သည်မောင် လက်ခုပ် တီးပါ့မယ် (...

By moe_for_more

144K 11.5K 3.1K

အစ်ကိုထွင်းက ဇာတ်စင်ပေါ်မယ် အချိုးအချိတ်ကျကျ လှလှကလေး ကကြိုးဆင်ပါလေ....သည်မောင်ကတော့ ဇာတ်စင်အောက် တစ်နေရာကနေ... More

Author's note
၁ (Z)
၂(Z)
၃(Z)
၄ Z
၅(Z)
၆(Z)
၇(Z)
၈(Z)
၉(Z)
၁၀
၁၀(Z)
၁၁
၁၁(Z)
၁၂
၁၂ (Z)
၁၃
၁၃ (Z)
၁၄
၁၄ (Z)
၁၅
၁၅ (Z)
၁၆
၁၆ (Z)
၁၇
၁၇ (Z)
၁၈
၁၈ (Z)
၁၉
၁၉ (Z)
၂၀
၂၀ (Z)
၂၁ (Z)
၂၂
၂၂ (Z)
၂၃
၂၃ (Z)
၂၄
၂၄ (Z)
၂၅
၂၅ ( Z)
၂၆
၂၆ (Z)
၂၇
၂၇ (Z)
၂၈
၂၈ (Z)
၂၉
၂၉ (Z)
၃၀
၃၀ (Z)
၃၁
၃၁ (Z)
၃၂
၃၂ (Z)
၃၃
၃၃ (Z)
၃၄
၃၄ (Z)
၃၅
၃၅ (Z)
၃၆
၃၆ (Z)
၃၇
၃၇ (Z)
၃၈
၃၈ (Z)
၃၉
၃၉ (Z)
၄၀ (ဇာတ်သိမ်းပိုင်း)
၄၀ (ဇာတ်သိမ်းပိုင်း) (Z)
အခပျြပို
အချပ်ပို
အခပျြပို၂
အချပ်ပို၂
မောင့်ဒိုင်ယာရီ
ေမာင့္ဒိုင္ယာရီ
နောက်ကျမှ ရေချိုးမိတဲ့အခါ (ေနာက္က်မွ ေရခ်ိဳးတဲ့အခါ)
ပေသလူးနဲ့ တို့များတစ်ခေတ်မောင်
အဆုံးသတ်မဟုတ်လေသော အဆုံးသတ်
Book Announcement
book cover and details

၂၁

1.9K 231 63
By moe_for_more

Unicode

"မနက်ဖြန်ကျ ငါနဲ့ ဘုရားအတူ သွားချင်သလား တစ်ခေတ်မောင်...."

ထိုစကားအား မျက်ဝန်းညိုများ လခြမ်းသဏ္ဍာန်ကလေးကွေးတက်သွားသည်အထိ ပြုံးပြကာပြောလာသည်မို့ တစ်ခေတ်မောင် ရင်တို့ဒိန်းခနဲ ဆောင့်ခုန့်ပါတော့၏။ လက်ထဲတွင် ကိုင်ထားရသော သရက်ကင်းရွက်များပါသည့် ကြိမ်ခြင်းကလေးပင် လွတ်ကျချင်လာသည်မို့ စိတ်တင်းကာ အသိကပ်ရတော့သည်။ ထိုသို့သော အပြုံးသည် အစ်ကိုထွင်းနှင့်အလိုက်ဖက်ဆုံးဖြစ်ကာ အမြဲတစေ တစ်ခေတ်မောင်အား လှုပ်လှုပ်ရှားရှားဖြစ်စေသည်ပင်။

"ငါပြောတာ ကြားရဲ့လား တစ်ခေတ်မောင်...ငါနဲ့အတူ သွားချင်သလား...."

သူ့အား မော့ကြည့်လျက် ထပ်မံမေးမြန်းလာသော အစ်ကိုထွင်း။ သူအိပ်မက်ယောင်နေတာများလား။ အစ်ကိုထွင်းကိုယ်တိုင် သူ့အား ဘုရားအတူတူသွားရန် ခေါ်နေသည်လေ။ ဤကမ္ဘာ၌ ကိုယ့်ချစ်ရသူနှင့်အတူ ဘုရားသွားကျောင်းတက် မလုပ်ချင်သူရှိပါရဲ့လား။ မည်မျှပင် လိုချင်တပ်မက်ချင်စိတ်မရှိပါဟုဆိုဆို အစ်ကိုထွင်းနှင့်အတူ ဘုရားသွားချင်သည်မှာတော့ အမှန်။ သို့ပေမဲ့ သူ့ကြောင့်များ အစ်ကိုထွင်း စိတ်အနှောင့်အယှက်ဖြစ်လေမလားဟု တွေးမိနေပြန်သည်မို့ သဘောတူလက်ခံဖို့ကိုပင် တွန့်ဆုတ်ဆုတ်ဖြစ်နေမိတော့သည်။ ပြန်လည်ဖြေကြားဖို့ရန် သူကြန့်ကြာနေလေတော့ အစ်ကိုထွင်း၏ မျက်နှာကလေးမှာ တမဟုတ်ချင်းညိှုးကျသွားလေတော့၏။

"မနက်ဖြန်ခါ ငါ့မွေးနေ့ကလေးမို့ ဘုရားသွားချင်လို့ရယ်ပါ....မင်းမလိုက်ချင်ရင်လည်း----"

"ကျုပ်!!! ကျုပ်...ကျုပ် လိုက်ပါ့မယ်....လိုက်မှာပေါ့ဗျာ...လိုက်မှာပေါ့..."

အစ်ကိုထွင်းမျက်နှာညိှုးမည်ကို လက်သင့်မခံနိုင်လေသော တစ်ခေတ်မောင်မှာ အလျင်စလို ဖြေရတော့သည်။ အစ်ကိုထွင်း၏ မျက်နှာထက် အပြုံးကလေးများ ဝေနေသည်ကိုသာ သူလိုလားပါ၏။ တစ်ဆက်တည်း သူ့၌ လက်ကျန် ကံကောင်းမှုကလေးများ ရှိနေသည်ဟု တွေးလျက် တိတ်တဆိတ်​ပျော်ရွှင်နေမိသည်။ အစ်ကိုထွင်း၏ မွေးနေ့ရက်မြတ်၌ အစ်ကိုထွင်းနှင့်အတူ ဘုရားသွားရခြင်းသည် မည်မျှ ထုထည်ကြီးမားသော ကံကောင်းမှုဖြစ်ကြောင်း တစ်ခေတ်မောင်မှအပ မည်သူမျှ တွေးဆနိုင်မည်မဟုတ်ပေ။

"တကယ်ပေါ့နော် တစ်ခေတ်မောင်....တကယ်လိုက်မှာပါနော်...."

