုယ် အသီးသီးပြန်သွားကြသည့်အခါတွင်မှ အစ်ကိုထွင်းနှင့် သူ့၏ လေ့ကျင့်ရေးမှာ စတင်လေတော့သည်။ အစ်ကိုထွင်း၏ သင်ကြားမှုကို ခံယူရမည်မို့ သူ့မယ် ရှက်သည့်ကြားမှ ပျော်ရသေးသည်။ ယခုလည်း အိမ်အောက်ထပ် လရောင်အောက်တွင် သူတို့နှစ်ဦးတည်း။ ချစ်ရသူအတွက် အားကိုးထိုက်သူ မဖြစ်ရခြင်းကြောင့် ညှိုးငယ်မိသော်ငြား ရှာရှာဖွေဖွေ ပျော်မိသည်ဟု ဆိုရပါမည်။ အစ်ကိုထွင်းတစ်ယောက် သူ့အပေါ် မည်သို့မည်ပုံ တွေးခေါ်နေမည်ကို တွေးရင်းဖြင့်ပင် အစ်ကိုထွင်းအား သူမျက်နှာချင်းဆိုင်ရန် မဝံ့မရဲဖြစ်မိသည်။ အားပျော့သူ၊ အသုံးမကျသူ၊ ပညာမပြည့်စုံသူ၊ ခန္ဓာသာရှိလျက် အားကိုးထိုက်သူ မဟုတ်ဟု ထင်သွားပါလျှင် မည်သို့ လုပ်ရမည်နည်း။ တွေးရင်းဖြင့်သာ အစ်ကိုထွင်းအား မျက်နှာလွှဲထားမိတော့သည်။

"ဘာတွေတွေးနေသလဲ တစ်ခေတ်မောင်...."

"ဟို...ဟို ကျုပ်...ကျုပ်...."

"ဘာဖြစ်သလဲ....စိတ်ထဲရှိသမျှ ပြောပြလို့ရတယ်"

တည်ငြိမ်ကြည်ရှင်းလှသော အသံကလေးမှာ သူ့အား စိတ်ငြိမ်စေရန် အသုံးဝင်သည်။ အသံဖြင့် ဖြောင်းဖျလျှင်ကို လိမ္မာယဥ်ကျေးချင်လာသည်အထိ။

သူသက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်မိသည်။

"အစ်ကိုထွင်း ကျုပ်ကို အထင်သေးနေပလား...သည်လောက်တောင် မလုပ်နိုင်တဲ့သူကို ချစ်သူတော်ထားရလို့များ မှားလေပြီလို့ တွေးနေပလားဟင် အစ်ကိုထွင်း...."

အစ်ကိုထွင်း၏ မျက်ဝန်းကလေးများမှာ ဝိုင်းစက်ကာသွား၍ ပြီးနောက်ကား အစ်ကိုထွင်းမှာ အသံထွက်ကာ ရယ်မောလေတော့သည်။ သူ့မယ် ကြောင်အအရယ်။ ဘယ့်နှယ် သူ့စကားထဲ ရယ်စရာရယ်လို့ တစ်ပြားသားမှပါတာမဟုတ်။

"တစ်ခေတ်မောင်ရယ်...အတွေးလွန်တတ်ရန်ကော....သည်ကိုကြည့် ငါ့ကို သေချာကြည့်...."

အစ်ကိုထွင်းစကားကြောင့် အကြည့်လွှဲနေရာမှ အစ်ကိုထွင်းမျက်ဝန်းများကို အားတင်း၍ အကြည့်ချင်းဆုံလိုက်ရသည်။ အစ်ကိုထွင်း၏ မျက်ဝန်းညိုတို့မှာ နက်ရှိုင်းမှုတို့ဖြင့် ပြည့်နှပ်နေလေ၏။

"ငါချစ်မြတ်နိုးတာ မင်းကိုပါ....တစ်ခေတ်မောင်ဆိုတဲ့ မင်းကို....မင်းရဲ့ အရည်အချင်းလည်း မဟုတ်သလို မင်းရဲ့ အသုံးမကျမှုလည်းမဟုတ်ဘူး...မင်းက အားကိုးစရာကောင်းလို့လည်းမဟုတ်သလို အားပျော့နေလို့လည်းမဟုတ်ပြန်ဘူး....သည်အတိုင်းကလေး....မင်းကို သည်အတိုင်းကလေးချစ်တာရယ်...ဒါကြောင့်မို့ မင်း ငါရှေ့ဆို ဘာပဲဖြစ်နေနေရတယ်...ပျော့ညံ့ပြလည်း အဆင်ပြေတယ်...ကြံ့ခိုင်သန်မာပြလည်း ရတယ်ရယ်...ဘာလို့ဆို ငါအာရုံစိုက်တာ အဲ့သည့်အရာတွေမှမဟုတ်ပဲလေ...ငါ မေတ္တာသက်ဝင်တာ မင်းကိုပါ တစ်ခေတ်မောင်....မင်းကိုပါ...."

