သည်မောင် လက်ခုပ် တီးပါ့မယ် (...

Autorstwa moe_for_more

144K 11.5K 3.1K

အစ်ကိုထွင်းက ဇာတ်စင်ပေါ်မယ် အချိုးအချိတ်ကျကျ လှလှကလေး ကကြိုးဆင်ပါလေ....သည်မောင်ကတော့ ဇာတ်စင်အောက် တစ်နေရာကနေ... Więcej

Author's note
၁ (Z)
၂(Z)
၃(Z)
၄ Z
၅(Z)
၆(Z)
၇(Z)
၈(Z)
၉(Z)
၁၀
၁၀(Z)
၁၁
၁၁(Z)
၁၂
၁၂ (Z)
၁၃
၁၃ (Z)
၁၄
၁၄ (Z)
၁၅
၁၅ (Z)
၁၆
၁၆ (Z)
၁၇
၁၇ (Z)
၁၈
၁၈ (Z)
၁၉
၁၉ (Z)
၂၀
၂၀ (Z)
၂၁
၂၁ (Z)
၂၂
၂၂ (Z)
၂၃
၂၃ (Z)
၂၄
၂၄ (Z)
၂၅
၂၅ ( Z)
၂၆
၂၆ (Z)
၂၇
၂၇ (Z)
၂၈
၂၈ (Z)
၂၉
၂၉ (Z)
၃၀
၃၀ (Z)
၃၁
၃၁ (Z)
၃၂
၃၂ (Z)
၃၃
၃၃ (Z)
၃၄
၃၄ (Z)
၃၅
၃၅ (Z)
၃၆
၃၆ (Z)
၃၇
၃၇ (Z)
၃၈
၃၈ (Z)
၃၉
၃၉ (Z)
၄၀ (ဇာတ်သိမ်းပိုင်း)
၄၀ (ဇာတ်သိမ်းပိုင်း) (Z)
အခပျြပို
အချပ်ပို
အခပျြပို၂
အချပ်ပို၂
မောင့်ဒိုင်ယာရီ
ေမာင့္ဒိုင္ယာရီ
နောက်ကျမှ ရေချိုးမိတဲ့အခါ (ေနာက္က်မွ ေရခ်ိဳးတဲ့အခါ)
ပေသလူးနဲ့ တို့များတစ်ခေတ်မောင်
အဆုံးသတ်မဟုတ်လေသော အဆုံးသတ်
Book Announcement
book cover and details

2.4K 261 43
Autorstwa moe_for_more

Unicode

ဆရာရသ၏ ပေါက်ပေါက်ဖောက်ခြင်းအနုပညာကို ခံစားရင်း မနက်စာစားချိန် ပြီးဆုံးသွား၏။ မကြာပေ။ ဆရာကြည်မှာ သနပ်ခါးတုံးများ အစီအရီထည့်ထားသော ခြင်းတောင်းကြီးဆွဲလျက် ရောက်ချလာတော့သည်။

"အစ်ကိုကြည် ဘယ်လိုဖြစ်လို့ ရောက်လာတာလဲ...."

"အင်းးးးးသနပ်ခါးတွေ လာပို့ပေးတာ.....အဖွဲ့ထဲက လူတွေ လိမ်းရအောင်လို့.....သနပ်ခါးတုံးတွေက အဝါပွေးတွေဗျ မွှေးမှ မွှေး....."

"အများကြီးပဲ အစ်ကိုကြည်ရယ်....."

"မများလှပါဘူး......အော် တစ်ခေတ်မောင် မင်းကော နေရတာ အဆင်ပြေရဲ့လား....."

ဆရာရသဘေးတွင် ထိုင်နေသော တစ်ခေတ်မောင်အား ဆရာကြည်က လှမ်းမေးလိုက်သည်။

"အဆင်ပြေပါတယ် ဆရာကြည်....."

အရာရာအဆင်ပြေသော်ငြားလည်း ထွင်းအက္ခရာဆိုသူနှင့် မြင်တွေ့ပြောဆိုနေရခြင်းကတော့ မသက်မသာဖြစ်လှသည်လေ။

"ဆရာကြည်စိတ်မပူပါနဲ့ ကျုပ်စောင့်ရှောက်ပေးမှာပါ....."

"မင်းကိုပဲ အပ်ပါတယ် ရသ....ကဲ ကျုပ်လည်းပြန်မယ်....သဘေင်္ာမမှီမှာစိုးလို့....."

"သည်နေ့ပဲ ပြန်တော့မှာလား ဆရာကြည်....."

"အေးပေါ့ကွ...."

တစ်ခေတ်မောင်အမေးကို ဆရာကြည်က ပေါ့ပေါ့ပါးပါးသာ ဖြေလိုက်သော်လည်း တစ်ခေတ်မောင် ရင်ထဲမယ်တော့ လေးပင်လျက်ကျန်ခဲ့သည်။ ဆရာကြည်နှင့် သိကျွမ်းကာ ဆရာတပည့်ဆက်ဆံရေးထက် တူဝရီးလို ဆက်ဆံရေးမို့ သံယောဇဥ်ကြီးသည်လေ။

"သနပ်ခါးခြံအလုပ်တွေကိုလည်း တစ်ယောက်တည်း လုပ်မနေနဲ့အုန်းနော်....အလုပ်သမားစရိတ်ချွေတာတာလည်း ချွေတာတာပေါ့....ကိုယ်မနိုင်တဲ့ ဝန်မထမ်းနဲ့နော် ဆရာကြည်...."

"မင်းက ဆရာလား ငါကဆရာလား....."

ဆရာကြည်က မျက်မှောင်ကြီးကြုံ့လျက် မေးလာလေသည်။

"ဆရာကြည်က ဆရာပါလေ....သို့ပေတိ...."

"ငါသိပါတယ်....တစ်ခေတ်မောင်ရယ်.....ကဲ ပြန်ပြီဗျို့...."

စကားသွက်သွက်ဖြတ်ကာ ထွက်သွားလေသော ဆရာကြည်သည် ရွာမှ ဒေါ်ငွေခင်ကြီးအား အလွမ်းပိုနေတာမို့ အလျင်လိုနေသည်လား မပြောတတ်တော့ပါ။ တစ်ခေတ်မောင် တိတ်တဆိတ်သာ သက်ပြင်းချမိပါတော့၏။

"မင်းဆရာက လောလှချည်လား တစ်ခေတ်မောင်ရဲ့...."

