东宫 Eastern Palace: Chapter 15
မြို့တော်က အလင်းရောင်တွေကလည်း တဖြည်းဖြည်းမှေးမှိန်လာပြီး ။
နှင်းတွေကလည်း ထူထဲတဲ့ လိုက်ကာစတစ်ခုအလား ကောင်းကင်နဲ့ မြေကြီးကိုပါ လွှမ်းခြုံလို့ထားတယ် ။
ဖေ့ကျောက်က နောက်ဆုံးတော့ ပုလွေ မှုတ်နေတာရပ်လိုက်ပြီ ။ တကယ်တော့ သူ အချိန်ဒီေလာက်ကြာကြာထိ ပုလွေတီးမှုတ်နေခဲ့တာပဲ ။
သူရပ်လိုက်ပြီးပြီးချင်း ချောင်းအနည်းငယ်ဆိုးသွားတယ် ။ ကြည့်ရတာ လေအေးတွေ ထိတွေ့တာ များသွားလို့ ဖြစ်မယ် ။
သူက အရမ်း အ တာပဲ ။ ငါသူ့ကို ရပ်လိုက်ဖို့ မပြောခဲ့မိလို့ ဒီလောက်ကြာကြာ ပုလွေကိုဆက်မှုတ်နေတာ သူ့အဆုတ်တွေ ထိခိုက်မှာကိုတောင် စိုးရိမ်မနေဘူး ။
ဖေ့ကျောက်က သူ့ကိုသူ ချောင်းဆိုးတာကို ထိန်းထားလိုက်ပြီး ၊ ငါ့ဘက်ကို မျက်နှာမူလိုက်ရင်းနဲ့
" နှင်းတွေကျနေပြီ ။ ကျွန်တော် ထိုက်ဇစ်ဖေးကို ပြန်ပို့သင့်ပါပြီ " လို့ပြောတယ် ။
သူ့မျက်တောင်ပေါ်မှာနှင်းမှုန်လေးတွေတင်နေတာကို ငါမြင်နေရတယ် ။ သူမျက်တောင်ခတ်လိုက်တာနဲ့ အရည်ပျော်ကျ သွားခဲ့ပြီ ။
" ငါပြန်မှာမဟုတ်ဘူး" လို့ ငါပေကတ်ကတ်ပဲပြန်ပြောလိုက်တယ် ။
"ထိုက်ဇစ်ဖေး .........."
"ငါ့ကို ထိုက်ဇစ်ဖေး လို့ မခေါ်နဲ့.........."
ဖေကျောက်က တုံဆိုင်းမှုမရှိဘဲ အရိုအသေပေးလိုက်ရင်းနဲ့ " ဟုတ်ကဲ့ပါ " လို့တည်တည်ငြိမ်ငြိမ်ပဲ ပြန်ဖြေတယ် ။
ငါ့စိတ်ထဲမှာ မွန်းကြပ်နေတာနဲ့
" နင် အဲ့ မင်းသမီး ကို သဘောကျလား ?" လို့ ငါမေးလိုက်တယ်။
ဖေ့ကျောက်က အနည်းငယ် တုန်လှုပ်သွားတဲ့ပုံပဲ ဒါပေမဲ့ ဘာမှပြန်မပြောခဲ့ဘူး ။
ငါသူ့ကို နှစ်သိမ့်ဖို့ သူ့ပုခုံးတွေကို ပုတ်လိုက်ရင်းနဲ့
" နင် သဘောမကျဘူးဆိုတာငါသိတယ် ။ နင်လည်း နင်မကြိုက်တဲ့ တစ်ယောက်ယောက်နဲ့ လက်ထပ်ဖို့ ဖိအားပေးခံရလိမ့်မယ်လို့ မထင်ထားမိဘူး ။နင်တို့ အလယ်ပိုင်းဒေသက ယောင်္ကျားလေးတွေက သနားဖို့ကောင်းကြတာပဲ ။ လီချန်းရင်ကိုယ်တိုင်က ထိုက်ဇစ်တျန်းရှ ဆိုပေမဲ့လည်း သူချစ်တဲ့သူကို ထိုက်ဇစ်ဖေးအဖြစ်နဲ့ မပိုင်ဆိုင်နိုင်ဘူးလေ ။နင် နဲ့ သူနဲ့က အတူတူပါပဲ ။...."
ငါ ပြောလိုက်တဲ့ စကားလုံးတွေက ကပေါက်တိကပေါက်ချာနိုင်ပုံရတယ် ။ ဖေ့ကျောက် ပုံစံက အနေရခက်နေပုံပဲ ၊အဆုံးမှာ "ဟုတ်ကဲ့ " ဆိုတဲ့ အသံတိုးတိုး ပဲထွက်လာတယ် ။
ငါရက်ရက်ရောရောနဲ့ "စိတ်မပူပါနဲ့ ၊ ငါနင့်ကို သေရည် တိုက်မယ် !"လို့ပြောလိုက်တယ် ။
ဖေ့ကျောက်က ချောင်းအနည်းငယ်ဆိုးသွားခဲ့ပြန်ရော ၊ ငါကတော့စေတနာ သဒ္ဓါတရားထက်သန်စွာနဲ့ ပြောလိုက်တယ် ။
"မင်ယွီဖန် မှာ ငါနဲ့သိတဲ့ ကောင်မလေးတစ်ယောက်ရှိတယ် ။သူမက အရမ်းလှတာ ။ ငါနင်နဲ့ မိတ်ဆက်ပေးလို့ရတယ် ။"
[1] 鸣玉坊 Ming Yu Fang -ဆောင်ကြာမြိုင် နာမည် -
"ထိုက်ဇစ်ဖေး .........."
"ငါ့ကို ထိုက်ဇစ်ဖေး လို့ မခေါ်နဲ့.........."
ငါ စိတ်လှုပ်ရှားမှုအပြည့်နဲ့ သူ့ကိုဆွဲခေါ်လိုက်ရင်းနဲ့ "လာသွားမယ် ! ငါနဲ့အတူ အရက်သောက်ရအောင် !"
ငါက မင်ယွီဖန်ရဲ့ မကြာခဏ လာတတ်တဲ့ ဧည့်သည်တစ်ယောက်ဖြစ်နေမယ်လို့ ဘယ်တော့မှထင်ထားမှာမဟုတ်ဘူး ။ ဒီ မင်ယွီဖန်က ငါ့ရဲ့ ကျော်ကြားမှုကို သူမြင်လိုက်ရတဲ့ခါ တုန်လှုပ်ခြောက်ခြားသွားတော့တာပဲ ။
ဝမ်တညန် က ငါ့ကို မြင်လိုက်တာနဲ့ သူမ ရဲ့ မျက်လုံးတွေထဲ မှာ အပြုံးတွေကပြည့်နဲ့ပေါ့ ။ ငါ့ဝတ်ရုံလက် ကို တင်းတင်းကျပ်ကျပ် ဆွဲလိုက်ရင်းနဲ့ " အိုင်းယား ၊ လျန်ကုန်းဇီ လာပြီ ! လာကြစမ်း ! ကောင်မလေးတွေ လျန် ကုန်းဇီလာပြီ !"
