အပိုင်း(၃၂)
"သား ဘာဖြစ်လာတာလဲ ။ ငိုလာတာလား"
ခီလိုက်ပို့ပြီးပြန်လာတော့ သူ့မျက်နှာတွေနီနေသည်ထင်၏။ အိမ်ထဲ၀င်တာနဲ့ ဒေါ်ဒေါ်က တန်းမေးသည်။
"ဗျာ "
"မျက်နှာကြီးနီနေတယ်လေ နှာဖျားတွေရော"
ဒေါ်ဒေါ့်အမေးကို မိုးသန့်ညိမ်ဘယ်လိုဖြေရမလဲ မသိပေ။
ရည်းစားစကားအပြောခံရလို့ ငိုခဲ့သည်လို့ပြောရမလား။ မဖြစ်နိုင်ပါ ။
"အဲ့တာ လမ်းမှာ ကြောင်လေးတစ်ကောင် ကားတိုက်ခံရလို့ သနားလို့ငိုခဲ့တာ "
"ဟယ် သားရယ်စိတ်ကလည်း နုလိုက်တာ"
ပါးစပ်ထဲရှိရာ လျှောက်ဖြေလိုက်ပေမဲ့ ဒေါ်ဒေါ်က ယုံသွားပုံရသည်။ ဒီထက်ပိုပြီး ဘာမှမေးမလာတော့ပေ။ သူစိတ်ပျော့တာမှန်သော်လည်း ဒီလောက်ထိတော့ မပျော့ညံ့ပါ။
သူအခန်းထဲ ၀င်ခါနီးမှ ဒေါ်ဒေါ့်ဆီက အသံထပ်ထွက်လာသည်။
"ဒါနဲ့ သားဟိုကလေးနဲ့ပေါင်းနေတာလား "
"ဗျာ ဘယ်ကလေး"
"အော် ဟိုတစ်ခါသတင်းလာမေးဖူးတဲ့ ကလေးလေ အရပ်ရှည်ရှည် ချောချောလေးလေ "
"ဘယ်သူလဲ သားမသိဘူး "
ဗြောင်ကျကျသာ ငြင်းလိုက်သည်။ ခပ်ချောချော အရပ်ရှည်ရှည်ဆိုတည်းက တစ်စုံတစ်ယောက်ကလွဲ ဘယ်သူဖြစ်မှာလဲ ။ အရပ်ကလည်း ဒေါ်ဒေါ်ပြောသလိုပင် တစ်စတစ်စ ထပ်ရှည်လာသည်။
"အော် အေးအေး မသိလည်းထားလိုက်တော့ "
"ဟုတ် "
အခန်းထဲ ရောက်မှသာ သက်ပြင်းတိုးဖွဖွချမိသည်။ရှေ့လျှောက် သူဘယ်လိုဆက်လုပ်ရမလဲမသိ။ ခီက တော်ရုံလူမတိုးရဲတဲ့ အသိုင်းအဝိုင်းကြီးထဲက လူ။ သူက သာမန်လူတန်းစား။ ဒီကိစ္စက ဘယ်သူ့သွားမေးမေး မဖြစ်နိုင်ဘူးဆိုတာကလွဲ ဘာမှထပ်ထွက်လာမှာ မဟုတ်ဘူး။
ဖုန်းက လင်းလာတော့မှ စာတစ်စောင်ရောက်နေသည်ကို တွေ့ရသည်။ ပို့လာသူက ခီ။
ဘယ်တော့မှ အရေးကြီးကိစ္စမရှိလျှင် စာပို့တာ ၊ဖုန်းခေါ်တာမျိုး မလုပ်တတ်တဲ့သူက စာပို့တာမျိုးလုပ်လာတော့ အထူးတဆန်း။
