သည်မောင် လက်ခုပ် တီးပါ့မယ် (...

By moe_for_more

144K 11.5K 3.1K

အစ်ကိုထွင်းက ဇာတ်စင်ပေါ်မယ် အချိုးအချိတ်ကျကျ လှလှကလေး ကကြိုးဆင်ပါလေ....သည်မောင်ကတော့ ဇာတ်စင်အောက် တစ်နေရာကနေ... More

Author's note
၁ (Z)
၂(Z)
၃(Z)
၄ Z
၅(Z)
၆(Z)
၇(Z)
၈(Z)
၉(Z)
၁၀
၁၀(Z)
၁၁
၁၁(Z)
၁၂ (Z)
၁၃
၁၃ (Z)
၁၄
၁၄ (Z)
၁၅
၁၅ (Z)
၁၆
၁၆ (Z)
၁၇
၁၇ (Z)
၁၈
၁၈ (Z)
၁၉
၁၉ (Z)
၂၀
၂၀ (Z)
၂၁
၂၁ (Z)
၂၂
၂၂ (Z)
၂၃
၂၃ (Z)
၂၄
၂၄ (Z)
၂၅
၂၅ ( Z)
၂၆
၂၆ (Z)
၂၇
၂၇ (Z)
၂၈
၂၈ (Z)
၂၉
၂၉ (Z)
၃၀
၃၀ (Z)
၃၁
၃၁ (Z)
၃၂
၃၂ (Z)
၃၃
၃၃ (Z)
၃၄
၃၄ (Z)
၃၅
၃၅ (Z)
၃၆
၃၆ (Z)
၃၇
၃၇ (Z)
၃၈
၃၈ (Z)
၃၉
၃၉ (Z)
၄၀ (ဇာတ်သိမ်းပိုင်း)
၄၀ (ဇာတ်သိမ်းပိုင်း) (Z)
အခပျြပို
အချပ်ပို
အခပျြပို၂
အချပ်ပို၂
မောင့်ဒိုင်ယာရီ
ေမာင့္ဒိုင္ယာရီ
နောက်ကျမှ ရေချိုးမိတဲ့အခါ (ေနာက္က်မွ ေရခ်ိဳးတဲ့အခါ)
ပေသလူးနဲ့ တို့များတစ်ခေတ်မောင်
အဆုံးသတ်မဟုတ်လေသော အဆုံးသတ်
Book Announcement
book cover and details

၁၂

2.1K 231 56
By moe_for_more

Unicode

နေမပွင့်သေးပါသော်လည်း 'ထွင်းအက္ခရာ' အငြိမ့်သဘင်အိမ်ကြီးသည် လူများစွာဖြင့် အလုပ်ရှုပ်နေကြသည်။ ပြင်ဦးလွင်အထိ ခရီးနှင်ကြရမည်မို့ လှုပ်လှုပ်ရှားရှားဖြစ်နေကြခြင်းဖြစ်ပေသည်။ တစ်ဖက်သဘင်အိမ်မှ အငြိမ့်သမ မှန်သမျှသည်လည်း စောစီးစွာ စုဝေးရောက်ရှိနေကြသည်။ သဘင်ပစ္စည်းပစ္စယာများအား သယ်ဆောင်မည့် အမိုးမဲ့ကုန်တင်ကားကြီးသည် သဘင်အိမ်ခြံကြီးအတွင်း ဖင်ထိုးရပ်တန့်ထားလေသည်။

"အဝတ်သေတ္တာတွေ တင်မယ်ဗျို့....အငြိမ့်သမသေတ္တာတွေကို အောက်မှာ ထားမှာမို့ အရင်ပေးကြ...."

ကုန်တင်ကားပေါ်တွင် ဒိုင်ခံနေရာချနေသည့် လူကြီးမှ အော်ဟစ်ပြောလာသည်။ ထိုအခါ အငြိမ့်သမများ သယ်ဆောင်လာသော အဝတ်သေတ္တာများကို တစ်ယောက်တစ်လက် ဆင့်ယူ သယ်တင်ပေးကြသည်။ ထွင်းအက္ခရာ၏ အဝတ်သေတ္တာသည် ခေါင်းဆောင်မင်းသမီး၏ သေတ္တာဖြစ်သည်ကြောင့် သာမန်လူတို့ထက် အရွယ်ပိုကြီးကာ ထောင့်ဆုံးတွင် နေရာယူလေ၏။

"ဇာတ်စင်ပစ္စည်းတွေ တင်ပြီးပလား ငတုတ်.....အလှဆင်မဲ့ ပစ္စည်းတွေကော ပြည့်ပြည့်စုံစုံပါရဲ့လား...မီးသီးတွေရော စုံပြီလား...."

"စုံပ ဆရာရသရေ... ဦးဆုံး တင်ထားတာဗျ...."

"ဟုတ်ပြီ ဟုတ်ပြီ ငတုတ်.... သေချာလုပ်...."

ကုန်တင်ကားပေါ်သို့ ဒိုင်ခံ ပစ္စည်းထမ်းတင်ရသူမှာတော့ ငယ်ရွယ်ဖျတ်လတ်သည့် တစ်ခေတ်မောင်ပင်။ ဘယ်ပစ္စည်းဖြစ်ဖြစ်၊ ဘယ်သေတ္တာလာလာ ပုခုံးထမ်းတင်ပေးရပြီး ဦးငတုတ်ဆိုသူကတော့ ဒိုင်ခံနေရာချနေရသည်။

"ကဲ သေတ္တာပေးလေ အမိတို့...ဘာကြောင်ငေးနေတာလဲဗျ..."

"ဟို...ဟို..."

သေတ္တာကမ်းပေးဖို့ရာ တွန့်ဆုတ်နေသော အရံအငြိမ့်သမကလေး သုံးဟောက်။ တစ်ခေတ်မောင်မှာ နှဖူးထက်မှ ချွေးသီးများကို လက်ခုံဖြင့် ပွတ်သုတ်လိုက်လျက် ကြည့်နေမိသည်။

"ကျွန်မတို့ သေတ္တာတွေက ထမိန်တွေနဲ့တော့....ဖြစ်ပါ့မလား...ဘုန်းတွေကံတွေ နိမ့်ကုန်မှဖြင့်...."

"ဟုတ်တယ်ရှင့် ....."

အငြိမ့်သမလေးများမှာ တစ်ဦးစကားတစ်ဦး ထောက်ခံနေကြကာ တစ်ခေတ်မောင်အား စေ့စေ့မကြည့်ပါဘဲ ငြင်းဆန်နေကြသည်။ ထိုမိန်းကလေးများ မျက်နှာထက် ရှက်သွေးကလေးများ ပြေးယှက်နေသည်ကိုလည်း တွေ့ရပေလိမ့်မည်။

"ကျုပ်က ခေါင်းပေါ် ရွက်မှာမှ မဟုတ်ပဲဗျ....ပုခုံးပေါ်တင်မှာ.....ဘုန်းတွေကံတွေ မနိမ့်ပါဘူးဗျာ.... ရွာက ဆရာကြည့် အမေ ဒွေးလေးရဲ့ ထမိန်တွေဆို ကျုပ်က လျှော်ပေးနေကျ....ပေးမှာသာ ပေးစမ်းပါဗျာ...."