"လောဆို ရွာမှာ သူ့ချစ်ချစ် ဒေါ်ငွေခင်ကြီးကျန်ခဲ့တာကို.....သူလည်း လွမ်းရောပေါ့.. "

"ဟေ... အစ်ကိုကြည့်မှာ ချစ်ရမဲ့ မိန်းကလေးရှိနေလေပြီလား...."

ဆရာရသက အံ့သြသလိုလို မယုံကြည်နိုင်သလို မေးလာ၏။

"အယ်...အဲ့သည်လိုမျိုးမဟုတ်ပေမဲ့လို့ အဲ့သည်လိုမျိုးပါပဲ...."

တစ်ခေတ်မောင်က ဂုတ်ပိုးကို ပွတ်ကုတ်နေလျက် ဖြေလိုက်သည်။ အမှန်တော့ ဆရာကြည်နှင့် ဒေါ်ငွေခင်တို့မှာ ထိုအခြေအနေလောက်ထိတော့ မရောက်သေးပါချေ။

"အစ်ကိုကြည်က မမေလေးကို မမေ့နိုင်လောက်သေးဘူးလို့ တွေးဆထားတာ.....သည်လိုဆိုတော့လည်း အစ်ကိုကြည်အတွက် ကောင်းတယ်ပဲ ပြောရမလား....လွှတ်ချသင့်တာ လွှတ်ချပြီး သူလည်း ဘဝကို အသစ်စသင့်ပြီလေ...."

ဆရာရသက တောင်းထဲရှိ သနပ်ခါးတုံးများကို ကိုင်ကြည့်လျက် တွေးဆဆဖြင့် ပြောနေလေသည်။

"သည် သနပ်ခါးတွေက အစ်ကိုကြည့် ခြံထဲက ထွက်တာလား...."

"ဟုတ်သပဗျာ....ကျုပ်ကိုယ်တိုင် ရေလောင်းပျိုးသင်ထားတဲ့ အပင်တွေလေ....မွှေးတာကတော့ ပြောမနေနဲ့ဗျာ...."

"အေး ကောင်းတယ် ကောင်းတယ်.....သာကူရေ ဝေ့..သာကူရေ..."

"ခင်ဗျာ....."

ဆရာရသခေါ်လိုက်သည်နှင့် ကိုကြီးသာကူမှာ အပေါ်ထပ်မှ သုတ်တီးသုတ်ပြာပြေးဆင်းလာလေတော့သည်။

"သည်သနပ်ခါးတောင်းကို ဟိုဘက်အိမ်ကို သွားပို့ချေ....ငါ့သဘင်ထဲက မိန်းမလှတွေကတော့ သဘောတွေ့ကုန်မှာ အမှန်ပဲ...."

"ဟုတ်ကဲ့ ဆရာရသ....."

ယခု သဘင်အိမ်မှ လူအများကိုတော့ တစ်ခေတ်မောင် မချီးကျူးပဲ မနေနိုင်ပေ။ ဇာတ်ဆရာဖြစ်သူ ဆရာရသအပေါ် အမြဲ တလေးတစားဆက်ဆံတတ်သော သူတို့တတွေသည် ဆရာရသနှင့် အသက်အရွယ် မတိမ်းမယိမ်းကလေးများဖြစ်ကြလေသည်။ သို့ပေတိ ဆရာရသအား မခန့်လေးစားမလုပ်ကြပေ။

"မင်းက မင်းအစ်ကို ထွင်းအက္ခရာကို သည်သနပ်ခါးသုံးတုံး သွားပေးထားလိုက် .....သူကြိုက်တယ်...."

"ခင်ဗျာ.....ကျုပ်က သွားပေးရမှာလား..."

"အေးပေါ့ကွ...သည်အချိန်ဆို သူ့အခန်းထဲမှာ ပတ္တလားအတီးလေ့ကျင့်နေလောက်တယ်....သွား....သွား...သွားပေးလိုက်...."

ပြောချင်ရာပြောပြီးနောက် ဆရာရသမှာ နောက်ဖေးချောင်သို့ ဝင်သွားလျက် ဟင်းချက်နေကြသော အမျိုးသားတစ်စုနှင့် ဟိိုဟိုသည်သည် စကားဖောင်ဖွဲ့နေလေတော့သည်။ တစ်ခေတ်မောင် သက်ပြင်းချလိုက်ရင်း အနေတော် တုံးထားလေသော သနပ်ခါးတုံး သုံးတုံးအား သယ်ကာ အပေါ်ထပ်သို့ တက်လာခဲ့တော့သည်။ ထိုလူ၏ အခန်းနားသို့ ရောက်လာလေလေ ပတ္တလားတီးသံ ငြိမ့်ငြိမ့်ညောင်းညောင်းအား ရှင်းလင်းပြတ်သားစွာ ကြားနိုင်လာလေဖြစ်သည်။ ငြိမ့်ညောင်းလွန်းသော ပတ္တလားသံသည် ထံတျာတေတျော တေးသံအား ညင်ညင်သာသာ ပုံဖော်နေလေ၏။ ထိုသံစဥ်လေးကြောင့် တစ်ခေတ်မောင်၏ ဘယ်ဘက်ရင်အုံမှာ တအုံနွေးနွေး လှုပ်ခုန်လာလေ၏။ ပတ္တလားသံရပ်တန့်သွားသည်အထိ အချိန်ကြာမြင့်စွာ ထိုအခန်းရှေ့တွင်ပင် ရပ်တန့်နေမိသည်။ ပတ္တလားသံ ရပ်တန့်သွားပြီးအတော်ကြာကာမှ တံခါးခေါက်ဖို့ရာ သတိရတော့သည်။

"ဒေါက် .....ဒေါက်....."

သုံးခါမခေါက်လိုက်ရပေ။ ထိုသူမှာ အလျင်အမြန် တံခါးလာဖွင့်ပေးလေသည်။

"အော် တစ်ခေတ်မောင် ဘာဖြစ်လို့လဲ....."

"ရော့...."

