စားစော် (အပိုင်း ၃၁)
ဖျော့တော့တော့ဖြစ်နေသည့် မျက်ဝန်းတွေနှင့် ဝမ်းနည်းလှိုက်ဖိုနေသည့် အသံတို့ကြောင့် ဆာဟိဘန်မှာ မအေး၏မျက်ဝန်းတွေကိုသာ ငေးကြည့်နေမိသည်မှာ သတိလွတ်နေသည့် လူတစ်ယောက်လိုပင်။
မအေး၏ လက်သွယ်သွယ်ကလေးများက သူ့လက်မောင်းနှစ်ထက်ကို ဆုပ်ကိုင်ကာ လှုပ်ရမ်း၍ မေးခွန်းတွေတစီတတန်း မေးမြန်းနေသည်မှာ သတိလွတ်နေသည့်လူတစ်ယောက်လိုပင်။
"ပြောစမ်းပါ...ပြောစမ်းပါ၊ ကျွန်မကို ဘာလို့ဒီလောက်ထိ မျက်မုန်းကျိုးနေရတာလဲ။ ဒေါ်မဲကြောင့်လား....ကျွန်မရဲ့အလုပ်ကြောင့်လား....ဒါမှမဟုတ်။ ရှင်သဘောမကျတာတွေ ဘာရှိသေးသလဲ...."
"ကျွန်တော့်ကို လွတ်ပါ"
မအေး၏လက်တွေကို သူဖယ်ချကာ ထွက်သွားဖို့ပြင်လျှင် မအေးက ထူးဆန်းစွာ မျက်ရည်ကျလေသည်။ သူဖယ်ချသည့်လက်ကလေးတွေကိုလည်း တင်းတင်းကြပ်ကြပ်ကလေး လက်သီးဆုပ်ကလေးဆုပ်ထားလေသည်။ မအေး၏အခုလိုပုံစံကို မြင်ရသည်မှာ သူ့ရင်ဘက်တစ်ခုလုံး မွန်းကြပ်လာလေသည်။
"ကျွန်တော့်ကို ဘာလို့အခုလိုတွေလုပ်နေတာလဲဗျာ။ ကျွန်တော့်ကို ဘာဖြစ်စေချင်နေတာလဲ။ မအေးနဲ့မပတ်သတ်ချင်ဘူးလို့ ကျွန်တော်ပြောပြီးသားမဟုတ်ဘူးလား"
အရင်လိုခင်ဗျားတွေ ကျုပ်တွေအစား မပျော့မမာနာမ်စားတစ်ခုကို ဆာဟိဘန်၏နူတ်မှထွက်လာသည့်အခါ မအေးမှာ ရွှန်းလဲ့သည့်မျက်ဝန်းတစ်စုံဖြင့် လျှစ်ခနဲမော့ကြည့်လာလေသည်။ စိုထိုင်းထိုင်းဖြစ်နေသည့်ပါးပြင်လေးကို လက်ခုံနှင့်တစ်ချက်သုတ်လိုက်ကာ ခေါင်းလေးညိတ်လိုက်၏။
"ကျွန်မနားလည်ပါတယ်။ ဟုတ်သားပဲ...ကျွန်မလိုမိန်းမမျိုးနဲ့ရှင်ဘယ်ပတ်သတ်ချင်ပါ့မလဲ။ ရှင်အကြွေးတွေကျေတဲ့နေ့ကြရင် ကျွန်မဒီကနေ အပြီးပြောင်းပေးမယ်။ အခုလည်း ရှင်ဒိအိမ်ကို မလာချင်ဘဲ လာနေရတာဆိုရင် မလာလဲရပါတယ်။ ဒီနေ့ ကျွန်မကြောင့် စိတ်ရှုပ်သွားရင်ဆောရီးနော်...."
