"ဝမ် ! ရိ ! ပေါ် !!!!"
ရှောင်းကျန့် ဒေါသထွက်လွန်းလို့ အော်လိုက်မိတယ်။ ဒေါသထွက်တာမှ အသားတွေတောင်တုန်နေတယ်။
ရှေ့က ကောင်လေးကတော့ သူအော်လိုက်လို့ ကိုယ်လုံးလေး တုန်တက်သွားတယ်။ ပြီးတော့ ငြိမ်ကုပ်ကုပ်လေး ရပ်လို့။ အပြစ်မလုပ်ထားတဲ့အတိုင်း။
"အတတ်ကောင်းတွေတတ်နေတယ်ပေါ့လေ... အထက်တန်းတောင်မပြီးသေးဘူး... အသက်လည်းမပြည့်သေးဘူး..."
"ပြည့်တော့မှာ~"
ဝမ်ရိပေါ်က တိုးတိုးလေးပဲပြောလိုက်တယ်။ ဒီနေ့မှ ရည်းစားလေးစထားမိပါတယ်၊ ရှောင်းကျန့်နဲ့ တည့်တည့်တိုးတော့တာပဲ။ ဒါလည်း ဟိုနှစ်ကောင်မြှောက်ပေးလို့။ အထက်တန်းမပြီးခင် ရည်းစားထားဖူးတယ်ရှိအောင်ထားတဲ့။
"ဘာ !!!!"
"ရိပေါ်က~ အသက်ပြည့်တော့မှာလို့~"
တုန်တုန်ရင်ရင်နဲ့ အသံသေးသေးလေးထွက်လာပြန်တယ်။ ဟုတ်တယ်၊ ရှောင်းကျန့်က ဒေါသထွက်ခဲတယ်။ ဒီလိုမျိုး ဒေါသထွက်တာရှားတယ်။ ပြီးတော့ ဝမ်ရိပေါ်က ရှောင်းကျန့် စိတ်ဆိုးမှာကြောက်တယ်။
"အဲတော့-- ရည်းစားထားတယ်ပေါ့!"
"အဲလိုလည်း~ မဟုတ်ပါဘူး~ သူငယ်ချင်းတွေထားကြည့်ဆိုလို့~ ထားကြည့်တာ~"
"ဘုန်း!!!!!"
ရှောင်းကျန့်က စာအုပ်တွေကို စားပွဲပေါ် အားနဲ့ဆောင့်ချလိုက်တယ်။ ဝမ်ရိပေါ်ရဲ့ ကိုယ်လုံးလေး ထပ်မံတုန်တက်သွားတယ်။
ရှောင်းကျန့်က ဝမ်ရိပေါ်ကို နီရဲနေတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်ရင်း အေးစက်မာကျောစွာနဲ့
"ငါ့ကိုကြည့်!"
ဝမ်ရိပေါ်က မျက်ရည်တွေရစ်ဝိုင်းနေတဲ့ မျက်လုံးလေးတွေနဲ့ မရဲတရဲ မော့ကြည့်လာတယ်။ ကြောက်လန့်နေတဲ့ အရိပ်အယောင်တွေနဲ့ပေါ့။
"မင်း--- ရည်းစားဆက်ထားမလား? ငါ--- စာဆက်သင်ရမလား?"
ဆိုလိုတာကတော့ ဝမ်ရိပေါ်ရည်းစားထားရင် ရှောင်းကျန့်က စာမသင်တော့ဘူးပေါ့။
"စာဆက်သင်ပါ~"
ဝမ်ရိပေါ်က ရှောင်းကျန့် စာဆက်မသင်မှာ ပိုကြောက်တယ်။
ရှောင်းကျန့်က စိတ်ကိုလျော့လို့ တည်ငြိမ်အောင်ထိန်းလိုက်တယ်။ လေထုက အချိန်တခဏ အေးစက်သွားပြီးနောက်
"ကောင်းပြီ...........
ဒါဆို မနေ့က အိမ်စာပြီးပြီလား?"