လက်ထဲမှ သနပ်ခါးတုံးများအား ထိုသူ့ထံ လွှဲပြောင်းပေးလိုက်လေသည်။ သနပ်ခါးတုံးများကို မြင်သည်နှင့် ထိုသူ့မျက်နှာမှာ ဝင်းပသွားပြီး မျက်ဝန်းညိုများ အရောင်တောက်သွားလေသည်။

"ကျုပ်ဆရာ ဆရာကြည်ကိုယ်တိုင် ခြံထွက်သနပ်ခါးတွေ လာပေးသွားတာ....ခင်ဗျား ကြိုက်တတ်တယ်လို့ ဆရာရသပြောလို့ လာပို့လှည့်တာ...."

"ကျေးဇူးပါ တစ်ခေတ်မောင်......တကယ် သဘောကျတယ်....."

ထိုသူက ငြိမ်းချမ်းစွာ ပြုံးလျက် ပြောလိုက်သော်လည်း တစ်ခေတ်မောင်ရင်တွင်းအကောင်ငယ်မှာ ဗြောင်းသတ်သွားသည်။ ဘယ့်နှယ် အရင်းမရှိ အဖျားမရှိ 'တကယ် သဘောကျတယ်'လို့ ပြောလိုက်စရာလား။ အများကြားရင် ယုန်ထင်ကြောင်ထင်ထင်ကြအုန်းမည်။

"ဒါဆို ကျုပ်သွားတော့မယ်....."

"နေအုန်းလေ ငါပါ လိုက်မယ်....."

သနပ်ခါးတုံးများအား အခန်းထောင့်တစ်နေရာတွင် ထားလိုက်လျက် တစ်ခေတ်မောင်နှင့်အတူ အောက်ထပ်ဆင်းလာတော့သည်။

"တစ်ခေတ်မောင်ရယ်....မင်းနှယ် သနပ်ခါးတုံးလေး ပေးခိုင်းတာကို ကြာလှချည်လား....အခုမှပဲ ပြန်ပေါ်လာတော့တယ်...."

"ကျွန်တော်တို့ စကားခဏပဲ ပြောပြီး ပြန်ဆင်းလာတာပါ...."

ထိုသူက ဝင်ရောက်ဖြေကြားပေးလေရာ ဆရာရသ၏ မျက်နှာသည် နားမလည်ဟန် ကူးပြောင်းသွားသည်။

"ကဲကဲ ထားပါ.....မင်းရဲ့ အစ်ကိုကြီးတွေ အကုန်စုံကြပြီ....သူတို့ သံချပ်တိုက်တာလေး မင်းလိုက်ကြည့်ထား.....နောက်နေ့တွေကျ မင်းအတွက်ပါ ငါသံချပ်စပ်ပေးထားမယ်....."

"ဟုတ်ကဲ့....."

ထို့နောက် ကိုကြီး ငမှေး၊ ကိုကြီးသာကူ၊ ကိုကြီး ငွေခဲနှင့် ကိုကြီး ရှမ်းလေးတို့ လေးယောက်သားမှာ ဖျာကြမ်းပေါ် ဝိုင်းထိုင်နေကြရင်း သံချပ်တိုက်နေကြတော့သည်။ သံချပ်တိုက်သံ တညံညံမှာ အိမ်ကြီးအတွင်း ပျံ့နှံ့လျက် ရှိလေတော့သည်။ သံချပ်ဟူသည် အငြိမ့်သဘင်ပွဲတစ်ခု၌ ဒုတိယပိုင်းတွင် အများဆုံး ပါဝင်လေ့ရှိပြီး ရှိရှိသမျှလူတို့ မြိုင်မြိုင်ဆိုင်ဆိုင်ဖြင့် ဆိုလေ့ရှိကြသည်။ သံချပ်စပ်ရာတွင် အတိုင်၊အဖောက် တစ်စုံစီ ပါရမြဲဖြစ်သည်။ အတိုင်ပိုဒ်တွင် ခုနစ်လုံးခံ၍ အပေါက်အပိုဒ်တွင် ခုနစ်လုံးဖြစ်စေ၊ ရှစ်လုံးဖြစ်စေ အုပ်ရလေသည်။ အတိုင်အပိုဒ်ကို ကိုကြီးငမှေးမှစ၍ တစ်ယောက်တစ်လှည့်စီ ဆိုကြပြီး အတိုင်အဖောက်ညီညီ မြိုင်မြိုင်ဆိုင်ဆိုင်ဆိုကြလေ၏။ ကိုကြီးသာကူတို့ သီဆိုသွားသော သံချပ်တွင် နိုင်ငံ၏ ပြုပြင်စရာ အကြောင်းအရာများကို အရွှန်းဖောက်ထားလေရာ လေးစားဖွယ် အားကျဖွယ်ဖြစ်သည်။

"တစ်ခေတ်မောင် ကြည့်ထား နားထောင်ထား....နောက်နေ့ကစ မင်းလည်း အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်ရတော့မှာလေ.....မင်းလည်းပဲ ငါတို့ အငြိမ့်အဖွဲ့ရဲ့ မိသားစုဝင်ဖြစ်လာမှာ....."

တစ်ခေတ်မောင် ခေါင်းတဆတ်ဆတ်ငြိမ့်လျက် မျက်စိရှေ့မှ လူများအား မျက်တောင်မခတ်တမ်း ကြည့်နေမိလေသည်။ သံချပ်တိုက်လို့ အပြီးတွင် နေ့လည်စာစားချိန်သို့ ရောက်လာလေသည်။ နေ့လည်စာစားပြီးချိန်တွင် ကိုယ်စီကိုယ်ငှ အလုပ်ကိုယ်စီလုပ်ကြလေသည်။ အိမ်သန့်ရှင်းရေးလုပ်သူကလုပ်၊ သဘင်ပစ္စည်းသန့်ရှင်းရေးလုပ်သူလုပ်နှင့် အလုပ်ရှုပ်နေကြသည်။ တစ်ခေတ်မောင်မှာလည်း ကြောင်ကြောင်အမ်းအမ်းရှိမနေဘဲ ဝိုင်းကူလုပ်ကိုင်ပေးလာသည်။

"ငွေခဲရေ....ဟိုဘက်အိမ်ကနေ စန္ဒရားအဟောင်းသွားသယ်ဖို့ ပြောထားတာ သယ်ပြီးပလားကွ....."

