သည်မောင် လက်ခုပ် တီးပါ့မယ် (...

By moe_for_more

144K 11.5K 3.1K

အစ်ကိုထွင်းက ဇာတ်စင်ပေါ်မယ် အချိုးအချိတ်ကျကျ လှလှကလေး ကကြိုးဆင်ပါလေ....သည်မောင်ကတော့ ဇာတ်စင်အောက် တစ်နေရာကနေ... More

Author's note
၁ (Z)
၂(Z)
၃(Z)
၄ Z
၅(Z)
၆(Z)
၇(Z)
၈(Z)
၉(Z)
၁၀
၁၀(Z)
၁၁
၁၂
၁၂ (Z)
၁၃
၁၃ (Z)
၁၄
၁၄ (Z)
၁၅
၁၅ (Z)
၁၆
၁၆ (Z)
၁၇
၁၇ (Z)
၁၈
၁၈ (Z)
၁၉
၁၉ (Z)
၂၀
၂၀ (Z)
၂၁
၂၁ (Z)
၂၂
၂၂ (Z)
၂၃
၂၃ (Z)
၂၄
၂၄ (Z)
၂၅
၂၅ ( Z)
၂၆
၂၆ (Z)
၂၇
၂၇ (Z)
၂၈
၂၈ (Z)
၂၉
၂၉ (Z)
၃၀
၃၀ (Z)
၃၁
၃၁ (Z)
၃၂
၃၂ (Z)
၃၃
၃၃ (Z)
၃၄
၃၄ (Z)
၃၅
၃၅ (Z)
၃၆
၃၆ (Z)
၃၇
၃၇ (Z)
၃၈
၃၈ (Z)
၃၉
၃၉ (Z)
၄၀ (ဇာတ်သိမ်းပိုင်း)
၄၀ (ဇာတ်သိမ်းပိုင်း) (Z)
အခပျြပို
အချပ်ပို
အခပျြပို၂
အချပ်ပို၂
မောင့်ဒိုင်ယာရီ
မောင့်ဒိုင်ယာရီ
နောက်ကျမှ ရေချိုးမိတဲ့အခါ (ေနာက္က်မွ ေရခ်ိဳးတဲ့အခါ)
ပေသလူးနဲ့ တို့များတစ်ခေတ်မောင်
အဆုံးသတ်မဟုတ်လေသော အဆုံးသတ်
Book Announcement
book cover and details

၁၁(Z)

583 37 0
By moe_for_more

Zawgyi

"ငါတို့လို လူမျိုးတွေက သိပ်ကိုပဲ ရွံစရာကောင်းနေသလား...."

အစ်ကိုထွင်း၏ အမေးစကား၌ တစ်ခေတ်မောင်တစ်ယောက် စကားလုံးများ ပျောက်ရှကုန်၏။ ရွံစရာတဲ့လား။ ထိုကဲ့သို့ မတွေးဖူးဘူးဟု မငြင်းနိုင်ပေမဲ့ ယခုတော့ ထိုအတွေးမျိုးမရှိတော့ပြီမှန်း အာမခံနိုင်လေသည်။ သို့ပေမဲ့ အစ်ကိုထွင်းရဲ့ 'ငါတို့လို လူမျိုး' ဆိုသည်မှာ မည်သည်ကို အဓိပ္ပာယ်ဆောင်ပါသနည်း။

"အစ်ကိုထွင်းက----"

"မင်းတို့သုံးနှုန်းတဲ့ အခြောက်ဆိုတဲ့အသုံးအနှုန်းက သိပ်ကို ရင့်သီးလွန်းပါတယ်လေ တစ်ခေတ်မောင်ရယ်....ငါသည်လည်းပဲ အမျိုးသမီးတစ်ဦးလို ဝတ်ဆင်ပြုမူရတဲ့ အချိန်အခါတွေရှိတာမို့ ထိုလူမျိုးတွေထဲ ငါလည်း အပါအဝင်ပဲလို့ မှတ်ယူတယ်....ငါနားမလည်တာက ငါတို့ဘဝက ပြက်လုံးတစ်ခုလား တစ်ခေတ်မောင်....သည်ဇာတ်အဖွဲ့တင်မဟုတ်ဘူး ငါသိသမျှ အငြိမ့်အဖွဲ့တိုင်းက ငါတို့ရဲ့ ဖြစ်တည်မှုကို ပြက်လုံးအဖြစ် အသက်သွင်းကြတယ်....ဒါဟာ မတရားရာ ကျမနေပေဘူးလား....သည်အတိုင်း တည်ရှိနေတဲ့ ငါတို့ တည်ရှိမှုကို သည်လိုမျိုးတွေ ခလုတ်တိုက်နေမှ ဖြစ်မှာလား...."

အစ်ကိုထွင်းမှာ ပြောရင်းပြောရင်းဖြင့် အသံများ တိုးတိမ်ဝင်သွားကာ မျက်ရည်များကသာ စကားလုံးများအဖြစ် ထွက်ပေါ်လာပေ၏။ ခပ်အေးအေး အပြုံးကလေးများမှ အပ အခြားသောအရာများ ဖန်တီးလေ့ဖန်တီးထ မရှိလေသော အစ်ကိုထွင်းထံ၌ မမြင်ဖူးခဲ့လေသော မျက်ရည်ဥကလေးများအား မြင်တွေ့ရချိန်တွင် တစ်ခေတ်မောင်၏ နှလုံးသားမှာ လက်တစ်စုံဖြင့် ဖျစ်ညစ်ခံရသကဲ့သို့ တင်းကြပ်နာကျင်လာရလေ၏။ အစ်ကိုထွင်းထံသို့ လျှောက်လှမ်းသွားမိပြီး အစ်ကိုထွင်းအား ရင်ခွင်ထဲသို့ ထည့်ဖွက်မိပါ၏။ အစ်ကိုထွင်းထံမှ လေးတွဲ့စွာ ပြန်လည်မှီတွယ်လာသော တစ်ခဏ တစ်ခေတ်မောင်မှာ အစ်ကိုထွင်း၏ ပုခုံးစွန်းလေးအား ဖျစ်ညစ်မိပါ၏။

"ကျုပ် ဆရာရသတို့ကို ပြန်ပြောပြီး အဲ့သည့်ပြက်လုံးကို ဖြုတ်ချလိုက်ပါ့မယ်....အစ်ကိုထွင်းကတော့ ကျုပ်အတွက်ပဲ ဖြစ်ဖြစ် အငိုတိတ်ပေးလှည့်ပါ....."