အမြဲလိုလိုမာကြောပြီး သေးသေးတင်မခံသည့် မအေးကပြန်တောင်းပန်နေ၍ ဆာဟိဘန်မှာပိုလို့နေရခက်လေသည်။ အိမ်ပြန်ရောက်သည်ထိ သူ့မှာမအေးအကြောင်းတွေသာ တွေးနေမိတော့သည်။
လေးရက်တစ်ခါ အကြွေးသွားပေးနေကြ ရက်ရောက်လေတိုင်း မအေးကိုအိမ်ထဲမှာဝေ့ဝိုက်ရှာတတ်သည့်အကျင့်တစ်ခုပိုလာလေသည်။ မအေးက ပြီးခဲ့သည့်လေးရက်ကတွေ့ခဲ့ချိန်မှစပြီး နောက်ရက်တွေမှာ မတွေ့ရတော့ပေ။ ပိုက်ဆံကိုလည်း အိမ်မှာရှိနေသည့်လူတစ်ယောက်ယောက်ကသာ ယူပေးထားတတ်၏။ မအေးနှင့်မတွေ့ရသည့်သူ့အဖို့ နေရထိုင်ရခက်လေသည်။
အာရုဏ်စျေးကိုလာနေကြ ပုံ့ပုံ့တို့နှင့် ဆုံသည့်အခါ မအေးအကြောင်းမေးချင်သော်လည်း သူ့နူတ်ကလွယ်လွယ်နှင့်ထွက်မလာခဲ့ပေ။ မအေးအိမ်ကလူများကလည်း ယောင်လို့ပင်မအေးအကြောင်းကို သူ့ရှေ့မှာမပြောကြပေ။ ကြာလာတော့ သူ့မှာမအေးကြောင့် စိတ်မသက်သာရာဖြစ်နေလေသည်။
နှစ်ပတ်မြောက်သည့်နေ့က သူပိုက်ဆံသွားပို့သည့်အခါ မတွေ့တာကြာပြီဖြစ်သည့်မအေးကို အိမ်ရှေ့မှာတွေ့လိုက်ရသည်။ ဆံပင်ခွေခွေကလေးတွေကို အနောက်မှာဆံထုံးပုံစံကလေး စုပြီးဆံညှပ်ဖြင့်ညှပ်ကာ ရင်ဖုံးလက်ရှည်ခါးတိုလေးနှင့် လုံခြည်မိုးပြာရောင်ကလေးဝတ်ထားသည်မှာ မျက်စိထဲအေးခနဲပင်။ ပခုံးပေါ်သပတ်တစ်ထည်တင်ပြီး ဆွမ်းလောင်းနေသည့်အခါ ထိုပုံရိပ်ကလေးသည် သူ့မျက်လုံးထဲကပင်မထွက်တော့ပေ။
မတ်တပ်ရပ်ငေးကြည့်နေသည့်သူ့ကို မြင်သည့်အခါ တစ်ချက်သာကြည့်လျှက် အိမ်ထဲသို့ဝင်သွားလေသည်။ သူအိမ်ထဲကိုပိုက်ဆံသွားပေးသည့်အခါ မအေးကိုမမြင်ရတော့ပေ။ ပိုက်ဆံကိုအဒေါ်ကြီးဆီမှာသာ ပေးထားခဲ့လိုက်ရ၏။
"ဟဲ့...ဆာဟိ၊ ဘာလာလုပ်တာလဲ"
မအေး၏အိမ်ပေါက်ဝကနေ သူ့ကိုမြင်သည်နှင့် ခိသာဝါက အားရပါးရမေးလိုက်၏။
"မအေးဆီမှာ အကြွေးလာဆပ်တာ။ နင်ရော အကြွေးလာပေးတာလား"
"ဟင့်အင်း မဟုတ်ပါဘူး။ အကြွေးကကျေတာ ကြာပေါ့။ မမအေးအတွက် မုန့်လာပို့တာ။ ပြီးတော့မမအေးမှာထားတဲ့အင်္ကျီပါလာပို့တာ။ ဆာရီဝတ်မလို့တဲ့လေ...ငါ့ကိုရှာခိုင်းထားတာ။ သေချာရွေးပေးတဲ့။ "
"ဆာရီ...သူကအဲ့ဒါကိုဘာလုပ်မလို့လဲ"
"ဝတ်မလို့နေမှာပေါ့..."