ဆရာရသ၏ ဆော်သြသံကြောင့် ထင်းခွဲနေသော ကိုကြီးငွေခဲမှာ နှဖူးစမှ ချွေးတို့ကို သုတ်လိုက်လျက်။

"အခုပဲ သွားသယ်လိုက်ပါ့မယ် ဆရာရသ....."

"ကျုပ်သွားသယ်လိုက်မယ်လေ.....ကိုကြီးငွေခဲက ထင်းခွဲနေတာမဟုတ်လား...."

"နေစမ်းပါကွာ ကိုယ့်အလုပ်ကိုယ် လုပ်စမ်းပါ....."

တစ်ခေတ်မောင်မှာ ကူညီပေးဖို့ရာ စိတ်အားထက်သန်နေသော်လည်း ကိုကြီးငွေခဲမှာ သိပ်လက်မခံချေ။ တစ်ခေတ်မောင်အား သိပ်သဘောတွေ့ပုံမရပေ။

"တစ်ခေတ်မောင်နဲ့ သာကူရယ်....ရှမ်းလေးရယ် သွားလိုက်လေ.....ငွေခဲက အားမှမအားပဲ...."

ဆရာရသဝင်ပြောကာမှ ကိုကြီး ငွေခဲက ချဥ်တင်တင်ဖြင့် ခေါင်းငြိမ့်လေ၏။ သို့နှင့် ကိုကြီးရှမ်းလေး၊ ကိုကြီးသာကူတို့နှင့်အတူ တစ်ဖက်အိမ်သို့ သွားခဲ့လေ၏။ ထိုအိမ်သို့ တစ်ခေတ်မောင် တစ်ခါမျှ မရောက်ဖူးပေ။ ပထမဆုံးအကြိမ်အဖြစ်သွားရပေပြီ။ တစ်ဖက်အိမ်သည်လည်း ပထမအိမ်နှင့် ပုံစံတူတူပင်။ ထိုအိမ်တွင်တော့ ယောက်ျားသားမရှိ၊ မိန်းမသားများသာရှိပေသည်။ ယောက်ျားသားဆို၍ ခြံစောင့်ပေးသော ဦးလေးကြီးတစ်ဦးသာရှိသည်။ တစ်ခေတ်မောင် ထိုအိမ်ခြံအတွင်း ဝင်သွားလိုက်ချိန်တွင် အိမ်သားများ၏ အကြည့်ဟူသမျှသည် တစ်ခေတ်မောင်ထံ စုဆုံကြလေသည်။ တစ်ချို့တစ်လေသော အမျိုးသမီးများမှာဆိုလျှင်ဖြင့် တိုးတိုးကြိတ်ကြိတ်ဖြင့် ပြောဆိုနေကြသည်အထိ ဖြစ်နေကြသည်။

"ဆရာရသက စန္ဒရားဟောင်းယူခိုင်းလိုက်လို့....."

"အို.....ကိုကြီးသာကူ....ညီမတို့ဆီ မလာတာကြာပေါ့.....ပွဲတွေနားကတည်းကပဲ...."

"ကိုကြီးတို့လည်း လုပ်စရာလေးတွေ ​ပြည့်နေကြလို့ပါလို့ဆိုရမှာပဲ ညီမမွှေးရေ....."

ထိုသို့ပြောတော့ ဇာအဝါရင်ဖုံကလေးဝတ်ထားသူ ထိုအမျိုးသမီးက မျက်စောင်းကလေး ငဲ့ထိုးလေ၏။ တစ်ခေတ်မောင် ကိုကြီးသာကူနှင့် ကိုကြီးရှမ်းလေးတို့ကို လှည့်ကြည့်မိသည်။ အလာတုန်းကနှင့် မတူညီစွာ ပြုံးပျော်နေသော ထိုလူတို့ကို တွေ့ရချိန် အံ့သြရလေသည်။

"ကိုကြီးရှမ်းလေး.....သည်တစ်ယောက်က ဘယ်သူများလဲ....မွှေးဖြင့် တစ်ခါမျှမမြင်ဖူးပေါင်....."

"သြော်....သူကလား....သူက ကိုကြီးတို့ရဲ့ အဖွဲ့ဝင်အသစ်လေ....."

ကိုကြီးရှမ်းလေးက တစ်ခေတ်မောင် ပုခုံးကို ဖက်ကာ ပြောလေတော့သည်။ ကိုကြီးရှမ်းလေး၏ အဖွဲ့ဝင်ဟူသော အသုံးအနှုန်းကြောင့် တစ်ခေတ်မောင်ပြုံးမိလေသည်။ သူ့အား အဖွဲ့ဝင်တစ်ဦးအဖြစ် လက်ခံသည်ဟု ဆိုလိုခြင်းမဟုတ်ပေလား။

စန္ဒယားဟောင်းဆိုသည်မှာ ထိုအိမ်၏ အောက်ထပ်တွင် ထီးထီးကြီးတည်ရှိနေသည်။ မဲနက်နေသော စန္ဒယားကိုယ်ထည်ကြောင့် ဟောင်းလို့ဟောင်းမှန်းမသိသာပါချေ။ ထိုစန္ဒယားကြီးအား သုံးဦးသားတက်ညီလက်ညီဖြင့် သယ် မ လိုက်ကြပြီး ဆရာရသတို့အိမ်ဆီ သယ်သွားလိုက်သည်။ အိမ်နှစ်အိမ်မှာ သိပ်မဝေးသည်မို့ တော်ပေတော့သည်။

"သည်နားမှာချ....သည်နား...."

ဆရာရသက လက်ညှိုးညွှန်လျက် စန္ဒယားထားရမည့် နေရာအား ညွှန်ပြသည်။ ထိုနေရာသို့ သတိကြီးစွာ ချပေးလိုက်လေသည်။

"သည်စန္ဒယားက ဟောင်းသာဟောင်းတာ အသံထွက်ကောင်းသေးသပ...."

ဆရာရသက ခါးထောက်လျက်ဆိုသည်။ ချက်ချင်းဆိုသလို ဟိုလူကိုလည်း လှမ်းခေါ်လိုက်သေးသည်။

"ထွင်းအက္ခရာ....မင်းစန္ဒယားကြီး ရောက်လာပြီဟေ့...."