"တစ်ခေတ်မောင်....မင်းရော ငါ့ကို ရွံ့သလားဟင်...."

အစ်ကိုထွင်းက လက်သီးဆုပ်ကလေး တစ်ခေတ်မောင်ရင်ဘတ်ပေါ်တင်လျက် မျက်ရည်များဖြင့် မေးလာ၏။ တစ်ခေတ်မောင် ထိုလက်သီးဆုပ်ကလေးကို ဆုပ်ကိုင်လိုက်ပြီး။

"ရွံစရာလား အစ်ကိုထွင်းရယ်.....မရွံရပါဘူးဗျာ...."

"ငါက အမျိုးသမီးတစ်ဦးလို ဝတ်ဆင်ရတာ နှစ်သက်ရင်တောင်မှလား...."

အစ်ကိုထွင်းက အထွန့်တက်လာ၏။

"ဒါပေါ့.....လူတစ်ကိုယ် အကြိုက်တစ်မျိုးစီတဲ့....ကျုပ်က ရွံစရာလား...."

"ဇာတ်စင်ပေါ်မယ် အမျိုးသမီးတစ်ဦးလို နွဲ့နွဲ့နှောင်းနှောင်း သီဆိုကခုန်နေရင်တောင်မှလား...."

"ဒါပေါ့ဗျာ....."

"ဒါဆို နောက်ဆုံးမေးပါရစေ....ငါကအမျိုးသားတစ်ဦးဖြစ်လျက် အမျိုးသမီးတစ်ဦးကို မချစ်နိုင်တဲ့ လူတစ်ယောက် ဖြစ်နေတယ်ဆိုရင်တောင်မှလား....."

"ဟင်-----"

တစ်ခေတ်မောင်၏ နှလုံးသားမှာ အသွေးအသား၏ အပြင်ဘက်သို့ ခုန်ပေါက်ထွက်တော့မတတ် တဒုန်းဒုန်းခုန်လှုပ်လာ၏။ အမျိုးသမီးတစ်ဦးကို မချစ်နိုင်တဲ့ လူတစ်ယောက်တဲ့။ အုံ့မှိုင်းနေသော ကောင်းကင်ကြီးမှ နေအလင်း ရုတ်တရက်ဖြာကျလာသကဲ့သို့ တစ်ခေတ်မောင် ပြုံးလိုက်မိသည်။ မျှော်လင့်ချက်ရောင်ခြည်ကလေး ဖြာကျလာသည်မို့ မပြုံးဘဲမနေနိုင်တော့ပါချေ။ တစ်ခဏ အတွေးများစွာ အရောင်လက်လျက် မှင်သက်နေမိ၍ ငြိမ်သက်နေမိသော တစ်ခေတ်မောင်အား အစ်ကိုထွင်းက မည်သို့ ထင်မြင်သွားသည်မသိ ရင်ခွင်ထဲမှ ရုန်းထွက်သွားလေ၏။

"တောင်းပန်ပါတယ် တစ်ခေတ်မောင်....ငါလည်းပဲ ဘာတွေပြောမိနေမှန်းကို မသိတော့ပါဘူးလေ....ဆရာရသတို့နဲ့ တိုင်ပင်ပြီး ပြက်လုံးကို ပြန်ဖျက်လိုက်ပါ....သူတစ်ပါးရဲ့ ဖြစ်တည်မှုကို ခလုတ်တိုက်ပြီးမှ အောင်မြင်ချင်တဲ့သူတွေရယ်လို့ အဖြစ်မခံချင်လေဘူး...ပြက်လုံးပြက်တဲ့အခါ ညစ်ညမ်းတဲ့ စကားအသုံးအနှုန်းတွေကို ရှောင်ရှားရသလို တစ်ပါးသူရဲ့ ဖြစ်တည်မှုကို သရော်လှောင်ပြောင်တာမျိုးကိုလည်း ရှောင်ရှားသင့်တယ်ရယ်...."

အစ်ကိုထွင်းဟာ သူပြောချင်သည်မှာကို စီတန်းကာ ပြောပြီးသည်နှင့် သူ့အခန်းရှိရာ အပေါ်ထပ်ဆီသို့ ပြေးတက်သွားတော့လေသည်။

"ဟူးးးး ခက်ရန်ကော အစ်ကိုထွင်းရယ်...."

တစ်ခေတ်မောင်မှာ တောက်ပနေသော အပြုံးကိုတော့ဖြင့် မဖုံးဖိနိုင်ဘဲ ရှိလှသည်။ သူ၏ အစ်ကိုထွင်းအပေါ် ထားရှိလေသော ခံစားချက် အမြူအတေများအား တစ်သက်တာ သိမ်းဆည်းထားဖို့ရာ တွေးထားခဲ့ဖူး၏။ အကြောင်းမှာ အစ်ကိုထွင်းသည် အငြိမ့်ကသည့်အချိန်များတွင်သာ အမျိုးသမီးတစ်ဦးလို ဝတ်ဆင်တတ်လေပြီး သာမန်အချိန်များတွင် ပုဆိုးကလေးနှင့် ခပ်အေးအေးနေတတ်သူပင်။ ပျော့ပျောင်းနွဲ့နှောင်းနေခြင်းလည်းမရှိသလို ပုံမှန်အတိုင်း နေထိုင်တတ်သူဖြစ်သည်ကြောင့် အကယ်၍ တစ်ခေတ်မောင်သာ သူ့ခံစားချက်တို့ ထုတ်ဖော်ပြမိလျှင် လက်ရှိခင်မင်မှုလေးပျောက်ပျက်ကာသွားမည်ကို စိုးမိသည်ကြောင့်ပင်။ အစ်ကိုထွင်းသာ အမျိုးသမီးများကိုသာ နှစ်သက်သဘောကျတတ်သူဖြစ်နေ​ပါလျှင် သူသည်လည်း မဖြစ်နိုင်မှန်းသဘောပေါက်သွားရကာ အသည်းကွဲခြင်းဝေဒနာကို ခံစားရမည်စိုးသောကြောင့်။ ယခုတွင်တော့ အစ်ကိုထွင်းဟာ အမျိုးသမီးများအပေါ် မေတ္တာသက်ဝင်ချစ်ခင်နိုင်ခြင်းမရှိဘူးဆိုလေတော့ 'အမျိုးသားများကို နှစ်သက်သည်'ဟု မဆိုသော်ငြား သူ့တွင် မပြောပလောက်သော ပျော်ရွှင်မှုလေးကို ခံစားရလေသည်။ ယနေ့မှစ၍ အစ်ကိုထွင်းထံ သူထားရှိလေသောချစ်ခြင်းတရားတို့အား ဖော်ပြနိုင်ဖို့ရာ ကြိုးစားပေတော့မည်။