"ဟုတ်...ဟုတ်...."

ထိုအခါမှ ကြည်ကြည်သာသာ ပေးလာကြသော အငြိမ့်သမကလေးများ။ ထိုမိန်းကလေးများ ခပ်ပြုံးပြုံးဖြစ်နေသည်ကိုလည်း သူသတိထားမိလေ၏။ အချိန်မလင့်စေဖို့ရာ လက်ကျန်သေတ္တာများအား ပုခုံးထမ်းတင်ပေးလိုက်လေသည်။ မနက်ပင်မလင်းသေးသော်လည်း တစ်ခေတ်မောင်တစ်ယောက် ချွေးတစ်လုံး သံတစ်လုံး ဖြစ်နေလေပြီ။ ဝတ်ဆင်ထားသော စွပ်ကျယ်အင်္ကျီမှာလည်း ချွေးတို့ ရွှဲနစ်လို့နေ၏။ ဆောင်းလည်း ဝင်လာသည်မို့ နေမပွင့်သော ရန်ကုန်မြို့ နံနက်ခင်းသည်လည်း အေးစိမ့်စိမ့်ဖြစ်သော်ငြား တစ်ခေတ်မောင်မတော့ ပူလောင်အိုက်စပ်ကာ နေတော့သည်။

"တစ်ခေတ်မောင်....တစ်ကိုယ်လုံး ချွေးတွေချည်းပါပဲလား...."

ဘယ်ချိန်ကတည်းက ရောက်နေမှန်းမသိသော အစ်ကိုထွင်းက တစ်ခေတ်မောင်အား ငေးနေသော အငြိမ့်သမများရှေ့ ခြေစုံရပ်လာကာ စိုးရိမ်သံလေး စွပ်လျက်မေးလာသည်။ တစ်ခေတ်မောင်မှာ သူ၏ ချွေးသံတရဲရဲဖြင့် ညစ်ပတ်ပေရေနေသော မြင်ကွင်းကြောင့် အနည်းငယ် ရှက်သွားရပြီး နှဖူးက ချွေးတို့အား လက်ဖြင့် လှမ်းသုတ်ရန် ပြင်လိုက်လေသည်။

"နေနေ....ငါသုတ်ပေးချေမယ်....ခေါင်းကလေး နည်းနည်း ငုံ့ပေး...."

တစ်ခေတ်မောင်၏ လက်ကလေးအား ခြေဖျားထောက်လျက် လှမ်းကိုင်လိုက်ပြီး ဟန့်တားလာသော အစ်ကိုထွင်းသည် သူ့အား ချွေးသုတ်ပေးမတဲ့။ တစ်ခေတ်မောင်မှာ မျက်လုံးကလေးပြူးလျက် နေရာတွင်ပင် ရပ်တန့်နေမိသည်။ အစ်ကိုထွင်းကတော့ သူ့ရှပ်အင်္ကျီကလေးထဲမှ နီညိုရောင် လက်ကိုင်ပုဝါလေးအား ထုတ်နေလေ၏။ ထိုလက်ကိုင်ပုဝါလေးမှာ ရန်ကုန်ဆိပ်ကမ်း၌ အစ်ကိုထွင်းနှင့် တစ်ခေတ်မောင်အား ဒုတိယအကြိမ် ဆုံစည်းစေသော ပစ္စည်းကလေးမဟုတ်ပေလား။ တစ်မိုးတွင်းလုံး ကုန်ဆုံးသွားသော်ငြား ထိုအဖြစ်အပျက်တို့က မနေ့တနေ့ကလိုပင်။

"ခေါင်းငုံ့ပေးလှည့် တစ်ခေတ်မောင်....မင်းအရပ်ကလန်ကလားကြီးကို ငါမမှီဘူးရယ်...."

"ဗျာ!....ဟုတ် ဟုတ် ဟုတ်...."

တစ်ခေတ်မောင်မှာ ယောင်နနဖြင့် အစ်ကိုထွင်း၏ အရပ်အား မှီနိုင်လောက်သည်အထိ ငုံ့ကိုင်းပေးလိုက်လေသည်။ အစ်ကိုထွင်းမှာ စိတ်ရှည်လက်ရှည်ဖြင့် သူ့ချွေးစများကို သုတ်ပေးနေလေ၏။ ဆံနွယ်နက်နက်များထက် ခိုတွဲနေသော ချွေးစများကိုလည်းကောင်း၊ နှဖူးထက်မှ ဝေ့သီးနေသော ချွေးစများကိုလည်းကောင်း၊ လည်ပင်းမှ ခိုတွဲစီးကျနေသော ချွေးစအချို့ကိုလည်းကောင်း စိတ်ရှည်လက်ရှည်ဖြင့် သုတ်ပေးနေခြင်းဖြစ်သည်။

တစ်စုံတစ်ခုအား အာရုံစိုက်လုပ်ကိုင်နေသော အစ်ကိုထွင်း၏ အမူအရာသည် လွန်စွာ ကြည့်၍ကောင်းလှပေသည်။ အငြိမ့်ကသည့်အချိန်အခါများ၊ စန္ဒရားတီးသည့် အချိန်အခါများ၊ သီချင်းဆိုလေ့ကျင့်သည့်အချိန်အခါများတွင် အာရုံစူးစိုက်နေသည့် အစ်ကိုထွင်း၏ ပုံစံကလေးသည် ကြည့်၍မဝဖွယ်ကလေးဖြစ်သည်။ ယခုလည်း ထို့အတိုင်းပင်။ ချွေးစတို့အား မရွံမရှာသုတ်ပေးနေလေသော အစ်ကိုထွင်း၏ မျက်နှာကလေးအား အသေးစိတ်ကျနစွာ မြင်တွေ့နေရလေသည်။ ကော့ညွတ်နေသော မျက်တောင်ရှည်များနှင့် အရောင်လဲ့ ကြည်လင်နေသော မျက်ဝန်းအိမ်ကလေးများ၊ နှာတံဆင်းဆင်းလေးနှင့် နှာထိပ်လုံးလုံးကလေး၊ မေးစေ့ကလေးနှင့် ခပ်ရေးရေးမြင်တွေ့ရသော လည်ဇလုပ်သေးသေးကလေးတို့အထိ အသေးစိတ်မြင်တွေ့နေရသည်မို့ တစ်ခေတ်မောင် အကြည့်မခွာနိုင်ဖြစ်နေရလေ၏။

"ပြီးပြီ...."

"နေပါအုန်း အစ်ကိုထွင်း..."

ပြန်ဖယ်ခွာသွားတော့မည့် လက်ကလေးအား အမိအရလှမ်းဆုပ်ကိုင်ထားလေတော့ နားမလည်နိုင်သည့် မျက်ဝန်းများဖြင့် အစ်ကိုထွင်းက ပြန်လည်ကြည့်လာ၏။

"လက်ကိုင်ပုဝါလေး ကျုပ်ပြန်လျှော်ပေးပါ့မယ်...."

"ရပါတယ်...."

လက်ကိုင်ပုဝါလေး ကိုင်ထားလေသော အစ်ကိုထွင်းလက်ကလေးက တစ်ခေတ်မောင်လက်အတွင်းမှ ရုန်းနေလေ၏။ တစ်ခေတ်မောင် လွှတ်မပေးပါချေ။

"ကျုပ် ပြန်လျှော်ပေးပါ့မယ်...."