ဝမ်တညန် ရဲ့ ခန္ဓာကိုယ်က ပြည့်ပြည့်တုတ်တုတ် ဆိုပေမဲ့ သူမရဲ့ အသံကတော့ ကြည်လင်ပြတ်သား စူးရှစမြဲပဲ ။ တစ်ချက်အော်လိုက်တာနဲ့ အစိမ်းရောင် နဲ့ အနီရောင်စသဖြင့် အရောင် မျိုးစုံဝတ်ဆင်ထားတဲ့ အမျိုးသမီးတွေ လှေကားပေါ်က ဆင်းလာကြတာတစ်မျိူး ၊ အပေါ်ထပ်ကို တက်တာကြတာက တစ်ဖုံ ဒီကို အပြေးလေးလာနေကြပါရောလား ။
"လျန်ကုန်းဇီ ဘာလို့ ဒီလောက်အကြာကြီမလာပဲနေရတာလဲ လို့ ?လျန်ကုန်းဇီက ကျွန်မတို့အကြောင်းကို မေ့သွားတာတော့ မဟုတ်ဖူးမလား......?"
သူတို့တွေက ငါ့ကိုဝန်းရံပြီး အထဲဖို့ ဆွဲခေါ်တာကိုခံနေရတယ် ။
"မဟုတ်...မဟုတ်ဘူး ဒီတိုင်းဖြတ်သွားရုံလေးတင် ...."
" မနေ့က ယွီညန် က တောင်ပြောနေသေးတာ ၊ လျန်ကုန်းဇီသာ ပြန်မလာလို့ကတော့ ကုန်းဇီ ဒီမှာသိမ်းထားတဲ့ သေရည် ဆယ့်ငါးအိုးစလုံးကို အကုန်သောက်ပြစ်မယ်လို့ "
" ဟုတ်သားပဲ ပြီးတော့ ဒီနေ့ ကနှင်းလည်းကျနေတာဆိုတော့ ၊ ယွီညန်က ကုန်းဇီ မြည်းစမ်းကြည့်ဖို့ လက်ဖက်ခြောက် အချို့ ချန်ထားသေးတယ် "
"ဒီနေ့က နှင်းထပ်ကျပြီဆိုတော့ နှင်းရည် တွေနဲ့ သေရည် ချက်ကြစို့လေ!"
"ကောင်းတယ် ကောင်းတယ် !"
ဆူညံနေကြလွန်းလို့ ငါ ခေါင်းပါ မူးချင်လာပြီ ။
"ယွီညန် ဘယ်မှာလဲ ? သူ့ကို ဘာလို့ မတွေ့ရတာလဲ ?" လို့မေးလိုက်တယ် ။
"
"ယွီညန်လား ။ သူမက ဖျားနေတယ်လေ!"
ငါ အံ့ဩသွားတယ်။
"ဖျားနေတယ် ?"
"ဟုတ်တယ် အချစ်နာကျနေတာလေ !"
"အချစ်နာကျတယ် ?"
"မနေ့က ပိုက်ဆံရှိတဲ့ ဧည့်သည်တစ်ယောက် လက်ဖက်ရည် သောက်ရင်း သီချင်းနားထောင်ဖို့လာတာ ၊ အဲ့ဒီဧည့်သည် ထွက်သွားပြီးတာနဲ့ ယွီညန်က အချစ်နာကျနေမယ်လို့ ဘယ်သူထင်ထားမှာလဲလို့ "
"ဘယ်လိုပုဂ္ဂိုလ် က များယွီညန့်ကို အချစ်နာကျစေရတာလဲ ?"
" ကျွန်မ တွေ့လိုက်တာအရ ပြောရရင်တော့ ချောမောတဲ့ ရုပ်ရည်နဲ့ လူကြီးမင်း တစ်ဦးပဲ ......"
ဒါကို ကြားရတာ ငါ့ကို မျှော်လင့်ချက်မဲ့သွားစေတယ် ။ ပုံပြင်ပြောတဲ့ဆရာရဲ့ ဇာတ်လမ်းတွေထဲမှာ လူငယ်လေးနဲ့ မိန်းမပျိုလေးပဲ ပါဝင်လေ့ရှိပြီး ၊ လူငယ်လေးနဲ့ ပြည့်တန်ဆာမလေး တော့ မဟုတ်ခဲ့ဘူး ။
ပြီးတော့ ယွီညန်က အကျော်ကြားဆုံး ပြည့်တန်ဆာ တစ်ယောက်ဆိုတော့ ယောကျာ်းတွေနဲ့ အတွေ့အကြုံ ဒီလောက်များတာ ၊ ဘယ်လိုလုပ် သူမက အချစ်နာကျသွားရတာလဲ ?
ယွီညန် နဲ့ ငါနဲ့က သွေးသောက်ညီအမတွေပဲ ။ အဲ့တော့ ငါချက်ချင်းပဲ အပေါ်ထပ်က သူမ အခန်းကို သူမကိုတွေ့ဖို့ အပြေးလေးတက်သွားလိုက်တယ် ။
သေချာပေါက်ကို သူမ မအိပ်သေးဘူး ။ ငှက်လှောင်အိမ်ကို မှီရင်းနဲ့ စားပွဲပေါ်က အနီရောင် ဖယောင်းတိုင်ကို ငေးကြည့်နေတာပဲ ။ သူမ ဘာအကြောင်းတွေ စဉ်းစားနေသလဲ တော့ သေချာမသိနိုင်ဘူး ။
"ရှီဝူ! " ငါသူမကို နာမည် ပြောင်ကို လှမ်းခေါ်လိုက်တယ် ။
ယွီညန်က ဝိညာဉ်မကပ်တဲ့ ပုံစံနဲ့ ငါ့ကို ကြည့်ရင်းနဲ့
"နင် လာတယ်လား?"
" နင်တကယ်ပဲ အချစ်နာများကျနေသလား ?" လို့ သူမကိုမေးလိုက်တယ် ။
[]Mei Mei - ညီမလေး []
"မိန်မိန် မသိလို့ သူက နတ်ဘုရား တပါးလိုပဲ "
" နင် ငါ့ကို ပြောကြည့်လေ ! အဲ့လို ရုပ်ရည်မျိုးနဲ့ အမျိုးသား ကို သာမန် ဧည်သည်တစ်ယောက်လိုမျိုး တန်းတူ ဆက်ဆံသင့်သလားလို့ ။ သူ့ရဲ့ ရုပ်ရည်က ပဲဆွဲဆောင်မှု ရှိတာမျိုးမဟုတ်ဘူးလေ ။ သူစကားပြောတဲ့ ပုံကိုက သာမန်ထက်ကို ထူးကဲတာမျိုး ......... ပိုပြီး ကြုံတောင့် ကြုံခဲကတော့ သူက ငါ့ကို ပြောဆိုဆက်ဆံ တဲ့ပုံက လုံးဝ မလေးမစားနဲ့ ပြုမူတာမျိုးမရှိဘူး ........"
