စွဲငြိနှောင်တွယ် ( Unicode)
By Ph4549
94.5K 2.7K 25
" ငါနင့်ကို အဲ့ဒါတွေမကြိုက်တာပဲ..ဘယ်တော့မဆိုပေါ့တန်လွန်းတယ်..ဘာတစ်ခုမှလေးလေးနက်နက်မရှိဘူး..တစ်ခုခုဆိုရှောင်ပြ... More
-
Part (2)
Part (3)
Part (4)
Part (5)
Part (6)
Part (7)
Part (8)
Part (9)
Part (10)
Part (11)
Part (12)
Part (13)
Part (14)
Part (15)
Part (16)
Part (17)
Part (18)
Part (19)
Part (20)
Part (21)
Part (22)
Part (23)
Part (24)
Part (25)
Part (26)
Part (27)
Part (28)
Part (29)
Part(30)
Part (31)
Part (32)
Part (33)
Part (34)
Part (35)Final...
just recall..
Part (1)
8.4K 155 1
By Ph4549
စွဲငြိနှောင်တွယ်
🌸pann
Part (1)
ကျွန်တော်လား.. ရှိတာပေါ့ ကျွန်တော်စွဲငြိနေမိတဲ့သူ ။
တစ်ခါမှတော့ မထင်ထားခဲ့ဘူးဗျ.. တွေးလည်းမတွေးဖူးတာလည်းပါမယ် ။
ကျွန်တော်သူ့ကို စွဲငြိမိလိမ့်မယ်လို့ ယောင်လို့တောင်အိပ်မက်မမက်ဖူးဘူး..။
မထင်ထားတဲ့အိပ်မက်က ခုတော့တကယ်လက်တွေ့ဖြစ်လာခဲ့ပြီ..။
ကျွန်တော်သူ့ကိုရင်ခုန်မိခဲ့သတဲ့..။
အသည်းထဲစွဲနေအောင်လည်း ချစ်မိခဲ့သတဲ့..။
သိပ်တော့ယုံချင်စရာမကောင်းဘူးနော်..။
ကျွန်တော်ချစ်မိတဲ့သူလား.. သူကကျွန်တော့်ပုံစံနဲ့ နည်းနည်းလေးတောင်မတူဘူး ။
သာမန်ကြားထဲက လုံးဝကြီးကိုသာမန်လူတစ်ယောက်..။
အဲ့ဒါကြောင့်လည်း သူ့ပေါ်တိမ်းယိုင်မိလိမ့်မယ်လို့ မထင်ထားခဲ့တာ..။
ကိုယ့်ကိုယ်ကိုယ် အထင်ကြီးခဲ့မိတာလည်းပါမှာပေါ့..။
ကျွန်တော် မေးပါအုံးမယ်..။
လူတစ်ယောက်ကို စွဲငြိဖို့အချိန်ဘယ်လောက်လိုအပ်လဲ..။
တစ်စက္ကန့် နှစ်စက္ကန့် သုံးစက္ကန့်လား..။
ကျွန်တော်သူ့ပေါ် စငြိမိခဲ့တာတော့ အဲ့ထက်ပိုများတဲ့ စက္ကန့်အရေတွက်တွေနဲ့..။
.
၁၉၈၉
ပျံချီရွာ ။
" မီမီရေ.. ဟေး မီမီ "
" ရှင်.. "
စာအုပ်ဖတ်နေတာကို အမေကအော်ခေါ်တော့ ကုတင်မှာမှောက်ခုံလှဲအိပ်ရင်း စာအုပ်အကြည့်မပျက်ဘဲ လှမ်းထူးရသေးတယ်.. ။
ဘာတွေမှန်းကိုမသိဘူး.. သူများစာအုပ်ဖတ်ကောင်းရင် ခေါ်ပြီ ။
သူများကစားလို့ကောင်းတဲ့ချိန် လည်လို့ပတ်လို့ကောင်းတဲ့ချိန်ဆို ခေါ်ပြီ..။
" ငါ အရှေ့ဝိုင်းသွားမလို့.."
" အမ်အမ်.. "
ကုတင်မှာနေမပျက် စာအုပ်ကြည့်မပျက်ဘဲ အသံပြုလိုက်သည်..။
အနားသွားမနေနိုင်ပေါင်.. သက်သက်အလုပ်ရှုပ်တာပဲ အဖက်တင်မှာ။
စာဖတ်နေတာလည်း အရှိန်ပျက်သွားအုံးမှာ..။
" ညည်းအဖေပြန်လာလို့ငါ့မေးရင် အရှေ့ဝိုင်းမှာလို့.."
" အင်း.. "
" ခဏနေသူတို့ပြန်လာတော့မှာနော်.. ထမင်းခူးကျွေးလိုက်အုံး လျှောက်ပတ်မလည်သေးနဲ့ ကြားလား.. "
" ဟုတ် "
" ငါသွားပြီ "
အမေကတော့ မှာပြီးထွက်သွားပြီ..။
ကိုယ်ကတော့ ကုတင်မှာမှောက်ခုံလှဲအိပ်ပြီး စာအုပ်တစ်အုပ်နဲ့ အေးဆေးနှပ်နေတုန်း..။
" မသောင်းရေ.. မသောင်း "
" ဗျို့.. အမေ မရှိဘူး "
ဘယ်သူအော်နေမှန်း ခွဲမရပေမယ့် ကုတင်မှာနေမပျက်ဘဲ လှမ်းအော်ပြောလိုက်သည်..။
" ဟဲ့.. မီမီလား နင့်အမေရော "
" အရှေ့ဝိုင်းတဲ့.."