"ဟုတ်ကဲ့ဆရာရသ...."

ဟုအော်ကာ အပေါ်ထပ်မှ ပြေးဆင်းလာသူကို တစ်ခေတ်မောင် မော်၍ကြည့်လိုက်သည်။ တစ်ခေတ်မောင်မျက်ဝန်းတို့ ဝိုင်းစက်သွားရတော့သည်။ အဘယ်ကြောင့်ဆိုသော် ထိုသူ့ပါးနှစ်ဖက်ထက်မှ ပါးကွက်ကြားလေးကြောင့်။

"စန္ဒယားတီး ပြန်ကျင့်ချင်သပဆိုလို့ တစ်ခေတ်မောင်တို့ကို သွားသယ်ခိုင်းထားတာ....."

ဆရာရသက ပုခုံးပေါ်မှ ပုဝါဖြင့် မျက်နှာတစ်ဝိုက်မှ ချွေးတို့ကို သုတ်လိုက်ရင်းဆိုသည်။ တစ်ခေတ်မောင် မျက်မှောင်ကြုတ်မိသည်။ ဘယ့်နှယ် အိမ်မှာ စန္ဒယားအသစ်ကြီးတစ်ခုလုံး ရှိလျက်နှင့် အဘယ့်ကြောင့် အဟောင်းကိုမှ လိုချင်နေရသနည်း။ 'မလိုရာ ပေါင်ခွ' လူစားမျိုးဟု တွေးမိလေသည်။

"အိမ်မှာလည်း အသစ်ကြီးရှိရက်နဲ့ အဟောင်းကိုမှ လိုချင်ရသလား....သပ်သပ် ကျုပ်တို့ကို အလုပ်ရှုပ်အောင်...."

စန္ဒယားလေးအား ဖြေးဖွဖွပွတ်သပ်ရင်း လင်းလက်နေသော မျက်ဝန်းအစုံဖြင့် ကြည့်နေသော ထိုသူမှာ တစ်ခေတ်မောင်စကားကြောင့် တုံ့ခနဲ ရပ်သွားသည်။ ချက်ချင်းမျက်နှာပျက်လေ၏။

"တကယ်တော့ အက္ခရာယူခိုင်းတာ မဟုတ်ပါဘူးကွာ....ငါ့ဘာသာ သွားယူခိုင်းလိုက်တာ....သူ့အပိုင် စန္ဒယားနဲ့ လေ့ကျင့်တော့ ပိုမကောင်းပေဘူးလား...."

ဆရာရသက ဘေးမှ ဝင်ဖြန်ဖြေပေးသည်။ ထိုသူ့ထံမှ သက်ပြင်းသဲ့သဲ့ချသံကို မကြားမဖြစ် ကြားလိုက်ရသေးသည်။ ထိုသူ့မျက်နှာ ညိှုးသွားခြင်းကို မြင်လိုက်ရသည်မို့ တစ်ခေတ်မောင် မျက်နှာလွှဲမိသည်။ မသိလျှင် သူကပဲ လွန်သလိုလို ဖြစ်နေသည်မဟုတ်လား။

"ကဲကဲ ရေချိုးကြတော့....."

ညနေရေချိုးချိန်မို့အိမ်ရှိအမျိုးသား မှန်သမျှ အပေါ်ပိုင်းအဝတ်ဗလာဖြင့် စုရုံးနေကြသည်။ ကျယ်ပြောသော အုတ်ကန်ကြောင့် လူအများ စုချိုးလျှင်လည်း ပြဿနာတော့ မရှိချေ။ ထွင်းအက္ခရာဆိုသူကတော့ တစ်ခေတ်မောင်တို့ စန္ဒယားသွားယူနေချိန်ကတည်းက ရေချိုးပြီးသားဖြစ်သည်မို့ ရေချိုးကြမည့် အမျိုးသားများကြားထဲ သူရှိမနေ။ အုတ်ကန်ထဲမှ ရေသည် အေးစိမ့်ကာနေ၏။ မိုးရာသီလည်းဖြစ်တာမို့ မိုးသားညိုများကြောင့် ပတ်ဝန်းကျင်သည် အုံ့မှိုင်းညိုစိုနေသည်။ လေပြင်းများကလည်း စတင်တိုက်ခတ်နေသည်မို့ အအေးမမိစေရန် အမြန်အဆန် ရေချိုးလိုက်ရသည်။ ရေချိုးပြီးချိန်တွင်လည်း အေးစိမ့်စိမ့် ရာသီဥတုကြောင့် ရွာမှပါလာသော စစ်စိမ်းရောင်အနွေးထည်ကို ဝတ်ဆင်လိုက်သည်။ အနွေးထည်မှာ ဆရာကြည်ချုပ်ပေးထားသော အဖာအထေးများဖြင့် ပြည့်နေသော်လည်း အနွေးဓာတ်ကိုပေးသည်။ လုံးလုံးလျားလျားမိုးရွာမချပါဘဲ လေများပြင်းထန်စွာ တိုက်လျက် မိုးအုံ့နေသည်မို့ အောက်ထပ်တွင် ရေနွေးကြမ်းသောက်ရန် ဆင်းလာခဲ့လိုက်သည်။

မည်သူမျှ အောက်ထပ်တွင် မရှိနေပါ။ ကြည့်ရသည်မှာ အခန်းတွင်းတွင် စောင်ခြုံ၍ အောင်းနေကြခြင်းဖြစ်လောက်မည်။ ဝါးကြမ်းဖျာပေါ် ထိုင်လိုက်ပြီး ရေနွေးကြမ်းတစ်ခွက် ငှဲ့သောက်လိုက်သည်။ ခါးသော အရသာကြောင့်သော်လည်း​ကောင်း၊ ပူသော အထိအတွေ့ကြောင့်သော်လည်းကောင်း အနည်းငယ်နေသာထိုင်သာရှိသွားလျက် နွေးထွေးသွားလေသည်။ ရုတ်တရက် တဂျွတ်ဂျွတ်အသံ​ကြားလိုက်ရသည်ကြောင့် ခြံတံခါးအား မျက်နှာမူနေရာမှ ဘေးဘက်သို့ လှည့်ကြည့်မိသည်။

"အမလေး...ဘုရား!!!!.ထွင်းအက္ခရာနဲ့ ကျုပ်နဲ့----"

"အမ်....."