"တကယ်ပေါ့ အစ်ကိုထွင်းရာ..."

ကြံချောင်းရသွားသော ကလေးငယ်တစ်ဦးကဲ့သို့ ပျော်ရွှင်ရယ်မောနေသော အစ်ကိုထွင်းကြောင့် သူလည်းပဲ လိုက်လံပြုံးပျော်နေမိသည်။ တစ်ခေတ်မောင်ကိုယ်တိုင် မသိလိုက်ချိန်တွင်ပင် အစ်ကိုထွင်းပျော်လျှင် လိုက်လံပျော်ရွှင်တတ်ကာ အစ်ကိုထွင်းမျက်နှာညှိုးလျှင် မီးခဲဖင်ထိုင်ထားရသကဲ့သို့ ပူလောင်အောင့်သက်စွာခံစားရကြောင်း သိလိုက်ပါ၏။ သူ့အနေနှင့်တော့ အစ်ကိုထွင်းနှင့်သူမှာ နှစ်ကိုယ့်တစ်စိတ်ပင်ဖြစ်လို့နေလေပြီ။ အစ်ကိုထွင်း မသိပေမဲ့လို့ပေါ့လေ။

"ဒါဖြင့် ဆရာရသဆီမယ် ခွင့်သွားတောင်းလိုက်ချေအုန်းမယ်...."

"ဟုတ်ပါပြီခင်ဗျ...."

တက်ကြွပေါ့ပါးသော ခြေလှမ်းများနှင့်အတူ အစ်ကိုထွင်းမှာ ဆရာရသအခန်းထံသို့ တက်ရောက်သွားတော့သည်။ တစ်ခေတ်မောင်မှာတော့ မနက်ဖြန်ခါ၌ မြတ်နိုးရသူနှင့်အတူ ဘုရားသွားရမည့်အရေး စိတ်ဂဏာမငြိမ်ဖြစ်ကာ ယနေ့ညစာပင် စားနိုင်ပါလိမ့်မလားဟု လက်ထဲမှ သရက်ကင်းရွက်များကို ကြည့်လျက် တွေးဆနေမိတော့သည်။

ထွင်းအက္ခရာမှာ ပေါ့ပါးလှသော ခြေလှမ်းတို့နှင့်အတူ ဆရာရသအခန်းဆီသို့ ထွက်လာခဲ့လိုက်သည်။ ဆရာရသအခန်းမှာ အိမ်၏အနောက်ဘက်အဆုံးတွင် ရှိလေ၏။ အခန်းရှေ့ ခြေစုံရပ်လိုက်သည်နှင့် အခန်းတွင်းမှ ပလွေသံအား ကြားလိုက်ရတော့သည်။ ထွင်းအက္ခရာ နှစ်နှစ်ခြိုက်ခြိုက်ပြုံးမိလိုက်ပါ၏။ ဆရာရသကဲ့သို့ အရာရာ၌ ကျွမ်းကျင်လိမ္မာသော ဇာတ်ဆရာတစ်ဦးအား ပိုင်ဆိုင်ထားရသည်မို့ 'ထွင်းအက္ခရာ'ဇာတ်သဘင်အငြိမ့်အဖွဲ့မှာ ကံကောင်းလှပေ၏။ ဆရာရသမှာ ပြဇာတ်ရေးရာတွင် တော်၏။ သံချပ်ရေးရာတွင်လည်း ထက်၏။ စန္ဒာရားဆိုလည်း တီးတတ်ပါပေ့။ ပတ္တလားဆိုလည်း ကျွမ်းကျင်ပါပေ့။ အဆိုလည်း နိုင်သလို အကလည်းပိုင်သူပင်။ ထွင်းအက္ခရာကဲ့သို့သော ယောက်ျားသားတစ်ဦးသည်ပင် ဆရာရသ၏ သင်ကြားမှုအောက်တွင် အတော်ဆုံး အငြိမ့်သမတစ်ဦးဖြစ်လာရသည်မဟုတ်လား။ တွေးမိလေ ကျေးဇူးတင်၍မဆုံးပေ။

"ဒေါက်~~ဒေါက်~~ဆရာရသ...ကျွန်တော် ဝင်လာလို့ရမလား...."

"ဟေ...အေး ဝင်လာလှည့်လေ အက္ခရာ...."

ပလွေသံ တိခနဲရပ်ကာ ဝင်လာဖို့ရန် ခွင့်ပေးလာသည်မို့ ထွင်းအက္ခရာ အခန်းတွင်းသို့ ခြေလှမ်းဖွဖွနင်းလျက် ဝင်သွားလိုက်သည်။ ဆရာရသမှာ အကြမ်းရည် တစ်ဗန်းဘေးချလျက် ဖျာကြမ်းပေါ်တွင် တင်ပျဥ်ခွေကာ ထိုင်နေတော့သည်။ ထွင်းအက္ခရာ ဆရာရသ၏ မျက်နှာချင်းဆိုင်နေရာ၌ ဝင်၍ထိုင်လိုက်လေသည်။

"ဆရာရသရဲ့ ပလွေသံ ကြားရပြီဆိုလေတော့ ရွာကို လွမ်းနေပြီထင်ပ...."

"ဟုတ်ပ အက္ခရာရာ...တပို့တွဲလလည်း ရောက်တော့မယ် မဟုတ်လား...တစ်နှစ်တစ်ခါ ပုံမှန် ရောက်ဖြစ်တယ်ဆိုပေမဲ့လည်း တပို့တွဲလနီးလာတိုင်း အလွမ်းပိုလာတော့တာပါပဲ...."

ဆရာရသမှာ ဘေးရှိ ကွမ်းအစ်ထဲမှ ကွမ်းရွက်များ၊ ကွမ်းသီးများဖြင့် ကွမ်းတစ်ယာယာလိုက်လျက် ပါးစပ်ထဲထည့်ကာ တမြုံ့မြုံ့ဝါးနေလေတော့၏။ ဆရာရသမှာ ကွမ်းကြိုက်လှတယ်လည်းမဆိုလှ။ တစ်နေ့လျှင် တစ်ယာနှစ်ယာလောက် စားရမှ အာသီသပြေတတ်သည်တော့ ရှိ၏။

"ခဏနေပဲ ညစာစားရတော့မယ် ဆရာရသရယ်...."

"ဟုတ်သား....ငါ့နှယ် ဇရာကပြလာတော့ မေ့တတ်လျော့တတ်တာ လွန်ပါရောလား...."

