Zawgyi
"ရာ"
ထိုသူက ပြုံးလျက်သာ။ မျက်မှောင်ကြုံ့လျက် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသူက တစ်ခေတ်မောင်။ ထွင်းအက္ခရာကို ကြည့်မိတော့ အပြုံးမမည်သော အပြုံးတစ်ပွင့်ကို ပန်ဆင်လျက် ထိုသူ့အား ကြည့်နေလေသည်။
"အဲ့လိုမခေါ်ပါနဲ့လို့ မပြောထားပေဘူးလား....သခင်လေးခင်ဗျ....."
ထွင်းအက္ခရာက အရွှန်းဖောက်သလို ပြောလေတော့ ထိုသူ့အပြုံးတို့ ပို၍ပို၍ ပီပြင်လာလေသည်။
"အကျင့်ဆိုတော့လည်း ဖျက်ရခက်သားလား ရာရယ်....ရာလို့ခေါ်လာတာဖြင့် နှစ်များကြာရောပေါ့....."
ထွင်းအက္ခရာက မတတ်နိုင်သကဲ့သို့ ဖြေးညှင်းစွာ ခေါင်းခါလေသည်။ ထိုသူ၏ အပြုံးတို့သည် သူ၏အကြည့်တို့ တစ်ခေတ်မောင် ကိုင်ဆွဲထားလေသော ထွင်းအက္ခရာလက်ပေါ်သို့ ကျရောက်ချိန်တွင် ရုတ်ချည်းဆိုသလို ပျောက်ကွယ်သွားတော့သည်။
"လက်က ဘာဖြစ်ရသလဲ ရာ..."
မေးလည်းမေး၊ ပြေးလည်းပြေးကာ တစ်ခေတ်မောင်လက်ကို ဆွဲဖြုတ်လျက် ထွင်းအက္ခရာလက်အား တယုတယကိုင်လေသည်။
"နီနီကိုရဲနေတာပဲ....အပူလောင်သလား....နမော်နမဲ့ နိုင်နေတုန်းလား ရာ....."
"ဘာမှမဖြစ်ရပါဘူးကွာ....နည်းနည်းအပူလောင်သွားရုံပါ....မင်းမေ့သွားလေသလား ငါက ယောက်ျားတစ်ယောက်ပါလေ...."
ထွင်းအက္ခရာက မနေတတ်သလို ထိုလူ့လက်မှ ရုန်းလေ၏။ ထိုနှစ်ဦး၏ အဖြစ်အပျက်ကို တစ်ခေတ်မောင်မှာ အပိုလူကြီးတစ်ဦးနှယ် ဘေး၌နေကာ ကြည့်နေရတော့သည်။ ထိုသူက မြန်မာပုဆိုးအား ခါးပတ်ဖြင့် တွဲဝတ်ထားလျက် နက်ပြောင်သော ရှူးဖိနပ်ကိုလည်း ဝတ်ဆင်ထားသေးသည်။ ဆွတ်ဆွတ်ဖြူနေသော ရှပ်အကျီလက်ရှည်နှင့်ထိုသူသည် ဘိုဆန်ကာ သန့်ပြန့်နေတော့သည်။ တစ်ခေတ်မောင်အလိုလိုနှာခေါင်းရှုံ့မိသည်။ ခေတ်နောက်ကျသည်ဟုပဲဆိုဆို သူကတော့ ထိုကဲ့သို့ မထော်မနန်းဝတ်စားဆင်ယင်ပုံကို သဘောကျမနေပါ။ ရပ်ထဲရွာထဲတွင်သာ နေခဲ့ရသူမို့ ထိုသို့သော ဘိုဆန်ဆန်ဝတ်စားမှုသည် သူ့မျက်လုံးထဲမယ် ကိုးလိုးကန့်လန့်ဝင်နေရော့သည်။ တစ်ခေတ်မောင် သူ့အားကြည့်နေသည်ကို သတိထားမိ၍လားမသိ ထိုသူသည်လည်း တစ်ခေတ်မောင်အား လှည့်ကြည့်လာသည်။ ပြီးနောက် ဟိုလူ့ထံ ပြန်လှည့်သွားပြီး ထိုသို့မေးတော့၏။
"ကိုယ့်ကို မျက်ထောင့်နီကြီးနဲ့ ခါးထောက်ကြည့်နေတဲ့သူက ဘယ်သူကြီးတုန်း ရာ...."
ထွင်းအက္ခရာမှအစ အံ့သြသလို လှည့်ကြည့်လာကာမှ ကိုယ့်ကိုကိုယ် ခါးထောက်နေမိမှန်း သဘောပေါက်ရတော့သည်။ ဘယ်တုန်းကတည်းက သူထိုသို့ ခါးထောက်နေမိမှန်းမသိချေ။ ခါးထောက်ထားသော လက်ကို ဖြုတ်ကာ ဟန်ပါပါ လက်ကိုပိုက်လျက် ချောင်းဟန့်လိုက်ရတော့သည်။
"အဟမ်း...."
"သူက တစ်ခေတ်မောင်တဲ့....အငြိမ့်အဖွဲ့ထဲ အသစ်ရောက်တဲ့ လူရွှင်တော် အသစ်လေးလေ...."
