စွဲငြိနှောင်တွယ်
🌸pann
Part (23)
မရေရာတဲ့အခြေနေကနေ ကျွန်တော်တို့တွဲဖြစ်သွားသည်..။
တစ်ယောက်နဲ့တစ်ယောက်ချစ်တယ်လို့လည်းထုတ်မပြောဖွင့်မပြောကြဘဲ တွဲဖြစ်သွားတာ..။
အဲ့နေ့ကစပြီးပေါ့..။
ထူးတော့ထူးဆန်းပေမယ့် ကျွန်တော်တို့အဆင်ပြေနေရင်ဘယ်လိုအခြေနေဖြစ်ဖြစ် အဆင်ပြေတာပဲမဟုတ်လား..။
သိပ်မတွေးထားတော့ပါဘူး..။
လောလောဆယ်နှစ်ယောက်သားတစ်ယောက်တစ်နေရာစီဖြစ်နေပေမယ့် စာအသွားလာတော့ရှိနေသည်..။
မီလတ်ဘက်ကတော့စာမှန်ပေမယ့် ကျွန်တော့်ဘက်ကသာမမှန်တတ်တာ..။
သိတဲ့အတိုင်း ကျွန်တော်ကကျွန်တော့်စာတွေနဲ့ရှုပ်နေရတာများလို့..။
စာသာအချိန်ပေးမရေးဖြစ်ပေမယ့် စာကိုတော့တမင်သက်သက်ကိုအချိန်ပေးပြီးဖတ်ဖြစ်သည်..။
ခုလည်းမီလတ်ဆီကစာရောက်နေလို့ဖွင့်ဖတ်နေတာ..။
' သို့..နိုင်နိုင်..နေကောင်းတယ်မလား..စာတွေအရမ်းကြည့်နေရလား..စာကိုကြည့်တော့ကြည့်ပေါ့ဟာ နေမကောင်းတော့မဖြစ်စေနဲ့ပေါ့သိလား..ငါတော့နေကောင်းပါတယ်..စာတွေကအရမ်းများလားဟင်..နင်တော့စာတော်တော်ကျက်ရမှာပဲနော်..အေးလေ နင်ကစာတော်ပါတယ် စာကျက်ရတာစာကြည့်ရတာမျိုးဆိုနင်ကဘယ်တော့မှမညီးဘူးနော်..ဟိဟိ.. ငါနဲ့များတော့ကွာပါ့..ငါကအဲ့လိုကျောင်းစာတွေဆိုအရမ်းပျင်းတာ..ကျန်တဲ့စာတော့မပျင်းဘူးဟသိလား..ကိုသီဟကငါ့ကိုဝတ္ထုစာအုပ်လေးတွေလက်ဆောင်ဆိုပြီးဝယ်ပေးထားသေးတယ် များတော့များတယ်ဟ..ငါနေ့တိုင်းနီးပါးဖတ်ဖြစ်နေတယ်..မဆိုးပါဘူး အကုန်ကောင်းတယ် တစ်ချို့စာအုပ်တွေဆိုအရမ်းငိုရတယ်ဟယ် ငါ့မယ်စာအုပ်တွေဖတ်ဖတ်ပြီးငိုရင်မိုးသီးတို့ဇော်ထွေးတို့က တအားစကြတာပဲ အဲ့လိုဆိုငါ့မှာတစ်ယောက်ထဲအားငယ်ရတယ်..ခုဆိုသူတို့ရှိရင်ငါ့မယ်မငိုရဲတော့ဘူး ငိုချင်ရင်လည်းအိမ်သာဘက်သွားပြီးငိုတာ..ဟီး..ဪ..နင်စားဖို့မုန့်တွေဟင်းတွေငါထည့်ပေးလိုက်တယ်သိလား..မုန့်တွေကငါ့ပိုက်ဆံနဲ့စုဝယ်ပေးလိုက်တာ နင့်အတွက်ဝယ်ဖို့ငါဗွီဒီယိုရုံကိုလေးငါးရက်လောက်မသွားခဲ့ရဘူး..သူများတွေကိုပဲပြန်မေးလိုက်တယ် နေ့တိုင်းကြည့်ချင်တာဆိုပေမယ့်နင့်အတွက်မုန့်လေးတွေဝယ်ထည့်ပေးချင်နေတော့ သွားမကြည့်ခဲ့ဘူးပိုက်ဆံတွေပဲစုထားလိုက်တယ်..မုန့်တွေကိုကုန်အောင်စားလိုက်နော် တခြားသူတွေကိုမကျွေးလိုက်နဲ့သိလား..နင့်ကိုစားစေချင်လို့ဝယ်ထည့်ပေးလိုက်တာ သူများအတွက်မပါဘူး မုန့်တွေကိုနင့်သေတ္တာထဲဖွက်ထားနော်..အဲ့ဒါမှသူများတွေမစားရမှာ..ဟင်းတွေကတော့ငါကိုယ်တိုင်ချက်ထားတာနော်..ဘယ်လိုလဲစားရောကောင်းရဲ့လား..ငါ့လက်ရာမဆိုးဘူးမလား ဇော်ထွေးတို့ကတော့မေးတိုင်းစားလို့ရတယ်ချည်းပြောတာဟယ်..ဘာမှအားမကိုးရဘူး အလကားဇော်ထွေးကြီး..နင်စားချင်တာရှိတယ်ဆိုရင်စာထဲထည့်ရေးလိုက်နော် နောက်တစ်ခါကျငါချက်ထည့်ပေးလိုက်မယ်သိလား..အင်း..ပြောစရာတော့ကျန်နေသေးပေမယ့်စာရှည်နေပြီလားမသိဘူး ဒါပဲဟယ်..နောက်မှပဲပြောချင်တာကိုပေါင်းထည့်ရေးတော့မယ်..ကျန်းမာရေးဂရုစိုက်နော်ဆရာဝန်လေး..စာချည်းပဲကျက်မနေနဲ့ အိပ်ရေးဝဝအိပ်ထမင်းများများစား..ကျက်ရမှာတွေများလို့လည်းစိတ်ညစ်ပြီးငိုမနေနဲ့သိလား ရွာသာပြန်လာခဲ့..ငါနင့်ကိုရွာထိပ်ကစောင့်ပြီးအမြဲကြိုနေမှာသိလား..ဒါနဲ့နင်ပြန်လာဖို့လိုသေးတယ်နော် ဘာဖြစ်ဖြစ်နင့်ကိုငါအမြဲမျှော်နေတယ်နော် နိုင်နိုင်..'