ထိုသို့သာ ပြောနေပေမဲ့ ခံတွင်းထဲမှ ကွမ်းတစ်ယာကိုတော့ ထွေးထုတ်မလာခဲ့ပါပေ။

"လာရင်းကိစ္စက ဘာများလဲ အက္ခရာ ....ပြောစရာမရှိရင် ငါ့အခန်းဆီ ခြေဦးတောင် လှည့်တာမဟုတ်ဘူးမဟုတ်လား...."

ဆရာရသမှာ ကွမ်းတမြုံ့မြုံ့ဝါးရင်း မေးလာ၏။ ထွင်းအက္ခရာမှာ ပါးများပင် ပူနွေးလာလေတော့သည်။ ဆရာရသပြောသည်ကလည်း ဟုတ်သည်။ သူသည် အဘယ်သောအခါမှ သူတစ်ပါးအခန်းဆီ ခြေဦးမလှည့်ဖူးပါ။ ဘုရားခန်းနှင့် သူ့အခန်းကိုသာ ကူးချည်သန်းချည်ရှိ၏။ အောက်ထပ် ကွပ်ပျစ်ကျယ်တွင်တော့ အကကျင့်၊ အဆိုကျင့်သည့် အချိန်တွင်သာ သူနေတတ်ပါ၏။ ယခုတော့ မနက်ဖြန်ခါ တစ်ခေတ်မောင်နှင့်အတူ ဘုရားသွားဖို့ရန် စိတ်က လော်ဆော်နေသဖြင့် မစောင့်နိုင်ပါပဲ ချက်ချင်းဆိုသလို ဆရာရသအခန်းဆီ ရောက်လာခြင်းပင်။ ထို့ကြောင့်ပင် သူ့မယ် ရှက်ရွံ့ရွံ့ဖြစ်နေရတော့သည်။

"ဆရာရသကို ခွင့်တောင်းစရာလေး ရှိလို့ပါ...."

"အဆန်းပါ့လား အက္ခရာရဲ့ ဟင်....ကဲ တောင်းကြည့်စမ်းပါလေ...."

အငြိမ့်အဖွဲ့ထဲ သူရောက်စဥ်ကတည်းက တစ်ခါမျှပင် ခွင့်တောင်းခြင်းမရှိခဲ့။ မရှိဆို သူမည်သည်ကိုမှ ထူးထူးခြားခြား လုပ်ချင်ကိုင်ချင်စိတ်ရှိမနေသည်ကြောင်ပင်။ အခြားအဖွဲ့ဝင်များမှာ နေရာသစ်၌ အငြိမ့်ကရပြီဆိုလျှင် ဟိုဟိုသည်သည် လည်ချင်ပတ်ချင်စိတ်ကလေးရှိကြသည်။ ထိုအခါ၌ ဆရာရသထံ ခွင့်တောင်းတတ်ကြသည်။ အနေအေးသော ထွင်းအက္ခရာမှာ အဘယ်သောအခါတွင်မှ လည်ဖို့ပတ်ဖို့ရန် စိတ်ပါမဝင်စားခဲ့။ ယခုတွင်မှ.....။

"သည်လိုပါ ဆရာရသ...သိတဲ့အတိုင်း မနက်ဖြန်ခါ ကျွန်တော့်ရဲ့ နှစ်ဆယ့်နဲ့မှ ခုနစ်နှစ်ပြည့် မွေးနေ့လေးလေ....အဲ့တာ....ကျွန်တော်...."

"မနက်ဖြန်ခါ မွေးနေ့လား....အိမ်းးးး မင်းတောင်မှ တဖြေးဖြေး နှစ်ဆယ့်ခုနစ်နှစ်တောင် ဖြစ်ပါပြီလား....ကဲကဲ ဆက်ပြောပါလေ...."

"အဲ့တာ ကျွန်တော်...."

သူ့လက်တို့အချင်းချင်း ပွတ်တိုက်နေမိသည်မှာ မီးပွင့်တော့မလိုပင်။ သူ့မယ် ဘာကြောင့်မှန်း မသိ။ ပြောလို့မထွက်ပေ။ သို့ပေသော်ငြား တစ်ခေတ်မောင်နှင့်အတူ မွေးနေ့ကလေး ဖြတ်သန်းချင်သည့် လောဘကလေးမှာ အင်အားကြီးမားနေသည်မို့ အရဲစွန့်ကာ ပြောရတော့သည်။

"မနက်ဖြန်ခါ တစ်ခေတ်မောင်နဲ့အတူ ရွှေတိဂုံဘုရား သွားဖူးချင်လို့ပါ ဆရာရသ...."

"ဟေ...."

ဟိုဟိုသည်သည် သွားလာခြင်းကို မနှစ်သက်ခဲ့သည့် ထွင်းအက္ခရာထံမှ အပြင်ထွက်ရန် ခွင့်တောင်းခံလာရသည့်အခါ ဆရာရသ 'ဟေ'ခနဲ တ,ရသည်။ ယခင်ကဆိုလျှင် သူကိုယ်တိုင် တိုက်တွန်းလျှင်တောင် အပြင်သွားရန် ငြင်းဆန်တတ်သူမဟုတ်ပေလား။ မနက်ခင်း ဒေါ်ပွကြီးထံမှ ဆီထမင်းဝယ်ပေးဖို့ရန်ပင် မနည်းတိုက်တိုက်တွန်းတွန်းရှိရလေသည်။ လူအများရှေ့ ကပြဖျော်ဖြေရသူဆိုသော်လည်း လူကြားသူကြားထဲ သွားလာရသည်ကို မနှစ်သက်ဟု ထွင်းအက္ခရာ သူ့အား ပြောဖူးသည်။ ထွင်းအက္ခရာ အပြင်မထွက်ချင်သည်မှာ အခြားသော အကြောင်းပြချက်များကြောင့်လည်း ဖြစ်လိမ့်မည်ဟုတွေးကာ မသွားချင်သည့်သူ့ကို အတင်းမတိုက်တွန်းတော့သည်မှာ ကြာခဲ့ပြီ။ ယခုကဲ့သို့ တောင်းဆိုလာသောအခါ ရုတ်တရက်ဆန်ပါသော်ငြား သူ့တွင် ခွင့်မပြုပေးရန် အကြောင်းမရှိ။ ထွင်းအက္ခရာသည်လည်း လူငယ်လေးတစ်ဦးမဟုတ်ပေလား။

"သွားပေါ့ အက္ခရာရယ်....ငါခွင့်ပြုပါတယ်....သို့ပေမဲ့...."

