东宫 Eastern Palace: Chapter 22
ငါ ရေလည်း မကူးတတ်ဘူး ။ လူသတ်သမားက လည်း ငါ့ကို အားပြင်းပြင်း နဲ့ တွန်းချလိုက်တော့ ရေတော်တော် နက်နက်ထဲ အထိငါကျသွားခဲ့တယ် ။ ပတ်ပတ်လည်မှာလည်း ရေခဲလို အေးစက်နေတဲ့ ရေတွေ ၊ ငါ့ ခေါင်းထိပ်မှာရှိ နေတာကလည်း အပြာရင့် ရောင် ရေတွေချည်း ပဲ ။အမြင်အာရုံထဲမှာ ခေါင်း ရဲ့ အပေါ်ဘက် ကနေ လာတဲ့ အလင်းတန်းတစ်ခု ကိုပဲမြင်နိုင်တယ်။
ဂလုဂလု နဲ့ ရေတွေ အများကြီး မြိုချလိုက်မိပြီ ။နောက်ဆုံးတစ်ခေါက်တုန်း က တစ်ယောက်ယောက်ကို ကယ်တင်ဖို့ ငါရေထဲ ကို ခုန်ချခဲ့တုန်းက အားတုကငါ့ကို ကယ်တင်ပေးခဲ့တယ် ။
နောက်ပြီးတော့ ဝမ်နန် တရားရုံးမှာ အမှု ရင်ဆိုင်ရတော့ ဖေ့ကျောက် က ခါးစည်းကြိုး နဲ့ ပေါ့ပေါ့ပါးပါးဝတ်ရုံ ကို ပဲ ဝတ်ပြီးပေါ်လာခဲ့တာ ။ ကြည့်ရတာ ဖော်ဖော်ရွေရွေနဲ့ ချစ်စရာတောင်ကောင်းနေသေး ။
ဖေ့ကျောက်အကြောင်းစဉ်းစားလိုက်တာနဲ့ လီချန်းရင် ကိုအလိုလို စဉ်းစားမိသွားစေတယ် ။ အဆုံးထိ ငါနဲ့ လီချန်းရင် က အတူရှိဖို့ ကံမပါလာခဲ့ဘူးပဲ ။ ငါတို့အပြန်အလှန် သဘောကျနေခဲ့ကြရင် တောင်မှ.....တကယ်လို့ သူလည်းငါ့ကို သဘောကျမနေခဲ့ရင် လူတွေအားလုံးရဲ့ ရှေ့မှာ လူသတ်သမားကို အဲ့လို ကတိမျိုး ပေးပါ့မလား ။
လီချန်းရင် နဲ့ ငါ ရဲ့ ကံကြမ္မာကို က ပေါင်းစည်းလို့ မရနိုင်ခဲ့တာ ။
ကံကောင်းထောက်မစွာနဲ့ပဲ ငါသေသွားခဲ့ရင်တောင်မှကျောက်လျန်းတိ ရှိသေးတာပဲ ၊ လီချန်းရင် အဲ့လောက်အကြာကြီး အသည်းကွဲနေရမှာ မဟုတ်ဘူး ။သူ သေချာပေါက် တဖြည်းဖြည်းနဲ့ ငါ့အကြောင်းကို မေ့သွားပြီး ၊ သူ ကောင်းကောင်းမွန်မွန် ပဲ ဆက်ပြီးရှင်သန် သွားလိမ့်မယ်။
ရေတွေက ငါ့ပါးစပ်နဲ့ နှာခေါင်းတွေထဲကို အဆက်မပြတ်ဝင်လာနေပြီ ။ ငါရေတွေဘယ်လောက်တောင် မြိုချလိုက်မိပြီးပြီ လဲမသိတော့ဘူး ။ တဖြည်းဖြည်းနဲ့ အသက်ရှုရ ခက်ခဲလာတယ် ......
ငါ့ခေါင်းပေါ်က မြင်နေရတဲ့အလင်းတန်းကလည်း တဖြည်းဖြည်း ဝေးသထက် ဝေးသွားခဲ့ပြီ ။ ငါ့ ခန္ဓာကိုယ်ကလည်း တဖြည်းဖြည်း ချင်း ရေနက်ထဲကို နစ်သထက် နစ် လာနေရင်း နဲ့ ငါ မြင်ရတဲ့ မြင်ကွင်းကလည်း အမှောင်ထုချည်းသက်သက် ဖြစ်လာနေခဲ့တယ် ။
ငါ့ ဘေးကနေ အသာအယာ တိုက်ခတ်နေတဲ့လေတွေ၊ ငါ့ကို ပွေ့ဖက်ထားတဲ့ လူတစ်ယောက် ။
သူ... ငါ့ကို ကယ်တင်ဖို့ ကြိုးပမ်းနေခဲ့တာ ....
ညအချိန် လေထုထဲ မှာ ဖြည်းညှင်းစွာ တစ်ပတ်ပြီး တစ်ပတ် ပတ်ချာလည်နေကြရင်း...
ကောင်းကင်မှာ ပြည့်နှက်နေတဲ့ ကြယ်တွေက မိုးစက်တွေ ကျဆင်းလာကြသလိုမျိုး ....
ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေကြီး ကြားထဲမှာ သူ့ မျက်လုံးရဲ့ အကြည့်တွေက ငါ့မျက်လုံးတွေထဲကို ပဲ ငေးကြည့်နေခဲ့တာ ....
သူ့ မျက်ဝန်းတွေထဲမှာ ရှိနေတာက ငါတစ်ယောက်တည်း......
ငါ သတိမေ့မြော သွားတော့မယ့် အချိန်...
ငါ တကယ်ကို သတိမေ့ မြောသွားရတော့မယ့် အချိန်မှာ .....
သူ့ရဲ့ ဒီလိုမျိုး ပွေ့ဖက်ခြင်း ခံထားရတဲ့ ငါက ....