မျှော်နေတယ်..။
စောင့်နေတယ်..။
ဘယ်တော့လောက်ပြန်လာမှာလဲ..။
စာမရတိုင်းငိုမနေနဲ့ ရွာသာပြန်လာခဲ့..။
ဒီလိုစကားလုံးတွေနဲ့ပဲ သူ့ရဲ့စာကဆုံးသွားတတ်သည်..။
အတွဲတွေဆိုတာမှန်ပေမယ့် ကျွန်တော်တို့ရဲ့စာကသိပ်ရိုးရှင်းသည်..။
သူငယ်ချင်းအချင်းချင်းစာပို့နေသလိုပါပဲ..။
ဒါတွေကအချစ်ဆိုတာ ဘယ်လိုမှန်းသေချာမသိသေးလို့လားသေချာမချစ်တတ်ကြသေးလို့လား..။
ဒါမှမဟုတ် သူငယ်ချင်းဖြစ်ခဲ့တဲ့သက်တမ်းကကြာများကြာညောင်းခဲ့လို့လား..။
သေချာတာကတော့ ကျွန်တော်တို့နှစ်ယောက်လုံးသူငယ်ချင်းဆိုတဲ့ခြံဝိုင်းထဲမှာပဲ အချစ်ဆိုတဲ့အရာလေးအစပျိုးနေကြရုံသာ..။
အမှန်ဆိုအဲ့ခြံဝန်းလေးထက် နောက်ခြံဝန်းလေးကိုအဆင့်တက်ပြောင်းခဲ့သင့်တာကို..။
အသိတွေကနောက်ကျနေခဲ့ပြန်သည်..။
.
၁၉၉၅ ။
ဇွန်လ..။
ဒီနေ့အရာအားလုံးထက် ကျွန်တော်ကပိုပြီးစိတ်လှုပ်ရှားပြီးရင်ခုန်နေရသည်..။
ဒီနေ့ကတက္ကသိုလ်ဝင်တန်းစာမေးပွဲရလဒ်ထွက်မယ့်နေ့..။
မီလတ်အတွက်ကျွန်တော်တအားရင်ခုန်နေမိတာ..သူကတော့ဘယ်လိုတွေဖြစ်နေမယ်မသိပေမယ့် ကျွန်တော်ကတော့စိတ်တွေလှုပ်ရှားလွန်းလို့ကိုယ်အမူအရာတွေတောင်မငြိမ်သက်ခဲ့..။
" ဟန်မင်း..မင်းဘယ်လိုဖြစ်နေတာလဲ..ထိုင်မယ်ဆိုလည်းထိုင် ထမယ်ဆိုလည်းထကွာ..ဘယ်လိုဖြစ်လို့ထလိုက်ထိုင်လိုက်လုပ်နေရတာလဲ..မင်းတော့မသိဘူး ငါတော့တော်တော်စိတ်ရှုပ်ပြီးမျက်စိနောက်လာပြီ.."
" စိုးဆောရီးကွာ.."
တောင်းပန်ရင်း ခုံမှာပဲအသာထိုင်လိုက်ရသည်..။
" အစ်ဒ်စိုခေ.."
ခုံပေါ်မှာပဲ လက်ချောင်းတွေကစားနေမိပြန်သည်..။
" ဘာဖြစ်နေတာလဲ.."
" ဟင်.."
" မင်းဘာစောင့်နေတာလဲ..အပြင်ကိုပဲငေးငေးကြည့်နေတယ် "
" ဖုန်းစောင့်နေတာ.."
အဲ့တုန်းက ကြိုးဖုန်းလေးတွေတဖြေးဖြေးအသုံးဝင်လာသည်..။
" ဪ..ဖုန်းလာမှာလား "
" အေး.."
ဒီလိုချိန်ဆို ဖုန်းလာသင့်နေပါပြီ..။
ဘာလို့များ ဒီလိုနောက်ကျ..
" နိုင်ဇေဟန်မင်းတဲ့..ဖုန်း..အိမ်ကခေါ်တယ်.."
အသံကြားတာနဲ့ပြေးဆင်းသွားလိုက်သည်..။
" ဟယ်လို.."
" နိုင်နိုင်လား.."
ကိုကို့အသံပါ..။
မီလတ်လည်းမဟုတ်ဘူး..။
" ဟုတ် ကိုကို.."
" အေး..ဒီနေ့ဆယ်တန်းအောင်စာရင်းထွက်တယ်လေ "
" ဟုတ်ကဲ့.."
ကျွန်တော်သိပြီးသားပါ..။
" ညီများသိချင်မလားလို့ ဆက်လိုက်တာ.."