ဆရာရသမှာ ထွေးခံထဲသို့ ကွမ်းကို ပစ်ခနဲထွေးလိုက်ပြီးမှ စကားကိုဆက်၏။

"မင်းက တို့အငြိမ့်အဖွဲ့ထဲက ခေါင်းဆောင်အငြိမ့်သမီးမှန်း သိကြတာကိုတော့ မမေ့ထားလေနဲ့...အမျိုးသမီးတစ်ဦးလိုဝတ်စားပြီးတော့ သွားစေချင်တယ် အက္ခရာ....ဘာကြောင့် သည်လိုပြောသလဲဆိုတာ အက္ခရာနားလည်တယ်မဟုတ်လား...."

ရင်ထဲ မောဟိုက်သွားရပါသော်လည်း ထွင်းအက္ခရာ ခေါင်းငြိမ့်ပြလိုက်သည်။ သူနားလည်ပါ၏။ သူသည်ကား ရန်ကုန်အခြေစိုက် နာမည်ကြီးအငြိမ့်အဖွဲ့၏ ခေါင်းဆောင်အငြိမ့်မင်းသမီး။ ဘုရားပွဲတိုင်း အက္ခရာတို့အဖွဲ့ မပါလျှင်မပြီးသည်မို့ ထွင်းအက္ခရာအား မမြင်ဖူးသူမှာ ရှားပါးလှပါ၏။ မနက်ခင်း ဝေလီဝေလင်းအချိန် သွားသည်က ကိစ္စမရှိ။ လူသူအသွားအလာနည်းသည်မဟုတ်လား။ ယခုလိုပုံမှန်လူများကဲ့သို့ အပြင်ထွက်ရန်မှာတော့ ထွင်းအက္ခရာအတွက် ခက်လှသည်။

သူမှာ အမျိုးသမီးတစ်ဦးအယောင်ဆောင်ကာ ကပြဖျော်ဖြေနေရသော အငြိမ့်မင်းသမီးမဟုတ်လား။ သူ့တွင် သာမန်ဆန်သော ဘဝမရှိရှာပေ။ သူများနည်းတူ ကိုယ့်အရှိအတိုင်း ဝတ်ဆင်၍ သွားလာရန်မှာ မဖြစ်နိုင်။ လျှို့ဝှက်ချက်အား ထိန်းသိမ်းနိုင်ဖို့ရာ သူ၏ 'အမျိုးသားတစ်ဦး'ဟူသော အဖြစ်မှန်ကို ဖုံးကာထားရသည်။ သူ့တွင် လွတ်လပ်မှုမရှိ။ အများသူငှာရှေ့ဆိုလျှင် အမျိုးသားတစ်ဦးဖြစ်ပါလျက် အမျိုးသမီးတစ်ဦးလို ဝတ်ဆင်ကာ ပြုမူပြောဆိုရပြန်သည်။ ဤသည်မှာ လူထုပုရိသတ်အား လိမ်လည်ထားခြင်းကြောင့် သူခံစားရပါသော အကျိုးအပြစ်ဖြစ်လောက်ပါ၏။ သူ့တွင် သက်ပြင်းချဖို့မှတစ်ပါး တုံ့ပြန်ရန်မရှိပါချေ။

"ဟုတ်ကဲ့ပါ ဆရာရသ...ကျွန်တော် နားလည်ပါတယ်...."

"အေးအေး....ဒါဖြင့် အောက်ဆင်းကြတာပေါ့ ညစာစားရတော့မယ်မဟုတ်လား...."

"ဟုတ်ကဲ့ဆရာရသ..."

သို့နှင့် သူတို့နှစ်ဦး အောက်ထပ်ကွပ်ပျစ်ဆီ ဆင်းလာခဲ့တော့သည်။ လူကဖြင့် စုံနေကြပါပြီ။ သူ့မျက်စိရှေ့၌ ညစာအား ငပိရည်နှင့် သရက်ကင်းရွက်ကလေး မြှုပ်ကာမြှုပ်ကာဖြင့် အားပါးတရစားသောက်နေသော တစ်ခေတ်မောင်ကို ထွင်းအက္ခရာငေးကာသာ စိတ်ပင်ပန်းလေးပင်မှုတို့ကို အားတင်းပြုံးလျက် မေ့ပျောက်လိုက်ပါတော့၏။

######

မနက်ခင်း လေးနာရီပင်ရှိသေးသော်လည်း တစ်ခေတ်မောင်တစ်ယောက်မှာ အဆင်သင့်ဖြစ်နေလျက် ထွင်းအက္ခရာအခန်းရှေ့တွင် ခေါက်တုံ့ခေါက်ပြန်လျှောက်နေတော့၏။ သူ့တွင် သစ်လွင်သော အဝတ်အစားများသိပ်မရှိလှ။ ကံကောင်းထောက်မစွာဖြင့် ရွာမှဘဘုန်းကြီး ဝယ်ပေးထားသော ရှပ်အင်္ကျီအဖြူလွင်လွင်ကလေးနှင့် ပုဆိုးအနက်ကလေးရှိနေ၍သာ တော်တော့သည်။

အစပထမ၌ သည်အထည်ကလေးများ သူ့ထံ ပါလာသည်မှန်းသူ မသိ။ ယနေ့မနက်တွင်မှ ထန်းခေါက်ဖာကြီးကိုမှောက်ချကာ လှန်လှောရှာကာမှ ခေါက်ရိုးကျိုးကာ ထောင့်၌ကပ်နေလေသော ထပ်လျက်အထည်များကို တွေ့ရတော့သည်။ ပုဆိုးကလေးမှာ ရေမလျှော်ရသေးသည်မို့ ကော်တို့ဖြင့် တောင့်နေတော့သည်။ ဝတ်ကောင်းစားလှရှားပါးသည်ကြောင့် သည်အစုံလိုက်ကလေးကို သူ့မယ် ထုတ်မဝတ်ရက်ဘဲ သိမ်းထားသည်မှာ ကြာလှပြီ။ ယခု အစ်ကိုထွင်းနှင့်အတူ ဘုရားသွားရမည်ဆိုကာမှ ထုတ်ဝတ်ဖြစ်တော့၏။

အတွေးများနေသော တစ်ခေတ်မောင်မှာ အစ်ကိုထွင်းအခန်းတံခါးပွင့်လာသည်ကြောင့် တောင့်ခနဲဖြစ်သွားရတော့သည်။ အခန်းတွင်းမှ အိပ်မှုန်စုံမွှားမျက်နှာကလေးဖြင့် အစ်ကိုထွင်းထွက်လာလေတော့သည်။

"တစ်ခေတ်မောင်....ဘယ်လိုလုပ်---အစောကြီး ရှိသေးတာလေ...."

"ကျုပ်...ကျုပ် အိပ်မရတော့တာနဲ့ပဲ စောစောစီးစီးပြင်ဆင်ထားလိုက်တာ...."

