သည်မောင် လက်ခုပ် တီးပါ့မယ် (...
Od moe_for_more
144K 11.5K 3.1K
အစ်ကိုထွင်းက ဇာတ်စင်ပေါ်မယ် အချိုးအချိတ်ကျကျ လှလှကလေး ကကြိုးဆင်ပါလေ....သည်မောင်ကတော့ ဇာတ်စင်အောက် တစ်နေရာကနေ... Více
Author's note
၁ (Z)
၂(Z)
၃(Z)
၄ Z
၅(Z)
၆(Z)
၇(Z)
၈(Z)
၉(Z)
၁၀
၁၀(Z)
၁၁
၁၁(Z)
၁၂
၁၂ (Z)
၁၃
၁၃ (Z)
၁၄
၁၄ (Z)
၁၅
၁၅ (Z)
၁၆
၁၆ (Z)
၁၇
၁၇ (Z)
၁၈
၁၈ (Z)
၁၉
၁၉ (Z)
၂၀
၂၀ (Z)
၂၁
၂၁ (Z)
၂၂
၂၂ (Z)
၂၃
၂၃ (Z)
၂၄
၂၄ (Z)
၂၅
၂၅ ( Z)
၂၆
၂၆ (Z)
၂၇
၂၇ (Z)
၂၈
၂၈ (Z)
၂၉
၂၉ (Z)
၃၀
၃၀ (Z)
၃၁
၃၁ (Z)
၃၂
၃၂ (Z)
၃၃
၃၃ (Z)
၃၄
၃၄ (Z)
၃၅
၃၅ (Z)
၃၆
၃၆ (Z)
၃၇
၃၇ (Z)
၃၈
၃၈ (Z)
၃၉
၃၉ (Z)
၄၀ (ဇာတ်သိမ်းပိုင်း)
၄၀ (ဇာတ်သိမ်းပိုင်း) (Z)
အခပျြပို
အချပ်ပို
အခပျြပို၂
အချပ်ပို၂
မောင့်ဒိုင်ယာရီ
ေမာင့္ဒိုင္ယာရီ
နောက်ကျမှ ရေချိုးမိတဲ့အခါ (ေနာက္က်မွ ေရခ်ိဳးတဲ့အခါ)
ပေသလူးနဲ့ တို့များတစ်ခေတ်မောင်
အဆုံးသတ်မဟုတ်လေသော အဆုံးသတ်
Book Announcement
book cover and details
2.4K 267 78
Od moe_for_more
Unicode
(Mediaမှ သီချင်းကလေးကို နားထောင်ရင်း ဖတ်ကြည့်ပါနော် စာဖတ်သူလေးတို့...)
"~~~စံပယ် တစ်ကုံးဖြင့် သူ့ကို ပန်ပေးချင်တယ်~~~
~~~ကိုကိုယ်တိုင် ရွေးလို့ သီမယ်~~~
~~~မေးပါရစေ ပျိုခင်သက်ထား မျက်ခြယ်~~~
~~~ငြင်းပယ်မှာလား ချစ်သူရယ်~~~"
မနက်ခင်းရောင်နီနှင့်အတူ ချိုမြသော သီချင်းဆိုညည်းသံသည်လည်း ထွင်းအက္ခရာအငြိမ့်သဘင်အိမ်ကြီးအား လွှမ်းခြုံလို့ထားပါ၏။  မည်သူ့အသံနည်းဟု မေးယူစရာမလိုပါ သီချင်းကြိုက်သည့် လူပြက်ကလေး တစ်ခေတ်မောင်ပင်ဖြစ်ပေ၏။ မိုးရွာသည်ဖြစ်စေ မရွာသည်ဖြစ်စေ မနက်ခင်းတိုင်း ထိုစံပယ်ရုံအနီးတွင် သူအမြဲရှိနေ၏။
မနက်မလင်းခင် မိုးများရွာလျှင်တော့ မိုးရေဝသွားသော ပွင့်အာနေသည့် စံပယ်ပန်းကလေးများကို ခူးဆွတ်ကာ ဘုရားတင်၊ဘုရားကပ်လေ့ရှိပြီး ထွင်းအက္ခရာပန်ဆင်ဖို့ရန်လည်း သီကုံးပေးတတ်လေသည်။ မိုးမရွာသည့်နေ့များဆိုလျှင်လည်း မနက်မလင်းခင်ကတည်းက ရေလောင်းပေါင်းသင်လုပ်ကာ နေတတ်တော့သည်။
"~~~ဖြူလွှလွှ ပန်းငွေစံပယ်ကုံးအသွယ်~~~
~~~ကြည်လင်ပျံ့မွှေးကြူတယ်~~~
~~~ကိုယ့်မေတ္တာ စေတနာ မိုးကကြွယ်~~~
~~~ချစ်ဦးသူအတွက် ပန်ပေးမယ်~~~
~~~ဆံမြညှာထက်မှာကွယ်~~~
~~~ချစ်စရာ့ ငွေစံပယ်ကုံးနဲ့ရယ်~~~
~~~ရင်ထဲမှာ ချမ်းမြေ့ဖွယ်~~~
~~~ပန်းအလှတစ်ကုံးနဲ့ သူတင့်တယ်~~~"
ယနေ့တော့ မိုးမရွာပါချေ။ ထို့ကြောင့် တစ်ခေတ်မောင်တစ်ယောက် သီချင်းကလေး တညည်းညည်းဖြင့် စံပယ်ပန်းရုံကြီးအား ရေလောင်းနေလေ၏။ ပြီးသည့်နောက်တွင် နှီးဇကာကလေးဖြင့် စံပယ်ပန်းများခူးဆွတ်ကာ အောက်ထပ်ရှိ ကွပ်ပျစ်တွင် ဇိမ်ပြေနပြေ သီကုံးနေတော့၏။ ခပ်စောစောနိုးတတ်သော အကျင့်ရှိသူဖြစ်သည့်အပြင် အအိပ်စက်သူဖြစ်တာကြောင့် မော်တော်ကားသံတစ်ချက်ကြားသည်နှင့် နိုးတတ်လေသည်လေ။ ထို့ကြောင့် ဤသဘင်အိမ်တွင် တစ်ခေတ်မောင်ကသာ ဦးစွာ နိုးကြားသူဖြစ်လာ၏။ သူ၏ နေ့စဥ်လုပ်ငန်းဆောင်တာ အတိုင်း သီကုံးပြီးသော စံပယ်ကုံးကလေးများကို ယူဆောင်ကာ အပေါ်ထပ်သို့ တက်သွားလေသည်။
ထွင်းအက္ခရာ အခန်းရှေ့ရောက်လျှင် ဖက်ဖြင့် ထုတ်ထားသော စံပယ်ပန်းကုံးများအား ပြတင်းလက်ရန်းပေါ် တင်ထားပေးတတ်သည်။ ထွင်းအက္ခရာအား မျက်နှာချင်းဆိုင် ပေးသည်က ရှား၏။ ထွင်းအက္ခရာနှင့်တွေ့လျှင် မျက်နှာမထားတတ်ဖြစ်နေတတ်သည်ကြောင့် တစ်ခေတ်မောင် ရှောင်ရှားကာသာနေ၏။ ထွင်းအက္ခရာက သည်အချိန်ဆို အိပ်ယာမထတတ်ပါချေ။ ထို့ကြောင့်လည်း သူနှင့်မတွေ့။ တစ်ခါတစ်ရံ နိုးနေတတ်လျှင်လည်း သူ့အခန်းထဲဝယ် သနပ်ခါးသွေးလိမ်းနေတတ်သည်မို့ တစ်ခေတ်မောင်နှင့် မတွေ့တတ်။ တစ်ခေတ်မောင် တစ်ချက်ပြုံးလိုက်ရင်း စံပယ်ကုံးနှစ်ကုံးအား လက်ရန်းပေါ် အသေအချာတင်လိုက်လေ၏။
တစ်ကုံးက ဘုရားတင်ရန်၊ တစ်ကုံးကတော့ ထွင်းအက္ခရာပန်ဆင်ရန်။
"တစ်ခေတ်မောင်....."