ယွီညန်က ထပ်ပြီးအရူးတစ်ယောက်လို လက်ခုပ်လက်ဝါးတီးလိုက်ပြီး
" မိုးနတ်မင်းကြီးရယ် ၊ ဘယ်တော့များမှ သူ့ကို နောက်တစ်ကြိမ်ပြန်တွေ့နိုင်မှာလဲ ...?"
"သူက ယောင်္ကျားလေးလို ဝတ်စားထားတဲ့ အမျိုးသမီးပဲ ဟုတ်တယ်မလား ?" လို့ ငါမနေနိုင်
မထိုင်နိုင် သူမကိုမေးလိုက်တယ် ။
"အရင်တုန်းက နင်က ငါ မိန်းကလေးဆိုတာဆိုတာကို ရိပ်မိရတဲ့ အကြောင်းပြချက်က ၊ ငါကနင့်ကို မလေးမစားပြုမူ ဆက်ဆံ တာမျိုးမလုပ်ခဲ့လိုဆို ၊ အဲ့တော့ အဲ့တာက နင့်ရဲ့ ငါက မိန်းကလေးဆိုတာကို ရိပ်မိတဲ့ အကြောင်းပြချက်ဆိုရင် ..."
" သူက ဘယ်လိုမှ ယောင်္ကျားလေးယောင်ဆောင်ထားတဲ့ မိန်းကလေး မဖြစ်နိုင်ဘူး ။ ငါသူ့ ပုံစံကို ကြည့်တာနဲ့ သူက ယောင်္ကျားတစ်ယောက်ပဲ ဆိုတာပြောနိုင်တယ် ...."
" ငါဒီနေ့ဖေ့ကျောက်ကို ခေါ်လာခဲ့တယ် ။ နင် ကလဲ့စားမချေချင်ဘူးလား ။ နင့်ရဲ့အလှအပ တွေကို လက်နက်အဖြစ်နဲ့ အသုံးချပြီး ကလဲ့စားမချေချင်ဘူးလား ။ သူ့အဖေက ကျော်ကြားတဲ့စစ်သူကြီး ပဲ ၊ သူကလည်း ရာထူးမြင့်တဲ့ စစ်သူကြီးတစ်ယောက်ပဲ ၊ ငါကြားတာကတော့ ဖေ့အိမ်တော်က အာဏာနဲ့ လုပ်ပိုင်ခွင့်တွေအများကြီးပိုင်ဆိုင်ထားတယ်ဆိုပဲ "
ယုန်ညန်က သူမ ခေါင်းကို ရမ်းလိုက်ရင်းနဲ့
" အဲ့တာက အချည်းအနှီးပဲဖြစ်လိမ့်မယ် ။ ဖေ့ကျောက်လို အာဏာနဲ့ လုပ်ပိုင်ခွင့်တွေရှိတဲ့လူမျိူးဆိုရင်ေတာင် မှ အဲ့လူကို အကျိုးသက်ရောက်မှုရှိမှာမဟုတ်ဘူး ။ ပြီးတော့ငါကြားမိတာက ကောင်းကွေ့ဖေး က မိဖုရားခေါင်ဖြစ်လာမှာဆို "
[ကွေ့ဖေး - မိဖုရား]
"ကောင်းကွေ့ဖေးက မိဖုရားခေါင်ဖြစ်လာမယ် ?"
" အင်း ကောလဟာလ တွေအရတော့ ဧကရာဇ်က မိဖုရားခေါင်ကြီးကို နန်းချလိုက်တာက ကောင်းကွေ့ဖေးကို မိဖုရားခေါင်ကြီး အရာမြှောက်တင်ချင်တဲ့အတွက်ကြောင့် ဆိုပြီးပြောနေကြတာပဲလေ "
ငါက ထိုက်ဇစ်ဖေး တစ်ယောက်အနေနဲ့ ငါ့ရဲ့တည်ရှိမှုက အမှိုက်သာသာ ပဲ ဆိုတာကို ဝန်မခံလို့တော့မရဘူး ။ မိဖုရားခေါင်ရာထူးအတွက် နာမည်ကြီးတာ ဘယ်သူဆိုတာ ကိုတောင် ငါမသိဘူးလေ ။
ငါ ကောင်းကွေ့ဖေးကို နှစ်ခါတည်း မြင်ဖူးခဲ့တာ ။ မိဖုရားခေါင်ကြီးကို သွားတွေ့တုန်းကပဲ ၊ ငါ စဉ်းစားကြည့်ပေမဲ့ သူမ ဘယ်လိုပုံ ရှိတယ်ဆိုတာတောင် ငါမမှတ်မိလာဘူး ။
"တကယ်လို့ နင် သာ ဧကရာဇ်နဲ့တွေ့ခွင့်ရရင် ကောင်းမယ် ၊ နင့်ရဲ့ ပြသနာတွေကို ကူညီပေးနိုင်ရင် ဘယ်လောက်ကောင်းမလဲ " လို့ငါပြောလိုက်တယ် ။
ယွီညန်ရဲ့ မိသားစုက နန်းတွင်းက အရာရှိအမှုထမ်းတစ်ယောက်ဖြစ်ခဲ့ပေမဲ့ ၊ ကောင်းယွီမင်ရဲ့ ချောက်ချမှုကြောင့် တစ်မိသားစုလုံး သုတ်သင်ခံခဲ့ရတာ ။
အဲ့အချိန်တုန်းက သူမ အသက်က ၆ နှစ် ၇နှစ်ပဲ ရှိသေးတယ် ။ကံကောင်းထောက်မစွာနဲ့ သူမ ထွက်ပြေးသွားခဲ့ပေမဲ့ နောက်တော့ ဆောင်ကြာမြိုင်ကို သီချင်းဆိုဖို့ အတွက် ရောင်းစားခံခဲ့လိုက်ရတာပဲ ။
နှစ်တွေကြာတဲ့အထိ သူမက ကလဲ့စားချေဖို့ စောင့်ဆိုင်းနေခဲ့တာ ။ ငါ့ကို သူမရဲ့ နောက်ခံမိသားစုအကြောင်းပြောပြတုန်းက သူမ မျက်ရည်တွေ စီးကျ နေခဲ့သေးတယ် ။ ငါသူမကို သနားမိပေမဲ့ ၊ သူမကို ကူညီဖို့ ငါဘာမှ မလုပ်ပေးနိုင်ဘူး ။
ယွီညန်က " ဧကရာဇ်နဲ့တွေ့ရလည်း အသုံးမဝင်မှာကို ငါစိုးရိမ်တယ် ။ ငါ ဧကရာဇ်ကို မတွေ့ချင်ဘူး ............ငါ..........ဘယ်တော့မှများ အဲ့ဒီလူကို ထပ်တွေ့နိုင်မလဲ မသိဘူး ........"
