အပိုင်း(၃၁)
"Brown ကို အရှေ့ဘက် တစ်ခုလုံးကို သုံးချင်တယ် ၊ ပြီးတော့လည်း Condoကို အရမ်းကြီး ခမ်းနားတောက်ပနေတာမျိုး မဟုတ်ဘဲ ကြည့်လိုက်တာနဲ့ နေချင်စရာ နွေးထွေးတဲ့ ပုံစံမျိုးပဲ လိုချင်တယ်။ "
"အာ...ပြီးတော့ Bedroom backgroundကို နက်ပြာပဲလိုချင်တယ်။ အခန်းမီး ကိုလည်း
အဖြူဘက်မဟုတ်ဘဲ အဝါဘက်သန်းတာမျိုး"
"ဟုတ်ကဲ့ ။ ဒါဆို သတ်မှတ်ထားတဲ့ ရက်ပြည့်ရင် ပြန်ဆက်သွယ်လိုက်ပါမယ် ။"
အသိအမှတ်ပြုသလို ခေါင်းညိတ်ပြလိုက်တော့ တာ၀န်ရှိသူက ထွက်သွားသည်။
အလုပ်က မနက်ဖြန်စမည်ထင်သည်။
ခီတန်ကူးဇဏ် ဖွားနှင့်ပြောထားသည့်အတိုင်း Condo တစ်လုံး ရလာပြီဖြစ်သည်။ သို့သော် အတွင်းပိုင်းကို စိတ်ကြိုက်လုပ်ချင်တာကြောင့် interior designပိုင်းကို ပြောနေရခြင်း။
Condoမှာလည်း ကျယ်ကျယ်၀န်းရှိသည်။
အရမ်းမနိမ့် ၊အရမ်းမမြင့်လောက်သည့် အလယ်လောက်သာရွေးထားသည်။ ညိမ့်တိုက်ခန်းနဲ့လည်း သိပ်မဝေး။ အဲ့တာ အဓိကအချက်ပင်။ အောက်တွင်လည်း ရေကူးကန်၊ ကလေးကစားကွင်း များလည်းရှိသည်။ လူလည်းသန့်သဖြင့် အတော်အသင့်တော့ကောင်းသည် ဆိုရမည်။ ကိုယ်က ထုံးစံ အတိုင်းဆို ခြံ၀န်းကိုပင် ပိုသဘောကျသည်။
စိတ်ထဲရှိတဲ့အတိုင်းဆို ညိမ် ကြိုက်တဲ့ အရောင် ပုံစံ အနေအထားကအစ ဖြစ်စေချင်သော်လည်း ကိုယ်ကဘာမှသိတာမဟုတ် ။ အဲ့တာနဲ့ ထိုလူရဲ့ ဆံပင်အရောင်ဖြစ်တဲ့ အညိုရောင်ကို သုံးလိုက်ရခြင်း ။ အိပ်ခန်းကတော့
ကိုယ့်အကြိုက် နက်ပြာရောင်ကိုသာ လုပ်ခိုင်းလိုက်သည် ။
မဆိုးပါဘူးလေ။
••••••••••
မျက်မှန်ကိုသာ အမြန်တပ်၍ အင်္ကျီပင်မလဲနိုင်။
"အောက်ဆင်းခဲ့ပါလား "ဆိုတဲ့ စကားနောက် ကတိုက်ကရိုက် ပြေးဆင်းလာသည်မှာ စိတ်၏ အလိုအလား။
လှေကားအောက်ထပ်နားသို့ ရောက်ခါမှ ညိမ်တွေးမိသွားသည်။