ဒီလူပဲ.....ငါသိတယ်.... ငါ ဒီ လူ့ကို နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုးတယ် ။
သူကလည်း ငါ့ကို အဲ့လို လေးလေးနက်နက် ချစ်မြတ်နိုးတဲ့ သူ တစ်ယောက်ပဲ ။
သူရှိနေမှသာ ငါ လုံခြုံတယ်လို့ ခံစားရတယ်လေ ။
ငါ ဒီ အိမ်မက်ကို မက်လာခဲ့တာ အကြိမ်ရေ ပေါင်းမနည်းတော့ဘူး ။ ငါ စိတ်ထဲ မတွေးမိတာ ပဲရှိတာ ။ အခု ငါရေနစ်သေရတော့မယ် ........ငါ့ကို လာပြီး ကယ်တင်ပေးမဲ့ လူလည်း မရှိဘူး ။
ငါ့ အိမ်မက်ထဲက သူရဲကောင်းကလည်း ငါ့ကို ကယ်တင်ဖို့ ပေါ်မလာခဲ့ဘူး ။
လီချန်းရင် ၊ သူ ငါ့ကို ကယ်တင်ဖို့ ရောက်မလာခဲ့ဘူး ။
ငါ့ကို သံလှောင်အိမ်ထဲ ကို ထည့်ပြီး ရေထဲကို ပစ်ချခံလိုက်ရသလိုပဲ ။ အချိန်ဘယ်လောက် ကြာသွားခဲ့ သလဲတော့ ငါမသိတော့ဘူး ။နှစ်ပေါင်းများစွာ ကုန်ဆုံးသွားခဲ့ သလို မျိုးပဲ ။ ငါ့ရင်ဘတ်ကနေ ရုတ်တရက် နာကျင်မှု တစ်ခုကို ခံစားလာရတာကြောင့် မနေနိုင်တော့ပဲ ပါးစပ်တွေဖွင့်လိုက်ပြီး ရေတွေ အန်ထုတ်လိုက်တယ် ။
ငါ ရေတွေ ဘယ်လောက်တောင်များ သောက်မိလိုက်သလဲ မသိပါဘူး.......ရေတွေအန်ထုတ်လိုက်ရတာနဲ့ တင် ငါ အားပြတ် သွားပြီ ။
ငါ မြိုချလိုက်တဲ့ ရေတွေအကုန် အန်ထုတ်လို့ ပြီးခါနီးမှာ ၊ ခေါင်းတွေမူးနောက် နေရင် လှဲလျောင်း နေဖို့ပဲ တတ်နိုင်တယ် ။ ငါ့မျက်လုံးတွေပေါ်ကို နေရောင်ခြည် တိုက်ရိုက် ဖြာကျနေပေမဲ့ ငါ့ မျက်လုံးတွေကို ဖွင့်လိုက်ဖို့ မစွမ်းနိုင်ခဲ့ဘူး ။
ရှိသမျှ ခွန်အားတွေကို ညှစ်ထုတ်ပြီး မျက်လုံးတွေကို ဖွင့်လိုက်တော့ တစ်ဖက်မှာ ခြောက်သွေ့နေတဲ့ မြက်ပင်တွေရယ် ၊ကြိုးစားပမ်းစား ဟိုဘက်ကို ထပ်လှည့်ကြည့်လိုက်တဲ့အခါ နောက်တစ်ဖက်မှာက တော့ ကျောက်တုံးတွေ စီထားတာကို မြင်ရတယ် ။
သိပ်မလှမ်းတဲ့ နေရာမှာ လူသတ်သမားရဲ့ ဝတ်ရုံ အဖျားအစကို တွေ့လိုက်ရသေးတယ် ။
ငါ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံး ရေအောက်ကို မြှုပ်သွားခဲ့ပေမဲ့ ငါမသေသေးဘူး ။ ပြီးတော့အဲ့ ဒီလူသတ်သမား ...ဒီလို အနှိပ်စက်ခံရမှာ သေဖို့ကိုပဲ ပိုပြီးအလိုရှိတယ် ။
ငါ့မှာ အားအင်တွေ သိပ်ပြီး မကျန်တော့ဘူး ။ စကားပြောဖို့ ပါးစပ်ကို ဟလိုက်တာနဲ့ ရေတွေ ထပ်ပြီး အန်ထွက်လာတော့မယ့် အတိုင်းပဲ ။ အားပြတ်နေတဲ့လေသံ နဲ့ ငါ ပြောလိုက်တယ် ။
" နင်ငါ့ကို သတ်ချင်ရင် သတ် ၊ အပိုင်းပိုင်းဖြတ်ချင်လည်း ဖြတ်လိုက် ...."
လူသတ်သမားက ငါ့ကို ဘာမှ ပြန်မဖြေဘူး ။ ဒါပေမဲ့ ဓားနဲ့ ငါ့ခေါင်းကိုပဲ လာထိုးတယ်။ ငါ့ ခေါင်းကို လှည့်လိုက်တဲ့ အချိန် ရေတွေ ထပ်ပြီးအန်ချင်လာပြန်ပြီ ......ငါ မြစ်တစ်စင်းလုံးများ အန်ထုတ်နေရသလား ။ ငါ့မျက်လုံးတွေကို မှိတ်လိုက်တာနဲ့ ငါအိပ်ပျော်သွားခဲ့ပြီ ။
အိပ်မက်ထဲမှာ အရှေ့နန်းတော်ကို ပြန်ရောက်နေပြီး လီချန်းရင် နဲ့ ငါ စကားများနေကြတာ ။ သူက ကျောက်လျန်းတိ ကို အသည်းအသန် ကာကွယ်နေပြီး ငါကလည်း သူနဲ့ အပြင်းအထန် စကားများနေခဲ့တယ် ။
သူပြောလိုက်တာက
" မင်း ငါ့ ခမည်းတော်ကို ကယ်တင်လိုက်တာကို ငါဂရုစိုက်နေမယ် လို့ မင်းထင်နေလား ? မင်း အပေါ်မှာ ငါ အကြွေးတစ်ခု တင်သွားတယ်လို့ စဉ်းတောင်မစဉ်းစားနဲ့ ! "
ငါ ဒေါသထွက်ရလွန်းလို့ သွေးပါအန်ထွက်လုနီးနီး ။ ငါလည်း ပြန်ပြောလိုက်တာပေါ့ ။
" ငါလည်း နင် ကျေးဇူးဆပ်နေမှာကို မလိုချင်ပါဘူး ။ ဘယ်လိုပဲ ဖြစ်ဖြစ် အရင်တစ်ခေါက်က နင်ငါ့ကို လူသတ်မား လက်က ကယ်တင်ဖဲ့ဖူးတာပဲ ။ အဲ့တာကြောင့် ဒီတခါ အကြွေးပြန်ဆပ်လိုက်တာပဲ !"
ငါအဲ့လိုပြောလိုက်ပေမဲ့လည်း ၊ ငါ့ ရင်ထဲမှာ တော့ အလွန်တရာ ဝမ်းနည်းမိတာပဲ ။ ရုတ်တရက် မျက်ရည်တွေပါ ကျဆင်းလာခဲ့တယ်။
ငါ မျက်ရည်ကျတာကို သူ့ကို မမြင်စေချင်လို့ ငါ နံ့သာအိုး အနောက်ထဲမှာ ပုန်းနေလိုက်တယ် ။ နံ့သာအိုးက တအားပူတော့ ၊ ခဏလေးပဲ ပုန်းလိုက်ပေမဲ့ အသားတွေ တောင် လောင်ကျွမ်းသွားသလိုပဲ ။ အရမ်း နာတာပဲ ။
ငါ့ မျက်ခွံတွေကို ဖွင့်လိုက်တော့ ၊ မျက်လုံးတွေတောင် ယောင်ရမ်း နေသလိုပဲ ။ ငါ့မျက်နှာ တစ်ခုလုံး ခြစ်ခြစ်တောက် ပူနေပေမဲ့ ခန္ဓာကိုယ်တစ်ခုလုံးက အေးခဲနေခဲ့တယ် ။ အအေးဒဏ်ကြောင့် ငါ့သွားတွေပါ တဆတ်ဆတ် တုန်နေခဲ့တာပဲ ။ ငါ အားတုကို မေးလိုက်တယ် ။
" နှင်းကျနေတာလား ?"