ယွီညန်က တကယ်ပဲ အချစ်နာကျနေတာပေါ့ ။ သူမမိသားစုအတွက် ကလဲ့စားချေဖို့အတွက်တောင်စိတ်ပူမနေခဲ့ပဲ ၊ အဲ့ဒီလူအကြောင်းပဲ စဉ်းစားနေတာ ။
ငါအောက်ဆင်းပြီး ဖေ့ကျောက်ကို အပေါ်ထပ်ကို ဆွဲခေါ်လာခဲ့တယ် ။ မင်ယွီဖန် ရဲ့ နေရာတိုင်းမှာ ဆီမီးခွက်တွေက ထွန်းညှိထားတော့ ဆိုင် တစ်ခုလုံးကို နွေးထွေးနေတာပဲ ။
ဖေ့ကျောက်က ဒီလိုနေရာတွေကို သွားရတာကို အသားကျမှာမဟုတ်ဘူး ။ ငါ တခြားကျန်တဲ့ အလှလေးတွေကို အပြင်ကို ထုတ်လိုက်ပြီး ယွီညန် တစ်ယောက်တည်းကိုပဲ ငါတို့နဲ့အတူ သေရည်သောက်ဖို့ ချန်ထားလိုက်တယ် ။
ငါ က လျှောက်သွားနေတာကြာပြီဆိုတော့ ဗိုက်ကဆာလောင်နေပြီ ၊ မင်ယွီဖန်ရဲ့ ဟင်းလက်ရာတွေကလည်း ထိပ်တန်းပဲ ၊ မဟုတ်ရင် ငါဒီကိုဘယ်လာပါ့မလဲ ။
အကြောင်းပြချက်တစ်ခုကတော့ ယွီညန်နဲ့ စကားပြောဖို့ဖြစ်ပြီး ၊ နောက်ထပ် အကြောင်းပြချက်တစ်ခုကတော့ ဒီဟင်းတွေက တကယ်ကို အရသာရှိလို့ပဲ ။
ယွီညန်က ပုလွေတစ်ချောင်းကိုင်လိုက်ရင်း သီချင်းတစ်ပုဒ် သီဆိုပြီးတာနဲ့ ရပ်လိုက်တယ် ။
" ဘဝ ကို မတမ်းတ ပေမဲ့ ၊ တမ်းတမိပါတယ် ။ နာကျင်တဲ့ တမ်းတမှုမျိုးနဲ့ပါ ။ ကိုယ်ခန္ဓာဟာ တိမ်စိုင်တွေလိုမျောလျှက်နေရင်း နှလုံးသားကတော့ ဝါဂွမ်းလို ပျံသန်းနေရင်း...."
သူမရဲ့ အသံက စိတ်လွတ်ကိုယ်လွတ်ဖြစ်နေတာ ၊ သေချာပေါ့ အချစ်နာကျနေတဲ့ အသံပဲ ။
ငါဖေ့ကျောက်ကို ကြည့်လိုက်ပြီ " ဘာဖြစ်လို့ မစားတာလဲ ?"
"ကုန်းဇီ စားပါ ၊ ကျွန်တော်က ဗိုက်မဆာဘူး "
သူအတော်လေးတိုးတက်လာတယ်လို့တော့ငါထင်တာပဲ ။ အနည်းဆုံးတော့ သူ့ရဲ့ အဖြေတွေက စကားလုံးတစ်လုံးတည်းမဟုတ်တော့ဘူးလေ ။
ငါ တူကိုသုံးပြီး ဟင်းပွဲတစ်ပွဲကို ညွှန်ပြလိုက်ရင်းနဲ့
"ဒါက စားလို့အကောင်းဆုံး ငါးအသားပဲ ၊ ပါးရှား ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ချက်ထားတာ ၊ လုံးဝမညှီဘူး ၊ နင် မြည်းကြည့်ကြည့်ပါလား"
ငါက ငါးအသားကို အထူးတလည်ညွှန်းဆိုလိုက်တော့ သူအနည်းငယ် တော့ မြည်းစမ်းလိုက်ခဲ့တာပဲ ။
အရှေ့နန်းတော်ကို ပြန်လာတဲ့ လမ်းမှာ ဖေ့ကျောက်က
"ခုဏက အမျိုးသမီးက ချန်မိသားစုရဲ့ ကျန်ရစ်သူလား " လို့ငါ့ကို မေးတယ် ။
ငါသူဘာပြောနေလဲ နားမလည်တော့ ၊ သူနောက်တစ်ခေါက်ထပ်မေးလာတယ် ။
" ခုဏက ပုလွေမှုတ်နေတဲ့ ယွီညန် ၊ သူမရဲ့ မျိုးရိုးနာမည်က ချန် လား "
ငါခေါင်းညိမ့်လိုက်ပြီး ယွီညန်ရဲ့ မိသားစုအကြောင်းကိုတတ်နိုင်သမျှ ဝမ်းနည်းဖို့ အကောင်းဆုံး ဇာတ်လမ်းဖြစ်အောင် ပြောပြလိုက်ဖို့ ဒီအခွင့်အရေးကို အမိအရ အသုံးချလိုက်ေတာ့တယ် ။
အရှေ့နန်းတော်ရဲ့ တံတိုင်းတွေကို ငါတို့ မြင်နေရတဲ့နေရာရောက်တော့ ဖေ့ကျောက်က ရပ်လိုက်ပြီး
ငါ့ကိုစကားအချို့မေးလာခဲ့တယ် ။
"ထိုက်ဇစ်ဖေး ကျွန်တော့်မှာ ပြောစရာအချို့ရှိတယ် ။ ဒါပေမဲ့ ဒါက ပြောဖို့ သင့်တော်သလားတော့ ကျွန်တော်မသိဘူး "
လူတွေ စကားကို ကွေ့ပတ်ပြောနေရင် ငါတကယ်မုန်းတာ ။
"ဒီတိုင်း ပြောစရာရှိတာပြောလိုက်ပါ "
သူမပြောခင်အနည်းငယ် တွန့်ဆုတ်နေပြီးမှ
"ထိုက်ဇစ်ဖေးက ကြင်နာမှု အပြည့်နဲ့ ဖြူစင်တဲ့ သူတစ်ယောက်ပါ ၊ အရှေ့နန်းတော်ဆိုတာက ကောလဟာလတွေနဲ့ ပြည့်နှက်နေတာ ။ ထိုက်ဇစ်တျန်းရှက ထီးနန်းကို ဆက်ခံရမယ့် ပုဂ္ဂိုလ် ဆိုတော့ အခုလက်ရှိသူ့ရဲ့နေရာက အထိအခိုက်မခံ တဲ့အနေအထားမှာပါ ။ ထိုက်ဇစ်ဖေးအနေနဲ့ ယွီညန် နဲ့ ဆက်ဆံရေးကို ဖြတ်တောက်သင့်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ် ။ ဒီလိုလူမျိုး ..............."