ပြန်ထွက်သွားရန် ပြင်ချိန်တွင် အခန်းထဲမှ ထွက်လာသော ထွင်းအက္ခရာနှင့် တည့်တည့်တိုးလေ၏။
"ဘုရားတင်တာတော့ ကိုယ်တိုင်တင်ပါ့လား တစ်ခေတ်မောင် ကုသိုလ်ရတာပေါ့...."
"ကျုပ်....ကျုပ်...."
"ကဲပါ လာလာ...ငါနဲ့အတူ ဘုရားဝတ်ပြုကြတာပေါ့..."
စံပယ်ကုံးထုပ်ကလေးကို လှမ်းယူ၊ တစ်ခေတ်မောင်၏ လက်ကို ဆွဲလျက် ဘုရားခန်းအတွင်းသို့ ခေါ်ဆောင်သွားတော့သည်။ တစ်ခေတ်မောင်တစ်ယောက်မှာတော့ ထွင်းအက္ခရာကိုင်ထားသည့်သူ့လက်တို့ ဇောချွေးပြန်လာမိတော့၏။ ဘယ်ဘက်ရင်အုံကလည်း တဒိန်းဒိန်းရယ်။ ဒိန်းမပေါ့ ထွင်းအက္ခရာရဲ့ နုနုယွယွ လက်ကလေးနှင့် ထိတွေ့မိသည်ကို။ သည်လက်ကလေးတွေကို ဟန်ချက်ညီညီ စီးချက်ကျကျ ချိုးချိတ်လိုက်ချိန်ဆို တစ်ခေတ်မောင်ခင်ဗျာ ရင်တလှပ်လှပ်နဲ့ ဇာတ်စင်အောက်က ရှုစားခဲ့ရသည်မဟုတ်ပေလား။ အခုတော့ဖြင့် သူတယုတယငေးကြည့်ခဲ့ရသော လက်ကလေးများဖြင့် သူ့လက်ကြမ်းကြမ်းကြီးများအား ကိုင်ဆွဲထားသည်ဆိုသည်မှာ အိပ်မက်တစ်ခုလိုပင်။
*ယောက်ျားတစ်ဦးဖြစ်လျက် သည်လောက်ပဲ လှပနူးညံ့ရသလား ထွင်းအက္ခရာ....*
သူတိတ်တိတ်ရေရွတ်မိပါ၏။ ကိုယ့်အတွေးနှင့်ကိုယ်မို့ ဘုရားခန်းထဲ ရောက်လာမိသည်ကိုပင် သတိမထားမိချေတော့။ ထွင်းအက္ခရာမှ "လာထိုင်ပြီး ဘုရားဝတ်ပြုတော့လေ...."ဟု ဆိုကာမှ သူအသိကပ်၏။
ထွင်းအက္ခရာက ဆောင့်ကြောင့်ထိုင်လျက် ဘုရားဝတ်ပြုဖို့ပြင်တော့ သူ့မယ် အထူးအဆန်းဖြစ်နေတော့၏။ သူ မသိလိုက်ခင်တွင်ပင် ထွင်းအက္ခရာအား 'မိန်းမတစ်ဦးလို နွဲ့နှောင်းနေလောက်မည်'ဟု တရားသေ တွေးထားမိသည်ပဲ။ ယခုမှ သူသေချာစွာ တွေးမိသည်က ထွင်းအက္ခရာသည်လည်း သူ့ကဲ့သို့ ဆောင့်ကြောင့်ထိုင်လျက် ဘုရားဝတ်ပြုနိုင်သူ ယောက်ျားသားတစ်ဦးပင်။
"ဘုရားရှိခိုးတော့လေ....တစ်ခေတ်မောင်...."
ထွင်းအက္ခရာက ဆော်သြလေတော့ တစ်ခေတ်မောင်သည်လည်း ထွင်းအက္ခရာဘေးတွင် ဆောင့်ကြောင့်ထိုင်၊ မျက်ဝန်းများကို မှိတ်ချလျက်။
"ဗုဒ္ဓံ မြတ်စွာ ဘုရားကို ပူဇေမိ ပူဇော်ပါ၏ အရှင်ဘုရား...!!!
ဓမ္မံ တရားတော်မြတ်ကို ပူဇေမိပူဇော်ပါ၏ အရှင်ဘုရား...!!!