အားတုက ငါ့ရဲ့ မြင်းနီ လေးကို သွားယူပေးတာနဲ့၊ ငါ့ ခမည်းတော် မရှိတုန်း ငါတို့ တိတ်တိတ်ကလေး မြင်းစီးထွက်လာခဲ့ကြတယ် ။ နှင်းတွေကြားထဲ မှာမြင်းစီးရတာက ပျော်ဖို့ကောင်းလိုက်တာ ။ အေးလွန်းလို့ ငါတို့တွေရဲ့ နှာဖျားလေးတွေကပါ နီရဲလို့ ။
သဲသောင် ပြင်တွေပေါ်မှာ နှင်းမှုန် တွေက အဆက်မပြတ်ကျနေတုန်း.......မြက်ပင်တွေရဲ့ အမြစ်တွေရဲ့ ပုံစံကလည်း ငါ့ ခမည်းတော်ရဲ့ မုတ်ဆိတ်တွေ လို ပုံသွင်းထားတဲ့ အတိုင်း ။
တကယ်လို့ ငါသာ နှင်းတွေထဲ ကို ဒရောသောပါး ပြေးဝင်သွားတာကိုသာ ငါ့ခမည်းတော် သိရင် သူ သေချာပေါက် ငါ့ကို ဆူလိမ့်မယ်....
လီချန်းရင် ..သူ ငါ့ရဲ့ မြင်းနီလေးကို တစ်ခါမှ မမြင်ဖူးတဲ့အပြင် အဲ့အကောင်လေး ဘယ်လောက်ထိ မြန်မြန် ပြေးနိုင်စွမ်းရှိသလဲ ဆိုတာကိုလည်း သူ မသိဘူး။
ငါ ဘာဖြစ်လို့ လီချန်းရင် အကြောင်း ကို ပဲ တောက်လျှောက် စဉ်းစားနေမိလဲ မသိတော့ဘူး ။
သူ ငါ့အပေါ် ကောင်းကောင်းမွန် ဆက်ဆံ ပြုမူတာမျိုးမရှိဘူး ။
ငါ့ရင်ထဲမှာ နာကြည်း မိတယ် ။
သူငါ့အပေါ်မှာ ကောင်းကောင်းမွန်မွန် ပြုမူ ဆက်ဆံတာမျိုးမရှိခဲ့ရင်တောင်မှ ငါ မျှော်လင့်မိတာက သူ့ မျက်လုံးတွေထဲမှာ ငါတစ်ယောက်ပဲ ရှိနေဖို့ ။
...ဒါပေမဲ့ ကံမကောင်းချင်တော့ သူ့မှာ ကျောက်လျန်းတိ ရှိနှင့်ပြီ ။
လီချန်းရင် မြှားကို ချိုးလိုက်တဲ့ အချိန်တဲ့ အချိန်တုန်းက " ရှောင်ဖုန်း......" လို့ သူ အော်လိုက်တာကို ငါ မှတ်မိနေတုန်းပဲ ။
တကယ်လို့ ငါ အသက်မရှင်နိုင်ခဲ့ရင် သူ သေချာပေါက် ဝမ်း နည်းလိမ့်မယ် ။ သူ ဘယ်လောက်ထိ ဝမ်းနည်းရမလဲ တော့ မသိပေမဲ့ပေါ့ ............
ငါ မျက်လုံးတွေကို ကြိုးစားအားယူ ပြီးဖွင့်လိုက်တော့ ငါ က မြစ်ကမ်းဘေးမှာ မဟုတ်တော့ဘဲ အိမ်အသေးတစ်ခုအထဲ ကို ရောက်နေတာကို တွေ့လိုက်ရတယ် ။
အပြင်ဘက်က ဝင်လာတဲ့ လရောင် ကျိုးတိုးကျဲတဲ ကြောင့် အိမ်ထဲ မှာ အရမ်းတော့ မှောင်မဲ မနေခဲ့ဘူး ။ ဒီနေ့က မီးပုံးပွဲတော်နေ့ကို ရောက်ပြီပဲ ဖြစ်ရမယ် ။
ဆယ်မိုင်ပတ်ပတ်လည်က မီးပုံးတွေ၊ မြို့စောင့် မျှော်စင် ကိုးထပ် ၊ ကြယ်တာရာခုနှစ်ဆင့် အထပ်က နေ အရပ်မျက်နှာအကုန်လုံးဆီကို ဖောက်လိုက်တဲ့ မီးရှူးမီးပန်းတွေရယ် အတူတူ သွားလိုက်ကြလာလိုက်ကြနဲ့ အေးချမ်းမှုအပြည့် ......
မီးပုံးပွဲတော်နေ့မှာ ဆူညံသံတွေကြားထဲ စိတ်လှုပ်ရှားဖွယ် အတိဖြစ်နေရမှာ ဒါပေမဲ့ အဲ့လို မဖြစ်နိုင်တော့တဲ့ပုံပါပဲ ။
ငါ့တစ်ကိုယ်လုံး အေးစက်ပြီး တုန်ယင်နေခဲ့တယ် ။ ရုတ်ချည်း ဆိုသလို ငါ့ ခန္ဓာကိုယ်ပေါ်ကို အမွှေးပွ သားရေ အပေါ်ထပ် ဝတ်ရုံ တစ်ခုနဲ့ လွှမ်းခြုံထားခံရတာကိုတွေ့လိုက်ရတယ် ။
သာမန် သိုးမွှေးနဲ့ ပြုလုပ်ထားပေမဲ့ သူ့ အမွှေးတွေက ငါ့ ခန္ဓာကိုယ်ကို အတော်လေးတော့ နွေးတယ် ။ ဝတ်ရုံအပေါ်မှာ နောက်ထပ် စောင်တစ်ထည် ရှိနေသေးပေမဲ့ ငါ ဆက်ပြီး ခိုက်ခိုက်တုန်နေ တုန်းပဲ ဆိုတော့ ငါ ဖျားနေပြီ ဆိုတာ ကို သိလိုက်ပြီ ။
တဖြည်းဖြည်းနဲ့ အမှောင်ထုနဲ့ လည်း အသားကျလာပြီး အခန်းထဲ မှာက သေတ္တာတွေ အပြည့်နဲ့ သိုလှောင်ခန်း လိုမျိုးပဲ။ လူသတ်သမားကတော့ ငါနဲ့ မလှမ်းမကမ်း မှာ ထိုင်နေရင်းက ငါ နိုးလာတာကို မြင်တော့ ငါ့ဘေးမှာ ပန်းကန်လုံးတစ်ခု လာချပေးတယ် ။ ငါ ပန်းကန်ကို ထိကြည့်လိုက်တော့ အရမ်းပူနေတုန်း ။
"ချင်း စွပ်ပြုတ် "
သူ့ အသံက ထူးဆန်းတဲ့ လေယူလေသိမ်း ရှိတယ် ။ ငါ့မှာ အားတစက်တောင် မကျန်တော့လောက်အောင် ပင်ပန်းနေခဲ့တာ ကြောင့် ငါ့ အသံက ငါစကားပြောလိုက်ရင် ခြင် တစ်ကောင်ရဲ့ အသံ နဲ့ တောင် တူနေခဲ့ပြီ ။
"ငါ..................."