"ဝတ်ရအောင် သူကဟင်ဒီမှမဟုတ်တာ။ "
"ဟုတ်တာ မဟုတ်တာမမအေးအကြောင်း။ သူ့ဘာသာဝတ်ချင်တာဝတ်တာ ဘာဖြစ်လို့လဲဟ။ မမအေးကချောတော့ ငါရွေးပေးတဲ့ဆာရီနဲ့တအားလှမှာ။ မမအေးကိုအစမ်းဝတ်ကြည့်ခိုင်းမလို့ နင်ပါလိုက်ကြည့်ပါလား"
"သူအင်္ကျီဝတ်တာ ငါကဘာလို့လိုက်ကြည့်ရမှာလဲ။ တော်ပြီပြန်တော့မယ်"
သူခိသာဝါကို ပြောပြီးသည်နှင့် ခြံပြင်ကိုထွက်လာခဲ့လိုက်၏။ ခိသာဝါကတော့ အိမ်ထဲကိုဝင်သွားသည်နှင့် အသံဆာဆာကလေးအော်သွားလေသည်။ ပိမ်ထဲကနေလည်း အဒေါ်ကြီး၏
"မအေးအိမ်ပေါ်မှာရှိတယ်ခိသာရေ "ဟုဆိုသည့် အသံကိုလည်း သူကြားဖြစ်အောင် ကြားလိုက်ရလေသည်။ သူအကြွေးလာဆပ်သည်ကိုတော့ မအေးကထွက်ပင်မတွေ့သော်လည်း ခိသာဝါလာသည့်အခါ၌ကြပြန်တော့ ဆင်းတွေ့ပုံရလေသည်။
သူ့ကိုသိသိသာသာရှောင်ဖယ်ဖယ် လုပ်နေသည့်မအေးကြောင့် သူ့မှာမအီမလည်ဖြင့် လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ကာ အံကြိတ်ထားမိသည်။ သို့သော် ထိုသို့စိတ်တိုမှုတွေသည်လည်း နေ့မကူးဘဲပြေပျောက်ရလေသည်။ အကြောင်းမှာ ညနေခင်းကောင်းဆက်တို့နှင့် မုန့်တီဆိုင်သို့လိုက်သွားသည့်အခါ ခိသာဝါနှင့်ထပ်ဆုံလေသည်။
အမြဲလိုလိုသွားဖွေးဖွေးတွေပေါ်အောင် ရယ်တတ်သည့်ခိသာဝါကို သူလှမ်းမြင်သည်နှင့် ခိသာဝါကလည်း သူ့ကိုလှမ်းခေါ်လေသည်။ နောက်နေ့ဆိုင်ထွက်ဖို့အတွက် အိုးတွေတိုက်ချွတ်ရင်း အနားရောက်လာသည့်သူ့ကိုမော့ကြည့်ကာ...
"ဟဲ့....ငါနင့်ကိုပြောစရာရှိတယ်သိလား"
"ဘာလဲ..."