အစ်ကိုထွင်းနဲ့မှပဲ သူ့ဘဝတစ်လျှောက် စောင့်ထိန်းလာပါသော ငါးပါးသီလသည်လည်း ကျိုးချေပြီ။ လိမ်လည်ပြောဆိုမိခြင်းအတွက် ချက်ချင်းပင် လက်အုပ်ချီကာ ဘုရားရှင်အား တိုင်တည်လျက် တောင်းပန်မိတော့သည်။ တစ်ခေတ်မောင်တစ်ယောက် ကို့ယို့ကားယားဖြစ်နေချိန်တွင် အစ်ကိုထွင်းမှာတော့ အောက်ထပ်သို့ဆင်းကာ အုတ်ကန်ဆီသွားလျက် မျက်နှာသစ်သန့်စင်နေပေပြီ။ ဝရံတာမှသည် အစ်ကိုထွင်းအား ငေးနေမိရာမှ ခါးပုံစထဲမှ သူကိုယ်တိုင် သီကုံးထားသော စံပယ်ကုံးများကို ထုတ်လိုက်တော့သည်။ ယနေ့တွင်တော့ မျက်နှာချင်းဆိုင်ကာသာ ပေးချင်ပါတော့၏။

"သည်မယ် ခဏစောင့်အုန်းနော်.... ပြင်ဆင်ပြီးရင် ထွက်လာလှည့်မယ်....."

"ဟုတ်ကဲ့ အစ်ကိုထွင်း...."

လက်ထဲမှ စံပယ်ကုံးကို ဖွက်လိုက်ကာ သူပြောလိုက်တော့သည်။ ယောက်ယက်ခတ်နေပါသော စိတ်အစုံဖြင့် သဘင်အိမ်ကြီးအား တစ်ပတ်ပြည့်အောင် ပတ်နေမိသည်။ ဆောင်းတွင်းမို့ မနက်ဆိုလျှင် မြူတို့ဆိုင်းတတ်လေပြီ။ မြူများကင်းစင်သွားလျှင်လည်း သစ်ရွက်စိမ်းကလေးများအပေါ် ရေစက်ကလေးများ တွဲလဲခိုကာ ကျန်ရစ်ခဲ့တတ်သည်။ တစ်ခေတ်မောင်ကိုယ်တိုင် ပျိုးထောင်ထားပါသော စံပယ်ရုံကလေးသည်လည်း ရေသီးကလေးများ ကိုယ်စီတွဲလဲခိုကာ စိမ်းမြလှပနေတော့သည်။ အပွင့်များမှာတော့ ယနေ့အတွက် ကုန်ချေပြီ။ အစ်ကိုထွင်းအတွက်ဟူ၍ သူရည်ရွယ် သီကုံးပေးလိုက်ပြီမို့ပင်။

မနက်လင်းစပြုလာချိန်တွင် အစ်ကိုထွင်းအခန်းတံခါးမှာ ဒုတိယမ္ပိ ပွင့်လာလေတော့သည်။ စံပယ်ကုံးကလေးများ ကိုင်ဆောင်ထားသော တစ်ခေတ်မောင်မှာ တံခါးရှေ့၌ အရံသင့်စောင့်ဆိုင်းနေမိသည်။ မကြာပေ အခန်းတွင်းမှ ဖြူလွှလွှသဏ္ဍာန်ကလေး ထွက်ပေါ်လာတော့သည်။ အစ်ကိုထွင်း၏ မျက်နှာကလေးမှာ ပါးနှစ်ဖက်၌ ဝါဝင်းသော သနပ်ခါးပါးကွက်ကလေးနှစ်ခု နေရာယူနေလေ၏။ အခြားထူးထူးထွေထွေမပြင်ဆင်ထားသော်လည်း အစ်ကိုထွင်းမျက်နှာကလေးမှာ မွှေးပျံ့လှပနေပါ၏။ နဖူးကလေးက မောက်မောက်၊ မျက်တောင်ရှည်များဝန်းရံထားသော ကြည်လင်လေသည့် မျက်ဝန်းညိုကလေးများ၊ အလယ်တွင်သွယ်လာလျက် ထိပ်တွင် လုံးသွားလေသော နှာတံကလေးနှင့် ဆေးကူစရာမလို ရဲစွေးနေတတ်ပါသော နှုတ်ခမ်းတစ်စုံရှိပါသော အစ်ကိုထွင်း။ နတ်သက်ကြွေလာသည်ဟု ဆိုလျှင် ငြင်းနိုင်ဖွယ်ရာရှိမည်မထင်။ လည်တိုင်ရှင်းရှင်းတွင် မည်သည်ကိုမှ မဆင်မြန်းထားပေ။

ရင်ခံအမည်းအပေါ်၌ထပ်ထားလေသော ဖြူလွင်လှသည့် ခါးတို ဇာရင်ဖုံးအင်္ကျီကလေးမှာ အစ်ကိုထွင်း၏ ခန္ဓာကိုယ်၌ ချပ်ရပ်တိကျစွာ နေရာယူနေ၏။ မည်သည့်ပစ္စည်းများထည့်ထား၍ မို့မောက်နေမှန်းမသိသော ရင်အစုံနှင့် သေးသိမ်သော ခါးအသွယ်မှာ နှစ်ခါပြန် ငေးချင့်စရာ။ အမည်းရောင်ထက်၌ အဖြူရောင်ပန်းပွင့်ကလေးများပုံဖော်ထားသော ပန်းရိုက်ဖဲထမိန်ကလေးသည် အစ်ကိုထွင်း ခါး၌ ပနံတင့်စွာ။ ဖဲထမိန်ကလေးမှာ ခြေမျက်စိအထိ ဖုံးကွယ်ထားလေရာ ကြည်လင်ကာ ပန်းရောင်သန်းနေသော ခြေသည်းကလေးများနှင့် ခြေခုံဖွေးဖွေးကိုသာ တစွန်းတစ်စမြင်နေရပါ၏။

"သည်နေ့တော့ ဆံပင်စည်းနှောင်ပေးမယ် မဟုတ်လား....တစ်ခေတ်မောင်..."

သည်မောင်မယ် ငြင်းဆန်ချင်စိတ်အလျဥ်းမရှိ။ အစ်ကိုထွင်းကမ်းပေးလာသော လိပ်ခွံဘီးကလေးကို ယူလိုက်ကာ ထိုနေရာတွင်ပင် ဆံနွယ်နက်များအား စည်းနှောင်ပေးနေမိသည်။ နားသယ်စပ်မှသည် ဆံနွယ်ကလေးများကိုတော့ တစ်နွယ်နှစ်နွယ်ချထားပေးလျက် ကျန်ဆံနွယ်များအား ဖဲကြိုးအဖြူကလေးနှင့် ခပ်ပြေပြေစည်းနှောင်ပေးလိုက်တော့သည်။

"စံပယ်ကုံးကလေးတွေပါ ပန်ပေးလိုက်ချေမယ်နော် အစ်ကိုထွင်း..."

