Unicode
ထွင်းအက္ခရာတို့ အငြိမ့်ကရမည့်နေရာသည် ဘုန်းကြီးကျောင်းဘေးကပ်လျက်ရှိ မြေကွက်လပ်ကြီးတွင် ဖြစ်သည်။ တရားပွဲများ၊ အငြိမ့်ပွဲများ၊ အလှူပွဲများကို ထိုမြေကွက်လပ်ကြီးတွင် ခြိမ့်ခြိမ့်သဲကျင်းပလေ့ရှိပါ၏။ ယခုအခါသည် မေမြို့ရှိ မြို့မျက်နှာဖုံး သူဌေးကြီးများစုပေါင်းကာ ထမင်းရည်ချောင်းစီး မောင်းတီးလှူမည့် အလှူကြီးဖြစ်ပေ၏။ ဘုန်းကြီးကျောင်းတွင် သုံးရက်တိတိ ဆွမ်းကပ်လှူကြမည်ဖြစ်ပြီး ညပိုင်းအချိန်များတွင် သဘင်ပွဲရှိမည်ဖြစ်သည်။
"ဆိုင်းဝိုင်းတွေ အသေအချာနေရာချနော်...ဆရာကြီးတို့ ရောက်ပြီမဟုတ်လား...."
ဆိုင်းဆရာကြီးများမှာ အနည်းငယ် အသက်ရနေပြီမို့ ကားတစ်စီးဖြင့် နောက်မှ သပ်သပ်လိုက်လာခြင်းဖြစ်သည်။ တစ်ခေတ်မောင်တို့ ရောက်ရှိပြီး နောက်မနက်တွင်တော့ ဆိုင်းဆရာကြီးတို့ ရောက်ရှိလာပြီဖြစ်သည်။
"ရောက်ကြပါပြီ ဆရာရသ....ဆွမ်းစားဆောင်မှာ နားနေကြပါတယ်...."
"အေးအေး ပြီးတာပဲ...ဆီမီးတိုင်တွေကော အသေအချာဆင်ပြီးပလား...."
"ဆင်နေပါတယ် ဆရာရသ...."
"အေးအေး အသေအချာလုပ်ကြ..."
ဆရာရသတစ်ယောက် ချွေးဒီးဒီးကျနေတော့သည်။ ကျဆို သူ့မယ်လည်း မနက်လင်းကတည်းက အလုပ်လုပ်နေရသည်မဟုတ်ပါလား။ ဇာတ်စင်အပြင်အဆင်၊ မီးအတပ်အဆင်၊ ဆိုင်းဝိုင်းအထားအသို၊ ပွဲခင်းအပြင်အဆင်မှသည် ကတ္တီပါလိုက်ကာကြီးတပ်ဆင်သည်အထိ အသေးစိတ် လိုက်လံပြောကြား လုပ်ဆောင်နေရသည်လေ။ အလှူပွဲကြီးမှာ မနက်ဖြန် စတင်မည်ဖြစ်ပြီး ဇာတ်စင်အပြင်အဆင်များကို ယနေ့တွင် အပြီးသတ် ပြင်ဆင်ရမည်ဖြစ်သည်။
"တစ်ခေတ်မောင်ရေ.....စင်နောက်ကို သေတ္တာတွေ ပို့မယ်ဟေ့...."
"ဟုတ်ကဲ့ ဆရာရသ...."
ခိုင်းသမျှ မညည်းမညူလုပ်တတ်နေသော တစ်ခေတ်မောင်သည်လည်း အနားမနေရပါ။ ဇာတ်စင်နောက် ယာယီတဲများ ဆောက်လျှင်လည်း သူပင်၊ ပစ္စည်းပစ္စယာသယ်လည်း သူပင်၊ နေရာချလည်းသူပင်။ ဇာတ်စင်နောက်ဝင်ကာ သေတ္တာများကို နေရာချနေလိုက်သည်။
"တစ်ခေတ်မောင်....မောနေပလား...."
ခပ်ချိုချိုအသံလေးကို ကြားရ၍ နောက်လှည့်ကြည့်လိုက်ရာ အငြိမ့်သမ မမမွှေးဖြစ်နေလေ၏။
"မောတယ်ရယ်လည်း မဟုတ်ပါဘူးဗျာ...."
"လာ...တို့ ချွေးသုတ်ပေးမယ်..."
ထိုသို့ဆိုလျက် မမမွှေးမှာ သူ့ထံသို့ လက်ကိုင်ပုဝါကြီး ကိုင်ကာ တိုးကပ်လာလေသည်။
"နေပါစေ...မမမွှေး...ကျုပ်ပုဆိုးနဲ့ကျုပ် သုတ်လိုက်ပါ့မယ်...."
ပုဆိုး ခါးပုံစကို ဆွဲယူကာ သုတ်ပစ်လိုက်သည်။ မမမွှေးမျက်နှာ ကွက်ခနဲဖြစ်သွားသည်ကိုတော့ မျက်ဝန်းထောင့်မှ မြင်ဖြစ်အောင် မြင်လိုက်ရပါသေးသည်။
"မမမွှေးက သည်မယ် ဘာလာလုပ်နေသလဲ...ဒါကျုပ်တို့ ယောက်ျားသားတွေ အလုပ်လုပ်နေကြတဲ့ နေရာမဟုတ်လား...ဆရာရသက မမမွှေးတို့ကို ဘုန်းကြီးကျောင်းမယ် ဝေယာဝစ္စတွေ ဝိုင်းကူဖို့ ပြောထားတယ်လေဗျာ...."
"မင်းနှယ် တို့ကို နှင်လွှတ်နေသလိုပါပဲလား...တို့လည်း တို့သေတ္တာထဲက အဝတ်တစ်ချို့လာယူတာပါကွယ်....သွားမှာပေါ့ သွားမှာပေါ့...."
