东宫 Eastern Palace: Chapter 19
ဧကရာဇ် က
" မင်းတို့နှစ်ယောက်က အကြံတူဉာဏ်တူ တစ်ကြိတ်တည်းတစ်ဉာဏ်တည်း လင်မယားတွေပဲ "
လီချန်းရင် ရဲ့ မျက်နှာအမူအရာ ကတော့ တစ်သမတ်တည်း ။ ပြီးတော့ သူပြောလိုက်တာက
"သားတော် အတင့်ရဲပြီး ခမည်းတော်ကို မေးမြန်းပါရစေ ။ ခမည်းတော် က ဒီကို ဘာကြောင့် ရောက်လာခဲ့တာပါလဲ "
လီချန်းရင်က ဒီလောက်ထိ သတ္တိရှိနေမယ်လို့ မထင်ထားခဲ့မိဘူး ။ အားလုံးက ဒီဆောင်ကြာမြိုင်ကို ရောက်လာကြတယ်ဆိုမှတော့ ဘာကိစ္စနဲ့ လာရင်းကိစ္စ မေးမြန်းပြီး မျက်နှာပူရအောင် လုပ်နေတော့မလဲ ??
ဧကရာဇ်ရဲ့တုံ့ပြန်မှုကလည်း ရယ်မောရင်းနဲ့ " နိုင်ငံကို အုပ်ချုပ်သူတစ်ယောက်အနေနဲ့ အမှားအယွင်းကင်းရှင်း ရမယ် ။ ထီးနန်းဆက်ခံသူတစ်ယောက်အနေနဲ့ မင်း ဒါကို နားမလည်ဘူးလား " လို့ပြောလာမယ် လို့တော့ ငါဘယ်ထင်ထားမှာလဲ ။
"သားတော်စိတ်ထဲမှာ မှတ်သားထားပါ့မယ် ။ ဘယ်လို ပဲ ဖြစ်ဖြစ် ခမည်းတော် အရင်က မိန့်တော်ခဲ့သလိုမျိုး ယခင် မင်းဆက် ပြိုလဲခဲ့ရခြင်းရဲ့ အကြောင်းအရင်းက မူးမတ်တွေကြားက တင်းမာမှုပြသနာက အစပျိုးရာက အစပြုခဲ့တာပါ ။ အချို့မူးမတ်တွေက ထောက်ခံသူအများအပြား ပိုင်ဆိုင်ထားကြတဲ့အတွက် အမိန့်တစ်ခုက တောင် သူတို့အကျိုးသက်ရောက်မှုဆိုတာမရှိနိုင်ပါဘူး ။ ကျိုင်းကောင် စွဲကပ် တာကလည်း ကပ်ဘေးဆိုက်တာပါပဲ ။အဲ့တာကြောင့် မင်းဆက်ပြိုလဲသွားရတာပါ "
ငါ သူတို့ အခုပြောသမျှကိုတစ်လုံးမှ နားမလည်ဘူး ။ သူတို့က လက်ရှိ ဆောင်ကြာမြိုင်မှာရောက်နေကြပေမဲ့လို့ သူတို့ပုံစံက ညီလာခံ မှာရောက်နေကြသလိုပဲ ။
စိတ်ဝင်စားစရာ လည်း တစ်ခုမှ မပါဘူး ။
ဧကရာဇ်က ခပ်ယဲ့ယဲ့ သာ ပြုံးရင်းနဲ့
" သားတော် သိတယ်ဆိုမှတော့ ။ မင်းဘာဆက်လုပ်ဖို့ စဉ်းစားထားလဲ ?"
"ဖြစ်စဉ်ကို ပြန်လည် စစ်ဆေးမယ် "
ဧကရာဇ်က သူ့ခေါင်းကို ခါယမ်းလိုက်ပြီး
" လွန်ခဲ့တဲ့ ဆယ်နှစ်က ဖြစ်ရပ်ကို မင်းဘယ်လိုလုပ် ပြန်လည် စစ်ဆေးနိုင်မလဲ ? ပြီးတော့ လူသက်သေရော ပစ္စည်းသက်သေပါ မကျန်တော့ဘူး ။ မင်း ဘယ်လို ပြန်စစ်ဆေးမလဲ ?"
လီချန်းရင် ကရယ်လိုက်ပြီး
" ကျန်ရှိနေခဲ့တဲ့ သက်သေ အချို့ သေချာပေါက် ရှိမှာပါ "
"မင်း !"