ကျောပေးထားသော သူ့အား နောက်ကျောမှသည် နားနားကပ်လျက် ပြောလာသူကြောင့် ထွင်းအက္ခရာကိုယ်ကလေး တုန်တက်သွားလျက် တဆတ်ဆတ်ခေါင်းငြိမ့်ပြလိုက်မိတော့၏။ ဤသို့ နီးကပ်ချိန်တိုင်း တစ်ခေတ်မောင်ထံမှ ရတတ်လေသော စံပယ်ပန်းနံ့ခပ်သင်းသင်း​နှင့် ယောက်ျားဆန်လေသောသစ်သားနံ့သင်းသင်း ရောနှောနေသည့်အနံ့ကြောင့် သူ့ဘယ်ဘက်ရင်အစုံမှာ ကပြောင်းကပြန် ကမောက်ကမ ဖြစ်လျက်။

စံပယ်ပန်းကုံးကလေးများအား ပန်ဆင်ပေးလိုက်ကာစည်းနှောင်ထားသော ဆံနွယ်လေးများအား အစ်ကိုထွင်း၏ ဘယ်ဘက်ပုခုံးပေါ်သို့ အလုံးစုံတင်ပေးလိုက်တော့သည်။ ပြီးသည်နှင့် အစ်ကိုထွင်းမှာ သူ့ဘက်သို့ လှည့်လာကာ ပြုံးပြလေတော့သည်။ အေးမြလှသော ထိုအပြုံးကြောင့်သည် သူ့မယ် စကားလုံးတို့ ရှေ့မဆက်နိုင်။ အစ်ကိုထွင်းမှာတော့ သူ့လက်ထဲမှ လိပ်ခုံးဘီးကလေးအား ဆွဲယူလျက် အခန်းတွင်းသို့ ဝင်ရောက်သိမ်းဆည်းကာ ပြန်ထွက်လာလေတော့သည်။ သူ့မျက်စိရှေ့မှာ အစ်ကိုထွင်းမှာ လှသည်ထက်ပိုသည်။ ကျက်သရေရှိသည်ဟုဆိုလျှင်လည်း မပြည့်စုံသေး။ အိန္ဒြေရှိသော တည်ငြိမ်သည့် အလှမျိုးကို ပိုင်ဆိုင်ထားလေသော အစ်ကိုထွင်းအား သူသာပိုင်ဆိုင်ရပါလျှင်ဟု တိတ်တဆိတ်လောဘတက်နေမိတော့သည်။

"သွားကြမယ်လေ တစ်ခေတ်မောင်....မေ့လို့ သည်မယ် မင်းအတွက်...."

သူ့လက်ထဲသို့ ထည့်ပေးလာပါသော အနက်ရောင်အောကတ္တီပါတစ်ရံ။ အံ့သြလွန်း၍ သူ့မယ် ပါးစပ်မစေ့နိုင်တော့။

"ကဲ သွားကြရအောင် တစ်ခေတ်မောင်...."

တစ်ခေတ်မောင်တစ်ယောက် အစ်ကိုထွင်းနောက်မှသည် မည်သည့်စကားမျှမပြောနိုင်ပါဘဲ ပါလာရတော့သည်။ ဒါနှင့်ဆိုလျှင် အစ်ကိုထွင်းထံမှ လက်ဆောင်ရရှိသည်မှာ နှစ်ခါမြောက်ရှိချေပြီ။

*သည်လိုသာဆိုလျှင် မည်သို့သောအခါတွင်မှ လောဘဟူသည်ကို မမွေးမြူဖူးသော ဘုန်းကြီးကျောင်းသားလေး တစ်ခေတ်မောင်မှာ အစ်ကိုထွင်းဟူသော လောဘကလေးအား တမြတ်တနိုးပျိုးထောင်မိချေတော့မည်...*

​လှေကားဆုံးသည်နှင့် အစ်ကိုထွင်းမှာလည်း မိန်းမစီးအောကတ္တီပါကလေးအား ထုတ်စီးလေသည်။ ထိုကတ္တီပါလေးမှာလည်း အနက်ရောင်ပင်။ တစ်နည်းဆိုရလျှင် တစ်ခေတ်မောင်၏ ဖိနပ်ကလေးနှင့် ဆင်တူဖြစ်နေလေ၏။ မိန်းမစီးနှင့် ယောက်ျားစီးသာ ကွာချေတော့သည်။

"ဟော အက္ခရာတို့ သွားကြတော့မှာလား...."

"ဟုတ်ကဲ့ ဆရာရသ...."

"အင်း သည်နေ့ အက္ခရာမအားဘူးဆိုတော့ ဒေါ်ပွကြီးဆီက ဆီထမင်းဝယ်ဖို့ ငမှေးကိုပဲ နှိုးရချေတော့မယ်...."

ဆရာရသစကားကြောင့် တစ်ခေတ်မောင်မှာ မထိန်းနိုင်စွာ တစ်ချက်ရယ်မိသည်။ အအိပ်မက်လှသော ကိုကြီးငမှေးမှာ ဆရာရသနှင့် မည်သို့ စခန်းသွားမည်မသိ။ သူ့အလုပ်တော့မဟုတ်ပါချေ။ အစ်ကိုထွင်းကိုသာ သူအာရုံထားသင့်သည်။  အိမ်မှထွက်လာလေတော့ ကိုကြီးသာကူ၏ ထီးကောက်အမည်းကြီးအား ပိုပိုလိုလိုယူလာရသေးသည်။ ရန်ကုန်မြို့သည် ဆောင်းတွင်းပင်ဖြစ်စေကာမှ နေထွက်သည်နှင့် ပူတတ်လောင်တတ်သည်မဟုတ်ပေလား။