မမမွှေးက လက်ကိုင်ပုဝါကလေးကို လက်ဖြင့် လုံးချေနေလျက် ထွက်သွားလေတော့သည်။ မမမွှေးမှာ ဤသဘင်အဖွဲ့ကြီးတွင် အစ်ကိုထွင်းပြီးနောက် နာမည်အကြီးဆုံးဖြစ်လေ၏။ အစ်ကိုထွင်းလောက်တော့ လူကြိုက်မများသော်လည်း နှစ်သက်သူများတော့ အနည်းအကျဥ်းရှိချေသည်။
"ဆရာတို့ရေ...မနက်စာစားကြရအောင်လေ..."
အစ်ကိုထွင်း၏ အသံဆာဆာကလေးအား ကြားလိုက်ရသည်နှင့် စင်ရှေ့သို့ အလျင်စလို ပြေးထွက်ရလေသည်။ အစ်ကိုထွင်းမှာ ထမင်းကြမ်းနှင့် ငပိချက်ဟင်းပါသော ဗန်းကြီးအား သယ်လာကာ ဖျာများခင်းထားသည့် ပွဲခင်းထဲတွင် နေရာချလေ၏။ အလုပ်ကိုယ်စီ လုပ်နေကြသော အဖွဲ့သားများသည်လည်း မနက်စာဗန်းနား စုဝေးရောက်ရှိလာကြသည်။ အစ်ကိုထွင်းမှာ သုတ်သုတ် သုတ်သုတ်ဖြင့် ထမင်းပန်းကန်များအား လောက်ငှစေရန် တစ်ဦးတည်း သွားယူလိုက် လာချပေးလိုက် လုပ်နေသည်မို့ တစ်ခေတ်မောင် မကြည့်ရက်တော့ပေ။
"အစ်ကိုထွင်း...အဲ့ဗန်း ကျုပ်ကိုပေး..."
"အာ....ရပါတယ် တစ်ခေတ်မောင်ရယ်...ထမင်းသာ ထိုင်စားစမ်းပါ ...."
"မရပါဘူးဗျာ...ကျုပ်ကူချေမယ်..."
"ကဲကဲ ဒါဆိုလည်း ဆရာတို့ကို အဲ့ဗန်းသွားချပေးလိုက်...ငါ အခါးရည်သွားယူလိုက်အုန်းမယ်...."
အစ်ကိုထွင်းမှာ ဘုန်းကြီးကျောင်း ဆွမ်းချက်ဆောင်ထဲသို့ လျစ်ခနဲ ဝင်သွားပြန်ပါသည်။ တစ်ခေတ်မောင်လည်း ဝိုင်းဖွဲ့စားသောက်ကြရန် လိုအပ်သည်များကို ကူညီပေးနေလိုက်သည်။ မကြာပေ။ အစ်ကိုထွင်းမှာ ရေနွေးကြမ်းအိုးတစ်လုံး၊ ရေနွေးခွက်ကလေးများ ပါသည့် ဗန်းကြီး ကိုင်လျက် ပြန်ရောက်ရှိလာပြန်သည်။
"ဆရာတို့ရေ...ဆရာတို့ ကံကောင်းတာပဲ...သည်နေ့တင် ဆရာတော်တို့ကို ခရမ်းချဥ်သီး ကျွန်းသီးကလေးတွေ လာလှူသွားတာတဲ့...ဆရာတော်က ကျွန်တော်တို့ကို ချက်စားလှည့်တဲ့...ဒါနဲ့ပဲ ကျွန်တော်လည်း ခရမ်းချဥ်သီး ငပိချက်ကလေး ချက်ပေးထားတာ...မြည်းကြည့်ကြပါအုန်း...."
"အက္ခရာရဲ့ လက်ရာကိုတော့ ယုံပြီးသားဟေ့...."
ဆရာရသမှ ဦးစွာ တင်ပျဥ်ခွေ ဝင်ထိုင်သည်။ ထိုအခါမှ အခြားအဖွဲ့သားများသည်လည်း ဝိုင်းစုကာ ထိုင်လိုက်ကြသည်။ ခရမ်းကြွပ်သီးကလေးများကို တို့စရာအဖြစ်မြှုပ်ကာ ငပိချက်ကလေးဖြင့် စမ်းစားရသည်မှာ သဘောတွေ့ဖွယ်ဖြစ်ပေ၏။ တစ်ခေတ်မောင်မှာတော့ ခေါင်းကို မဖော်နိုင်တော့ပါချေ။ အစ်ကိုထွင်းရဲ့ လက်ရာပေမို့လားမသိ ပို၍ပင် ထိထိမိမိ အရသာရှိနေသလို။
"ဒါနဲ့ အက္ခရာ...ဆရာကြီးတို့ မနက်စာ စားပြီးကြပြီလား...အငြိမ့်သမလေးတွေကရော...."
"ဟုတ် ဆရာကြီးတို့ကိုတော့ ဆွမ်းစားဆောင်မှာ အခုတင် ပြင်ဆင်ပေးခဲ့တာပါ ဆရာရသ....ညီမကလေးတွေကတော့ ဆွမ်းချက်ဆောင်နားမှာပဲ ဝိုင်းဖွဲ့ပြီး စားနေကြပါတယ်...."
"အေးအေး ပြီးတာပါပဲ...."
မနက်မလင်းခင်ကတည်းက အလုပ်ကြီး အလုပ်ငယ် ရှုပ်နေကြသူများမို့ ဟန်မဆောင်ပန်မဆောင်နိုင်ဘဲ စားသောက်ကြတော့သည်။ ပွဲလာပုရိသတ်များအတွက် ခင်းကျင်းပေးထားသော ဖျာကြမ်းများပေါ်တွင် သဘင်အဖွဲ့သားများ စုစုစည်းစည်းဖြင့် နံနက်စာစားနေကြပုံမှာ အားရဖွယ်ဖြစ်ပေသည်။
#####
"မမမွှေး....ကိုတစ်ခေတ်မောင်ကို ဘယ်လိုမြင်သလဲတော့...."