စူးစူးစိုက်စိုက်ကြည့်ကာ ပြောလာလေသော တစ်ခေတ်မောင်ကြောင့် ထွင်းမျက်နှာလွှဲရပြန်သည်။ အဘယ်ကြောင့်များ ထိုကလေး၏ အကြည့်များကို ကြာရှည်စွာ ခံနိုင်ရည်မရှိရပါသနည်း။

"ဟုတ်ပြီဟုတ်ပြီ....သဘောပါပဲလေ...."

ဒုတိယ္မိရုန်းသော အခါတွင်တော့ တစ်ခေတ်မောင်လည်း အတင်းဆုပ်ကိုင်မထားတော့ပါ။ အစ်ကိုထွင်းတစ်ယောက် ရှက်ရဲနေပြီလေ။ တစ်ခေတ်မောင် အစ်ကိုထွင်းအနောက်ဘက်သို့ ကျော်ကြည့်လိုက်မိတော့ စောစောနက အငြိမ့်သမလေးများ မရှိတော့ပါ။ တစ်ခေတ်မောင်သည်လည်း အစ်ကိုထွင်းရှေ့ရောက်တိုင်း အခြားသော အရာများကို မေ့လျော့သွားတတ်သည်ကြောင့် ထိုအငြိမ့်သမများကို သတိမထားမိခဲ့။

"ကဲကဲ.....ကားခေါင်းခန်းမှာ ဘယ်သူလိုက်မှာလဲ...."

ပစ္စည်းတင်သည့် ကုန်တင်ကားအား မောင်းမည့်သူမှာ ဦးငတုတ်ပင်။ ဦးငတုတ်က မောင်းသူဘေး ထိုင်မည့်သူအား အော်ခေါ်နေခြင်းဖြစ်သည်။

"ကျုပ်လိုက်မယ်ဗျို့...."

ကိုကြီး ငမှေးမှာ ပစ္စည်းတင်ကားနှင့် လိုက်သွားမည်ဖြစ်သည်။

"ဒါဖြင့်ရင် ငမှေး...မင်းက မေမြို့ကို ဦးဆုံးရောက်မှာဆိုတော့ ဆရာတော်ကို လျှောက်ထားပေးအုန်းနော်...."

"ဟုတ်ကဲ့ ဆရာရသ...."

သို့နှင့် ထိုကားမှာ အငြိမ့်သဘင်အိမ်ကြီးမှ ထွက်ခွာသွားလေ၏။ ပြီးနောက် အငြိမ့်သမများ၊ လူပြက်များ၊ ဇာတ်စင်အကူများ၊ စက်အဖွဲ့သားများနှင့် ဆရာရသတို့ လိုက်ပါရန် ဘတ်စ်ကားတစ်စီးဆိုက်ရောက်လာတော့သည်။

"ဗျို့ ဆရာရသ....ကျုပ် အချိန်မှန်ပါတယ်နော့...."

"မှန်တာမှအံကိုက်ပဲကွ..."

ဘတ်စကားဆရာ၏ အမေးကို ဆရာရသက အော်ကာဟစ်ကာ ပြန်ဖြေနေလေသည်။

"အစ်ကိုထွင်း...ဆရာရသက ဘတ်စ်ကား တစ်စီးငှားထားရတာပေါ့....."

ပထမတစ်ခါ ဘတ်စ်ကားစီးကတည်းက ကြောက်ရွံ့သွားသော တစ်ခေတ်မောင်မှာ အစ်ကိုထွင်းအား တိုးတိုးကပ်မေးရတော့သည်။

"ငှားတယ်ရယ်လည်း မဟုတ်ပါဘူးလေ....ဘတ်စ်ကားဆရာက ဆရာရသရဲ့ တူဆိုတော့လည်း အခေါက်တိုင်း ကူညီပေးတတ်တယ်...."

"ဒါဆို ကျုပ်လည်း သည်ကားနဲ့ လိုက်ရမှာပေါ့နော်...."

"သည်ကားနဲ့မလိုက်လို့ မေမြို့ထိ လမ်းလျှောက်သွားမလို့လား တစ်ခေတ်မောင်ရဲ့...."

အစ်ကိုထွင်းက ခပ်ဟဟရယ်ရင်း မေး၏။ တစ်ခေတ်မောင်မှာ ဂုတ်ပိုးကလေး ပွတ်လျက်။

"ကျုပ်က ဘတ်စ်ကားမူးတတ်တော့ ကြောက်လို့ပါဗျာ...."

"အဟုတ်လား...."

"အဟုတ်ပေါ့ဗျာ...."

အစ်ကိုထွင်းက မယုံသလို ပြန်မေးနေ၏။ ထိုအချိန်တွင်ပဲ သဘင်အိမ်ခြံကြီးအတွင်းသို့ မော်တော်ကားအနက်ကလေးတစ်စီး ဆိုက်ရောက်လာပြန်ပါသည်။ ထိုကားထဲမှ ဆင်းလာသူမှာ မဖိတ်ခေါ်ထားပါသော တစ်ခေတ်မောင် ကြည့်မရသည့် ဟယ်ရင်တင်ထူးမော် အဲလေ ဟယ်ရင်တန် ထူးမော်ပင်။

ထိုလူမှာ ဓာတ်ရှင်မင်းသားများကဲ့သို့ ဟန်ပါပါဖြင့် အစ်ကိုထွင်းထံ လျှောက်လှမ်းလာတော့သည်။

"ထူးမော်....မင်းဘယ်လိုလုပ် ရောက်လာရသလဲ...."

"ရာတို့ မေမြို့ဘက်သွားရမယ်ကြားလို့လေ....ကိုယ်လည်း မေမြို့က အမျိုးတွေဆီ မရောက်ဖြစ်တာ ကြာရောပေါ့....ဒါကြောင့် သွားလည်မလို့....ရာ ကိုယ့်ကားနဲ့ လိုက်ခဲ့ချေလေ...."

"အမ်....ငါ....."

အစ်ကိုထွင်းက တစ်ခေတ်မောင်ထံ ကြည့်လာလေ၏။ တစ်ခေတ်မောင်မှာတော့ ဟန်မဆောင်နိုင်စွာ မျက်နှာပျက်နေလေ၏။ မူးမော်ချင်စရာ ဘတ်စ်ကားအား အစ်ကိုထွင်းမပါပါဘဲ သူမည်သို့ စီးနင်းရမည်နည်း။ ပြိုတော့မည့် မိုးလို မျက်နှာပေးကလေးဖြင့် အစ်ကိုထွင်းအား ကြည့်နေမိသည်။

"နေပါစေ ထူးမော်...ငါ အဖွဲ့သားတွေနဲ့ပဲ သွားလိုက်ပါ့မယ်...."

"သို့...သို့ပေမဲ့....."

"လာ တစ်ခေတ်မောင်....ဘာမျှ မကြောက်နဲ့ ...ကားပေါ်တက်ကြရအောင်....."