သံဃာ သံဃာတော်မြတ်ကို ပူဇေမိ ပူဇော်ပါ၏ အရှင်ဘုရား...!!!-------"
ဘုန်းကြီးကျောင်းသား ပီပီ အသံအောင်အောင်ဖြင့် ဘုရားစာတို့အား ရွတ်ဖတ်လိုက်တော့သည်။ သူ မမြင်လိုက်သည်ကတော့ ထွင်းအက္ခရာတစ်ယောက် ပြုံးမိသွားသည်ကိုပင်။
စံပယ်ကုံးကိုယူကာ ဘုရားကပ်ပြီးသွားသည်အထိ ထွင်းအက္ခရာတစ်ယောက် ဘုရားဝတ်ပြု၍မပြီးသေးပါ။ ပုတီးဆက်လက်စပ်နေလေ၏။ တစ်ခေတ်မောင်လည်း သူ့ဘေးတွင် ဆောင့်ကြောင့်ထိုင်လျက် ဒူးနှစ်ဖက်ကို လက်ဖြင့်ပွေ့ကာ ထွင်းအက္ခရာအား မမှိတ်မသုန်ကြည့်နေလိုက်တော့သည်။ မနက်စောစောဖြစ်၍လားမသိ ထွင်းအက္ခရာ၏ မျက်နှာကလေးသည် ကြည်လင်၍နေ၏။ ခပ်ပါးပါးလိမ်းထားသော သနပ်ခါးပါးကွက်ကြားကလေးမှ သနပ်ခါးနံ့သင်းသင်းကို ရနေ၏။ ပုဆိုးနက်ပြာကလေးနှင့် ထွင်းအက္ခရာ၏ အသားအရေမှာ လိုက်ဖက်ကာ နေ၏။ ပုဆိုးအား ခြေဖုံးအောင် ဝတ်ထားသော်လည်း  အနည်းငယ်လှစ်ပေါ်နေသော ခြေချောင်းကလေးများရှိ၏။ ဖြူဖြူဖွေးလျက် ကြည်လင်နေကြောင်းတွေ့ရပါ၏။
ဇာတ်ကလျှင် ခြေအိတ်အမြဲစွတ်ကြတာမို့ ထွင်းအက္ခရာ၏ ခြေချောင်းကလေးများအား သူမမြင်ဖူးပါချေ။ သဘေင်္ာဆိပ်တွင်သာ တစ်ခဏမြင်ဖူးပါ၏။ ယခုကဲ့သို့ အကြာကြီး စိုက်မကြည့်ဖူးပေ။ ကြည်လင်၍ ပန်းရောင်သန်းနေသော ခြေသည်းခွံများသည် မြတ်နိုးဖွယ်ရာ ကောင်းနေပါ၏။ ဆံနွယ်နက်များကိုတော့ ဖြစ်သလိုသာ စီးနှောင်ထားသည်။ ပွယောင်းနေသော်လည်း လွန်စွာ အကြည့်ရဆိုးမနေပါချေ။ ထွင်းအက္ခရာ ဦးသုံးကြိမ်ချချိန်တွင်တော့ ထွင်းအက္ခရာအား ငေးကြည့်နေမိသည့် သူ့အကြည့်များကို ရုတ်သိမ်းလိုက်တော့သည်။
"တစ်ခေတ်မောင်...."
"ဗျ!!!!"
လူများမိသွားလေပြီလားဟူသော အတွေးနှင့် အချင်းများနေရင်း ထွင်းအက္ခရာက ရုတ်တရက်ခေါ်လိုက်တာမို့ လန့်ထိတ်သွားရသည်။
"ဖြေးဖြေးထူးလည်း ရပါတယ် တစ်ခေတ်မောင်ရယ်...."
"ရုတ်တရက် ဖြစ်သွားလို့ပါဗျာ...."
"ဟုတ်ပါပြီ...."
အပြုံးနုနုပြုံးရင်း ပြန်ဖြေသူကြောင့် သူတစ်ခဏငေးမောသွားရပြန်သည်။
"ငါ့ကို တစ်ခူလောက် ကူညီပါ့လား...."
"ဘာ...ဘာကူညီရမှာတုန်းဗျ...."
"ငါ့ကို ဆံပင်လေး ကူစည်းပေးပါ့လား....."
"ခင်ဗျာ!!!!!"
"ဖြေးဖြေးထူးပါဆို...."
"ကျုပ်ဘယ်လိုလုပ် စည်းတတ်မှာလဲဗျ...ခင်ဗျားကလည်း...."
တစ်ခေတ်မောင် ငြင်းဆန်လိုက်သည်။ ဟုတ်သည်လေ။ သူတစ်ခါမျှ တစ်ပါးသူကို ဆံပင်စည်းပေးဖူးသည်မဟုတ်ပေ။ မည်သို့ကြောင့် သူက ထွင်းအက္ခရာအား ဆံပင်စည်းပေးရမည်တုန်း။
"ငါ့ထက်တော့ အဆင်ပြေမှာပါ တစ်ခေတ်မောင်ရယ်....လုပ်ပါနော်....ဆံပင်ကလေး စည်းပေးလှည့်ပါ...."
"ဟာဗျာ...."
မချိတင်ကဲရေရွတ်လိုက်၏။ ဘယ့်နှယ့်လို့ လူကို သည်လိုမျိုး အကူအညီတောင်းနေရသနည်း။ ပြီးတော့ ထိုမျက်ဝန်းဝိုင်းများ။ ထိုမျက်ဝန်းဝိုင်းကြီးများနှင့် ကြည့်လျက် တောင်းပန်အကူအညီတောင်းနေမှတော့ ငြင်းဆန်နိုင်လေတော့မလား။
"ခင်ဗျားနဲ့တော့ဗျာ...."
"လုပ်ပါ တစ်ခေတ်မောင်ရယ်....ငါမင်းကို ဒေါ်ပွကြီးရဲ့ ဆီထမင်းဝယ်ကျွေးပါ့မယ်...."
"ကျုပ်ကို ဆီထမင်းနဲ့ မျှားရမယ်ထင်သလား ခင်ဗျား..."
ထိုသို့ပြောချိန် ထွင်းအက္ခရာ မျက်နှာကလေး မှိုင်ကျသွားတော့၏။ တစ်ခေတ်မောင် လက်ကို ပိုက်လိုက်ရင်း...
"ဘယ်မလဲ ဘီး....ဘီးမရှိဘဲ ကျုပ်ဘယ်လိုစည်းပေးရမှာလဲ...."
ထိုအခါမှ ထွင်းအက္ခရာမျက်နှာကလေးမှာ ဝင်းပလာတော့၏။
"ငါ့အခန်းထဲ လိုက်ခဲ့....."
"ခင်ဗျာ!!!!!"
တစ်ခေတ်မောင် မျက်ကလူးဆန်ပြာ ပြန်ထူးမိ၏။ သူနားကြားများ မှားနေသလား။
"ယော...ခက်ရန်ကော တစ်ခေတ်မောင်ရယ်....ဖြေးဖြေးထူးလည်း ကြားရပါတယ်...."