စိတ်လွတ်လက်လွတ်ယောင်ယမ်းနေမိရာမှ ထိုသူ၏ အာမေဍိတ်သံကြောင့် ပါးစပ်ပိတ်သွားရသည်။ ထိုလူရှေ့မှာမှ ယောင်မိရတယ်လို့။ ထိုလူက အေးအေးလူလူဖြင့် တစ်ခေတ်မောင် ဘေးတွင် ဝင်ထိုင်ရာ အလိုအလျောက် တစ်ဖက်သို့ တိုးကပ်မိသွားသော တစ်ခေတ်မောင်။ ယောက်ျားတစ်ဦးဟူသော သတိပေးချက်တို့သည် သူ့ခေါင်းအတွင်း လှည့်လည်နေကာ အကြိမ်ကြိမ်အသိပေးနေသောကြောင့်။ ထိုသူမှာတော့ ဝါဝါဝင်းနေသော သနပ်ခါးပါးကွက်ကြားဖြင့် ဖြစ်ကာ ခပ်ပါးပါးအပေါ်ထပ်တစ်ထည်ကို ထပ်၍ဝတ်ဆင်ထားသည်။ တစ်ခေတ်မောင်နည်းတူ ထိုသူသည်လည်း ရေနွေးကြမ်းကို ငှဲ့ယူသောက်လေတော့သည်။

"မင်း သည်အချိန်ရောက်လာတာ ကောင်းတယ် တစ်ခေတ်မောင်....."

တစ်ခေတ်မောင် မည်သို့မျှ မတုံ့ပြန်မိ။ ထိုသူ့ကိုသာ ကြည့်နေမိသည်။ ထိုသူကတော့ တစ်ခေတ်မောင်ကို ကြည့်မနေပါ။ ရှေ့တူရူသို့သာ ကြည့်လျက် အမှောင်ထဲ ယိမ်းနွဲ့နေသော အုန်းလက်တို့ကိုသာ ငေးနေလေ၏။ ထိုသူ၏ ညိုမှောင်သော ဆံနွယ်များသည်လည်း လေအဝှေ့တွင် ဝေ့ဝဲနေသည်မှာ ကဗျာဆန်နေသယောင်။

"မိုးရာသီဆို ဇာတ်ပွဲတွေ နားရတယ်လေ....သည်လို အချိန်မင်းရောက်လာတာဆိုတော့ လေ့ကျင့်ဖို့ရာ အချိန်ရတာပေါ့....."

ထိုသူမှာ တစ်ခေတ်မောင်အား လှည့်၍ကြည့်လာသည်။ မိုး၏ အကြိုဖြစ်သော လေနုအေး ဖြတ်တိုက်သွားချိန်တွင် ထိုသူ့ပါးပြင်ပေါ် နေရာယူနေသော ပါးကွက်ကြားမှ သနပ်ခါးနံ့ သင်းသင်းရလေသည်။ လွင့်ဝဲနေသော ဆံနွယ်နက်များနှင့် ဝါဝင်းနေသော ပါးကွက်ကြား။ တစ်ခေတ်မောင် သတိလက်လွှတ်ငေးနေမိပြီး မည်သို့ မည်ပုံဖြစ်သွားမှန်း မသိပေ။ အတန်ကြာငေးကြည့်နေမိပြီး ထိုသူဘက်မှ အကြည့်လွှဲကာမှ သတိကပ်မိတော့သည်။ အရှက်ပြေချောင်းတစ်ချက်ဟန့်မိလိုက်ပြီးနောက်။

"စန္ဒယားဟောင်းက ခင်ဗျားဥစ္စာလား......"

ပြုံးယောင်သန်းနေသော ထိုသူ့မျက်နှာမှာ ချက်ချင်းဆိုသလို မှိန်ဖျော့သွားတော့သည်။ သက်ပြင်းနွေးနွေးချသံသည် လေးပင်မှုများ ပြည့်နှပ်နေလောက်မည်။

"မဟုတ်ရပါဘူး...."

အားအင်မရှိသော ထိုဖြေသံကြောင့် တစ်ခေတ်မောင်​ ရင်မောမိသွားလေသည်။ အဘယ်ကြောင့်များ ထိုသူ့အတွက် ရင်မောပေးနေမိသလဲ မစဥ်းစားတတ်တော့ချေ။

"မင်းရွာလေးကို ငါသိပ်သဘောကျတာ....ငါတို့ ဇာတ်က သွားတုန်းကဆို ပြန်တောင်မပြန်ချင်ခဲ့ဘူး....ရွာသားတွေကလည်း သိပ်ကို ဖော်ရွေကြတာ....တစ်ခေတ်မောင် ...မင်းရွာကို လွမ်းသလား...."

ခပ်ဆွေးဆွေးလေးမေးနေပြန်သော ထိုသူသည် ရှေ့တူရူသို့ အကြည့်ပို့လျက်ပင်။

"ဘယ်ပြောကောင်းမလဲ.....ကျုပ်လွမ်းတာပေါ့....ကျုပ်သာမရှိရင် ဆရာကြည် ဘယ်လိုများနေမလဲ သိချင်မိတယ်....ဆရာကြည့်ကို ဒေါ်ငွေခင် စောင့်ရှောက်မယ်ဆိုတာတော့ ကျုပ်ယုံတယ်....ကာဖီတွေ တစ်ထုပ်ကြီးလာပို့တတ်တဲ့ သူကြီးကတော်ကိုလည်း ကျုပ်လွမ်းတယ်......"

"မင်းကာဖီကြိုက်လား...."

"မကြိုက်ပါဘူးဗျာ.....အိမ်ကိုလာပို့ထားတဲ့ ကာဖီတွေတောင် နွားကျွေးပစ်တာ....ဆိုးတာက နွားကမစားဘူးဗျာ...."

"ဟားဟားဟားးးးးးကာဖီမှုန့်တွေကို နွားကို ကျွေးပစ်ရတယ်လို့....."