"ဟုတ်~"
ရှောင်းကျန့် အရှေ့က အကောင်ပေါက်လေးကိုကြည့်ပြီး စိတ်တွေက ယောက်ယက်ခက်နေတဲ့ စိတ်ကိုတည်ငြိမ်အောင်ထိန်းနေရတယ်။
ဒီနေ့ ယာဉ်မောင်းနေမကောင်းလို့ ရှောင်းကျန့်သူဌေးက ဝမ်ရိပေါ်ကို သွားကြိုပေးပါလို့ အကူအညီတောင်းတာနဲ့ ရုံးစောစောဆင်းလို့ သွားကြိုရတယ်။
ကျောင်းမရောက်မီ ဆိုင်တစ်ဆိုင်ရှေ့မှာ ဝမ်ရိပေါ်နဲ့ ကောင်မလေးတစ်ယောက် ရယ်ကာမောကာနဲ့ အအေးတစ်ခွက်တည်း နှစ်ယောက်သောက်ပြီး အကြည်စိုက်နေကြတယ်။ ရှောင်းကျန့်ရင်ထဲ တင်းကနဲဖြစ်သွားတယ်။ သူကတော့ ကလေးပဲရှိသေးတယ်လို့ထင်ထားတာ။ သူ့ရှေ့မှာ အိမ်စာတွေလုပ်နေတဲ့ ဝမ်ရိပေါ်ကိုကြည့်ပြီး ရှောင်းကျန့်ရဲ့ စိတွေက လွန်ခဲ့တဲ့ နှစ်နှစ်ကိုပြန်ရောက်သွားတယ်။
အဲဒီတုန်းက ရှောင်းကျန့်က အသက် ၂၂ ။ ဘွဲ့ရခါစ။ Wang Group မှာ အလုပ်ဝင်ခါစ။ ဝမ်ဥက္ကဋ္ဌက သူ့သားလေးကို စာပြဖို့ Guide ရှာနေတာ။ ဥက္ကဋ္ဌရဲ့ အတွင်းရေးမှူးက ရှောင်းကျန့်ကို Recommend ပေးတယ်။ သူ့သားလေးလည်း ရှောင်းကျန့်စာပြကောင်းလို့ တက္ကသိုလ်ကောင်းကောင်း ဝင်ခွင့်ရသွားတယ်ပေါ့။ ဒီလိုနဲ့ အထက်တန်း ပထမနှစ်၊ သူ့ထက် အသက် ၆ နှစ်ငယ်တဲ့ ကျောင်းသားလေးကို Guide လုပ်ဖို့ဖြစ်လာတယ်။ သူ့ရဲ့ အလုပ်ရှင်ရဲ့ တောင်းဆိုချက်ကို ဘယ်လိုလုပ်ငြင်းနိုင်မလဲ။ အလုပ်ဝင်တာ ၃ လပဲ ရှိသေးတယ်။ ဒီမှာက လစာလည်းကောင်းတယ်။ ဥက္ကဋ္ဌသားကို Guide လုပ်ရင် အချိန်ပိုဆင်းစရာမလိုတဲ့အပြင် Guide အတွက် လခကောင်းကောင်းရဦးမယ်။ သူလည်းငွေလိုတယ်။ အနာဂတ်အတွက်ပေါ့။
ရှောင်းကျန့်မိဘတွေက သာမန် လက်လုပ်လက်စားသာ။ ရှောင်းကျန့်ရဲ့မိခင်က သူမူလတန်းအရွယ်မှာ လူ့လောကကထွက်ခွာသွားပြီး ဖခင်ကတော့ သူအထက်တန်းတက်မယ့်နှစ်မှာ တိမ်းပါးသွားတယ်။ သူက အဖေ့ဘက်က ဦးလေးအိမ်မှာနေပြီး ကျောင်းဆက်တက်ရတယ်။ ဒါ့ကြောင့် ဘဝနာသူပီပီ ပညာကိုကြိုးစားရတယ်။ သူက စာတော်တော့ ပညာသင်ဆုရတဲ့အတွက် ပညာသင်စရိတ်က ပူစရာမလို။ စီးပွားရေးမေဂျာနဲ့ တက္ကသိုလ်တက်တော့လည်း တစ်ဖက်က Guide လုပ်ရင်းပေါ့။