"ကျုပ်က ခင်ဗျားအခန်းထဲ ဘာလိုက်လုပ်ရမတုန်း...."
"ဘီးနဲ့ ခေါင်းစည်းမှန်သမျှက ငါ့အခန်းထဲမယ်လေ....ဆံပင်စည်းပေးဖို့ ငါ့အခန်းထဲတော့ လိုက်ရမပေါ့...."
"ရှုပ်ရှုပ်ရှက်ရှက်ဗျာ...."
တစ်ခေတ်မောင် ကိုယ့်နားကိုယ် ကုတ်နေမိသည်။ သူ့မျက်နှာတစ်ခုလုံး ပူရှိန်းရှိန်း ခံစားနေရ၏။
"လာပါ တစ်ခေတ်မောင်ရယ်....ဘယ်သူမှ မနိုးခင် ဆံပင်အမြန်စည်းလိုက်ကြတော့ မကောင်းပေဘူးလား...ငါဆံပင် ပွယောင်းယောင်းကြီးနဲ့ မနေတတ်ဘူးရယ်...."
တစ်ခေတ်မောင်၏ မျက်ဆံများ တဆတ်ဆတ်လှုပ်ခတ်နေတော့၏။ ထွင်းအက္ခရာကတော့ တစ်ခေတ်မောင်ပြန်အပြောကို မစောင့်ဘဲ သူ့အခန်းထဲ ဆွဲခေါ်လာသည်။
ဤသဘင်အိမ်သို့ ရောက်ရှိခဲ့သည့်လများအတွင်း ထွင်းအက္ခရာအခန်းသို့ ဝင်ရောက်ဖူးခြင်းသည် ယခုအခါသည် ပထမဆုံးအကြိမ်ဖြစ်လေ၏။
အခန်းမှာ ထူးထူးခြားမဟုတ်ပါချေ။ ခေါင်းရင်းပြတင်းပေါက်တစ်ပေါက်၊ တံခါးဘေး ပြတင်းပေါက်တစ်ပေါက်ပါဝင်သည့် အလင်းရောင်ကောင်းမွန်စွာ ဝင်ရောက်နိုင်သည့် အခန်းငယ်ဖြစ်သည်။ မှန်တစ်ချပ်၊ ကျောက်ပျဥ်နှင့် သနပ်ခါးတုံးတစ်တုံးရှိပြီး ဘေးတွင် ထန်းခေါက်ဖာကလေးရှိသည်။
"လာလေ တစ်ခေတ်မောင်...."
ထိုသို့ပြောလျက် ထွင်းအက္ခရာက မှန်ရှေ့ ဖျာခင်းထားသော နေရာကလေးတွင် တပျဥ်ခွေထိုင်ချလိုက်၏။ တစ်ခေတ်မောင်လည်း ထွင်းအက္ခရာကျောနောက်တွင် နေရာယူလျက် ထိုင်ချလိုက်တော့သည်။
"အဟွန်း....ဘီးပေးလေ...."
ချောင်းဟန့်ကာ ပြောလိုက်လေတော့ ထွင်းအက္ခရာက ထန်းခေါက်ဖာထဲမှ လိပ်ခွံဘီးကလေး ထုတ်ပေးလာသည်။ သူတို့နှစ်ဦးရှေ့တွင် မှန်ရှိသည်မို့ တစ်ခေတ်မောင် မသိမသာနှင့် ထွင်းအက္ခရာအား မှန်ထဲမှ ခိုးကြည့်လိုက်သည်။ ကံဆိုးစွာနှင့်  ခိုးကြည့်သည်ကို လူမိသွား၏။ သို့သော်လည်း ထွင်းအက္ခရာက တစ်ခေတ်မောင်အား မှန်မှတစ်ဆင့် လှပစွာ ပြုံးပြလာသည်။
"စည်းပေးလေ တစ်ခေတ်မောင်...."
"အဟွန်း...ဟွန်း..."
တစ်ခေတ်မောင် လုပ်ချောင်းဆိုးလျက် ထွင်းအက္ခရာ၏ ဆံနွယ်လေးများအား ကိုင်တွယ်လိုက်သည်။ နက်မှောင်နေသော ဆံနွယ်လေးများမှာ ပျော့အိနေ၏။ တရော်ကမွန်းနံ့ကလေးမွှေးနေပြီး ဖြောင့်စင်းနေလေသည်။ မစိပ်မကျဲဘီးကလေးဖြင့် စိတ်ရှည်လက်ရှည် ဖြီးသင်ပေးနေမိ၏။ မရှက်တမ်းဝန်ခံရလျှင် ဆံနွယ်လေးများမှ လွင့်ပျံ့လာသော အမွှေးနံ့ကိုပါ ခိုးရှူရှိုက်နေမိသည်။
ထွင်းအက္ခရာနဲ့မှပဲ ဘုန်းကြီးကျောင်းသားကြီး တစ်ခေတ်မောင်သည်လည်း ငါးပါးသီလတွေကျိုးပေါက်လို့နေ၏။ မကျိုးပေါက်ဘဲ နေလိမ့်မလား သည်လောက် ခိုးကြည့်နေမိတာ။ ဆံနွယ်နံ့လေးအား သည်လောက် ခိုးရှူရှိုက်နေမိတာလေ။
"ပုံမှန်ဆို ငါ့ကို ဆံပင်စည်းပေးဖို့ ဟိုဘက်အိမ်က ဇာတ်သမလေးတွေ တစ်ယောက်မဟုတ် တစ်ယောက်လာတတ်တယ်...သို့ပေမဲ့ တစ်ခါမက အကူအညီတောင်းလာရတော့ အားနာရတယ်လေ...ဒါကြောင့် သူတို့ကို မလာခိုင်းတော့တာ...ကိုယ်တိုင်လုပ်ရင် ဖြစ်မယ်ထင်ခဲ့တာပေါ့လေ...ဘယ်သူသိမှာလဲ ကိုယ်တိုင်ဆံပင်စည်းရတာက သည်လောက်ခက်ခဲလိမ့်မယ်ဆိုတာ..."
"ဒါဆို ခင်ဗျားက ကျုပ်ကိုကျ အားမနာဘူးပေါ့လေ...ဟုတ်သလား..."