" ဘာကိုလဲ ကိုကို.."
မသိချင်ယောင်ဆောင်နေလိုက်သည်..။
" အေး..မင်းသူငယ်ချင်းမီလတ်တို့တစ်ဖွဲ့ ဒီနှစ်လည်းမအောင်ပြန်ဘူးဟေ့.."
မျှော်လင့်ထားသမျှ ရိုက်ချခံလိုက်ရသလိုပင်..။
စကားတောင်မထွက်နိုင်တော့..။
ဘာပြောရမည်လဲ..။
ကိုယ်ဘယ်လောက် မျှော်လင့်ထားခဲ့ရသလဲ..။
ကျစ်..။
" ဟယ်လို..ဟယ်လို..ညီ..ကြားလား "
" ဟုတ် ကြားတယ်.."
" အေအေး..အဆင်ပြေတယ်မလား "
ကိုကိုက အိမ်မှာအဆင်ပြေကြောင်း ကျွန်တော်နေရထိုင်ရတဲ့အကြောင်းတွေမေးမြန်းပြီးဖုန်းချသွားသည်..။
တကယ်တော့ကျွန်တော်သိပ်စကားမပြောလို့ ကိုကိုကစောစောဖုန်းချသွားရုံသာ..။
ကျွန်တော်လည်းစကားများများစားစားမပြောနေချင်..။
စိတ်တွေလည်းရှုပ်ပြီး တစ်နေ့လုံး ဘယ်သူနဲ့မှစကားမပြောဘဲနေနေခဲ့တာ..။
ကျောင်းမှာလည်း ပရတီကယ်ဆင်းတာအလွဲလွဲအမှားမှားနဲ့..။
ဒါတွေကနင့်ကြောင့် မီလတ်..။
နင်လုပ်တာ..။
.
မီလတ်သာဝတ္ထိက နိုင်နိုင့်အဖေပွဲရုံမှာရောက်နေတာ..။
ပွဲရုံမှာကဖုန်းရှိတယ်လေ..။
ရွာထဲမှာတော့မရှိဘူး..။
နိုင်နိုင်ကဖုန်းပြောမယ်ပြောထားလို့ ဒီနေ့ဒီကိုရောက်နေတာ..။
" ကလင် ကလင်..ကလင်.."
ဖုန်းလာသံကြားတော့ မီလတ်ခါးကိုမတ်သွားပြီးလှမ်းစူးစမ်းကြည့်မိသည်..။
" ဪ နိုင်နိုင် သားလား.."
နိုင်နိုင်ဆိုတော့ မီလတ်မျက်နှာပြုံးရွှင်သွားသည်..။
အဒေါ်စုမေက သူ့သားနဲ့စကားတွေအကြာကြီးပြောပြီးမှ မီလတ်ကိုခေါ်သည်..။
" ဪ မီလတ်လား..ရှိတယ်လေ သားရဲ့..သူနဲ့ပြောချင်လို့လား..အေအေး..သမီးရေ..မီလတ်.."
" ရှင်.."
" ဒီမှာနိုင်နိုင်က စကားပြောမလို့တဲ့.."
" ဟုတ်.."
မီလတ် ဖုန်းအနားကပ်သွားလိုက်သည်..။
" ဟယ်လို..နိုင်နိုင့်..ငါမီလတ်.."
ကိုယ့်မှာတော့ တက်တက်ကြွကြွခေါ်ပြောလိုက်ပေမယ့်..
" သိတယ် "
စကားသံကပြတ်နေသည်..။
ပြီးစိတ်မရှည်နေ..။
မီလတ်နည်းနည်းစိတ်ကထင့်သွားပေမယ့် မျက်နှာလေးကရွှင်လန်းပြုံးမိနေတုန်း..။
" ငါနင့်ကိုစောင့်နေတာ..ဒီမှာဟယ် နင့်ကိုစောင့်လိုက်ရတာမှအကြာကြီး..ပျင်းတောင်ပျင်းတယ် ငါအိပ်ငိုက်နေတာဟ..ဟိဟိ..နင်ဖုန်းဆက်လာလို့ မဟုတ်ရင်ခုံပေါ်မှာတင်အိပ်ပျော်နေလောက်ပြီ.."
ပျော်နေတဲ့သူ့အသံ..တက်ကြွရွှင်လန်းနေတဲ့သူ့အသံ..အလေးနက်တစ်ခုမှမပါတဲ့သူ့စကားတွေကြောင့် ကျွန်တော်ပိုဒေါသထွက်မိသည်..။
နဂိုကမှစာမေးပွဲမအောင်ဘူးဆိုတဲ့သတင်းကြောင့် စိတ်ကခုနေကာမှ သူ့အသံကြားတော့ဒေါသအရှိန်သာပိုတိုးလာရုံသာ..။
စိတ်ကမရွှင်နေတော့ ပြောသမျှစကားသံနဲ့စကားတွေကလည်းပြတ်နေသည်..။
" နင် ဒီနှစ်လည်းမအောင်ပြန်ဘူးဆိုမီလတ်.."
" ဟင်..အင်..ဟုတ်တယ်လေ..ဟိဟိ.. "
ဒီလိုစကားပြောနေတာတောင် သူဘယ်လိုမှမခံစားရဘူးလား..။
မငိုချင်ဘူးလား..။
ဝမ်းမနည်းနေဘူးလား..။
ဘာလို့ပေါ့ပါးနေရတာလဲ သူ့အတွက်..။
ကိုယ့်မှာတော့ သွားလည်းဒီစိတ်စားလည်းဒီစိတ်နဲ့ အဆင်တစ်ခုမှမပြေခဲ့..။
နင်ဟာ..မီလတ် ။
" နင်ဘာဆက်လုပ်မှာလဲ.."