"ငါမင်္ဂလာဆောင်တော့မယ်။ "
ခိသာဝါစကားကြောင့် သူခဏတော့အံ့သြသွားသော်လည်း အရင်လိုခိသာရည်းစားထားလို့ နှမြောသလိုကြေကွဲသလိုလိုတော့ မဖြစ်တော့ပေ။ ရုတ်တရက်ဆိုသလိုယောက်ျားမယူဘူးဆိုသည့် မအေးကို သတိရသွားလေသည်။ တစ်ချိန်ကမအေးပြောခဲ့သည့် ဘယ်သူ့ကိုမှယောက္ခမမတော်ချင်ဘူးဆိုသည့် စကားတွေကိုပြန်ကြားယောင်မိ၏။
အခုခိသာမင်္ဂလာဆောင်တော့မည်ဆို၍ သူခိသာကို ကြည့်ရင်း သက်ပြင်းချလိုက်မိသည်။
"နင်မင်္ဂလာဆောင်တာ မမြန်လွန်းဘူးလားခိသာဝါ"
"ဘာဖြစ်လို့လဲ"
"နင်နဲ့နင့်ချစ်သူက တွေ့ကြတာဘယ်လောက်ကြာသေးလို့လဲ။ တစ်ယောက်နဲ့တစ်ယောက်စောင့်ကြည့်ကြပါဦးလား။"
"နင်ကလည်း ရေစက်ပါလို့ဆုံနေပြီပဲကို ဘာလို့အချိန်ထပ်ဆွဲနေဦးမှာလဲဟ။ သူကလူကောင်းတစ်ယောက်ပါ။ ငါ့ကိုလည်းနားလည်ပေးသလို ငါ့မိသားစုကိုလည်း သူခင်တွယ်တယ်။ ငါ့ကိုချစ်လို့ကြိုက်လို့ ယူတယ်ဆိုတာထက်။ ငါ့မိသားစုကိုသူ့မိသားစုလို ပိုပြီးသံယောဇဥ်ရှိရှာတယ်။ "
"သူ့မိသားစုကရော သဘောတူလား"
သူ့မေးခွန်းကိုခိသာဝါက အားရပါးရရယ်လိုက်သည်မှာ တိုက်လက်ဆ ဒန်အိုးကိုပင်အောက်ချပြီး ဆပ်ပြာတွေကိုခါခါချနေလေသည်။
"သဘောမတူစရာအကြောင်းရှိမလားဟဲ့။ ငါကအခုဆို အလုပ်နဲ့အကိုင်နဲ့။ အဲ...ပြောရရင်ကိုယ်ပိုင်စီးပွားရေးနဲ့ပေါ့။ ငါ့လိုလူမျိုးကို ချွေးမမတော်ချင်ဘဲနေမလား။ ပြီးတော့ ငါကအလိမ္မာလေးလေ။ ငါ့ယောက္ခမအိမ်ကို မနက်တိုင်းမုန့်တွေပို့ထားတာအလကားမှမဟုတ်တာ။ မယူခင်ကြိုပြီး ဖားထားတဲ့သဘောပေါ့...."
ပြုံးစိစိနဲ့အားရပါးရပြောနေသည့် ခိသာဝါကိုကြည့်ကာ သူပါရောယောင်၍ပြုံးလိုက်မိသည်။ အစစအရာရာအဆင်ပြေနေသည့် ခိသာဝါကိုကြည့်ကာ သူပါစိတ်ချမ်းသာလေသည်။
"ဒါနဲ့နင့်မင်္ဂလာပွဲက ဘယ်နေ့လဲ"
"ရှေ့လထဲမှာ ဖြစ်လောက်မယ်။ မမအေးကလည်း မင်္ဂလာပွဲအတွက် အဝတ်စားကိုသူလက်ဖွဲ့မယ်ပြောတယ်။ ငါတော့ ဘုရားမတာပဲဆာဟိရေ။ မင်္ဂလာဝတ်စုံက ရိုးရိုးဆိုရင်တောင်သိန်းချီကုန်တာ မမအေးကလက်ဖွဲ့မယ်ဆိုတော့ ငါ့မှာပျော်လွန်းလို့ ပါးစပ်တောင်မစိနိုင်ဘူး။ "