"အဲ...အဲ့သည်လိုလည်း မဟုတ်ဘူးလေ တစ်ခေတ်မောင်ရယ်....အဲ့သည်လို ကပ်သီးကပ်ဖဲ့တွေ မပြောပါနဲ့လား...."
"ဘယ့်နှယ် ကပ်သီးကပ်ဖဲ့ ဖြစ်ရမလဲဗျာ...ကျုပ်အတည်မေးတာပါ..."
သည်လိုပြောတော့ အခက်တွေ့သွားပုံရပါ၏။ အခက်တွေ့နေတဲ့ ထွင်းအက္ခရာရဲ့ မျက်နှာကလေးဟာလည်း ကြည့်မဝအောင် ဖြစ်ရပါသည်။ အောက်နှုတ်ခမ်းလေးကို မသိမသာကိုက်လျက် မျက်ဝန်းဝိုင်းဝိုင်းလေးထဲမှ မျက်ဝန်းဆံနက်နက်ကလေးများကလည်း လှုပ်လှုပ်ရှားရှားဖြစ်လို့နေ၏။ ထိုအပြုအမူကလေးများက တစ်ခေတ်မောင်၏ အသည်းနုလုံးအား ပုရွတ်ဆိတ်တက်သကဲ့သို့ ရွစိစိဖြစ်စေ၏။ မရိုးမရွဖြစ်စိတ်နှင့်အတူ အသည်းတယားဖြစ်လာရခြင်းကြောင့် ခပ်ပြုံးပြုံးဖြစ်နေရာမှ မထိန်းနိုင်ဘဲ ရယ်ချမိတော့သည်။
"ဟားးဟားးဟားး...."
"ဟင်....ဘာလို့ ရယ်သလဲ တစ်ခေတ်မောင်....မင်းဟာလေ ....ဘယ်လိုကောင်ကလေးမှန်းကို မသိတော့ပါဘူး...."
'ကောင်ကလေး'ဟူသော စကားလုံးသည် ကြားရရှားပါ၏။ ထွင်းအက္ခရာနှုတ်မှ ထွက်လာသည့်အခါ ထိုစကားက ချိုမြိန်နေသယောင်။
"သေချာစည်းပေးနော်....တစ်ခေတ်မောင်....ခိုင်းတယ်လို့ သဘောမထားဘဲ အကူအညီတောင်းတယ်လို့ တွေးပေးပါနော်....ငါ မင်းကို အားမနာတာမဟုတ်ရပါဘူး...."
"စောနက ကျုပ် ကျီစယ်လိုက်တာပါဗျာ....ကျုပ် သေချာစည်းပေးပါ့မယ်...."
ပွယောင်းယောင်းဖြစ်နေသော ဆံနွယ်များအား သပ်ရပ်သွားသည်အထိ ဖြီးသင်ပေးနေလိုက်၏။
"ကျုပ်ကို ဆံပင်စည်းစရာလေး ပေးပါအုန်း...."
ထွင်းအက္ခရာက ထန်းခေါက်ဖာအား တစ်ဖန် ဖွင့်ပြန်၏။ ပြီးသည့်နောက် ထန်းခေါက်ဖာထဲမှ ဖဲကြိုးဖြူကလေးအား ထုတ်ယူလိုက်လေ၏။
"ဒါကလေးနဲ့ စည်းပေးပါ့လား...."
"ရရစေမယ်..."
ပြုံးရွှင်သွားသူ ထွင်းအက္ခရာအား တစ်ချက်ငေးကြည့်လိုက်ပြီး သူ့လက်ထဲမှ ဖဲကြိုးဖြူလေးကို ယူကာ ဆံနွယ်ကလေးအား စည်းနှောင်ပေးလိုက်တော့သည်။ မဲနက်တောက်ပြောင်နေသော ဆံနွယ်ထက်တွင် ဖဲကြိုးဖြူကလေးက ပနံတင့်စွာ နေရာယူနေတော့၏။
"စံပယ်ကုံးကလေးပါ ပန်ပေးလှည့်..."
"ခင်ဗျာ!!!!"
"ဖြေးဖြေးထူးပါဆို တစ်ခေတ်မောင်ရယ်...."
သူ့အနေနဲ့ မည်သို့များ ဖြေးဖြေးထူးနိုင်တော့မလဲ။ ထွင်းအက္ခရာကိုယ်တိုင်က သူ့ဆံနွယ်ထက် စံပယ်ကုံးပန်ပေးဖို့ တောင်းဆိုနေတာမဟုတ်ပေလား။ သူ အဘယ်သို့များ။
"အမြန်ပန်ပေးလှည့်တစ်ခေတ်မောင်...ဒေါ်ပွကြီးဆီမှာ ဆီထမင်းသွားဝယ်ရအုန်းမယ်ရယ်..."
တစ်ခေတ်မောင် တုံချိတုံချိဖြင့် ထွင်းအက္ခရာ ကမ်းပေးလေသော စံပယ်ပန်းကုံးအား လှမ်းယူလိုက်လေသည်။ ပြီးနောက် ထွင်းအက္ခရာ၏ ဆံနွယ်ထက်သို့ ခပ်ဖြေးဖြေးတင်ပေးကာ ပန်ပေးလိုက်တော့သည်။
အဖြူရောင် စံပယ်ပန်းကုံးကလေးက ထွင်းအက္ခရာဆံနွယ်ထက်တွင် တင့်တယ်သွာ နေရာယူနေလေ၏။ အဖြူရောင် ဖဲကြိုးကလေးနှင့်လည်း လိုက်ဖက်နေလေတော့သည်။
*မည်သို့များ ကျက်သရေရှိစွာ လှရက်ရသလဲ ထွင်းအက္ခရာ...*
"ကြည့်ကောင်းရဲ့လား တစ်ခေတ်မောင်..."
ထိုသို့မေးလျက် စည်းနှောင်ထားသော ဆံနွယ်များအား ရှေ့သို့ချကာ လက်ကလေးဖြင့် သပ်ရင်းမေး၏။ ယခုဆိုလျှင် ထွင်းအက္ခရာ၏ ညာဘက်ပုခုံးထက်တွင် ဆံနွယ်နက်နက်များနှင့်အတူ စံပယ်ပန်းကလေးများကလည်း နေရာယူနေလေ၏။ မှန်ထဲမှတစ်ဆင့်မြင်နေရသော ကျက်သရေရှိသည့်ပုံရိပ်ကလေးအား သတိလွတ်စွာ ငေးကြည့်နေမိ၏။
"တစ်ခေတ်မောင်!!! ငါပြောတာ ကြားရဲ့လား...."