ထမင်းစားသောက်ပြီး ပန်းကန်ခွက်ယောက်များ ဆေးကြောကြရင်း အငြိမ့်သမလေး နွယ်နွယ်မှ စကားစလာသည်။ မွှေးမှာ ရှက်ပြုံးကလေးတစ်ခုကို ပန်ဆင်လိုက်ရင်း။
"တစ်ခေတ်မောင်က ဘာမဆို ကြိုးကြိုးစားစားလုပ်တတ်သူလေးလေ...သည်မနက်လည်း ဆရာရသတို့ကို ကူညီလုပ်ကိုင်ပေးနေတာများ ချွေးဒီးဒီးကို ကျလို့....ယောက်ျားတစ်ယောက်ဟာ အလုပ်ကြိုးစားနေတဲ့အချိန် ကြည့်ရအကောင်းဆုံးပဲတဲ့ မိနွယ်ရဲ့....."
မွှေးတစ်ယောက် ကရားရေလွှတ်ပြောနေမိတော့သည်။ ပြောနေရင်း တစ်ခေတ်မောင်၏ ပုံရိပ်များသည်လည်း သူမ ခေါင်းထဲ ရစ်ရစ်ဝဲလို့ နေပါသည်။
"ဒါတော့ နွယ်နွယ်လည်း ထောက်ခံသပ မမမွှေးရေ....ကိုတစ်ခေတ်မောင်က အလုပ်ကြိုးစားနေချိန်များဆို တကယ့်ကို အားကိုးချင်စရာကြီးပါလေ....."
မိနွယ်တစ်ယောက် ပြောရင်းဆိုရင်း အားပါလာကာ ပန်းကန်ဆေးသည့် သပွတ်ဖတ်ကြီးအား လက်ဖြင့် ဆုပ်နယ်နေတော့သည်။
"ဟဲ့ မိနွယ်...ညည်းဟာလေ အိန္ဒြေကို မရဘူး...သပွတ်ဖတ်ကြီး ပြဲသွားပါအုန်းမယ်ဟဲ့...."
"မမမွှေးကလဲရှင်...."
"နွယ်နွယ်နဲ့ မမမွှေး ဘာအကြောင်းတွေများ တိုးကြိတ်ကြိတ်ပြောနေကြတာတုန်း....ကျွန်တော်လည်း ကြားချင်ပ...."
မန္တလာသူလေး ထွေးငယ်က ဝင်ပြောလေ၏။ ထွေးငယ်မှာ အငြိမ့်သမများထဲတွင် တစ်ဦးတည်းသော မန္တလာသူကလေးဖြစ်သည်။ စကားပြောလျှင် ဘွင်းဘွင်းထင်းထင်းပြောတတ်ပြီး ဟန်ဆောင်ပန်ဆောင်မလုပ်တတ်ပေ။ မမမွှေးတို့လို မြို့ကြီးသူများနှင့် လုံးလုံးမတူပါချေ။
"ဘာမျှမဟုတ်-----"
"ကိုတစ်ခေတ်မောင်အကြောင်း ပြောနေကြတာလေ...."
မွှေးတစ်ယောက် ငြင်းမယ် ကြံကာ ရှိသေး နှုတ်မလုံသည့် မိနွယ်မှာ တုံးတိပြောချပစ်လိုက်တော့သည်။ မမမွှေးမှာ တစ်နေရာရာ၌ ခေါင်းဖွက်ထားချင်မိတော့သည်။ မွှေးတစ်ယောက် ယောက်ျားကလေးအကြောင်း ပြောသည်က ရှားသည်လေ။
"အော် လူပြက်အသစ် ကိုတစ်ခေတ်မောင်လား....သူက ညိုချောကြီးနော့...."
ထွေးငယ်ကပါ ဝင်ရောက်ထောက်ခံနေသည်မို့ မွှေးရင်ထဲ အလုံးကြီးကျသွားရတော့သည်။ သူတစ်ဦးတည်းမဟုတ်ပါဘဲ အငြိမ့်သမတိုင်းလိုလို သူ့ပြောစကားကို ထောက်ခံကြသည်မဟုတ်ပါလား။
"သို့ပေမဲ့ မမမွှေး...သူက အစ်ကိုအက္ခရာနဲ့တော့ သိပ်ရင်းနှီးတယ်ထင်တယ်... ခရီးစထွက်တဲ့မနက်တုန်းကလည်း အစ်ကိုအက္ခရာက သူ့ကို ချွေးသုတ်ပေးနေတာရယ်...."
"ချွေးသုတ်ပေးတယ်....."
မွှေးမှာ သံယောင်လိုက်ပြီး အမေးပြုရတော့သည်။ တမဟုတ်ချင်း ဤမနက်ခင်း၌ သူချွေးသုတ်ပေးမည်ကို ငြင်းလိုက်လေသော တစ်ခေတ်မောင်အား မြင်ယောင်လာတော့သည်။ တစ်ခေတ်မောင်မှာ သူ့ကိုတော့ ငြင်းဆန်လေပြီး အစ်ကိုအက္ခရာကိုတော့ အဘယ်ကြောင့်များ လက်ခံပေးပါသနည်း။ အစ်ကိုအက္ခရာဟာ သူနှင့်မယှဥ်နိုင်သည့် အမျိုးသားတစ်ဦးဟု မွှေးမှတ်ယူထားလေသည်။ ထို့ကြောင့် သူ့မယ် အရှုံးကို လက်မခံနိုင်အောင်ဖြစ်ရပါသည်။
"အဲ့တာတော့ ဟုတ်တယ် မမမွှေး....နွယ်နွယ်လည်း တွေ့လိုက်တယ်ရယ်....ကားပေါ်မယ်လည်း အစ်ကို အက္ခရာက ကိုတစ်ခေတ်မောင်ကို သိပ်ဂရုစိုက်ပေးနေတာလေ...နွယ်နွယ့်မျက်လုံးထဲတော့ လိုက်နေရောပဲ...."
"ဟဲ့ နွယ်နွယ်!!!"