#####

နောက်တစ်နေ့မနက်သို့ရောက်ရှိချိန်တွင်တော့ တစ်ခေတ်မောင်မှာ သီချင်းတအေးအေး ခပ်မြူးမြူးဖြစ်နေတော့သည်။ အစ်ကိုထွင်းတစ်ယောက်ကတော့ ယခင်နေ့များကလို မျက်နှာသစ်သလိုလိုဖြင့် စံပယ်ရုံအား ရေလောင်းနေသည့် တစ်ခေတ်မောင် သီချင်းညည်းနေသည်ကို လာရောက်နားမထောင်တော့ပါချေ။ တစ်ခေတ်မောင်မှာ မနေ့ညကတည်းက ဆရာရသတို့ဖြင့် တိုင်ပင်ကာ ယမန်နေ့မှ ပြက်လုံးအား ဖြုတ်ချလိုက်ပြီဖြစ်၏။

"ထွင်းကလေးပြောတာလည်း မှန်တာပါပဲ....တစ်ပါးသူရဲ့ တည်ရှိမှုကို ပြက်လုံးအဖြစ် မတင်ဆက်ဖို့ မသင့်တော်ဘူး...."

"ကျုပ်လည်း ထောက်ခံတယ်...."

"ကျုပ်လည်းလက်ခံတယ်...."

အစ်ကိုကြီးများမှ ဝိုင်းဝန်းထောက်ခံကြပြီးချိန်တွင်တော့ ဆရာရသဟာ ထိုပြက်လုံးအား ဖျက်ချရန် သဘောတူလိုက်လေတော့၏။

တစ်ခေတ်မောင် သက်ပြင်းကလေးချမိသည်။ အပေါ်ထပ်ဆီသို့ မျှော်ကြည့်လိုက်ပြီး ပြတင်းပေါက်မှသည် သူ့အား ခိုးငေးနေကျဖြစ်လေသော အစ်ကိုထွင်းအား ရှိလိုရှိငြား ရှာကြည့်မိသည်။ အစ်ကိုထွင်းမှာ မနက်ခင်း သူသီချင်းဆိုနေချိန်တိုင်း ပြတင်းပေါက်မှ ခေါင်းကလေးပြူကာ ခိုးကြည့်တတ်သည်ကို သူသိနေပါ၏။ သို့ကြောင့်လည်း ယနေ့တွင် သူမျှော်မိသည်။ ကံဆိုးစွာဖြင့် ယနေ့တွင်တော့ လှည့်ကြည့်မိလျှင် လှစ်ခနဲပြေးသွားတတ်သူလေးအား မမြင်တွေ့ရပါချေ။

မကြာခင်ပင် နံနက်လင်းတော့မည်ဖြစ်သည်။ မနက်ခင်းတိုင်း အစ်ကိုထွင်းအား ဆံပင်စည်းပေးကာ ဒေါ်ပုမကြီးထံ ကောက်ညှင်းပြန်ပေါင်းနှင့် ဆီထမင်း သွားဝယ်နေကြမို့ အစ်ကိုထွင်းထွက်လာလို ထွက်လာငြား မျှော်မိသည်မှာ လည်တဆန့်ဆန့်ဖြစ်နေလေပြီ။ နောက်ဆုံး၌ တစ်ခေတ်မောင် အစ်ကိုထွင်းအား နှိုးရန် အပေါ်ထပ်ဆီသို့ တက်လာမိတော့သည်။ အစ်ကိုထွင်း၏ အခန်းရှေ့ ခြေစုံရပ်နေမိပါသော်လည်း တံခါးခေါက်ဖို့ရာ တွန့်ဆုတ်နေမိပါ၏။ တွန့်ဆုတ်တတ်ခြင်းသည် တစ်ခေတ်မောင်၏ လက်ကိုင်အမူအကျင့်မဟုတ်ပါချေ။ တစ်ခေတ်မောင်မှာ သွက်လက်ချက်ချာပြီး ကြံ့ခိုင်သန်မာသော လူငယ်တစ်ဦးပင်။ သို့သော်ငြား ချစ်ရသူရှေ့ရောက်လျှင် တွန့်ဆုတ်အားနည်းနေတတ်သည်လေ။ တစ်ခေတ်မောင် ပင့်သက်ရှိုက်လိုက်ပြီးနောက် တံခါးရွက်အား ခပ်ဖြေးဖြေး တီးခေါက်လိုက်တော့သည်။

"ဒေါက်!!! ဒေါက်!!! အစ်ကိုထွင်း...နိုးပြီလား....ကျုပ်တို့ ဒေါ်ပုမကြီးဆီ ကောက်ညှင်းပြန်ပေါင်း သွားဝယ်ရအုန်းမယ်နော်...."

တစ်ဖက်အခန်းမှ မည်သို့သော အသံမျှ တုံ့ပြန်မလာပါချေ။ တစ်ခေတ်မောင် ရင်ထဲ စိုးထိတ်လာရလေ၏။ အခန်းထဲ တစ်ဦးတည်း ဖျားနာနေမှဖြင့်။

"အစ်ကိုထွင်း!!!...တံခါးဖွင့်ပါအုန်း!!!....အစ်ကိုထွင်း!!!...."

တံခါးအား တစ်ခေတ်မောင် တစ်ဒုန်းဒုန်းထုနေကြောင်း သိပါ၏။ သို့သော်ငြား အညာစောင်ကြီးအောက်မှ ထွင်းအက္ခရာမှာ အပြင်သို့ ထွက်မလာရဲပါချေ။ မနေ့က ပြောမိခဲ့သည့် စကားများအား ပြန်လည် အမှတ်ရသည့်အခါ မျက်နှာ ပူမိသည်။ အဘယ်သို့များ မျက်နှာပြရမည်နည်း။ မိမိသည် အမျိုးသမီးတို့အား ချစ်မြတ်နိုးခြင်းမပြုနိုင်သည့် အမျိုးသားတစ်ဦးဖြစ်မှန်း တစ်ခေတ်မောင်အား ပြောပြမိလေပြီ။ သို့ဆိုလျှင် တစ်ခေတ်မောင်မှာ သူ့အား မည်သို့ တုံ့ပြန်ပါမည်နည်း။ ရွံရှာသကဲ့သို့ ကြည့်ပါမည်လား။ ရှောင်တိမ်းနေပါမည်လား။ အထူးအဆန်းလူတစ်ဦးနှယ် ဆက်ဆံပါမည်လား။ 'ထင်ခဲ့သား'ဟူသည့် အကြည့်တို့ဖြင့် ကြည့်ပါမည်လား။

"ခက်ပါရောလား....ထွင်းအက္ခရာရယ် မင်းနှယ်....ဘာကြောင့်များ ပြောလိုက်မိသလဲ...."