ဧကရာဇ်က လည်း ရယ် မော လိုက်ပြီးနောက် သက်ပြင်းတစ်ခုပဲ ချလိုက်တော့တယ် ။
ဒီ အခိုက်အတန့်က ငါ မြင်းနီလေးကို စီးချင် လို့ ဝုန်းဒိုင်းကျဲတဲ့အခါ မျိုးတွေမှာ ငါ့ခမည်းတော်က ငါ့ကို အလိုလိုက် အကြိုက်ဆောင်ပေးရုံ အပြင်မတတ်နိုင်ခဲ့ဘူး ။ ခမည်းတော်အကြောင်းကို စဉ်းစားလိုက်တော့ ငါ့ရင်ထဲ အတန်ငယ် နွေးထွေးသွားသလိုပဲ ။ ဒါပေမဲ့ ဒီနှစ်ယောက် ဘာတွေပြောနေကြသလဲဆိုတာကို တော့ ငါနားမလည် ဘူးလေ ။
သိပ်မကြာလိုက်တဲ့ အချိန်မှာပဲ အပြင်ဘက်က ခြေသံတွေကို ကြားလိုက်ရပြီး အကမယ်တစ်ယောက်က တံခါးခေါက်လာတော့တယ် ။အလောတကြီးနဲ့
"လျန် ကုန်းဇီ !!! လျန် ကုန်းဇီ !!"
လီချန်းရင် နဲ့ ဧကရာဇ် နှစ်ယောက်လုံး အကြည့်တွေ ငါ့အပေါ်ရောက်လာကြ တော့တာပဲ ။ အမြန်မတ်တပ်ရပ်လိုက်ပြီး
"ဘာကိစ္စ ရှိလို့လဲ ?"
" တစ်စုံတစ်ယောက်က မင်ယွီဖန် ထဲကို ကျူးကျော်ဝင်ရောက်လာပြီး ယုန်းညန်ကို ဖမ်းချုပ်ထားပါတယ် ။ပြောတာတော့ ယုန်းညန်က သူတို့အပေါ် အကြွေးတင်နေတာကြောင့် ယုန်းညန် ကို ခေါ်သွားကြဖို့ ကြိုးပမ်းနေကြပါတယ် "
အဲ့ဒီ အကြောင်းကို ငါကြားလိုက်တာနဲ့ စိတ်ပူသွားရတယ် ။
"မြန်မြန် ငါ့ကို အဲ့ဒီနေရာကို ခေါ်သွားပေး !!!!"
လီချန်းရင်က ငါ့လက်မောင်းကို ဆွဲလိုက်ပြီး
" ငါလည်း မင်းနဲ့ အတူလိုက်ခဲ့မယ် !"
ငါ အနောက်လှည့်ပြီး ဧကရာဇ်ကို ကြည့်လိုက်ရင်း
" နင် အရှင်မင်းကြီးနဲ့ နေခဲ့လိုက် !"
ဧကရာဇ် က ခေါင်းယမ်းလိုက်ပြီး
" မင်းတို့သွားလိုက်ပါ... ရတယ် ။ ကိုယ်တော်နဲ့ အတူ လူအချို့ ခေါ်လာခဲ့တယ် "
လီချန်းရင်နဲ့ငါ လျှောက်လမ်းမ အတိုင်း မင်ယွီဖန်ရဲ့ ပထမထပ်ထိရောက်အောင် အပြေး အလွှားသွား နေကြတုန်းမှာ ဝမ်သညန် ရဲ့ စူးရှ တဲ့ အသံကိုပဲ လှမ်းကြားနေရတယ် ။
" နင်တို့တွေ လူကို ပြန်ပေးဆွဲ ချင် နေကြတာလား ?? အဲ့လောက် လွယ်မယ်မထင်နဲ့ နော် !!!!!"
" ချေးထားတဲ့ ပိုက်ဆံကို ပြန်ပေးရမှာပေါ့ ၊ ဒါက လုပ်သင့်လုပ်ထိုက်တာပဲ ကွ !"
အဲ့စကားကို ပြောနေတဲ့ ပုဂ္ဂိုလ်က ဝဝတုတ်တုတ် ၊ မုတ်ဆိတ် မွှေးက ဗလပွ၊ သူခိုးလို မျက်ခုံးနဲ့ ကြွက်လို မျက်လုံးရှိတဲ့လူပဲ ၊ သူ့ရဲ့ ရုပ်ဆင်းရူပကာ ကို လူတကာ ကြည့်လိုက်တာနဲ့ သူက လူကောင်းတော့မဟုတ်တာ ထစ်ချပြောနိုင်နေပြီ ။ငါ သူ့ကို မြင်လိုက်တာနဲ့ ဒေါသထွက်လာတော့တာပဲ ။
" စွန်းအာ ဘာဖြစ်လို့ နင်ပဲ ဖြစ်နေရပြန်တာလဲ ?"