ငါ ပန်းကန် လုံးကို တောင် မ လိုက်ဖို့ မတတ်နိုင်တော့ဘူး ။
ငါ မဖျားခင်တုန်းက လည်း ငါက သေလုဆဲဆဲ ။
အခု ကြုံတောင့်ကြုံခဲ ထပ်ဖျားနေရပြီ။ငါက ပုံမှန်ဆို ဖျားလေ့မရှိဘူး ။ ဒါပေမဲ့ ဖျားပြီ ဆိုလည်း အခေါက်တိုင်း ငါ ဒီပုံစံပဲ ။ နှစ်ကြိမ်ပဲ ဖျားခဲ့ဖူးတာ ။ ငါ့လက်ကောက် ဝတ်တွေ ယောင်နေတာကြောင့် ပန်းကန်ကို မ မနိုင်ဘူးလေ ။
ငါ့ကို လူသတ်သမားက ဂျင်း စွတ်ပြုတ် တစ်ခွက် ပေးလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး ။ ဒါပေမဲ့ ဒီနေရာက မြစ်ကမ်းဘေး ထက်စာရင် တော့ အတော်လေး နွေးနွေးထွေးထွေး ရှိသားပဲ ။ အခန်းထဲ မှာ ပစ္စည်း ပစ္စယ တွေနဲ့ချည်း ပြည့်နှက်နေပေမဲ့ အိမ်အထဲ မှာဆိုတော့ လေစိမ်းတွေတိုက် ရေအေးတွေ စီး နေတဲ့ မြစ်ကမ်းဘေးထက် ဆယ်ဆ လောက် ပိုနွေးတာပေါ့ ။
လူသတ်သမား က ငါ့လက်ထဲက ချင်းစွပ်ပြုတ်ကို ဆွဲယူလိုက်ပြီး လက်တစ်ဖက်နဲ့ အသာအယာ ငါ့ခန္ဓာကိုယ်ကို မထူ ပေးလာတယ်။
ငါ့ လည်ချောင်းတွေကလည်း ယောင်ယမ်း နေခဲ့တာမို့ သိပ်ပြီး ဒါကို အာရုံမစိုက်နိုင်တော့ဘူး ။ ကျန်တဲ့ လက်တစ်ဖက်နဲ့ ပန်းကန်ကို ကိုင်လိုက်ပြီး ချင်းစွပ်ပြုတ်တွေ အများကြီးကိုပဲ မြိုချလိုက်တယ် ။
စွပ်ပြုတ်က အရမ်းကို စပ်တာပဲ ။အတော်လေး ခက်ခက်ခဲခဲ သောက်ယူရတယ် ။ ဒါပေမဲ့ စွပ်ပြုတ်သောက်ပြီးသွားတာနဲ့ ငါ့ကိုယ်ထဲကသွေးကြောတွေ ပြန်ပြီး အလုပ်လုပ် လာကြသလိုပဲ ။
ရုတ်တရက် စွပ်ပြုတ်တွေ လည်ချောင်းထဲမှာ နင်သွားပြီး ငါ့ မျက်နှာတွေနီရဲ လာတဲ့ အထိ ချောင်းဆိုး သွားခဲ့တယ် ။
စွပ်ပြုတ်ပန်းကန်ကို ကိုင်ထားတဲ့ လက်က
ယမ်းခါ သွားတာကို လူသတ်သမားက မြင်သွားတော့ လက်တစ်ဖက်က စွပ်ပြုတ်ပန်းကန်ကို ကိုင်ထားရင်းနဲ့ နောက်လက်တစ်ဖက်က ငါ့ကျောကို
ခပ်ဖွဖွ ပုတ်ပေးလာခဲ့တယ် ။
ငါ ဖြည်းဖြည်း ချင်း အသက်ရှု လိုက်ရင်း ဆတ်ခနဲ သူ့မျက်နှာကို ကာ ထားတဲ့ အဝတ်စ ကို လှမ်းဆွဲလိုက်တယ် ။
သူ့ရဲ့ အစွမ်းအစ မျိုး နဲ့ ဆိုရင်ငါ့ရဲ့ လက်တွေကို ပုတ်ချပြီး အသာလေး သူ ရှောင်လိုက်လို့ ရတယ် ။ အဲ့လို သူ ရှောင်လိုက်မယ် ဆိုရင် သူ့ရဲ့ လက်တစ်ဖက်ကို အသုံးပြုဖို့လို လာလိမ့်မယ် ။ ပြီးတော့ သူ့ရဲ့ လက်တစ်ဖက်ကို လွှတ်လိုက်တာနဲ့ ငါ့ရဲ့ နောက်စေ့က သေတ္တာနဲ့ ရိုက်မိ သွားမှာပဲ ။
ငါထင်ထားတာက သူသေချာပေါက် ကို ရှောင်လိမ့်မယ်လို့ ။ပြီးတော့ ငါကြွေပန်းကန်ကို ကွဲအောင်လုပ်ပြီး ကွဲနေတဲ့ အပိုင်းအစတစ်ခုကို အရေးပေါ်အနေနဲ့ တစ်ခုခုဖြစ်လာရင် သုံးလို့ရအောင် သိမ်းထား ဖို့ ။
ငါ့ရဲ့လက်တွေကို ရှောင်လိုက်ဖို့ သူ ငါ့ကို လွှတ်မချခဲ့တဲ့အပြင် ပိုပြီး ငါ့ကို ထင်မှတ်မထားလောက်အောင် အံ့ဩမိ စေတာက အဲ့ဒီ အဝတ်စ နောက်က မျက်နှာကို ပဲ ။
ငါ သူ့ကို ကြောင်စီစီ နဲ့ ငေးကြည့် နေမိတယ် ။
ပြတင်းပေါက်ကို ဖြတ်ဝင်လာရတဲ့ လရောင်ဆိုပေမဲ့ ထိန်လင်းနေခဲ့တာမို့ သူ့ကို ရုပ်ပုံဖမ်းမြင် နိုင်သေးတယ်။
ကူကျန်း!!
ဘာလို့ သူလဲ ?
ငါ့ရဲ့ သွေးတွေ အကုန်လုံး ငါ့ခေါင်းထဲကို စီးဆင်းလာကြသလိုပဲ ။
ငါ့သူ့ကို "ဘာလို့လဲ?" လို့မေးလိုက်တဲ့ အခါ သူ ပြန်မဖြေပဲ ပန်းကန်ကို ပဲ အသာအယာ အောက်ချလိုက်တယ် ။
"ဘာလို့လဲ?"
လို့ ငါနောက်တစ်ခါ ထပ်မေးလိုက်တယ် ။
ဘာလို့သူလဲ ?
သူ ဘာလို့ ဧကရာဇ်ကို ဓားစာခံအနေနဲ့ ဖမ်းသွားရတာလဲ?
ဒီလောက် လူတွေအများကြီးကို ဆင်ခြင်တုံမဲ့ သတ်ဖြတ်ရတာလဲ ? ငါ့ကို ဘာလို့ ဖမ်းခေါ်လာရတာလဲ ?