"အယ် ဟုတ်သလား...ဆရာရသက သူ့ကို လက်ခံတယ်ပေါ့လေ...."
"လက်မခံစရာ ဘာအကြောင်းရှိသတုန်းဗျ...."
တစ်ခေတ်မောင်က ဝင်ထောက်ကာ ပြောပေးလိုက်သည်။ ထိုအခါမှ ထိုသူမှာ ကိုယ်ရှိန်သတ်တော့၏။
"တခြားသဘော မပါပါဘူးလေ....သည်အတိုင်း ထူးဆန်းလို့ပါ....ဆရာရသက ကိုကြီးငချွန့်နေရာမှာ ဘယ်သူ့ကိုမှ နေရာပေးခဲ့တာမှမဟုတ်တာလေ...."
ထိုသူက အေးအေးသက်သာစွာ ရှင်းပြနေသော်လည်း တစ်ခေတ်မောင်၏ မျက်နှာကြောမှာ တင်းမာနေတုန်းဖြစ်၏။ သက်ပြင်းတချချနှင့် မျက်စိဆံပင်မွှေးစူးနေသည့် ထိုသူ့ကိုသာ ခပ်ကြောကြောကြည့်ပေးနေလိုက်သည်။
"တစ်ခေတ်မောင်... သူက ဟယ်ရင်တန်ထူးမော်တဲ့.....ဘိလပ်ပြန် ဒေါက်တာပေါ့လေ...."
"ခွီး!!!!"
ရယ်စရာမရှိပါဘဲ ထရယ်လေသူကတော့ တစ်ခေတ်မောင်ပင်။ ကျန်နှစ်ဦးသားမှာ ကြောင်အမ်းအမ်းဖြစ်နေတော့၏။
"နာမည်ကလည်း ဆန်းပါဘိဗျာ....ဘာတဲ့ ဟယ်ရင်တန်ထူးမော်ဆိုပဲ....ခွီး....ဟားးဟားးဟားး"
နာမည်ပိုင်ရှင်အား ရှေ့တွင်ထားကာ ရယ်မောနေလေသော တစ်ခေတ်မောင်ကြောင့် ထူးမောင်မျက်နှာတစ်ခုလုံးမှာ လငမုတ်ဖမ်းသကဲ့သို့ ပြောင်းလဲသွားတော့သည်။ ကြားထဲမှ အနေခက်ရသူမှာတော့ ထွင်းအက္ခရာပင်။ အနေခက်လှစွာဖြင့် တစ်ခေတ်မောင်၏ ခါးအား တံတောင်ဖြင့် တွတ်ရလေတော့သည်။
"အားးးနာတယ် ခင်ဗျားရဲ့...."
တစ်ခေတ်မောင်အရယ်ရပ်သွားလေတော့မှ ထွင်းအက္ခရာကပဲ ကြားမှဖြန်ဖြေပေးရတော့သည်။
"ထူးမော်က လူမျိုးစပ်မို့ နာမည်က အဲ့သည်လိုဖြစ်နေတာပါ တစ်ခေတ်မောင်ရယ်....မင်းရယ်နေပုံက ထူးမော်ကို လှောင်နေသလိုကြီးရယ်...."
"မလှောင်ရပါဘူးဗျာ....သည်လိုနာမည်မျိုး ကျုပ်ဖြင့် တစ်ခါမှ မကြားဖူးလို့ပါ....."
ပြောလည်းပြော မျက်နှာကလည်း ပြီတီတီဖြစ်နေတော့၏။ ထူးမော်တစ်ယောက် တောက်ခေါက်လိုက်ပြီး။
"မသိနားမလည်တဲ့ တောသားကများ....."
"ဘာကွ!!!!"
တစ်ခေတ်မောင် ကြားဖြစ်အောင် ကြားသွားလေပြီး အသံခပ်မာမာနှင့် ပြန်မေးလာရာ ထူးမော်သည်လည်း မျက်နှာကို ချီကာထားတော့သည်။
"ငါ့တူ ထူးမော် ရောက်နေသကိုး....."
ထွင်းအက္ခရာမှာ ဆရာရသအား ထိုင်ရှိခိုးကာ ကျေးဇူးတင်စကားပြောလိုက်ချင်တော့သည်။ သူတို့နှစ်ဦး၏ မုန်တိုင်းထန်လှသော အခြေအနေမှာ ဆရာရသအသံကြောင့် တည်ငြိမ်သွားရတော့သည်။ တစ်ခေတ်မောင်ကလည်း ခပ်တင်းတင်းသူ့အကြည့်ကို ပြန်ရုတ်လျက် လက်သီးကို တင်းတင်းဆုပ်ထားလေတော့သည်။
"ငါ့မလဲ တစ်နေ့လုံးနေမှ ကွမ်းတစ်ယာလောက် မဝါးရရင် အာသီသမပြည့်သလို ရှိလို့ လမ်းထိပ်က ကွမ်းယာဆိုင်ရောက်နေတာ ငါ့တူရေ....မင်းရောက်နေမှန်းတောင်မသိလိုက်ဘူး...."
