东宫 Eastern Palace: Chapter 24
ငါနောက်ဆုံးတော့ လီချန်းရင်ကို လှမ်းမြင်နေရပြီ ။ သူက အရမ်းဝေးတဲ့ နေရာမှာ မတ်တပ်ရပ်နေတာ ဖြစ်ပေမဲ့ တစ်ချက်ကြည့်ရုံနဲ့သူမှန်း ငါအတပ်သိနိုင်ခဲ့တယ်။
ကျောက်စိမ်းရောင် ဝတ်ရုံတစ်ခုကိုယ်ပေါ်မှာ လွှမ်းခြုံထားပြီး ခန္ဓာကိုယ်တစ်ဝက် ကို လက်တန်းပေါ် မှီလို့ထား ရင်း ၊ တိုက်ခတ်လာတဲ့လေတွေက သူ့ဝတ်ရုံလက်ဖျားတွေ ကို လှုပ်ခါသွားစေလျှက် ။
လူပေါင်းများစွာက ဒူးထောက်နေကြပြီး
"အရှင်မင်းကြီး သက်ကျော်ရာကျော်ရှည် ပါစေ " ဆိုတဲ့ ဆုတောင်ထောပနာပြုသံတွေကြောင့် ဧကရာဇ်မင်း ကိုလည်း ငါမြင်လိုက်ရတယ် ။ ဒီလို အလှမ်းဝေးပြီး တစ်သီးတစ်သန့် ဖြစ်နေတဲ့ ခံစားချက်မျိုးက ပထမ ဆုံးပဲ ။
နန်းတွင်းအခမ်းအနား ဝတ်စုံအပြည့်နဲ့ မျှော်စင်ပေါ်ကို တက်လာတဲ့ ကျောက်လျန်းတိ ကိုလည်းငါတွေ့ နေရပြီ ။ သူမက ခန်းစီးနောက်ကွယ်ကနေ လူရှေ့ကိုတော့ ထွက်မလာခဲ့ပေမဲ့ ခန်းစီးပေါ်က အရိပ်ကိုကြည့်တာနဲ့ သူမ မှန်းမှတ်မိတယ် ။
လီချန်းရင်ကို အမဲရောင်ခြုံထည်တစ်ခု လှမ်းခြုံပေးဖို့ သူမ လက်လှမ်းလိုက် ပေမဲ့ လေက ပြင်းလွန်းတဲ့ အတွက် ခြုံထည် က ပြန်ပြီး လန်သွားခဲ့တာပဲ ။ မျှော်စင်ပေါ်က မီးရောင်ေတွေကြာင့်ခြုံထည်ရဲ့ အနီရောင် နဲ့ ရွှေရောင် ပိုးချည် တွေက ရောင်ပြန်ဟပ်နေကြသလို မျိုး ။ လီချန်းရင် အနောက်ကို လှည့်လိုက်တဲ့ အချိန် မှာတော့ အရမ်ဝေးလွန်းတဲ့အတွက် သူ့မျက်နှာပေါ်က အမူအယာတွေကို တော့ ငါမမြင်နိုင်တော့ဘူး ။ ဖြစ်နိုင်တာကတော့ သူ့ဘေးမှာ ရပ်နေတဲ့ မိန်းမလှလေးကို ပြုံးပြနေတာပဲ ဖြစ်မှာပေါ့ ။
ချန်းထျန်မျှော်စင်ထိပ် ကိုလည်း ငါဘယ်တုန်းကမှ မရောက်ခဲ့ဖူးသလို မီးပုံပွဲတော်ကိုလည်း ငါလီချန်းရင်နဲ့ အတူ ဖြတ်သန်းခဲ့ဖူးတာမျိုးမရှိခဲ့ဖူးဘူး ပဲ ။ မီးပုံးပွဲတော်ညတိုင်းမှာ လီချန်းရင်က ကျောက်လျန်းတိ နဲ့အတူ ဒီလိုမြင့်မားတဲ့နေရာကနေ မီးရှူးမီးပန်းတွေ အတူတကွ ရှုစားနိုင်ဖို့ ခေါ်သွားတတ်မှန်းလည်း ငါမသိခဲ့ဘူး ။
ကြင်နာသူနှစ်ဦး .......ဒီညက ချစ်သူစုံတွဲ တွေ အတူတကွ အချိန်ကုန်ဆုံးဖို့ ကောင်းမွန်တဲ့ နေ့လေးတစ်နေ့ပဲ။
ကိစ္စတွေက မတူညီတော့ဘူးလို့ပဲ ငါထင်ခဲ့မိတာ ၊ မနေ့က ဖြစ်ပျက်သွားခဲ့တာတွေ အပြီးမှာ အရာအားလုံးကို ပြောင်းလဲသွားစေလိမ့်မယ် လို့ပဲ ထင်ေနခဲ့မိတာ ။
မနေ့ညက လူသတ်သမားရဲ့ လက်ထဲမှာ ငါအဖမ်းခံခဲ့ ရတဲ့ အချိန်တုန်းက ငါ့ကို ကြည့်လိုက်တဲ့ သူ့ရဲ့ အကြည့် ၊ ငါ့ ရဲ့ နာမည်ကို အော်ခေါ်ရင်း မြှားတစ်ချောင်းကို ချိုးပြီး ဒေါသတကြီးနဲ့ ကျိန်ဆိုခဲ့သေးတာလေ ။
သူ့ရဲ့ အဲ့ဒီ အပြုအမူတွေ ကြောင့် တစ်စုံတစ်ခု လောက်တော့ပြောင်းလဲ သွားလိမ့်မယ် လို့ထင်ခဲ့မိတယ် ။ ဒါပေမဲ့လည်း တစ်ရက် ဆိုတဲ့ အချိန်လေးပဲ ကုန်ဆုံးသွားခဲ့ပြီးချိန်မှာတော့ ဘာကိစ္စမှ ဖြစ်ပျက်ခဲ့ဖူးခြင်း မရှိခဲ့သလိုမျိုး တခြားမိန်းမ တစ် ယောက်ဘေးမှာရပ်ပြီး စည်ကားတဲ့မီးပုံးပွဲတော်ည ကိုပျော်ရွှင်စွာဖြတ်သန်းနေရင်း၊ ပြည်သူပြည်သားရဲ့ ကောင်းချီး ဂါရဝပြုတာတွေကို လက်ခံနေဆဲ ပဲ ။