ရွှေတိဂုံဘုရားဆီ ဘတ်စ်ကားစီးကာ သွားကြလေတော့ ထုံးစံအတိုင်း အစ်ကိုထွင်းကသာ သူ့ကို ဂရုစိုက်ရတော့သည်။ အစ်ကိုထွင်းသာရှိနေလျှင် သူသည်လည်း ဘတ်စ်ကားပင် မမူးနိုင်တော့။ နေသာ၏။ ပျော်ပါ၏။ ကိုယ်မြတ်နိုးရသူမှာ ကိုယ့်အား အရိပ်တကြည့်ကြည့်ဖြင့် ဂရုစိုက်ခြင်းမှာ မည်မျှပျော်ရွှင်ကြည်နူးဖွယ်ကောင်းကြောင်း အစ်ကိုထွင်းဘေးတွင် ရှိနေလေသော သူသာ သိပါ၏။ သိင်္ဂုတ္တရတောင်အောက်ရောက်သည်နှင့် လူလူသူသူရှုပ်ထွေးနေကြောင်း သတိထားမိသည်။ မနက်ခင်း ဘုရားလာရောက်ဖူးမြော်သူများမှာ မနည်းမနောပင်။ အစ်ကိုထွင်း၏ လက်အား သူတင်းတင်းဆုပ်ထားမိသည်။ လူအများနှင့်ရောကာ ပျောက်သွားလို့မဖြစ်။ မည်မျှပင် မြို့သားဟုဆိုဆို အစ်ကိုထွင်းမှာ သေးသေးသွယ်သွယ်ကလေးမဟုတ်လား။ လှေကားများ စတက်သည်နှင့် ဘုရားပရဝုဏ်ဖြစ်ပြီမို့ ဖိနပ်ကိုယ်စီချွတ်ရတော့သည်။ တစ်ခေတ်မောင်မှာ သူ့ဖိနပ်အပြင် ချွတ်ပြီးလေသော အစ်ကိုထွင်း၏ ဖိနပ်ကလေးကိုပါ ကောက်ယူလိုက်သည်မို့ အစ်ကိုထွင်းထံမှ ဟန့်တားသံသေးသေးကလေး ထွက်လာလေတော့သည်။

"တစ်ခေတ်မောင် မလုပ်ပါနဲ့ ...ကိုယ့်ဖိနပ်ကိုယ် သယ်လိုက်ပါ့မယ်..."

"ဘယ့်နှယ်ဗျာ သယ်စရာလား....ကျုပ်သယ်ပေးမှာပေါ့...လာပါဗျာ...ရှေ့မယ် ဖိနပ်အပ်ဖို့ရာ နေရာရှိပါတယ်...အဲ့ကျ အပ်လိုက်ကြတာပေါ့...."

သည်လိုဆိုလိုက်တော့မှ ငြင်းပယ်ချင်နေသော အစ်ကိုထွင်းမှာ ငြိမ်ကျသွားတော့၏။ တစ်ခေတ်မောင်မှာလည်း ထီးကောက်ကြီးအား လက်မောင်းတွင်ချိတ်၊ လက်တွင် ဖိနပ်နှစ်ရံကိုကိုင်ကာ နောက်တစ်ဖက်ဖြင့် အစ်ကိုထွင်းလက်ကိုလည်း ကျစ်နေအောင် ကိုင်ထားရသေးသည်။ ဖိနပ်အပ်ရန် နေရာသို့ ရောက်သည့်အခါ နှစ်ရံစလုံးအား အပ်ထားခဲ့လိုက်ပြီး ဘုရားရင်ပြင်ပေါ်သို့ ဖြေးဖြေးမှန်မှန်တက်လာခဲ့ကြသည်။ ဘုရားတွင်ကပ်လှူဖို့ရာ နှင်းဆီဖြူများနှင့် သပြေခက်များကိုလည်း ဝယ်ယူခဲ့ကြသေးသည်။ တွဲယှက်ထားသော လက်များကိုတော့ဖြင့် ဖြုတ်ချဖို့ရန် နှစ်ဦးသားမေ့လျော့နေကြ၏။

ဘုရားရင်ပြင်သို့ရောက်သည့်အခါ စေတီတော်အား ဦးစွာ ရှိခိုးဦးချလိုက်သည်။ မွေးနေ့ရှင်ဖြစ်သော အစ်ကိုထွင်းမှာတော့ ဘုရားစာများ ရွတ်ဆိုသည်မှာ တမေ့တမောပင်။ ပြီးသည့်အခါ နှစ်ဦးစလုံး အဖြူရောင်နှင်းဆီပန်းများနှင့် သပြေခက်များအား ပန်းအိုးကြီးထဲတွင် ပြိုင်တူထိုးစိုက်ကပ်လှူလိုက်ကြတော့သည်။ နှစ်ဦးစလုံးမှာ စနေသားများဖြစ်သည်မို့ စနေနေ့နာမ်ထောင့်တွင် အတူတူ ရေသပ္ပာယ်ဖြစ်ကြသည်။ တစ်ဦးနှင့်တစ်ဦး အကြည့်ကလေးဆုံလျက် ရေသပ္ပာယ်ပူဇော်ရသည်မှာလည်း အေးချမ်းပျော်ရွှင်မှုတစ်မျိုးပင်။ အစ်ကိုထွင်းမှာလည်း ပြုံးရွှင်နေကာ သူသည်လည်း ပြုံးပျော်နေလျက်။ ထို့နောက် ရင်ပြင်တစ်ပတ် ပတ်လျှောက်ခဲ့ကြသည်။ နေမြင့်သည်နှင့် ရင်ပြင်တော်မှာ စတင်ပူလောင်လာပြီဖြစ်၏။ နူးညံ့လှသော မြတ်နိုးသူအား နေပူလောင်မည်စိုးရသဖြင့် ကိုကြီးသာကူ၏ ထီးကောက်အမည်းကြီးကို ဖွင့်ကာ မိုးပေးမိသည်။ အလှူလက်ဖက်နှင့် မျက်နှာလုပ်သူဆိုသည်မှာ တစ်ခေတ်မောင်မှ အမှန်ပင်။ သာကူ့ထီးဖြင့် ချစ်ရသူအား မျက်နှာလုပ်နေသည်မဟုတ်လား။

ပူလောင်လှသော ရင်ပြင်တော်ကြောင့် နှစ်ဦးသားမှာ ထီးကြီးတကားကားဖြင့် ပြေးရ လွှားရတော့၏။ အရိပ်ရသော တစ်နေရာရောက်ခါမှ နှစ်ဦးသား ထီးကြီးပိတ်ကာ ဟင်းခန သက်ပြင်းချရင်း ထိုင်ချရတော့သည်။ မောဟိုက်နေသောနှစ်ဦးသားမှာ တစ်ဦးကို တစ်ဦးကြည့်ရင်း မနေနိုင်စွာ ရယ်မောမိကြပြန်၏။ ဘုရားဖူးအချို့မှာတော့ ချစ်စရာ့စုံတွဲကလေးအား အားကျဟန်ဖြင့် လည်ပြန် ငေးမောသွားကြလေသည်။

"အစ်ကိုထွင်းကို မွေးနေ့ဆုတောင်းပေးရအုန်းမှာပဲ...ယနေ့ မွေးနေ့မှသည် နောင်နှစ်များစွာအထိ ပျော်ပျော်ရွှင်ရွှင် ရှင်သန်ရပ်တည်သွားနိုင်ပါစေ အစ်ကိုထွင်း....အဟွန်း...ကျုပ်က သိပ်တော့ ကဗျာမဆန်တတ်ဘူးဗျ...."