ဖေ့ကျောက်က ဒီလို မုန်းစရာကောင်းမယ်လို့ မခင်ထားခဲ့မိဘူး ။ ငါ အေးစက်စက် ရယ်လိုက်ရင်း
"ဖေ့စစ်သူကြီးက တော်ဝင် မျိုးနွယ်ဆိုတာကို သိပါတယ် ။ယွီညန် လို မိန်းကလေးမျိုးအပေါ် အထင်အမြင်သေးပြီး ၊ ငါ့ ကို ငါ့ရဲ့ သူငယ်ချင်းတွေနဲ့ အပေါင်းအသင်းမလုပ်ဖို့ ပြောရင်လည်း ၊ အဲ့တာ က မဖြစ်နိုင်ဘူး ! ငါက အာဏာမရှိတဲ့ လူတွေကို အထင်အမြင်သေးပြီး အပေါင်းအသင်းမလုပ်ချင်တဲ့ ရှင်တို့လို အတ္တကြီးတဲ့ လူမဟုတ်ဘူး !ယွီညန်က ပြည့်တန်ဆာ တစ်ယောက်ဆိုတာကို သိပါတယ်။ ဒီည ဖေ့စစ်သူကြီး အနေနဲ့ အဆင်မပြေဖြစ်ခဲ့မှာပဲ ။ စိတ်မပူပါနဲ့ ၊ နောက်ထပ်တစ်ခါ ဘယ်တော့မှ ဖေ့စစ်သူကြီးကို အဲ့လိုနေရာတွေကို ခေါ်မသွားတော့ပါဘူး ။ ကိုယ့်ဘာသာ ဧကရာဇ်ရဲ့ သားမက်တော်ပဲအေးအေးချမ်းချမ်း လုပ်နေပါ "
အဲ့ဒီနောက် ပြန်တဲ့ လမ်းတစ်လျှောက်လုံး ငါဖေ့ကျောက်ကို စကားတခွန်းမပြောခဲ့သလို ၊ သူကလည်း အချိန်ကြာမြင့်စွာ စကားတစ်ခွန်းမဟခဲ့ဘူး ။ နှင်းတွေပေါ်က မြင်းခွာသံ အချို့ ကိုပဲ ငါကြားနိုင်တယ် ။ မြေပြင်ပေါ်မှာက နှင်းပါးပါးလေး ဖုံးလွှမ်းနေခဲ့တာေကြာင့် တစ်လှမ်းလှမ်းတိုင်း မြင်းခွာကချော်နေခဲ့ပြီး တတ်နိုင်သမျှ ဖြည်းဖြည်း လမ်းလျှောက်လာ ခဲ့ကြရတယ် ။
အရှေ့နန်းတော်ရဲ့ တောင်ဘက် နံရံကို ရောက်တဲ့အထိ ငါ လမ်းလျှောက်လာခဲ့တာ ဖေ့ကျောက်ကို တောင်သတိမထားမိတော့ဘူး ။
နှစ်သစ်ကို ရောက်ခါနီးလာတော့ ကိစ္စတော်တော်များများက ငါ မှန်းချက် နဲ့ နှမ်းထွက် မကိုက်ခဲ့ဘူး ပဲ။
နန်းတော်မှာ အခမ်းအနား အမြောက်အများကျင်းပခဲ့ပြီး ။ ဒီနှစ် မိဖုရားခေါင်ကြီးနေရာက လစ်လပ်နေခဲ့တာကြောင့် ကိစ္စတော်တော်များများကို ငါကိုယ်တိုင်ပဲ လုပ်ဆောင်ရဖို့ ဖြစ်လာရတယ် ။ တော်ဝင်မိသားစုက အမျိုးသမီးတွေဧကရာဇ်ကို နှုတ်ဆက်ဂါရဝပြုဖို့ ၊ အခမ်းအနားတွေ စီစဉ်ကျင်းပပေးဖို့ ............ကောင်းကွေ့ဖေးက အနောက်နန်းဆောင်ရဲ့ လက်ရှိအုပ်ထိန်းရသူ ဖြစ်ပေမဲ့ သူမရဲ့ ရာထူးက ကွေ့ဖေး အဆင့်ပဲ ရှ်သေးတာလေ ။
ယုန်ညန်က ငါ့ကိုပြောတာက ဒီ အခမ်းအနားပွဲတော်ကို လူအတော်များများက အာရုံစိုက်နေကြရတဲ့ အကြောင်းက ၊ ဧကရာဇ်က ကောင်းကွေ့ဖေး ကို အနောက်နန်းဆောင်ရဲ့ အုပ်ချုပ်သူအဖြစ် ခွင့်ပြုတော်မူမလားဆိုတာကိုပဲတဲ့ ။
"ကောင်းကွေ့ဖေးက မိဖုရားခေါင်ကြီး ဖြစ်လာမှာလား?"
" ကျွန်တော်မျိုးမ မပြောဝံ့ပါဘူး " လို့ ယုန်ညန်က ငါ့ကို တရိုတသေပြောတယ် ။
ယုန်ညန်က ကိစ္စတစ်ခုခုကို သူမရဲ့ အတွေးအမြင်တွေ ကို အလွယ်တကူ ပြောလေ့မရှိတဲ့ လူတစ်ယောက်ဆိုတာကို ငါသိတယ် ။
သူမ ထပ်ပြောတာက " ထိုက်ဇစ်ဖေးအနေနဲ့ လည်း ဒီလိုကိစ္စမျိုးကို ဆွေးနွေးတာမသင့်တော်ပါဘူး ။ ဒါက ဇနီးမယား တစ်ယောက် စိတ်ပူရမယ့် ကိစ္စမျိုး မဟုတ်ကြောင်းပါ "
ငါကိုယ်တိုင်လည်း ဒီရက်ပိုင်းတွေမှာ ငါစိတ်ဖိစီးမှုတွေများနေတယ်လို့ ငါထင်တယ် ။ ငါ့ရဲ့ စိတ်ဖိစီးမှုတွေက ဘယ်သူက မိဖုရားခေါင်ကြီး ဖြစ်လာမှာလဲ ဆိုတဲ့ ကိစ္စထက်တောင် မွန်းကြပ်ဖို့ ကောင်းသေး ။ ဥပမာ ကျောက်လျန်းတိက က ရွှီပေါင်လင် ရဲ့ အသုံးစရိတ် ခွင့်ပြုပေးတဲ့ ပမာဏတွေ လျှော့ချလိုက်တာမျိုး ။ ရွှီပေါင်လင် ရဲ့ နန်းဆောင်က နန်းတွင်းသူတွေက ပူညံပူညံ လုပ်တတ်တဲ့ လူစားမျိူး မဟုတ်ကြပေမဲ့လည်း ၊ ကျောက်လျန်းတိ ရဲ့ နန်းတောင်က အစေခံမလေးတွေရဲ့ ထောင်ချောင်ဆင်မှုကြောင့် ၊ စတိုခန်းက ပစ္စည်းခိုးယူတယ်လို့ စွပ်စွဲခံခဲ့ကြပြီး ၊ အရှေ့နန်းတော်ကနေ နှင်ထုတ်ပစ်ချင်ကြတာ ။