" ဘာဆက်လုပ်ရမှာလဲ.."
" ဘာ.."
အနီးနားမှာသာရှိရင် နင်မလွယ်ဘူးမီလတ်..။
ခုဖြစ်နေတဲ့ငါ့စိတ်နဲ့ နင်သက်သာမှာကိုမဟုတ်တာ..။
" ကျောင်းပြန်တက်.."
သူ့ဆီကကိုယ်ဖြစ်ချင်တာသိချင်တာဘာမှမကြားရတော့ ကိုယ်ကပဲကိုယ်ဖြစ်ချင်တာဒဲ့ပြောချလိုက်သည်..။
" ဟမ်..ကျောင်းပြန်တက်ရမယ် "
" အေး.."
" ဟာ..နိုင်နိုင်ကလည်း "
" ဘာလဲ.."
" မိုးသီးတောင်ဒီနှစ်ဆယ်တန်းဟဲ့..ငါသူနဲ့အတူကျောင်းမတက်ချင်ပါဘူး ငါပြန်တက်ရင်သူနဲ့တစ်တန်းထဲဖြစ်သွားမှာပေါ့.."
" ရှက်တတ်သေးတယ်ပေါ့.."
" နိုင်နိုင့်.."
" အစကတည်းက နင်အောင်အောင်လုပ်ခဲ့ပါလား.."
မီလတ် နှုတ်ခမ်းသာစူနေမိသည်..။
" ငါ့မယ် နင်အောင်အောင်လို့စာတောင်အတူကျက်ပေးခဲ့တာ..နင်ကတော့ "
" ကံတရားနဲ့ဆိုင်ပါသေးတယ်ဟယ်..ငါဆယ်တန်းအောင်ဖို့ကံဇာတာမပါလာတာနေမှာပေါ့.."
ကျန်း..ပြောပုံ ။
မသိရင်သူကပဲ တော်တော်ကြိုးစားပြီးစာကျက်ခဲ့တဲ့အတိုင်း..။
" ဘာကံတရား ဘာကံဇာတာလဲ..ဘာတစ်ခုမှမဆိုင်ဘူး..နင်စာကျက်ရင်နင်အောင်မယ်..နင်စာမကျက်လို့မအောင်ဘူး..ဒါပဲ.."
မီလတ် သူမမြင်တာသိပေမယ့် မျက်စောင်းပဲထိုးကြည့်နေလိုက်သည်..။
" ကျောင်းပြန်တက်..ဒီနှစ်အောင်အောင်လုပ်ခဲ့.."
" ဟာ..မတက်ချင်ပါဘူးဆို..မတက်ဘူး.."
" ဘာမတက်ဘူးလဲ..တက်ကိုတက်ရမယ်..နင့်ထက်အငယ်တောင်နင့်ကိုမှီနေတာ နင်မရှက်ဘူးလား.."
" မရှက်ပါဘူး..ကိုစိုးနဲ့ဇော်ထွေးတောင် ငါ့လိုဆယ်တန်းထိနေခဲ့တာမဟုတ်ဘူး..ငါဒီထိနေခဲ့ရင်တော်ပြီပေါ့.."
တစ်ခါတလေ အဲ့မိန်းကလေးကအဲ့လိုပဲ..။
ပြောရတာသိပ်လက်ပေါက်ခက်သည်..။
" နင့်အစ်ကိုတွေနဲ့နှိုင်းမပြောနဲ့..သူတို့ကတမင်ကျောင်းနားခဲ့ကြတာ..နင့်လိုဆယ်တန်းထိနေလို့ရရင်သူတို့လည်းနင့်လိုခုံမြဲမှာမဟုတ်ဘူး နှစ်ချင်းပေါက်အောင်မှာ.."
" ဟဲ့..ကိုစိုးက ဉာဏ်သိပ်မကောင်းဘူး.."
တွေ့လား..။
တကယ့်အဖျက်သမား..။
" ဪ..နင်ကတော်တော်ဉာဏ်ကောင်းရှာတော့ ဆယ်တန်းကိုတောင်နှစ်နှစ်ဆက်တိုက်ကျအောင်ကြိုးစားခဲ့တာပေါ့လေ.."
" နိုင်နိုင်နော်.."
" ပြန်တက်.."
" မတက်ဘူး..ပြန်တက်ရတာ လွယ်တယ်များမှတ်နေလား "
" မကြိုးစားလို့မလွယ်နေတာ မီလတ်.."
" ငါဒီနှစ်ပြန်မတက်ချင်တော့ဘူးဟယ်..မိုးသီးနဲ့တစ်တန်းထဲဖြစ်နေပြီ "
တကယ်ပြန်မတက်ချင်တော့တာ..။
မိုးသီးနဲ့တစ်တန်းထဲပြန်တက်ရတယ်လို့တွေးမိရင်တောင် တော်တော်စိတ်ပျက်စရာကောင်းနေပြီ..။
" အဲ့တော့ရှေ့လျှောက်ဘာဆက်လုပ်မယ်တွေးထားလဲ..နင်တွေးထားတာပြော.."
" အိမ်မှာပဲချက်လိုက်ပြုတ်လိုက်လုပ်မယ်လေ.."
" အဲ့အလုပ်ကလွဲကျန်တာပြော.."
" ဘာပြောရမှာလဲ..ဘာမှမရှိတာကို "
" ဘာမှမရှိဘဲ အားယားနေတာကိုဘာလို့ကျောင်းပြန်မတက်ရတာလဲ.."