တစ်ကိုယ်တည်းရေရွတ်ရင်း ပွယောင်းနေသော ဆံနွယ်ရှည်များ အုပ်မိုးနေလေသည့် ကိုယ့်နှဖူးပေါ် လက်သီးကလေးဖြင့် ခပ်နာနာရိုက်ပစ်မိသည်။ ယမန်နေ့၌ တစ်ခေတ်မောင်တို့၏ ပြက်လုံးအား ကြားလိုက်ရစဉ် ဝမ်းနည်းစိတ်တို့က တိုးဝှေ့ဝင်ရောက်လာခဲ့လေ၏။ မိမိကိုယ်ကိုလည်း ထိုကဲ့သို့ လူမျိုးများနှင့် အတူတူဖြစ်သည်ဟု သတ်မှတ်ထားခြင်းကြောင့်ပင်။ အစကနဦး၌ မနှစ်သစ်ခဲ့ပါသော်လည်း ယခုဆိုလျှင် အငြိမ့်သမ ဝတ်စုံကလေးဝတ်ရသည်ကို နှစ်သက်တတ်လေပြီ။ အငြိမ့်သမတစ်ဦးအဖြစ် ဆိုရကရသည်ကိုလည်း သဘောကျတတ်လာလေပြီ။ ထို့အပြင် အမျိုးသမီးတစ်ဦးတစ်လေကိုမျှလည်း ချစ်နှစ်သက်လို့မရသည့် သူသည်ကား ထိုကဲ့သို့ လူမျိုးဖြစ်လေ၏။ ထို့ကြောင့် ထိုကဲ့သို့သော ပြက်လုံးသည် သူ့အား ဝမ်းနည်းစေပါ၏။ ရွံရှာစရာတစ်ခုအဖြစ် သတ်မှတ်ခံနေရသော မိမိတို့ဘဝအား အားငယ်လာမိသည်။ သို့ကြောင့် စိတ်လွတ်သွားမိသည်ထင်ပါ၏။ ဖွင့်ဟပြောသင့်သည် မပြောသင့်သည်ကို မစဉ်းစားမိခဲ့ပါချေ။ အခုလေတော့ မည်သို့များ မျက်နှာပြရတော့ပ။

"အစ်ကိုထွင်း....အဆင်ပြေရဲ့လား....အစ်ကိုထွင်း နိုးနေရင် ထွက်လာခဲ့ပါ.....နေများမကောင်းလို့လား...."

တစ်ခေတ်မောင် အော်ဟစ်ပြောနေရင်းမှ တစ်ကိုယ်တည်းရေရွတ်မိနေပြန်ပါသည်။ ကျယ်လောင်စွာလည်း သူ့မယ် မအော်ဟစ်ရဲ။ အခြားသော အငြိမ့်အဖွဲ့ဝင်တွေမှာ အိပ်မောကျနေကြသည်မဟုတ်ပေလား။ သို့ကြောင့် သူတိတ်တဆိတ်ဖြင့် ထိုတံခါးကို ဖျက်ဝင်ရန် တွေးလိုက်တော့သည်။ ဘေးဘီဝဲယာသို့ အကြည့်ပို့လိုက်သောအခါ တုတ်ခိုင်သည့် သစ်သားချောင်းကြီးအား တွေ့လိုက်သည်မို့ ထိုသစ်သားချောင်းဖြင့်ထိုးဖျက်ရန် တွေးကြံလိုက်သည်။ ထိုသစ်သားချောင်းအား ဆွဲကိုင်ကာ တံခါးဖျက်ဝင်ရန် လက်ရွယ်လိုက်စဉ် နွမ်းလျသော မျက်နှာကလေးထွက်ပေါ်လာသည်ကြောင့် တစ်ခေတ်မောင်၏ လက်တို့ လေထဲတွင် တန့်နေလေတော့သည်။ တံခါးဖွင့်ကာ ထွက်လာလေသော အစ်ကိုထွင်းမှာ နွမ်းလျသော သွင်ပြင်ဖြင့်ဖြစ်ကာ တစ်ခေတ်မောင်အား အကြည့်လွှဲနေ၏။

"အဲ့ဒုတ်ကြီး ချထားလိုက်ပါလေ....မျက်နှာသစ်ပြီး ပြန်လာခဲ့ချေမယ်...."

ထိုမျှပြောပြီး ဝရုန်းသုန်းကားပြေးဆင်းသွားပါလေသော ချစ်ရသူ၏ ကျောပြင်ကို ငေးနေမိခြင်းကြောင့် လက်ထဲမှ ဒုတ်ကိုပင် ပြန်ချထားရန် မေ့မျောနေတော့သည်။ ပြန်လည်အသိဝင်လာချိန်တွင်တော့ ထိုဒုတ်အား ပြန်ချထားလိုက်ကာ လူသွားစင်္ကြံလက်ရန်းအား လက်ထောက်လျက် အုတ်ကန်နား မျက်နှာသစ်သန့်စင်နေသူလေးအား ငေးနေမိတော့သည်။ အစ်ကိုထွင်းမှာ တစ်ခေတ်မောင်ထံသို့ ရေစက်လေးများ ခိုတွဲနေသည့် မျက်နှာကလေးဖြင့် မော့ကြည့်လာလေသည်။ ယခင်အချိန်များကဆို တစ်ခေတ်မောင် အကြည့်လွှဲမိမည်ဖြစ်သော်လည်း ယခုတော့ဖြင့် သူခိုးလူမိသွားသည်ကိုတောင် ခပ်ပြုံးပြုံးဖြင့် ငေးနေမိတော့သည်။