မဟုတ်သေးပါဘူး ဒီကောင်လေးကို သူစိတ်ဆိုးနေဝာလေ ။ အခုက တအားတွေ့ချင်သလို ဖြစ်သွားမှာပေါ့။
ပထမထပ်မြောက်ကနေ အောက်ဖက်ကိုလှမ်းကြည့်တော့ သူ့ပုံစံအတိုင်း ခပ်တည်တည်နှင့် ဆိုင်ကယ် နက်ပြာရောင်ကို မှီကာ ရပ်နေသည့် ခီ့ကိုတွေ့လိုက်ရသည်။
သူလည်း ငါးမိနစ်လောက်နေမှ အောက်သို့ ဖြည်းဖြည်းမှန်မှန် ဆင်းသွားလိုက်သည်။
သူ့ကိုတွေ့တော့ မပြုံးလိုက်ရင်တောင် လက်ခနဲဖြစ်သွားသည့် မျက်၀န်းတစ်စုံကို သတိထားမိလိုက်ပါ၏။
ညိမ်တမင်ပင် ရုပ်ကိုခပ်တည်တည် ထားလိုက်သည်။
"ဘာလို့အောက်ဆင်းခိုင်းတာလဲ"
"ဘာလို့ရမှာလဲ တွေ့ချင်လို့ပေါ့ "
သူ့အမေးက ရယ်စရာပါလို့လား ။ ပြုံးစစ မျက်နှာဘေးက ရစ်လည်းခံရမှာပဲ ဆိုသည့် ပျော်ရွှင်နေတဲ့ မျက်နှာထားနဲ့ ။
"ငါတော့ မတွေ့ချင်ဘူး "
"ဟုတ်ရဲ့လား ညိမ် "
"ဘာ...ဘာလို့မဟုတ်ရမှာလဲ "
"ညိမ်မတွေ့ချင်ပေမဲ့ ကျွန်တော်တွေ့ချင်တယ်လေ ။ ကျွန်တော်က တအားသတိရနေတာကို "
"အပိုတွေ"
"မဟုတ်တာ ညိမ်ရယ် ။ ညိမ်နဲ့ပတ်သက်ရင် အပိုဆိုတာမရှိပါဘူး "
"အဟမ်း "
"မိုးသန့် သူငယ်ချင်းလား "
ညိမ်တို့ တိုက်မှာနေတဲ့ ဦးလေးက အပြင်ကပြန်လာသည်ထင်၏။ လှေကား၀နားမှာ ပိတ်နေတဲ့ သူတို့နှစ်ယောက်ကို နှုတ်ဆတ်လာသည်။
"ဗျာ ဟုတ် ။ ခီမင်းနည်းနည်း ဖယ်ပေးလိုက်လေ"
သူပေ့ာတော့ ခီက ဆိုင်ကယ်ကို ဘေးသို့နည်းမည်းကပ်သည်။ပြီးမှ...
"ကျွန်တော်က ညိမ့်ကိုအပြင်သွားမလို့ လာခေါ်တာပါဗျ "
"အော် အေးအေး ။ လူချောလေးတွေပဲ "
"ကျေးဇူးပါဗျ "
တိုက်ကဦးလေးနဲ့ အပြန်အလှန်ပြုံးရယ်ကာ စကားတွေ ဖောင်ဖွဲ့ပြောနေသည့် ခီတန်ကူးဇဏ်ကြောင့် ညိမ်ဆွံအသွားရသည်။
သူဘယ်တုန်းက လူမှူရေးကောင်းသွားတာလဲ ။
စကားစပြောရင်တောင် တော်ရုံလူဆိုပြန်မပြောတတ်တဲ့ သူကလေ။
သူ့အဖွားနဲ့ ပြဿနာတက်ရင်း လူစားထိုးခံလိုက်ရတာလား။
ဦးလေးက အပေါ်သို့သွားသည်ကို ညိမ်စောင့်ကြည့်ပြီးမှ...