[ကျွန်တော် ဒီရက်ပိုင်း လာတွေ့ဖြစ်မှာမဟုတ်ဘူး ညိမ် ။ ပြင်ဦးလွင် သွားရမယ်။ ဒါပေမဲ့ ကျွန်တော်ဖုန်းဆက်မှာပါ ]
ဘာလဲ ။ အခုလေးတင်တွေ့လာတာကို အခုလို ချက်ချင်းပစ်ထားမယ်ပေါ့ ။ ချစ်တယ်ဆိုတာဘာလဲ ။စိတ်ပျက်စရာကောင်းလိုက်တာ။
သော်မှူးနဲ့လည်း မတွေ့တာကြာတော့ သော်မှူးဆီကို ဖုန်းဆက်လိုက်သည်။ဖုန်းက ချက်ချင်းမ၀င် မအားသေးပါဟုသာ ခဏခဏပြောနေသည်။
တခဏကြာတော့မှ သော်မှူးအသံထွက်လာသည်။
"ဟဲလို မိုးသန့်ပြော "
"ငါက ပြောရမှာလဲ "
"ဟမ် မိုးသန့်မင်းသောက်ထားတာလား"
"ငါကဘာလို့သောက်ရမှာလဲ"
"မင်း လာရစ်နေတာလေ "
"အော် ငါကရစ်တယ်ပေါ့။ ပြောပါအုံး ဘာလို့ဖုန်းကမအားသေးတာလဲ "
"ငါ့မမနဲ့ပြောနေလို့ပေါ့ ဘာဖြစ်ရမှာလဲ "
"မင်းတို့ ပြတ်သွားပြီမဟုတ်ဘူးလား "
"မပြတ်ပါဘူး ။ ဒီလိုပဲ ချစ်သူသဘာ၀ ရန်ဖြစ်ပြန်ချစ်ကြတာပေါ့ကွာ။ ပြီးတော့ သူတို့ရုံးက သူဌေးသမီးက ပြင်ဦးလွင်မှာ စေ့စပ်ပွဲရှိလို့တဲ့လေ "
"အော်။ အဲ့လိုလား "
"အင်း ။ ဒါနဲ့ မင်းတို့နှစ်ယောက် ဟာဝိုင်အီမှာ အကြည်စိုက်နေကြတယ်ဆို"
"ဘာ!! ဘယ်သူနဲ့အကြည်စိုက်ရမှာလဲဟ"
"ငါသိပါတယ်ကွာ ။ မင်းဟိုအိမ်က သခင်လေးနဲ့ ကြိုက်နေတာမလား"
"မကြိုက် မကြိုက်သေးပါဘူး"
"မကြိုက်သေးဘူးဆိုတော့ ကြိုက်တော့မှာပေါ့"
"ဟာ။ ဒါနဲ့ မင်းမမ သူဌေးရဲ့သမီးက ပြင်ဦးလွင်သွားတယ် ဟုတ်လား"
"အင်းလေ ဘာလို့လဲ "
"ဘာမှမဟုတ်ပါဘူး ခီလည်းပြင်ဦးလွင်သွားစရာရှိတယ်တဲ့ "
ခီက ဘာအကြောင်းကြောင့်ဆိုတာကို မပြောပဲ ပြင်ဦးလွင်သွားစရာရှိတယ်လို့သာ ပြောခဲ့သည် ။
"ဟုတ်လား"
"အင်း။ ဒါပဲကွာ ငါအိပ်တော့မယ် "
••••••••••
အိပ်လိုက်တာ ဘယ်လောက်ကြာသွားလဲမသိ။ နာရီကိုကြည့်လိုက်တော့ ညကိုးနာရီပင်ခွဲပြီ။ Airplane modeတင်ထားသည့် ဖုန်းအားဖွင့်ကြည့်လိုက်တော့ missed call က ဆယ်ခု။ တဆက်တည်းခေါ်ထားမဟုတ်ဘဲ ရှစ်နာရီလောက်တည်းက ခေါ်ထားသည့်ပုံ။ ရင်နှီးနေသော နံပါတ်မို့ ပြန်ခေါ်လိုက်တော့ ဩရှရှအသံကချက်ချင်း ထွက်ပေါ်လာသည်။