သူ့ရဲ့ ဇနီး ဖြစ်တဲ့ ငါ့ရဲ့ လုံခြုံမှု နဲ့ ငါ ဘာဆက်ဖြစ်မယ်တောင် မသိနိုင်သေးတဲ့ အချိန်မှာ လေ ။
"ရှောင်ဖုန်း " လို့ တစ်စုံတစ်ယောက်ရဲ့ ခေါ်သံကို ငါကြားလိုက်ရတယ် ။
ငါအနောက်ကို လှည့်ကြည့်လိုက်ပေမဲ့ စိတ်ပျက်စွာနဲ့ ကူကျန်း ကိုပဲ နဲ့ တွေ့လိုက်ရတာပဲ ။
ကူကျန်းက ငါ့ကိုစိုက်ကြည့်နေခဲ့တဲ့ အတွက် ငါ ပြုံးရုံပြုံးလိုက်ရင်း နဲ့ သူ့ကို စကားပြောဖို့ ပါးစပ်ဟ လိုက်တဲ့ အခိုက်အတန့်မှာ ပါးစပ်ထဲ ဝင်လာတဲ့လေအေးတွေ ကြောင့် ငါချောင်းဆိုး သွားရတယ် ။ ငါ့လည်ချောင်းတွေက နဂိုကတည်းက နာကျင်နေခဲ့တာကြောင့် ချောင်းဆိုးလိုက်တဲ့အခါ နာကျင်မှုက လည်ပင်း တစ်ခုလုံး ကွဲထွက်တော့မတတ် ။
ချောင်းအရမ်းဆိုးလာတဲ့ အတွက် ငါ့ခေါင်းထဲမှာ ချွန်ထက်နေတဲ့ ကျောက်တုံးအစိုင်အခဲတွေ က သွေးကြောတွေကို ထိုးဆွ နေကြသလိုပဲ ။
အသက်ရှု ပါ ကျပ်လာခဲ့ပြီ ။
ငါ့ ခန္ဓာကိုယ်ထဲ ကတစ်စုံတရာ ထွက်လာတော့မယ့် အတိုင်း ထိုင်ချလိုက်ရင်း ချောင်းဆိုးနေမိတယ် ။ ငါ့ရင်ဘတ် ထဲက သိပ်ပြီးနေလို့မကောင်းလို့လားတော့ မသိပါဘူး ။ ချောင်းဆိုးတာက တောင်သိပ်ပြီးနာကျင်တယ်လို့တော့မခံစားရဘူး။
ငါအအေးမိသွားလို့ နေမကောင်းဖြစ်တာပဲ ဖြစ်မယ် .....နာမကျန်းဖြစ်ရတာက ဒီလောက်တောင်ဆိုးလား ? မသိခဲ့ဘူးပဲ ။
ကူကျန်းက ငါ့ကို ထလာဖို့ ကူညီပေးပေမဲ့ ငါ့ခန္ဓာကိုယ်ထဲက တစ်စုံတစ်ခု က ပေါက်ကွဲလာတော့မယ့်အတိုင်း တုန်ရီနေခဲ့တယ် ။ နောက်ဆုံး အသံထွက်မလာတော့တဲ့ ချောင်းတစ်ချက်ဆိုးအပြီးမှာ ရင်ဘတ်ထဲ မှာ အနည်းငယ်တော့ သက်သာသွား သလိုခံစားလိုက်ရတယ် ။
သူငါ့ မေးစေ့ ကို ဆွဲယူပြီး ငါ့မျက်နှာကို မော့စေလိုက်တဲ့ အချိန် ၊
"ဒါ ဘာကိစ္စ ကြီးကြီးမားမား ဖြစ်တာမဟုတ်ဘူး .." ဆိုတဲ့ ငါ့အသံ ကိုတော့ ငါကြားနိုင်သေးတယ် ။ သူ့မျက်လုံးတွေထဲက ခံစားချက်တွေက နာကျင်မှု အရိပ်ယောင်တွေ ပြည့်နှက်နေခဲ့တာပဲ။ ရုတ်တရက် သူ့လက်တွေက ငါ့ နှုတ်ခမ်းဘေးကို သုတ်ပေးခဲ့တယ် ။
မီးရောင်တွေက တစ်ဆင့် သူ့လက်ချောင်းတွေ ပေါ်က သွေးတွေကိုမြင်လိုက်ရတယ် ။ သွေးတွေက သူ့ဝတ်ရုံလက်မှာပါ စွန်းနေခဲ့ပြီး တဖြည်းဖြည်းနဲ့ အဲ့ဒီ သွေးတွေက လတ်ဆတ်တဲ့ သွေးတွေပဲဆိုတာကို ငါသိလိုက်ပြီ ။ ငါ့ခန္ဓာကိုယ်တစ်ခုလုံးအားအင်တွေ ကုန်ခမ်းသွားခဲ့ပြီး မူးဝေလာခဲ့တယ် ။ကိုယ့်ကိုကိုယ် မတ်တပ်ရပ်ဖို့တောင် အားအင်တွေ မကျန်တော့မှန်းလည်း ငါသိတယ် ။ အဲ့ဒီ သွေးတစ်ပွက်ကို အန်ထုတ်လိုက်ဖို့ ငါ့ရဲ့ ရှိသမျှ အားအင်တွေကို အသုံးပြုလိုက်ရတာပဲ ။
သူငါ့ကိုပွေ့ဖက်ထားရင်းနဲ့ "ရှောင်ဖုန်း..ဒီတိုင်း ငိုချလိုက်ပါ ၊ ဒီတိုင်းပဲ ငိုချလိုက် " ဆိုတဲ့ အသံတွေ ငါ့နားထဲ ကြားနေရတယ် ။
ငါ့ရဲ့ ကျန်ရှိနေသေးတဲ့ အားအကုန်လုံးကို အသုံးပြုပြီး သူ့ကို တွန်းထုတ်လိုက်ရင်းနဲ့
"ဘာဖြစ်လို့ ငါက ငိုရမှာလဲ ? နင် ငါ့ကို ဒါတွေ ကိုကြည့်ဖို့တမင်သက်သက်ခေါ်လာခဲ့တာ မဟုတ်ဘူးလား ? ဘာဖြစ်လို့ငါက ငိုရမှာလဲ ? ငါ ဒါတွေအကုန်လုံးကို ကြည့်ပြီးတဲ့အခါကျရင် ငါ့ကိုလွှတ်ပေးမယ် လို့ နင်ပြောခဲ့တာပဲ ။ အခု ငါ သွားတော့မယ်! "
"ရှောင်ဖုန်း!!!"