စွန်းအာ အကြောင်းပြောရရင် ငါ အဲ့ဒီ စွန်းအာကို အရင်ကတည်းကသိတယ်လေ ။ သူက ငွေတိုးချေးစားတဲ့လူပဲ ။ တစ်ခါတုန်းက မုဆိုးမတစ်ယောက်နဲ့ မိဘမဲ့လေးတစ်ယောက်ကို အကြွေးပြန်ဆပ်ဖို့ အနိုင်ကျင့် တွန်းအားပေးနေတာကို မြင်ဖူးတာလေ ။ ငါသည်းမခံနိုင်တာနဲ့ သူနဲ့ တစ်ပွဲတစ်လမ်း လည်းနွှဲခဲ့တာပေါ့ ။ သူ့ကို မှတ်လောက်သားလောက်အောင် ဆုံးမလိုက်ပြီး ကတည်းက ငါ့အရှေ့မှာဆို ကြမ်းကြမ်းတမ်းတမ်း မပြုမူတော့ပဲ ကျိုးကျိုးနွံနွံ နဲ့ ခြေသုတ်ပုဆိုးအလား ပဲ။
သူ မျက်တောင်တစ်မှိတ်အတွင်းမှာပဲ ငါ့ကို မှတ်မိသွားပြီး
"လျန်....လျန် ...လျန်ကုန်းဇီ ...မင်းက ဒီလို ဝတ်ထားတယ် ။ ဟားးးဟားးးဟားးးဟားးးး........."
ငါကမိန်းကလေးလို ဝတ်ထားတုန်းပဲဆိုတာကို ငါ လုံးဝ မေ့နေခဲ့တာ ။ ခပ်မိုက်မိုက်ပုံစံ နဲ့ ခြေထောက်ကို ခွေးခြေခုံ ပေါ်လှမ်းတင်လိုက်ပြီး ငါ့ရဲ့ ဂါဝန် အစကို ခါးနားကို ပတ်လိုက်တယ် ။
"ဘာလဲ ? နင်က ရန်ဖြစ်ချင်လို့လား? ငါက အခုမိန်းမလို ဝတ်ထားတယ်ဆိုရင်တောင်မှ ၊ နင့်ကို အနိုင်ယူဖို့က အသာလေးပဲ !"
စွန်းအာ က ကြောက်ဒူးတုန် နေပေမဲ့ မျက်နှာပေါ် အပြုံးတစ်ခု ဖန်တီးထား ရင်းနဲ့
" ငါဂရုမစိုက်ဘူး ။ ငါ ဒီကို လာတာ ပိုက်ဆံ ပြန်ယူဖို့ ပဲ ။ လျန်ကုန်းဇီ ချေးထားတဲ့ ပိုက်ဆံဆိုတာပြန်ပေးရမှာပဲ ။ အဲ့တာက မှ မှန်ကန်တဲ့ လုပ်ရပ်ပဲ !
ပထမအချက် ယုန်းညန်က မိဘမဲ့ တစ်ယောက် လုံးဝ မဟုတ်ဘူး ။ဒုတိယအချက် သူက မုဆိုးမလည်း မဟုတ်ဘူး ။ တတိယအချက် သူမက နေမကောင်းဖြစ်နေတဲ့သူလည်း မဟုတ်ပြန်ဘူး ။ အဲ့တော့ ချေးထားတဲ့ ပိုက်ဆံကို ပြန်ပေးကို ပေးရမယ်လို့ မထင်ဘူးလား?"