"ကျွန်တော်လည်း အခုလေးတင်မှ ရောက်တာပါ ဆရာရသ...."
"အေးအေး လာကွယ် လာထိုင်....တစ်ခေတ်မောင်သွား....လက်ဖက်ပန်းကန်သွားယူချေ...."
ဆရာရသက ထိုသူ့ပုခုံးကို ဖက်လျက် ထွက်ခွာသွားတော့သည်။ တစ်ခေတ်မောင် လက်သီးကို တင်းတင်းဆုပ်မိသည်မှာ သွေးမလျှောက်နိုင်လောက်တော့သည်အထိ ဖြစ်လောက်မည်။ ထိုသူ့ကျောပြင်ကို ငေးကြည့်နေရင်း သူ့ရင်တို့ မောလာသည်။ အဘယ်ကြောင့်နည်း။ သူ မသိချေ။
"တစ်ခေတ်မောင်...မင်းသွားရင်သွားနှင့် ငါလက်ဖက်ပန်းကန်ယူလာခဲ့ချေမယ်...."
ထွင်းအက္ခရာ အပြုံးနုနုပြုံးလျက် ပုခုံးကို ဖွဖွပုတ်ပေးကာ ပြောလာတော့သည်။ ဘာကြောင့်မှန်းမသိ သူလက်သီးဆုပ်တို့ကို ဖြေလျှော့လိုက်မိပြီး စိတ်နှလုံးသည်လည်း အနည်းငယ်ငြိမ်သွားသလိုရှိသည်။ ထိုလူ့ရှေ့မှ ခပ်မြန်မြန်သာ ထွက်သွားလိုက်တော့သည်။
########
"ရန်ကုန်ပြန်ရောက်တာ ကြာပြီလား ငါ့တူထူးမော်....."
"မကြာသေးပါဘူး ဆရာရသ .... ပြန်ရောက်ရောက်ချင်း ဆရာရသဆီ ရောက်လာတာပါပဲ...."
"ကျုပ်ဆီလာတာတော့ မဟုတ်လောက်ပေဘူးမလား....."
ဆရာရသက ခပ်ချိုချိုအပြုံးဖြင့် ပြောလေတော့ ထူးမော် တစ်ချက်သာပြန်ပြုံးလျက်ရှိသည်။
"လက်ဖက်ရပါပြီ....ထူးမော် မင်းကြိုက်တတ်သလို ကြက်သွန်ဖြူလေး ညက်ညက်ထောင်းပြီး ထည့်ပေးထားတယ်...."
"ကျေးဇူးပါ ရာ...."
ရာက သူ့ဘေးတွင် ဝင်၍ထိုင်၏။ ထူးမော်တစ်ယောက် ရာနှင့် ဆရာရသတို့အား တစ်လှည့်စီ ကြည့်နေလိုက်ပြီး။
"ကျွန်တော် တစ်ခုလောက်မေးလို့ရမလား ဆရာရရသ...."
"မေးလေ ငါ့တူ...."
"တစ်ခေတ်မောင်ဆိုတဲ့ လူက ကိုကြီးငချွန်နေရာအတွက် ရောက်လာတာဆို...."
"ဟုတ်တယ် မောင်ထူးမော်.....တစ်ခေတ်မောင်ရဲ့ ဆရာဖြစ်သူကလည်း တစ်ခေတ်တစ်ခါက ကျော်ကြားခဲ့တဲ့ ဝါရင့်လူရွှင်တော်ကြီးပဲလေ....ပြီးတော့ ငါ့ရဲ့ လေးစားရတဲ့ အစ်ကိုတစ်ယောက်ဖြစ်ခဲ့တော့ တစ်ခေတ်မောင်ကို လက်ခံဖြစ်သွားတာ...."
ထူးမော်ဘာမျှပြန်မပြောနိုင်လေတော့ပါ။ ရာ သုပ်လာပေးသော လက်ဖက်သုပ်ကိုသာ တစ်ဇွန်းခပ်ယူ၍ တမြုံ့မြုံ့ဝါးနေလိုက်တော့သည်။
"ပြီးတော့လည်း အခုလို မိုးရာသီ ဇာတ်ပွဲတွေ နားနေရချိန် ရောက်လာတာဆိုတော့...လေ့ကျင့်ချိန်ရတာပေါ့ ငါ့တူရယ်...."
"ဟုတ်တယ် ထူးမော်....ငါလည်း အစကတော့ လက်မခံချင်ခဲ့ပါဘူး...သို့ပေတိ တစ်ခေတ်မောင်ကိုယ်တိုင်ကလည်း အရည်အချင်းရှိတယ် ထူးမော်ရဲ့...."