သူ အလောတကြီး ငါ့ကို တွဲကူဖို့ကြိုးပမ်းနေခဲ့ပြီး ၊ ငါတစ်ကိုယ်လုံးတုန်ရီနေပေမဲ့ အစွမ်းကုန်ကြိုးစားပြီး မတ်တပ်ရပ်လိုက်တယ် ။ အနောက်ကို အေးစက်မှု အပြည့်နဲ့ လှည့်ကြည့်လိုက်ရင်း
"ငါ့ကို မထိနဲ့ ၊ ငါ့နောက်ကိုလည်း လိုက်မလာခဲ့ နဲ့ မဟုတ်ရင် ငါအခုနင့်ရှေ့မှာပဲ သေပစ်လိုက်မယ်။ တကယ်လို့ နင့်ရဲ့ သိုင်းပညာက ဘယ်လောက်ပဲ ကောင်းနေပါစေဦး ငါကိုယ်ငါသတ်သေမှာကိုတော့ နင်မတားနိုင်ပါဘူး။တစ်ခါတားနိုင်ခဲ့တယ်ထားလိုက်အုန်း နင်ငါ့ကို တစ်သက်လုံးမတားနိုင်ဘူး ။ငါ့နောက်ကို လိုက်လာဖို့နင်ကြိုးစားနေသရွေ့ ငါ့ကိုယ်ငါသတ်သေဖို့ နည်းလမ်းတွေတစ်ခုပြီးတစ်ခုကို ငါစဉ်းစားလို့ရနေမှာပဲ "
သူတကယ်ပဲ အဲ့ဒီနေရာမှာ တစ်လှမ်းမှ မရွေ့ပဲ ရပ်နေခဲ့တယ် ။ စိတ်ပိုင်းဖြတ်ထားပြီး တဲ့ ငါ့ရဲ့ စကားတွေကြောင့် များလား ။
ဘယ်လောက်ထိဝေးဝေး ငါလျှောက်သွားခဲ့ သလဲတော့ ငါမသိဘူး ။အရပ်လေးမျက်နှာ စလုံးမှာ လူတွေနဲ့ မျက်စိကျိန်းလောက်တဲ့ အလင်းတန်းတွေ ချည်းနေရာယူထားကြတာပဲ ။ အရမ်းအေးတယ်လို့ခံစားရတာကြောင့် ငါ့ကိုယ်ပေါ်က ခြုံထည်ကို ဆုပ်ကိုင်ထားရင်း အံကြိတ်ထားမိတယ် ။
ငါ အအေးမိနေတာကြောင့် ငါ့ရဲ့ခြေလှမ်းလှမ်းလိုက်တိုင်းမှာ ခြေထောက်တွေက သဲပြင်ပေါ်ကိုနင်းနေရသလို ဘာအားအင်မှ ကျန်ရှိမနေခဲ့တော့ဘူး ။ မီးပုံတွေအောက် သွားလာလှုပ်ရှားေနကြတဲ့ လူတွေရဲ့ ရယ်သံတွေကြား အားအင်ချိနဲ့ စွာမတ်တပ်ရပ်နေခဲ့မိတယ် ။ အဝေးကြီးက ကောင်းကင်မှာလည်း မီးရှူးမီးပန်းတွေ ဆက်တိုက်ပေါ်ထွက်လာနေကြဆဲပဲ ။ စိတ်လှုပ်ရှားပျော်ရွှင်မှု ၊ ရယ်မောသံ တို့ နဲ့ ပြည့်နှက်နေတဲ့မီးပုံးပွဲတော်ရဲ့ ညမှာ ငါဘယ်နေရာကို သွားရမလဲ ?
ကမ္ဘာကြီးက ဒီလောက် တောင်ကြီးမားကျယ်ပြန့် ပေမဲ့လည်း ဘာလို့များ ငါ့အတွက်နေရာ တစ်နေရာ တောင်မရှိနေတာလဲ ။
အားတု ..အားတု...နင်ဘယ်မှာလဲ ? ငါတို့ နှစ်ယောက် အတူ အနောက်ရှီးလျန်ကို ပြန်ကြမယ်လေ ။ အနောက်ရှီးလျန် ရဲ့ အရာအားလုံးကိုပဲ လွမ်းဆွတ်နေမိတယ် ။
ငါ့ရဲ့ မျက်စိရှေ့မှာ မြင်တွေ့နေရတာက မိန်းမလှလေးတစ်ဦးရဲ့ပုံကို ပုံဖော်ရေးဆွဲထားတဲ့ မီးပုံးတစ်ခု ။
မီးပုံးထဲက ဖယောင်းတိုင်မီးစာက အဆက်မပြတ်တောက်လောင်နေခဲ့ရင်း အလင်းရောင်တွေဖြန့်ကျက်ထားခဲ့တယ် ။ မီးပုံးပေါ်က မိန်းမလှလေး ဟာ ထိုင်နေခဲ့သလား ဒါမဟုတ် မတ်တပ်ရပ်နေခဲ့တာပဲလား .......သူမဟာ ပျော်ရွှင်စွာ ပြုံးနေခဲ့တာ လား ဒါမှမဟုတ် ဒေါသထွက်နေခဲ့သလား.......အရာအားလုံးက အမှောင်ကျလာခဲ့ပြီး မီးပုံးပေါ်က မိန်းမလှ လေးဟာ ငါ့ကို အယာအယာ ပြုံးပြနေတဲ့ ကျောက်လျန်းတိ ပဲလို့ငါအမြင်မှားနေမိပြီ ။
နင့်အထင်မှာရော တစ်ခုခုပြောင်းလဲသွားလား ?
သူ့ရင်ထဲမှာ နင့်အတွက် နေရာတစ်နေရာ ရှိနေတယ်လို့နင်ထင်လား?
အရှင်မင်းကြီးရဲ့ အစားထိုး ဓားစာခံ အဖြစ် အဖမ်းခံလိုက်ခဲ့ရင်ကော သူ့ဆီကနေ နင့်အတွက် သနားစာနာမှု ဆိုတဲ့အရာမျိုးမျှော်လင့်နေသေးတာလား ? ........