" သွားကူပြီလား.."
" ထင်တာပဲ.. "
" ငါလည်း လိုက်သွားလိုက်အုံးမယ်.."
" ဟုတ်.. ဟုတ် "
အရှေ့ဝိုင်းမှာ မြို့ကနေအပြီးပြောင်းလာကြတဲ့ မိသားစုရဲ့ အိမ်တက်ပွဲလုပ်ကူဖို့လေ..ရွာကလူ တော်တော်များများ အဲ့အိမ်ရောက်နေကြပါပြီ ။
မီမီကသာ ဒီနေ့ အိမ်ကပ်ဖြစ်နေတာ..။
မိစံတို့တော့ အဲ့အိမ်ကိုရောက်နေလောက်ရောပေါ့..ဒီနေ့ကကူရမယ့်နေ့ကြီးကို မသွားချင်ပါဘူး ။
မနက်ဖြန်မှ အပီစားဖို့သွားရမယ်..။
" မသောင်း.. မသောင်း "
လာပြန်ပြီ နောက်တစ်ယောက်.. ။
" ဗျို့ အမေ မရှိဘူး.. အရှေ့ဝိုင်းသွားပြီ "
စာအုပ်ကို ခံစားချက်အပြည့်နဲ့မဖတ်ရဘူး..။
တော်ကြာနေရင်း တစ်ယောက်ပြီးတစ်ယောက်ရောက်ရောက်လာတာ..။
" ဟဲ့ မီမီ.. နင်ရောမလိုက်သွားဘူးလား "
" ဟာ.. မ ကုလားမ "
မ ကုလားမတော့ အိမ်ပေါ်ထိတက်လာပြီး ကိုယ်လှဲနေတဲ့ကုတင်မှာ လာထိုင်နေပြီ..။
မထူးတော့ပါဘူး.. ဒီနေ့ ဖတ်လို့အဆင်ပြေသေးမှာမဟုတ် ။
စာအုပ်သာ ပိတ်ပြီးထထိုင်လိုက်ရတော့သည်..။
" မနက်ဖြန်မှ သွားမလို့.. "
" ငါတော့ ခဏနေမှသွားတော့မှာ.. အိမ်မှာဟင်းအိုးတန်းလန်းကြီး "
ဟင်းအိုးတန်းလန်းနဲ့များ အိမ်လာနေသေးရလား..။
" ဆားရှိတယ်မလား နင်တို့အိမ်.."
" အင် ရှိတယ်လေ.."
" နည်းနည်း ချေးစမ်းပါ.. ငါစျေးမသွားရသေးတော့ ကုန်နေပြီအိမ်မှာက.. ဒီတစ်ခေါက် သာဝတ္ထိစျေးနေ့ကျရင် ဝယ်ပြီးပြန်ပေးမယ် "
" ရပါတယ် မကုလားမရယ်.. လိုသလောက်ယူသွားလိုက် "
" အေး.. "
မကုလားမ အနားကထသွားတော့ ကုတင်ပေါ်ပြန်လှဲချလိုက်ကာ ပိတ်ချထားတဲ့စာအုပ်ကို ပြန်ကောက်ကိုင်လိုက်သည်..။
စောနကဘယ်စာမျက်နှာ ရောက်နေတာပါလိမ့်..။
" ငါ ယူသွားပြီဟေ့.. "
" ဟုတ်.. ဟုတ် "
ကိုယ်ဖတ်လတ်စ စာရွက်ကိုပြန်လှန်ရှာနေရင်း လှမ်းအော်လိုက်သည်..။
" မိုးသီးရေ.. မိုးသီး "
ဟော.. လာပြန်ပြီ နောက်တစ်ယောက် ။
ဒီနေ့တော့ စာအုပ်နဲ့ကံပါပုံမရ..။
ဒီတစ်ခါတော့ စာအုပ်ပါချခဲ့ကာ ပြတင်းပေါက်သွားရပ်ပြီး အော်ဖြေရသည်..။
" မိုးသီး မရှိဘူးဟေ့.."
" မမီမီ.. မိုးသီးက ဘယ်သွားတာလဲ "
" ငါလည်းမသိဘူး.. မနက်ကတည်းက ထွက်သွားတာပဲ "
" သူမပြောသွားဘူးလား.."