ခပ်ပြုံးပြုံးဖြင့် စိုက်ကြည့်နေသော တစ်ခေတ်မောင်ကြောင့် ထွင်းအက္ခရာ မျက်နှာလွှဲမိသည်။ ရင်ထဲတွင်လည်း အနည်းငယ် ပေါ့ပါးသွားသလိုပင်။ တစ်ခေတ်မောင်က သူ့အား ရှောင်ဖယ်နေလိမ့်မည်ဟု တွေးထားသော်လည်း အထင်နှင့် လက်တွေ့မှာ လွဲချော်နေသည်မို့ စိတ်အေးရပြန်သည်။ တစ်ခေတ်မောင်သာ သူ့အား ရွံရှာသကဲ့သို့ ကြည့်လာပါလျှင် သူခံနိုင်လိမ့်မည်မဟုတ်။ အဘယ်သူကများ ညီငယ်တစ်ဦးကဲ့သို့ ချစ်ခင်ရသူထံမှ အထင်သေးသည့်အကြည့်မျိုးအား လက်ခံနိုင်မည်နည်း။ တစ်ခေတ်မောင်၏ အထင်သေးမှုကို မခံစားနိုင်သည်မှာ သဘာဝကျလှပါ၏။

မိမိကိုယ်ကို မှတ်ချက်ပေးပြီးနောက် ပုခုံးထက်မှ ပုဝါကလေးဖြင့် မျက်နှာသုတ်ကာ အပေါ်ထပ်ဆီသို့ ပြန်တက်လာခဲ့လေ၏။ ယခုအချိန်အထိ ထွင်းအက္ခရာ၏ အခန်းရှေ့တွင် သူ့အား ရပ်စောင့်နေသော တစ်ခေတ်မောင်အား တွေ့ရလေသည်။

"သည်နေ့တော့ ဆံပင်စည်းပေးစရာမလိုလေဘူး....ကိုယ့်ဘာသာစည်းနှောင်လိုက်မယ်ရယ်...."

"ဘယ်ဖြစ်လေမလဲ...ဟော သည်လောက် ပွယောင်းနေတဲ့ ဆံနွယ်တွေကို ကျုပ်စည်းနှောင်ပေးမှ ဖြစ်မပေါ့...စံပယ်ပန်းလည်း ပန်ဖို့ရာ အဆင့်သင့်ပဲ....ကျုပ်သီပေးထားတယ်...."

ထွင်း ငြင်းဆန်ရန် နှုတ်ခမ်းလှုပ်ရုံမျှရှိသေး တစ်ခေတ်မောင်မှာ သုတ်သုတ်သုတ်သုတ်ဖြင့် ထွင်းအက္ခရာအခန်းထဲသို့ ဝင်သွားလေတော့သည်။ ထွင်းမှာ သက်ပြင်းခပ်မျှင်းမျှင်းသာ ချလိုက်ပြီး နောက်မှလိုက်ဝင်ခဲ့တော့သည်။

တစ်ခေတ်မောင်ကတော့ အရင်ရက်များအတိုင်း ဆံနွယ်များအား ဖြီးသင်စည်းနှောင်ပေးနေပါသော်လည်း ထွင်းမှာတော့ မျက်နှာတစ်ပြင်လုံး ပူလောင်နေသကဲ့သို့ ခံစားနေရကာ မှန်ထဲမှတစ်ဆင့် တစ်ခေတ်မောင်အား ခိုးခိုးကြည့်နေရလေသည်။ ဆံနွယ်များကို ဖြီးသင်ပေးရင်း တစ်ချက်တစ်ချက် တစ်ခေတ်မောင်၏ လက်ချောင်းများ ထွင်းလည်ပင်သားများထံ ထိမိချိန် ကျဉ်ခနဲ ခံစားရတတ်သည်။ ထိုအခါတိုင်း တစ်ခေတ်မောင်အား ကြည့်မှန်မှတစ်ဆင့် ခိုးကြည့်ရပြန်၏။ သည်တစ်ကြိမ်တွင်တော့ ကံဆိုးလှစွာ တစ်ခေတ်မောင်နှင့် မျက်လုံးချင်း ဆုံသွားလေတော့သည်။

"ကျုပ် မျက်နှာမယ် ဘာတွေများ ပေရေနေလို့လဲ အစ်ကိုထွင်း...."

"ဘ..ဘာမျှ မပေရေပါဘူးလေ...သည်အတိုင်း...."

"သည်အတိုင်း ဘာဖြစ်သလဲ...."

တစ်ခေတ်မောင်မှာ ပြီတီတီမျက်နှာပေးဖြင့် ပြန်မေးလာတာမို့ ထွင်းမျက်နှာတစ်ပြင်လုံး ပူရှိန်းရှိန်းခံစားမှုအား ခံစားရကာ မျက်နှာမထားတတ်လေအောင် ရှိလေတော့သည်။

"သည်...သည်အတိုင်း ဆံပင်နည်းနည်းနာလို့ရယ်...."

"တ...တကယ်လား....တောင်းပန်ပါတယ်ဗျာ....နာရင် ပြောလေဗျာ...ကျုပ်ကို ခိုးပဲကြည့်နေတော့ ကျုပ်ဘယ်လိုလုပ်သိလေမလဲ..."

"ဘယ်...ဘယ်သူက ခိုးကြည့်နေလို့လဲ....ပေါက်တိပေါက်ရှာ...."

သနပ်ခါးမလိမ်းကြံရသေးတာမို့ ဝင်းမွတ်ပြောင်ရှင်းနေသော မျက်နှာကလေးထပ် ရှက်သွေးရေးရေးကလေး နေရာယူနေသည်ကို မြင်တွေ့ရခြင်းမှာ ထိုမျှ ကျေနပ်စရာကောင်းလှသည်လား။ တစ်ခေတ်မောင်မှာ မပြုံးဖြီးဘဲ မနေနိုင်တော့ချေ။ အဆုံးသတ်၌ စံပယ်ပန်းကုံးကလေးအား ပန်ဆင်ပေးလိုက်ချိန်တွင် ပြည့်စုံလှပသော ပုံရိပ်ကလေးအား ကြည့်မှန်မှ တစ်ဆင့် မြင်တွေ့ရလေသည်။

"ကျုပ် စံပယ်ပန်း ပန်ပေးဖူးတဲ့ ဦးဆုံးလူသားက အစ်ကိုထွင်းတစ်ဦးတည်းပဲရှိတယ်....အမေဆိုသူကို မမြင်တွေ့ဖူးတဲ့သူမို့ မိခင်ဖြစ်သူကိုလည်း စံပယ်ပန်းမပန်ပေးဖူးဘူး....သို့ပေမဲ့ အစ်ကိုထွင်းက ကျုပ်ကိုယ်တိုင် ဆံပင်စည်းနှောင်ပေးပြီး စံပယ်ပန်းပန်ပေးတဲ့ ဦးဆုံးလူသား ဖြစ်လာတယ်...."