အစ်ကိုထွင်းမှာ တစ်ခေတ်မောင်၏ လက်အား ကိုင်ဆွဲလျက် ဘတ်စ်ကားပေါ်သို့ ခေါ်သွားတော့သည်။ တစ်ခေတ်မောင်မှာ ကမ္ဘာကြီးအား အပိုင်စားရသွားသူနှယ် မျက်နှာကို မော်ချီလျက် ဟယ်ရင်တန်ထူးမော် ဆိုသူအား လည်ပြန်ကြည့်ပေးလိုက်တော့သည်။

"တောက်!!! ရာက တစ်ခါမျှ ငါ့ကို ငြင်းဖူးတာ မဟုတ်ဘူး....သည်တောသားတော့လား...."

ထူးမော်မှာ လက်သီးတင်းတင်းဆုပ်လျက် အံကြိတ်သံဖြင့် ရေရွတ်နေမိသည်။ ရာမှာ သူ့ထက်ပင် ထိုတောသားအား ရွေးချယ်သွားခြင်းကို မခံမရပ်နိုင်ဖြစ်နေတော့သည်။

"ငါ့တူ ထူးမော်ပါလား....ဘာလာလုပ်သတုန်း...."

"ဟုတ် ဆရာရသ....ကျွန်တော့် ရာ့ကို လမ်းကြုံဝင်နှုတ်ဆက်တာပါ.....သွားလိုက်ပါအုန်းမယ် ခင်ဗျ...."

"ဟေ...နေ...နေ..နေပါအုန်း...."

ပြန်ပင် မဖြေတော့ဘဲ ကားပေါ်တက် မောင်းထွက်သွားတော့ ထူးမော်အား ဆရာရသ နားမလည်နိုင်စွာ ကြည့်နေမိလေသည်။

"ဆရာရသရေ သွားကြမလားဗျို့...မကြာခင် နေထွက်လာတော့မယ်ရယ်...."

"ဟုတ်ပြီ ဟုတ်ပြီ...."

ဆရာရသက ကားခေါင်းခန်းတွင် ထိုင်မည်ဖြစ်သော်လည်း အဖွဲ့သားတို့ထံ ဦးစွာ မှာတမ်းခြွေ၏။

"လူစုံကြပြီနော်....အကုန်စုံကြပြီမဟုတ်လား...."

"စုံကြပါပြီ ဆရာရသ...."

"ဟုတ်ပြီဟုတ်ပြီ....နံနက်လင်းခါကျ လမ်းမယ် ခဏနားကြမယ်....နေ့လည်စာချိန်ကျ ခဏနားကြမယ်....ပြီးရင်တော့ တောက်လျှောက်ခရီးဆက်မယ်....အဆင်ပြေကြတယ်မဟုတ်လား....."

"ဟုတ်ကဲ့ပါ ဆရာရသ....."

သြဝါဒခြွေပြီးပါသော ဆရာရသ ကားခေါင်းခန်းတွင် နေရာယူပြီးသည့်နောက် ခရီးစဥ်စတင်လေတော့သည်။ ကားဘီး တစ်ဘီးလှိမ့်သည်နှင့် တစ်ခေတ်မောင်မှာ စတင်မူးနောက်နောက်ဖြစ်လာတော့သည်။ နှဖူးပြင်တွင် တိတ်သွားပြီဖြစ်သော ချွေးတို့ ပြန်ဆို့လာသည်။ သို့ကြောင့် နံဘေးတွင် ထိုင်နေသော အစ်ကိုထွင်း၏ လက်အား အားကိုးတကြီးဆုပ်ကိုင်မိသည်။

"ဘာဖြစ်သလဲ တစ်ခေတ်မောင်....ရိပ်တိတ်တိတ်ရှိလို့လား...."

"မူးနောက်နောက်ကြီး အစ်ကိုထွင်း....."

"မင်းအတွက် သံပုရာသီးတစ်လုံး ယူလာတယ်....ရှူထားလိုက်ချေ...သက်သာသွားလိမ့်မယ်ရယ်......"

အစ်ကိုထွင်းမှာ သံပုရာသီးလေးအား လက်ထဲတွင် လှိမ့်ပေးကာ နှာခေါင်းနားတေ့ပေးလာသည်။ သည်သံပုရာသီးအား အစ်ကိုထွင်းဘယ်အချိန်က ယူလာလိုက်မှန်းမသိတော့ပါ။ သံပုရာသီးမှာ အနည်းငယ်လှိမ့်ထားပေးခြင်းကြောင့် ရနံ့ပြင်းစွာရရှိနေ၏။ ထိုသံပုရာသီးရနံ့ကြောင့်ပင် အနည်းငယ် နေသာသလို ရှိလာသည်။

"နေပွင့်လာပြီဆိုတော့ အဆင်ပြေသွားမှာပါ....အရမ်းများ မူးနောက်နေရင် ပုခုံးပေါ် မှီထားချေ....."

အစ်ကိုထွင်းက တစ်ခေတ်မောင်ခေါင်းအား ထိန်းကိုင်ကာ မှီစေသည်။ တစ်ခေတ်မောင်မှာ သူ့ခန္ဓာကိုယ် သူ့အရပ်ကြီးကြောင့် အစ်ကိုထွင်းပုခုံးအား မှီရသည်မှာ မသက်သာလှ။ သို့ပေမဲ့ ကိုယ်ကိုလျှောကာ မရမက မှီထားမိသည်။ ဂရုတစိုက်ရှိလှသော အစ်ကိုထွင်းကြောင့် မူးနောက်နေသည့်ကြားမှ ရင်ခုန်ရပါသေး၏။

အစ်ကိုထွင်း၏ အကူအညီကြောင့် ယခင်ကလောက်တော့ ဘတ်စ်ကား မမူးတော့ပါချေ။ နံနက်လင်းလာသောအခါ နံနက်စာစားရန် ခေတ္တနားကြရသည်။ အစ်ကိုထွင်းကတော့ သူ့အား ရင်ပြည့်စေမည့် အစာများ စားခွင့်မပေးပါ။ အစ်ကိုထွင်းထည့်ယူလာသော သစ်သီးအချို့ကိုသာ စားရလေသည်။ နံနက်စာဆိုလျှင် ထမင်းကြမ်းခဲနှင့် ငပိရည်အား အားပါးတရစားနေကြမို့ ထိုကဲ့သို့မဆို့မပို့စားရသည့်အခါ တစ်ခေတ်မောင်မှာ အာသီသမပြေဘဲ ရှိလှသည်။ သို့သော်လည်း အစ်ကိုထွင်းကို မလွန်ဆန်နိုင်သည်မို့ ဘာမျှ​တော့ အထွန့်တက်ဖြစ်။ သစ်သီးများသာ စားထားခြင်းကြောင့် ဗိုက်ဆာရုံမှအပ အခြားတော့ မဖြစ်ပါချေ။ ကားမူးလည်း အတော်သက်သာလာခဲ့သည်။ လမ်းတစ်လျှောက်လုံး အစ်ကိုထွင်းက သူ့အား အာရုံလွဲစေရန် စကားများ ရေပတ်မဝင်ပြောပေးလာသည်လေ။ ထို့ကြောင့် ကားမူးဖို့ရန်ပင် မေ့လျော့သွားရတော့သည်။ လမ်းတစ်လျှောက်လုံး အစ်ကိုထွင်း၏ ပုခုံးပေါ်တွင် မှီ၍ တောက်လျှောက်လိုက်ပါလာခဲ့လေသည်။ အစ်ကိုထွင်းကတော့ ထို့အတွက် ညည်းညူခြင်းမရှိပါချေ။ နေ့လည်စာစားချိန်သို့ ရောက်လာချိန်မှာတော့။

"အစ်ကိုထွင်း...."