"ညိမ် ဘာလို့ကျွန်တော် ဖုန်းခေါ်တာကို မကိုင်တာလဲ"
ခီတန်ကူးဇဏ် ရှစ်နာရီကျော်တည်းက ခေါ်နေခြင်းဖြစ်သော်လည်း စက်ပိတ်ထားပါသည် ဆိုတာကလွဲ ဘာမှထူးမလာသည်မို့ ဆက်မခေါ်တော့ခြင်း။ စက်ပိတ်ထားပါသည်ဆိုတည်းက ညိမ်အိပ်နေမှန်း သူအနည်းငယ်ေတာ့ ရိပ်စားမိပါသည်။
"ငါအိပ်ပျော်နေလို့ "
ထင်တဲ့အတိုင်း အိပ်ချင်မူးတူး အသံနှင့်ဖြေလာသည်မို့ နှုတ်ခမ်းသားတို့ ကော့ညွတ်သွားရသည်။ အသံလေးတစ်ခုကြောင့် အပြုံးတို့က ဖြစ်ပေါ်လာသည်မို့ သူ့ကိုယ်သူ အံ့ဩမိသော်လည်း ချစ်ခြင်းမေတ္တာတွေမို့လက်ခံရန်အသင့်ပင်။
"မျက်လုံးတွေပွတ်မနေနဲ့အုံးနော်"
"ဟင် ။ မင်းဘယ်လိုသိတာလဲ "
တအံ့တဩပြောနေမည့် ပုံရိပ်လေးကို တွေးမိတော့ အနားမှာသာရှိလျှင် ဖျစ်ညစ်ပစ်လိုက်ချင်စိတ် တို့က ထိန်းမရ။
မိုးသန့်ညိမ်တို့က အသံနဲ့တင် လူကိုအသဲယားစေသည်။
"ညိမ်အမြဲ အိပ်ရာကနိုးရင် မျက်လုံးကို အတင်းပွတ်နေကြပဲလေ ။ ပွတ်မနေနဲ့ မျက်လုံးနာမယ်"
"ငါက မင်းပြောသလို ဘာလိုလုပ်ရမှာလဲ "
"လုပ်ရမှာပေါ့ ကျွန်တော်က ညိမ့်ပိုင်ရှင်ဖြစ်လာမှာလေ"
"အဟွန်း ငါကအရုပ်လား "
"အရုပ်လေးသာဆို ဘယ်သွားခေါ်သွားတယ် အခုတောင် သတိရနေပြီ "
တမင်တကာ ပြောခြင်းမဟုတ်။ အရုပ်လေးသာ ဘယ်နေရာသွားသွား ကိုယ်နဲ့မကွာဆောင်သွားမှာ။
ကျွန်တော့် ကံကောင်းခြင်းလေးမို့လေ။
"မင်း ဒီလို အပိုတွေပြောတတ်မှန်းမသိခဲ့ဘူး ။ ကျောင်းမှာနာမည်ကြီးတဲ့ မာနကြီးတဲ့ကိုယ်တော်က ဘယ်ရောက်သွားပါလိမ့်"
"ညိမ်နဲ့မို့လို့ ။ ညိမ်ဖြစ်နေလို့ ကျွန်တော်ပြုံးရယ်နိုင်တာ "
သူစနောက်ပြီး ပြောလိုက်တာဖြစ်သော်လည်း မရယ်ပဲ ညိမ်နဲ့မို့လို့ ဆိုတဲ့စကားကြောင့် ရင်ထဲနွေးထွေးတာတော့အမှန်ပင်။