သည်လိုဆိုတော့ အစ်ကိုထွင်းက ခေါင်းကိုတွင်တွင်ငုံ့ထားကာ မော့မလာတော့ပါချေ။ ထိုပုံရိပ်ကလေးအား တစ်ခေတ်မောင်၏ ရင်တွင်းတစ်နေရာ၌ သိမ်းဆည်းနေရာပေးနေမိတော့သည်။

"ကဲပါလေ...အစ်ကိုထွင်း သနပ်ခါး လိမ်းအုန်းမယ် မဟုတ်လား....ကျုပ် သနပ်ခါးသွေးပေးမယ်...."

"မ...မလုပ်ပါနဲ့....ကိုယ့်ဘာသာ သွေးနိုင်ပါတယ်...."

"ကျုပ် သွေးပေးချင်လွန်းလို့ပါ အစ်ကိုထွင်းရယ်...."

အစ်ကိုထွင်းအား တစ်ချက်ပြုံးပြကာ ကျောက်ပျဉ်နှင့် ဆရာကြည်ပေးခဲ့လေသော သနပ်ခါးတုံးလေးအား ယူကာ သနပ်ခါးသွေးပေးမိတော့သည်။ တစ်ခေတ်မောင်ဘဝတွင် တစ်ခါမျှ သနပ်ခါးမသွေးဖူးပါချေ။ အဘယ်ကြောင့်ဆိုလျှင် သူ့ကြွက်သားအပြည့်ရှိသည့် လက်မောင်းကြီးများဖြင့် သနပ်ခါးတုံးသေးသေးအား ကိုင်လျက် ကျောက်ပျဉ်သေးသေးပေါ် သွေးရခြင်းကို စိတ်မရှည်ခြင်းကြောင့်ဖြစ်သည်။ ယခုတွင်တော့ အချစ်ဟူသော စိတ္တဇနာမ်ကလေးကြောင့် စိတ်ရှည်လက်ရှည် ခပ်ပြုံးပြုံးဖြင့် သနပ်ခါးသွေးနေမိတော့သည်။

*ကျုပ်မေတ္တာ ရေစက်ကလေးများ တစ်စက်စက်ချ၊အချစ်တွေကို ရောပြွန်းပြီး သွေးပေးထားသည့် သနပ်ခါးပေမို့ သာမန်သနပ်ခါးတွေထက် ပိုမွှေးပါလိမ့်မယ် အစ်ကိုထွင်း...*

"ရပြီ....လိမ်းပေးရအုန်းမလား အစ်ကိုထွင်း...."

"မ...မလိုဘူးရယ်....အောက်ထပ်မှာ စက်ဘီးထုတ်ထားပြီး အသင့်စောင့်နေချေ...နောက်ကျလို့ ဆီထမင်းမရကာမှ ဆရာရသ ကြိမ်းမောင်းတာ ခံနေရလိမ့်မယ်...."

"ဟုတ်ပါပြီခင်ဗျ...."

အစ်ကိုထွင်းပြောသည်ကလည်း မှန်ပေတာပဲမို့ အောက်ထပ်သို့ဆင်းကာ စက်ဘီးကလေးထုတ်ရင်း ခြံရှေ့တွင် အသင့်စောင့်နေလိုက်သည်။

တစ်ခေတ်မောင်ထွက်သွားကာမှ သက်ပြင်းချမိသည်။ ဘယ်ဘက်ရင်အုံသည်လည်း အဆမတန်ခုန်ပေါက်နေသည်မို့ တစ်ချက်မျှ လက်ဖြင့် ဖိထားမိသည်။ ထို့နောက် တစ်ခေတ်မောင် စိတ်ရှည်လက်ရှည်သွေးပေးသွားလေသော ဝါဝင်းနေသည့် သနပ်ခါးရည်လေးအား လက်ညှိုးဖြင့် ကော်ယူကာ ရှူရှိုက်ကြည့်မိသည်။

*ယခင်ကထက် ပိုမွှေးနေပါရောလား....*

ထွင်းကလေးမှာဖြင့် စိတ်လိုလက်ရ တစ်ချက်ပြုံးမိချေတော့သည်။

######

အောက်ထပ်သို့ ဆင်းလာရာ ခြံရှေ့တွင် စက်ဘီးလေးပေါ် အသင့်နေရာယူလျက် စောင့်နေလေသော တစ်ခေတ်မောင်ကို တွေ့ရလေ၏။ မနက်ခင်းရောင်ခြည်ကလေးလည်း ပွင့်လာပြီမို့ ခပ်မြန်မြန်သွားရန် တစ်ခေတ်မောင်ထံ မပြေးရုံတမယ် သွားမိသည်။

"စောင့်ရတာ ကြာသွားလေသလား...."

"မကြာ----"

ဖြေကြားဖို့ရန် အစ်ကိုထွင်းထံ လှည့်ကြည့်ချိန် မှင်သက် အံ့သြမိသည်မို့ ပြောလက်စစကားတို့သည်ပင် လေထဲဝဲလျက်။ စည်းနှောင်ထားသော ဆံနွယ်များကြား နေရာယူနေသည့် သူကိုယ်တိုင် ပန်ဆင်ပေးထားသည့် စံပယ်ပန်းကုံးကလေး၊ လှပနုနယ်လှသည့် မျက်နှာကလေးထက် သူကိုယ်တိုင် သွေးပေးထားလေသော သနပ်ခါးကလေးက ဝါဝင်းလှပစွာ နေရာယူလေ၏။ အစ်ကိုထွင်းမှာ လှပသည်ထက်ကို ပိုပါသည်။ ကျက်သရေရှိသည်ဆိုသည်ထက်လည်း ပိုပါသေး၏။ ဤကမ္ဘာ၌ ကျွန်ုပ်ချစ်ရသူ၏ အလှတရားအား ဖွဲ့နွဲ့ပေးနိုင်လေမည့် စကားလုံး တစ်ခွန်းတစ်လေများ မရှိလေဘူးလားဟု တစ်ခေတ်မောင် အထွန့်တက်စွာ အမေးပြုမိပါသည်။

"သွားကြမယ်လေ တစ်ခေတ်မောင်..."

"ခင်ဗျာ!!!...ဟုတ်..ဟုတ်..."

အစ်ကိုထွင်းက စက်ဘီးနောက်ခုံတွင် ဘေးတိုက်ကလေးထိုင်ကာ နေရာယူလေသည်။ ပြီးသည့်နောက် တစ်ခေတ်မောင်၏ အကျီစကလေးအား ကိုင်ထားလေ၏။ အဘယ်ကြောင့်များ အစ်ကိုထွင်းမှာ ထိုမျှ ချစ်စဖွယ်ကောင်းရပါသနည်း။ တစ်ခေတ်မောင် တစ်ချက်ပြုံးရယ်လျက်...