ရာက တစ်ခေတ်မောင်ကို ချီးကျူးသလိုပြောတော့ ထူးမော် မကျေနပ်မိပေ။ ရာဟာ အေးအေးသက်သာ နေတတ်သူဖြစ်သော်လည်း မည်သူ့ကိုမျှ လွယ်လွယ်ချီးကျူးတတ်သူမဟုတ်ချေ။ ယခုမှ စတင်သိကျွမ်းသူတို့နှင့်လည်း တရင်းတနှီးနေတတ်ခြင်းမရှိခဲ့။ သို့သော် ယခုမူ တစ်မူထူးနေ၏။ ထူးမော် သက်ပြင်းသာချနိုင်သည်။ သူ့တွင် မည်သို့သော တုံ့ပြန်ခွင့်မျှမရှိချေ။
####
တစ်ခေတ်မောင်တစ်ယောက် လက်ပိုက်လျက် ရှူတည်တည်ကြည့်နေမိသည်။ မျက်စိရှေ့တွင် သံယောဇဉ်အမျှင်တန်းနေသော နှစ်ဦးသားက တစ်ခေတ်မောင် အမြင်အာရုံထဲ ကန့်လန့်ဆန်စွာ ဝင်ရောက်နှောင့်ယှက်နေသည်ကြောင့် မျက်နှာကြောမှာ တင်းသထက်တင်း ရှုံ့သထက်ရှုံ့လာခဲ့သည်။ ပြန်သွားဖို့အရေး မခွဲနိုင် မခွာရက်ဖြစ်နေသော ဟယ်ရင်တင်ထူးမော်ဆိုလား ဟယ်ရင်တန်ထူးမော်ဆိုလား ထားပါလေ ထိုသူက ထွင်းအက္ခရာ၏ လက်အား မလွှတ်တမ်းဆွဲကိုင်ထားလေသည်။ ကွမ်းတစ်ယာညက်လောက်သော အချိန်တွင်မှ ဟယ်ရင်တန်ထူးမော်ခင်ဗျာ မအီမသာသော မျက်နှာဖြင့် မော်တော်ကားပေါ် တက်လျက် မောင်းထွက်သွားလေတော့သည်။
"ဘာတွေများ သည်လောက်တောင် ပြောဆိုလို့ မပြီးနိုင်မစီးနိုင်ဖြစ်နေရတာများလဲ...."
တစ်ခေတ်မောင်တစ်ယောက် ထွင်းအက္ခရာ မကြားကြားအောင် ခနဲ့တဲ့တဲ့ပြောပြီး အိမ်ပေါ်သို့ တက်သွားလိုက်တော့သည်။ သူဘာကြောင့်မို့ သည်လိုတွေ ပြုမူနေမိမှန်း မပြောတတ်၊ မမှန်းတတ်တော့ချေ။ မကျေမနပ်ဖြစ်နေသည်ကတော့ အမှန်ဖြစ်၏။ တောရွာမှာမွေး တောရွာမှာ ကြီးသူမို့ ခေတ်ဆန်ဆန်အရာများကို သဘောမတွေ့တတ်ပေ။ ဟယ်ရင်တန်ထူးမော်ဆိုသူအား အမည်ကြားရုံနှင့်ပင် မျက်မှောင်ကြုံ့မိစေသည်။
လေပူတို့အား မှုတ်ထုတ်လိုက်ပြီးနောက် ဝါးကြမ်းဖျာပေါ်တွင် တင်ပျဉ်ခွေထိုင်နေမိတော့သည်။ ထိုအချိန် အခန်းတွင်းသို့ ကိုကြီးငွေခဲ ဝင်ရောက်လာတော့သည်။
"ဟင်းးးးး လူတွေများ ပြောကိုမပြောချင်တော့ပါဘူးကွာ....ကြွေးယူတော့ ပြုံးပြုံး ကြွေးတောင်းတော့ မုန်းဆိုသလို မျက်နှာပေးက အမျိုးမျိုးကွ....အကြွေးယူတုန်းကတော့ ကျေးဇူး တင်လိုက်တာ...ကျေးဇူးတင်လိုက်တာနဲ့....ဟော..အကြွေးလည်း ပြန်တောင်းရော ရုပ်တွေက ဘီလူးသံပုရာသီး စားသလို ဖြစ်သွားကြရော...အော် လူတွေ လူတွေ...."
ကိုကြီး ငွေခဲက သံဝေဂရစရာ စကားတို့ကို တတွတ်တွတ်ရေရွတ်ရင်း တစ်ခေတ်မောင်ဘေးသို့ ဝင်ထိုင်လေသည်။ တစ်ခေတ်မောင်ကတော့ ခေါင်းသာ ငြိမ့်ပြနေပြီး မည်သို့မျှ မတုံ့ပြန်ဖြစ်ပေ။
"ဝေ့ တစ်ခေတ်မောင်....ပြောတာကော ကြားရဲ့လားကွ..."
"ကြားပဗျာ....ကြားပ....လူတွေရဲ့ ပြောင်းလဲပုံအဆင့်ဆင့်ကို ပြောနေတာမဟုတ်လား ကိုကြီးငွေခဲရဲ့...."
"ဟုတ်ပ ဟုတ်ပ...သိုပေ့မဲ့ မင်းက စိတ်နဲ့ ကိုယ်မကပ်သလို ဖြစ်နေတော့ ကျုပ်ပြောတာ မကြားဘူးပဲ ထင်တာပေါ့ကွ...."