" နင် ဘာဖြစ်လို့ သူ့ဆီက ပိုက်ဆံ ချေးခဲ့တာလဲ ?" လို့ ငါ ယုန်းညန် ကိုမေးခွန်းထုတ်လိုက်တယ် ။
သူမက ပွင့်ပွင့်လင်းလင်း ရှိတဲ့ လူတစ်ယောက်ပဲ ။
" ငါ သူ့ဆီက ပိုက်ဆံချေးယူ ဖူးလားဆိုတော့ ။ ငါ့ရဲ့ မွေးရပ်မြေက လင်မယားနှစ်ယောက် မြို့တော်ကို စီးပွားလုပ်ဖို့ ရောက်လာကြရင်းက ဇနီးဖြစ်သူ နေမကောင်းဖြစ်လာတဲ့အခါ သမားတော် လည်း ပြရ ဆေးဝါးတွေဝယ်ကြရပြီး နောက်ဆုံးမှာ တော့ ဇနီးဖြစ်သူလည်း ကွယ်လွန်သွားခဲ့ရတယ် ။
ဈာပနစီစဉ်ဖို့ ငွေကြေးလိုအပ်လာတာကြောင့် စွန်းအာ ဆီကနေ ငွေချေးဖို့ ငါ ခေါ်သွားခဲ့တာ ။ ဒါပေမဲ့ စွန်းအာ ပြောခဲ့တာက သူတို့ဆီမှာ ပေါင်နှံစရာ ရော စီးပွားရေးပါမရှိတဲ့ အတွက် ငွေမချေးရဲ လို့ ။ ငါက ပဲ အကြွေးအတွက် အာမခံပေးလိုက်ဖို့ ဆုံးဖြတ်ခဲ့တယ် ။ ဘာလို့လဲ ဆိုတော့ မွေးရပ်မြေက ဆွေမျိုး က မြို့တော်မှာ အသိအကျွမ်းဆိုလို ငါ့အပြင်တခြားမရှိဘူးလေ ။အခု အဲ့ဒီလူက မွေးရပ်မြေကို ပြန်သွားခဲ့ပြီး ဒီ စွန်းအာက ပိုက်ဆံလာတောင်းတော့တာပဲ "
ဒါကို ကြားရတာ ငါ့အနေနဲ့ စိတ်တိုစရာကိစ္စပဲ ။
" ဘယ်လို မွေးရပ်မြေက ဆွေမျိုးပါလိမ့် ? ပိုက်ဆံပြန်မဆပ်နိုင်ဘဲ နဲ့ ယုန်းညန်ကို ပါဒုက္ခရောက်အောင် ဆွဲထည့်သွားလိုက်သေး......"
စွန်းအာက အကြွေးစာရင်းစာရွက်ကြီးကို ထုတ်ယူလာပြီး...
"လျန် ကုန်းဇီ....တကယ်လို့ သူမက မိဘမဲ့ ဒါမှမဟုတ် မုဆိုးမ တစ်ယောက် ဆိုရင်တောင် ကျွန်တော်က အလွတ်ပေးလိုက်မှာပါ ။ ပိုက်ဆံဆိုတာက မသာအိမ်ပဲ ဖြစ်ဖြစ် မီးလောင်နေရင်ပဲဖြစ်ဖြစ် ပြန်ဆပ်ရမှာပဲ ......"
ငါ့နောက်ကနေ လီချန်းရင်ရဲ့ ရယ်သံတွေထွက်လာတဲ့အခါ စွန်းအာ တစ်ယောက် ထခုန်လိုက်ပြီး
" ဘယ်သူ့ဆီက ပေါက်ကရ အသံတွေထွက်လာနေတာလဲ ကွ??"
" မင်းဘာပြောလိုက်တာလဲ ?"
လီချန်းရင် ရဲ့ မျက်နှာပေါ်က အမူအယာက ပြောင်းသွားခဲ့ပြီ ၊ ငါတောင် လှမ်းဆွဲချိန်မရလိုက်ဘူး ။ အိမ်ရှေ့စံရယ် စိတ်လိုက်မာန်ပါတွေ မလုပ်လိုက်ပါနဲ့ ။
စွန်းအာက လီချန်းရင်ကို တစ်ချက်ကြည့်လိုက်ပြီး ငါ့ဘက်ကို လှည့်လာရင်း
"လျန် ကုန်းဇီ တကယ်လို့ ချေးထားတဲ့ ပိုက်ဆံ ဒီနေ့ပြန်မရဘူးဆိုရင် လျန် ကုန်းဇီကို ပဲ အပြစ်ပြုမိရတော့မှာပဲ "
"မင်း အဲ့ဒီ ရွာသားကို ပဲ ပိုက်ဆံပြန်သွားတောင်းသင့်တယ် ။"
" သူမက ကြားထဲက အာမခံပေးတဲ့ လူသက်သက်ပဲ ၊ မင်း အဲ့ ရွာသားဆီက ပဲ ချေးထားတဲ့ ပိုက်ဆံပြန်တောင်းရမှာ မဟုတ်ဘူးလား "
လီချန်းရင်က တစ်ချက် ရယ်လိုက်ပြီး
" ဥပဒေ စာအုပ်ထဲမှာ ပြဠာန်းထားတာက ငွေချေးထားတဲ့သူ သေရင်သော်လည်းကောင်း ၊ ထွက်ပြေးသွားရင်သော်လည်းကောင်း ၊ ပိုက်ဆံကို ပြန်မဆပ်နိုင်တော့တဲ့အခါ မျိုးမှာမှ အာမခံထားတဲ့သူဆီက ပိုက်ဆံပြန်တောင်းခွင့်ရှိတယ် "
လီချန်းရင်က ဥပဒေ ရေးရာ နားလည်တဲ့ သူတစ်ယောက် ဖြစ်နေမယ်လို့ ထင်ထားပုံတော့မရဘူး ။ သူ မျက်တောင် ပေကလပ်ပေကလပ် လုပ်ရင်းနဲ့ ပြောလိုက်တာက
" အဲ့ ရွာသားကအခု ထွက်ပြေးသွားပြီ မဟုတ်ဘူးလား ?"