ဘာလို့လဲ ? အားလုံးက ဘာကြောင့်ဖြစ်ရတာလဲ ?
ငါ အရမ်းကို အ တာပဲ ။ ကမ္ဘာပေါ်မှာ ဒီလောက် သိုင်းပညာမြင့်တဲ့ လူ ဘယ်နှယောက်များ ရှိနိုင်မလဲ ။ ငါ ဘာဖြစ်လို့ ဒါကို မစဉ်းစားမိခဲ့ ရတာလဲ ။
ငါ မြှားခေါင်းကို သုံးပြီး ကူကျန်း ငါ့ကို လာကယ်တာကို စောင့်နေတဲ့ အထိ ကို ငါ တုံးအ ခဲ့တာ ။
အားတု ရဲ့ အခြေအနေကိုလည်း မသိနိုင်သေးတဲ့ အချိန် မှာ ကူကျန်းက ငါ့ရဲ့ နောက်ဆုံးမျှော်လင့်ချက်ပဲ ။ ငါ သူ့ကို လာကယ်မှာကို ငါစောင့်နေခဲ့တာ ။
ဘာလို့လဲ ?
"ဘာကြောင့်မှ မဟုတ်ဘူးလို့ " သူ ခပ်တိုးတိုး ပြောလာခဲ့တယ် ။
" နင် လူတွေ အများကြီးကို သတ်လိုက်တာပဲ "
ငါ ဒေါသတွေ ထွက်နေရင်းနဲ့
"နင် ဘာလုပ်ချင်နေတာလဲ ? နင် ဘာဖြစ်လို့ ဧကရာဇ်ကို ဓားစာခံ အဖြစ်နဲ့ ဖမ်းရတာလဲ ?"
ကူကျန်း မတ်တပ်ထရပ် လိုက်တဲ့ အချိန် လရောင်က ပြတင်းပေါက်ကနေတဆင့် သူ့ရဲ့ ပုခုံး ပေါ် ထင်ဟပ် နေခဲ့ တယ် ။ သူ ခပ်တိုးတိုး ပြောလိုက်တာက
" ငါ သတ်ချင် ငါသတ်မှာ ပဲ ၊ မင်း မကျေနပ်ရင်လည်း ငါ့ မှာ ဘာမှ ပြောစရာ မရှိဘူး "
" နင် အားတုကို ဘာလုပ်လိုက်ပြီလဲ ?"
ငါ သူ့ပခုံးတွေကို လှမ်းဆွဲ လိုက်ရင်းနဲ့
" နင် တကယ်လို့ အားတု ကို ထိခိုက်အောင် တစ်ခုခုလုပ်ခဲ့ရင် ငါ သူ့ အတွက်သေချာပေါက် ကလဲ့စား ချေမယ် "
"ငါ အားတုကို မသတ်ခဲ့ဘူး ။ ယုံတာ မယုံတာ ကမင်းရဲ့ရွေးချယ်မှုပဲ "
လို့ ကူကျန်းက ပြန်ပြောတယ် ။
ငါ နည်းနည်းတော့ စိတ်အေး သွားပြီး
" နင် င့ါကို လွှတ်ပေးလို့ ရတယ် ။ ငါ ဘယ်သူ့ကို မှ လျှောက်မပြောဘူးလို့ ကတိပေးတယ် ။ ငါ ထွက် ပြေးလာတာလို့ပဲ ပြောလိုက်မယ်"
လို့ ပြောလိုက်တယ် ။
ရုတ်တရက် ကူကျန်း ဆီ မှာ အပြုံးတစ်ခု ပေါ်လာပြီး " ဘာလို့လဲ ? ရှောင်ဖုန်း "
ငါ ဇဝေဇဝါ ဖြစ်သွားပြီး
"ဘာလို့လဲ ဆိုတာ ဘာကို ဆိုလိုတာလဲ ?"
၂၂.၂
" မင်းဘာဖြစ်လို့ လီချန်းရင်ကို အဲ့ဒီလောက်ကောင်းကောင်းမွန်မွန် ဆက်ဆံနေရတာလဲ ? သူက ဘာများကောင်းနေလို့လဲ?သူ......သူ မင်း အပေါ်မှာ အမြဲ သစ္စာဖောက်ခဲ့တာ ။ သူ အခု မိန်းမတွေ တစ်ယောက် ပြီး တစ်ယောက် ထပ်ယူ ပြီး မင်းက အဲ့မိန်းမတွေ ရဲ့ အနိုင်ကျင့် တာကို အကြိမ်ကြိမ်ခံစားနေရတာပဲ ။ သူ မင်းကို တန်ဖိုးမထားဘူး ။ အနာဂတ်မှာ သူ ဧကရာဇ် ဖြစ်လာတဲ့ အခါကျရင် သူ့မှာ မိန်းမ တွေ ပို ပြီး များလာမယ် ။ အဲ့ဒီအခါ မင်းကို အနိုင်ကျင့် မယ့်လူတွေ များလာဖို့ပဲ ရှိတယ် ။ မင်း ဘာဖြစ် လို့ လီချန်းရင် အပေါ် ဒီလောက်တောင် ကောင်းကောင်း မွန်မွန် ဆက်ဆံ နေတာလဲ ? အနောက် ရှီးလျန် ကြောင့် လား ? အဲ့တာကြောင့် မင်းရဲ့ ပျော်ရွှင်မှုတွေကို စတေးခံပြီး အထီးကျန်နန်းတော်ထဲ မှာ ပဲ နေသွားဖို့ ဆန္ဒရှိနေတာလား ?"
ငါ သူ့ကို မျက်တောင်မခတ်ပဲ ကြည့်နေခဲ့ရင်းက
"အနောက်ရှီးလျန်က အနောက်ရှီးလျန်ပဲ ။ ဘယ်လိုပဲ ဖြစ်ဖြစ်က ငါက သူနဲ့ လက်ထပ်ပြီးပြီ ။ပြီးတော့ သူကလည်း ငါ့အပေါ်မှာ အဲ့လောက်ထိ ဆိုးဆိုးဝါးဝါး ဆက်ဆံ တာမျိုး မဟုတ်ဘူး ....."