သစ်ပင်တစ်ပင်ကို အမှီပြုမှသာ ငါမတ်တပ်ရပ်နိုင်ခဲ့တယ် ။ ငါ့ရဲ့ဆံပင်တွေ သစ်ပင်ရဲ့ ကြမ်းတမ်းတဲ့သစ်ခေါက်တွေကြားမှာ ညှပ်နေခဲ့ရင်း နာကျင်မှုအနည်းငယ်ကို ခံစားမိနေပေမဲ့ ဒီတိုင်းနေရတာက သက်တောင့်သက်သာရှိသလိုပဲ ......အနည်းဆုံးတော့ ဒီနာကျင်မှု အနည်းငယ်ကို ခံစားနေရတာက ငါ့ရင်ထဲက နာကျင်မှုကို အတန်အသင့် လျစ်လျှုရှုထားလို့ရနိုင်တယ်လေ ။
ငါ့ဘေးမှာ အားတု လည်းမရှိဘဲ မြို့တော်ထဲ မှာငါတစ်ယောက်တည်း....ငါဘယ်ကိုများသွားနိုင်မလဲ ? ငါတစ်ယောက်တည်း အနောက်ရှီးလျန်ရဲ့ ပြန်လမ်းကို ဦးတည်ရမလား ။အဲ့ဒီကို ငါတစ်လဆိုတဲ့ အချိန်နဲ့ မရောက်နိုင်ခဲ့ရင် ၊ သုံးလ ဖြစ်ဖြစ် နှစ်တစ်ဝက် ပဲဖြစ်ဖြစ် တစ်နှစ် သော်လည်းကြာချင်ကြာသွားပါစေ ။ ငါ အနောက်ရှီးလျန်ကို ပြန်ချင်တယ် ။
လမင်းကြီးကို မြင်နိုင်ဖို့ ကောင်းကင်ကိုမော့ကြည့်လိုက်မိတယ် ။ ဒီလိုမျိုး ကြည်လင်တောက်ပ ပြီးလူတိုင်းအပေါ် အသာအယာ အလင်းတွေဖြန့်ကျက်ပေးနေတဲ့ လမင်းကြီးကိုပေါ့ ။
လရောင်ရဲ့ ထွေးပွေးမှု အောက်က အလယ်ပိုင်းမြို့တော် ..... အေးချမ်းမှုအပြည့်နဲ့ ပျားပန်းခတ်စည်ကားနေတဲ့ ဒီမြို့တော်မှာ ၊ အခါပေါင်းမြောက်များစွာ မရေတွက်အောင် အားတုနဲ့ အတူ လှည့်လည်သွားခဲ့ပေမယ့် ၊ဘယ်လိုပဲ ဖြစ်ဖြစ် ဒီနေရာက ငါ့အိမ်မဟုတ်ဘူး ၊ ငါအိမ်ကို ပဲပြန်ချင်တယ် ။
အနောက်ဘက်ကို မျက်နှာမူရင်း တစ်လှမ်းချင်း တစ်လှမ်းချင်း ဖြည်းညှင်းစွာ လမ်းလျောက်နေခဲ့မိတယ်။ တကယ်လို့ ငါအနောက်ရှီးလျန်းကို ပြန်မယ်ဆိုရင် ကွမ်းဟွ မြို့တံခါး ကို ဖြတ်ပြီးမှသာ ပြန်နိုင်မယ် ။အနောက်ဘက်အရပ်ကို ဆက်လျှောက်လာခဲ့တာ ယွီမန် တံခါးကိုဖြတ်သန်းပြီးတဲ့ အထိပဲ ။
ငါ အိမ်ပြန် ရမယ် ။
ငါ ကွမ်းဟွ တံခါးကို မရောက်ခင်မှာပဲ ရုတ်တရက် လူတွေဆူဆူညံညံ ဟစ်အော်သံတွေကိုကြားလိုက်ရတယ် ။
" ချန်းထျန် မြို့တံခါး မီးလောင်နေပြီ " ဆိုတဲ့ တစ်စုံတစ်ယောက်ရဲ့ အော်ဟစ်သံ လည်း ငါ့နားထဲ ဝင်ရောက်လာခဲ့တဲ့အခါ ။
ငါနားကြားမှားတယ်လို့ တွေးလိုက်မိပေမဲ့ အားလုံးရဲ့ အကြည့်တွေ ဆုံရပ်ဖြစ်တဲ့ တောင်အရပ်စူးစူး လှည့်ကြည့်လိုက်မိတဲ့အခါ ချန်းချန် မြို့တံခါးဘက်ကနေ မီးလျှံအချို့ နဲ့ အမဲရောင်မီးခိုးတွေ ဟိုဒီ ထွက်ပေါ်လာတာကို မြင်လိုက်ရတယ် ။
လူတိုင်းက အံ့အားသင့်စွာ ပါးစပ်တွေ အုပ်ထားရင်းနဲ့ တစ်မျိုး၊ အမျိုးမျိုးထိန့်လန့်တကြား အော်ဟစ်ကြရင်းနဲ့ တစ်ဖုံ ၊ အဲ့ဒီ လှပတဲ့ မျှော်စင်ကြီးက မီးလျှံတွေရဲ့ ဝါးမျိုးခြင်း ခံနေရတာကို ကြည့်ရှုနေကြတယ် ။
အဲ့ဒီ မီးပုံးတွေ...........အဲ့ဒီခန်းစီးတွေ................မီးတောက်တွေကအဲ့ဒီအရာတွေကို တစ်ခုချင်း ဝါးမြိုနေတာပဲ ။ မီးတောက်တွေက ကြီးသထက်ကြီးလာခဲ့ပြီး မီးအလျှံကပိုပြင်းလာခဲ့ရင်း ချန်းထျန်မျှော်စင် တစ်ခုလုံး ပျက်စီးသွားတဲ့ အထိလောင်ကျွမ်းစေခဲ့ပြီ ။