" ဟာ..နိုင်နိုင်..နင်ကလည်းဒီကျောင်းချည်းပဲ.."
" နင့်မှာတန်ဖိုးရှိရှိနဲ့အချိန်ပေးစရာ ဘာများရှိနေလို့လဲ..ကျောင်းပြန်တက် "
" မတက်ချင်ပါဘူးဆို..တကယ်ပဲ..ငါ့အဖေနဲ့အမေတို့တောင်ငါ့ကိုဘာမှမပြောဘူး.."
အိမ်ကမိသားစုတွေတောင် ဘာမှမပြောဘူး..။
သူပဲ..။
" အဲ့တော့ ပြန်မတက်ဘူးလား.."
" အင်း.."
" ဒါဆိုကျောင်းပိတ်လည်း ငါရွာကိုပြန်မလာတော့ဘူး..ဒီမှာပဲနေမယ်..ငါ့ဆီစာလည်းမထည့်ပေးနဲ့တော့ ငါလည်းစာမပြန်တော့ဘူး.."
" ဟာ..နိုင်နိုင့် "
အဲ့လိုလုပ်လို့ရကြေးလားနော့်..။
" နင့်သဘောပဲ..ကြိုက်ရာရွေး မီလတ်..ကျောင်းပြန်တက်မယ်ဆိုငါပြန်လာမယ်..ဒါပဲ"
" ဟာ..နိုင်နိုင်..နိုင်နိုင့်.."
စကားတောင်မဆုံးသေးဘူး..။
တန်းချသွားသည်..။
နိုင်နိုင်ဘာလုပ်သွားတာလဲ..။
တကယ်ပဲမီလတ်ကိုမခေါ်မပြောတော့ဘူးလား..။
ဟွင့်..နေပေါ့ ။
ရသားပဲ..။
ငါလည်းနေနိုင်တယ်..။
.
အဲ့လိုထင်ခဲ့ပေမယ့် မီလတ်မနေတတ်ခဲ့..။
သူတော့နေတတ်တာလား နေနိုင်နေတာလားမသိပေမယ့် မီလတ်ပဲအလျှော့ပေးလိုက်မိသည်..။
ဒီကမီလတ်က ဘယ်တုန်းကများမာန်တင်းထားနိုင်ခဲ့လို့လဲ..။
အမြဲပြန်စခေါ်ခဲ့တာချည်း..။
" နိုင်နိုင်.."
" ဘာလို့ဖုန်းခေါ်တာလဲ "
လူကိုအေးစက်စက်လုပ်ပြနိုင်တဲ့သူ..။
" ငါ..ကျောင်းပြန်တက်မို့..ငါသွားအပ်ထားပြီးပြီ..မနက်ဖြန်သွားတက်ရတော့မှာ.."
" တကယ်လား.."
" ငါနင့်ကိုလိမ်စရာလား..မယုံရင် ကိုသီဟကိုပြန်မေးလို့ရတယ် "
" အေး..ကြိုးစား..ဒီတစ်နှစ်တော့ငါနင့်ကိုအောင်စေချင်တယ်.."
" နင်ကျောင်းပိတ်ရင်ပြန်လာမယ်မဟုတ်လား.."
" အဟက်.."
ရယ်သံတိုးတိုးလေး..။
သူ့ရယ်သံလေးကတိုးပေမယ့် ဖုန်းခွက်လေးကနားကိုကပ်ထားတာမို့ နားနားလေးမှာလာရယ်နေသလိုပင်..။
သိပ်အသည်းယားဖို့ကောင်းသည်..။
အသံလေးကိုချစ်လွန်းလို့ ဖမ်းဆုပ်ပြီးဖက်ထားမိချင်တဲ့ထိ..။
" နင်ပြန်လာစေချင်လား.."
" ငါပြန်လာစေချင်တိုင်း နင်ကပြန်လာမှာလား.."
" အဟွင်း.."
သူရယ်ပြန်သည်..။
အဲ့ရယ်သံလေးတွေကြောင့် နှလုံးသားကပျော်ဝင်သွားခဲ့ရတာ သူသိရောသိနိုင်ပါ့မလား..။
" ပြောကြည့်လေ.."
" ငါကတော့ နင့်ကိုအမြဲငါ့အနားမှာရှိစေချင်တာပေါ့.."
" အခုပဲပြေးလာချင်အောင်မပြောနဲ့.."
" အဟီးဟီး.."
မီလတ် သဘောကျလွန်းလို့ဖုန်းပြောရင်းပါးစပ်လေးကိုလက်ဝါးလေးနဲ့အုပ်ကာ ရယ်ပစ်လိုက်သည်..။
နိုင်နိုင်..နင်သိလား ။
ငါကနင့်ဆို ငယ်ကတည်းကနင့်ထက်နင့်ကိုပိုခုံမင်ခင်တွယ်ခဲ့တာ..။
ငါ့နှလုံးသားမှာနင်ကအမြစ်တွေနဲ့နက်ရှိုင်းတဲ့နေရာထိကို ဆုပ်တွယ်ဖုံးအုပ်ပြီးနင့်အပိုင်အဖြစ်ပုံဖော်ဖန်တီးယူခဲ့တာ..။
ငါကိုကလည်း အစကတည်းကအဲ့အမြစ်တွယ်တွေကို ခုတ်ထွင်မရှင်းလင်းချင်ခဲ့တာ..။
အဲ့ထိလောက်ထိ ငါကနင့်ကိုခွင့်ပေးထားမိခဲ့တာ..။
" ပြန်လာနော်..ငါရွာထိပ်ကစောင့်နေမယ် "
" အင်း.."