ရှောင်းကျန့် ဝမ်ရိပေါ်နဲ့ စ,စ,ချင်းတွေ့တုန်းက ဒီကလေးလေးက ဂျစ်ကန်ကန်နဲ့ မထုံတတ်သေးပုံစံလေး။ ရှောင်းကျန့်က မှတ်မိနေသေးတယ်။
________________
လွန်ခဲ့သော နှစ်နှစ်ခန့်
ရှောင်းကျန့် ရုံးဆင်းတာနဲ့ ဝမ် ဥက္ကဋ္ဌအိမ်ကို လိုက်သွားရတယ်။ ကားပေါ်မှာ ဥက္ကဋ္ဌက သားဖြစ်သူအကြောင်း ညည်းညည်းညူညူပြောပြလာတယ်။
"သားလေးအမေက နှလုံးရောဂါသည်လေ။ ဦးအတွက်ရင်သွေးလေးမွေးပေးချင်တာနဲ့ သူ့အသက်နဲ့လဲပြီး သားလေးကိုမွေးပေးခဲ့တာ။ မိတဆိုးလေးလည်းဖြစ် မိခင်ရဲအမွေဖြစ်တဲ့ နှလုံးအားနည်းရောဂါကလည်းပါလာတော့ အလိုလိုက်ထားတာရယ်၊ ဦးကလည်း အလုပ်တွေများလာတာကြောင့် သားလေးကို ဂရုမစိုက်သလိုဖြစ်သွားတယ်။ ငယ်ငယ်ကတော့ သားလေးကလိမ္မာသေးတယ်။ အတန်းကြီးလာလေ ကန့်လန့်တိုက်လာလေပဲ။ ဟင်းးးးးးး ရှောင်းကျန့်ကိုပဲ အားကိုးရမှာပဲ"
ဒီလိုနဲ့ ဥက္ကဋ္ဌအိမ်ကိုရောက်လာတယ်။
သူဌေးတွေများ ဘယ်လောက်ချမ်းသာသလဲဆိုတာ-- ခြံဝန်းက အကျယ်ကြီးနဲ့ နှစ်ထပ်အိမ်ကြီးက ဟီးလို့ ။ ပရိဘောဂတွေက ကျွန်းထည်တွေချည်းပဲ။ တောက်ပြောင်နေတာများ လက်လက်ထနေရော။ ဂန္တဝင် ပန်းချီကားတွေက ထည်ထည်ဝါဝါ နံရံမှာနေရယူထားတယ်။ စိန်ပွင့်တွေလို တလက်လက်တောက်ပနေတဲ့ Crystal မီးပန်းဆိုင်းကြီးကလည်း ငေးမောချင်စရာ။ ကြမ်းပြင်ကလည်း ပြောင်လက်နေတာ သူ့ပုံရိပ်ကိုတောင် သူပြန်မြင်နေရတယ်။ နင်းရက်စရာမရှိ။ ဥက္ကဋ္ဌက ဒုတိယထပ်မှာရှိတဲ့ သူ့သားလေးအခန်းကို ခေါ်သွားတယ်။ အခန်းကလည်း ရှောင်းကျန့်ဦးလေး တစ်အိမ်စာပဲ။ ရှောင်းကျန့် အခုငှားနေတဲ့ အဆောင်တိုက်ခန်းဆို နှာခေါင်းပေါက်လောက်ပဲရှိတော့တာပေါ့။ ဒီအခန်းနဲ့ ယှဥ်ရင်လေ။
ကောင်လေးက ဆိုဖာခုံမှာထိုင်ပြီး ဂိမ်းဆော့နေတယ်။ ကျောင်းဝတ်စုံတောင်မလဲရသေး။ ဥက္ကဋ္ဌက ထိုကောင်လေးနားသွားထိုင်လိုက်ပြီး ပခုံးကို သိုင်းဖက်ကာ
"ဒါ ဦးသားလေး ဝမ်ရိပေါ် ။ သား ဒါ သားကိုစာကူပြပေးမယ့် ဆရာ ရှောင်းကျန့်။"
ဝမ်ရိပေါ်က ရှောင်းကျန့်ကို မော့ကြည့်လာတယ်။ ရှောင်းကျန့်လည်း ပြုံးပြလိုက်တယ်။