"ကျုပ် တွေးနေတာ ကိုကြီးငွေခဲရဲ့...."
"ဘာတွေတွေးနေတာလဲ တစ်ခေတ်မောင်ရဲ့....ငွေရေးကြေးရေးဆိုရင်တော့ သည်ကအစ်ကိုကြီးကို သတိရလိုက်၊ ကျန်းမာရေးဆိုရင်တော့ သာကူ့ကို သတိရလိုက်၊ အချစ်ရေးအချစ်ရာကတော့ ရှမ်းလေးပေါ့ကွာ ၊ အိပ်ပျက်ညတွေ များနေရင်တော့ ငမှေးကိုသာ မေး...."
"ယော....ခက်ပါရောလား....ကျုပ်တွေးနေတာ အဲ့တာတွေမဟုတ်ဘူးဗျ...."
"ဘာတွေးနေလို့လဲ...."
"ထွင်းအက္ခရာအကြောင်း...."
ကိုကြီးငွေခဲက မျက်မှောင်ကို ကြုံ့လိုက်ပြီး တစ်ခေတ်မောင်၏ နောက်စေ့ကို ဖြတ်ရိုက်ချလိုက်တော့သည်။
"အားပါးပါး....နာလိုက်တာ ကိုကြီးငွေခဲရယ်....ဘာလို့ရိုက်သတုန်းဗျ...."
"အက္ခရာလေးက မင်းထက်ကြီးတယ်ကွ....အစ်ကိုလို့ တပ်ခေါ်ပါဆို....ပြောရင် မှတ်မထားဘူး...."
"ကျုပ်မှ မခေါ်ချင်ပဲကိုဗျာ..."
"ခေါင်းမာလိုက်တဲ့ကောင်...."
ကိုကြီးငွေခဲက သွားကြိတ်သံဖြင့် ပြော၏။ ပြီးကာမှ။
"နေပါအုန်း....မင်းက အက္ခရာအကြောင်း ဘာတွေ တွေးနေတာလဲ..."
"ထဝမ်းဘဲက ဘယ်ဘက်လှည့်လဲ စဉ်းစားနေတာဗျ...."
"ဟေ ဘယ်ဘက်ထင်တယ်ကွ....တယ် ငါလုပ်လိုက်ရ....အဲ့ မြန်မာဗျည်းအက္ခရာကို မေးတာမဟုတ်ဘူးကွ....ငါတို့သဘင်ရဲ့ အဓိကမင်းသမီး ထွင်းအက္ခရာ အကြောင်းကိုပြောတာ...."
"သိပါတယ်ဗျာ....ကျုပ်က သပ်သပ်မဲ့ ပြောတာပါ"
ယခုတလော ပြက်လုံးအကြောင်းတွေ လေ့လာနေရတာမို့ စကားပြောရင် ရယ်စရာလေး ရှာပြီး ပြောလိုက်ရမှ စားဝင်အိပ်ပျော်ဖြစ်နေတာကြောင့် ကိုကြီးငွေခဲကိုပင် နောက်ပြောင်လိုက်မိသည်။ တစ်ခဏလောက် ရယ်မောလိုက်ပြီး ပြီးကာမှ စကားအတည်ပြောရန် ဦးတည်လိုက်ရသည်။
"ထွင်းအက္ခရာက အခြောက်လား...."
"ဘာကွ!!!!"
ရိုးရှင်းလှသော မေးခွန်းတစ်ခုတွင် ကိုကြီးငွေခဲ၏ တုံ့ပြန်ပုံကတော့ အနည်းငယ် ဆန်းလေသည်။ ဒေါသတကြီးဖြင့် အော်ငေါက်သည့်အပြင် မျက်နှာကို တစ်ဖက်သို့လည်း လွှဲထားလေသည်။ ပြီးနောက် တိုတောင်းတိကျသော အဖြေတစ်ခုကို ပေးလာလေသည်။
"မဟုတ်ဘူး...."
ထိုသို့ဖြေတော့ ကျွန်တော်အနည်းငယ် တွေးဆဆပြုနေလိုက်သည်။ ဒါကိုပဲ ကိုကြီး ငွေခဲက မကျေနပ်သကဲ့သို့။
"အက္ခရာက မိန်းမတစ်ဦးလို နွဲ့နှောင်းပြနေလို့လား တစ်ခေတ်မောင်!!!!"
ကိုကြီး ငွေခဲ၏ ကြိတ်မနိုင်ခဲမရ မေးသံကြောင့် တစ်ခေတ်မောင် မျက်မှောင်တွန့်ချိုးလိုက်သည်။ ဟုတ်ပါ၏။ ထွင်းအက္ခရာမှာ နွဲ့နှောင်းမနေပါ။ ပျော့ပျောင်းမနေပါ။ ကနွဲ့ကလျဖြစ်မနေပါ။ သူဟာ ပကတိ ပုံမှန်အတိုင်း ပြုမူနေသူဖြစ်လေ၏။ သူ့သွင်ပြင်ကသာ မိန်းမတစ်ဦးနှင့် ဆင်ဆင်တူနေပေမဲ့ သူ့အပြုအမူမှန်သမျှသည် အမျိုးသမီးဆန်မနေပါချေ။
"ဒါဆို ဘာလို့ သည်လို အလုပ်ကို လုပ်ရသလဲ...ကိုယ်တိုင် ယောက်ျားဖြစ်လျက်နဲ့ အမျိုးသမီးတစ်ဦးလို ဟန်ဆောင်ပြီး သဘင်ပုရိသတ်တွေကို လိမ်ညာလှည့်ဖြားနေတာ ကောင်းတဲ့ အလုပ်မှမဟုတ်ပဲ...."