မွှေးကိုယ့်ကိုယ်ကိုယ်ပင် မထိန်းချုပ်နိုင်စွာ နွယ်နွယ့်အား အော်ဟစ်မိသည်မို့ ထွေးငယ်ပင် တုန်တက်သွားသည်အထိ။
"ပန်းကန်ဆေးစရာရှိတာသာ ဆေးစမ်းပါအေ..."
ကိုယ့်လေသံကိုယ် ပြန်လျှော့လိုက်ကာ ပြန်ပြောလိုက်ကာမှ နွယ်နွယ်ရော ထွေးငယ်ပါ ကုတ်ကုတ်ကုတ်ကုတ်ဖြင့် ပန်းကန်ဆေးကြောသည့်အမှုအပေါ် အာရုံပြန်စိုက်ကြပါတော့သည်။ မွှေးမယ်တော့ သက်ပြင်းကိုသာ အကြိမ်ကြိမ်အခါခါ ချနေမိပါတော့သည်။
######
မနက်စာစားပြီးသည့်နောက် ထိုဖျာများပေါ်တွင် ထိုင်လျက်ပင် ထန်းလျက်ခဲနှင့် အခါးရည်အား အချိုတည်းနေကြတော့သည်။ အလုပ်တွေသည်လည်း ပြီးပြတ်သည့်နီးနီးမို့ အေးအေးဆေးဆေးအချိုတည်းနေကြခြင်းဖြစ်ပေ၏။
"အစ်ကိုထွင်း...ဇီးထန်းလျက်လေး စားကြည့်ပါ့လား...လွှတ်စားကောင်းနေရောပဲ...."
တစ်ခေတ်မောင်က ဇီးထန်းလျက်တစ်ခဲအား ထွင်းအက္ခရာထံ ကမ်းပေးလျက် ဆိုလာလေသည်။ ထိုအချင်းအရာကို ဆရာရသအပါအဝင် ဝိုင်းဖွဲ့ထိုင်နေကြသူအပေါင်းက စိုက်ကြည့်လာသည်မို့ ထွင်းအက္ခရာမှာ ယူရနိုးနိုး မယူရနိုးနိုးဖြင့် တွန့်ဆုတ်နေတော့သည်။
"တစ်ခေတ်မောင် မင်းလည်းလေ.....ငါတို့လည်း ရှိပါတယ်ကွ...ငါတို့လည်း စားတတ်တယ်....အက္ခရာကိုပဲ ကွက်မကျွေးနဲ့လေ...."
"အိုဗျာ...အစ်ကိုကြီးတို့မှာ ယူစားဖို့ လက်ပါတာပဲ ယူစားကြပါ့လားဗျာ...."
ကိုကြီးသာကူ၏ စကားကို တစ်ခေတ်မောင်က တုန့်နှေးခြင်းမရှိ တုန့်ပြန်လာလေသည်။
"မင်းရဲ့ အစ်ကိုထွင်းမှာလည်း လက်ပါတာပဲလေကွာ...သူ့ဘာသာ ယူစားလိမ့်မပေါ့...."
"ကျုပ်ကိုယ်တိုင် ယူကျွေးချင်လို့ပေါ့ဗျာ...."
ကိုကြီးသာကူမှာ ပြောစရာစကားရယ်လို့ ပျောက်ရှသွားရတော့သည်။ ဘေးမှ လူများကတော့ သာကူ့ကို ကြိတ်ကြိတ်ခိုးရယ်နေကြသည်။
"ဆရာရသတို့က ကျုပ်ကို လှောင်တယ်ပေါ့လေ...အဲ့တာ မင်းကြောင့် တစ်ခေတ်မောင်!....နေအုန်း ငါရအောင် စားပြမယ်...."
ထိုသို့ဆိုကာ တစ်ခေတ်မောင်လက်ထဲမှ ဇီးထန်းလျက်အား အတင်းလုကာ စားလေတော့သည်။
"ကိုကြီး သာကူဗျာ...ကျုပ်က အစ်ကိုထွင်းကို ကျွေးမလို့ပါဆိုနေ...."
တစ်ခေတ်မောင်မှာ သူ့လက်ထဲမှ ထန်းလျက်ခဲအား လုလျက် အားပါးတရစားနေလေသော ကိုကြီးသာကူကို ကြည့်ကာ ငိုမဲ့မဲ့နှင့် မချိတင်ကဲရေရွတ်နေတော့သည်။
"ကဲပါ တစ်ခေတ်မောင်ရယ်...ငါ့ဘာသာ ယူစားပါ့မယ်...."
တစ်ခေတ်မောင်မျက်နှာ တစ်ချက်အညှိုးမခံလေသော ထွင်းအက္ခရာမှာ ဇီးထန်းလျက်တစ်ခဲယူကာ စားပြရတော့သည်။ တစ်ခေတ်မောင်ကတော့ သိပ်မကျေနပ်ချင်ပါ။
"ကဲ ငမှေးရေ...ဇီးထန်းလျက်လေး စားပါအုန်း...အာ...."
တစ်ခေတ်မောင်အား စနောက်ချင်နေသည့် ကိုကြီးသာကူမှာ ဘေးရှိ ငမှေးဘက်သို့ လှည့်လျက် ထန်းလျက်ခွံ့ကျွေးနေပြန်ပါသည်။
"ကိုကြီး သာကူ!!!"
တစ်ခေတ်မောင်က မျက်နှာကြီးနီရဲလာလျက် ရှက်ရမ်းရမ်းကာ အော်လေတော့သည်။
"လန့်လိုက်တာ တစ်ခေတ်မောင်ရယ်...ငမှေး..လာ ထန်းလျက်ကလေးစား...ပတ်ဝန်းကျင်ကို ဂရုစိုက်မနေနဲ့...မင်းမှာ လက်ပါမှန်းသိပေမဲ့ ငါကိုက ခွံ့ကျွေးချင်လို့ပါ...အာ....."