သူက ခီ့အတွက် comfort zoneလေးလို့ပြောချင်တာလား။
တွေးမိတဲ့အတွေးကြောင့် သူပျော်သွားတာတော့အမှန်ပင်။ တစ်စုံတစ်ယောက်ရဲ့ အရေးပါတဲ့လူတစ်ယောက်လို့ ပထမဆုံးအကြိမ် ခံစားမိခဲ့တာဖြစ်သည်။
"ခီ"
"ဗျာ"
အမြဲလိုလို အင်းလို့သာ အဖြေပြန်ပေးတတ်သော်လည်း ဟိုတစ်ခါ သူပြောပြီးတည်းက ဘယ်အချိန်ခေါ်ခေါ် ဗျာ လို့ထူးတတ်သည်။
"မင်း ဘာလို့ ပြင်ဦးလွင်သွားတာလဲ "
"ကျွန်တော် ကိစ္စတစ်ခုကို လာစုံစမ်းတာပါ ဒီဘက်အခြမ်းမှာ သတင်းနည်းနည်းရလို့ "
" ဪ "
"ကျွန်တော် ကိစ္စတွေအစအဆုံးသိရရင် ညိမ့်ကိုပြောပြမယ်"
"မလိုပါဘူး မင်းနဲ့ငါက အတွင်းရေးတွေ ပြောဖို့အထိကျ မသင့်တော်ဘူးလေ ။ RSဖြစ်သွားရင်တောင် ဒီလိုကိစ္စတွေက မလိုဘူးလေ ခီ ။ ပြတ်ရင်လည်း ပြတ်သွားနိုင်တာပဲ"
ခီက ခပ်သဲ့သဲ့ရယ်သည်။ သဘောကျနဲ့ပုံစံမျိုးနှင့် တော့မဟုတ်။
"မိုးသန့်ညိမ်က စတောင်စသေးတဲ့ဇာတ်လမ်းကို အဆုံးထိတွေးပစ်လိုက်တာပဲ။ တွေးလိုက်တာလည်း ကောင်းခြင်းမဟုတ်ပဲလေ"
"အဲ့လို..မဟုတ်"
"ဒီမှာ ညိမ်။ သေချာမှတ်ထား ကျွန်တော်က အရေးမပါတဲ့ကိစ္စတွေအတွက် အချိန်မဖြုန်းဘူး ။ အထူးသဖြင့် နှလုံးသားရေးရာကိစ္စပေါ့ ။ ဒါ့ကြောင့် အဆုံးသတ်မဲ့ ကိစ္စတစ်ခုအတွက်ဆို ပိုဆိုးတယ် ။ ကျွန်တော်က ညိမ့်ကိုပဲယူမှာ ဘာတွေဖြစ်လာဖြစ်လာ "
"......"
"ဒါကြောင့် အရေးမပါတာတွေကို ဦးနှောက်အခြောက်ခံပြီး မတွေးနဲ့ညိမ်။ ညိမ်ပင်ပန်းတယ် ဟုတ်ပြီလား ။ အခုမှ နိုးလာတော့ ဗိုက်ဆာနေမှာပဲ တစ်ခုခုစားလိုက်အုံးနော် "
သူပြောချင်တာပြောပြီးသာ ဖုန်းချသွားသည်။ ဒါစိတ်ဆိုးသွားလား။ စိတ်ဆိုးသွားရင် သူ့ကို တစ်ခုခုစားဖို့ မှာနေပါ့မလား။
ပြောသွားတဲ့ပုံအရ လူငယ်သဘာ၀ စိတ်ကစားလို့ ဖြစ်တာဆိုတဲ့ အကြောင်းကို ကောင်းကောင်း ရိုက်ချိုးသွားသည်။