ထိုစကားခွန်းများမှာ တစ်ခေတ်မောင်ရင်မှ အပူမီးအား ငြိမ်းစေရုံသာမက အေးမြမှုကိုပင် ပေးပါ၏။ တစ်ပြိုင်နက်တည်း အစ်ကိုထွင်းအပေါ် သူ့မြတ်နိုးမှုတို့သည်လည်း တစ်ရိပ်ရိပ်ကိုပင် တိုးပွားလာနေလေ၏။ ကိုယ်လို ဘာမဟုတ်သည့် အညာသား လူပြက်တစ်ဦးမှာ အစ်ကိုထွင်းထံမှ ထိုသို့ မြတ်နိုးမှုအား ခံယူနေရသည်တဲ့လေ။ မည်မျှ ဝမ်းမြောက်ဖို့ ကောင်းလိုက်သနည်း။ သူ့စိတ်လက်တို့ ပေါ့ပါးသွားရကာ လေးပင်မှုတို့သည် ဆောင်းလေပြေနှင့်အတူ ရောယောင်ပါသွားလေတော့သည်။ သူပြုံးမိသည်ထင်ပါ၏။ အစ်ကိုထွင်းမှာလည်း ပြုံးလျက် ခေါင်းငြိမ့်ပြလာ၏။

"လာ လေ့ကျင့်ရအောင်...သည်ဆရာက သည်တပည့်ကလေးကို အကောင်းဆုံးသင်ပေးမှာပါတဲ့ဗျာ...."

သူရယ်မောမိသည်။ အစ်ကိုထွင်းမှာ သူ့ဘဝ၏ အေးချမ်းရာ၊ မြတ်နိုးရာအပြင် သူ၏ ဝမ်းနည်းမှု၊ ပျော်ရွှင်မှု၊ ဝမ်းမြောက်မှုတို့အပြင် ဖော်ပြမရသည့် အရာရာကိုပါ ဆောင်ကြဥ်းပေးသူဟု ဆိုပါလျှင် သူသိပ်ကို လွန်လွန်းသွားမည်လား။ မတတ်နိုင်။ ထို့ထက်ပင် အစ်ကိုထွင်းမှာ သူ့ဘဝအတွက် အရေးပါလေသည်လေ။ အစ်ကိုထွင်းမှာ သူ့လက်ကလေးကို ဆွဲကာ မည်းနက်နေသော စန္ဒရားကြီးထံ ခေါ်သွားလေ၏။ သည်စန္ဒရားကြီးကို ကောင်းကောင်းမှတ်မိပါ၏။ တစ်ဖက်အိမ်မှ တစ်ခေတ်မောင်ကိုယ်တိုင် သွားရောက်သယ်ယူပေးထားသော စန္ဒရားကြီး။ ထိုစန္ဒရားကြောင့်ပင် အစ်ကိုထွင်းအား သူမျက်မှောင်ကြုံ့ကာ ကြည့်မိဖူး၏။ အစ်ကိုထွင်းမှာတော့ သတိတရရှိပုံမပေါ် စန္ဒရားခုံပေါ်သို့သာ ပေါ့ပါးစွာ ဝင်ထိုင်လေတော့၏။

"အခုသီချင်းနဲ့ မဖြစ်နိုင်သေးရင် မင်းနဲ့ ရင်းနှီးကျွမ်းဝင်တဲ့ သီချင်းလေးနဲ့ပဲ စရအောင်လား...."

သူ့အား ပြုံး၍ကြည့်ကာပြောလေတော့သည်။ ထို့နောက် အစ်ကိုထွင်း၏ လက်သွယ်သွယ်မှာ စန္ဒရားလက်ခုံပေါ်တွင် နေရာယူလေတော့သည်။ ထို့နောက် သူရင်းနှီးလေသော သံစဥ်တစ်ခုကို တီးခတ်လေတော့သည်။

"ဒ..ဒါက ကျုပ်...."