"အဲ့ရွာသားထွက်ပြေးသွားတယ်လို့ မင်းကို ဘယ်သူကပြောတာလဲ ?အဲ့ဒီ ရွာသားက အိမ်ပြန်သွားရုံတင်ပဲလေ ၊ သူ ရှိရာ အရပ်ဒေသကို လည်းမင်းသိနေမှတော့ ဘာလို့ အဲ့ဒီကို လိုက်မတောင်းပဲ ၊ ကြားထဲကအာမခံပေးသူကို လိုက်ဒုက္ခပေးနေရတာလဲ?"
"အဲ့ဒီလူ ဘယ်အရပ်ကို သွားလဲ ငါက ဘယ်လိုလုပ်သိနိုင်မှာလဲ?........"
လီချန်းရင်က ယုန်းညန်က အသာတွန်းလိုက်ပြီး
"မင်းရဲ့ အဲ့ဒီရွာသားရဲ့ နေရပ်က ဘယ်မှာလဲ?"
ယုန်းညန်က " တင်းကျိုးနယ်က မြို့ငယ်တစ်ခုပဲ......" လို့ထစ်အထစ်အ နဲ့ ပြန်ဖြေလာတယ် ။
"အခု မင်းအဲ့ဒီလူ ရဲ့ တည်နေရာကိုလည်းသိရပြီဆိုတော့ ဘာဖြစ်လို့ အဲ့ဒီကို အမြန်သွားမတောင်းသေးပဲ ဒီမှာပြသနာမီးထွန်းရှာနေရသေးတာလဲ ?" လို့လီချန်းရင်က ပြောလိုက်တယ် ။
ဝမ်သညန်က လည်း ဝင်ပြီး " ဒီက သခင်မလေး ပြောတာမှန်တာပဲ လေ ၊ ဘာဖြစ်လို့ အဲ့လူကို သွားမရှာပဲ ဟောဒီ မင်ယွီဖန်မှာလာပြီး ဆူဆူညံညံလုပ်နေရတာလဲ ?မြန်မြန်ထွက်သွားကြစမ်းပါ ! မြန်မြန် သွား!!!"
သူမက သူတို့တွေကို ပြောပြောဆိုဆိုနဲ့ တံခါးအပြင်ဘက်ကိုတွန်းထုတ်သွားလိုက်တာ စွန်းအာနဲ့ သူ့လူတွေ အပြင်ဘက်ထိ အကုန်ရောက်ကုန်ကြတဲ့အထိ ပဲ ။
စွန်းအာ တစ်ယောက်ကတော့ တံခါးအပြင်ဘက်ကနေ ခြေဆောင့်နေရင် အမျိုးစုံကျိန်ဆဲနေတော့တယ် ။ ဝမ်သညန်က လီချန်းရင်ရဲ့ ပုခုံးတစ်ဖက်ကို ပျော်ရွှင်မြူးတူးနေတဲ့ အမူအရာနဲ့ ပုတ်လိုက်ပြီး
"တော်လိုက်တဲ့ သခင်မလေးပဲ ဒီလိုမျိုးတောင် ကူညီပေးတာ ။ နင်က ယုန်းညန် ရဲ့ အကမယ်တွေထဲက တစ်ယောက်လား ? ဒီလတော့ နင့်ကို အပိုဆုကြေးထိုက်ထိုက်တန်တန်ကို ပေးရမယ် "
ငါကတော့ ဘေးနားလေးကနေ ခွီနေရတာပေါ့ ။
အရှုံးသမားစွန်းအာက အခုထိ တံခါးအပြင်ဘက်နားကနေ ကျိန်ဆဲမပျက်ဘူး ၊ ဘာလို့လဲ ဆိုတော့ သူ ကျိန်ဆဲနေရုံအပြင်ဘာမှတခြားဘာမှမတတ်နိုင်ဘူးလေ ။
ရုတ်တရက် စွန်းအာတစ်ယောက် သူ့လူတွေကို လက်ယပ် ခေါ်ပြီး နားထဲ တစ်ခုခုတိုးတိုးကပ်ပြောလိုက်တာကို တွေ့လိုက်ရတော့ ၊ ငါမနေနိုင်တော့ပဲ ဝင်ပြောမိပြန်ပြီ ။
"အားယိုး ၊ မကောင်းတော့ဘူး ဒီ စွန်းအားက တော့ မကောင်းတာတစ်ခုခ အကြံထုတ်နေပြန်ပြီ !!"