"ဘယ်သူကမင်းနဲ့ လိုက်မယ်ပြောလို့လဲ ။ မင်းအောက်ဆင်းခဲ့ဆိုလို့ ဆင်းလာတာလေ"
"မလိုက်ချင်လည်း လိုက်ခဲ့ဗျာ ။ ကျွန်တော်ကစိတ်သိပ်ရှည်တာမဟုတ်ဘူး ညိမ် ။ ညိမ်နဲ့မို့ စိတ်ရှည်ရှည်ထားတာ။ အခုတော့ စိတ်သိပ်ကြည်မနေဘူး"
ဆိုင်ကပ်ဦးထုပ်ကို ယူကာ သူ့အပိုင်လက်ချောင်း သွယ်သွယ်များနှင့် သေချာဆောင်းပေးနေသည်။
ခီတန်ကူးဇဏ်၏ နှုတ်ခမ်းထောင့်စွန်းလေးများလည်း ပြုံးနေပြီး ညိမ့်ပုံစံကို သဘောကျနေသည်။
ဇဏ်က စူပုတ်ပုတ်ဖြစ်နေသော ညိမ်ပါးနုနုက လက်ညှိုး လေးဖြင့်ထိုးထည့်လိုက်သည်။
"ချစ်စရာလေးဗျာ ။ ပါးလေးက ပူတင်းလေးလိုပဲ နူးအိနေရော "
"မင်းပြောလို့ ပြီးပြီးလား "
"ညိမ်က အတူသွားချင်နေပြီပဲ ။ခဏတော့ စောင့်ပါဦးဗျ "
ခီက ပြောရင်းနဲ့ပင် ကြိုးကို ဖျောက်ခနဲမြည်အောင် တပ်ပေးလိုက်သည်။
"မတွေ့ရတဲ့ အတောအတွင်း အတော်မျက်နှာပြောင်လာတာပဲ ခီတန်ကူးဇဏ် "
"ညိမ့်ရှေ့မှာမို့ပါ ။ လာ...တက်တော့ "
ဆိုင်ကယ်နက်ပြာရောင် ခပ်မြင်မြင့်က သူ့အကြိုက်ဖြစ်ပုံရသည်။ ညိမ့်ကိုအမြဲလာခေါ်တိုင်း ဒီဆိုင်ကယ်ပဲမဟုတ်လား ။ ဒါပေမဲ့ သူ့အိမ်မှာတော့ ဆိုင်ကယ်ထားတဲ့ ဂိုဒေါင်ကြီးပင်ရှိသည်။
"ခီ.."
"ဗျာ "
"မင်းဒီဆိုင်ကယ်ကို သဘောကျတာလား "
"အခြားဟာတွေလည်း စီးဖြစ်ပေမဲ့ ဒီဟာတော့ အကြိုက်ဆုံးပဲ ဘာလို့လဲညိမ် "
"မင်းငါ့ကိုလာခေါ်တိုင်း အမြဲဒါလေးနဲ့ပဲမို့လို့ "
"ဟုတ်တယ်လေ ကျွန်တော်အကြိုက်ဆုံးပါဆို"
"အဲ့တာ ငါနဲ့ဘာဆိုင်လို့လဲ"
"အကြိုက်ဆုံးဘီး ပေါ်မှာ သဘောကျတဲ့သူကိုတင်ထားပြီး မောင်းရတဲ့ ခံစားချက်က ဘာနဲ့မှမတူဘူးလေ"
"စကားတအားတတ်နေတာပဲ"
"အဲ့လိုဖြစ်သွားလား ။ ဒါနဲ့ ညိမ်တအားရိုင်းလာတယ်နော် "
"ဘာ!!"
"တွေ့လား ဒေါသလည်းကြီးလာတယ် ။ ကိုယ့်ကိုယ်ကိုယ်လည်း ငါလို့ပဲ သုံးတော့တယ် "
"ဘာလဲ အဆင်မပြေလို့လား "
"ညိမ်ဖြစ်နေသ၍ အဆင်ပြေပါတယ်"
"ဒါနဲ့ အခုကဘယ်သွားမှာလဲ "
"ရောက်ရင် သိမှာပေါ့"
တဖြည်းဖြည်း လမ်းဘက်ကိုကွေ့သည့်နေရာ ရောင်လာတော့မှ...