"ဘယ်တုန်းကပြောတာလဲ လက်ဖွဲ့မယ်လို့"
"ဒီနေ့ပဲလေ။ မနက်ကနင့်ကို အချိန်မရတာနဲ့မပြောဖြစ်လိုက်တာ။ မမအေးကိုတော့တစ်ခါထဲပြောပြလိုက်တယ်။ မမအေးကလည်း ချက်ချင်းဆိုသလိုအဝတ်အစားကို သူလက်ဖွဲ့မယ်ပြောတာ။ ပြီးတော့ ငါ့မင်္ဂလာဆောင်ကျရင် ဝတ်ဖို့အတွက် သူလည်းဆာရီတစ်ထည်လောက်ထပ်ချုပ်ဦးမယ်တဲ့။ မနက်ကသွားပို့တဲ့ ဆာရီလေးလည်းတော်တော်သဘောကျနေတာ"
"သူက မြန်မာအင်္ကျီဝတ်ရင် ကြည့်ကောင်းတာပဲကို အပိုလုပ်ပြီးဆာရီဝတ်နေသေးတယ်။ အတိုအပြတ်တွေအမြဲဝတ်နေမယ့်အစား မြန်မာအင်္ကျီသာများများဝတ်လို့ နောက်ကြုံရင်ပြောလိုက်။ ကိုယ့်ရိုးရာအင်္ကျီလည်း မဟုတ်ဘဲနဲ့ ဆာရီလျှောက်မဝတ်နဲ့လို့။ "
စကားကိုဘောက်ဆက်ဆက်ပြောနေသည့် ဆာဟိဘန်ကို ခိသာဝါကမျက်စောင်းထိုးကာ နှာခေါင်းရှုံ့လေသည်။ မကျေမချမ်းဖြင့် ဒန်အိုးကြီးကိုအားထည့်တိုက်ရင်း ဘုကလန့်ပြန်ပြောလေသည်။
"ဆာရီဝတ်တာပဲ ဘာဖြစ်လဲ။ သူကြိုက်လို့ဝတ်တာကို။ မမအေးသဘောကျတဲ့ ကောင်လေးကဟင်ဒီလေ။ အဲ့ဒါကြောင့်မမအေးက ကောင်လေးရဲ့အသိုင်းအဝိုင်းနဲ့ပတ်သတ်ပြီးအကုန်လုံးသိအောင်လုပ်နေတာ။ တခြားလူတွေဆို ဘာသာမတူလို့ ချစ်လျှက်တောင်လမ်းခွဲတာတို့ဘာတို့ လုပ်ကြသေးတာ။ မမအေးက သူ့ကောင်လေးကြောင့် ဘာသာရေးရော ရိုးရာတွေရော နားလည်အောင်လုပ်နေတာ ဘယ်လောက်ချစ်ဖို့ကောင်းလဲ"
ခိသာဝါဆီက စကားကြားရသည့်စကားသံကြောင့် သူ့ရင်ထဲ၌ လှိုင်းလုံးကြီးကြီးပုတ်ခက်သွားသလို ရင်ဘက်ထဲကိုတိုးဆောင့်သွားလေသည်။ မအေး၏ကောင်လေးက ဟင်ဒီဆို၍ သူ့မှာရင်ထဲနေရခက်သလိုလို ကြည်နူးသလိုလိုဖြစ်နေလေသည်။ မအေးကသူ့များရည်စူးလေသလားဟူသည့် အတွေးများဖြင့် ရင်တွေတဒိတ်ဒိတ်လှုပ်ခါလာလေသည်။ ကိုယ့်ကိုကိုယ်အိန္ဒြေလေးထိန်းကာ ခိသာဝါကို အကဲခက်သလိုကြည့်ရင်း.....