" သူ က မင်းအပေါ်မှာ ဘာလို့ ဆိုးဆိုးဝါးဝါး ဆက်ဆံတာ မဟုတ်ရမှာလဲ ? သူက မင်းကို အသုံးချနေရုံ သက်သက်ပဲ ။ သူ ဘာတွေ စဉ်းစားနေလဲ မင်းသိလား ။ သူ ဘာတွေ ကြံစည်နေလဲ မင်းသိလား ။မင်းအနိုင်မရနိုင်ဘူး ။ မင်း အဲ့ဒီ မိန်းမ တွေနဲ့ ယှဉ်ပြီး အသာစီး မရနိုင်ဘူး ။ မင်း လီချန်းရင် ရဲ့ မြတ်နိုးမှု ကိုရမှာလည်းမဟုတ်ဘူး ။ အခု သူတို့ စိတ်ပူ နေကြ တာက အနောက်ရှီးလျန်ပဲ ။ အနောက်ရှီးလျန်းက အလယ်ပိုင်းအတွက် အသုံးမဝင်တော့တဲ့ အခါ ။သေချာပေါက် မင်းက ရှုံးနိမ့် မှာပဲ "
ငါ သက်ပြင်းချလိုက်ပြီး ပြောလိုက်တယ် ။
" ငါ မှာ အဲ့လောက်ထိ ပူပန်နေတာမျိုးမရှိဘူး ။ ဘယ်လိုပဲ ဖြစ်ဖြစ် လီချန်းရင်က ငါ့ရဲ့ ယောကျာ်းပဲ ။ ငါ ငါ့ရဲ့ ယောကျာ်းကို စွန့်ပြစ် လို့မဖြစ်ဘူး ။ "
ကူကျန်း က အေးစက်စက် ရယ် လိုက်ပြီး
"တကယ်လို့ လီချန်းရင်က မင်းကို စွန့်ပြစ်လိုက်ရင်ရော ?"
" သူ အဲ့လို လုပ်မှာ မဟုတ်ဘူး " လို့ ငါပြန်ပြောလိုက်တယ် ။
ပထမဆုံး အကြိမ် ငါတို့ လုပ်ကြံတဲ့ လူနဲ့ ထိပ်တိုက်ကြုံခဲ့ ရတုန်းက သူ ငါ့ကို ဘေးကို တွန်းခဲ့တယ် ။ ဒုတိယ အကြိမ် မင်ယွီဖန်မှာတုန်းက ငါ လူသတ်သမားဆီကို သွားတာကို တားဆီးဖို့ သူကြိုးစားခဲ့တယ် ။ သူ အခေါက်တိုင်း သူ့ကိုယ်သူပဲ အန္တရာယ် ကျရောက်ခံ ဖို့ ဆုံးဖြတ်ခဲ့တာ ။ လီချန်းရင် ငါ့ကို စွန့်ပြစ်မှာ မဟုတ်ဘူး ။
ကူကျန်းက မဖော်ရွေတဲ့ အပြုံးတစ်ခုနဲ့
" တစ်လောကလုံး ရဲ့ အရှေ့မှာ မင်းကိုယ် မင်း ဘယ်သူများထင်နေလဲ ? အကယ်၍ လူတစ်ယောက်က ဧကရာဇ် ဖြစ်လာ ခဲ့ ရမယ် ဆိုရင် ၊ သူ့အတွက် သွေးအေးရက်စက်တဲ့ လူတစ် ယောက်ဖြစ်လာမှာ ကို မရှောင်လွှဲနိုင်ဘူး ။ လီချန်းရင် က မင်းကို လာကယ်မယ် လို့ မင်းထင်နေလား ။မင်း ကို လာပြီး ကယ် ဖို့ သူ စိတ်အားထက်သန်နေမယ်လို့ မင်းထင်နေလား ။ ဘယ်လို ပဲ ဖြစ်ဖြစ် ဒီနေ့က မီးပုံးပွဲတော်နေ့ ။ လူတွေအားလုံး မီးပုံး ကြည့်ရှု နိုင် ဖို့ အတွက် မြို့တံခါးတွေကို ဖွင့်ထားပြီး လူတိုင်းကို ဝင်ခွင့်ပြုထားတယ် ။ မင်းက သူတို့အတွက် ဘာမို့လို့လဲ ? အဲ့ဒီ 'လီ ' မျိုးနွယ်ကက လူတွေက မင်းနဲ့ မထိုက်တန်ဘူး ။ ပြည်သူတွေနဲ့ အတူ ချန်းထျန်မြို့တံခါးမှာ မီးပုံး ပွဲကျင်းပနေကြတုန်း ။ မင်း ရဲ့ လုံခြုံမှု ကို ဂရုထားမနေကြဘူး ။ တကယ်လို့ ငါသာ တကယ့် လူသတ်သမား အစစ်ဖြစ်ခဲ့ရင် ငါမင်းကို တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်နိုင်တယ် ။ ပြီးတော့ မြို့တော်နဲ့ ဝေးရာကို ထွက်သွားလိုက်မှာပဲ.....ကိုး ရက် ဆယ်ရက် လောက်ကြာရင် ယွီလင်း တပ် က မင်း ရဲ့ အသက်မဲ့ အလောင်းကို ရှာဖို့အတွက် ရောက်လာလိမ့်မယ် ။ လီချန်းရင်က မင်းရဲ့ အသက်မဲ့ နေတဲ့ ခန္ဓာကိုယ် ကြောင့်ဝမ်းနည်းချင်ယောင် ဟန်ဆောင်ပြီး သိပ်မကြာခင်မှာပဲ ကျောက်လျန်းတိကို ထိုက်ဇစ်ဖေး ဘွဲ့ အပ်နှင်းလိုက်လိမ့်မယ်။ မင်းကို ဘယ်သူကများ အမှတ်ရနေမလဲ? သူ မင်းကို သတိရနေ လိမ့်အုန်းမယ်လို့ မင်းထင်နေ တုန်းလား ?
ငါ ခေါင်းငုံနေရင်း ဘာမှ ပြန်မပြောခဲ့ဘူး ။
ကူကျန်းက ငါ့လက်ကို ဆွဲလိုက်ပြီး
" သွားမယ် ရှောင်ဖုန်း ။ ငါနဲ့ အတူ ထွက်သွားကြမယ်။ ငါ တို့ ဒီနေရာက အတူတူထွက်သွားလို့ရတယ် ။ လူ တွေ အချင်းချင်း အကွက်ချ ကြံစည် ယုတ်မာနေကြတဲ့ ဒီနေရာကနေ အဝေးကို ငါတို့ထွက်သွား ကြမယ်။ ငါတို့ မြို့တံခါး အပြင်ကို ရောက်တာနဲ့ မြင်းတွေကို လွတ်ပေးလိုက်ပြီး သိုးတွေအတူတူ မွေးမြုကြမယ် ......."
ငါ သူ့လက်ထဲကနေ ရုန်းလိုက်ပြီး
"လီချန်းရင် ငါ့အပေါ်မှာ ကောင်းကောင်းမွန်မွန် ဆက်ဆံတာပဲ ဖြစ်ဖြစ် ကောင်းကောင်းမွန်မွန် မဆက်ဆံ တာပဲဖြစ်ပါစေ ။ ဒါက ငါရွေးချယ်ခဲ့တဲ့ လမ်းပဲ ။ ပြီးတော့ ဒါက ငါ့ရဲ့ ခမည်းတော်ကိုယ်တိုင် အနောက်ရှီးလျန် ရဲ့ကိုယ်စား ရွေးချယ်ပေးလိုက်တဲ့ လမ်း ။ ငါ ထွက်ပြေးလို့ မဖြစ်သလို အနောက်ရှီးလျန်လည်းပဲ ထွက်ပြေးလို့မရနိုင်ဘူး ...."