ဝမ်ရိပေါ်ကတော့ မရယ်မပြုံးပဲ ပြန်လှည့်သွားပြီး ဂိမ်းပြန်ဆော့တယ်။
*မလွယ်ကြောလေးပဲ*
ရှောင်းကျန့်က ဝမ်ရိပေါ်ကို ခပ်တင်းတင်းလေးကိုင်တွယ်ရမယ်လို့တွေးမိတယ်။
"သား ဒယ်ဒီ အစည်းအဝေးရှိသေးလို့ ကုမ္ပဏီကို ပြန်သွားရမယ်။ ရှောင်းကျန့်ရေ ဦးသားကို ဂရုစိုက်ပေးပါဦး" ဆိုပြီး ဥက္ကဋ္ဌက ရှောင်းကျန့်ပခုံးကိုပုတ်လို့ ထွက်သွားလေတယ်။
ရှောင်းကျန့်လည်း ဝမ်ရိပေါ်ဆိုတဲ့ ကောင်လေးနားရပ်လိုက်ပြီး လက်ကိုဖြန့်ကာ လေသံမာမာနဲ့
"အဲ့ဂိမ်းစက်ကိုပေး!"
ရှောင်းကျန့်ရဲ့ တည်ကြည်လေးနက်တဲ့အသွင်ကအရှိန်အဝါတစ်ခုကိုထုတ်လွှတ်နေတယ်။ ဝမ်ရိပေါ်နဲ့ သူ တစ်ခဏကြာအောင် အကြည့်ချင်းစစ်ခင်းကြတယ်။ အချိန်တော်တော်ကြာအောင် တိတ်ဆိတ်မှုက ကြီးစိုးလာတယ်။ နောက်ဆုံး ဝမ်ရိပေါ်က ရှောင်းကျန့်ကို မကျေမနပ်ကြည့်ပြီး ဂိမ်းစက်ကိုလှမ်းပေးတယ်။ ရှောင်းကျန့်လည်း ဂိမ်းစက်ကို လှမ်းယူပြီးစားပွဲပေါ်သွားတင်လိုက်တယ်။ ဝမ်ရိပေါ်ကိုလှည့်ကြည့်ပြီး
"ဝမ်ရိပေါ် ကိုယ် မင်းရဲ့ ကျောင်းအချိန်ဇယားကို အရင်ကြည့်ချင်တယ်။"
ဝမ်ရိပေါ်က သူ့လွယ်အိတ်ကို ထယူပြီး စာအုပ်တစ်အုပ်ထုတ်လိုက်တယ်။ ပြီးနောက် ရှောင်းကျန့်ကို ထိုးပေးလာပြီး
"နောက်ကျောမှာ"
ရှောင်းကျန့်လည်း စာအုပ်ကို လှမ်းယူလိုက်ပြီး နောက်ကျောဘက်ကို လှန်ကြည့်လိုက်တယ်။ ပြီးနောက် သူသင်ရမယ့် အချိန်ဇယားကိုပါ ထည့်ရေးဆွဲလိုက်တယ်။
"ဒီနေ့က ချက်ချင်းကြီးဖြစ်သွားတော့ ကိုယ် ဘာမှမပြင်ဆင်ရသေးဘူး။ ဒါ့ကြောင့် အင်္ဂလိပ်စာပဲ အရင်ဖတ်ကြရအောင်"
ဝမ်ရိပေါ်က စိတ်မပါစွာနဲ့ လွယ်အိတ်ကိုကြမ်းပြင်နဲ့ တရွတ်တိုက်ဆွဲလို့ စာကြည့်စားပွဲနားရောက်လာပြီး အင်္ဂလိပ်စာအုပ်ကိုထုတ်ပေးလာတယ်။ ဒီလောက်ဆိုမဆိုးပါဘူးလို့ ရှောင်းကျန့်ကတွေးတယ်။
"အခု ကျောင်းမှာ ဘယ်အခန်းရောက်ပြီလဲ"
ဝမ်ရိပေါ်က ဖတ်စာအုပ်ကို လှန်လိုက်ပြီး ဘုဆက်ဆက်နဲ့
"ဒီအထိပြီးပြီ ထင်တာပဲ"
"ကောင်းပြီ ဒီစာပိုဒ်ကို ဖတ်ပြ"
"မဖတ်တတ်ဘူး"
"ဟမ်! ဒါဆို စာမေးပွဲ ဘယ်လိုအောင်လာလဲ?"