"ပြောလေ တစ်ခေတ်မောင်..."

"ကျုပ်....ကျုပ်...ကျုပ် ဗိုက်ဆာနေပြီဗျ...."

ရှက်လည်းမရှက်နိုင်တော့ပေ။ တဂွီဂွီမြည်ဟီးနေသော ဝမ်းဗိုက်အား မည်သို့မျှ လျစ်လျူမရှုနိုင်တော့။ သို့ကြောင့် ရှေ့မျက်နှာ နောက်ထားကာ ဗိုက်ဆာနေကြောင်းပြောရလေတော့သည်။

"အင်း....စားကြတာပေါ့...အိမ်ကနေ မင်းအကြိုက်ဟင်းကလေး ထည့်လာတယ်ရယ်...."

သို့နှင့် နေ့လည်စာအား အစ်ကိုထွင်းသယ်ဆောင်လာသော ကြက်သားဟင်းကလေးဖြင့် အတိုးချစားရလေတော့သည်။ တနင့်တပိုးစားသောက်ခြင်းက ကားပေါ်ရောက်ကာမှ ဇာတိပြလာတော့သည်။ မူးနောက်နောက်ပြန်လည်ခံစားလာရလေသည်။ ကားဘီးတစ်ဘီးလှိမ့်လေတိုင်း မူးဝေနောက်ကျိလာပြန်တော့သည်။

"ရှောက်သီးဆေးပြားကလေး စားထား...."

ရှောက်သီးဆေးပြားကလေးများ ကမ်းပေးလာသော အစ်ကိုထွင်း။ အစ်ကိုထွင်းက ရှောက်သီးဆေးပြားကလေးကျွေးလိုက်၊ သံပုရာသီးကလေး ရှူခိုင်းလိုက်၊ တစ်ခါတစ်ရံ နားထင်ကြောကလေးများအား နှိပ်နယ်ပေးလိုက်နှင့် တစ်ခေတ်မောင်အား ဂရုတစိုက်ရှိလှပေသည်။ အစ်ကိုထွင်း၏ စောင့်ရှောက်ပေးမှုများ​အား နှစ်သက်ပြီးရင်း နှစ်သက်လာရတော့သည်။ ပျော်ရွှင်ပြီးရင်း ပျော်ရွှင်ရတော့သည်။ မူးနောက်ခြင်းဝေဒနာများကတော့ လေထဲ၌သာ။

မေမြို့သို့ နေဝင်သွားချိန်၌ ရောက်ရှိလာခဲ့သည်။ မေမြို့ရောက်သည်နှင့် သိသာစွာ အေးစိမ့်လာလေ၏။ လေကလည်း ခပ်ကြမ်းကြမ်းဖြစ်သည်။ တစ်ခေတ်မောင် တွေးမိသည်က ထိုမျှ အေးလှသော ရာသီဥတုတွင် သုံးရက်သုံးညလုံးလုံး ဇာတ်ကလျှင် မည်မျှ အေးစိမ့်နေပါမည်နည်း။ အစ်ကိုထွင်း အဆင်ပြေပါမည်တဲ့လား။ တစ်ခေတ်မောင်မှာ မရောက်ရှိ၊ မဖြစ်ပေါ်သေးသော ရှေ့ပြေးအကြောင်းအရာများအား စဥ်းစားရင်း ချစ်ရသူအား စိတ်ပူလာရပြန်သည်။

*ချစ်ရသောအခါတွင် စိတ်နှလုံး ပင်ပန်းရပါသတဲ့....သို့ပေသော်ငြား အစ်ကိုထွင်းအတွက်သာဆိုလျှင် စိုးရိမ်ပူပန်ပေးရခြင်းသည်လည်း ပျော်ရွှင်ရသည်မို့ ပင်ပန်းမှုဆိုသည်ကို သဘောမပေါက်နိုင်တော့ပါချေ....*

မြို့လယ်မရောက်ခင်လောက်တွင် တည်းခိုရမည့် ဘုန်းကြီးကျောင်းသို့ ရောက်ရှိလာခဲ့သည်။ ဘုန်းကြီးကျောင်းတစ်ခုလုံးမှာ ဆီမီးအိမ်ကလေးများဖြင့် လင်းထင်းနေတော့သည်။ ထိုဘုန်းကြီးကျောင်း၏ မျက်နှာချင်းဆိုင်တွင် သီလရှင်ကျောင်းကလေးရှိပြန်သည်။ သီလရှင်ကျောင်းကလေးတွင် သဘင်ထဲရှိ အမျိုးသမီးများ တည်းခိုရမည်ဖြစ်ပြီး ဘုန်းကြီးကျောင်းတွင်တော့ အမျိုးသားတိုင်း တည်းခိုရမည်ပင်။ ဘုန်းကြီးကျောင်းဝန်းကြီးထဲ ကားရပ်လိုက်လေတော့ စောစီးစွာ ရောက်နှင့်လေသော ကိုကြီးငမှေးနှင့် ကျောင်းထိုင်ဆရာတော်မှ လာရောက်ကြိုဆိုလေ၏။

"ကဲ ဆင်းကြ...ဆင်းကြ..."

ဆရာရသ ဆော်သြသံအနောက် နွမ်းလျနေသော သဘင်သားများ ကားပေါ်မှ ဆင်းလာလေသည်။ တစ်ဦးချင်းစီတိုင်းမှာ ခရီးပမ်းမှုဒဏ်အား ခံစားနေကြရသည်။ တစ်ခေတ်မောင်တော့ မပါပါချေ။ ကားမူးတတ်သည့်သူမဟုတ်သည့်နှယ် လန်းဆန်းတက်ကြွနေပေတော့သည်။

"ဒကာလေးတို့ အနားယူဖို့အတွက် ဘုန်းဘုန်းတို့ အကုန်ပြင်ဆင်ပေးပြီးပါပြီ....ရေချိုးသန့်စင်ပြီးတာနဲ့ ညစာစားဖို့လည်း အဆင်သင့်ပါပဲ ဒကာလေးတို့....."

"တင်ပါ့ဘုရား....တပည့်တော်တို့အတွက် ပြင်ဆင်စီစဥ်ပေးထားလို့ ကျေးဇူးပါ အရှင်ဘုရား...."

ဆရာရသမှာ ကျောင်းထိုင်ဆရာတော်၏ ဝမ်းသာအဲလဲကြိုဆိုမှုအား ပြန်လည်တုံ့ပြန်စကားဆိုနေလေ၏။

"ဒကာမလေးတို့ကတော့ အရှေ့ဘက်က သီလရှင်ကျောင်းလေးဆီ သွားတည်းခိုရမယ်....သည်က ဆရာလေး လိုက်ပို့ပါလိမ့်မယ်...."

အငြိမ့်သမကလေးများနှင့် အခြားသော အဖွဲ့ဝင်အမျိုးသမီးများမှာ တစ်ကိုယ်ရည် အထုပ်အထည်များဆွဲကာ သီလရှင် ဆရာလေးနောက် လိုက်ပါသွားတော့သည်။

"တစ်ခေတ်မောင်ရေ....မင်းညီမတွေရဲ့ သေတ္တာလေး သွားပို့ပေးလိုက်ချေပါအုန်း...."