ငါသူ့ကို ကြည့်လိုက်ပြီး
" ငါ့ကို သွားခွင့်ပေးပါ " လို့ပြောလိုက်တယ် ။
ကူကျန်းက ငါ့ကို တိတ်တဆိတ်ကြည့်နေရင်းက ၊ ခဏကြာပြီးတဲ့နောက်
" မလွှတ်ပေးနိုင်ဘူး "
ငါ ဝမ်းနည်း မှု နဲ့ အတူ ခန္ဓာကိုယ်ကပါ ပင်ပန်းနေခဲ့ပြီ ။ ငါဖျားနေခဲ့ပြီး လည်ချောင်းက လည်း မီးမြိုက်ထားသလိုပဲ ။ စကားတွေအများကြီးပြောလိုက်ရတာကြောင့်ဖြစ်မယ် ။ အခု ငါ့လည်ချောင်းတွေ က နာလာပြန်ပြီ ။ ငါ့ခန္ဓာကိုယ် မှာလည်း အားတစ်စက်မှမကျန်တော့ဘူး ။အသက်ရှုလိုက်ရုံနဲ့ တင် ပူလောင်နေတဲ့ နာကျင်မှုက တိုးဝင်လာတယ် ။ ငါ့ လည်ပင်းကို လက်နဲ့ အသာ ပွတ်သပ်ပြီး အနောက်က သေတ္တာကို မှီချလိုက်တယ် ။
သူ ငါ့ကို တစ်စုံတစ်ခု ပြောမလို့ ပြင်နေပြီးမှ ငါ့ပုံစံကိုမြင်တော့ " မင်းဘာစား ချင်တာရှိလဲ " လို့ပဲ ခပ်ကျယ်ကျယ်မေးလာခဲ့တယ် ။
ငါခေါင်း ခါ လိုက်တော့
"မင်း တစ်ခုခု စားဖို့ ငါဝယ်လာခဲ့မယ် ။ ဟုတ်ပြီလား " လို့ သူ မနေနိုင်မထိုင်နိုင် ထပ်ပြောလာခဲ့တယ် ။ ငါ ခေါင်းခါလိုက်ချင်ခဲ့ပေမဲ့ ရုတ်တရက် ငါခေါင်း ကို ငြိမ့်လိုက်မိတာပဲ ။
သူ ငါ့ကို စောင်ခြုံပေးရင်းနဲ့ " မင်းအိပ်သင့်ပြီ " လို့ပြောလာခဲ့တယ် ။ ငါ မျက်လုံးတွေကို မှိတ်လိုက်တဲ့ တစ်ခဏ မှာပဲ ငါ အမြန်အိပ်မောကျသွားခဲ့ပြီ ။
အမွှေးတိုင် တစ်တိုင်ထွန်းစာ လောက်ကြာသွားပြီးတဲ့နောက် ငါ့မျက်လုံးတွေနောက်တစ်ခါ ပွင့်လာခဲ့တယ် ။
အိမ်ထဲမှာက မှောင်မဲ တိတ်ဆိတ်နေတုန်းပဲ ။ ပြတင်းပေါက်ကနေတစ်ဆင့် ကြမ်းပြင် ပေါ် ကို ဖြာကျနေတဲ့ လရောင်ဖျော့ဖျော့ကို ပဲ မြင်နေရတယ် ။ ငါ ထပြီး လကို မော့ကြည့်လိုက်တော့ လင်းထိန်တောက်ပနေခဲ့တယ် ။ ဒီနေ့က လပြက္ခဒိန် ရဲ့ ပထမဆုံးလ ၁၅ ရက်မြောက် ၊ မီးပုံးပွဲတော် ကျင်းပတဲ့နေ့ ၊ လ မင်းကြီးက လှပ နေပြီး လမ်းတွေမှာ လူတွေအပြည့်အနှက် ဆူညံ့ သက်ဝင်နေမှာပဲ ။
သားမွှေးစောင်နဲ့ ငါ့တစ်ကိုယ်လုံးကို တင်းတင်းကျပ်ကျပ် ပတ်ထားလိုက်ရင်း တံခါးကို လှုပ်ဖွင့် ဖို့ ကြိုးစား ခဲ့ပေမဲ့ အပြင်ကနေ သော့ ခတ် ထားခဲ့တာဖြစ်တဲ့ အတွက် ဖွင့်လို့မရနိုင်ခဲ့ဘူး ။ ငါ အိမ်ကို လှည့်ပတ်ကြည့်ရှုလိုက်တော့ တစ်ခုသတိထားမိလာတာက ဒီအိမ်က လေးဘက်လေးတန် စလုံး ပတ်ပတ်လည် နံရံတွေချည်းသာဖြစ်နေပြီး အိမ်ရဲ့ အပေါ်ဘက် နားလောက်မှာ သာလျှင် တစ်ခုတည်းသော ပြတင်းပေါက် အသေးတစ်ခု ရှိနေတာကို တွေ့ရတယ် ။ အပေါ် ဘက်မှာ ပြတင်းပေါက် ကို ထည့်ဆောက်ထားတာက အိမ်ထဲကို လေဝင်လေထွက် ကောင်းအောင်လို့ အတွက်ပဲ ဖြစ်မယ် ။ ငါ့ လက်တွေနဲ့ လှမ်းထိဖို့ ကြိုးစားကြည့်ပေမဲ့ ၊ ငါ့လက်တွေက ပြတင်းပေါက်ထိ မရောက်နိုင်ခဲ့ဘူး ။
အခြားနည်းလမ်းဆိုတာကတော့ အမြဲတမ်း ရှိတယ် မဟုတ်ဘူးလား ။ငါ သေတ္တာတစ်လုံးကို အဲ့ဒီနားထိ တွန်းသွားလိုက်ပြီး အဲ့ဒီအပေါ်ကနေ မှ ပိုပြီး မြင့်သွားအောင်လို့ နောက်တစ်လုံးထပ်ဆင့်လိုက်တယ် ။ သေတ္တာတွေထဲမှာ ဘာတွေရှိသလဲတော့ ငါမသိဘူး ။ ဒါပေမဲ့ ကံကောင်းလို့ သေတ္တာတွေက မလေးကြဘူးပဲ ။ ဒါပေမဲ့လည်း ငါ့ခန္ဓာကိုယ်တစ်ခုလုံးက အားနည်းလွန်းလို့ ငါ့လက်တွေကလည်း တွန်းစရာ အားတစ်စက်မှ မကျန်တောကဘူးထင်ပါရဲ့ ။ ငါ အဲ့ဒီပုံးတွေကို ပြတင်းပေါက်အောက်ရောက်အောင် တွန်းလိုက်တိုင်း ချွေးဒီးဒီး ကျပြီး ပင်ပန်းလို့ သေမတတ်ပဲ။
ငါ သေတ္တာတွေ ပေါ်က နေ တစ်ဆင့်အပေါ်ကို ရောက် သွားတော့ ပြတင်းပေါက်က သစ်သားနဲ့ ဆောက်ထားတာမို့ ငါတွန်းလိုက်လည်း တုပ်တုပ်ကလေးမှ မလှုပ်လာဘူး ။ ငါပြန်ဆင်းလာပြီး အိမ်ထဲ ဟိုရှာဒီရှာ လုပ်ကြည့်ဖို့ပဲတတ်နိုင်တော့တယ် ။ ငါ သေတ္တာတစ်ခုကို ဖွင့်ကြည့်လိုက်တဲ့ အချိန်အထဲမှာ ပိုးသားလိပ်တွေ အပြည့် ပဲ ။