အားပါးတရစနောက်နေသော ကိုကြီးသာကူရယ်ကြောင့် တစ်ခေတ်မောင်ရော ထွင်းအက္ခရာပါ နေစရာနေရာမရှိတော့။ အခြားသူများကတော့ တခွီးခွီးရယ်လျက် ပွဲကျနေတော့သည်။
"စတာနောက်တာ တော်လိုက်ပါတော့...ဟိုနှစ်ယောက်မယ်လည်း ခေါင်းမဖော်နိုင်တော့ဘူး...."
ဆရာရသဝင်ရောက်တားကာမှ အနည်းငယ် အရှိန်သတ်သွားလေတော့သည်။
"လုပ်စရာတွေလည်း ပြီးသလောက်ရှိပြီဆိုတော့ နေ့လယ်နေ့ခင်းတော့ နားကြမယ်ကွာ...ညနေစောင်းကာမှ ထပ်ပြီး နည်းနည်းပါးပါး စစ်ကြတာပေါ့...."
သို့နှင့် လူစုခွဲကြလေ၏။ မိန်းကလေးများသည်လည်း သီလရှင်ကျောင်းသို့ ပြန်ကာ ရေချိုးသန့်စင်ကြလေသည်။ အမျိုးသားများကလည်း ဘုန်းကြီးကျောင်းတွင် ရေချိုးသန့်စင်ကြလေ၏။ အများနှင့်ရေအတူ မချိုးတတ်သော အစ်ကိုထွင်းက အမြဲတစေ နောက်ဆုံးမှ ချိုးတတ်လေသည်။ တစ်ခေတ်မောင် ပြင်ဆင်လို့ ပြီးသည်အထိ အစ်ကိုထွင်း ရေမချိုးရသေးပါချေ။ ပြင်ဆင်ပြီးသွားလေသူတိုင်းက နေ့လည်စာစားရန် ဆွမ်းစားဆောင်သို့ နေ့လယ်စာစားရန် သွားကြလေပြီ။ ရေချိုးမပြီးသေးသော အစ်ကိုထွင်းကို စိတ်မချ၍ တစ်ခေတ်မောင်မှာ မသွားနိုင်သေးပါချေ။ အဝတ်အစားမှန်သမျှနှင့် အသုံးအဆောင်များသည် သူတို့ အိပ်စက်တည်းခိုသည့် နေရာတွင် ထားရှိတာမို့ တစ်ခေတ်မောင် ကိုယ်နေရာတွင်ကိုယ် တင်ပျဥ်ခွေလျက် ထိုင်ကာ အစ်ကိုထွင်းအား စောင့်နေမိသည်။
"မင်း ထမင်းစားဖို့ လိုက်မသွားဘူးလား...."
"အော် ကျုပ်----"
တစ်ခေတ်မောင်ပြောမည့်စကားများ အစ်ကိုထွင်းအား မော့ကြည့်မိလိုက်စဥ်ခဏ လည်ချောင်းဝ၌ တစ်ဆို့၍ သွားလေ၏။ မြင်တွေ့ရခဲသည့် ပုံသဏ္ဍာန်လေးသည် သူ့ရှေ့တွင် ခြေစုံရပ်နေလေသည်။ ရေစက်များ ဟိုတစ်စု သည်တစ်စု တွဲလဲခိုနေလေသော အစ်ကိုထွင်း၏ ခန္ဓာကိုယ်အပေါ်ပိုင်းသည် ဖြူဖွေးလို့ နေ၏။ ရေအနည်းငယ်စိုနေသော ရေလဲပုဆိုးသည် အစ်ကိုထွင်း၏ ခါးသိမ်သိမ်တွင် နေရာယူနေပါ၏။ အစ်ကိုထွင်းမှာ အမြဲတစေ လုံလုံခြုံခြုံဝတ်ဆင်တတ်သောသူတစ်ဦးဖြစ်သည်ကြောင့် ထိုသဏ္ဍာန်ဆန်းကလေးအား မျက်မြင်တွေ့ရချိန် ယောင်ယမ်းစွာ တံတွေးမြိုချမိသည်အထိ။ တစ်ခဏတော့ ဤဘတ္တကမ္ဘာနှင့် အဆက်အသွယ် ပြတ်သွားရချေသည်။
"တစ်ခေတ်မောင်...ငါမေးနေတာ ကြာရဲ့လား...."
"ခင်ဗျာ!!!! ဗျာ! ကျုပ်...ကျုပ်...."
အလျင်အမြန် အကြည့်လွှဲလျက် 'အ'တထစ်ထစ် ပြောနေမိသည်။ အစ်ကိုထွင်းမှာတော့ ဘာများဖြစ်နေသလဲ ဟူသော စူးစမ်းသည့် မျက်လုံးများဖြင့် သူ့ကို ကြည့်လာလေသည်။
"အစ်ကိုထွင်းကို စောင့်နေတာပါဗျာ...တစ်ယောက်တည်း ဖြစ်နေမှာစိုးရိမ်လို့ရယ်...."
"စောင့်မနေဘဲ သွားတာမဟုတ်ဘူး....ထမင်းစားချိန် လွန်ရင် မကောင်းဘူးလေ...."
အစ်ကိုထွင်းက သူ့နေရာတွင် ထိုင်ကာ ဝတ်ဆင်မည့် အဝတ်အစားများကို အထုပ်ထဲမှ ထုတ်နေလေသည်။ အစ်ကိုထွင်းဝတ်ဆင်မည့် အငြိမ့်မင်းသမီးအဝတ်အစားများကတော့ စင်နောက် ယာယီတဲကလေးထဲဝယ် နေရာယူပြီးဖြစ်၏။ ယခု အဝတ်ထုပ်ကလေးမှာတော့ ပုံမှန်ဝတ်ဆင်ဖို့ အဝတ်အစားများဖြစ်သည်။
"အီလေးဆွဲပြီး လုပ်မနေနဲ့နော် အစ်ကိုထွင်း...ဘယ်လောက်ပဲ နေ့ခင်း နေ့လယ်ရောက်ပြီဆိုဆို အအေးမိသွားနိုင်တယ်လေ...."