သူ့ကို တစ်သက်သာ ရည်ရွယ်တယ်ဆိုတဲ့ သဘောလား။
••••••••••••••••
ခီပြောခဲ့တဲ့ ရက်ပိုင်းသည် တစ်လကျော်ပင်ရှိပြီဖြစ်သည်။ ပြင်ဦးလွင်မှာ ပထမဆုံးဖုန်းပြောပြီးနောက်နေ့တွင် မိုးသန်ညိမ် သော်မှူးဟန်နှင့် အတူ ကွန်ပြူတာသင်တန်းကို တက်ဖြစ်ခဲ့သည်။ ကွန်ပြူတာသင်တန်းတက်နေစဉ် ဆူးက သူအဆင်ပြေမယ့် အလုပ်တစ်ခုကိုချိတ်ပေးခဲ့သည်။
သင်တန်းကာလက ဘယ်လောက်မှ မကြာတာကြောင့် ကျောင်းတက်လျှင် အလုပ်တစ်ခုတော့ လိုပါ၏။ ဆူးက သူ့သူငယ်ချင်းရဲ့ အစ်ကိုဖြစ်တဲ့ ကိုရတုရှင်းဆိုင်မှာ အလုပ်ချိတ်ပေးခဲ့သည်။ ပုံမှန်ဆို အမြဲတမ်း၀န်ထမ်းပဲ ခန့်လေ့ရှိပေမဲ့ ရင်းနှီးနေသူမို့ သူ့ကို အချိန်ပိုင်းအလုပ်တစ်ခုကို ကိုရတုရှင်းကပေးခဲ့ပါ၏။
ကွန်ပြူတာသင်တန်းတက်တာကို ဟိုတလောက ခီ့ကိုပြောပြခဲ့သော်လည်း အလုပ်တစ်ခုနဲ့တွဲလုပ်နေခဲ့တာကိုတော့ ခီ့ကို မပြောဖြစ်ခဲ့ပါ။
သော်မှူးက ဆူးအပြင် အခြားဂိုက်တွေပါရှိပေမဲ့ သူကျအလုပ်မရှိတာကြောင့် ကိုရတုရှင်းဆိုင်မှာပင် လုပ်ဖြစ်ခဲ့သည်။
ဆူးဆီက ပြောစကားအရ နောက်ဆုံးစာမေးပွဲဖြေခါနီးမှ ပြန်လာမယ်လို့ သတင်းရပါသည်။ ဖုန်းက တစ်ခါတစ်ခါပြောဖြစ်ပေမဲ့ စပ်စုသလိုဖြစ်မှာစိုးတာကြောင့် သူဘယ်ကိစ္စကိုမှ မမေးဖြစ်ခဲ့ပါ။ ခီကလည်း စကားနည်းသူပီပီ အေးမှသာ ပြန်ပြောသည်။ သူမမေးတဲ့ ကိစ္စတွေကို တကူးတကမပြောခဲ့ပါ။ သူတို့နှစ်ယောက်ဆက်ဆံရေးဟာ အရင်ကထက် အများကြီးတိုးတက်လာပေမဲ့ တိုင်ပင်ဖော် သူငယ်ချင်းကောင်းတစ်ယောက်ထက်တော့မပိုတာကို သတိထားမိခဲ့သည်။
ငါတို့နှစ်ယောက်ဆက်ဆံရေးကို ဘယ်လိုခေါင်းစဉ်တပ်သင့်လဲ မေးတော့ ခီကဖြေသည်။ ညိမ့်အပေါ်ပဲ မူတည်ပါသည်တဲ့။
ဒါဆို သူကမလှုပ်ရင် ခီတန်ကူးဇဏ်က ဒီအတိုင်းနေတော့မှာလား ။
တီ!!