" အေ့.. သူသွားတတ်တဲ့နေရာတွေ နင်မသိဘူးလား "
" ရှာကြည့်လိုက်အုံးမယ်.. "
အောင်ပြည့်တော့ မိုးသီးရှာဖို့ထွက်သွားပြီ..။
မိုးသီးဆိုတဲ့အကောင်လေးလည်း ထမင်းစားခါနီးလည်းအိမ်ပြန်မလာသေးဘူး..ရွာရိုးကိုးပေါက်လည်ပတ်နေတာ ညနေမှပဲပြန်လာတယ်..ဒါတောင်အသက်က ကိုးနှစ်အရွယ်ပဲရှိသေးတယ် ။
အိမ်လည်ချက်ကတော့ အကြီးသုံးယောက်ထက်သာပါ့..။
ပြတင်းပေါက်နားရပ်ပြီး တွေးနေတုန်းရှိသေး အဖေတို့တော့လယ်ထဲကနေ ပြန်လာကြပြီ..။
ခြင်းတောင်းနဲ့ ပေါက်တူးပေါက်ပြားတွေကို အိမ်တိုင်ဘေးချထားနေကြတာ..။
" ဟူး.. ပူလိုက္တာ "
သိန်းမင်းစိုး ပခုံးမှာစလွယ်သိုင်းချည်ထားတဲ့ ပုဆိုးကိုဆွဲဖြည်ဖြုတ်ကာ ပုဆိုးစနဲ့ပဲ လေ ရအောင်ယပ်ခတ်နေမိသည်..။
တော်တော်ပူအိုက်လောင်စပ်နေတာလေ..။
ဇော်ထွေးကတော့ ခုံတန်းမှာလက်နှစ်ဖက်လုံးကွေးလျက် ဖေးထောက်တက်ကာ ခြေတစ်ဖက်ကိုခုံပေါ်ဒူးထောင်တင်ပြီးထိုင်နေတာ.. ။
" ဒီနေ့ နေ တော်တော်ပြင်းချက်.. "
အိမ်အောက်က စားပွဲနဲ့တွဲထားထားတဲ့ခုံမှာ ဝင်ထိုင်ပြီး ကိုစိုးတို့ညီးပြီ..။
အိမ်ကခြေတံရှည်အမျိုးစားထဲပါပေမယ့် အောက်မှာကနည်းနည်းနိမ့်သည်.. အရပ်တစ်ရပ်စာလောက်ပဲ ကောင်းကောင်းလွတ်သည် ။
ရေနံဆီတွေသုတ်ထားပြီး ဓနိတွေနဲ့အမိုးကာထားသည်.. အိမ်ကသိပ်မမြင့်တော့ လှေကားထစ်သုံးဆင့်နဲ့ ကြမ်းခင်းခုံဆက်ထားသည် ။
ကြမ်းခင်းခုံကိုလည်း ဒူးကျော်ကျော်လောက်ထိ မြင့်ထားသည်..။
" မီလတ်.. မီလတ် "
" လာနေပါပြီ.. ဇွတ်အော်နေတာပဲ "
မီမီ အိမ်ပေါ်ကနေဆင်းရင်း ဖြေရသည်..။
ဇော်ထွေးက အိမ်ရောက်ပြီဆို လူကိုအော်ပြီ..။
ကိုယ့်ထက်နှစ်နှစ်ကြီး ဇော်ထွေးက မီမီ့ကိုမီလတ်လို့ပဲခေါ်သည်.. ။
မီမီကလည်း ဇော်ထွေးကအကြီးဖြစ်ပေမယ့် ဇော်ထွေးလို့ပဲခေါ်တယ်.. ကိုစိုးကတော့အိမ်ရဲ့အကြီးဆုံးသား မီမီထက်ငါးနှစ်ကြီးသည်..အငယ်ကောင်မိုးသီးကတော့ မီမီထက်သုံးနှစ်ငယ်တယ်.. သိန်းမင်းစိုး ဇော်ထွေး ခန့်မီမီလတ် မိုးသီး မောင်နှမလေးယောက် ။
မိန်းကလေးဆိုလို့အိမ်မှာ မီမီတစ်ယောက်ထဲရယ်.. သားယောက်ျားတွေထဲမှာ ရှားရှားပါးပါးမိန်းကလေးတစ်ယောက်ထဲမို့ အခွင့်ထူးခံလူစားလေးပေါ့.. သူတို့ထက်စာရင်ပေါ့လေ ။
" ကိုစိုး.. ရေသောက်မလား "
" မေးနေရသေးလား.. "
" ဟေ့ မီလတ်.. ငါ့လည်းတစ်ခွက် "
" သိပါတယ် "
မီမီ ရေခွက်အပြည့်နဲ့သုံးခွက်ထည့်ပြီး ယူပေးလိုက်သည်..။
အဖေကရေသောက်ပြီး အိမ်ကိုဝေ့ပတ်ကြည့်လိုက်ပြီးမှ..
" နင့်အမေရော.."
" အရှေ့ဝိုင်းသွားတယ်.."
ဒါဆိုရပြီလေ..။
ရွာမှာက ဘယ်နားအပ်ကျတယ်ကအစ သိနေရတာပဲ.. ရှည်ရှည်ဝေးဝေးရှင်းပြနေဖို့မလို ။
" မီလတ်.. မိုးသီးရော "
" ပြန်မရောက်သေးဘူး.."
ဖြေရင်း မီးဖိုထဲဝင်ကာ ထမင်းပွဲသွားပြင်ရသည်..။
" ထမင်းစားချိန် အဲ့ကောင်က ပြန်မလာဘဲ ဘယ်သွားငမ်းပြန်ပြီလဲ.."
" အဲ့ကောင်လား ငမ်းနေလိမ့်မယ်အားကြီး..နီးရာအိမ်ဝင်စားနေလောက်ပြီ "
" အဖေ့.. အဖေ့သား ကြည့်ပြောအုံးနော် "
" ကလေးပဲ ရှိသေးလို့ပါကွာ.. မင်းတို့ကလည်း "
" ဘာကလေးလဲ.. ကလေး ကလေးနဲ့လွှတ်ပေးထားရင် အကြီးခေါင်းတွေပေါ်တက်တော့မယ် "
" ငါကတော့ အတက်မခံဘူး.. ကျောလာရင် တွယ်မှာပဲ "
" ငါလည်းအငယ်တွေကို အလိုလိုက်မှာမပါဘူး.."