" တံခါးကို သော့ခတ်လိုက် !! တံခါးကို သော့ခတ်လိုက် !! " လို့ ဝမ်သညန်က သူ့လူတွေကို အလောတကြီး တံခါးတွေပိတ်ခိုင်းလိုက်ပြီး
" သူတို့တွေကို အထဲကို ဝင် မလာစေနဲ့ ။ ပြီးတော့ အဲ့ဒီ ပါရှား ဖန်သားရောင်စုံ မီးအိမ်နှစ်လုံးကို အရင်မီးငြှိမ်းပြီး တံခါးတွေကို ပိတ်သာထားလိုက်တော့ ။မနက်ဖြန်က မီးပုံးပွဲတော်နေ့ ပဲ ။ အဲ့ဒီမီးအိမ်တွေက ဈေးကြီးပါဘိနဲ့ ၊ မကွဲစေနဲ့နော် ......"
တစ်ဖက်ကလူတွေက တွေငြှိမ်းတံခါးတွေပိတ်ဖို့လုပ်နေကြတုန်းမှာ တခြားဖက်က စွန်းအာ နဲ့ သူ့လူတွေကလည်း အထဲကို ဝင်နိုင်ဖို့ အတွက် ကြိုးပမ်းနေကြတုန်း ။
သူ့လူတွေတစ်ယောက် ချင်းစီရဲ့ လက်တွေထဲမှာ ဝါးတုတ်တစ်ချောင်းကိုယ်စီ ကိုင်ထားကြတယ်။ အဲ့ဒီဝါးတုတ်အထဲမှာ ဘာတွေပါသလဲတော့ ငါလည်းမသိဘူး ။
ဝမ်သညန်က အဲ့တာတွေကို မြင်လည်းမြင်လိုက်ရော ထိတ်ထိတ်လန့်လန့် နဲ့ တံခါးတွေအမြန်ပိတ်ဖို့သာ အော်နေတော့တာပဲ။ တံခါးက တစ်ဝက်လောက်ပိတ်ပြီးတဲ့ အချိန်မှာပဲ သူတို့တွေက အဲ့ဒီဝါးတုတ်ထဲက အရာတွေကို လောင်းချလိုက်ကြတယ် ။
တကယ်ကို ညစ်ပတ်နေတဲ့ ရေဆိုးရေညစ်တွေပဲ ။ တံခါးပိတ်နေကြတဲ့ လူတွေကလည်း ရှောင်ဖို့ ကြိုးစားကြတော့တယ် ။ ဒါပေမဲ့ လူအတော်တော်များများ အဲ့အရည်တွေနဲ့ အပက်ခံလိုက်ကြရပြီ ။ ဝမ်သညန်ရဲ့ ဂါဝန်အနားစ တောင် အဲ့ဒီ ညစ်ပတ်တဲ့ အရည်တွေ စွန်းကုန်တယ် ။
ဝမ်သညန်တစ်ယောက် စိတ်တွေတိုပြီး ကျိန်ဆဲလာတော့တာပေါ့ ။
" ငါ့ရဲ့ ပိုးသားဂါဝန်အသစ်ကလေး .......ဝတ်ထားတာတောင်မကြာသေးဘူး .....အခုအဲ့ဒီ ညစ်အတ်တဲ့အရည်တေွ နဲ့ ညစ်ပတ်ကုန်ပြီ .............."