"ဒယ်ဒီရှိတယ်လေ"
ရှောင်းကျန့်လည်း အခြေအနေကို သဘောပေါက်လိုက်ပါတယ်။
"ဟုတ်ပြီ-- ဒါဆို ဒီထဲက စကားလုံးတွေရဲ့ အဓိပ္ပာယ်တွေကို အရင်ရှင်းပြမယ်။ လိုက်မှတ်!"
ရှောင်းကျန့်က အားတက်သရောရှင်းပြနေပေမယ့် ဝမ်ရိပေါ်ကတော့ သူစာရှင်းတာမကြည့်ဘဲ လုပ်ချင်တာလုပ်နေတယ်။
ရှောင်းကျန့်လည်း ဘာရယ်မဟုတ် ဝမ်ရိပေါ်ကိုသေသေချာချာလေး ကြည့်မိတယ်။ ကိုယ်လုံးလေးက ပိန်ပိန်ပါးပါးလေးဆိုပေမယ့် ပါးလေးတွေကတော့ ဖောင်းဖောင်းလေး။ ဖြူဖြူဖွေးဖွေး အသားအရေက ကြည်လင်နေတာကြောင့် သွေးကြောစိမ်းလေးတွေတောင်မြင်နေရတယ်။ မထူမပါး မျက်ခုံးတန်းတန်းလေး၊ နှာတံပေါ်ပေါ် လုံးလုံးလေး၊ မျက်တောင်တိုတိုစိတ်စိတ်လေး။ နှုတ်ခမ်းလေးကရဲလို့။ ကလေးလေးတစ်ယောက်ပါပဲ။ ရှောင်းကျန့်လည်း ငေးနေတာကို ရပ်တန့်လိုက်ပြီးဝမ်ရိပေါ်ရဲ့ ပခုံးလေးကို ကိုင်လှုပ်လိုက်တော့ သူ့ကို ကြောင်တောင်တောင်လေးကြည့်လာတယ်။ ရော် မျက်လုံးလေးတွေကလည်း ကြည်တောက်တောက်လေး။ သူ့ညီလေးသာဆိုကောင်းမယ်လို့တွေးမိတယ်။
"ကိုယ် စာရှင်းပြတာပြီးပြီ။ အခု မင်းအလှည့်၊ ဖတ်ပြ"
"ကျနော် မမှတ်မိဘူး"
"ဟင်းးးးးး နောက်တစ်ခေါက် ဖတ်ပြမယ်။ သေသေချာချာ မှတ်! "
အခန်းထဲမှာ လေအေးပေးစက်ဖွင့်ထားပေမယ့် ရှောင်းကျန့်က စိတ်အိုက်လာတာကြောင့် ရှပ်အင်္ကျီလက်ရှည်ကို တံတောင်နားအထိ ခေါက်တင်လိုက်တယ်။ အင်္ကျီလက်ချထားတုန်းက မမြင်ရတဲ့ လက်ဖျံကြွက်သားတွေ ပေါ်ထွက်လာတယ်။ ဝမ်ရိပေါ်က အဲဒါကို အထိတ်တလန့်ကြည့်နေတာမြင်တော့ နည်းနည်းခြောက်လိုက်တယ်။
"ငါ ဒီကပြန်ရင် ××× လက်ဝှေ့ရုံသွားရဦးမယ်။"
ဝမ်ရိပေါ်က ရှောင်းကျန့်ကို စတွေ့တုန်းက မျက်နှာချိုချိုလေးဆိုတော့ သူကမကြောက်မိဘူး။ သူ ကလန်ကဆန်လုပ်လိုက်ရင် ပြန်ပြေးသွားမှာလို့ထင်ခဲ့တယ်။ အခုတော့ မျက်နှာကြီးက တည်တင်းနေပြီး အကြည့်တွေကအေးစက်နေကာ လေသံကလည်းမာကြောနေတယ်။ သူ့ထက်လည်း အရပ်ရှည်ပြီး ဒီလိုကြွက်သားတွေနဲ့ဆိုတော့----- ဝမ်ရိပေါ်ရဲ့ ပုန်ကန်ချင်တဲ့စိတ်လေး ငုပ်လျှိုးသွားတယ်။ ဒါ့ကြောင့် မြန်မြန်စာသင်ပြီးအောင် ရှောင်းကျန့်သင်တာကို သေသေချာချာလေး လိုက်နားထောင်လိုက်တယ်။