ထုံစံအတိုင်း သင်တန်းသို့သွားရင်း ဟိုဟိုလျှောက်တွေးမိတော့ ဘေးပတ်၀န်းကျင်ကို မကြည့်မိ။ အသံကြားမှသာ ဘေးသို့ကြည့်လိုက်တော့ ကားတစ်စီး။
"အစ်ကို ဘယ်လာတာလဲ "
"ကိုယ်က အလုပ်ကိစ္စရှိလို့လေ ညီ့သင်တန်းနဲ့ နီးလို့ တစ်ခါတည်းလိုက်ပို့ပေးမယ် တက်"
"ရပါတယ် ကျွန်တော် ကိုယ့်ဘာသာသွားမယ်"
"အော် အားနာမနေပါနဲ့ ညီရယ် ။ မြန်မြန်တက် သော်မှူးကိုလည်း ၀င်ခေါ်ရမယ်လေ "
တစ်ယောက်တည်းဆို အူကြောင်ကြောင်နိုင်သော်လည်း သော်မှူးပါမည်ဆိုသောကြောင့် သူစဉ်းစားမနေပဲ တက်လိုက်သည်။
*ကားခသက်သာလည်း နည်းလား။
သော်မှူးအိမ်ရှေ့ရောက်မှ ဖုန်းဆက်ကြည့်တော့ သော်မှူးကမရှိ။ သူ့မမနဲ့တွေ့ဖို့ အရင်ထွက်သွားပါသည်တဲ့။
"ဒါဆို အစ်ကိုတို့ပဲ သွားရတော့မယ်ထင်တယ် မိုးသန့်"
"ဟုတ် ဟုတ် "
သင်တန်းက နည်းနည်းလှမ်းတာမို့ တစ်ခါတစ်ခါသွားလျှင် ကားခတော့ အတော်ကုန်ပါသည်။ ဘတ်စ်ကားဆိုရင်တောင် နှစ်ဆင့်စီးရသည်။
"ညီရေ"
"ဗျာ"
"ဆိုင်မှာအလုပ်လုပ်ရတာ အဆင်ပြေလား ။ စိတ်အနှောင့်အယှက်ဘာမှမဖြစ်ဘူးမလား"
"ဟုတ်ကဲ့ ။ ဘာကိစ္စမှမရှိပါဘူး အစ်ကို"
"အင်းပါ အဆင်ပြေရင်ပြီးတာပဲ ။ ဒါနဲ့အစ်ကိုအမေတို့အလုပ်ကိစ္စနဲ့ ဒီရက်ပိုင်း သင်တန်းဘက်ရောက်မယ်။ ဒီရက်ပိုင်း ညီ့ကိုလိုက်ပို့ပေးမယ်လေ"
"ဗျာ ရပါတယ် "
"အားမနာပါနဲ့ အလုပ်ရှင်လို့သဘောမထားပဲ ဒီအတိုင်းသူငယ်ချင်းအစ်ကိုလို့ပဲ သဘောထားပေါ့ ကိုယ်လည်း ညီတစ်ယောက်ထပ်ရတာပေါ့"
"အာ ဟုတ်"
မရင်းနှီးတဲ့အခြေအနေကြောင့် သူဘာမှထပ်မပြောမိ။ သူအားနာနေမှန်း ကိုရတုက သိပုံရသည်။ တမင်ပင် နေရမခက်အောင် ဖော်ဖော်ရွေရွေ စကားပြောပေးသည်။ ဆိုင်ရှိ ၀န်ထမ်းအားလုံးလည်း ကိုရတုကို ချစ်ကြသည် ။ ဖော်ဖော်ရွေရွေရှိသည့် အပြင် စကားပြောလည်း ချိုသာသည်။
တစ်ခါတစ်ရံ ကိုရတုသာ သူ့အစ်ကိုဖြစ်လျှင် ကောင်းမည်ဟုပင် တွေးမိပါသည်။
ခီလည်း ဖုန်းမဆက်တာကြာပြီ။ ဘာတွေဖြစ်နေမှန်းတော့မသိပါ။ ဩရှရှအသံလေးကို မကြားရတာကြာတော့လည်း လွမ်းသလိုလိုတော့ဖြစ်မိသား။
──────────────────
𝗚𝗲𝗻𝗻𝘆ʕ•ᴥ•ʔ
14/7/2022