ဝမ်သညန်လည်း သူ့လူတွေကို တံခါးတွေပြန်ဖွင့်ပြီး နှင်ထုတ်ဖို့ ခိုင်းစေပေမဲ့ ၊ စွန်းအာ နဲ့ သူ့လူတွေက ဝမ်သညန်ကို ကြည့်ပြီး ဟားတိုက်ရင်း ထွက်ပြေးသွားကြတော့တာပဲ။ ဝမ်သညန်ခမျာ စိတ်တိုလွန်းလို့ အော်ဟစ် ခုန်ပေါက် ကျိန်ဆဲ လို့သာ နေရတော့တာ ။
ယုန်းညန်က လမ်းလျှောက်လာပြီး ဝမ်သညန် ရဲ့ဂါဝန်ကို ဂရုတစိုက်မလိုက်ရင်းနဲ့
"ခဏလေး ၊ဒါတွေက ကြည့်ရတာတော့ မှင်ရည်တွေထင်တယ်။ ရှာလကာရည် နဲ့ ရေနဲ့ လျှော်လိုက်ရင် ပြောင်သွားမှာပါ ။ ချွတ်လိုက်ပါ ကျွန်မ လျှော်ပေးပါ့မယ် ..." လို့ပြောလာတယ် ။
ဝမ်သညန်ကတော့ ယုန်ညန်ရဲ့ လက်တွေကို ဆုပ်ကိုင်ထားရင်းနဲ့ အဆဲနည်းမျိုးစုံနဲ့သာကျိန်ဆဲနေတော့တာပဲ ။
"ဒီ ကောင်စုတ်လေးတွေ ၊ နောက်တစ်ခါပြန်တွေ့လို့က တော့ ငါကိုယ်တိုင်သတ်ပစ်မယ် ....."
တံခါးတွေကို ရေနဲ့ ဆေးချဖို့ ပြောလိုက်ပြီးတဲ့ နောက် အဲ့လူတစ်သိုက်က တံခါးပကို သန့်ရှင်းရေးလုပ်ကြဖို့ ကြိုးစားကြပေမဲ့ ပြောင်မသွားတာကိုပဲ တွေ့လိုက်ကြရတယ် ။ ဝမ်သညန် တစ်ယောက် ပိုလို့တောင် ဒေါသမီးတောက်နေပြီ။
ငါရုတ်တရက် အကြံတစ်ခုစဉ်းစားမိလိုက်လို့ ဘေးနားက အမျိုးသမီးတစ်ယောက်ကို ပြောလိုက်တယ် ။
" အနီရောင်နှုတ်ခမ်း ဆိုးဆေး နဲ့ မျက်ခုံးမွှေးဆွဲတဲ့ ဆိုးဆေး ယူလာပေးပါ "
ယုန်းညန်က ငါ့မျက်နှာကို ကြည့်လာပြီး ရယ်ရင်းနဲ့ ဆိုလာတယ် ။
" လျန်ကုန်းဇီး မိန်းကလေးလိုဝတ်ဆင်ထားတာက စိတ်ဝင်စားဖို့ကောင်းတာပဲ ၊ မိတ်ကပ်အပြင်အဆင်မပါဘဲ နဲ့တောင် မင်ယွီဖန်က မိန်းကလေးတွေအားလုံးရဲ့ အလှ ပေါင်းရင်တောင် နိုင်မယ်မထင်ဘူး "
ငါရယ်ကျဲကျဲ နဲ့ လီချန်းရင်ကို ဆွဲလိုက်ရင်းပြောလိုက်တယ် ။
" ဒီမှာ ငါ့ထက် လှတဲ့လူရှိနေတယ်လေ ။ ဒီပစ္စည်းတွေကို ပန်းချီဆွဲဖို့ သုံးလိုက် !"
လီချန်းရင်က စိတ်တိုပြီး ငါ့လက်တွေကို ခါချလိုက်တယ် ။ အမျိုးသမီး က နှုတ်ခမ်းနီနဲ့ မျက်ခုံးဆိုးဆေးဘူးကို ယူလာပေးလာတာကြောင့် အဲ့တာတွေကို လီချန်းရင်ရဲ့ လက်ထဲကို ထည့်ပေးပြီး
" ဆွဲတော့ !" လို့ပြောလိုက်တယ် ။
လီချန်းရင်က ငါ့ကို ပြန်ကြည့်လာပြီး
"ဘာကို ဆွဲရမှာလဲ ?"
"အရင်တစ်ခေါက်တုန်းက နင် ခြင်ရဲ့ သွေးကို အသုံးပြုပြီး ဆဲ့ဆဲ့ ရဲ့ ယပ်တောင်ပေါ်မှာ လိပ်ပြာတစ်ကောင်ပုံဆွဲပေးခဲ့သေးတာမလား ? လိပ်ပြာဆွဲဖို့တောင်မှ ဒီလောက်ထိ အရည်အချင်းတွေရှိနေမှတော့ တံခါးပေါ်မှာလည်း တစ်ခုခုဆွဲဖို့ နင့်မှာ အစွမ်းအစ ရှိနေမှာပဲ"
သူတွန့်ဆုတ် တွန့်ဆုတ်ဖြစ်နေတာကို ငါမြင်လိုက်တာနဲ့ " တကယ်လို့ နင် တံခါးပေါ်မှာ မဆွဲပေးဘူး ဆိုရင် အနောက်က ဧည့်သည်ရဲ့ သရုပ်မှန်ကို ဖော်လိုက်ရမလား !"