ဒီလိုနဲ့ပြန်အဆင်ပြေသွားကြပြန်သည်..။
.
မုန့်လက်နှိပ်လုပ်လို့ အဝထိုင်စားနေချိန်မျက်လုံးထဲမိုးသီးကဝင်လာသည်..။
" ဟဲ့..မိုးသီး..လာစားလေ "
" ခဏနေမှစားမယ်.."
စာကုန်းလုပ်နေတာ ခေါင်းတောင်မဖော်အား..သူ့ခမျာ ။
" နင့်စာကပြီးမှလုပ်လည်းရပါတယ်..နင်လုပ်နေတာဖြင့်ကြာလှပြီကို "
" စာမပြီးသေးလို့ဟ.."
မီလတ် နှုတ်ခမ်းတွန့်လိုက်သည်..။
မုန့်ပန်းကန်နဲ့ ထညက်ရည်ပန်းကန်ယူပြီး မိုးသီးနားသွားထိုင်လိုက်သည်..။
" ရော့..တစ်ခါထဲစား..ငါစားလို့ကုန်မှ ကျွန်တော်လည်းမစားရဘူးလို့ လာမလုပ်နဲ့.."
" ပြီးမှစားပါမယ်ဆို..ချန်ထားလိုက် "
" ဟဲ့.."
ပြောမရ..။
တော်တော်စာကြိုးစားချင်နေပုံများ..။
" မိုးသီး..နင်ကလေ..ရွာထဲကပြောကြသလိုပဲ..တဖြေးဖြေးနိုင်နိုင်လိုဖြစ်လာပြီသိလား.."
တကယ်ပါ..။
အရင်ကဆိုကစားပဲကစားနေတဲ့မိုးသီးက ခုဆိုစာအုပ်နဲ့မျက်နှာနှင့်မပျက်..။
ကျောင်းမှာလည်းစာတော်တဲ့ကျောင်းသားဖြစ်လို့..။
နိုင်နိုင်လိုအမြဲသန့်သန့်နေတယ်..။
နိုင်နိုင်လိုပဲ စာကြိုးစားတယ်..။
ရွာထဲကလူတွေတောင် နိုင်နိုင်အငယ်ကောင်လေးလို့ပြောလာတဲ့ထိပဲ..။
" ကျွန်တော်ကလည်း ကိုကြီးနိုင်နိုင်လိုဖြစ်ချင်တာပါနော်..ကိုကြီးနိုင်နိုင်ကပြောတယ် စာကြိုးစားတဲ့..ပြီးရင်ရန်ကုန်လာပြီးကြိုက်တဲ့တက္ကသိုလ်ကျောင်းမှာတက် နေတာထိုင်တာမပူနဲ့သူရှိတယ်တဲ့.."
" အံမယ်..နင်ကရန်ကုန်သွားနေချင်တာပေါ့လေ.."
" အင်း..ကိုကြီးနိုင်နိုင်တောင် ရန်ကုန်ရောက်မှပိုချောပိုခန့်လာတာ..ကျွန်တော်လည်းပြောမရဘူး ခုထက်ပိုချောလာချင်လာမှာ..ဒီမှာနေတာတောင်ကိုကြီးနိုင်နိုင်တို့ကြိုက်တဲ့သူတွေဒီလောက်ပေါတာ ရန်ကုန်မှာဆိုအများကြီးတဲ့.."
" ဟမ်..နိုင်နိုင့်ကိုလား "
" အင်းလေ.."
ဟုတ်သား..။
မီလတ် မေ့နေခဲ့တာပါ..။
နိုင်နိုင့်ကိုအဲ့ကမိန်းကလေးတွေလည်း ကြိုက်နေနိုင်သေးတာပဲလေ..။
ဒီမှာတောင်သူ့အနားကိုယ်ကတကားကားပတ်လိုက်နေတာတောင် သူ့အနားကပ်ကြသူမှတစ်ပုံတစ်ခေါင်းကြီး..။
ဘုရား..အဲ့မှာများသူ့အနား ။
" နင်က အဲ့ဒါဘယ်လိုလုပ်သိတာလဲ..နိုင်နိုင်ပြောပြတာလား "
" ကိုကြီးနိုင်နိုင်လားပြောမှာ..သူ့အခန်းဖော် ကိုကြီးကိုကိုလွင်ပြောပြတာ "
အခန်းဖော်နာမည်က ကိုကိုလွင်ပါတဲ့..။
တကယ်ဆိုမီလတ် နာမည်မသိခဲ့ဖူးဘူး..။
ဘယ်သူဘယ်ဝါပါလို့တောင် စိတ်မဝင်စားခဲ့ဖူးဘူး..။
မီလတ်သိတာစိတ်ဝင်စားတာက သူတစ်ယောက်ထဲသာ..။
" ဟဲ့..ရန်ကုန်သူလေးတွေက ငါ့ထက်လှကြမယ်ထင်တယ်နော် "
မိုးသီးက တစ်ချက်လှည့်ကြည့်လာပြီး..