"ဟုတ်ပါပြီ အစ်ကို တစ်ခေတ်မောင်ရယ်...."
အစ်ကိုထွင်းက ရွဲ့စောင်းကာ ခေါ်လိုက်သည်ဆိုသော်လည်း တစ်ခေတ်မောင်ရင်ထဲ လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားရသည်။ အစ်ကိုထွင်းအား ဆက်၍ မကြည့်နိုင်တော့ပါချေ။ သနပ်ခါးကျောက်ပျဥ်အား အလုပ်ရှုပ်ခံ၊ အလေးခံပြီး မသယ်ချင်သည့် အစ်ကိုထွင်းမှာ ယခုတော့ မျက်နှာပြောင်ကလေးဖြစ်၏။ ဘာမျှ မလိမ်းခြယ်ထားသော ရှင်းလင်းဝင်းမွတ်သည့် မျက်နှာကလေးသည်လည်း ကြည့်ကောင်းလှပနေတုန်းပင်ဖြစ်၏။ ထိုမျက်နှာကလေးကိုတော့ တစ်ခေတ်မောင် မျက်နှာလွှဲထားရာမှ ခဏခဏဆိုသလို ခိုးကြည့်မိပါ၏။
"ကျုပ် ဆံပင် စည်းပေးလှည့်မယ်...."
"ဟုတ်ပြီ...."
တစ်ခေတ်မောင်မှာ သူ့ဝတီအတိုင်း စိတ်ရှည်လက်ရှည်ဖြင့် အစ်ကိုထွင်း၏ ဆံနွယ်များကို ဖြီးသင်ပေးကာ ဖဲကြိုးကလေးဖြင့် ချည်နှောင်ပေးလိုက်လေ၏။ ထိုအခါတွင် အစ်ကိုထွင်းထံမှ ဝမ်းနည်းငွေ့ဆွတ်သည့် အသံငယ်ကလေး ထွက်ပေါ်လာလေသည်။
"မင်း သီပေးတဲ့ စံပယ်ပန်းကုံးကလေး မပန်ရလေတော့လည်း မနေတတ်သလို ရှိတယ်...တစ်ခေတ်မောင်ရယ်..."
ထိုစကားကြောင့် တစ်ခေတ်မောင်၏ ဦးနှောက်နှင့် နှလုံးသားငယ်သည် ပူနွေးဗြောင်းဆန်ကုန်ပါ၏။ အကယ်၍များ ဖြစ်နိုင်ပါလျှင် လက်ငင်းပင် စံပယ်ပန်းကုံး ပန်ပေးချင်မိပါ၏။ သို့သော်ငြား ဤဘုန်းကြီးကျောင်းတွင်ကား စံပယ်ပန်းရုံ မရှိပါ။ ထိုကံဆိုးမှုအား မကျေမနပ်ရှိလှလေသည်။ သူသည်လည်း မချိတင်ကဲ အသံကလေးဖြင့် အစ်ကိုထွင်းအား ပြန်ဖြေမိပါ၏။
"ကျုပ်လည်းပဲ အစ်ကိုထွင်းကို စံပယ်ပန်းကုံး မပန်ပေးဘဲ နေသားမကျလှဘူး...."
*အစ်ကိုထွင်းအတွက်ဆိုလျှင် တစ်ခေတ်မောင်မှာ သည်တစ်သက်တာလုံး နေ့စဥ်မပြတ် ပန်းဆက်ချင်သည့် ဒုတိယ ကိုဗျတ္တပါလေ....*
"ရပလား တစ်ခေတ်မောင်...."
"ရပြီ အစ်ကိုထွင်း...."
"ဒါဖြင့် ထမင်းစားဖို့ သွားကြရအောင်လေ...."
တစ်ခေတ်မောင် တိတ်တဆိတ်ခေါင်းငြိမ့်ပြရင်း အစ်ကိုထွင်းနောက်မှ လိုက်သွားမိလေသည်။ သူတို့နှစ်လုံး ဆွမ်းစားဆောင်ရောက်လေတော့ အဖွဲ့သားအကုန်လုံးနီးပါး စားသောက်ပြီးကြလေပြီ။ တစ်ချို့ဆိုလျှင် ကျောင်းဝန်းထဲ လမ်းကလေးလျှောက်ရင်း အစာချေဖျက်နေကြလေသည်။ နှစ်ဦးတည်း ကွက်ကျန်ခဲ့သည့် တစ်ခေတ်မောင်တို့ နှစ်ဦးမှာ ခပ်သွက်သွက်ကလေး စားသောက်ကြရသည်။ အစ်ကိုထွင်းမှာ ထမင်းစားလျှင်စားပြီးချင်း ဆွမ်းချက်ဆောင်နောက်တွင် ပန်းကန်ခွက်ယောက်များ ဆေးကြောနေကြသူများကြား တိုးဝှေ့လျက် ပန်းကန်ဆေးကူလေ၏။ တစ်ခေတ်မောင်မှာတော့ ထန်းညက်ခဲဝါးကာ လမ်းခဏလျှောက်နေလိုက်သည်။ တဖြေးဖြေးနှင့် လမ်းလျှောက်နေသူတို့ မရှိကြတော့ပါ။ နေ့လယ်နေ့ခင်း တစ်ရေးတစ်မော အိပ်ရန် ထွက်သွားကြပြီဖြစ်သည်။
တစ်ခေတ်မောင်ကတော့ အစ်ကိုထွင်းကိုသာ ရှာနေမိ၏။ အတော်ကြာရှာကာမှ ဘုန်းကြီးကျောင်းဝန်း ရေတွင်းကြီးနားတွင် ရေဆွဲနေသည့် အစ်ကိုထွင်းကို သွားတွေ့လေတော့သည်။ သေးသွယ်နုနယ်လှသည့် ခန္ဓာကိုယ်ကလေးနှင့် မလိုက်ဖက်စွာ လေးပင်လှသည့်ရေဗုံးဆွဲကြိုးကြီးကို ဆွဲကာရစ်ကာ ရေခပ်နေပုံကလေးကြောင့် တစ်ခေတ်မောင် အချိန်မဆွဲပါဘဲ အပြေးသွားမိလေ၏။
"ဘယ်လိုဖြစ်လို့ ကျုပ်ကို မခိုင်းရသလဲ အစ်ကိုထွင်း...ကျုပ်လုပ်ပေးမပေါ့..."