"ညိမ် ခါးကိုဖက်ထားနော် "
"ဘာလို့လဲ ။ ငါ…ငါကယောင်္ကျားလေးလေ"
"ဘာတွေပြောနေတာလဲ ညိမ်ရဲ့ ။ ညိမ်အခု ကျွန်တော့်ပုခုံးပေါ်လက်တင်ထားတာက အန္တရာယ်များတယ် ။ လျှောက်စဉ်းစားမနေပါနဲ့ ညိမ် ယောင်္ကျားလေးဆိုတာ ကျွန်တော်သိပါတယ်"
သူပြောရင်း ပုခုံးမှ လက်ကိုယူကာ ခါးတွင်ချိတ်လိုက်သည်။ လက်ကို ဖယ်သွားမှာစိုးလို့ အပေါ်ကအုပ်ကိုင်လိုက်တော့ အသံလေးကခပ်ဆတ်ဆတ်ထွက်လာသည်။
"မင်းပြောတော့ အန္တရာယ်များတယ်ဆို မင်းအခုလက်တစ်ဖက်တည်းနဲ့ဆိုင်ကယ်မောင်းနေတာက ပိုဆိုးတယ်လေ "
"စိတ်မပူပါနဲ့ ညိမ်ရဲ့ ။ ကျွန်တော်က ညိမ့်ကိုဘာမှအဖြစ်မခံပါဘူး "
ခရီးကို ခပ်သွက်သွက်နှင်ပြီးသည့်နောက်မှာတော့ ပန်းခြံအသေးစားလေးထဲ ရောက်လာသည်။
နေပါအုံး။ ဘာလို့ငါ့ကို ပန်းခြံထဲခေါ်လာတာလဲ ။
"ဘာလာလုပ်တာလဲ ခီ။ ဘာလို့လဲ "
"အာ ပြောစရာရှိလို့ "
ညိမ်က ဘာမှပြော။ သူဆက်ပြောမည့်စကားကိုသာ တိတဆိတ်နားထောင်နေသည်။။
"ကျွန်တော့်ကို သဘောကျတယ်မလား ညိမ် "
"ဒါက နည်းနည်းအဆင်မပြေဘူး "
"ဘာက အဆင်မပြေတာလဲ ။ သဘောမကျဘူးလား "
"ငါတို့က ယောင်္ကျားလေးတွေ။ သဘောကျရုံအဆင့်လောက်နဲ့ တွဲလို့မရဘူး ခီရဲ့။ မင်းနဲ့လည်း လိုက်ဖက်ပြီးလက်တွဲရမဲ့သူ တွေ့လာမှာပါ "
"ငြင်းလိုက်တဲ့ သဘောလား"
ခီတန်ကူးဇဏ်က သက်ပြင်းတစ်ချက်ချသည်။ ထို့နောက် ညိမ့်မျက်နှာကို လက်ဖြင့်ဖွဖွကိုင်ရင်း...
"ကျွန်တော် ညိမ့်ကိုချစ်တယ် "
"...."
"သဘောကျတယ်လို့ပြောခဲ့တာ အပျော်သက်သက်မဟုတ်ပါဘူး ။ ချစ်တယ်ဆိုတဲ့စကားကို ကျွန်တော်က မြတ်မြတ်နိုးနိုးပြောချင်တာ ညိမ်ရဲ့ ။ ကျွန်တော့်ဘ၀မှာ ဒီစကားကို ဘယ်သူ့ကို မပြောခဲ့ဖူးတာမို့ အချိန်လိုရုံပါ ။ ကျွန်တော် ညိမ့်ကိုချစ်တယ်။ လိုက်ဖက်တဲ့သူဆိုတာ သူများအမြင်နဲ့ မဆိုင်ဘူး ။ ကျွန်တော်သဘောကျတဲ့သူဟာ ကျွန်တော်နဲ့လိုက်ဖက်တဲ့ လက်တွဲဖော်ပဲလေ ညိမ်ရဲ့ ။ ယောင်္ကျားလေးလည်းဘာဖြစ်လဲ ။ ချစ်တတ်တာပဲ "
သူ့မျက်နှာကို ခပ်ဖွဖွ အုပ်ကိုင်ကာ အလေးအနက်ပြောလာတဲ့ စကားတွေအဆုံး သူဘာပြန်ပြောရမယ်မသိ။
"ဒါပေမဲ့ အသိုင်းအဝိုင်းဆိုတာရှိသေးတယ်လေ။ ငါကငယ်သေးတယ်ဆိုပေမဲ့ အတည်မဟုတ်တဲ့ဆက်ဆံရေးတွေအတွက် အချိန်အကုန်မခံချင်ဘူး "
သူ့မျက်နှာမှ လက်ကို ဆွဲဖယ်လိုက်ရင်း ညိမ်ပြောလိုက်သည်။
"ညိမ်က ဒါကိုစိတ်ပူနေတာလား ဟုတ်လား "
"....."