"ပြုတ်ကျမယ်...တင်းတင်းဖက်ထားလှည့် အစ်ကိုထွင်း...."

အစ်ကိုထွင်း၏ လက်နုနုလေးအား သူ၏ ခါး၌ တွယ်ချိတ်စေလိုက်လေ၏။ ထွင်းကလေးမှာဖြင့် ဘယ်ဘက်ရင်အုံမှ အစိုးမရစွာ ကခုန်နေလေသော နှလုံးသားရယ်ကြောင့် လက်ကလေးများ တုန်လာတော့သည်။ ပြုံးပျော်နေသော တစ်ခေတ်မောင်မှာ အစ်ကိုထွင်း၏ လက်ကလေးအား လက်တစ်ဖက်ဖြင့် တင်းကြပ်စွာ ကိုင်တွယ်လျက် စက်ဘီးနင်းသွားသည်မှာ ထိုလက်ကလေး လွတ်ထွက်သွားမည်ကို လွန်စွာ စိုးရွံ့သည့်အလား။

######

တစ်ခေတ်မောင်မှာ သူ၏ ပွဲဦးထွက် ပွဲစဉ်သည် ပြင်ဦးလွင်၌ ဖြစ်သည်မို့ ​ပျော်မြူးကာနေပါ၏။ ပန်းမြို့တော်ဖြစ်သည့် မေမြို့အား အမည်နာမသာ ကြားဖူးလေပြီး တစ်ခါမျှ မလည်ပတ်ဖူးသည်ကြောင့် တစ်ခေတ်မောင် ပျော်ရွှင်နေမိပါသည်။ သူသည် ဆရာ့ကြည့်အိမ်နှင့် သနပ်ခါးခြံကိုသာ သွားလိုက်ပြန်လိုက်လုပ်ဖူးသည်မို့ မေမြို့သည် သူ့အတွက် စိမ်းသက်သစ်လွင်သော နေရာသစ်တစ်ခုဖြစ်နေ၏။

"တစ်ခေတ်မောင် အဝတ်တွေ သေချာထည့်ရဲ့လား....ဟိုမှာ အတော်အေးဆိုပဲနော်...အနွေးထည်ဖြစ်ဖြစ် အပေါ်ထပ်ဖြစ်ဖြစ် မပါပါအောင် ယူခဲ့လေအုန်း...."

"ဟုတ်ကဲ့ ကိုကြီး ငွေခဲ...."

ကိုယ်စီကိုယ်စီ အဝတ်အစားများ ထည့်ကာ ပြင်ဆင်နေကြသော်လည်း တစ်ခေတ်မောင်က ဘာလုပ်၍ ဘာကိုင်ရမှန်းမသိ။ ကိုကြီးငွေခဲပြောသည်ကြောင့် ဆရာကြည့်ထံမှ ယူလာခဲ့သော စစ်အနွေးထည်ကြီးအား ထန်းခေါက်ဖာကြီးထဲ ထည့်လိုက်လေသည်။ ထို့​နောက် ဘာထပ်ထည့်ရမှန်းမသိတော့ချေ။ ပြောရလျှင် သူ့တွင်လည်း သိမ်းစရာထည့်စရာပြင်စရာရယ်လို့ မည်မည်ရရမရှိပါချေ။ စွပ်ကျယ်အကျီအနည်းငယ်နှင့် ပုဆိုးနွမ်းများသာရှိသည်။

"တစ်ခေတ်မောင်! တစ်ခေတ်မောင်!!!"

"ဗျာ...ဗျာ့!...."

ခေါ်သံ စူးစူးလေးကြောင့် နောက်တူရူသို့ လည်ပြန်လှည့်ကြည့်မိသည်။ အခန်းရှေ့တွင် တစ်ခေတ်မောင်အား လက်ယက်ခေါ်နေလေသော အစ်ကိုထွင်း။ မနက်ဖြန် အစောကြီး မေမြို့သို့ ခရီးနှင်ရမည်ကို အဘယ်ကြောင့် အခုထိ မအိပ်သေးပါသနည်း။ အစ်ကိုထွင်း ခေါ်သည့်နောက်သို့ တစ်ခေတ်မောင် လိုက်မိ၏။ အစ်ကိုထွင်းက အခန်းထဲမှ ထွက်လာသည့် တစ်ခေတ်မောင်၏ လက်အား ဆွဲကာ ခြံထဲရှိ စံပယ်ရုံနားသို့ ဆွဲခေါ်လာလေ၏။

"အစ်ကိုထွင်း....ဘာပြောစရာရှိလို့လဲ...ဘာလို့ အခုထိမအိပ်သေးတာလဲ...သန်းခေါင်တောင် ရောက်တော့မယ်....မနက်အစောကြီး သွားရမယ်မဟုတ်လား...."

"နေပါအုန်း တစ်ခေတ်မောင်ရယ်....မင်းနှယ် တရစပ်တည်းပြောသွားတာ မမောပေဘူးလား...."

"မမောရပါဘူးဗျာ...."

တစ်ခေတ်မောင်မှာ ခပ်ကျယ်ကျယ် ပြန်ဖြေမိ၏။ အစ်ကိုထွင်း အိပ်ရေးပျက်၍ မဖြစ်ပါချေ။ အရင်ရက်များတွင်လည်း အပြင်းအထန် လေ့ကျင့်ခဲ့ရသည်မဟုတ်ပါလား။ မေမြို့သို့ ရောက်လျှင်လည်း သုံးရက်ဆက်တိုက် ပွဲကရအုန်းမည်လေ။ အစ်ကိုထွင်းတွင် နားချိန်လည်း မရှိချေ။ သို့ကြောင့်မို့ အစ်ကိုထွင်း အပင်ပန်းခံ၊ အိပ်ရေးပျက်ခံ၍မရပါ။

"ပြီးရင် အိပ်မှာပါ....အစ်ကိုထွင်းက ကိုယ့်ညီကလေးကို ပေးစရာလေးရှိလို့ရယ်...."

"ပေးစရာ...ဘာပေးစရာများလဲ...."

ထိုအခါ အစ်ကိုထွင်းက သူ့ထံ စက္ကူထုပ်ကလေး ကမ်းပေးလာလေ၏။

"ဒါက....ဘာများလဲ...."

"ဖွင့်ကြည့်ကြည့်လေ...."