မီမီ ထမင်းပန်းကန်တွေချရင်း ကိုစိုးစကားကြောင့် ကိုစိုးကိုပေစောင်းစောင်းကြည့်လိုက်သည်..။
" ဘာကြည့်တာလဲ နင်က.. "
" အငယ်တွေကလည်း အပြစ်မရှိဘဲလာတွယ်လို့ကတော့ ငြိမ်ခံနေမှာမဟုတ်ဘူးနော်.."
ပြောပြီး ဟင်းပန်းကန်တွေ ပြန်သွားသယ်ရပြန်သည်..။
" နင်ကဘာလုပ်ချင်သေးလို့လဲ.."
နေရာကမထဘဲ လှမ်းစိန်ခေါ်နေတဲ့အသံနဲ့ ဇော်ထွေး..။
" ဘာမှမလုပ်ချင်ဘူး.. ကိုယ်မဟုတ်တာခံရရင်တော့ ငြိမ်မခံဘူးလို့သိအောင်ပြောပြတာ "
" အံမာ.. ဒင်းကပဲ "
" ကဲကွာ စားကြစမ်းပါ မင်းတို့ကလည်း.. ငါတို့လယ်ထဲ စောစောပြန်ဆင်းရမှာနော် သာဒင်တို့က ဒီနှစ်ငါတို့ထက် အထွက်နှုန်းသာအောင်လုပ်ပြမယ်လို့ အော်ထားတာ.. "
" အဲ့လူကြီးများ ကြောက်လို့ အဖေရာ.."
" အေးလေဗျာ.. သူ့ဧကလေးနဲ့ ကျွန်တော်တို့ကိုနိုင်ပါလိမ့်မယ် အားကြီးကြီး "
" သူကလယ်စာရင်းငှားတယ်ကွ.. ငါတို့ကသားဖသုံးယောက်ထဲ စိုက်နှုန်းသာမှာစိုးတာ "
" အဖေ့ကိုပြောသားပဲ.. လူငှားရအောင်လို့ "
" မင်းတို့ရှိနေတာပဲ.. ပိုက်ဆံအပိုတန်းကုန်အောင်ဘာလို့ ငှားနေမှာလဲ "
အဲ့တော့အစ်ကိုနှစ်ယောက်လုံးက မပြောတော့ဘူးဆိုတဲ့ပုံစံနဲ့ ထမင်းသာငုံ့စားနေကြတာ..။
ပြောလည်းထူးမှာမှ မဟုတ်တာ.. ငပြောသာသာပဲရှိမယ် ။
မီမီလည်း အဖေတို့နဲ့အတူ ထမင်းဝိုင်းဖွဲ့စားလိုက်သည်..။
ထမင်းစားပြီး လယ်ထဲပြန်သွားကြပြီ.. မီမီကတော့ ဆေးကြောသိမ်းဆည်းပြီး ရွာထဲထွက်ခဲ့သည်..။
လည်ပတ်ဖို့အချိန်ကျပြီလေ..။
.
" ဟာ.. မဝတ်ချင်ပါဘူးဆို "
" မဝတ်လို့ရမလား.. မိစံတို့ လုံမတို့လည်း ဝတ်သွားကြတာ သီလို့ နင်ကမဝတ်သွားတော့ဘယ်လိုထင်မလဲ "
" ဘယ်လိုထင်ထင်ပေါ့.. မီမီတို့က ဘယ်အဆင့်လဲဆိုတာ ရွာသိမြို့သိပါ ဒါတွေမလိုပါဘူး "
" မရှည်နဲ့ မီလတ်.. ဝတ်ဆိုဝတ် "
" အမေကလည်း မဝတ်ချင်ပါဘူးဆို.."
" မီလတ်.."
" ဟ.. အမေတို့ ဘာဖြစ်နေတာလဲ "
ဇော်ထွေး ရောက်လာတော့ ဇော်ထွေးကိုလှမ်းအကူခေါ်ရသည်..။
" ဒီမှာလေ..ငါ့ကို ရွှေတွေဇွတ်ဝတ်ခိုင်းနေတယ် အိမ်တက်လေးသွားမှာကို "
" မီလတ် မဝတ်ချင်ရင် မဝတ်ခိုင်းနဲ့ပေါ့ အမေရာ.."
" နင်ကဘာသိလို့ဝင်ပြောနေတာလဲ.. မိန်းမတွေရဲ့ပါးစပ်ကို မိန်းမတွေပဲသိတယ် မီလတ် ဝတ်ဆိုဝတ်လိုက်နော် အပိုစကားမပြောချင်ဘူး.."