တစ်ခေတ်မောင် သူ၏ အတွေးကို ဘွင်းဘွင်းထင်းထင်း ချပြလိုက်တော့သည်။ ကိုကြီးငွေခဲထံမှ သက်ပြင်းဖွဖွ ချသံကို ကြားလိုက်ရသည်။ သူ့စိတ်ထဲလည်း အလိုလိုပင် လေးပင်လာတော့သည်။
"သူလည်းပဲ သည်လို သိပ်လုပ်ချင်နေတယ်လို့ မင်းထင်နေတာလား...."
"ဒါဆိုရင်...."
"မင်းက အသက်ကလေးငယ်ပါသေးတယ် တစ်ခေတ်မောင်... ကမ္ဘာကြီးပေါ်ကတစ်ချို့အရာတွေကို မင်းနားလည်နိုင်အုန်းမှာ မဟုတ်ဘူး....ရွေးချယ်စရာမရှိတဲ့လူတစ်ယောက်ရဲ့ အကြပ်ရိုက်မှုကိုလည်း မင်းသိမှာ မဟုတ်ပါဘူးလေ...."
ကိုကြီး ငွေခဲအသံက အဟုတ်ကို ဆွေးဆွေးလေးလေးဖြစ်နေ၏။ ကိုကြီး ငွေခဲက ပြောသင့်ရုံလောက်သာ ပြောပြီး တစ်ချို့အကြောင်းအရာတို့ကို ထိမ်ချန်ထားမှန်း သိသာသည်။ သို့သော်လည်း မေးမနေတော့ပါ။ ကိုယ့်အကြောင်းမှ မဟုတ်ဘဲလေ။
"ယောက်ျားတစ်ယောက်ဖြစ်လျက်နဲ့ ထိုင်မသိမ်းအနားခတ်ဖို့ အပြင် ရွေးချယ်စရာမရှိလာတဲ့အခါ အက္ခရာလို မင်းလည်းပဲ တူညီတဲ့ လမ်းကို လျှောက်ရလိမ့်မယ်... အာမခံနိုင်တာ တစ်ခုက အက္ခရာလေးအပါအဝင် ငါတို့ ထွင်းအက္ခရာ သဘင်အဖွဲ့သား အားလုံးမှာ ပုရိသတ်ကို လှည့်ဖြားဖို့ ရည်ရွယ်ချက်ဆန္ဒရှိမနေခဲ့ဘူးဆိုတာပဲ....."
တစ်ခေတ်မောင် ငြိမ်ကျသွားသည်။ မည်သို့သော အခြေအနေနဲ့ ကြုံခဲ့ရတာမို့ သည်လိုလမ်းကို ရွေးခဲ့ရသလဲ မပြောတတ်တော့ပါချေ။ မတိမကျသော အဖြေစကားကိုပဲ ကြားရခြင်းကိုတောင် ထိုသူ့အား နားလည်ပေးချင်လာမိသည်။ တစ်ခါတစ်ရံ ထွင်းအက္ခရာဆိုသူ၏ အမျိုးသမီးတစ်ဦးဖြစ်ခြင်း၊ အမျိုးသားတစ်ဦးဖြစ်ခြင်းကို ဂရုမထားမိပဲ သဘောကျနေမိလာလေသည်။ ထိုသူ့ကို ထိုသူအဖြစ်သာမြင်လျက် မိန်းမတစ်ဦးမဟုတ်ဘဲ ယောက်ျားတစ်ဦးဖြစ်ကြောင်း မေ့လျော့တတ်လာလေသည်။
####
အခန်းတွင်းမှ တစ်ခေတ်မောင်၏ အမေးစကားတို့ကို ကြားရချိန်တွင် ထွင်းအက္ခရာ၏ မျက်နှာကလေးပေါ်တွင် မျက်ရည်ဥကလေး ဖြတ်ပြေးသွားသည်။
'ပုရိသတ်ကို လိမ်ညာလှည့်ဖြားခြင်း'တဲ့လေ။ စွတ်စွဲမှုမမည်သော စွတ်စွဲမှုတစ်ခု။ မှန်ကန်ခြင်းတစ်ဝက်ရောသော မှားယွင်းမှုတစ်ခု။
ဟုတ်ပါရဲ့....သူ ပုရိသတ်ကို လှည့်ဖြားမိနေသည်ပဲ။ သို့ပေမဲ့ ဘယ်မလဲ သူ့အတွက် လမ်း။ ရှိမှရှိမနေပဲလေ။ ရည်ရွယ်မှု မပါတဲ့ လှည့်ဖြားမှုမို့ တစ်ချိန်ချိန် ပေါ်ပေါက်သွားခဲ့ရင်တောင် သူ့ကို နားလည်လက်ခံပေးကြမည်မဟုတ်လား။ 'မုသား မပါ လင်္ကာမချော' ဆိုသလို လှပတဲ့ မုသားမို့ နားလည်ပေးကြမည်မဟုတ်လား။ ဒါမှမဟုတ် သူပဲ တွေးထင်နေသည်လား။ လျှို့ဝှက်ချက် ပေါ်ပေါက်သွားသော တစ်နေ့ သူမည်သည်တို့ကို ရင်ဆိုင်ရမည်မှန်း သူကြိုမသိပါချေ။ မေ့ထားလျက် နေလာရင်း အရေးတယူတွေးယူမိသည့်အခါ ထိုနေ့ရောက်လာမည်ကို ကြောက်လာမိတော့၏။