ထိုစက္ကူထုပ်ကလေးအား ယူကာ အတွင်းထဲရှိ ပစ္စည်းအား ကြည့်မိလေတော့ အပြာရင့်ရောင် သိုးမွှေးမာဖလာကလေးက လှပစွာ ကြိုလင့်လေ၏။

"ဒါ...ဒါက..."

"ဘယ်လိုလဲ...သဘောကျရဲ့လား....အစ်ကိုထွင်းက ကိုယ့်ညီကလေးကို ပေးချင်လွန်းလို့ ကိုယ်တိုင် ထိုးထားတာ...မနက်ဖြန်လည်း မေမြို့ဘက်သွားရမယ်ဆိုတော့ အလျှင်းသင့်သွားတာပေါ့...ကြိုက်ရဲ့လား တစ်ခေတ်မောင်..."

တစ်ခေတ်မောင်မှာ ထိုနေရာတွင်ပင် ရပ်တန့်လျက် တုံ့ပြန်စရာ စကားလုံးများ ပျောက်ကွယ်နေလေ၏။ ပျော်ရွှင်ခြင်းဟူသည့်အရာသည် အလုံးအရင်းနှင့် နှလုံးသားတစ်နေရာတွင် ဝုန်းဒိုင်းနေရာယူလေသည်မို့ မှင်သက်အံ့သြမိနေတော့၏။

"သည်ရက်တွေအတွင်း အစ်ကိုတစ်ယောက်လိုရော ညီတစ်ယောက်လိုပါ ကူညီပေးခဲ့လို့ လက်ဆောင်ကလေးပြန်ပေးတာပါ....မယ်မယ်ရရတော့ မဟုတ်ပေမဲ့ ငါကိုယ်တိုင် စေသနာအပြည့်နဲ့ ထိုးထားတာမို့ ပြည့်စုံတဲ့ အနွေးဓာတ်တော့ ပေးနိုင်မှာပါ... 'ထွင်းအက္ခရာ' အငြိမ့်သဘင်အဖွဲ့ထဲ ရောက်ရှိလာတဲ့အတွက် ဝမ်းသာပါတယ် တစ်ခေတ်မောင်....."

ထိုမာဖလာလေးသည် ချစ်ရသူထံမှ ရရှိသည့် လက်ဆောင်ပစ္စည်းကလေးတဲ့လေ။ အချစ်တို့ပုံပေးထားရသူထံမှ တန်ပြန်သက်ရောက်မှုကလေး ရရှိသည့်အခါ ပြောမပြတတ်လေအောင် ​ဝမ်းမြောက်ပျော်ရွှင်ရပါ၏။ မာဖလာလေးအား ခပ်ဖြည်းဖြည်း ပွတ်သပ်ကြည့်မိ၏။ ထိုမာဖလာလေးမှ ချည်တစ်မျှင်တိုင်းသည် ချစ်ရသူ၏ လက်နုနုဖြင့် အသေးစိတ် ထိုးထားရလေသည်ဟူသော အသိကြောင့် တစ်ခေတ်မောင်မှာ ယောက်ျားရင့်မာကြီးတန်မဲ့ မျက်ရည်ဝဲမိသည်အထိ ပျော်ရပါ၏။

"ဘာ...ဘာလို့လဲဟင်....မကြိုက်လို့လား....အပြာရင့်ရောင်မကြိုက်ဘူးလား...ဒါဖြင့် ငါ...."

မျက်စိတစ်မှိတ်သော အချိန်တွင် ထွင်းကလေးမှာ တစ်ခေတ်မောင်၏ ရင်ခွင်ကြီးထဲ နစ်မြုပ်သွားရ၏။ ထွင်းကလေးမှာ မျက်လုံးမျက်ဆံကလေးပြူးလျက် ကြောင်'အ'နေပြန်၏။

"သဘောကျပါရဲ့....သိပ်ကို သဘောကျရပါတယ် အစ်ကိုထွင်းရယ်....ကျုပ်သဘောကျပါတယ်...."

သဘောကျကြောင်း တစ်ဖွဖွပြောနေလေသော တစ်ခေတ်မောင်၏ ဆို့နစ်နစ်အသံကြောင့် သူမည်မျှ ပျော်ရွှင်နေကြောင်း သိနိုင်လေသည်။ မိမိမှ တယုတယ ထိုးပေးထားသော သိုးမွှေးမာဖလာလေးအား လက်ခံရရှိသူထံမှ နှစ်သက်သဘောကျသည့်အကြောင်း သိရှိရသည့်အခါ ပီတိဟူသည့် အရာကို ခံစားသိရှိနိုင်ပါ၏။ ထွင်းမှာ ပီတိပြုံးလေးပြုံးမိလေ၏။

"ဒါကလေ...ဒါကလေ....ကျုပ်ဘဝမှာ ပထမဆုံး ရရှိဖူးတဲ့ လက်ဆောင်ကလေးပဲ အစ်ကိုထွင်း....ကျုပ် သိပ်သဘောကျတာမို့ ကျုပ် တမြတ်တနိုးနဲ့ တန်ဖိုးထားမှာပါဗျာ...."

"ဟုတ်ပါပြီ ဟုတ်ပါပြီ ငါ့ညီကလေးရာ..."

တစ်ခေတ်မောင်၏ ကျောပြင်ကလေးအား ပွတ်သပ်ပေးရင်း ခပ်ဖွဖွ ဆိုမိသည်။ တိမ်ဝင်တစ်လှည့် ကျယ်လောင်တစ်လှည့်ဖြစ်နေလေသော စကားသံအရ သည်ကလေး မျက်ရည်ကျနေမှန်း သိနိုင်ပါ၏။ ခန္ဓာကိုယ်ကြီးသလောက် သိပ်လည်း အသည်းနုတဲ့ ကလေးပေမို့ ကလေးငယ်တစ်ဦးကဲ့သို့ ချော့မြူပေးနေမိ၏။

*အော် သိပ်လည်း အသည်းငယ်တတ်တဲ့ ငါ့ညီကလေးရယ်....*

==================

15.8.2022🖤ဆွေး🖤

အော် သနပ်ခါးသွေးပေးမဲ့သူ ရှိတဲ့လူတွေကတော့ သနပ်ခါးလိမ်းကြပေါ့လေ....

သွေးပေးမဲ့သူ မရှိတဲ့ ကိုယ်ကတော့ သနပ်ခါး လိမ်းတောင်မလိမ်းဖြစ်လေတော့ဘူး...


















Continue Reading

You'll Also Like

325K 12.9K 40
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
3.4M 217K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်
187K 19.2K 115
ဘာသာပြန်သူ - စွဲညို့အသင်း
606K 58.8K 87
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...