"မအေးက သူ့ကောင်လေးအကြောင်းဘာပြောသေးလဲ။ ပြီးတော့ သူ့ကောင်လေးကဘယ်ကတဲ့လဲ"
"ဘယ်ကလဲတော့ ငါလည်းမသိဘူး။ ဒါပေမဲ့ မအေးကအဲ့တစ်ယောက်အကြောင်းပြောရင် ပါးစပ်ကြီးကဖြီးနေတာပဲ။ ကောင်လေးက ဂျစ်ကန်ကန်လေးလို့တော့ပြောတာပဲ။ မမအေးထက်လည်းငယ်တယ်တဲ့။ ပြီးတော့ ဒေါသတအားကြီးတာတဲ့ မမအေးကိုတောင် ခင်ဗျားနော်ခင်ဗျားဆိုပြီး အမြဲပြောတတ်တယ်။ "
ခိသာဝါ၏အပြောကြောင့် ဆာဟိဘန်မျက်ခုံးလေးတွေပင့်သွားရလေသည်။
"ကျန်ပါသေးတယ်။ သူ့ကောင်လေးက သူ့ဖို့ဆိုပြီး ဟင်းစားတွေတောင် ပိုပိုထည့်ပေးတယ်လို့ပြောတယ်။ ဂျစ်တီးဂျစ်ကန်ကလေးဆိုပေမဲ့ မမအေးကိုတော့ ဂရုစိုက်တဲ့ပုံပါပဲ။ "
ကြားရသည့်စကားတွေကြောင့် ဆာဟိဘန်မှာ ထိုင်နေရင်းနှင့်ပင် စိတ်တွေလှုပ်ရှားလို့နေလေသည်။ သူ့ကွယ်ရာမှာ မအေးက သူ့ကို သူ့ကောင်လေးပါဟုပြောနေသည်ကို စိတ်မဆိုးပါဘဲပြုံးနေမိသည့် သူ့ကိုသူ အံ့သြနေမိသည်။
"ငါတော့မမအေးကို တကယ်လက်လန်တယ်ဟယ်။ သူ့ကောင်လေးအတွက်နဲ့ အကုန်လုံးကိုနားလည်အောင်ကြိုးစားနေတာ။ ဆာရီဝတ်နေတုန်းကဆို ငါ့ကိုဘာပြောတယ်မှတ်လဲ။"
"ဘာပြောလဲ"
"သူက ဗုဒ္ဓဘာသာပေမဲ့ ဘုရားတောင်သေချာရှိခိုးခဲ့ဖူးတာမဟုတ်ဘူးတဲ့။ သူ့ကောင်လေးကြောင့် သူဥပုသ်တောင်စောင့်တတ်နေပြီတဲ့။ သူကုသိုလ်တွေယူတတ်သွားတာ အဲ့ကောင်လေးကြောင့်တဲ့"
"ဘာဆိုင်လို့လဲ။ "
"ဆိုင်လား မဆိုင်လားနင့်ကိုပြောပြမယ်။ မမအေးပြောပြတုန်းကဆို ငါ့မှာလေရယ်လ်ုက်ရတာ ပါးစပ်တောင်မစိနိုင်ဘူးဆာဟိရေ...."
အလုပ်တွေလက်စသက်ရင်း ခိသာဝါက ရယ်လည်းရယ်နေလေသည်။ သူအရင်ရယ်လို့ဝသွားမှ သူ့ကိုကြည့်ကာ...
"မမအေးရဲ့ကောင်လေးက ညစျေးရောင်းတာတဲ့။ အဲ့ဒါမမအေးတို့အိမ်က အဒေါ်ကြီးကဥပုသ်နေ့ဆို ဘုန်းကြီးကျောင်းကို အမြဲလိုလိုဆွမ်းချိုင့်ကပ်ဖြစ်တော့ အာရုဏ်စျေးထဝယ်ကြတယ်။ အဲ့ထဲမှာမမအေးလည်းပါတယ်။ သူ့ကောင်လေးကို ညစျေးမှာတွေ့ပြီးကတည်းက အမြဲတမ်းညစျေးကိုလိုက်လိုက်သွားပြီး ကောင်လေးစျေးရောင်းတာကို အဝေးကနေလှမ်းလှမ်းကြည့်ပြီး ရင်ခုန်သတဲ့လေ။ ဘယ်လောက်တောင် ချစ်တတ်လိုက်တဲ့မမအေးလဲ။ တွေ့ချင်မနက်လည်း တွေ့လို့ရရဲ့သားနဲ့ အာရုဏ်စျေးမှာ အပင်ပန်းခံပြီး သွားတွေ့ရတယ်လို့ ဆာဟိရယ်...."