"နဂိုတည်းက ချစ်ခြင်းမေတ္တာကလွဲ ဘာမှမရှိတဲ့ကောင်မို့ ဒီအတိုင်း ကျွန်တော့်အချစ်တွေကို လိုက်ခံပေးလိုက်ပါလား ညိမ် "
"....."
"ကျွန်တော်က ဘယ်သူ့ကိုမှမချစ်ဘူးလို့ ကြွေးကြော်ခဲ့တဲ့ကောင်ပါ။ တစိမ့်စိမ့်ကြည့်ရင်း သဘောကျလာတာဆိုလို့ ညိမ်ပဲရှိတယ်။ ညိမ့်ပုံစံတွေ အပြောအဆို အမူအရာတွေကြည့်ရင်း တဖြည်းဖြည်းသဘောကျလာတယ်။ ဒါပေမဲ့ ချစ်တယ်ဆိုတာ မယုံကြည်သေးဘူး။ ညိမ်အိမ်ပြန်သွားမှ ညိမ်မရှိရင် မနေတတ်မှန်းသိလာတာ "
"ဒါပေမဲ့"
"ကျွန်တော် ညိမ့်ကို တစ်ဘ၀လုံးစောင့်ရှောက်ပေးချင်ပါတယ် "
"ငါ...ငါလည်း မသိတော့ဘူး ခီ ။ ဘာဆက်လုပ်ရမယ်မှန်းမသိတော့ဘူး "
ခေါင်းကိုဆွဲဖွကာ လမ်းမပေါ်သို့ ထိုင်ချသည်။မျက်နှာကိုလည်း ဒူးပေါ်သို့ ထိုင်လျက်မှောက်ထားသည်။
ဒါလေးက ဘာပုံစံလေးလဲ ။
ဇဏ်လည်း ညိမ်နဲ့တပြေးတည်းဖြစ်အောင် ထိုင်ချလိုက်ပြီး...
"ဘာလုပ်ရမှန်းမသိလို့လား ဟုတ်လား စိတ်ရှုပ်နေတာလားညိမ် "
သူမေးလိုက်တော့ မျက်နှာကိုမဖော်ဘဲ ခေါင်းကိုသာ တဆတ်ဆတ်ညိတ်ပြသည်။ သူတို့နှစ်ယောက် အခုဖြစ်နေတဲ့ ပုံက စိတ်ကောက်နေသည့် ကလေးကို ချော့မြူနေသည့်
အမေတစ်ယောက်လား။
ဒီပုံလေးက သူ့ထက်နှစ်နှစ်ကြီးတဲ့ ကောင်လေးတဲ့လား။
သူနားနားသို့ကပ်သွားလိုက်ပြီး...