"ဆရာရသ တစ်ခေတ်မောင်က ကားနည်းနည်းမူးနေလို့ပါ...."

အစ်ကိုထွင်းက ဆရာရသစကားအား ဟန့်တားလာလေ၏။ တကယ်ဆို တစ်ခေတ်မောင်မှာ ထိုမျှလောက် မဆိုးရွားပါချေ။ ဤမျှလောက် အစ်ကိုထွင်း ဂရုစိုက်နေမှတော့ သူဟာ အဘယ်ကြောင့်များ မအီမသာဖြစ်နေရပါတော့မည်နည်း။ မည်မျှတောင် အဆင်ပြေလန်းဆန်းနေသလဲဆိုလျှင် ယခု ပြက်လုံးပြက်ခိုင်းလျှင်တောင် ခရေစေ့တွင်းကျ ပြက်နိုင်သည်အထိ။

"ဟေ...ဟုတ်သလား...ဒါဖြင့်ရင် ငတုတ်...မင်းသွားစမ်းကွာ...သူတို့လေးတွေလည်း ရေလေးဘာလေး ချိုးကြအုန်းမပေါ့...လဲရလှယ်ရအောင် သွားပို့ပေးလိုက်....."

"ဟုတ်ကဲ့ ဆရာရသ...."

ဦးငတုတ်က သေတ္တာကြီး မနိုင်မနင်းထမ်းကာ အမျိုးသမီးများနောက် လိုက်သွားချေတော့သည်။

"လူတိုင်းရေချိုးပြီးရင် ဆွမ်းစားဆောင်မှာ တွေ့ကြမယ်...ငါပြောတာ ကြားကြရဲ့လား...."

"ကြားပါတယ် ဆရာရသ...."

အမျိုးသားများအားလုံးမှာ ဘုန်းကြီးကျောင်း ဟောခန်းကြီးတွင် အားလုံးတစ်ပေါင်းတစ်စည်းတည်း အိပ်ကြရမည်ဖြစ်သည်။ ကိုယ်စီကိုယ်ငှ ခင်းစရာသင်ဖြူးကလေးများအား ကျောင်းထိုင်ဘုန်းကြီးက ပေးထားလေသည်။ အညာစောင်ကြီးများကိုလည်း တစ်ယောက်တစ်ထည်ကျ ပေးထားသည်မို့ သိပ်တော့ ပူစရာမလိုပါချေ။ ခေါင်းအုံးများကတော့ လောက်ငှမှုမရှိခဲ့ပါ။ သို့ပေမဲ့လည်း အကုန်လုံးမှာ ယောက်ျားသားများမို့ ထိုမျှလောက်ထိ အရေးတယူလုပ်မနေတော့ ရှိတာနှင့် အုံးအိပ်ကြမည်သာ။ ဆောင်းရာသီဝင်ခါစ အချိန်ဆိုသော်လည်း အတော်အေးချမ်းလှပေသည်။ သို့ကြောင့် တော်တော်များများ ရေမချိုးနိုင်ကြ။ တစ်ခေတ်မောင်ကတော့ ကားမူးပြေသွားစေရန် ရေချိုးပစ်လိုက်သည်။ ရေချိုးဆောင်ကလေးများမှာ တစ်ယောက်ခန်းသီးသန့်ကလေးတွေမို့ အဆင်ပြေသည်ထက် ပိုပါ၏။ အသန့်ကြိုက်သော အစ်ကိုထွင်းသည်လည်း မေးရိုက်သည်အထိ အေးနေသည့်ကြားမှ ရေချိုးဖြစ်အောင် ချိုးလေသည်။

ထို့နောက် ဆွမ်းစားဆောင်တွင် ထမင်းစားကြလေသည်။ ပင်ပန်းနေသူများပေမို့ စားသောက်လိုက်ကြသည်မှာ ခေါင်းမဖော်တမ်းဖြစ်သည်။ ကျောင်းထိုင်ဆရာတော်မှာ တည်ခင်းပေးသော အစားအသောက်များအား အားပါးတရစားသောက်ကြသည်မို့ သဘောအကျကြီးကျနေတော့သည်။ အိပ်ယာဝင်တော့မည့်အချိန်တွင် ဟောခန်းထဲ၌ နေရာထိုင်ခင်းနေရာချနေကြသူများ၊ နေရာရွေးနေသူများနှင့် ပြည့်နှပ်နေသည်။ တစ်ခေတ်မောင်မှာ အိပ်နေရင်း အီးတဘူဘူပေါက်တတ်သော ကိုကြီးသာကူဘေးတွင် အိပ်ရမည်မို့ မျက်နှာကလေး ညှိုးနေတော့သည်။ တစ်ဖက်ခြမ်းတွင်တော့ ဘုန်းကြီးကျောင်းကျွန်းတံခါးပေါက်ကြီးသာရှိတော့သည်။

"တစ်ခေတ်မောင်...ငါကြားတာတော့လေ...သည်ကျောင်းကြီးမှာ နာနာဘာဝတွေ တယ်ပေါဆိုပဲ...."

ကိုကြီးရှမ်းလေးမှာ တစ်ခေတ်မောင်တို့ဘက်လာကာ သတင်းပေးနေလေ၏။

"အဟုတ်လား...ရှမ်းလေး..."

ကိုကြီးသာကူမှာ မယုံကြည်သည့်လေသံဖြင့် ပြန်မေးလေ၏။

"အဟုတ်ပါဆိုဗျာ....ကျောင်းထိုင်ဆရာတော်က သိပ်ကို သမာဓိကောင်းသတဲ့...သည်နယ်တစ်ဝိုက်မှာ သည်ကျောင်းထိုင်ဆရာတော်က ဘုန်းတန်ခိုးအကြီးဆုံးပဲတဲ့...ဒါကြောင့်လည်း သရဲသစ္ဆေနာနာဘာဝတွေက သာဓုအနုမောဒဏာခေါ်ဆိုချင်လို့ သည်ကျောင်းကြီးမှာ ကပ်တွယ်နေကြတာ အများကြီးတဲ့...."

"ဒါတော့ ငါလည်း ကြားတယ်ဟေ့...."

ကိုကြီးရှမ်းလေး အားပါးတရပြောပြနေသည်ကို ကိုကြီးငွေခဲမှာ ဝင်ရောက်ထောက်ခံလေ၏။

"ငါတော့ သည်ကို ခြေချတာနဲ့ ကျောကို ချမ်းတက်လာတော့တာပဲဟေ့...."

ကိုကြီး ငမှေးမှာလည်း စကားဝိုင်းထဲ ပါဝင်လာကာ ထောက်ခံပြောဆိုနေ၏။

"ညဘက်တွေများဆိုရင် တငိုငိုတရယ်ရယ်နဲ့ ခြောက်လှန့်တတ်တဲ့ သစ္ဆေမတစ်ကောင်ရှိတယ်တဲ့....သည်အဆောင်ကြီးရဲ့ အရှေ့က မန်ကျည်းပင်ကြီး တွေ့ခဲ့တယ်မဟုတ်လား....အဲ့မန်ကျည်းပင်ကြီးမှာ အဲ့သစ္ဆေမက နေတာတဲ့..."