လမ်းမတွေပေါ်မှာ ရုတ်ခြည်းဆိုသလို မရေတွက်နိုင်တဲ့ လူတွေဟာ ဦးတည်ရာမဲ့ အော်ဟစ် တွန်းတိုက်ပြေးလွှားသူတွေနဲ့ ပြည့်နှက်သွားခဲ့တယ် ။ အဲ့ဒီအချိန်လေရဲ့အလျှင်နဲ့ ပြေးဝင်လာတဲ့ မြင်းတွေနဲ့အတူ ဘုရင့်ရဲ့ နန်းစောင့်တပ်တွေဝင်ရောက်လာခဲ့တဲ့ အခါ ဆူညံ နေတဲ့ လူ အုပ်ကြီးဟာ ဘေးကိုတိုးဝှေ့ ဖို့စိုင်းပြင်းကြပြန်ပြီ ။
မီးတောက်တွေကို ငြှိမ်းသတ်ဖို့ ကြိုးစားကြသူတွေကလည်း အချို့က သစ်သားနဲ့ ပြုလုပ်ထားတဲ့ ရေပုံးတွေကိုသယ်သူပြေးလွှားကြရင်း ၊ အချို့ကလည်း ရေပုံးတွေက လှည်းတွေကို ဆွဲလာကြတယ် ။
ရှန်းဝူတပ် က အလျင်အမြန်ပဲ ချန်းထျန် မျှော်စင်ကို ဝန်းရံနေရာယူလိုက်ပြီး သိပ်မကြာခင်မှာပဲ ၊ အမျိုးမျိုးလက်နက်တွေနဲ့အတူ နန်းတော်ကို အလုံးအရင်း ပြန်လည်ချီတက်သွားခဲ့တာပဲ ။ ကြည့်ရတာ အခြေအနေတွေက အကုန်တည်ငြိမ်သွားပြီထင်ပါတယ် ။
ငါစိတ်ပူနေရမယ့် အချိန်မဟုတ်ဘူး ။ အဲ့ဒီ ချန်းထျန် မျှော်စင်ပေါ်က လူတွေရဲ့ အသက်က ငါနဲ့ဘာမှ မဆိုင်ဘူး ။
ငါအနောက်ရှီးလျန်ကိုပဲပြန်ဖို့ကိုပဲ အာရုံစိုက်ထားသင့်တာ ။ အနောက်ရှီးလျန်ကို ပြန်ပြီး ငါပြန်လာပြီဆိုတဲ့ အကြောင်း ငါ့ခမည်းတော်ကို အပြေးလေးပြောပြရမယ် ။ ပြီးရင် ငါ့ရဲ့ မြင်းနီလေးကိုစီးနင်းပြီး အရင်လို ပူပန်စရာကင်းမဲ့တဲ့နေရက်တွေမှာ မြက်ခင်းပြင်တွေပေါ်မှာ လျှောက်သွားနေတော့မယ် ။
ငါ့ရဲ့ ကျန်ရှိနေသေးတဲ့ အားအင်တချို့ကို အသုံးပြုရင်း အနောက်အရပ် ဘက်ကိုပဲ ခြေဦးပြန်လှည့်လိုက်တယ် ။ အဲ့ဒီတစ်ခဏမှာ မြင်းခွာသံ တွေနဲ့အတူ ရှန်းဝူတပ် ရဲ့ "အရှင်မင်းကြီးက တော်ဝင်အမိန့်တော်ချမှတ်တော်မူလိုက်တယ် !!!!!!မြို့တံခါး ကိုးခုလုံး ဖြတ်သန်းမှုအားလုံးပိတ်ပင်စေ!!!!" ဆိုတဲ့ အသံတွေကိုငါကြားလိုက်ရတယ် ။
ရှန်းဝူတပ်ရဲ့ အယောက်တိုင်း က"အရှင်မင်းကြီးက တော်ဝင်အမိန့်တော်ချမှတ်တော်မူလိုက်တယ် !!!!!!မြို့တံခါး ကိုးခုလုံး ဖြတ်သန်းမှုအားလုံးပိတ်ပင်စေ!!!!" ဆိုတဲ့ အသံနဲ့ အတူ ငါ့ဘေးနားကနေ ဖြတ်သန်းသွားခဲ့ကြတာ ။
နှစ်ပေါင်းရာနဲ့ချီအောင် အေးချမ်းသာယာစွာကျင်းပလာခဲ့တဲ့ မီးပုံးပွဲတော်မှာ ဒီလိုအခြေအနေမျိုး တစ်ရံတစ်ခါမှ မဖြစ်ခဲ့ဖူးသလို ၊ တိုင်းသူပြည်သားတွေအနေနဲ့ တစ်စုံတစ်ရာ ငြင်းဆန်ဖို့ရာ အခွင့်အရေးလည်း ရှိမနေခဲ့ဘူး ။
မီးတောက်တွေ က တဖြည်းဖြည်းနဲ့ အရှိန်လျော့ ပါးလာကြပေမဲ့ လည်း လူတွေက ဖြစ်သွားတဲ့ မတော်တဆမှု အကြောင်းကို မပြီးနိုင်မစီးနိုင် အမျိုးမျိုး ပြောနေကြဆဲ ပင် ။
"မြို့တံခါးကိုးခုလုံးကို ပိတ်မယ် ဟုတ်လား ။ငါတို့တွေက အပြင်ကိုဘယ်လိုပြန်ထွက်ကြရမှာလဲ?"
"မီးကလည်း ဒီလောက်ကြီးပြီး ၊ မြို့တံခါးတွေကိုလည်း အကုန်ပိတ်တာ ကိစ္စကြီးကြီးမားတစ်ခု ဖြစ်လာမှာကို စိုးရိမ်လို့များလား။ ချန်းထျန်ဂိတ်ပ မီးငြိမ်း သွားရင်တော့ သူတို့မြို့တံခါးတွေကို ပြန်ဖွင့်ပေးကြမှာပါ့..."