ဇော်ထွေးတို့ ခေါင်းကြီးလွှဲသွားပြီ.. အဲ့ဒါများမနိုင်ဘဲ ပဲကြီးစားပြဖို့ရောက်လာသေးတယ် အလကားဇော်ထွေး ။
မီမီတော့ နှုတ်ခမ်းကြီးစူကာ ကောက်ချိတ်နေပြီ..။
ပွဲတစ်ပွဲရှိရင် ခေါင်းကစခြေဆုံး လူတစ်ကိုယ်လုံးကိုရွှေသွင်းချင်တာ အိမ်ကအမေ.. ကိုယ့်မှာတော့ တစ်ကိုယ်လုံးဝင်းထိန်နေတာ မနေတတ်။
မလွတ်လပ်သလိုလည်း ခံစားရသေးတယ်..။
သူများက ဘယ်ပွဲမှာဘယ်လောက်ထုတ်ဝတ်တတ်တာ.. ဘယ်လောက်တန်လုပ်ထားတာနဲ့ နှိုင်းလို့မဆုံး ဆင်လို့မဆုံး ။
ရွှေတင်ပဲလား.. ဝတ်လာတဲ့အဝတ်စားကစ ဖိနပ်အဆုံး တစ်ယောက်နဲ့တစ်ယောက်ပြိုင်မပြီးတော့ဘူး ။
ဒီလိုပြိုင်တတ်ကြဖို့ သူတို့ကိုဘယ်သူကသင်ပေးခဲ့လဲမသိဘူး.. အိမ်ကအမေတင်မဟုတ် တစ်ရွာလုံး.. မဟုတ်သေးဘူး ရွာနီးစပ်ချုပ်အားလုံးပဲ ။
" မီလတ် မြန်မြန်ဝတ်ခဲ့.. ဟိုမှာပွဲကစနေပြီ တော်ကြာနေမြင့်မယ် "
ထပ်ပြီးအကွန့်တက်လည်း မီမီပဲအရှုံးဖြစ်မှာ.. ဝတ်လိုက်ပါတယ် ဘယက်တစ်ကွင်း.. ညှပ်ရိုးကျော်ကျော်နားထိရှိတဲ့ ရွှေဆွဲကြိုးတစ်ကွင်း.. ရင်ညွှန့်နားလောက်ထိရှိတဲ့ဆွဲကြိုးတစ်ကွင်း..ပုလဲဆွဲသီးလေးလည်းပါပါ့ ။
လက်မှာလည်း ဘယ်တစ်ကွင်း ညာတစ်ကွင်းပြူ းနေတဲ့ စိန်ကျောက်လေးပါတဲ့လက်စွပ်..လက်ကောက်ဝတ်မှာလည်း ရွှေလက်ကောက်သုံးလေးကွင်းအထပ်လိုက် ။
" ဒီဘီးစကုပ်က နင့်အဘွားဟာ.. နင့်ဆံပင်နဲ့မရသေးလို့မဝတ်သေးနဲ့ "
ဝတ်ချင်ပါတယ်လို့လည်း မပြောရပါဘူးနော်.. အဲ့ဘီးစကုပ်ဆိုတာလေးကလည်း ရွှေချည်းပဲလေ.. ကျန်သေးတယ်အမွေဆိုတဲ့ဟာ ဆံညှပ်လိုလို ဆံကုပ်လိုလိုကိုမှ လက်တစ်ဝါးလောက်ရှည်တဲ့ ရိုးတံလိုဟာကြီးနဲ့ထိုးပန်ရတဲ့ဟာ.. နောက်ရွှေဆံဘီး.. ။
အို..စုံလို့ပါပဲ ။
ဘာတွေမှန်းလည်း မပြောတတ်ပါဘူး.. ဝတ်ရတာ မကြိုက်ပေမယ့် အဲ့ဒါအားလုံးက မီမီ့အပိုင်တွေပါတဲ့.. ဘယ်လောက်ကောင်းလဲ ။
မနှစ်က အရေးခင်းဖြစ်တုန်းက ဒါတွေကိုကြောက်လန့်ပြီး မြေကြီးထဲဖွက်ထားခဲ့ရတာ..ခုတော့ပြန်တူးဖော်ပြီး သိမ်းထားတာ ။
ဒါတောင်အရေးခင်းဖြစ်ရတဲ့ကြားထဲ တစ်ဖက်ရွာကပါ ညတွေဆိုဓားပြတိုက်တယ်ကြားလို့ ညကြီးမင်းကြီး ရေနံခွက်ကြီးထွန်းပြီးနေရာပြောင်းခဲ့ရသေးတယ်..။
ညတွေဆိုကောင်းကောင်းမအိပ်ရ.. နေ့ခင်းနေ့လယ်ဘက်ဆိုလည်း ရွာထဲစိတ်ရှိတိုင်းမသွားရဲ.. သာဝတ္ထိစျေးနေ့တို့ အေလာစျေးနေ့တို့ဆိုလည်း လိုက်သွားချင်လည်းမလိုက်သွားရ ။
အယ်.. အဲ့နှစ်တုန်းက ကျောင်းရောက်တော့ဆရာမက ရက်အကန့်သတ်မရှိကျောင်းပိတ်တယ်ဟေ့ ပြောတုန်းကကိုယ်တွေဖြင့် အသံကုန်ဟစ်ရင်းအိမ်ကိုပြန်လာခဲ့ရတာတော့ အမှတ်တရပါလေ..။
ကျောင်းသားတိုင်း ကခုန်ပြီးပြန်လာကြတာ..ရွာလမ်းမှာဖြင့်အဖြူ စိမ်းဖွေးဖြူ လို့ပါလေ ။
မိဘတွေကဘာလို့ပြန်လာကြလဲမေး.. ကိုယ်တွေမှာတော့ ဆရာမကကျောင်းပိတ်တယ်ပြောပြီးအိမ်တန်းတန်းမတ်မတ်ပြန်ခိုင်းတာလို့ ဖြေခဲ့ကြတာ ။
ဘာဖြစ်မှန်းလည်းသိမှမသိကြတာကိုး.. မေးမြန်းဖို့လည်းစိတ်ထဲမရှိ ။
ကျောင်းပိတ်ရင်ပျော်နေကော..။
မကြာပါဘူး.. လေးငါးခြောက်လလောက် အချုပ်နှောင်ထဲနေလိုက်ရတာ ။
ရွာထဲစိုက်သမျှ ကောက်ပဲသီးနှံဆန်စပါးရောင်းမကောင်း.. အခွန်တွေလည်းတက်တယ်ဆိုလား.. အဖေတို့တော်တော်စိတ်ညစ်ခဲ့ရတဲ့နှစ်တစ်နှစ် ။
အရယ်ပြုံးတွေ ရွှင်လန်းတက်ကြွတဲ့စကားသံတွေနဲ့ အုံ့မှိုင်းတိတ်ကျတဲ့နှစ်တစ်နှစ်..။
အမလေး.. ပြန်တွေးတိုင်း စိတ်ရှုပ်စရာကြီးပါ ။
" ပြီးရင် လုပ်.. သွားမယ် "
အမေကတော့ ခပ်သုတ်သုတ် အိမ်ပေါ်ကဆင်းသွားပြီ..။
" ဇော်ထွေး.. နင်ရောမလိုက်ဘူးလား "
" အေး.. "
" ဟဲ့.. ဝက်သား အမဲသား အလျှံပယ်တဲ့နော် "
" စားနေကျပဲကို.. "
" တကယ်မလိုက်ဘူးလား.."