ရှက်သွားဟန်ဖြင့် ဂုတ်ကိုပွတ်ကာ ပြောနေပြန်သော တစ်ခေတ်မောင်မှာ တကယ့်ကလေးငယ်လိုပင်။ သူ့ကြောင့်ပင် မွေးနေ့ရှင်ကလေးမှာ တပြုံးပြုံးဖြစ်နေလျက်။

"မွေးနေ့ဆုတောင်းအတွက် သိပ်ကျေးဇူးတင်ပါတယ် တစ်ခေတ်မောင်...."

"အစ်ကိုထွင်းက သည်နေ့ မွေးနေ့ဆိုတာ ကြိုမပြောလေတော့ ကျုပ်ဖြင့် မွေးနေ့လက်ဆောင်တောင် မပြင်ဆင်လာမိဘူး...."

မနေ့ညကမှ ပြောသည်ဆိုတော့ သူ့မယ် ပြေးဝယ်ပေး၍လည်းမရ။ အစုငွေတို့ကတော့ ကျန်ပါသေး၏။ မည်သည်ကို ပေးရမည်မှန်းတော့ ယခုအထိ မတွေးတတ်သေး။ အစ်ကိုထွင်းကသာ သူ့အား လက်ဆောင်များပေးဖူးသည်မို့ သူသည်လည်း မြတ်နိုးရသူအား ပီပြင်သောလက်ဆောင်တစ်ခု ပေးအပ်ချင်ပါ၏။ အစ်ကိုထွင်းကတော့ သူ့စကားကြောင့်လားမသိ ပီပြင်စွာ ပြုံးပါလေတော့သည်။ ထိုသို့ပြုံးလေတိုင်းလည်း တစ်ခေတ်မောင်မယ် မရိုးမအီနိုင်စွာ ငေးမောမိပါ၏။

"ငါ့အတွက် မွေးနေ့လက်ဆောင်ကို ထူးထူးထွေထွေ ပြင်စရာမလိုပါဘူး တစ်ခေတ်မောင်....ငါ့ဘေးမယ် မင်းရှိနေပေးရုံနဲ့တင် ဖြစ်ပါရဲ့...."

"ခင်ဗျာ!!!!"

အစ်ကိုထွင်း၏ စကားလုံးများမှာ သူ့နှလုံးသားအား ခပ်ကြမ်းကြမ်းကိုင်လှုပ်နိုင်ပါ၏။ သူ့မယ် အံ့လည်းသြရ ရင်လည်းခုန်ရမို့ နှလုံးရောဂါပင် ရချင်လာသလိုပင်။ အစ်ကိုထွင်းကတော့ ပြုံးမြဲပြုံးနေလျက် သူ့မျက်လုံးများထဲသို့ နက်နက်နဲနဲစိုက်ကြည့်လာသည်။

"တစ်ခေတ်မောင်....ပြင်ဦးလွင်မယ် မင်းပြောခဲ့တဲ့ စကားတွေက သည်နေ့အထိ အကျုံးဝင်သေးရဲ့လား...."

"ခင်ဗျာ!!!!"

သူ့မယ် ချွေးတို့ပင် စို့လာရသည်။ ရန်ကုန်ဆောင်းနေမှာ ပူလွန်း၍များလား။ သို့တည်းမဟုတ် အစ်ကိုထွင်း၏ ပန်းနုရောင်သန်းလေသော စကားတို့ကြောင့်များလားမသိပေ။ အစ်ကိုထွင်းအား မယုံကြည်နိုင်စွာ မျက်တောင်မခတ်တမ်းသူငေးနေမိသည်။ မနေ့ညမှသည် ယခုအထိ သူအိပ်မက်ယောင်နေသည်ဆို ဘယ်လိုလုပ်မလဲလေ။ မဟုတ်မှ သည်အရာတွေဟာ တကယ်ပဲလား။ ယခု အစ်ကိုထွင်း၏ နီစွေးသော နှုတ်ခမ်းနှစ်လွှာမှ ထွက်ပေါ်လာလေသော စကားလုံးများအပြင် ရှက်ရဲ၍ ပန်းရောင်ပြေးနေလေသော ပါးမို့မို့ကလေးများမှာ အစစ်အမှန်ဖြစ်ပျက်နေပါသည်လား။ သို့ဆိုလျှင်....သို့ဆိုလျှင်.....။

ထွင်းအက္ခရာမှာ အတွေးများနေသော တစ်ခေတ်မောင်ကြောင့် ရှက်ရွံ့စွာဖြင့် တစ်ဖက်သို့ မျက်နှာလွှဲလိုက်မိ၏။ သူ့တွင် တစ်ခေတ်မောင်အား ယခုပြောမည့်စကားများကို မျက်နှာချင်းဆိုင် အကြည့်ချင်းဆုံကာ ပြောနိုင်စွမ်းရှိမနေ။

"အကျုံးဝင်သေးရင်ဖြင့် ငါ့ဘဝမယ် ငါဟာ လိင်တူအမျိုးသားတစ်ဦးကို ချစ်မြတ်နိုးသွားနိုင်မှန်း တစ်ခေတ်မောင်ဆိုတဲ့ မင်းကြောင့်သာ သိရှိသွားရပြီလို့ ပြောပြချင်မိလို့ပါ....."

"ခင်ဗျာ!!!"

=================

13.9.2022🖤ဆွေး🖤







Continue Reading

You'll Also Like

157K 8K 34
Start date : 22.3.2023 ဆန်းကြယ်တဲ့ချစ်ခြင်းမေတ္တာတရားတွေကလည်း လောကကြီးရဲ့တစ်စိတ်တစ်ပိုင်းပဲလို့ ပြောရင် ယုံကြမလား...အသွင်မတူတဲ့သူနှစ်ယောက်ရဲ့ချစ်ခြင်...
1.5M 68.6K 37
adult story(18+) သင့်သခင်×ရုပ်သေး 9.1.2023...
2.3M 148K 94
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
2M 161K 47
"ကျုပ်နာမည် တော်ဝင်ယောက်ျား၊အများစုကတော့ Royalလို့ခေါ်ကြပေမယ့် ခင်ဗျားကတော့ ယောက်ျားလို့ခေါ်ချင်ခေါ်ပေါ့" "မင်းးး" Zawgyi "ကျုပ်နာမည် တော်ဝင်ယောက်ျား...