ဒီနေရာက လူချမ်းသာတွေပိုင်တဲ့နေရာမှန်း မသိခဲ့ဘူး ။ ဒီ လှပတဲ့ ပိုးသားလိပ် တွေကို စတိုခန်းထဲမှာသော့ခတ် သိမ်းထားတာ ဒါမှ မဟုတ်ရင်လည်း ဒီနေရာက ပိုးသားလိပ်တွေ သိုလှောင်ရုံလို နေရာမျိုးလည်း ဖြစ်နိုင်တာပဲ ။ ငါ ထပ်ပြီးတော့ ဘာမှ ရှည်ရှည်ဝေးဝေး စဉ်းစားမနေနိုင်တော့ဘူး ။ စိတ်ပျက်လက်ပျက်နဲ့ သေတ္တာကို ပြန်ပိတ်လိုက်ပြီး နောက်ဆုံးမှာတော့ ခုဏက ဂျင်းစွပ်ပြုတ်ထည့်ထားတဲ့ ကြွေ ပန်းကန်လုံးကို ပဲ ကြည့်လိုက်မိတယ် ။
ငါ ပန်းကန်ကို ရိုက်ခွဲပစ်လိုက်ပြီး ၊ ကွဲသွားတဲ့ အပိုင်းအစ တစ်ခုကို ကောက်ယူလိုက်ရင်း ပြတင်းပေါက်ကို လှီးဖြတ် ဖွင့် ဖို့ အပေါ်ကို နောက်တစ်ခေါက် ထပ်ပြီး တွယ်တက်လိုက်တယ်။
ပြတင်းပေါက်ရဲ့ ဘောင်တွေက ပါးလွှာပေမဲ့လည်း ပြတင်းပေါက်တစ်ခုကို ဖြတ် ဖွင့် ဖို့ကျတော့ အတော်လေးကို အားစိုက်ဖို့ လိုအပ်တာပဲလေ ။ ငါ ဆက်တိုက် မနားတမ်း လှီးဖြတ် နေရင်းက .....မတော်တဆ ငါ့လက်ချောင်းကို လှီးမိသွားပြီး သွေးတွေထွက်လာခဲ့ တော့တာပဲ ။
ရုတ်တရက် မျှော်လင့်ချက်ဆိုတာ မရှိတော့ သလို ခံစားလိုက်ရတယ် ။ ကူကျန်း ပြန်လာရင်တောင်မှ ငါဒီက နေထွက်သွားနိုင်အုန်းမှာ မဟုတ်ဘူး ။ သူငါ့ကို သတ်မှာ ပဲ ဒါမှမဟုတ်ရင်လည်း ငါ့ကို ဒီနေရာမှာပဲ တစ်သက်လုံး ဖမ်းထားလိမ့်မယ် ။ ငါ အားတုကို ဘယ်တော့မှ ပြန်တွေ့နိုင်တော့မှာ မဟုတ်ဘူး ။ ပြီးတော့ ငါလီချန်းရင်ကို လည်း ပြန်မတွေ့နိုင်တော့ဘူး ။
ငါ ခဏ လောက် စိတ်ပျက်လက်ပျက်ဖြစ် နေခဲ့ ပြီးမှ ပြတင်းပေါက် ဘောင် ကို နောက်တစ်ကြိမ် ထပ်ပြီး လှီးဖြတ် တော့တာပဲ ။
အချိန်ဘယ်လောက် ကြာသွားခဲ့ပြီ လည်းဆိုတာကိုတောင် ငါမသိတော့ဘူး ။ နောက်ဆုံးမှာတော့ ဂျွတ်ခနဲ အသံတစ်ခုကြားလိုက်ရပြီး ပြတင်းပေါက် ဘောင် က ကျိုးသွားခဲ့ပြီ ။ မျှော်လင့်ချက် ဆိုတာ ရှိနေသေးတဲ့ အကြောင်းခံစားမိလာတာနဲ့ နောက်တစ်ဖက်က ပြတင်းပေါက်ဘောင် ကို ဆက်ပြီး လှီးဖြတ်တော့တာပေါ့ ။ အခြား ပြတင်းပေါက် ဘောင်ကလည်း ကျိုးသွားတာနဲ့ တစ်ပြိုင်နက် ငါ့မှာ ကျန်ရှိသမျှ အားအကုန်သုံးပြီး ပြတင်းပေါက်ကို ချိုးဖွင့်လိုက်တယ် ။
ရုတ်တရက်ဆိုသလို ငါ ပျော်ရွှင် နေပေမဲ့ ဒီလောက်အမြင့်က နေ ခုန်တာက ငါ့ခြေထောက်တွေ ကျိုးတာပဲ အဖတ်တင်လိမ့်မယ်။ သေတ္တာထဲက ပိုးသားလိပ်ကို ဆွဲထုတ်လိုက်ပြီး အစွန်းတစ်ဖက်ကို သေတ္တာနဲ့ဖိ နောက်အစွန်း တစ်ဖက်ကိုတော့ ပြတင်းပေါက်ကနေတစ်ဆင့် ပစ်ချလိုက်ပြီး ။ အဲ့ဒီအပြင်ဘက်က ပိုးစ ကို အသုံးပြုရင်း တဖြည်းဖြည်းချင်း ဆင်းလာခဲ့ တယ်။
ငါ့လက်တွေမှာလည်း လက်ကျန်အားအင် ဆိုတာက နတ္တိ ၊ ပိုးသားစကလည်း ပြောင်ချောချော နဲ့ ဆိုတော့ ငါ့လက်ကောက်ဝတ်ကို ချည်ပြီးတော့ပဲ ဆင်းနိုင်တယ် ။ ငါ့ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလေးချိန်ကို ငါ့လက်ကောက်ဝတ်က ထိန်းထားရတာပဲ ။ ပိုးသားစ ကို ကိုင်ထားတာရတာ အရမ်းနာကျင်ပေမဲ့ အဲ့တာမျိုးတွေ ကို ဂရုစိုက်မနေနိုင်တော့ဘူး ။ ငါစိတ်ပူနေတာက ငါလွှတ်လိုက်တာနဲ့ ငါ အောက်ကို ပြုတ်ကျသွားမှာကိုပဲ ။ အဲ့တာကြောင့် ငါ အသေအချာ တဖြည်းဖြည်းနဲ့ ဆင်းလာခဲ့တာပဲ ။ နောက်ဆုံးမှာငါ့ရဲ့ ခြေဖျားေတွက မြေပြင်နဲ့ ထိသွားခဲ့တာတောင် မှ ငါ့ခြေထောက်တွေက ထုံကျင်နေခဲ့တာမို့ တစ်ချက်လှုပ်လိုက်တာနဲ့ မြေပြင်ပေါ်ကို ပုံလဲကျမတတ်ပဲ ။
အပိုင်း 23 ဆက်ရန်