ငါ့ဘေးကလူတွေက အချင်းချင်းတစ်ယောက်နဲ့ တစ်ယောက် ပြောနေကြတဲ့ စကားသံတွေကိုကြားနေရတာ ငါ့ကိုစိတ်အနှောက်အယှက်ဖြစ်စေတယ် ။အသက်ရှုဖို့ ကြိုးစားလိုက်တိုင်းမှာ ရင်ဘတ်ထဲက ပူလောင်တဲ့ နာကျင်မှုတစ်ခု နဲ့အတူ ခန္ဓာကိုယ်ကို လှုပ်ရှားစေဖို့ အားအင်တွေကလည်း ဗလာနတ္ထိ ။ ငါ့လည်ချောင်းတွေက လည်း မီးသွေးတစ်တုံးလို ပူလောင် ခြောက်ကပ်နေခဲ့ပြီ ။
လမ်းဘေးမှာထိုင်ချလိုက်ပြီး သစ်ပင်တစ်ပင်ကိုအမှီပြုထားရင်းနဲ့ အသက်ရှုနိုင်ဖို့ကြိုးစားအားထုတ်နေခဲ့ရတယ် ။
ငါ အဲ့ဒီနားမှာ ခဏလေးပဲထိုင်ရသေးတာကို ၊ ထိုင်နေရင်းနဲ့ပဲ အိပ်ပျော်သွားလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး ။
ငါငယ်ငယ်တုန်းကဆိုရင် ခမည်းတော်နဲ့အတူ အမဲလိုက်ထွက်ရင်းနဲ့တောင် မြင်းပေါ်မှာအိပ်ပျော်သွားခဲ့တာ ကြောင့် ၊ခမည်းတော်ကပဲ ငါ့ကို ကုန်းပိုးပြီ ပြန်ခေါ်လာခဲ့ရတာ ။ ငါကျတဲ့ သွားရည်တွေကြောင့် သူ့ကျောကုန်းတစ်ပြင်လုံးနီးပါးတောင်စိုရွှဲသွား စေတဲ့အထိပဲ ။
ငါ့ရဲ့ မျက်ခွံတွေကို မတင်ထားနိုင်ဖို့ အားအင်မကျန်တော့တဲ့အခါ နွေရာသီ ည ရဲ့ မြက်ခင်းပြင်မှာ ပေါ်ထွက်လာတတ်တဲ့ ကြယ်တွေနဲ့ အလားသဏ္ဍန်တူတဲ့ လမ်းမပေါ်က မရေတွက်နိုင်တဲ့ အလင်းရောင် လေး တွေကိုပဲ မြင်နိုင်တော့တယ် ။
လူတွေပြောကြတာက ကြယ်ကြွေတာကို မြင်ရရင် ခါးစည်းကြိုးကို စည်းလိုက်ပြီး ဆုတောင်းတစ်ခုတောင်းရင် ဆုတောင်းတာတွေ အမှန်တကယ်ဖြစ်လာနိုင်တယ်တဲ့။ ငါက အရမ်းကို သတိလက်လွတ်နိုင်တာပဲ ။ ငါ ကြယ်ကြွေသွားတာကိုမြင်လိုက်တိုင်း ဆုတောင်းဖို့မေ့ရင်မေ့ မဟုတ်ရင်လည် ခါးစည်းကြိုးကိုစည်းဖို့အတွက် မေ့လျော့နေတတ်တယ် .......ဒီည ကြယ်တွေ ဒီလောက်အများကြီး ကြွေကျလာနေတာ ။ တကယ်လို့ ငါဆုတောင်းတစ်ခု ပြုမယ်ဆိုရင် ....ငါဘယ်လိုဆုတောင်းမျိုးကိုတောင်းဆိုလို့ရနိုင်မလဲ?
ခါးစည်းကြိုးကို စည်းနိုင်ဖို့အတွက် လက်ကို မြှောက်လိုက်ဖို့ အားကုန်သုံးလိုက်ပေမဲ့လည်း ငါ့လက်တွေက အားအင်ကင်းမဲ့နေကြရင်း မလှုပ်မယှက်ရှိနေကြဆဲပဲ ။
အဲ့ဒီလိုနဲ့ပဲ ....
ငါ့မျက်လုံးတွေကို မှိတ်လိုက်တဲ့အခါ အိပ်ပျော်သွားခဲ့ပြီ ။
ဘယ်လောက်ကြာသွားတဲ့အထိ ငါအိပ်ပျော်နေခဲ့မိလည်း တော့ငါမသိ တော့ဘူး ။
လူ့ဘဝသက်တမ်းတစ်ခု ကုန်ဆုံးဖြတ်သန်း ချိန်လောက်ကြာမြင့်သွားတယ်လို့ ခံစားရသလို အရမ်းပဲ တိုတောင်း တဲ့အချိန်ခဏ လေးပဲလို့လည်းထင်မိတယ် ။
ဒီလောက်နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေခဲ့ပေမဲ့လည်း ၊ သတိကတော့ ရှိနေဆဲပဲ ။ ငါ့ရဲ့ မျက်လုံးရှေ့မှာ မီးပုံးတွေ အဆက်မပြတ် ဖြတ်သန်းသွားကြတာကို တော့ ငါခံစားမိနေခဲ့လို့ ။ မီးပုံတွေထဲက တောက်လောင် နေတဲ့ မီးစာရဲ့ တောက်ပနေမှုက ငါ့မျက်လုံးတွေကို နာကျင်စေတဲ့အထိ ။ နားထဲမှာလည်း လူတွေရဲ့ စကားပြောသံတွေက နားထဲကို အဆက်မပြတ် ဝင်ရောက်လာနေဆဲ။ စိတ်ရှုပ်ဖို့ကောင်းလိုက်တာ ။ ဘာ့ကြောင့်များ ငါ့ကို အေးအေးဆေးဆေးပေး မအိပ်ရတာလဲ ?
ငါ ဖျားနေခဲ့ပြီ ဆိုတာငါသိတယ် ။ ဘာဖြစ်လို့လဲဆိုတော့ ငါခန္ဓာကိုယ်ရဲ့ အပူချိန်က ပူလာလိုက်အေးသွားလိုက် နဲ့ တစ်လှည့်စီ ခံစားနေရလို့ပဲ ။ အအေးဓာတ် ရောက်လာတဲ့အချိန်ဆိုရင် အလွနလွန်တရာအေးလွန်းတဲ့အတွက် ငါအံကြိတ်ထားမိတယ် ။ ငါ့ခန္ဓာကိုယ်ပူလောင် လာတဲ့ အချိန်မှာလည်း ငါအံကြိတ်ထားမိတုန်းပဲ ၊ အကြောင်းအရင်းကတော့ ငါရဲ့ဝင်လေထွက်လေတွေက လောင်ကျွမ်းသွားမတတ် ပူလောင်နေခဲ့လို့ ။
ငါအိပ်နေရင်းနဲ့ စကားတွေပါ ပြောနေခဲ့မိတာပဲ ။ ငါ အနောက်ရှီးလျန်ကို ပြန်ချင် တယ် ။ ခမည်းတော်ရယ် ........အားတုရယ်.....မြင်းနီလေးရယ် ........မြက်ခင်းပြင်ဒေသက နေ့ရက်တွေ ......ငါအလိုရှိနေတဲ့ အရာတွေက ဖြစ်မလာနိုင်တော့ဘူးဆိုတာကိုလည်း ငါသိပါတယ်။
ငါ့ပါးစပ်ထဲကနေ သွေးတစ်ပွက် အန်ထုတ်ပြီးချိန်မှာ ငါသိနေခဲ့ပြီ ။
ငါ့ရင်ဘတ်ထဲက နာကျင်မှု .....သတိရှိနေမှုကင်းကွာသွားပြီးတဲ့နောက်မှာတော့ ....ငါ တစ်ဖန်ပြန်လည်အိပ်ပျော်သွားခဲ့ပြီ ။
ငါ့ရဲ့ အိပ်မက် ထဲမှာ အဆုံးအစမဲ့ မြက်ခင်းပြင်ပေါ်မှာ မြင်းစီးရင်း လှည့်လည်သွားလာနေခဲ့တယ် ။ ငါ ငိုနေခဲ့တာလား ။ ငါ့ရဲ့ ငိုသံ သဲ့သဲ့ကိုလည်း ငါကြားနေရတယ် ။
ငိုနေရာ ဘာအကြောင်းရှိလို့လဲ ? ငါတို့ အနောက်ရှီးလျန် အမျိုးသမီးတွေက ဒီလိုကိစ္စလေးတွေ အတွက်ကြောင့်နဲ့တော့ မငိုဘူး ။
အဆုံးမှာတော့ ငါနိုးလာခဲ့တယ် ။ငါ့ခန္ဓာကိုယ် တစ်ခုလုံးမှာ နာကျင်မှု အတိပြည့်နှက်နေခဲ့ပြီး ၊ မျက်လုံးတွေကို ဖွင့်လိုက်ဖို့အတွက်တောင် မျက်ခွံတွေကလေးလံလွန်းနေခဲ့တယ် ။ အားယူပြီး မျက်လုံးေတွကို တဖြည်းဖြည်းဖွင့်ကြည့်လိုက်တဲ့အခါ ပထမဆုံးမြင်တွေ့လိုက်ရတာ က အားတု ။ မျက်ရည်တွေ အပြည့် နီရဲ နေတဲ့ မျက်လံုး တွေနဲ့ ငါ့ကိုစိုက်ကြည့်နေတဲ့ အားတု ။
အချိန်က ညဘက်မို့ နေရာတကာ မှောင်မဲနေခဲ့ပေမဲ့ ၊ ဟိုဟ်ိုဒီဒီ ကျိုးတိုးကျဲတဲ တောက်ပနေတဲ့ ကြယ်လေးတွေက အပြည့်နေရာယူထားတာမို့ ၊ နောက်ဆုံးမှာ ဒီနေရာက စွန့်ပြစ်ထားတဲ့ ဘုရားဘုရားကျောင်းပျက် တစ်ခုမှန်း ငါသိလိုက်တယ် ။ ငါဘာဖြစ်လို့ဒီနေရာကို ရောက်နေရတာလဲ ?