အဆုံးမှာတော့ ရွှီပေါင်လင်က ငါ့ရှေ့ကို မျက်ရည်စက်လက်နဲ့ ရောက်လာခဲ့ပေမဲ့လို့ ၊ ငါ့ကို တစ်စုံတစ်ယောက်က စာရင်းစာအုပ်တွေကိုစစ်ဆေး ပြီး ဒီအခြေအနေကို ဖြေရှင်းဖို့တောင်းဆိုတာက ငါ့အသက်ကို လိုချင်တယ် လို့ပြောတာနဲ့အတူတူလောက်ပဲ ။ ငါ ရွှီပေါင်လင် ကို နှစ်သိမ့်ပေးရုံပဲ တတ်နိုင်ခဲ့ပြီး ၊ အစေခံ နန်းတွင်းသူနှစ်ယောက်ကတော့ အရှေ့နန်းတော်ကနေ နှင်ထုတ်ခံခဲ့ရတာပဲ ။ ရွှီ ပေါင်လင် အတွက် အစေခံ အသစ်နှစ်ယောက်ထပ်ရွေးပေးဖို့ ယုန်ညန့်ကို ပြောတာပဲ တတ်နိုင်တယ် ။
ဒီ အရှေ့နန်းတော်က ပြသနာပေါင်း သောင်းခြောက်ထောင်အပြင် ၊ မယ်တော်ကြီးရဲ့ ဖျားနာမှုကို လည်း ငါ့မှာစိတ်ပူရသေးတယ် ။ သူမရဲ့ အဖျားက အရမ်းမပြင်းထန်ပေမဲ့လို့ ၊ နန်းတော်က လူတိုင်းကို စိတ်ပူစေတာက သူမက သက်တော် ၇၀ ရှိပြီဖြစ်တာကြောင့်ပဲ ။
ပြီးတော့ နောက်ဆုံးအနေနဲ့ လီချန်းရင်က ဘောလုကို တုတ်အရှည်နဲ့ ရိုက်ရတဲ့ အားကစား မှာ မြင်းစီး ရင်းနဲ့ လည်ပင်းနဲ့ ခြေထောက် ထိခိုက်သွားခဲ့တဲ့ ကိစ္စ ။
ဒဏ်ရာက သူလမ်းလျောက်တာကို အကျိုးသက်ရောက်မှု ဖြစ်စေတဲ့အထိ မပြင်းထန်ပေမဲ့လည်း ၊ ဧကရာဇ်ရဲ့ သူ့ကို ပြစ်တင်ဆူပူခြင်းကို ခံခဲ့ရတဲ့ အကျိုးဆက်အနေနဲ့ ကျောက်လျန်တိက သူ့အေပါ် ဘာအပြစ်လုပ်မိတယ်မသိပေမဲ့ ၊ လီချန်းရင်က သူမကို ရုတ်တရက် ပါးရိုက်ခဲ့တယ် ။
ဒီတစ်ချိန် လီချန်းရင် က သူမကို ပြင်းပြင်းထန်ထန် ပြောဆို လိုက်ပုံပဲ ၊ ကျောက်လျန်တိ က ဒေါသထွက် လွန်းလို့ မရပ်မနား ငိုကြွေးနေခဲ့တယ်တဲ့ ။
လူတိုင်းက လီချန်းရင်ရဲ့ ဒေါသကို ဖြေဖျောက်ထို့ အစွမ်းကုန် ကြိုးစားခဲ့ကြပေမဲ့ ၊ လီချန်းရင်ရဲ့ ဒေါသပဲ က ပိုဆိုးဝါးလာပြီး ဆတ်ခနဲ လှည့်ထွက်သွားခဲ့ကာ အတွင်းနန်းဆောင် ထဲမှာ တစ်ယောက်တည်း ရက်အတော်ကြာ တဲ့ထိ နေ နေခဲ့တယ် ။
ယုန်ညန်က ငါလီချန်းရင်ကို သွားရောက်တွေ့ ဆုံသင့်ကြောင်း ထပ်ခါထပ်ခါ အကြံပေးနေခဲ့တာ။ သူမဘာကို ဆိုလိုချင်လဲ ငါသိပေမဲ့ ငါသိပ်ပြီးဂရုမစိုက်မိပါဘူး ။
ငါ လီချန်းရင် ဆီကိုမသွားခဲ့ပေမဲ့ လီချန်းရင်က ငါ့နန်းဆောင်ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့မယ်လို့တော့ ဘယ်တုန်းကမှ မထင်ထားခဲ့ဖူးဘူး ။
အဲ့ညက နှင်းတွေကျနေဆဲဖြစ်လို့ ရာသီဥတုက အေးမြနေခဲ့တာ ၊ နန်းဆောင်ထဲမှာ နံ့သာအိုးက အမွေးရနံ့တွေ ပျံ့နှံနေခဲ့ပြီး ငါ့ကို ငိုက်မျဉ်းလာစေတာကြောင့် အစောကြီး အိပ်ယာဝင်ခဲ့ပေမဲ့ လီချန်းရင်က ရုတ်တရက်ရောက်ချလာခဲ့တယ် ။
သူနဲ့ အတူ နန်းတွင်းသူ တစ်ယောက်ကိုပဲခေါ်လာခဲ့တာ ၊ အားတုသာ ငါ့ကို သတိမပေးရင် သူငါ့အိပ်ယာပေါ်ကို ရောက်လာခဲ့တယ်ဆိုတာကိုတောင် ငါသိမှာမဟုတ်ဘူး ။ငါ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေခဲ့တဲ့ အချိန်မှာပဲ အားတုက ငါ့ကို နှိုးခဲ့တယ် ။
ငါ အိပ်ချင်မူးတူးနဲ့ သမ်းဝေလိုက်ပြီး သူ့ကိုကြည့်ရတာ တစ်ခုခုတော့ ထူးဆန်းလိုက်တာလို့တွေးနေရင်းနဲ့ " နင်ဘာလို့ ဒီကိုရောက်လာတာလဲ ?"
"အိပ်ဖို့!"