"ငါလည်း လုပ်နိုင်ပါတယ် တစ်ခေတ်မောင်ရယ်...."
တစ်ခေတ်မောင်မှာ လက်မခံချင်။ အစ်ကိုထွင်းလက်ထဲမှ ရေဗုံးအား အတင်းဆွဲလုလေ၏။ အစ်ကိုထွင်းကလည်း လွှတ်မပေးပါချေ။
"ဒါလေးတော့ ငါလုပ်ပါရစေ တစ်ခေတ်မောင်ရယ်...."
"အစ်ကိုထွင်း ပင်ပန်းမှာပေါ့.. မဖြစ်ပါဘူးဗျာ ကျုပ်ကိုပေးချည်...အဲ့ရေဗုံး..."
"တစ်ခေတ်မောင်...."
အစ်ကိုထွင်းမှာ လေသံအေးအေးဖြင့် ခေါ်လေ၏။ ထိုအသံလေးကြောင့် အတင်းဆွဲလုနေသော တစ်ခေတ်မောင် ခေတ္တ ရပ်တန့်သွားရသည်။
"ငါ့မယ် မင်းတို့လို ဇာတ်စင်အပြင်အဆင်အရာမှာလည်း ဝိုင်းကူနိုင်တဲ့ အားမရှိ၊ မိန်းကလေးတွေလို ဆွမ်းချက်ပန်းကန်ဆေးလုပ်ပေးဖို့ရာလည်း မသင့်တော်....အသုံးမကျတဲ့ လူကြီးလုံးလုံးဖြစ်နေလိမ့်မယ် တစ်ခေတ်မောင်....ဒါလေးတော့ လုပ်ကိုင်ပေးပါရစေ...."
တစ်ခေတ်မောင် မျက်နှာကလေးညှိုးသွားရပြီး ရေဗုံးကလေးကို လွှတ်ပေးလိုက်မိသည်။ အစ်ကိုထွင်းမှာ မည်သည့်အရာတွင်မှ မကူညီပေးနိုင်ဟု သူ့ကိုယ်သူ အထင်ရောက်နေပုံရပါ၏။ အမှန်သည်ကား အစ်ကိုထွင်းမှာ သူနိုင်သမျှ ဝင်ရောက်လုပ်ကိုင်ပေးတတ်သည်။ မနက်မလင်းခင်ကလည်း ဘုန်းကြီးကျောင်း ရေအိမ်တွေအား သန့်ရှင်းပေးနေသည်ကို သူတွေ့ပါ၏။ အစ်ကိုထွင်း ယခုကဲ့သို့ လှပနေရခြင်းမှာ အရင်ဘဝက သူတစ်ပါးအညစ်အကြေးတို့ကို ဆေးကြောပေးခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်ဟုပင် သူတွေးမိသေးသည်။ အခုလည်း ရေဆွဲပေးနေလေသည်။ အစ်ကိုထွင်းမှာ တစ်ခါတစ်ရံ ထင်မှတ်မထားလောက်အောင် ခေါင်းမာတတ်သေးသည်။
"ကျုပ်က နက်ဖြန်ခါ အစ်ကိုထွင်း အငြိမ့်က ရအုန်းမှာမို့ ပင်ပန်းမှာ စိုးရိမ်လို့ပါဗျာ...."
တစ်ခေတ်မောင်မှာ ကလေးဆိုးကြီး တစ်ဦးနှယ် ရေဆွဲနေသည့် အစ်ကိုထွင်းနောက် တစ်ကောက်ကောက်လိုက်ကာ ပြောဆိုနေလေတော့သည်။ သို့နှင့် သူတို့၏ နေ့လယ်ခင်းလေးမှာ ကုန်ဆုံးသွားရလေသည်။ ညနေပိုင်းတွင် မီးထွန်းညှိကြည့်ပြီး ဇာတ်စင်အပြင်အဆင်အား တစ်ဖန် စစ်ဆေးဖြစ်ကြသည်။ ဇာတ်စင်၏ အရှေ့ဘက်အခြမ်းတွင် ဆီမီးတိုင် လေးတိုင်အား ထိန်ထိန်ညီးစွာ ထွန်းညှိထားသည်။ ဆိုင်းဝိုင်းဘေးပတ်လည်တွင်လည်း ဆီမီးတိုင်များကို လင်းထင်းစွာ ထွန်းညှိထားလေသည်။ ဇာတ်စင်တစ်ခုလုံး လင်းထင်းနေပြီး ကြည့်ရှု၍ လှနေပေတော့သည်။ စိတ်တိုင်းကျလှပြီဆိုကာမှ ဆရာရသမှာ အဖွဲ့သားများအား အိပ်ခွင့်ပြုလေ၏။ တစ်နေ့လုံး ပင်ပန်းနေလေသော တစ်ခေတ်မောင်မှာ ခေါင်းအုံးနှင့် ခေါင်း ထိသည်နှင့် တန်းခနဲ အိပ်ပျော်သွားတော့သည်။ ညလယ်ခေါင်အချိန်တွင်မှ အသံငယ်တစ်ခုမှာ တစ်ခေတ်မောင်အား လှုပ်နှိုးလာလေ၏။
"တစ်ခေတ်မောင်....တစ်ခေတ်မောင်..."
ခပ်တိုးတိုး ထိုအသံကလေးကို အိပ်မက်ဟုသာ တွေးထင်လျက် တစ်ဘက်သို့လှည့်ကာ ပြန်အိပ်လိုက်မိသည်။ ထိုအချိန် သူ့ပုခုံးအား ဆွဲလှုပ်ရမ်းကာ ထပ်မံခေါ်သံကြားရပြန်၏။
"တစ်ခေတ်မောင်...တစ်ခေတ်မောင်...."