လီချန်းရင်က ငါ့ကို စိုက်ကြည့်လာပြီး
" မင်းလုပ်ရဲလား ?!"
ငါ ပါးစပ်ဖွင့်ပြီး အသားကုန် အော်လိုက်တော့တယ် ။
"အားလုံးပဲ မင်ယွီဖန်အနောက်ဘက်ကို သွားကြည့်ကြပါ ဧက.........."
နောက်ဆုံးစကားလုံးကို မအော်လိုက်နိုင်ခင်မှာပဲ ငါ့ပါးစပ်ကို လီချန်းရင်ပိတ်လိုက်တာခံလိုက်ရပြီ ။
လီချန်းရင်က စုတ်တံတောင်မလိုပဲ သူ့လက်ချောင်းတွေကိုသာလျှင် အသုံးပြုပြီး နှုတ်ခမ်းနီးနဲ့ စက်ဝိုင်းတချို့ကို စတင်ဆွဲခြစ်တော့တယ် ။ နောက် မျက်ခုံးမွှေးဆိုးဆေးတစ်ချို့ကို ယူပြီး ပေရေနေတဲ့ မှင်ပေါ်ကို ထပ်ဆွဲလိုက်တယ် ။
ငါလီချန်းရင် ပုံဆွဲနေတာကို မြင်ဖူးတာရှားတယ်လေ ။ အထူးသဖြင့် သူ့ရဲ့ လက်ချောင်းတွေနဲ့ချည်းသုံးပြီးဆွဲတာမျိုးပေါ့ ။
ဘေးနားကလူတွေကလည်း အံ့အားသင့်နေကြပြီး ၊ ငါလည်း အရမ်းကို သိချင်နေမိပြီလေ ။
သူ့လက်ချောင်းတွေ အဆက်မပြတ်လှုပ်ရှားေနတာကိုပဲ ငါမြင်တွေ့နေရတာ ။
မှင် တောင်မလိုပဲ ဘေးအနားတွေကိုရေးဆွဲလို့အပြီးမှာတော့ ၊ နောက်တဖြည်းဖြည်းချင်း နဲ့ ဆိုးဆေးတွေကို ပန်းချီအထဲကို ဖြည့်နေတော့တာပဲ ။ ဘေးနားပတ်ဝန်းကျင်ကလူတွေ အသက်ရှုဖို့တောင် မေ့လျော့နေကြသလား ။ သူပန်းချီဆွဲနေတာကို ပဲငြိမ်သက်ရင်း ကြည့်နေကြတယ် ။
အဆုံးမှာတော့ သူပန်းချီ ဆွဲလို့ ပြီးသွားခဲ့ပြီ ။ တစ်ချက်ကြည့်လိုက်တာနဲ့ ။ ဝိုးးး!
မှင်အစွန်းအထင်းတွေက တောင်တန်းပန်းချီပံုဖြစ်သွားပြီ ။ ရေအကွက်တွေက တောင်တန်းတွေကို ပုံဖော်ထားကြရင်း တောင်တွေရဲ့အနောက်ဘက်ခြမ်းမှာတော့ နေထွက်စပြုလာတဲ့ပုံတောင်ပါသေး ။ ဒါက ဆွဲဆောင်မှုအပြည့်ရှိတဲ့ မြစ်နဲ့ တောင်တန်း ပန်းချီတစ်ခုပဲ ။
_________အခန်း ၂၀ဆက်ရန်
T.N
အကြာကြီးပျောက်နေမိလို့တောင်းပန်ပါတယ်ရှင်
Internet အဖြတ်ခံထားရလို့ပါ ။ ဟိုတစ်ရက်ကပြန် ရပေမဲ့ ဒီမနက်ပဲ ပြန်ဖြတ်ထားပြန်ပါပြီ ။ အခု လည်း wifi ရတုန်းလေး တင်လိုက်တာပါ ။ စာဖိုင် အသင့်ယူထားတာလည်း မရှိလို့ပါ ။ အခုတော့ယူထားပါပြီ ။ ကြားထဲ extra အပိုင်းလေးတွေက ပြန်ထားပြီးပြီ ။ တင်ပေးချင်လှပါပြီ ။