" သေချာတာပေါ့ဟ..နင့်ထက်အပုံတစ်ရာပိုလှပိုချောပါ့..ကိုကြီးနိုင်နိုင်ကျောင်းမှာဆို ဆရာဝန်မလှလှလေးတွေအပေါသားပဲနေမှာ..ပြောမရဘူးနော်..ကိုကြီးနိုင်နိုင်တောင်အဲ့ကအချောအလှမမလေးတွေနဲ့ ရည်းစားဖြစ်ရင်ဖြစ်နေမှာ..အားကျစရာကြီးနော်"
မိုးသီးအတွက်တော့ အားကျစရာဖြစ်ကောင်းဖြစ်နိုင်လောက်ပေမယ့် မီလတ်အတွက်ကပူပန်စရာဖြစ်လာသည်..။
ပထမဆုံး အားငယ်မိသည်..။
ပထမဆုံး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပျောက်ခဲ့ဖူးသည်..။
ပထမဆုံး စိုးရိမ်ပူပန်ကြောင့်ကြမိသည်..။
နိုင်နိုင်..ငါနင့်ကို စိတ်မချတော့ဘူးဟာ ။
ဖြစ်နိုင်ရင် ရွာကိုပဲပြန်ခေါ်ထားချင်လိုက်တာ..။
မဖြစ်နိုင်ဘူးနော်..။
ငါသိပေမယ့်လည်း ခေါ်ချင်တယ်ဟာ..။
ငါဘယ်လိုလုပ်ရမလဲ..။
.
လွယ်အိတ်ကိုစာကြည့်စားပွဲပေါ်တင်လိုက်သည်..။
ကျွန်တော် ခုံမှာဝင်ထိုင်လိုက်သည်..။
စားပွဲပေါ်ကထပ်ထားတဲ့စာအုပ်ပုံထဲက အပေါ်ဆုံးတစ်အုပ်ဆွဲယူလိုက်သည်..။
စာကြည့်ဖို့စာရွက်ကိုလှန်လိုက်ပေမယ့် မကြည့်ချင်နေလို့ပြန်ပိတ်ကာပြန်သိမ်းလိုက်သည်..။
လွယ်အိတ်ကိုဆွဲယူပြီး ခေါင်းငုံ့ကာမွှေနှောက်ရှာမိသည်..။
ဒါပေမယ့်ဘာရှာရမှန်းဘာရှာနေမိမှန်းမသိလို့ ယူမိတဲ့နေရာကိုပဲပြန်ထားလိုက်သည်..။
စိတ်မငြိမ်နေမိရာကနေ အကြည့်ကစားပွဲပေါ်မှာထောင်ထားတဲ့ ပြုံးနေတဲ့မီလတ်ဓာတ်ပုံမှာရပ်သွားသည်..။
ဒီတစ်ခါတော့ မီလတ်တစ်ယောက်ထဲပုံ..။
' အဟက်..မီလတ်က အရင်ထက်ပိုချောလာတယ်နိုင်နိုင်ရေ..သူကလှပေမယ့်ခုပိုပြီးသန့်သန့်ရှင်းရှင်းလေးနေတော့ အလှကထွင်းထွက်လာကုန်တာ..ကျောင်းမှာဆိုမီလတ်ကို တမမ မနဲ့ကောင်လေးတွေလိုက်လို့ ငါ့မယ်လူကြမ်းကြီးဝင်လုပ်ရသေးတယ်..မီလတ်တို့က(မိစံနဲ့လုံမပါပြန်တက်) ကိုကိုတို့ကျောင်းမှာနှစ်အကြီးဆုံးကိုး..အဲ့တော့မမတွေဖြစ်လာကုန်ပြီ..ဒီနေ့လည်း မိုးသီးသူငယ်ချင်းကသူ့ကိုစကားလိုက်ပြောလို့ ကိုကို့မှာကျောင်းဆင်းလည်းမပြန်ရသေးဘူး အဲ့ကိစ္စရှင်းနေရတာနဲ့..အဲ့ဒါကြောင့်ခုမှပွဲရုံရောက်တာ..'
ကဲ..ကြားလာတဲ့သတင်းက အဲ့အတိုင်းပဲ ။
ဘယ်လောက်တောင်လှနေလို့ အဲ့သည်လောက်ထိနာမည်ကြီးလာရတာလဲ..။
ဘယ်လိုတွေပြင်ပြင်ဆင်ဆင်နေနေတာလဲ..။
စာကြည့်ဖို့သူ့ကိုကျောင်းပြန်တက်ခိုင်းတာလေ..ရည်းစားစကားအပြောခံခိုင်းဖို့ ကျောင်းပြန်တက်ခိုင်းခဲ့တာမှမဟုတ်ဘဲ ။
နဂိုကမှ မီလတ်ကဗွီဒီယိုအရူး..။
တစ်ကားကြည့်ပြီးရင် အဲ့ထဲကမင်းသမီးလိုလိုက်လုပ်ချင်တတ်သေးတာ..။
ခုလည်းဘယ်ဇာတ်ကားဘယ်လိုကြည့်ပြီး အလှမက်သွားပြန်ရတာလဲ..။
ဟိုကောင်မိုးသီးဆိုတဲ့အကောင်ကလည်း သူ့အစ်မကိုသူငယ်ချင်းနဲ့များ ချိတ်ပေးနေလားမသိဘူး..ကိုယ့်အစ်မကိုယ်မနှမြောဘူးလား ။
ကျစ်..။
ဘယ်လိုမောင်နှမတွေမှန်းကိုမသိဘူး..။
ကျွန်တော့်မှာ အဲ့မောင်နှမနှစ်ယောက်ကိုထုရိုက်လိုက်ချင်တာ ဆိုတာလေ..။
မီလတ်ကိုတော့ အရိုက်ချင်ဆုံး..။
ကောင်လေးတွေအကြိုက်များလာအောင် နေချင်အုံးဆိုပြီးတော့..။
ကျွန်တော်တစ်ယောက်လုံးသူ့အနားရှိနေတာတောင်..။
ကျစ်..။
မီလတ်နော် မီလတ်..။
.