ခိသာဝါကရယ်ပြီးပြောလိုက်ပေမဲ့ သူကတော့မရယ်ဖြစ်ပါ။ မအေးသူ့ကိုလာလာကြည့်သည်ဆိုတဲ့စကားတစ်ခွန်းနဲ့တင် သူ့မှာ ဆွံ့အနေမိသည်။ ခိသာဝါဘာပြောပြောသူမကြားတော့ပေ။ ကောင်းဆက်တို့ကိုလည်း သူမစောင့်တော့ဘဲ အိမ်ကိုပြေးလာခဲ့မိသည်။ အိမ်ကိုရောက်မှ သူ့ရင်ဘက်ကလေးကိုသူကိုယ်တိုင်ဖိလျှက် အသက်ဝဝရှူနေမိသည်။
ထိုခံစားချက်ကို သူနားလည်ဖို့ခက်လေသည်။ မအေးသူ့ကိုအရောတဝင်လုပ်သည့် ပုံစံတွေကိုမြင်ယောင်မိသည့်အခါ သူဘုကလန့်ပြောခဲ့မိသည်များကို နောင်တရသွားမိသည်။ သူ့အပေါ် မေတ္တာရှိနေသည့် မအေးကို သူပြုမူခဲ့ပုံက တရားလွန်လေခဲ့သလားသူ နောင်တရနေမိသည်။ တစ်ခဏဆိုသလို သူ့မှာကြည်နူးချင်းနှင့်အတူ စိတ်မကောင်းပါဖြစ်မိသွားလေသည်။
သူ့ကို ဘန်ဟု ခပ်တိုးတိုးကလေးခေါ်သည့် မအေး၏အသံကလေးတွေ။ မျက်ရည်ကလေးတွေလည်နေသည့် မျက်ဝန်းကလေးတွေဖြင့် သူ့ကိုကြည့်နေခဲ့တဲ့အကြည့်ကလေးတွေ။ သူအိပ်ရာထဲလှဲနေချိန် တယုတယဖြင့် နှိပ်နယ်ပေးသည့် လက်သွယ်သွယ်ကလေးများကို သတိရသည့်အခါ သူ့ရင်ထဲလှိုက်မောသွားရလေသည်။
ယောကျ်ားတကာနှင့် ပလူးသည့်မိန်းမ၊ ရပ်ကွက်ကိုကောင်းကျိုးမပေးသည့်မိန်းမဟူ၍ သူအပြစ်မြင်ခဲ့သမျှ အခုချိန်၌ သူ့မှာထိုအပြစ်တို့ကိုပင် မမြင်နိုင်တော့ပေ။ ဒရင်းဘက်ကလေးပေါ်မှာ သတိလစ်နေသည့် ပုံရိပ်တို့ကိုမြင်ယောင်မိသည့်အခါ သနားစိတ်တို့က မဖိတ်ခေါ်ပါဘဲ ပြန်ရောက်လာလေသည်။ အိမ်ထဲမှာရှိနေသည့်သူသည် စိတ်ကတော့မအေးဆီမှာသာ ရှိလို့နေလေသည်။ စိတ်အလိုကိုလိုက်မိသည့်အခါ သူ့ခြေထောက်တစ်စုံသည် မအေးအိမ်ရှေ့သို့အလိုလိုရောက်သွားခဲ့လေသည်။
မိုးချုပ်ခါနီးစအချိန် နေညိုညိုတိမ်တောက်နေသည့်အောက်မှာ မအေးကတော့ ထုံးစံအတိုင်းကြိမ်ကုလားထိုင်ခုံမှာ ဆေးလိပ်ကလေးဖွာနေ၏။ ပေါင်တိုတို ကိုယ်ကြပ်အင်္ကျီကလေးတွေ အမြဲဝတ်နေကြကနေ ခြေမျက်စိထိရှည်လျှားသည့် ချည်ဂါဝန်လက်တစ်လုံးကြိုးကလေးကို ဝတ်ထားလေသည်။ ဘေးမှာလည်း ဂစ်တာတစ်လုံးကို ချထား၍ သူငေးကြည့်နေမိသည်။ မအေး၏အနားမှာ ပုံ့ပုံ့တို့ ပုတုတို့သာမက အဒေါ်ကြီးပါ ထိုင်နေကြသော်လည်း သူကတော့ မအေးကိုသာကြည့်နေမိသည်။