"ဟုတ်တယ်လေ...မနက်ခင်း စံပယ်ရုံကို ရေလောင်းလေတိုင်း မင်းညည်းနေကျ သီချင်းကလေး...ဘယ့်နှယ့်လဲ...သည်သီချင်းလေးနဲ့ စတင်နိုင်မယ်မဟုတ်လား...."

ပြီးနောက် အစ်ကိုထွင်းမှာ ဆက်၍တီးခတ်လေတော့သည်။ သူ့မယ် လိုက်မဆိုနိုင်။ ခွေးအ,ကြီး လှည်းနင်းသကဲ့သို့ ဖြစ်နေလေတော့သည်။ ညည်းသာညည်းဆိုဖူးသော်လည်း ဆိုနိုင်လှသည်မဟုတ်လှ။ အစ်ကိုထွင်းသာ အဆက်မပြတ်တီးနေပေမဲ့ သူ့မှာ စိတ်ကျဥ်းကြပ်လှစွာ ဆိုညည်း၍ မရခဲ့။ အစ်ကိုထွင်းမှာ ဒါကို စိတ်ပျက်ပုံမပေါ်။ ထို့အစား တစ်ခေတ်မောင်အား အေးချမ်းစွာ ပြုံးလျက်ကြည့်လာလေသည်။

"စိတ်ကို တင်းမထားလေနဲ့ တစ်ခေတ်မောင်...မင်းအတွက် စိတ်ပေါ့ပါးစေမဲ့ အရာတွေကို တွေးနေလှည့်...ဥပမာ စံပယ်ရုံကြီးကို ရေလောင်းရင်း ညည်းဆိုနေတယ်လို့ တွေးပြီးသာ ဆိုလိုက်ပါ....မင်း လုပ်နိုင်မယ်မှန်း ငါယုံတယ်ရယ်...."

ယုံတယ်တဲ့လေ။ အစ်ကိုထွင်းက သူလုပ်နိုင်ကြောင်း ယုံသတဲ့။ အစ်ကိုထွင်း၏ ယုံကြည်မှုကို သူဖျက်ဆီးလို့မဖြစ်။ သူလုပ်နိုင်ကြောင်း နှလုံးသွင်းကာ မျက်ဝန်းများအား မှိတ်လိုက်ချေသည်။ သူ့အား စိတ်လက်ပေါ့ပါးစေသော အရာများမှာ အစဥ်လိုက်ဆိုသလို ပေါ်လာကာ ပေါ်ထွက်နေသော စန္ဒရားသံကလေးအတိုင်း သူညည်းဆိုမိတော့သည်။

"~~~စံပယ် တစ်ကုံးဖြင့် သူ့ကို ပန်ပေးချင်တယ်~~~
~~~ကိုကိုယ်တိုင် ရွေးလို့ သီမယ်~~~
~~~မေးပါရစေ ပျိုခင်သက်ထား မျက်ခြယ်~~~
~~~ငြင်းပယ်မှာလား ချစ်သူရယ်~~~

~~~ဖြူလွှလွှ ပန်းငွေစံပယ်ကုံးအသွယ်~~~
~~~ကြည်လင်ပျံ့မွှေးကြူတယ်~~~
~~~ကိုယ့်မေတ္တာ စေတနာ မိုးကကြွယ်~~~
~~~ချစ်ဦးသူအတွက် ပန်ပေးမယ်~~~