#####
"~~~စံပယ် တစ်ကုံးဖြင့် သူ့ကို ပန်ပေးချင်တယ်~~~
~~~ကိုကိုယ်တိုင် ရွေးလို့ သီမယ်~~~
~~~မေးပါရစေ ပျိုခင်သက်ထား မျက်ခြယ်~~~
~~~ငြင်းပယ်မှာလား ချစ်သူရယ်~~~"
တစ်ခေတ်မောင်တစ်ယောက် သီချင်း တညည်းညည်းဖြင့် စံပယ်ရုံကြီးအား ရေလောင်းပေါင်းသင်နေမိသည်။ သူရောက်ခါစက သေဆုံးတော့မလို ဖြစ်နေသော စံပယ်ရုံကြီးသည် လက်ဆိတ်ရှိသော တစ်ခေတ်မောင်နှင့် တွေ့ကာမှ ပြန်လည် နလန်ထူလာလေတော့သည်။ မိုးတွင်းမှ အချိန်မှန်မှန်ရွာသော မိုးရေများကြောင့်လည်း ယခုဆိုလျှင် အဖူးအငုံတို့ စတင် ပွင့်ဖူးနေလေပြီ။ သီချင်းညည်းရင်း ထိုသူ့အတွက် စံပယ်ပန်းကုံးသီပေးခဲ့ဖူးသည်ကို သတိရမိသည်။ ဖိနပ်မပါပဲ ထိုသူ့နောက်လိုက်၍ ပေးရန်ကြိုးစားခဲ့ဖူးသည်ကို သတိရတော့ ပြုံးမိပါ၏။ အဆုံး၌ ထိုသူ့ထံသို့ ဆိုက်ဆိုက်မြိုက်မြိုက်သူရောက်လာလေပြီ။ သို့သော်လည်း သို့သော်လည်း.....။ သူ သက်ပြင်းကို ချလျက် ရေဆက်လက်လောင်းနေလိုက်သည်။ ယနေ့ နေအနည်းငယ်သာတော့ ရေလောင်းပေးမှ ဖြစ်မည်လေ။
"~~~ဖြူလွှလွှ ပန်းငွေစံပယ်ကုံးအသွယ်~~~
~~~ကြည်လင်ပျံ့မွှေးကြူတယ်~~~
~~~ကိုယ့်မေတ္တာ စေတနာ မိုးကကြွယ်~~~
~~~ချစ်ဦးသူအတွက် ပန်ပေးမယ်~~~
~~~ဆံမြညှာထက်မှာကွယ်~~~
~~~ချစ်စရာ့ ငွေစံပယ်ကုံးနဲ့ရယ်~~~
~~~ရင်ထဲမှာ ချမ်းမြေ့ဖွယ်~~~
~~~ပန်းအလှတစ်ကုံးနဲ့ သူတင့်တယ်~~~"
ပျံ့လွင့်လာသော သီချင်းသံချိုချိုကြောင့် ပြတင်းပေါက်မှသည် ခေါင်းကလေး စောင်း၍ ကြည့်မိသည်။ စွပ်ကျယ်အဖြူတစ်ထည်၊ ပုဆိုးအနွမ်းတစ်ထည် ဝတ်ထားလျက် အပင်ရေလောင်းနေသော တစ်ခေတ်မောင်အား အပေါ်စီးမှ မြင်တွေ့ရလေသည်။ စိတ်ရှည်လက်ရှည်ဖြင့် ပေါင်းသင်မြက်နုတ် ရေလောင်းနေသူအား သူ့ကိုယ်သူပင် သတိမထားမိဘဲ မျက်တောင်မခတ်တမ်း ကြည့်နေမိလေ၏။ ကိုမောင်မောင်၏ သီချင်းလေးအား ညည်းလျက် လုပ်စရာအလုပ်တို့အား စိတ်ရှည်လက်ရှည်လုပ်နေသူကြောင့် သူပြုံးမိပါ၏။ ယခုဆိုလျှင် မနက်လင်းတာနဲ့ အိမ်ခေါင်းရင်းဆီမှ စံပယ်ပန်းရနံ့ကို ဦးစွာ ရတတ်လေပြီ။ မနက်လင်းတာနှင့် စံပယ်ပန်းနံ့ရသည်မို့ တစ်နေ့လုံး စိတ်ကို ကြည်လင်လန်းဆန်းစေသည်လေ။