"ညိမ့်ကို အကြံပေးမယ်"
"ဘာဆက်လုပ်ရမှန်းမသိရင် ကျွန်တော့ကိုပြန်ချစ်လိုက် ဒါကအကောင်းဆုံးအဖြေပဲ"
"ဟင်"
အာမေဋိတ်အသံနှင့်အတူ မော့ကြည့်လာတာတဲ့ မျက်နှာက နီရဲရဲ ။ နှာသီးဖျားလေးများက ချယ်ရီသီးလေးတစ်လုံးလို နီရဲနေသည်။
"ဟောဗျာ ဘာလို့ငိုတာလဲ "
"ရှက်...ရှက်လို့ "
"ရှက်လို့ ငိုရအောင် ညိမ်ကကလေးလား "
"ဘာဆိုင်လို့လဲ "
"ကလေးရှက်တော့ ငို ၊ လူကြီးရှက်တော့ ရယ်တဲ့ မကြားဖူးဘူးလား
"ငါကလူကြီးလေ ဒါဆိုရယ်ရမှာလား "
"မိုးသန့်ညိမ်က လက်နက်မပါပဲ လူကိုအသေသတ်နေတာပဲ "
"ငါပြန်တော့မယ် ပြန်လိုက်ပို့ပေး"
ညိမ်သေချာစဉ်းစားတော့မှ ငိုစရာမပါပဲ သူငိုခဲ့မိတာပဲ။ ဟိုကောင်လေးတော့ ဘယ်လိုမြင်သွားလဲမသိပေမဲ့ သူတော့ တအားရှက်နေတာပဲ သိတယ်။
"အိမ်လိုက်မကြည့်တော့ဘူးလား"
"ဘယ်အိမ်လဲ"
"ကျွန်တော့်အိမ်လေ ကျွန်တော်ကိုးတန်းဖြေပြီးတာနဲ့ ဒီမှာပဲနေတော့မှာ ။ ကျောင်းကတော့ ပြောင်းရမှာသေချာတယ်လေ "
ဘေးဘက်ကို သေချာကြည့်တော့မှ အထပ်မြင့်ကွန်ဒိုများကိုတွေ့ရသည်။ စပ်စုချင်ပေမဲ့လည်း အခုအချိန်တော့ သူပြန်ချင်တာပဲသိသည်။
"မကြည့်တော့ဘူး အိမ်ပဲပြန်မယ် လူဆိုးကောင်"
"ဟောဗျာ ကျွန်တော်ကလူဆိုးဘယ်တုန်းကဖြစ်သွားတာလဲ "
"မင်းရန်လည်းဖြစ်တယ် အိမ်နဲ့လည်းပြဿနာတက်တယ်။ ငါ့ကိုလည်း ငိုအောင်လုပ်တယ်လေ"
"ဟုတ်ပါပြီ ။ ကျွန်တော်ကလူဆိုး ဟုတ်ပြီလား ညိမ်ကသာလူကောင်း"
"အငယ်ကိုအလိုလိုက်သလို လေသံနဲ့မပြောစမ်းနဲ့ ။ ငါမင်းထက်နှစ်နှစ်ပိုကြီးတယ် "
"ဟုတ်ပြီ ညိမ်။ လာ…ပြန်မယ် မျက်နှာကလည်း ကြောင်ချီးရုပ်လေးလိုပဲ ပေတလူးနေတာပဲ "
တပ်ထားတဲ့မျက်မှန်လေးကိုအသာချွတ်ပြီး စိုရွဲနေတဲ့ မျက်နှာကို လက်ဖြင့်ဖွဖွ သုတ်ပေးလိုက်သည်။ နီနေသည့် နှာသီဖျားလေးကတော့ အခုထိအရောင်မကျသေး။
ချစ်စရာလေးမို့ ဘယ်သူ့မှမပေးချင်တော့ဘူး။
ဘယ်လိုလုပ်ရပါ့မလဲ ညိမ်။
အိမ်အပြန်လမ်းတလျှောက်တော့ သူပြောစရာပင်မလိုအောင် မိုးသန့်ညိမ်က သူ့ခါးကိုလျော့တိလျော့ရဲသာ ဖက်ထားပါသည်။
ဆိုင်ကယ်ရပ်တာနဲ့ ပြေးဆင်းဖို့လုပ်နေသည်မို့ လက်ကိုအမြန်ဖမ်းဆွဲထားလိုက်သည်။
"အဖြေဘယ်တော့ ပြန်ပေးမှာလဲဗျ "
"မသိဘူး"
"မသိဘူးဆိုရင် လွှတ်မပေးဘူး "
"စာမေးပွဲဖြေပြီးမှ..."
"အိုကေနော် ကိုယ့်စကားကိုယ်တည်"
ဆက်ပင်မမေးတော့ပဲ ပြန်သွားသည်။ စာမေးပွဲပြီးမှဆိုတာ သူဆိုလိုတာက ဆယ်တန်းစာမေးပွဲလေ ။ ဒီကောင်လေး တမျိုးတော့ထင်သွားတာလား။ ကိုးတန်းပြီးတာကို ထင်သွားတာတော့မဟုတ်ပါဘူးနော်။
──────────────────
𝗚𝗲𝗻𝗻𝘆ʕ•ᴥ•ʔ