အားတုက ငါ့ကို ပွေ့ထူလိုက်ပြီး ရေအနည်းငယ် ခွံ့တိုက်ခဲ့တဲ့အချိန်မှာ ငါ့ရင်ထဲက နာကျင်မှု အနည်းငယ်မျှ လျော့နည်းသွားတယ်လို့ ထင်မိတယ် ။ ငါသူမ ရဲ့လက်တွေကို တင်းကျပ်နေအောင်ဆုပ်ကိုင်လိုက်ရင်းနဲ့ "အားတု ငါတို့ အနောက်ရှီးလျန်ကို ပြန်ကြရအောင် " လို့အားတင်းပြီးပြောလိုက်ပေမဲ့ ၊ ငါ့ရဲ့အသံက အက်ကွဲနေပြီး တောင်စဉ်ရေမရဖြစ်နေခဲ့ပြီ ။ ငါ ကိုယ်တိုင်တောင်မှ ငါဘာပြောလိုက်တာလဲဆိုတာကို နားမလည်နိုင်ဘူး ။ ဒါပေမဲ့ အားတုက တော့ ခေါင်းငြိမ့်ပြရှာတယ် ။
သူမရဲ့ အေးစက်စက်လက်ချောင်းလေးတွေက ငါ့ရဲ့ နဖူးကိုထိတွေ့လာတဲ့အခါ နေရသက်တောင့်သက်သာရှိတဲ့ ခံစားမှုမျိုးပဲ ။ ကံကောင်းလို့ အားတု ပြန်လာပြီး ငါ့ကိုရှာတွေ့ခဲ့လို့သာပေါ့ ။ လွန်ခဲ့တဲ့ နှစ်ရက်အတွင်း သူမဘယ်အရပ်ကို ရောက်နေခဲ့လဲဆိုတာမေးမြန်းစူးစမ်းနေဖို့ ငါ့မှာ အားအင်လည်းမကျန် တော့သလို ၊ လူသတ်သမားဆီမှာ ဓားစာခံအနေနဲ့ အဖမ်းခံခဲ့ရတာဆိုတော့ သူမအတော်လေးကို စိတ်ပူနေခဲ့ရှာမှာပဲ ။ သူမ ငါ့ဘေးမှာ ရှိနေတယ်ဆိုတော့ ငါစိတ်ချလက်ချ နေလို့ရပါပြီ ။ အားတု ငါ့ဘေးကိုပြန်ရောက်လာပြီဆိုတော့ ငါတို့ နှစ်ယောက်အတူတူ အနောက်ရှီးလျန်ကို ပြန်ကြမယ် ။
ငါ ခေါင်းတွေ မူးနောက်လာတာကြောင့်မို့ နောက်တစ်ကြိမ် အိပ်ပျော်သွားတော့မယ့် ဆဲဆဲ မှာပဲ အားတုက ရုတ်ခြည်းဆိုသလို မတ်တပ်ထရပ်လိုက်တာမို့ ၊ လက်ကျန်အားအင်လေးတွေနဲ့ မျက်လုံးတွေကို ဖွင့်လိုက်ပြီး သူမကို တစ်ချက်ကြည့်လိုက်တယ် ။ သူမက ငါ့ဘေးမှာ မတ်တပ်ရပ်နေရင်းနဲ့ အချို့သော အသံတွေကို အာရုံစူးစိုက်နားထောင်နေခဲ့တာပဲ ။ သိပ်တော့ မသိသာတဲ့ အသံဆိုပေမဲ့ လူတွေအများကြီး ဒီဘက်ကိုလာနေကြတဲ့ အသံလိုမျိုး ။
အားတုက အောက်ကိုတဖန်ပြန်ငုံ့လာပြီး ငါ့ကို ထူလိုက်ဖို့ကြိုးစားလာတယ် ။ ငါ့ကိုယ်ထဲမှာ အားအင်ဆိုတာက မရှိတော့သလိုပဲ ။
တကယ်လို့ဒီလာနေတဲ့ လူတွေ ရှန်းဝူတပ်ပဲ ဖြစ်ဖြစ် ယွီလင်းတပ်ပဲဖြစ်ဖြစ် ဖြစ်နေမယ် ဆိုရင် ငါသူတို့တွေကိုမတွေ့ချင်ဘူး ။ ဘာလို့လဲဆိုတော့ ငါလီချန်းရင် ရဲ့ မျက်နှာကို မတွေ့ချင်လို့ပဲ ။ ဒါပေမဲ့ ငါစိုးရိမ်တာက အားတုက ငါ့ကို ဒီလူတွေရဲ့ အဝေးကို ခေါ်သွားဖို့ မတတ်နိုင်လောက်မှာ ကိုပဲ ။
ဘုရားကျောင်းတံခါးပွင့်သွားတဲ့ အချိန်မှာ ရုတ်တရက် သေခြင်း နဲ့ ရှင်ခြင်း ကြားကနေ အဖြူရောင် အရိပ်တစ်ခုကခေါင်မိုးပေါ်က နေ ငှက်တစ်ကောင်လို့ ပျံသန်းဆင်းသက်လာခဲ့တယ် ။ တောက်ပတဲ့ ဓားတစ်လက်က ဘုရားကျောင်း တံခါး ရှေ့မှာ လွှဲယမ်းခြင်းကို ခံနေရပြီး ၊ အော်သံတွေ ထွက်ပေါ်လာခဲ့တယ် ။ အဲ့ဒီခေါင်မိုးပေါ်က ဆင်းလာတဲ့လူ ကူကျန်းဖြစ်ပြီး တံခါးအပြင်ဘက်က လူတွေက ရှန်းဝူ တပ်ကမှန်း ငါသိလိုက်ပြီ ။ ငါ့တစ်ကိုယ်လုံးကသွေးတွေက ငါ့ရဲ့ ခေါင်းထဲကို ပြောင်းပြန် စီးဆင်းသွားကြသလိုပဲ ။ ငါ လီချန်းရင်ကို မမြင်ရပေမဲ့ ၊ ဘယ်လိုပဲ ဖြစ်ဖြစ် အခု ကူကျန်းက လူတွေသတ်နေတယ်လေ ။