တစ်ခေတ်မောင် အိပ်ချင်မူးတူးဖြင့် မျက်လုံးကို ပွတ်ကာ ကြည့်မိကာမှ အစ်ကိုထွင်းဖြစ်နေမှန်းသိလေသည်။
"အစ်ကိုထွင်း...ဘာဖြစ်လို့လဲ..."
"တိုးတိုးပြောပါ...တစ်ခြားသူတွေ နိုးသွားလိမ့်အုန်းမယ်..."
အစ်ကိုထွင်းက အသံခပ်အုပ်အုပ်ဖြင့် ပြောနေသည်မို့ တစ်ခေတ်မောင် သူ့အသံကျယ်နေမှန်း သတိထားမိသည်။
"ငါ မင်းကို အကူအညီတောင်းစရာရှိလို့...."
"ဘာများလဲ အစ်ကိုထွင်း...."
အစ်ကိုထွင်းက မျက်နှာငယ်ကလေးဖြင့် သူ့နားကပ်ကာ တိုးတိုးပြော၏။
"အပေါ့ကလေး သွားချင်လို့ရယ်....တစ်ယောက်တည်းဆို မသွားရဲလို့....အဲ့တာ...."
ပြောရင်းဖြင့် အစ်ကိုထွင်း၏ ပါးမို့မို့ကလေးရဲတက်လာသည်။ ဒါသည် ရှက်စရာတော့မဟုတ်ပါ။ သို့ပေမဲ့ ရှက်စရာမဟုတ်သည်ကို အရှက်သည်းနေသည့် အစ်ကိုထွင်းမှာ အသည်းယားဖွယ်အတိ။
"ကျုပ် အဖော်လိုက်ပေးပါ့မယ်...."
သို့နှင့် ဘုန်းကြီးကျောင်းဝန်း အနောက်ဆုံးဘက်ခြမ်းသို့ မီးအိမ်ကလေးဖြင့် နှစ်ဦးသား သွားဖြစ်ကြသည်။ အလျင်လိုနေသော အစ်ကိုထွင်းမှာ သုတ်သုတ်သုတ်သုတ်ဖြင့် တစ်ခေတ်မောင် လက်မောင်းကို တင်းတင်းချိတ်လျက် လိုက်ပါလာလေသည်။ ရေအိမ်ရှေ့ ရောက်သည်အထိ အစ်ကိုထွင်းက မသွားသေးပါဘဲ။
"သည်ရှေ့မယ် စောင့်နေပေးနော် တစ်ခေတ်မောင်...."
"ဟုတ်ပါပြီဗျာ...."
ထိုအခါမှ ရေအိမ်ထဲ ဝင်သည့် အစ်ကိုထွင်းရယ်ပါ။ မည်မျှအထိ အောင့်ထားသည်မသိ။ အစ်ကိုထွင်း အပေါ့သွားသည်မှာ တော်တော်ဖြင့် မပြီးသေးပါ။
"အစ်ကိုထွင်း အဆင်ပြေပါရဲ့လား...."
"ပြေတယ်....ခဏလေး ထပ်စောင့်ပေးချည်...."
တစ်ခေတ်မောင်လည်း မီးအိမ်ကလေးကိုင်ကာ ထပ်စောင့်နေလိုက်သည်။ ခဏအကြာတွင်။
"အား!!!!!!"
အစ်ကိုထွင်း၏ ကျယ်လောင်စွာ အော်ဟစ်သံကို ကြားရလေသည်။ အစ်ကိုထွင်းက ရေအိမ်ထဲမှ ကတိုက်ကရိုက်ဆင်းချလာကာ တစ်ခေတ်မောင်အား တင်းကြပ်စွာ ပြေးဖက်ပစ်လိုက်ပြီး တစ်တွတ်တွတ်အော်ဟစ်နေ၏။
"တောက်တဲ့ကြီး!!! ရေအိမ်ထဲမယ် တောက်တဲ့ကြီး!!!"
အစ်ကိုထွင်းက ခုန်ဆွခုန်ဆွဖြင့် သူ့အား မလွှတ်တမ်းဖက်ထားလေသည်။ တစ်ခေတ်မောင်၏ ရင်ထဲတွင်လည်း အကောင်ငယ်မှာ ခုန်ပေါက်လို့။ ကြောက်လန့်ကာ တင်းတင်းဖက်နေလေသည့် အစ်ကိုထွင်းရယ်ကြောင့် သူ့မှာ ပြုံးမပြီးလေတော့။ အစ်ကိုထွင်း၏ ကျောပြင်ကလေးအား ခပ်ဖွဖွကလေး ပွတ်သပ်ပေးရင်း။
"ဘာမျှ မဖြစ်တော့ဘူးနော်....ကျုပ်ရှိတယ်နော် အစ်ကိုထွင်း...."
ထိုအခါမှ ခုန်ပေါက်အော်ဟစ်နေသူလေးမှာ သူ့ရင်ခွင်ထဲ ငြိမ်ကျသွားတော့သည်။
"တစ်ခေတ်မောင်....ငါ ကြောက်တယ်ရယ်...."
တစ်ခေတ်မောင်မှာ ကလေးများ မြှူသကဲ့သို့ ချော့မြှူပေးကာ ဆံနွယ်ကလေးများနှင့် ကျောပြင်ကလေးကို ဖွဖွကလေး ပွတ်သပ်ပေးနေမိလေသည်။
"ဘာမျှကြောက်စရာမရှိတော့ဘူးနော်....ကျုပ်ရှိနေပြီလေ...."
=======================
22.8.2022🖤ဆွေး🖤
တိုသွားရင်တော့ ခေါ်ထောခ🙏...အဆွေးလည်း စိတ်အခြေအနေမကောင်းတဲ့ ကြားက ကြိုးစားရေးပေးထားပါတယ်။ လိုအပ်ချက်များ ရှိသွားခဲ့ရင် တောင်းပန်ပါတယ်ဗျ။