"အမ်...ဗျာ ဗျာ....အာ ကျုပ်စန္ဒရားကြီး သန့်ရှင်းရေးလုပ်ရအုန်းမယ်ဗျ!!!!"
အလျင်စလို ပြောကာ ထွက်လာမိတော့သည်။ မဟုတ်လျှင်တော့ ထိုနေရာတွင်ပင် သူ့ခံစားချက်အလုံးစုံအား ချပြမိပါလိမ့်မည်။ ဟုတ်ပါ၏။ သူ ထွင်းအက္ခရာအပေါ် စတင်တွေ့မြင်သည့်အချိန်ကအတိုင်း မေတ္တာသက်ဝင်လျက်ရှိ၏။ သူဟာ ထွင်းအက္ခရာသည် ယောက်ျားတစ်ဦးဖြစ်နေသည်ကို သဘောပေါက်နေသည့်တိုင် မေတ္တာရှိနေလေ၏။
"မနေ့ကမှ သန့်ရှင်းရေးလုပ်ထားတာ မဟုတ်လား တစ်ခေတ်မောင်ရဲ့....တစ်ခေတ်မောင်...တစ်ခေတ်---"
ခေါ်၍ မမှီတော့ပါချေ။ လျင်လိုက်တဲ့ ကောင်ကလေး။
ထွင်းအက္ခရာ ပြုံးမိပြန်ပါတော့၏။
######
အေးအေးဆွေးဆွေးရွာသွန်းနေသော မိုးနှင့်အပြိုင် ထွင်းအက္ခရာက သံစဥ်များကို ဖန်တီးနေလေ၏။ စန္ဒရားသံ ချိုချိုအား မိုးသံကလေးများကပင် မဖျက်ဆီးနိုင်ပါချေ။ ထို့အပြင် အထောက်အကူတောင် ပေးနေပါသေး၏။
မျက်ဝန်းကလေးများကို မှိတ်ကာ စန်ဝင်စားလျက် စန္ဒရား တီးခတ်နေသူလေးထံမှ တစ်ခေတ်မောင်တစ်ယောက် အကြည့်မခွာနိုင်ဖြစ်နေလေ၏။ လက်ချောင်းရှည်သွယ်သွယ်ကလေးများက စန္ဒရားလက်ခုံပေါ် လှပစွာ ရွေ့လျားနေပြီး စီးချက်ညီလှသော သံစဥ်ကလေးများအား ဖန်တီးနေလေတော့သည်။ သူလေး၏ ဆံနွယ်ထက် မနက်ခင်းက တစ်ခေတ်မောင် ပန်ဆင်ပေးလိုက်သော စံပယ်ကုံးကလေး နေရာယူနေလေ၏။ သိပ်ကို လှပနေလေသည်။
အခြားသူများအမြင်တွင်တော့ ယောက်ျားကလေးအဝတ်အစားများဖြစ်သည့် ပုဆိုးနှင့်ရှပ်ကို ဝတ်ထားသူက စံပယ်ပန်းပန်ထားသည့် ဆံနွယ်ရှည်ရှည်များရှိသည်ဆိုလျှင် အနည်းငယ်တော့ ထူးဆန်းကောင်း ထူးဆန်းနေလိမ့်မည်ဖြစ်သော်လည်း တစ်ခေတ်မောင်အမြင်တွင်တော့ လွန်စွာ လိုက်ဖက်နေပြီး ကျက်သရေ အိန္ဒြေရှိနေတော့၏။
"တော်တယ် အက္ခရာ...အများကြီးတိုးတက်လာတယ်...နောင်များဆို ပြဇာတ်တွေထဲမယ် အက္ခရာကိုယ်တိုင် စန္ဒရားတီးနိုင်တော့မပေါ့...."
ဆရာရသက ကွမ်းတမြုံ့မြုံ့ဝါးရင်း ချီးကျူးလေ၏။ ထွင်းအက္ခရာကတော့ သူ၏ မူပိုင် အပြုံးအေးအေးကလေးဖြင့် တုံ့ပြန်လေသည်။
"ဒါ့နဲ့ မေးရအုန်းမယ်....သည်ကနေ့ ဟိုဘက်အိမ်က ကလေးမတွေ မလာဘူးမဟုတ်လား...."
"ဟုတ်တယ်လေ ဆရာရသ...."
"အံ့ပေရောပဲ အက္ခရာရေ....စန္ဒရားအတီးတင်မဟုတ်ဘဲ ဆံပင်အစည်းပါ တိုးတက်လာတာပဲကွ....တော်တယ်ဟေ့ တော်တယ်...."
"တကယ်တော့ ဒါက တစ်ခေတ်မောင် စည်းပေးတာပါ ဆရာရသ...."
"ဟေ ဟုတ်သလား...."
ဆရာရသက မျက်လုံးမျက်ဆံပြူးကာ တစ်ခေတ်မောင်ဘက်သို့ လှည့်ကြည့်လာလေ၏။ တစ်ခေတ်မောင်တစ်ယောက် ထွင်းအက္ခရာအား ငေးနေသည်ကို ကိုယ်ရှိန်သတ်လိုက်ကာ။
"ဟုတ်တယ် ဆရာရသ...ကျုပ်လည်း ပထမဆုံး ဆံပင်စည်းပေးဖူးတာပဲ...."
"မထင်ရဘူး တစ်ခေတ်မောင်ရေ...အဟုတ်ကို ကြည့်ကောင်းတာကွ...ကြည့်ရတာ တစ်ခေတ်မောင်ကို အက္ခရာရဲ့ ဆံပင်စည်းနှောင်မှုတာဝန် ခန့်အပ်ပေးမှနဲ့ တူတယ်...."
ဆရာရသက ပြီတီတီနှင့်ပြောတာမို့ နှစ်ဦးစလုံးမှာ ရယ်ရခက်ငိုရခက်ရယ်။ သို့ပေမဲ့လည်း မည်သူကမှ ဆရာရသစကားအား မကန့်ကွက်ဖြစ်ကြချေ။
တစ်ခေတ်မောင် ကိုယ်တိုင်ကလည်း ထိုတာဝန်ကို လိုလိုလားလား ထမ်းရွက်ချင်နေတာမို့ ရင်ငုံနှုတ်ပိတ်နေမိနေတော့၏။ ထွင်းအက္ခရာကလည်း မည်သည်ကိုမှ အထွန့်မတက်ချေ။
*သူလည်းပဲ ဆံပင်စည်းရခြင်းအမှု အဆင်​ချောသွားချင်လို့ ဖြစ်ပါလိမ့်မယ်.....*
ဟုသာ တွေးထားလိုက်လေတော့၏။
#####
"ဟယ်ရင်တင်ထူးမော်နဲ့က ဘာတော်တာလဲ...."