" ဟဲ့ မီလတ်.. မလာသေးဘူးလား "
" လာပြီ အမေရေ့.."
အမေက အောက်မှာအသံကုန်အော်ခေါ်နေပြီ.. မီမီ့ကိုစောင့်ရတာ စိတ်မရှည်လို့နေမှာပေါ့ ။
" ခေါ်နေပြီ.. သွားတော့ သွား "
" ငါအပြန်ယူခဲ့ရမလား.. "
" မလိုဘူး.. ကိုစိုးရှိတယ် "
" ကိုစိုး သွားပြီလား.."
" အေး.. ခဏနေပြန်တောင်လာတော့မှာ "
" သူယူလာမှာမို့ ရပြီပြောတာမလား.. ဒါများ စားနေကျလေးဘာလေးနဲ့ "
" အဟွင်း.."
ဇော်ထွေးက ပြုံးပြနေပေမယ့် မီမီကတော့ မျက်စောင်းတစ်ချက် ဝင့်ချီပြီးထွက်လာခဲ့လိုက်သည်..။
" လာစမ်းပါ.. နှေးဆိုပဲ "
အမေကတော့ မီလတ်လက်ကိုဆွဲခေါ်ပြီး အရှေ့ဝိုင်းဦးတည်နေပြီ..။
မိုးသီးလည်း အဲ့အိမ်မှာ.. ရွာမှာက ဘာပွဲလေးပဲလုပ်လုပ်မီးခိုးတိတ်ကိုး ။
အလှူ ငွေတွေ ဘာကြေးညာကြေးတွေ တစ်ခုမှမလို.. လူကိုယ်တိုင်လေးသွားပြီး ဗိုက်လေးထဲအဝဖြည့်ရုံ ။
ရွာရဲ့ဓလေ့ထုံးစံတစ်ခုလို ဖြစ်နေတာ..။
" မီမီ.. မီမီ့ "
အိမ်တက်လုပ်တဲ့အိမ်ရဲ့ဝိုင်းထဲဝင်တာနဲ့ လုံမနဲ့မိစံက နေရာကနေ ထိုင်ရင်းလက်တွေမြှောက်ကာရမ်းပြခေါ်နေတာ..။
လူတွေများလို့ မီမီတန်းမမြင်ရ..အသံကြားရာဘက်ကိုမျက်လုံးကစားရသေးတယ် ။
ဟော.. တွေ့ပါပြီ လူကြီးတွေကြားမှာ မြုပ်နေတဲ့ကိုယ်လေးတွေ ။
" အမေ.. ဟိုမှာ မိစံတို့နား သွားလိုက်မယ်နော်"
" အေး..ငါက ဝိုင်းစိန်တို့နားရှိနေမယ် "
သားမိနှစ်ယောက် တစ်ယောက်တစ်နေရာ..။
" မီမီ.. နင်ကလည်းနောက်ကျလိုက်တာ "
" ငါကနင်တို့လိုအငတ်မှမဟုတ်ဘဲ.. အလှူ အိမ်စောစောလာရအောင် "
" အမလေး.. မိန်းမ ပြောရဲလိုက်တာ "
မီမီကတော့ ပြုံးချိုချိုလေးသာ ပြုံးပြလျက်..။
" လုံမ.. ငါ့ထဲ အဆီဖက်ကြီးလာမထည့်နဲ့ "
မိစံ ပန်းကန်ထဲ ဝက်ဆီဖက်ကြီးရောက်တော့ အသံတွေထွက်လာပြီ..။
" ငါမစားချင်လို့.. "
" မစားချင်ရင် အစကတည်းက မဆယ်နဲ့ပေါ့.."
" အသားမှတ်လို့ယူမိတာပါအေ.."
" မှားယူမိရင်လည်း ကိုယ့်ပန်းကန်ထဲကိုယ်ထည့်ထားပါလား..ဘာလို့ငါ့ပန်းကန်ထဲလာထည့်တာလဲ "
" နင်အဆီတုံးကြိုက်တယ်မဟုတ်ဘူးလား.."
" အမလေး.. အိမ်မှာငတ်မှာစိုးလို့ စားရတာ အလှူ ပွဲတော့မရဘူး အသားချည်းစားမှာ "
" အေးလေ.. မိစံပြောတာဟုတ်တယ် ဒီလိုနေ့မှာအသားချည်းစားရမှာပေါ့ "
မီမီကပါမျက်ခုံးပင့်ထောက်ခံတော့ မိစံကပါလိုက်ခေါင်းညိတ်တာ..။
လုံမကလည်း မျက်နှာကြီးမဲ့ပြပြီး..