ဒီနေ့ မီလတ်မှာရေချိုးပြီးသနပ်ခါးလိမ်း..ပါးကြားကွက်လေးသေချာကွက် ။
ခေါင်းကိုအုံးဆီလိမ်းပြီးသေချာဖြီး..။
သေချာခေါက်သိမ်းထားတဲ့ ဝမ်းဆက်လေးလည်းထုတ်ဝတ်..။
အဲ့လိုမီလတ်ကို အမေကသေချာစိုက်ကြည့်နေလို့..။
" မီလတ်..ဒါကဘယ်သွားမလို့လဲ "
" ရွာထိပ်..ဒီနေ့နိုင်နိုင်ပြန်လာမှာတဲ့ "
" နင့်ကိုဘယ်သူကပြောတုန်း.."
" ကိုသီဟပြောတာ..သွားပြီ"
မီလတ်ပြေးထွက်လာခဲ့လိုက်သည်..။
မိစံနဲ့လုံမကို ဝင်ခေါ်ပေမယ့်နှစ်ယောက်သားကအလုပ်မအားသေး..။
" နောက်မှလိုက်ခဲ့ကြတော့..ငါသွားနှင့်မယ်.."
" အတူတူသွားမယ်လေ.."
" အို..ကြာတယ်..တော်ကြာနိုင်နိုင်ရွာထိပ်ရောက်လို့ ငါ့ကိုမတွေ့ရင်ဘယ်လိုလုပ်မလဲ..သွားပြီ..သွားပြီ.."
မီလတ် ခပ်သုတ်သုတ်လေးရွာထိပ်ကိုလမ်းလျှောက်ထွက်ခဲ့လိုက်သည်..။
အစကတော့ ကျောင်း(ဘုန်းကြီးကျောင်း)မုခ်ဦးဝမှာရပ်စောင့်သည်..။
နောက်တဖြေးဖြေးလမ်းလျှောက်ပြီး ရွာဝင်လမ်းလယ်မှာစောင့်သည်..။
လမ်းမဘက်မမြင်ရသေးတော့ တဖြေးဖြေးလျှောက်သွားပြီးလမ်းမဘေးက သစ်ပင်ကြီးအောက်မှာထိုင်စောင့်နေလိုက်သည်..။
" မီလတ်..မီလတ် "
ခေါ်သံကြားလို့လှည့်ကြည့်တော့ အမောတခေါလေးလျှောက်လာကြတဲ့မိစံနဲ့လုံမ..။
" နင်ကဒီထိရောက်နေတာပဲ.."
" အေး.."
လမ်းမဘက်ကိုပဲကြည့်ပြီး ပြန်ဖြေလိုက်သည်..။
" အစောကြီးရှိသေး..နင်ကိုကလောနေတာ "
" သိပ်မစောတော့ပါဘူး.."
" အချိန်လည်းပြန်တွက်ကြည့်အုံး..မစောဘူးလုပ်နေတယ် "
ပြန်မဖြေနေတော့..။
မီလတ်တော့လမ်းမကြီးထိပ်မှာထိုင်စောင့်နေတာက နှစ်နာရီကျော်သုံးနာရီလောက်ကြာသွားသည်..။
အဲ့ချိန်မှ..
" ဟဲ့..ဟဲ့..ဟိုမှာ နိုင်နိုင်မလား "
" ဟင်.."
ဆိုက်ကားတစ်စီးလေး မီလတ်တို့ဘက်လာနေတာ..။
မီလတ်ရင်ခုန်စွာနဲ့မတ်တပ်ကောက်ရပ်မိသည်..။
ဟုတ်ပါတယ်.. မီလတ်စောင့်နေတဲ့နိုင်နိုင်မှနိုင်နိုင်။
" နိုင်နိုင့်.."
" အိုး..ဟေ့..ဟေ့..မီလတ် "
တားမရ..။
ကျွန်တော့်ကိုယ်ပေါ်ကိုပြေးခုန်တက်ကာ ဖက်တွယ်လာသည်..။
" ဟီးဟီး..နိုင်နိုင့်..ငါစောင့်နေတာ..ဟွင်း.."
ကျွန်တော့်ကိုယ်ပေါ်မှာကပ်တွယ်ပြီး ပြုံးရယ်နေတော့ကျွန်တော်မတားရက်တော့..။
ပြန်သာဖက်ထားပေးပြီးထိန်းထားလိုက်သည်..။
🌸pann
______________________________
pann စာပြန်မစစ်မိဘူးနော်..။
ထုံးစံတိုင်း နားလည်မှုနဲ့ပြင်ဖတ်ပေးကြပါအုံးလို့..။
ဇာတ်ကပေါ့နေပြီမလား..။
ပျင်းဖို့ရောကောင်းနေကြပြီလားမသိ..။
ဆယ်ရက်နေ့ထိလောက်ပဲ အချိန်ရှိတာမို့ဇာတ်ကိုလောဆော်ရတော့မယ်..။
ဒီတစ်ခါဇာတ်တော့စံပဲ..။
တစ်လပိုင်းလောက်ကတည်းက ပုံစံချခဲ့တာ..လေးလပိုင်းထိရေးရတဲ့ကိုယ့်စကေး ။
ဒီလောက်ကြာတာဒီဇာတ်ပထမဆုံးပဲနေမှာ..(ကိုယ့်ဇာတ်တွေထဲကပြောပါတယ်)😅
အစစအရာရာဂရုစိုက်ကြပါနော်..။
အချိန်ပေးပြီးဖတ်ပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်နော်..🙏
pann ကြိုးစားပုံဖော်ရေးသွားပါမည်..💪