"ဟယ်ရင်တန်ထူးမော်ပါ တစ်ခေတ်မောင်ရယ်....သူနဲ့ကဘာမှမတော်ဘူးလေ...."
"ဒါဆို ဘာလို့များ သည်လောက် ရင်းနှီးနေသလဲ...."
ထမင်းအိုးတည်နေသော ထွင်းအက္ခရာဘေးတွင် တစ်ခေတ်မောင် ထိုင်ချလျက် မေးနေခြင်းဖြစ်လေသည်။ သည်တစ်ခါတော့ ထွင်းအက္ခရာက တစ်ခေတ်မောင်အမေးကို မဖြေသေးဘဲ မီးအားတက်စေရန် ဟောင်းလောင်းပေါက်ဝါးကလေးဖြင့် တဟူးဟူးမှုတ်နေလေတော့သည်။
"သည်မှာ ခင်ဗျား.....ကျုပ်​မေးနေတာ မကြားဘူးလား...."
"ကြားပါတယ်....အဟွတ် ဟွတ်...ဟွတ်...."
အလောသုံးဆယ် ဖြေမည်အလုပ် မီးခိုးမွှန်ကာ ချောင်းတဟွတ်ဟွတ်ဆိုးလာသော ထွင်းအက္ခရာပါလေ။
"ခင်ဗျားရယ်...အရာရာနဲ့ အကြောင်းကြောင်းချည်းပဲ....သည်လောက်ပဲ နမော်နမဲ့နိုင်ရလေသလား...."
ထွင်းအက္ခရာ၏ ကျောပြင်လေးအား ခပ်​ဖြည်းဖြည်းပွတ်ပေးရင်း တစ်ခေတ်မောင်က ဆူလေ၏။ ချောင်းဆိုးရပ်သွားသောအခါ ထွင်းအက္ခရာထံမှ မျက်စောင်းကလေးကို ဦးစွာ လက်ခံရရှိလေ၏။
"မင်းပဲ အလုပ်လုပ်နေတဲ့သူကို အတင်းလိုက်မေးနေတာ မဟုတ်ပေဘူးလား....သူခိုးက လူပြန်ဟစ်နေရတယ်လို့...."
"ကျုပ်က သူခိုးမဟုတ်ပါဘူးဗျ လူပါ လူ...."
"အို...မသိဘူး မသိဘူး....ငါချောင်းဆိုးရတာ မင်းကြောင့်ပဲ...."
ကလေးတစ်ဦးလို ပြောဆိုနေသော ထွင်းအက္ခရာမှာ အသည်းယားဖွယ်ကလေးဖြစ်သည်။
"ဟုတ်ပါပြီ....ကျုပ်မှားတယ်ပဲ ထားပါတော့လေ....ကျုပ်မေးတာ ခင်ဗျားမဖြေရသေးဘူးနော်....ခင်ဗျားနဲ့ အဲ့ ဟယ်ရင်တင်ထူးမော်ဆိုလား ဟယ်ရင်တန်ထူးမော်ဆိုလား အဲ့သည့်သူနဲ့ ဘာလို့သည်လောက် ရင်းနှီးနေရတာလဲလို့...."
သည်တစ်ခေါက်တွင်တော့ ထွင်းအက္ခရာက ဆောင့်ကြောင့်ထိုင်နေရာက ထလိုက်ပြီး လက်ခုဝတ်ဖြင့် ထမင်းအိုးအဖုံးအား လှပ်ကြည့်နေလေ၏။ ပြီးနောက် ပြန်ပိတ်လိုက်ကာ ပြန်၍ ဆောင့်ကြောင့်ထိုင်လိုက်ပြန်သည်။
"သူက ငါ့ငယ်သူငယ်ချင်း....နေပါအုန်း ဘာကြောင့်များ သည်လောက် သူ့အကြောင်းလိုက်မေးနေရတာလဲ...."
"ခင်ဗျားတို့က သိပ်ရင်းနှီးလွန်းနေလို့ပါ...."
"အခြားငယ်သူငယ်ချင်းတွေလိုပါပဲ....မထူးခြားနားပါဘူးရယ်...."
တစ်ခေတ်မောင် သက်ပြင်းချလိုက်သည်။ ဘာကို ရင်မောလို့ရင်မောနေလေမိမှန်းမသိ၊ ဘာကို ရင်လေးလို့ ရင်လေးနေမှန်းမသိတော့ချေ။ တစ်ခေတ်မောင်ကို အာရုံထဲမရှိဘဲ ထမင်းအိုးကိုသာ ငယ်ကျွမ်းဆွေသဖွယ် အရိပ်တကြည့်ကြည့်ဖြစ်နေသော ထွင်းအက္ခရာကိုလည်း ထပ်မံမေးမနေချင်တော့ပါလေ။
"ဒါနဲ့ တစ်ခေတ်မောင်....ငါမင်းကို မေးမယ် မေးမယ်နဲ့ မေးဖို့ မေ့နေတာရှိတယ်ရယ်...."
"ခက်ပါ့လားဗျာ...မေးစရာရှိရင် မေးပစ်လိုက်ပါ့လား...."
ထိုအခါမှ ထွင်းအက္ခရာက သူ့လက်ထဲမှ လက်ခုဝတ်ကလေးအား စားပွဲပေါ်သို့ ပြန်တင်လိုက်၏။ ပြီးမှ တစ်ခေတ်မောင်ဘက်လှည့်ကာ။
"မင်းက ဘက်လိုက်တတ်တဲ့ လူလား တစ်ခေတ်မောင်....အစ်ကိုငွေခဲတို့ အစ်ကိုရှမ်းလေးတို့ အစ်ကို ငမှေးတို့ကိုကျ "ကိုကြီးငမှေး၊ ကိုကြီးရှမ်းလေး၊ ကိုကြီးငွေခဲ"လို့ တပ်ခေါ်ပြီး ငါ့ကျမှ "ခင်ဗျား၊ ထွင်းအက္ခရာ"တဲ့... အဲ့သည်လိုခေါ်ရသလား.....ငါထင်တာမမှားရင် ငါကမင်းထက်အသက်ကြီးတယ်မဟုတ်လား....ငါ့ကိုလည်း အစ်ကိုတပ်ခေါ်ဖို့ မစဥ်းစားဖူးဘူးလား..."