" ငါလည်းမစားချင်ဘူး..ပန်းကန် ပြန်ထည့်ဟာ"
" ရပါ့မလား.."
" ဘာလို့မရဘဲနေမှာလဲ..ငါပြမယ် "
မီမီက မိစံပန်းကန်ထဲက ဝက်ဆီဖက်မှာကပ်နေတဲ့ ထမင်းစိတွေဇွန်းနဲ့ပြန်ဖယ်ပြီး ဝက်သားပန်းကန်ထဲပြန်ထိ်ုးထည့်ထားလိုက်သည်..။
ဘယ်သူသိမှာကျလို့..။
" ဒီခါ အသားတုံးပဲဆယ်ရမယ်.."
လုံမတို့ ပန်းကန်ထဲ ဇွန်းနဲ့သေချာမွှေနှောက်ပြီး အသားဖက်ရှာနေတာ..။
မီမီကတော့ အသားချည်း ဦးယူထားတဲ့ဝက်သားနဲ့အမဲသားကြီးကြီးတစ်တုံးစီ ပန်းကန်ထဲ ထည့်ထားပြီးပြီ..။
မိစံလည်း အသားတုံးမှန်သမျှသူ့ပန်းကန်ထဲမှာ..။
သူငယ်ချင်းသုံးယောက် ထောင့်ဆုံးဝိုင်းမှာ လူမရှိသေးခင် စိတ်တိုင်းကျစားနေခဲ့တာ..။
သူတို့အနောက်မှာထိုင်နေတဲ့ ကောင်လေးတစ်ယောက်ကိုတော့သတိမထားမိကြ..။
.
" အဲ့ကောင်မ ငါ့ကိုသက်သက်ညစ်တာ.. ကြိုးမထိတာကို ကြိုးထိတယ်တဲ့ "
" သူ့အလှည့်ကျ သေချာကြီးကိုကြိုးထိတာတောင် အသားကုန်ငြင်းတယ်.."
" အဲ့အေးမာက အဲ့အတိုင်းပဲ.. သူကစားရင် တအားညစ်တာ အငြင်းလည်းသန်ပါ့ "
" အဲ့လိုညစ်လည်း ငါတို့ကိုနိုင်တာကျလို့.."
" အဲ့ဒါပြောတာပေါ့.. သူ့လောက်လေးကတော့အသာလေးပဲ "
" ဟုတ်ပါ့.. "
သုံးယောက်သား သူတစ်ခွန်းငါတစ်ခွန်းရွတ်နေတာ..။
ကြိုးခုန်နည်းကစားတာ.. အစပိုင်းတော့အဆင်ပြေပါတယ် နောက်ပိုင်းကျအေးမာတအားညစ်လာတာ ။
ရန်ဖြစ်ဖို့နည်းနည်းပဲလိုတော့တယ်.. အဲ့နားကကြီးပုကဝင်အော်လို့ လူစုခွဲလာရတာ ။
ကြီးပုကြောင့်ပေါ့.. မဟုတ်ရင်ပွဲကြီးကြီးဖြစ်နေပြီ။
" ဟဲ့.. မီလတ် "
ခေါ်သံကြားလို့ လှည့်ကြည့်တော့ မြို့ကပြောင်းလာကြတဲ့အိမ်ကိုရောက်နေတဲ့ အမေ့ကိုမြင်ပြီ..။
" လာ..သွားမယ် "
သူငယ်ချင်းသုံးယောက် အမေတို့နားသွားပြီး လွတ်တဲ့ခုံတန်းမှာ သုံးယောက်သားတန်းစီထိုင်လျက်..။
" ဒါကဘယ်ကပြန်လာကြတာလဲ.."
" အေးမာတို့နဲ့ဆော့ပြီး ပြန်လာတာ..အဲ့အေးမာညစ်လို့ ပွဲအစောသိမ်းလာတာ "
" ဆော့ပြန်ပြီလား အေးမာနဲ့.. မတည့်ကြတာလည်းနင်တို့ပဲ ဆော့မယ့်ဆော့ပြန်တော့လည်းသွားရောတာနင်တို့ပဲ..ပြီး ကြားရပါပြီအသံတွေက.. နောက်ခါဒီလိုပြောနေမယ်ဆို သွားဆော့မနေနဲ့ "
သုံးယောက်သား နှုတ်ခမ်းတွေစူကာ သူ့ပေါင်ဆိတ်ငါ့ပေါင်ဆိတ်နဲ့..။
" မစုမေ..အလယ်ကကျွန်မသမီး ခန့်မီမီလတ် ရွာမှာတော့မီမီလို့ပဲခေါ်ကြတယ်.. သားယောက်ျားတွေချည်းထဲမှာ တစ်ယောက်ထဲပါတဲ့သမီးပေါ့..အငြိမ်ကိုမနေတဲ့ပေါက်ကျော်တစ်ကောင်.."
" အမေနော်..မီမီကဘာလုပ်ထားတာရှိလို့လဲ"
အဒေါ်စုမေကတော့ ပြုံးနေလို့..။
အမေကတော့ မပြောချင်ဘူးဆိုတဲ့မျက်နှာထားနှင့်..။
" ဘေးကသူ့လိုမျောက်နှစ်ကောင်..မိစံနဲ့ လုံမ..ခွန်နှတန်းကျောင်းသူတွေတဲ့ နည်းနည်းလေးမှမတူတာ..ရွာထဲကလေးတွေနဲ့ပေါင်းပြီးသောင်းကျန်းတုန်း "
" ကြီးသောင်းကလည်း ကောင်းတာရွေးမပြောဘူး.."