တစ်ခေတ်မောင် အဖြေကြောင့် ထိုသူက ဟက်ဟက်ပက်ပက်ရယ်မောလေတော့သည်။ ထိုသူကား ရယ်မောနေလျှင် ပို၍ လှနေသူဖြစ်၏။ ယောက်ျားတစ်ဦးဖြစ်လျက်နှင့် အဘယ်ကြောင့် ထိုမျှအထိ လှသလဲမတွေးတတ်တော့။ တစ်ဖက်သဘင်အိမ်က အမျိုးသမီးခေါင်းဆောင် မမမွှေးတောင် ထိုသူ့အလှကို မမှီကြောင်း ဝန်ခံရပေမည်။ ရယ်မောမှုတို့ မရပ်တန့်သေးသော ထိုသူကြောင့် တစ်ခေတ်မောင်သည်လည်း ဂုတ်ပိုးကို ပွတ်သပ်လျက် ရယ်မောမိလေ၏။ နေရာစိမ်းသို့ ရောက်လာပြီးကတည်းက ယနေ့အထိ ထိုမျှ ပေါ့ပါးလွတ်လပ်မှုနှင့် နေသားကျမှုကို ယနေ့မှသာ ခံစားဖူးတော့၏။

######

ထွင်းအက္ခရာ သဘင်အိမ်သို့ တစ်ခေတ်မောင် ရောက်ရှိနေသည်မှာ တစ်ပတ်တင်းတင်းပြည့်ချေပြီ။ ထို့ကြောင့် တစ်ချို့တစ်ချို့သော လူတွေ၏ ထူးထူးဆန်းဆန်းအကျင့်ကလေးများကို သူမှတ်မိနေလေပြီ။ ဥပမာဆိုရလျှင် ဆရာရသသည် ညနေခင်းတိုင်း မီးဖိုချောင်တွင်းသို့ ဝင်ကာ ကြောင်အိမ်အတွင်းရှိ ပုလင်းကိုယူ၍ လူမမိအောင် ခိုး၍ခွက်ပုန်းချတတ်လေသည်။ တစ်နေ့ကဆိုလျှင် ဆေးကြောပြီးသား ပန်းကန်များအား သိမ်းဆည်းရန် မီးဖိုချောင်တွင်းသို့ တစ်ခေတ်မောင် လျှောက်လာစဥ် ဆရာရသ ခွက်ပုန်းချနေသည်နှင့် တည့်တည့်တိုးတော့သည်။ ဆရာရသမှာ လန့်လန့်ဖြန့်ဖြန့်ဖြင့် ပုလင်းအား ဖွက်လိုက်သော်လည်း အဖွက်မတော်၍ ကွဲသွားရှာသည်။ သို့သော်လည်း ဆရာရသမှာ ခပ်တည်တည်ဖြင့်သာ ကြောင်အနေသော တစ်ခေတ်မောင်ဘေးမှ ဖြတ်လျှောက်သွားတော့သည်။ တစ်ခေတ်မောင်ကသာလျှင် ကွဲကြေသွားသော ပုလင်းအပိုင်းအစများကို သိမ်းဆည်းလိုက်ရသည်။ ထိုအခါမှ ထိုပုလင်းမှာ အရက်ပုလင်းမှန်းသိရတော့သည်။

ကိုကြီးငွေခဲသည်ကား ဒုတိယမြောက် ဒေါ်ငွေခင်ဟု အမည်တပ်ပေးရမည်။ ဤသဘင်အိမ်အတွင်း ငွေတိုးချေးပေးသော ကိုကြီးငွေခဲသည် အတိုးမှန်မှန်မဆပ်လျှင် ဒေါသထွက်တတ်သည်။ သို့သော်လည်း ပေါ်တင်မော်တင် ဒေါသမထွက်ရဲ။ သဘင်အိမ်အတွင်း ကိုယ့်အဖွဲ့သားအချင်းချင်း ငွေကြေးချေးငှားခြင်းကို ဇာတ်ဆရာဖြစ်သူ ဆရာရသက ခါးခါးသီးသီးတားမြစ်ထားခြင်းကြောင့်ဖြစ်သည်။ ကိုကြီးငွေခဲမှာတော့ ဆရာရသ မမိလေအောင် တိုးတိုးတိတ်တိတ်ငွေချေးတတ်သည်။ ဤသဘင်အိမ်တွင် လက်ဖျားငွေသီးနေသော တစ်ဦးတည်းသောသူမှာ ကိုကြီးငွေခဲဖြစ်လေ၏။

ကိုကြီး သာကူမှာတော့ ညဘက်အိပ်လျှင် အီးတဘူဘူပေါက်တတ်လေသည်။ ပထမဆုံးစရောက်သောညတွင် သတိမထားမိသော်လည်း နောက်ညများတွင် အိပ်နေရင်း လန့်နိုးနိုင်သည်အထိ လေလည်သံမှာ ပြင်းကြောင်း သဘောပေါက်ရတော့သည်။ အခြားသူများမှာ နေသားကျနေပြီမို့ အိပ်နေနိုင်ကြသော်လည်း တစ်ခေတ်မောင်မှာတော့ အိပ်ရာမှ ခဏခဏဆိုသလို လန့်လန့်နိုးရလေသည်။ ကိုကြီး ငမှေးမှာတော့ အမြဲတမ်းလိုလို အိပ်ငိုက်နေတတ်လေသည်။ ပြက်လုံးတိုက်နေရင်းနှင့်လည်း ငိုက်နေတတ်သည်။ ခေါင်းအုံးနှင့်ခေါင်းထိလိုက်သည်နှင့် အိပ်ပျော်သွားတတ်လေသည်။ ကိုကြီး ရှမ်းလေးကတော့ အဖွဲ့ထဲတွင် အတည်ငြိမ်ဆုံးဖြစ်သော်လည်း အမျိုးသမီးများနှင့် ပတ်သက်လျှင် မနေတတ်မထိုင်တတ်ဖြစ်တတ်သော လူတစ်ဦးဖြစ်သည်။ အမျိုးသမီးချောချောကလေးများတွေ့လျှင် ပါးစပ်အဟောင်းသားဖြင့် ငေးတတ်လေသည်။