သူ့ရဲ့စိတ်အခြေအနေက ကောင်းမွန်နေတဲ့ ဘက်မှာတော့မဟုတ်ဘူး ။ခြေထောက်တွေကိုဆန့်ပြီး ထိုင်ချလိုက်တဲ့အခါ နန်းတွင်းသူလေးက သူ့ လည်ရှည်ဖိနပ်တွေကို ချွတ်ဖို့ကူညီပေးပြီးတဲ့အခါ သူ့အပေါ်ဝတ်ရုံကို ချွတ်လိုက်ရင်း လက်ပြလိုက်တာနဲ့ နန်းတွင်းသူလေးက အပြင်တန်းထွက်သွားခဲ့တယ် ။
အားတုကလည်း ငါ့ကို နှိုးပြီးတာနဲ့ ပျောက်သွားလိုက်တာ သူမ ဘယ်ရောက်သွားမှန်းတောင် ငါမသိရဘူး ။
ငါ ထချေလိုက်ပြီး ပြန်အိပ်လိုက်တယ် ။တကယ်လို့ လီချန်းရင် ကြောင့်သာမဟုတ်ရင် ငါနှစ်နှစ်ခြိုက်ခြိုက် ဆက်အိပ်နေရမှာ ။
ငါ အိပ်ချင်မူးတူးနဲ့ သူ့ကို စောင်တစ်ဝက်ပေးလိုက်တယ် ။ သူ့အင်္ကျီတွေကို ချွတ်ဖို့ ဘယ်သူ့အကူအညီယူလိုက်လဲတော့မသိပေမဲ့ သူက ပါးလွှာတဲ့ ပိုးသားဝတ်ရုံတစ်ထပ် တည်းဝတ်ထားခဲ့တာ ။ယောင်္ကျားလေးတွေရဲ့ ခန္ဓာကိုယ်ကအပူပေးထားတဲ့ ဒယ်အိုးလို ပူ နေတာပဲ ။
သူလက်မောင်းတွေကို ဆန့်ထုတ်လိုက်တဲ့အခါ သူ့လက်တွေက ငါ့လည်ပင်းဆီရောက်လာရင်းနဲ့ ငါ့နောက်ကျောထိ လက်ကိုသွင်းလိုက်ပြီး ငါ့ကို သူ့ရင်ဘတ်ထဲကို ဆွဲထည့်လိုက်တယ် ။
အရမ်းနွေးပေမဲ့လို့ ငါ နေရထိုင်ရတာ သက်တောင့်သက်သာ မရှိလှဘူး ။ ဒီပုံစံနဲ့ ခဏလောက် အိပ်ပြီးတဲ့နောက်"ငါ့လည်ပင်းပေါ်မှာ အသက်မရှူနဲ့ "လို့ ငါမနေနိုင် မထိုင်နိုင်ပြောလိုက်မိတယ် ။
သူ ဘာမှပြန်မပြောပဲ ငါ့လည်ပင်းကို ပဲဆက်နမ်းနေခဲ့တာ ၊ ခွေးပေါက်စလေး တစ်ကောင်ငါ့ကို ကိုက်နေတဲ့ အတိုင်းပဲ ။ ငါ့ကို နာအောင်ကိုက်လိုက် ယားအောင်ကိုက်လိုက်နဲ့ ၊ သူ့ကိုမတွန်းထုတ်လိုက်ပဲ မနေနိုင်ခဲ့ဘူး ။
"ငါ့ကို ကိုက်နေတာ ရပ်လိုက်တော့ ၊ ငါ့ကို နောက်တစ်ခါထပ်ကိုက်နေမယ်ဆိုရင် ငါအိပ်လို့ရမှာမဟုတ်တော့ဘူး " ။
သူ့ဆီက ဘာစကားသံမှ မကြားရသေးဘူး ။ ထပ်ပြီး ငါ့နားထဲကို လေတွေမှုတ်ထုတ်နေတာ ၊ ငါ့နားတွေယားတာကို ငါမုန်းတယ် ။ ငါ့ခန္ဓာကိုယ်က အားအင်တွေတောင် ရယ်ရလွန်းလို့ မရှိကြတော့ဘူး ။ သူက ဒါကို အခွင့်ကောင်း ယူ ပြီး ငါ့ဝတ်ရုံကို ဆွဲဖွင့်လိုက်တော့ ၊ ငါချက်ချင်းပဲ အိပ်ချင်စိတ်တွေ လွင့်စင်ကုန်ပြီး " နင်ဘာလုပ်နေတာလဲ "
လီချန်းရင်က ငါ့နှုတ်ခမ်းတွေကို ပြင်းပြင်းထန်ထန် နမ်းလာခဲ့တယ် ။ ငါရုတ်တရက် သူဘာလုပ်ချင်နေလဲ သိလိုက်ပြီ ။
ငါသူ့ကို ကန်ထုတ်လိုက်တယ် ။
"Ah!"
" အားးး!"
ဒီကန်ချက်က သူ့ကို အိပ်ယာထဲကနေ ပြုတ်ကျသွားအောင် လုပ်နိုင်လုနီးနီး ပဲ ။ သူ့မျက်နှာတစ်ခုလုံးကို ခြင်ထောင်နဲ့ ဖုံးသွားတယ် ။သူ့မျက်နှာပေါ်က ခြင်ထောင်ကို ဖယ်ဖို့ အချိန်တစ်ခု ယူလိုက်ပြီးမှ ငါ့ကို ဒေါသတကြီး နဲ့ ကြည့်လာပြီး
" မင်းဘာဖြစ်နေတာလဲ ?"
"နင် ဒါ....ဒါ.....ဒါ.....ကို အလိုရှိရင် ....ကျောက်လျန်းတိ ဆီသွား!!!"
ငါ ကျောက်လျန်းတိရဲ့ အစားထိုးခံတော့ မဖြစ်ချင်ဘူး ။ငါ လီချန်းရင်ကို သဘောကျပေမဲ့ သူငါ့ကို ဒီလို ပုံစံနဲ့ ပြုမူဆက်ဆံတာကိုေတာ့ ငါမကြိုက်ဘူး။
လီချန်းရင်က အသာရယ် လိုက်ရင်းနဲ့
" မင်းက သဝန်တိုနေတာလား ?"
မျက်လုံးသာ တစ်ပတ်လှည့်ပတ်ပြလိုက်ရင်းနဲ့
"ဘယ်သူက သဝန်တိုနေတာတုန်း "
" ကိုယ့်ဘာသာကိုယ်တွေ အထင်ကြီးနေရင် အကျိုးဆက်ကို ခံစားရလိမ့်မယ် !!"
လီချန်းရင်က ငါစကားပုံအသုံးအနှုန်းမှားနေတာကို မနေနိုင်မထိုင်နိုင် ပြင်ပေးနေပြန်ပြီ ။
" အဲ့တာကို တစ်စုံတစ်ယောက်နဲ့ အပြန်အလှန်ချစ်ကျွမ်းဝင်တယ်လို့ စိတ်ကူးယဉ်နေပေမဲ့ ၊ လက်တွေ့မှာမဟုတ်တာကို ခေါ်တယ် !"
ငါက အမြဲတမ်း စကားပုံတွေဆိုရင် တလွဲပြောလေ့ရှိပေမဲ့ သူ့ငါ့ကို ပြင်ပေးတဲ့အခါတိုင်း ငါပျော်တယ် ။
" နင် သိတော့လည်း ကောင်းတာပေါ့ ။ အပြန်အလှန်ချစ်ကျွမ်းဝင်တာမဟုတ်ဘူး ။ နင်စဉ်းစားတာများလွန်းသွားပြီ ။ ကျောက်လျန်းတိပဲဖြစ်ဖြစ် ရွှီပေါင်လင်ကိုပဲဖြစ်ဖြစ်သွားရှာပါလား ။ သူတို့နင့်ကို လွမ်းနေလောက်တယ် " ။
"မင်းရော ? မင်းရော ငါ့ကို မလွမ်းဘူးလား ?"
"ငါ့မှာ သဘောကျတဲ့လူရှိတယ် !!!"