"မမအေး....ဒီတစ်လိပ်ပြီးရင် ဆိုပြတော့နော်"
"လွှမ်းမိုး သီချင်းနော်မမအေး"
"ဟင့်အင်း....မမအေးက ပိုပို့သီချင်းတွေဆိုရင်ပိုကောင်းတာ"
"လွှမ်းမိုးသီချင်းတွေကို ဆိုတာပိုကောင်းတာပါဟ"
ပုံ့ပုံ့နှင့်ပုတု ငြင်းနေကြသည်ကို အဒေါ်ကြီးက သဘောကျစွာရယ်နေသလို မအေးကလည်း နူတ်ခမ်းဖူးဖူးကလေးတွေကို သေးသေးကလေးကွေးကာပြုံးနေလေသည်။ ပြီးမှသောက်လက်စ ဆေးလိပ်ကလေးကိုမီးသတ်လိုက်ပြီး ဂစ်တာကိုကောက်ကိုင်လိုက်လေသည်။
"ဘာသီချင်းလဲ မမအေး"
မအေးကပြန်မဖြေဘဲ ပြုံးရုံကလေးပြုံးကာ ဂစ်တာကိုပိုက်လျှက် တစ်ချက်တောက်လိုက်လေသည်။ ပြီးမှ မျက်လုံးကလေးတွေကို ဖွဖွကလေးမှိတ်ကာ သီချင်းကို စပြီးဆိုလေသည်။
"မချစ်တတ်တဲ့ လူတွေကြားမှာ ငါရှင်သန်....အိပ်မက်အတွက် ရုန်းကန်ဖန်တီးရချိန်မှာ....မျှော်လင့်ချက်သဲ့သဲ့လေးကို ဆုပ်ကိုင်ထား....ကမ္ဘာကြီးက မမျှတဘူးလို့ တွေးမိကာ....
ကိုယ်ချင်းလဲမစာနာတတ်သူ လူတွေကြား...နာကြည်းချက်တွေများလာ...ဒီနှလုံးသား.....ဘယ်တော့မှ မငိုကြွေးဘူး...ဘယ်တော့မှ အရှုံးမပေးဘူး....ယုံ"
နာနာကြည်းကြည်းဆိုနေသလားပင် အောက်မေ့ရအောင် မအေး၏အသံက ဘေးမှာရှိနေသည့်ပုံ့ပုံ့တို့ကိုသာမက သူ့ကိုပါဖမ်းစားနိုင်လေသည်။ ပိုပို၏ရွှေရောင်အနာဂတ် သီချင်းက မအေးအတွက် ဘယ်လောက်ပင် တိုက်ဆိုင်မှုများရှိလို့ သူ့ကိုပါ ရောယောင်ခံစားစေပါလိမ့်။ နောက်ထပ်ဆက်ဆိုမည့် မအေးကို သူမကြည့်ရက်နိုင်တော့ပေ။ မအေး၏သီချင်းဆိုသံကိုလည်း သူနားမထောင်ချင်တော့ပါ။
"သီချင်းဆိုယုံပဲကို ဘာလို့ဒီလောက်ဝမ်းနည်းနေရတာလဲ မအေးရာ...."
ခပ်တိုးတိုးတစ်ယောက်ထဲရေရွတ်ရင်း သူ့မှာခေါင်းငိုက်စိုက်လျှက် မအေး၏အိမ်ကိုကျောခိုင်းခဲ့လိုက်တော့သည်။