~~~ဆံမြညှာထက်မှာကွယ်~~~
~~~ချစ်စရာ့ ငွေစံပယ်ကုံးနဲ့ရယ်~~~
~~~ရင်ထဲမှာ ချမ်းမြေ့ဖွယ်~~~
~~~ပန်းအလှတစ်ကုံးနဲ့ သူတင့်တယ်~~~"

နောက်ဆုံး၌ကား အသံအနိမ့်အမြင့် အနေအထားမှန်မှန်ဖြင့် သူဆိုနိုင်သွားသည်။ သူဆိုညည်းနေသည်မှာ ကောင်းမွန်သည်ဆိုသည်ထက်ပိုမှန်း အစ်ကိုထွင်းမှာ အပြုံးတို့ဖြင့် သူ့အား ကြည့်ကာ ပြောပြနေသည်။ သူ့အတွေးတို့၌ စံပယ်ရုံကလေးလည်း ပါလေသည်။ စံပယ်ကုံးများလည်းပါသည်။ ထို့အပြင် ဆံနွယ်နက်များနှင့် ချစ်မြတ်နိုးရသူ အစ်ကိုထွင်းလည်း ပါပေသည်။ ထိုအတွေးများကြောင့်ပင် သူကောင်းစွာဆိုညည်းနိုင်ခဲ့သည်။ ချစ်ရသူအား တွေးဆကာ ဆိုလေတော့ ပို၍ လေးနက်ကာ အဓိပ္ပာယ်ရှိသယောင်။

*သည်မောင်ကိုယ်တိုင် ရွေးသီထားတဲ့ စံပယ်ကုံးကလေးကို ပန်ဆင်ပေးချင်တာဟာ ရင်မှ ဆန္ဒအစစ်ရယ်မို့ သီချင်းစာသားတို့ဖြင့် ပေါင်းစပ်သည့်အခါ ပို၍လေးပင်ကောင်းမွန်နေမည်မှန်း ချစ်ရသူအစ်ကိုထွင်း သိကြားပါစေသား....*

"မဆိုးပေဘူးပဲ...."

အပေါ်ထပ် ဝရန်တာမှ နားထောင်နေလေသော ဆရာရသမှာ အကျေနပ်ကြီးကျေနပ် အပြုံးကြီးပြုံးကာ သူ့အခန်းတွင်းသို့ ဝင်သွားတော့သည်။ သင်မရသော တပည့်တစ်ဦး စာမေးပွဲအောင်သွားသော ခံစားချက်တို့ဖြင့်။

#######

"ဒါနဲ့ အစ်ကိုထွင်း....သည်စန္ဒရားကြီးက အစ်ကိုထွင်း ဥစ္စာမဟုတ်ဘူးလို့ ပြောဖူးတယ်နော်...ဒါဖြင့် ဘယ်သူ့ဥစ္စာတုန်းဗျ..."

လေ့ကျင့်ပြီး၍ ခဏနားနေသော တစ်ခေတ်မောင်မှာ ထွင်းအက္ခရာအား အမေးပြုလေတော့သည်။ ထွင်းအက္ခရာရင်ထဲ လေးခနဲ ဖြစ်သွားရသော်ငြား အားတင်းကာ ပြုံးမိတော့သည် ယခုဆိုလျှင် တစ်ခေတ်မောင်မှာ နှစ်ဦးမရှိသော သူ့ချစ်ရသူဖြစ်လာလေပြီမဟုတ်လား။ သို့စေလျှင် သည်အကြောင်းတို့ကိုလည်း ပြောပြသင့်သည်ဟု ယူဆမိသည်။ စန္ဒရားလက်ခုံအား ခပ်ဖွဖွတို့ထိလျက် သူလေးပင်စွာ ဆိုလိုက်မိသည်။

"သည်စန္ဒရားကြီး ပိုင်ရှင်အကြောင်း ပြောပြမယ်လေ...နားထောင်ချင်ရဲ့လား...."

"နားထောင်မပေါ့ဗျ..."

တုံ့ဆိုင်းခြင်းမရှိသော ​တစ်ခေတ်မောင်၏ ဖြေဆိုသံကြောင့် ထွင်းအက္ခရာ လေတဝရှူသွင်းကာ ဇာတ်လမ်းကလေးအား စတင်လိုက်ချေသည်။

=============

15.9.2022🖤ဆွေး🖤

နောက်တစ်ပိုင်းဆို ထွင်းအက္ခရာလေးရဲ့ နောက်ကြောင်းရာဇဝင်ရှင်းတမ်းကလေး လာချေတော့မယ်နော် ပုရိသတ်တို့.....

သည်အပိုင်းမှာ ထွင်းနဲ့ တစ်ခေတ်မောင်ရဲ့ တေးသရုပ်ဖော်ကို အမြည်းလောက်ပဲထည့်ထားတယ်ရယ်....နောက်အပိုင်းတွေကျ အသေးစိတ်ရေးပေးမယ်နော်...









Continue Reading

You'll Also Like

3.5M 217K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်
374K 36.9K 114
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
1.3M 44.4K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
326K 13K 40
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...