ငါ့ ရင်ဘတ်ထဲက နည်းနည်းနာကျင်ရပေမဲ့ ၊ ငါသဘောကျတဲ့ လူက ငါ့ကို သဘောမကျဘူးဆိုတာကို ဝန်ခံဖို့ ငါဝန်လေးနေခဲ့တယ် ။
" ငါနင့်ကို မလွမ်းဘူး ။ နင်ဟာနင် ဘယ်သွားသွား နောက်ထပ် ကျောက်လျန်းတိ ၊ရွှီပေါင်လငါ ဘယ်နှစ်ယောက်ကို ပဲထပ်ပြီး လက်ထပ်ပါစေအုန်း ။ ငါဂရုမစိုက်ဘူး "
လီချန်းရင်ရဲ့ မျက်နှာအမူအယာက တင်းမာလာပြီး စေ့စေ့ကြည့်ဖို့တောင်ခက်တယ် ။သူ့မျက်နှာထားက ငါကျောက်လျန်းတိ အကြောင်းပြောလိုက်တိုင်း အမြဲ အဲ့ဒီလိုပဲ ။
ခဏကြာတော့ " အဲ့တာ ဖေ့ကျောက်ဆိုတာ ငါမသိဘူးလို့မင်းထင်နေလားလို့ " အေးစက်စက်လေသံနဲ့ပြောလာတယ် ။
ငါ့ ဆွံအ နေပြီး သူ့ကို ကြောင်ကြည့်နေမိတယ် ။
" မင်းရဲ့အဆင့်အတန်းနဲ့ လက်ထပ်ထားတဲ့ အမျိုးသမီးတစ်ယောက်ဆိုတာမမေ့နဲ့ ။ ငါသိတယ် ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့ အနောက်ရှီးလျန်က ယဉ်ကျေးမှုတွေက ပျက်စီးနေပြီး ၊ အရှက်သိက္ခာ ဆိုတာ စိတ်မပူပဲ ၊ အမြဲတမ်း နန်းတော်အပြင်ဘက်ကို ဖေ့ကျောက်နဲ့အတူ သွားနေတာ။ နည်းနည်းလေးတောင် မရှက်မိဘူးလား !!"
ငါ နန်းတော်အပြင်ကို ခိုးထွက်တဲ့ ကိစ္စကို သူသိနေမယ်လို့ငါမထင်ခဲ့မိဘူး ။ ပြီးတော့ ငါ ဖေ့ကျောက်နဲ့ အတူ သေရည်သောက်ဖို့ သွားခဲ့တာကိုပါ သိနေနေမယ်လို့လည်းမထင်ထားခဲ့မိဘူး ။ ငါ့ကို စော်ကားမော်ကား အရှက်ခွဲဖို့ လုပ်တာကို ငါသည်းမခံနိုင်ဘူး ။
" နင်က တော့ မိန်းကလေးတစ်ယောက်ပြီးတစ်ယောက်ကို လက်ထပ်ယူေနပြီး ။ ငါနန်းတော်အပြင်ဘက်ကို သွားလည်တာက မကောင်းတဲ့ကိစ္စမဟုတ်ဘူး ။ပြီးတော့ ဖေ့ကျောက်နဲ့ ငါက ဖြူစင်တယ် ..."
လီချန်းရင်က ရယ်လိုက်ပြီး
" အဲ့တာအမှန်ပဲ ၊ ဖေ့ကျောက်က မင်းနဲ့အတူ အပြစ်ရှိတဲ့ တစ်စုံတစ်ခု မလုပ်ရဲပါဘူး ။ ပြီးတော့ သူက လော့ရှီ နဲ့မကြာခင် လက်ထပ်တော့မှာ ။ အနောက်ရှီးလျန်က ရူးနေတဲ့ မင်းနဲ့ မတူတဲ့ ငါတို့ရဲ့မင်းသမီး !"
သူ့ရဲ့ နောက်ဆုံးစကားလုံးတွေက ငါ့ကို အရမ်းကိုပဲ ဒေါသထွက်စေတယ် ။ငါသူ့ကို ပါးရိုက်ဖို့ ခုန်လိုက်ပေမဲ့ ၊ သူက အမြန် ရှောင်လိုက်တာကြောင့် သူ့မေးစိကို ပဲ ရိုက်နိုင်ခဲ့တယ် ။
ဒေါသကြောင့် ငါ့တစ်ကိုယ်လုံးပါ တုန်ယင်လာခဲ့တယ် ။
"နင်ကတော့ အမြဲတမ်း မိန်းကလေးတွေအများကြီးနဲ့ ရှိနေပြီး ငါ အဲ့အကြောင်းနဲ့ ပက်သတ်လို့ တစ်ခွန်းမပြောဖူးဘူး ။ ဖေ့ကျောက် နဲ့ ငါနဲ့က သေရည်သောက်ဖို့ပဲသွားခဲ့တာ ။ ငါကို ဒီလို ပြောဆိုဖို့ နင့်ကို ဘယ်သူက များအကြောင်းပြချက်ပေးလိုက်လဲ ? အနောက်ရှီးလျန်က အမျိုးသမီးတွေက ဘာဖြစ်နေလို့လဲ?.........
တကယ်လို့ နင့်အဖေသာ ငါ့အဖေကို အတင်းဖိအားမပေးခဲ့ဖူးဆိုရင် ၊ ငါ့အဖေက သူ့သမီးကို လက်ထပ်ဖို့ ဝေးလံတဲ့နေရာတစ်ခုကို စေလွှတ်ချင်ခဲ့ပါ့မလား ။ နင်တို့တွေအာဏာ မသုံးခဲ့ရင် ငါနင့်ကို လက်ထပ်နေရအုန်းမှာတဲ့လား ။
ငါတို့ အနောက်ရှီးလျန်က အမျိုးသားတွေက နင့်ထက်သန်မာ တယ် ။ ငါတကယ်ပဲနင့်ကို လက်ထပ်ချင်နေတယ်လို့ နင်ထင်နေလား ? ငါကရော ထိုက်ဇစ်ဖေး ဖြစ်ချင်တယ်လို့ နင်ထင်လား ?ငါသဘောကျတဲ့ လူက နင့်ထက် အဆသန်းပေါင်းများစွာသန်မာတယ် ။ နင်သူ့ရဲ့ ဆံပင်တစ်မျှင် နဲ့တောင်မှ မယှဉ်နိုင်ဘူး ....."
လီချန်းရင်က အရမ်းကို ဒေါသထွက်သွားပြီး သူ့ရဲ့ ဝတ်ရုံကိုတောင် ပြန်မဝတ်ရသေးပဲ အိပ်ယာထဲကနေထွက်သွားခဲ့တယ် ။
သူတံခါးဆီကို တန်းတန်းမတ်မတ်လျှောက်သွားရင်းနဲ့ အနောက်ကို လှည့်လာပြီး
"စိတ်မပူပါနဲ့ ငါဒီကို နောက်တစ်ခါ ဘယ်တော့မှ မလာဘူး ။ မင်းရဲ့ ငါ့ထက် အဆသန်းပေါင်းများစွာသန်မာတဲ့ လူအကြောင်းကို ပဲသွားစဉ်းစားနေလိုက် !!"
သူတကယ်ကို စိတ်တိုနေခဲ့တာ ပဲ ။ သူ့ဖိနပ်တွေကိုဝတ်ဖို့ မေ့သွားခဲ့တယ် ။ သူဖိနပ်မပါပဲ ဘယ်လိုများ ပြန်မလဲမသိဘူး ။
အပိုင်း ၁၆ ဆက်ရန် ------