အားတုရဲ့လက်ထဲမှာက ရွေရောက်ဓားကောက်ကို တင်းကျပ်နေအောင် ဆုပ်ကိုင်ထားကင် ကူကျန်း နဲ့ ရှန်းဝူ တပ်တို့ရဲ့ တိုက်ပွဲကို မျက်ခြေမပြတ်ကြည့်ရှုနေခဲ့တယ် ။ ငါသူမရဲ့ လက်ထဲက ရွှေရောင်ဓားကောက်ကို ဆွဲယူလိုက်တဲ့အခါ အားတု ကငါ့ကို သံသယ အကြည့်တွေနဲ့ ကြည့်လာခဲ့တယ် ။
ငါတဖြည်းဖြည်းချင်း လူတွေ တိုက်ခိုက်နေကြတဲ့နေရာကို ရောက်အောင်သွားလိုက်တယ် ။ ရှန်းဝူ တပ်ကငါနဲ့ ကူကျန်းကို တစ်ဖွဲ့တည်းအထင်နဲ့ ဓားတွေ တစ်လက်ပြီးတစ်လက် က ငါ့ဆီကို ဦးတည်လာနေကြပြီ ။ ကူကျန်းရဲ့ ပြိုင်ဘက်မရှိလောက်တဲ့ သိုင်းပညာစွမ်းရည် ကြောင့် ရှန်းဝူ တစ်တပ်လုံးက သူ့ကို ဝိုင်းပြီးတိုက်ခိုက်နေကြပေမဲ့လည်း ၊ ငါ့ဆီကို တစ်စုံတစ်ယောက်က ပြေးဝင်လာတိုင်းလမ်းတစ်ဝက်မှာတင် ကူကျန်းရဲ့ ဓားအောက်မှာ အသက်ပျောက်သွားကြတာချည်း ။ လှုပ်ရှားမှုတိုင်းက တိကျပြီးဓားတစ်ချက်လက်သွားတိုင်း တစ်စုံတစ်ယောက်က မြေပြင်ပေါ်လှဲလျောင်းလျက်သား ။
ပူနွေးနေတဲ့ သွေးတွေက ငါ့မျက်နှာဆီကိုလွင့်စင်လာကြပြီး မြေပြင်ပေါ်မှာ လဲကျနေသူတွေ တစ်ဆထက်တစ်ဆ များပြားလာခဲ့ပြီ ။ ရှန်းဝူ တပ်ကလူတွေကလည်း သေခြင်းတရားဆိုတာကို ကြောက်ရကောင်းမှန်းမသိတဲ့အတိုင်း ပြေးဝင်လာကြပြီး တစ်ယောက်ပြီးတစ်ယောက် ကူကျန်းရဲ့ ဓားအောက်မှာ အသက်ပျောက်သွားကြတယ် ။
ဒီလောက် လူတွေအများကြီး ကိုအကြောင်းမဲ့ သတ်ဖြတ်နေတာကို တားဆီးနိုင်ဖို့ "ရပ်လိုက်!!"လို့အော်လိုက်ချင်ပေမဲ့ ငါ့ရဲ့ ကွဲအက်နေတဲ့ လည်ချောင်းတွေက မစွမ်းသာခဲ့ဘူး ။ ကူကျန်ူကအဲ့ဒီ အသံကို ကြားလိုက်သလား ဒါမှမဟုတ် မကြားနိုင်ဘူးပဲလား ။
ငါ့သွားတွေကို တင်းတင်းစေ့လိုက်ပြီး ဓားကိုဆုပ်ကိုင်ရင်း ကူကျန်းဆီပြေးဝင်သွားလိုက်တယ် ။ သူအသာလေး လှုပ်ရှားလိုက်ရုံနဲ့ ငါ့လက်ထဲက ဓားက မြေပြင်ပေါ်ကို ပြုတ်ကျသွားခဲ့ပြီ ။ တစ်ချိန်တည်းမှာပဲ ပေါက်ကွဲသံ အကျယ်ကြီးတစ်ခုလေထဲကနေထွက်ပေါ်လာခဲ့ပြီး အပေါ်ကိုမော့ကြည့်လိုက်မိတဲ့အခါ ငါရှိရာနေရာကို ကျောက်တုံးကျောက်ခဲတွေက လွင့်စင်လာနေကြတယ် ။အားတု က ငါရှိရာဘက်ကို အသည်းအသန် ပြေးလာနေခဲ့ ပြီး မီးခိုးတွေကနေရာအနှံ နေရာယူသွားခဲ့ပြီ ။ အဲ့ဒီ အသံက ကျယ်လောင်လွန်းတဲ့အတွက် ဘုရားဘုရားကျောင်း ပါတစ်စစီ ဖြစ်သွားမတတ်ပဲ။
Chapter 25>ဆက်ရန်
နောက်တစ်ပိုင်းမှာ ရှောင်ဖုန်းလေး မှတ်မိပါပြီ ။ ရှီးလျန်က အပိုင်းတွေရောက်နေပြီ 💛💛💛