ထို့နောက် တစ်ခေတ်မောင်က နှီးဇကာကလေးတစ်ခုဖြင့် ပွင့်ခါနီးနေပြီဖြစ်သော စံပယ်ပန်းကလေးများအား ခူးယူနေသည်ကို တွေ့ရသည်။
*ဘုရားတင်ဖို့ ထင်ပါရဲ့...*
ခပ်တိုးတိုးရေရွတ်ရင်း ဘုရားဝတ်ပြုရန် ဘုရားခန်းထဲသို့ ဦးတည်လိုက်သည်။
စံပယ်ပန်းကလေးများအား စိတ်ရှည်လက်ရှည်သီကုံးပြီးသည့်နောက် ထိုစံပယ်ပန်းကုံးများအား ကိုင်လျက် အပေါ်ထပ်သို့ တက်လာခဲ့လိုက်သည်။ ဘုရားခန်းအရှေ့မှ ဖြတ်အလျှောက်တွင် ဘုရားခန်းအတွင်းမှ ယောကီ တဘက်ကလေး ပုခုံးပေါ်တင်လျက် ထွက်လာသူလေးနှင့် ဆုံလေသည်။ ထိုသူ့အခန်းဆီ ဦးတည်မည်ကို ထိုသူနှင့်မှ တိုက်တိုက်ဆိုင်ဆိုင်တွေ့လေတော့ မည်သို့မည်ပုံ တုံ့ပြန်ရမည်မှန်းမသိချေ။
"အော် တစ်ခေတ်မောင်...."
"ကျုပ်....ကျုပ်....သည်စံပယ်ကုံးလေး ဘုရားကပ်ပေး...."
"ဟုတ်ပြီ...ငါကပ်ပေးမယ်နော်...."
ထိုစံပယ်ပန်းကုံးပေးပြီးသည်နှင့်တောင် ထွက်မသွားသေးသော တစ်ခေတ်မောင်ကြောင့်။
"ဘာများထပ်ရှိသေးသလဲ တစ်ခေတ်မောင်...."
တစ်ခေတ်မောင်က သူ့ပုဆိုး ဂပုံစထဲမှ စံပယ်နောက်တစ်ကုံးကို ထုတ်လေသည်။ ပြီးနောက် မျက်နှာလွှဲထားလျက်။
"ဒါက ခင်ဗျား ပန်ဖို့...."
ထွင်းအက္ခရာလက်ထဲသို့ အတင်းထည့်ပေးကာ ထွက်သွားလေသော တစ်ခေတ်မောင်။ ကနဦးတွင် ကြောင်အမ်းနေရာမှ ပြုံးယောင်သမ်းလာမိတော့သည်။ သူ့အတွက်ဟု ပြောကာ လက်ထဲထည့်ပေးခဲ့သော စံပယ်ကုံးကလေးအား တယုတယ နမ်းရှိုက်မိတော့သည်။
"မွှေးလိုက်လေခြင်း...."
ဟူ၍ ရေရွတ်မိလေတော့သည်။
တစ်ခေတ်မောင် တစ်ယောက်မှာတော့ အောက်ထပ်သို့ အားကုန်သုံး ဆင်းပြေးသွားရသည်။ တဒိန်းဒိန်းလှုပ်ခုန်နေသော ရင်အစုံအား အုပ်ကိုင်ရင်း ယခင်ကလို "သူဟာ ယောက်ျားတစ်ဦး" ရယ်လို့ ရေရွတ် နှလုံးမသွင်းနေမိတော့။ သေချာသည်က သူသည် ထိုသူ့အပေါ် စတင်တွေ့ရှိ၍ မေတ္တာစုံမက်မိစဉ်ကတည်းကအတိုင်း နှစ်သက်သဘောကျနေမိခြင်းပင်။ တစ်ခေတ်မောင်ကိုယ်တိုင် ဆရာကြည်အား ပြောခဲ့ဖူးလေသော စကားအတိုင်း။
"စံပယ်တွေကို ကျုပ်ကိုယ်တိုင်သီပြီး ပန်ပေးချင်စိတ်ဖြစ်မိတာက သူမအပေါ် ပထမဦးဆုံးပါပဲ...."
ဟုတ်ပါ၏။ ထိုစကားအတိုင်း ယခုအထိလည်း ယခင်ကအတိုင်း ထိုသူ့အတွက် စံပယ်တွေ သီပြီး ပန်ပေးချင်မိတုန်းပါပဲ။ သို့ဆိုလျှင်။
ကျုပ် သူ့အပေါ်......
=================
7.7.2022🖤ဆွေး🖤
မမဆွေး ပြန်လာပါပြီနော်။ လိမ္မာတော့မှာမို့ ပစ်ထားမယ် မကြံကြပါနဲ့။
ကိုမောင်မောင်ရဲ့ 'ပန်ပေးပါရစေ စံပယ်တစ်ကုံး' သီချင်းအား full creditပေးပါကြောင်း.....။