"အဟွန်း...အဟမ်း...."
တစ်ခေတ်မောင် ချောင်းဆိုးဟန်ပြုနေလိုက်တော့သည်။
"အဟမ်း....အဟွတ်...အဟွတ်...ဟွတ်..."
ဟန်ဆောင်ဆိုးနေမိရာမှ အမှန်တကယ် ချောင်းဆိုးနေမိတော့သည်။ ထွင်းအက္ခရာတစ်ယောက် သက်ပြင်းချလိုက်ပြီး ​ရေအိုးထဲမှ ရေတစ်ခွက်ခပ်ပေးရတော့သည်။
"သောက်လိုက်လေအုန်း...."
ထွင်းအက္ခရာ ကမ်းပေးလာသော ရေတစ်ခွက်ကိုသောက်လိုက်ကာမှ လည်ချောင်းထဲ ရှင်းသွားလေတော့သည်။ သောက်လို့ကုန်သွားသော ရေခွက်ကို ထွင်းအက္ခရာက နေရာတကျ ပြန်ထားလိုက်ပြီးကာမှ စကားဆက်လေ၏။
"ငါ့ကို အစ်ကို တပ်ခေါ်ဖို့ အတွေးကလေးများမရှိလေဘူးလား တစ်ခေတ်မောင်....."
"ကျုပ်....ကျုပ်...."
"မဟုတ်မှ ငါ့ရဲ့ မိန်းမဆန်တဲ့ ပုံပန်းသွင်ပြင်ကြောင့်လား....ဒါကြောင့် အစ်ကို တပ်မခေါ်ချင်တာလား...."
"မဟုတ်...."
"ဟုတ်ပါတယ်လေ .....ဘယ်ခေါ်ချင်ပါ့မလဲ...."
အမှန်တကယ်ကြီး ဝမ်းနည်းသွားသော ထွင်းအက္ခရာဟာ ထိုကဲ့သို့ အတွေးချော်တတ်သူလေးလား။ ကိုယ်တိုင် အတွေးချော်လျက် အပြစ်မရှိသော မီးဖိုကိုသာ ထင်းချောင်းများ ထပ်မံထိုးသိပ်နေသေးသည်။ တစ်ခေတ်မောင် ကျောကိုဆန့် ခါးကိုဆန့်လိုက်ကာ အသင့်ပြင်လိုက်ပြီးနောက်။
"အစ်ကိုထွင်းအက္ခရာ...."
ပီပီပြင်ပြင်ခေါ်ပေးလိုက်ကာမှ ထွင်းအက္ခရာမှာ ပြန်လည်ပြုံးယောင်သန်းလာတော့သည်။
"ပြောလေ ညီကလေး တစ်ခေတ်မောင်...."
"ကျုပ်ကိုတော့ ညီကလေးလို့ မခေါ်စမ်းပါနဲ့ဗျာ...."
"အို...ဘာဖြစ်သလဲ....အစ်ကိုလို့ခေါ်တဲ့သူကို ညီကလေးလို့ ပြန်ခေါ်တာ မှားမှ မမှားလေပဲ...."
"မမှားလည်းပဲ မခေါ်နဲ့ဗျာ ကျုပ်မကြိုက်ဘူး....ကျုပ်ရဲ့နာမည် တစ်ခေတ်မောင်လို့ပဲ ခေါ်ရင်ခေါ်....မဟုတ်ရင်လည်း အဖျားစွတ်ခေါ် 'တစ်ခေတ်'.....ဒါမှမဟုတ်...."
ထွင်းအက္ခရာကို တည့်တည့်စိုက်ကြည့်နေရာမှ အကြည့်အား ထမင်းအိုးထံသို့ ပို့လွှတ်ကာ လွှဲပြောင်းလိုက်သည်။
" 'မောင်'လို့ ခေါ်လည်း ရတာပဲ မဟုတ်လား....."
ခပ်တိုးတိုး ပြောလိုက်တော့ ထွင်းအက္ခရာငြိမ်ကျသွားသည်ကို မျက်ဝန်းထောင့်မှ မြင်လိုက်ရသည်။ ပြောမိပြီးကာမှ မိမိကိုယ်ကို အသံတိတ်ကျိန်ဆဲနေမိ၏။
*ဘယ့်နှယ် 'မောင်'လို့ ခေါ်ဖို့ ပြောမိရတယ်လို့လေ...*
"တစ်ခေတ်မောင်လို့ပဲ ခေါ်ပါ့မယ်လေ...."
ထွင်းအက္ခရာကတော့ ခပ်အေးအေး ပြန်ဖြေရင်း ကျက်သွားပြီဖြစ်သော ထမင်းအိုးအား မီးဖိုပေါ်မှ ချလိုက်လေတော့သည်။
*တစ်နေ့တော့ အစ်ကို့နှုတ်က 'မောင်'လို့ စိတ်လိုလက်ရ ခေါ်လာလိမ့်မယ်လို့ မောင်ယုံတယ်...အစ်ကို...*
တစ်ခေတ်မောင်သည်လည်း မျှော်လင့်ချက်ကလေး ရင်တွင် ဖွက်လျက် အပြုံးကလေးဖြင့် ကာလိုက်မိတော့သည်။ အပြုံးကိုကျော်၍ ရင်မှ မျှော်လင့်ချက်အား အစ်ကိုမြင်ပါစေဟူသော ဆုတောင်းကလေး ဖွဖွဆိုရင်းပေါ့။
===================
11.7.2022🖤ဆွေး🖤
တစ်ခေတ်မောင် : ကြည့်စမ်း ကြည့်စမ်း ဆံပင်စည်းပေးမဲ့    ကောင်လေးမရှိတဲ့သူတွေ မောင်တို့ကို ပြုံးပြုံးကြီး လာဖတ်နေတယ် အစ်ကို....
ထွင်းအက္ခရာ : သည်ကောင်ကလေးတော့...
မမဆွေး : အမေလည်းပဲ ဆံပင်စည်းပေးမဲ့ ကောင်လေးမရှိဘူးလေ သားတို့ရယ်.....🤧
both : ကန်တော့ အမေ ကန်တော့....
မမဆွေး : 😑
Pokračovat ve čtení
Mohlo by se ti líbit
1.4M 60.4K 71
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
443K 23.2K 51
929K 10.3K 100
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
254K 9.2K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...