ကိုကြီး ငမှေးကလည်း အားပါးတရဝင်ပြောသည်။ ရောက်သည်မှာ နေ့တစ်ပိုင်းပင် မပြည့်သေး။ သတင်းများမှာလည်း စုံလင်လှသည်။ တစ်ခေတ်မောင်ကတော့ ငယ်စဥ်ကတည်းက ဘုန်းကြီးကျောင်းတွင် နေထိုင်ခဲ့သူမို့ နေသားကျနေပြီး သရဲသစ္ဆေလည်း မကြောက်တတ်ပါချေ။ ဘုန်းကြီးကျောင်း သာသနာ့နယ်မြေများအတွင်း အမျှလိုချင်၍ ကပ်တွယ်နေကြသော သရဲသစ္ဆေများရှိသည်မှာ မဆန်းပါချေ။

"အစ်ကိုကြီးတို့ ပြောနေတာ အဟုတ်လားဟင်...."

"အား!!!!!"

တုန်တုန်ယင်ယင်အသံကြီးတစ်ခုပေါ်ပေါက်လာ၍ တစ်ခေတ်မောင်မှ လွဲ၍ လူပြက်တစ်သိုက်မှာ ကြောက်လန့်စွာ အော်ဟစ်ကြတော့သည်။ သို့သော် ထိုအသံကလေးမှာ ကျုံ့ကျုံ့ကလေးနှင့်လာနားထောင်နေသော အစ်ကိုထွင်းထံမှ ဖြစ်၏။ အစ်ကိုထွင်း၏ ပုံစံကလေးမှာ လူကြီးများ၏ စကားဝိုင်းအတွင်း ဝင်ရောက်နားထောင်နေသော ကလေးငယ်လေးတစ်ဦးလို။

"ဟာကွာ...ထွင်းကလေး....ငါဖြင့် လန့်သွားတာပဲ...အသံမပေးဘာမပေးနဲ့...."

"ကျွန်တော်လည်း လာနားထောင်နေတာပါလေ..."

အစ်ကိုထွင်းက မျက်နှာငယ်လေးဖြင့် ဆိုလေသည်။

"မင်းတို့တွေ ဘာတွေ အော်ဟစ်နေကြတာတုန်း...အိပ်ချိန်ရောက်နေပြီ....အိပ်ကြတော့ဟ...မနက်ကျရင်လည်း အစောကြီးထရအုန်းမယ်မဟုတ်လား...."

ဆရာရသက ဝင်ရောက်ဆူပူပြန်တော့သည်။ ထိုအခါမှ လူစုကွဲသွားကာ ကိုယ့်နေရာသို့ ကိုယ်ပြန်သွားကြသည်။ အစ်ကိုထွင်းကတော့ မသွားသေးပေ။ တစ်ခေတ်မောင်အနား၌ ကပ်လျက် ကျုံ့ကျုံ့ကလေးထိုင်နေသေးသည်။ တစ်ခေတ်မောင်ဘေးနေရာတွင် အိပ်ရမည့် ကိုကြီးသာကူမှာမနေသာတော့။

"အက္ခရာ...သွားအိပ်တော့လေ...."

"ဟိုလေ....ကျွန်တော်...."

အစ်ကိုထွင်းက ကျွန်တော့်ထံ လှည့်ကြည့်လာ၏။ ပြီးနောက် ကိုကြီးသာကူထံသို့ ပြန်လှည့်သွားကာ။

"ကျွန်တော် တစ်ခေတ်မောင်ဘေးမယ် အိပ်လို့ရမလား...."

"ဟေ...."

ကိုကြီးသာကူတစ်ယောက် မျက်လုံးပြူးသွားသကဲ့သို့ သူသည်လည်း ရင်အစုံအခုန်မြန်လာတော့သည်။ အစ်ကိုထွင်းက သူ့ဘေးမယ် အိပ်ချင်သတဲ့လေ။ တစ်ခေတ်မောင် မအိပ်ရသေးဘဲ အိပ်မက်မက်နေခြင်းမဟုတ်ဘူးမဟုတ်လား။

"အေးအေး အိပ်လေ...သွား မင်းခေါင်းအုံးသွားယူချေ...."

"ကျွန်တော် ခေါင်းအုံးမရဘူးဗျ...သည်အတိုင်း အိပ်မှာရယ်...."

"ပြီးတာပါပဲ....ဒါဆို သွားအိပ်ပြီနော့...."

ကိုကြီးသာကူမှာ အစ်ကိုထွင်း၏ မူလနေရာတွင် သွားအိပ်နေလေ၏။ အစ်ကိုထွင်းသည်လည်း တစ်ခေတ်မောင် ဘေးနေရာတွင် တစ်ခေတ်မောင်ဘက်သို့လှည့်ကာ ခေါင်းအောက်လက်နှစ်ဖက်ခုလျက် အိပ်ရန် ကြိုးစားနေလေပြီ။ ငုတ်တုတ်ကြီးကျန်နေခဲ့သူမှာ တစ်ခေတ်မောင်ရယ်ပါ။ သည်တဒုန်းဒုန်းခုန်လှုပ်နေသော နှလုံးသားအား မည်သို့ အရှိန်သတ်ရမည်နည်း။ ယနေ့ညအား မည်သို့ ကျော်ဖြတ်ရပါမည်နည်း။

"တစ်ခေတ်မောင် လာအိပ်လှည့်လေ...."

အစ်ကိုထွင်း၏ အသံကြောင့် တစ်ခေတ်မောင်ကိုယ်မှာ တောင့်ခနဲရယ်။ နှဖူးထက် အနည်းငယ်ဆို့ချင်လာသော ချွေးစတို့ကို ပွတ်သုတ်လိုက်ရင်း ကိုယ့်နေရာတွင် ပက်လက်လှဲလျောင်းလိုက်သည်။ အစ်ကိုထွင်းဘက်သို့ လှည့်မကြည့်နိုင်ပါချေ။

"တစ်ခေတ်မောင်...."

"ဗျာ့!!!!ဗျာ..."

"အိပ်ပျော်နေပလား...."

"အိပ်မပျော်သေးပါဘူး...."

တစ်ခေတ်မောင် ဖြေသာဖြေနေရသော်လည်း အသံတို့မှာ တုန်နေလေ၏။ စိတ်တို့မှာ ဂယောက်ဂဟက်နှင့် အစိုးမရစွာ လှုပ်ခတ်နေလေသည်။ အစ်ကိုထွင်းမှာ သူ့အား ထိုမျှလောက် ပြုစားနိုင်ပါပေသည်။

"သည်ဘက်လှည့်အိပ်ပါ့လား....."

"ခင်ဗျာ!!!!!"

တစ်ခေတ်မောင် ခပ်ကျယ်ကျယ်ကလေး ပြန်တုံ့ပြန်ဖြစ်သည်။

"တိုးတိုးပြောပါ တစ်ခေတ်မောင်ရယ်....ငါ...ငါ တစ္ဆေကြောက်လို့ သည်ဘက်ကလေး လှည့်အိပ်ပေးပါလားလို့...."

"ဟုတ်....ဟုတ်..."