တစ်ခေတ်မောင်သည်လည်း ယခုတစ်ပတ်အတွင်း အတော်ကို တိုးတက်လာလေသည်။ ပြက်လုံးအရာတွင်လည်း ပြောင်မြောက်လာကာ သံချပ်တိုက်ရာတွင်လည်း အတိုင်အဖောက်ညီလာတော့သည်။ ကိုကြီးသာကူတို့နှင့်လည်း အရင်ကလောက် မစိမ်းသက်တော့ပေ။ ဘာမဆို မနေတတ်မထိုင်တတ် မကူညီလျှင် မနေနိုင်သော တစ်ခေတ်မောင်ကြောင့် ကိုကြီး ငွေခဲတို့ အနေသာသည်လေ။ ထင်းခွဲအရာတွင်လည်း တစ်ခေတ်မောင်၊ ပန်းပင်ရေလောင်းလျှင်လည်း တစ်ခေတ်မောင်၊ ပစ္စည်းပစ္စယာ သန့်ရှင်းရေးလုပ်ရာတွင်လည်း တစ်ခေတ်မောင်ပေ။ သူ့ခြေသူ့လက်ချည်းသာမို့ မည်သူကမျှ များများစားစားကူညီစရာမလိုတော့ချေ။

ထွင်းအက္ခရာနှင့်တော့ တစ်ခေတ်မောင် သိပ်စကားမပြောဖြစ်ပေ။ သူကိုယ်တိုင်က ရှောင်ရှားနေသည်ဟု ဆိုလျှင် ပိုမှန်မည်။ ယောက်ျားတစ်ဦးမှန်း သိနေသည့်တိုင် နှစ်သက်မိနေဆဲဆိုလျှင် ရူးနှမ်းရာရောက်သည်လေ။ ထို့ကြောင့် အမြဲတမ်းဆိုသလို ထွင်းအက္ခရာအား ရှောင်နေမိတော့သည်။

"တစ်ခေတ်မောင်... ဘာတွေတွေးနေတာလဲ... ထမင်းအိုးဝေကျနေပြီလေ...."

အတွေးများနေသော တစ်ခေတ်မောင်အား အသံဆာဆာကလေးက လှုပ်နိုးသွားသည်။ အသံပိုင်ရှင်မှာ ထွင်းအက္ခရာဖြစ်လေသည်။ သူသည် ခပ်သုတ်သုတ်ဖြင့် မီးဖိုထဲကုန်းကုန်းကွကွဝင်လာလျက် ဝေကျနေသော ထမင်းအိုးအား အဖုံးဖွင့်ရန်ကြိုးစားတော့သည်။

"အားးး!!!"

စလောင်းဖုံးအား ကိုင်မိသော လက်ကို အမြန်ရုတ်လျက် အော်လေ၏။ ပူလောင်မှုကြောင့် ထိုလက်ဖြင့် ကိုယ့်နားရွက် ကိုယ်ကိုင်လိုက်မိသော ထွင်းအက္ခရာ။

"ကျစ်!!! ခင်ဗျားနှယ်.....လက်ခုဝတ်မပါဘဲ လက်ဗလာနဲ့ ကိုင်ရသလား....."

အပူလောင်သွားလေသော ထိုလူ့လက်ကို ချက်ချင်းဆွဲယူပြီး လေမှုတ်ပေးနေမိသည်။

"သက်သာလား....ကျုပ်ဆေးသွားဝယ်ပေးရမလား..."

"ရတယ် ရတယ်....သိပ်မထိသွားပါဘူး...."

"မဖြစ်ပါဘူးဗျာ....လာဆေးခန်းသွားပြမယ်...."

ထိုလူ့လက်ကို အတင်းဆွဲပြီး အိမ်ရှေ့သို့ ခေါ်သွားရာ "ရပါတယ်"ဟု တတွတ်တွတ်ပြောရင်း ယက်ကန်ယက်ကန်ဖြင့် ပါလာလေသည်။ အိမ်ရှေ့တွင် ရပ်ထားလေသော လိပ်ခုံးကားတစ်စီးအား ရုတ်ချည်းတွေ့လိုက်ရသည်မို့ တစ်ခေတ်မောင်ကော ထိုသူပါ ရပ်တန့်သွားလေသည်။ ဘိုဆန်သော အဝတ်အစားတို့ ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးသည် ထိုလိပ်ခုံးကား အဖြူကလေးပေါ်မှ ဆင်းသက်လာလေသည်။ ထိုသူက အပြုံးနုတစ်ခုကို ပန်ဆင်လျက်ဖြင့် တစ်ခေတ်မောင်တို့ဘက် လှည့်ကြည့်လာလေသည်။

"ရာ....."

ထိုသူက "ရာ"ဟု ထွင်းအက္ခရာအား အဖျားစွတ်ခေါ်လိုက်ရင်း မျက်ဝန်းများမှိတ်သွားသည်အထိ ရယ်မောလေတော့သည်။ တစ်ခေတ်မောင်မှာ အဘယ်ကြောင့်မှန်းမသိ ထိုသန့်ပြန့်သော မြို့သားအား မျက်မှောင်ကြုတ်လျက်ကြည့်မိတော့သည်။

==============================

30.5.2022🖤ဆွေး🖤

ဆွေးအကြာကြီးပျောက်နေမိလို့ တောင်းပန်ပါတယ်။ မတည်ငြိမ်တဲ့ စိတ်အခြေအနေနဲ့ စိတ်ဓာတ်ကျနေမိတဲ့ အခြေအနေမို့ updateမပေးနိုင်တာပါ။ သည်ficလေးကို အကောင်းဆုံး ဖန်တီးချင်တာမို့ တော်၏လျော့၏ မရေးတင်ဖြစ်တာပါ။ အခုလည်း စိတ်အခြေအနေက သိပ်အဆင်မပြေသေးပေမဲ့ အကောင်းဆုံးရေးထားပါတယ်။ အဆင်မပြေဖြစ်ခဲ့ရင် ဝေဖန်ပေးနိုင်ပါတယ်။








Czytaj Dalej

To Też Polubisz

1.2M 90.1K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
3.5M 217K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်
290K 5.1K 47
ဒီဇာတ်လမ်းထဲက " စွဲမက်သျှင် " ဆိုတဲ့နာမည်ကို သာသာ crd ပေးပါတယ်နော် " မင်းညှို့သျှင် " နာမည်နဲ့ လိုက်ဖက်မှုရှိအောင် ထည့်ထားတာမို့လို့ပါရှင့် ဒီ fic လ...