ရှောင်းကျန့်က ဝမ်ရိပေါ် စိတ်ပါလာတာမြင်တော့ စိတ်ထဲကြိတ်ရယ်မိတယ်။ သူ ဝမ်ရိပေါ်ကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ သိသွားတော့ သင်ရတာလွယ်ကူလာတယ်။ စာပိုဒ်တွေ တစ်ခုပြီးတစ်ခုဖတ်ပြီးသွားတော့ ရှောင်းကျန့်က စကားလုံးတစ်ချို့ကို အဓိပ္ပာယ်နဲ့ ရေးပေးလိုက်တယ်။
ဝမ်ရိပေါ်က မျက်လုံးလေးဝိုင်းလို့ကြည့်လာပြီး
"ဟို--- သွားစရာရှိသေးတယ်မလား၊ နောက်ကျနေဦးမယ်။"
ရှောင်းကျန့်က နာရီကိုတစ်ချက်လိုက်တယ်။ ၈ နာရီကျော်နေပြီ။
"ဒီ meaning တွေကို ကျက်ထား။ မနက်ဖြန်မေးမယ်။"
ဝမ်ရိပေါ်က မနက်ဖြန်ညကျ ဘယ်သွားရင်ကောင်းမလဲလို့တွေးနေတယ်။ ဒါကို သတိထားမိတဲ့ရှောင်းကျန့်က ထိုင်ရာကထရင်း ဝမ်ရိပေါ်ကို အကြည့်စူးစူးပေးလိုက်ပြီး သတိပေးလိုက်တယ်။
"စာကိုသေသေချာချာ ကျက်ထားနော်"
ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့ ရှည်လျားတဲ့ အရပ်အမောင်းကိုကြည့်ပြီး တံတွေးကိုမျိုချကာ နာခံသည့်ဟန်နဲ့ ခေါင်းညိတ်ပြလိုက်တယ်။ သူ ရှောင်လို့မရတော့ဘူး။
ရှောင်းကျန့် အောက်ထပ်ကိုဆင်းလာတော့ အိမ်တော်ထိန်းက ညစာစားဖို့ဖိတ်ခေါ်ပေမယ့် အဆောင်တိုက်ခန်းဆီပဲပြန်ခဲ့လိုက်တယ်။ သူ ပင်ပန်းနေပြီ။ အလုပ်မှာ အချိန်ပိုဆင်းရတာက ဝမ်ရိပေါ်ကို စာသင်ရတာလောက်မပင်ပန်းဘူး။ သူ့မှာ ၂ နာရီလောက် မျက်နှာကိုတည်တင်းထားရတာ မျက်နှာကြောတစ်ခုလုံးလဲ တောင့်တင်းနေပြီလေ။ တော်သေးတာက သူတို့ကားနဲ့ အိမ်ပြန်ပို့ပေးလို့။ ဝမ်အိမ်ကနေ bus stop ကို တော်တော်လျှောက်ရမှာ။ အပြင်မှာရာသီဥတုက အေးလာပြီ။ အဆောင်ရောက်ရင် ရေနွေးနွေးလေးချိုးမယ်။ ခေါက်ဆွဲပြုတ်ပူပူလေးသောက်ပြီး အိပ်တော့မယ်လို့ ရှောင်ကျန့်ကတွေးတယ်။
________________________ TBC
Photos credit to original uploaders.
စိတ်ကူးပေါ်တာရေးမိတာပါ။ Fic တူတာရှိရင်ပြောပါနော်။ ပြန်ဖျက်ပေးပါ့မယ်။