ချစ်မိနေသည့် သည်လူမှာ သည်စကားကလေးကို ငြင်းဆန်နိုင်ပါမည်တဲ့လား။ အစ်ကိုထွင်းဘက်သို့ လှည့်လိုက်လေတော့ တစ်ခေတ်မောင်အား ငေးစိုက်ကြည့်နေသည့် မျက်ဝန်းကလေးနှင့် ဆုံလေသည်။ အလင်းရောင်ကင်းမဲ့နေသော အမှောင်ထုအောက်တွင်ပင် ထိုမျက်ဝန်းကလေးများမှာ လင်းလက်ချင်တိုင်း လင်းလက်နေပေတော့သည်။ အစ်ကိုထွင်း၏ အလှအပအောက် သူသည်ကား တုပ်တုပ်မျှမလှုပ်နိုင်တော့ပါချေ။ ခေါင်းအုံးမရှိသည့် သူသည်လည်း အစ်ကိုထွင်းနည်းတူ ခေါင်းအောက် လက်နှစ်ဖက်ခုကာ အစ်ကိုထွင်းဘက်သို့ လှည့်အိပ်နေမိသည်။

"ကျုပ် သီချင်းဆို သိပ်ရမလား....."

"ငါက ကလေးသူငယ်လား တစ်ခေတ်မောင်ရယ်...."

"ကလေးသူငဟ်တွေကိုပဲ သီချင်းဆိုသိပ်ရမယ်လို့မှ မဆိုလိုတာ....အစ်ကိုထွင်း ကြောက်နေတယ်ဆို...ကျုပ် သီချင်းဆိုသံက အစ်ကိုထွင်းကို အိပ်ပျော်ဖို့ရာ ကူညီနိုင်မှာပါ...."

"ဒါဖြင့်ရင်လည်း...."

အစ်ကိုထွင်းမှာ ပြုံးပြလာလေ၏။ နှစ်လိုဖွယ်ပြုံးပြလာလေသော အစ်ကိုထွင်း​သည် အမှောင်ထုအောက်တွင် အတောက်ပဆုံးဖြစ်နေသည်ဟု ဆိုလျှင် လော်လီကိုးကားသည်များ ဖြစ်နေမလား။ သို့ပေမဲ့ ဤသည်မှာ အမှန်တရားဖြစ်နေပါ၏။

"~~~စံပယ် တစ်ကုံးဖြင့် သူ့ကို ပန်ပေးချင်တယ်~~~
~~~ကိုကိုယ်တိုင် ရွေးလို့ သီမယ်~~~
~~~မေးပါရစေ ပျိုခင်သက်ထား မျက်ခြယ်~~~
~~~ငြင်းပယ်မှာလား ချစ်သူရယ်~~~

~~~ဖြူလွှလွှ ပန်းငွေစံပယ်ကုံးအသွယ်~~~
~~~ကြည်လင်ပျံ့မွှေးကြူတယ်~~~
~~~ကိုယ့်မေတ္တာ စေတနာ မိုးကကြွယ်~~~
~~~ချစ်ဦးသူအတွက် ပန်ပေးမယ်~~~

~~~ဆံမြညှာထက်မှာကွယ်~~~
~~~ချစ်စရာ့ ငွေစံပယ်ကုံးနဲ့ရယ်~~~
~~~ရင်ထဲမှာ ချမ်းမြေ့ဖွယ်~~~
~~~ပန်းအလှတစ်ကုံးနဲ့ သူတင့်တယ်~~~"

တိုးညှင်းလှသည့် သီချင်းညည်းသံလေးသည် နီးကပ်လှသူလေးအဖို့ ကြားနိုင်ဖို့ရာ ဖြစ်နိုင်ပေသည်။အေးအေးချိုမြသည့်သီချင်းသံလေးကြောင့် အစ်ကိုထွင်းမှာ မတင်းခံနိုင်ဘဲ အိပ်မောကျသွားလေတော့သည်။ အစ်ကိုထွင်းမယ် ပင်ပန်းနေရှာမပေါ့။ တစ်နေ့လုံး တစ်ခေတ်မောင်အား ပုခုံးငှားရမ်းပေးထားသည်မို့ သိပ်ကို ပင်ပန်းနေရှာမည်သာ။ အသက်ရှူမှန်မှန်ကလေးဖြင့် အိပ်ပျော်သွားသော အစ်ကိုထွင်း၏ မျက်နှာလေးအား ရှင်းလင်းစွာ မြင်ရစေရန် ဆံစကလေးများကို နားနောက်သို့ သပ်တင်ပေးလိုက်သည်။

"မနက်ဖြန်တော့ အစ်ကိုထွင်းကို စံပယ်ကုံးကလေး ပန်ဆင်ပေးဖို့ မဖြစ်နိုင်တော့ဘူးပေါ့...."

အငြိမ့်သဘင်အိမ်ရှိ စံပယ်ရုံကလေးကိုပင် သတိရမိသွားတော့သည်။ အစ်ကိုထွင်း၏ လက်ကလေးများ ကျဥ်ထုံနေမည်စိုးသည်ကြောင့် ခေါင်းခုအုံးထားသော လက်ကလေးများကို ဖြည်းဖြည်းဆွဲယူကာ ထိုနေရာတွင် တစ်ခေတ်မောင်၏ လက်မောင်းကြီးမှာ နေရာဝင်ယူလာ၏။

"အခု လက်မောင်းငှားဖို့ ကျုပ်အလှည့်ပေါ့ အစ်ကိုထွင်း....သည်က တစ်ခေတ်မောင်ဆိုသူက အစ်ကိုထွင်းအတွက်ဆို တစ်သက်တာ လက်မောင်းငှားပေးချင်သူပါလေ..."

တစ်ခေတ်မောင် အစ်ကိုထွင်း မျက်နှာလေးအား တစိမ့်စိမ့်ကြည့်ကာ ဆိုမိလေသည်။ ခြေရင်းရှိ အညာစောင်ကြီးအား ဆွဲယူကာ နှစ်ဦးသား စောင်တစ်ထည်အောက် ကျုံ့လျက်လေး အိပ်မောကျသွားလေတော့သည်။ အိပ်မက်ယောင်သည့် အစ်ကိုထွင်းမှာ တစ်ခေတ်မောင်၏ အင်္ကျီရင်ဘတ်သားလေးအား လက်ကလေးဖြင့် ဆုပ်ကိုင်ထားလေတော့သည်။

*တစ်သက်တာများ ထိုကဲ့သို့ စောင်တစ်ထည်တည်း​အောက် အနွေးဓာတ် မျှဝေရလျှင် မည်မျှ နွေးထွေးလုံခြုံလိုက်မလဲ အစ်ကိုထွင်းရယ်....ကျုပ်ဖြင့် စိတ်ကူးကလေးဖြင့်ပျော်ကြည့်မိပါရဲ့....*

=====================

17.8.2022🖤ဆွေး🖤

အရှည်ကြီး upပေးထားတယ်နော်...





















Continue Reading

You'll Also Like

520K 34.4K 84
Myint Myat Paing Naung X Shin Minn Thant Started Date : 1 Oct, 2022 Ended Date : Just OliviaThet-Eleanor's imaginary
326K 13K 40
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
1.5M 68.6K 37
adult story(18+) သင့်သခင်×ရုပ်သေး 9.1.2023...