" ညည်းတို့မှာကောင်းတာ ဘာရှိလို့လဲ.."
သုံးယောက်သား အဒေါ်စုမေကိုသာ သွားဖြဲပြီးသာရယ်ပြနေရသည်..။
" သမီးတို့ကလည်း ခွန်နှတန်းတွေလား.."
" ဟုတ်ကဲ့.."
" အဒေါ့်သားငယ်လည်းခွန်နှတန်းပဲ..အတော်ပဲ သားအဖော်ရတာပေါ့ နိုင်နိုင်ရေ နိုင်နိုင် "
အဒေါ်စုမေက အပေါ်ကိုမော့ပြီးအော်ခေါ်နေတော့ မမြင်ရပေမယ့်လည်း သုံးယောက်သားလိုက်မော့ကြည့်သေးတာ..။
သားနှစ်ယောက်ရှိတယ်သာကြားထားတာ..မြင်မှမမြင်ရသေးတာကိုး ။
သေချာလိုက်ကြည့်မနေခဲ့တာလည်းပါမယ်..ကိုယ့်တစ်နေ့တာတောင် ကစားနေရလည်ရတာနဲ့ကိုမအားနေဘူးလေ ။
ရွာထဲကလူတွေပြောတာတော့ ကြည့်ကောင်းတယ်ချောတယ်တဲ့..။
" နိုင်နိုင်ရေ.."
" ဗျာ.."
" အောက်ဆင်းလာပါအုံး.."
ပြန်ဖြေသံထပ်မကြားပေမယ့် အပေါ်မှာခြေသံတော့ကြားနေရသည်..။
ခြေတံရှည်အိမ်ပေမယ့် ဒီအိမ်ကမီမီတို့ထက်ပိုမြင့်တယ်..ပြီး အပေါ်ထပ်မှာဝရံတာသေးသေးလည်းထုတ်ထားသေးသည် ။
မီမီတို့အိမ်မှာတော့ ဝရံတာလိုမျိုး ထုတ်ထားတာမရှိ..။
" ဒီမှာလေ..အဒေါ့်သား သူလည်းခွန်နှတန်းပဲ နာမည်က နိုင်ဇေဟန်မင်းတဲ့ အိမ်ကတော့နိုင်နိုင်လို့ပဲခေါ်တယ်.. အကြီးတစ်ယောက်က ထက်သီဟအောင်..သူက သူ့အဖေနဲ့လိုက်သွားတယ် သူကဆယ်တန်းလေ "
အဲ့နေ့က မီမီတို့စတွေ့တဲ့နေ့..။
ပြောစရာထွေထွေထူးထူးမရှိပါဘူး.. သူကအုန်းဆီသေချာလိမ်းပြီး ဆံပင်တွေကိုသေချာဖြီးထားတာ.. အဲ့တစ်ချက်လောက်ပဲ မီမီသတိထားမိတာ။
အယ်..နောက်တစ်ချက်က မီမီတို့ကိုကြည့်တဲ့သူ့အကြည့် ။
သုံးယောက်လုံးကို မျက်ခုံးကြီးတွန့်ပြီးကြည့်နေခဲ့တာ.. ဘာလို့မှန်းတော့မသိခဲ့ ။
" နိုင်နိုင်..သူတို့သုံးယောက်လုံးလည်း နိုင်နိုင်လိုခွန်နှတန်းကျောင်းသားတွေပဲတဲ့.. နိုင်နိုင်အဖော်ရသွားတာပေါ့ "
" မိန်းကလေးတွေနဲ့.."
သူ့အသံပါ.. မနိမ့်လွန်းသလို မကျယ်မမာတဲ့အသံ စူးရှတာမျိုးလည်းမရှိ.. တကယ်နားထောင်လို့ကောင်းတဲ့အသံမျိုး ။
" အဟင်း..ရွာထဲမှာတော့ ကျောင်းနေတဲ့သူသိပ်မရှိဘူး..သိတဲ့အတိုင်း ၈၈အရေးတုန်းကကျောင်းပိတ်တော့ ကျောင်းပြန်တက်ဖို့ပျင်းတဲ့သူနဲ့ အဆင်မပြေကြလို့မထားကြတဲ့သူနဲ့..မိရိုးဖလာမိဘအလုပ်ကိုဝိုင်းကူလုပ်နေတဲ့သူနဲ့ သိပ်ကျောင်းဘက်အားမပါကြတော့တာ.. ကျွန်မတောင်မီလတ်ကိုထားချင်တာမဟုတ်ဘူး.. အိမ်မှာနေလည်း အားယားပြီးလျှောက်သွားလွန်းလို့သာ ထားထားတာ.."
" ကျောင်းထားတာကောင်းပါတယ်..သူတို့လေးတွေစာတတ်ကြတော့ သူတို့အတွက်ရော မသောင်းတို့အတွက်ရောကောင်းတာပေါ့ "
" ဘယ်လိုလာမယ်မပြောတတ်သေးပါဘူးရှင်..ခုတော့သူစာအုပ်ကိုင်တာကိုမမြင်ရသေးဘူး "
" အဟင်း... နိုင်နိုင် နောက်ဆိုဒါသူငယ်ချင်းတွေပဲနော် တည့်တည့်ရှုရှုနေကြ.."
" အဟင်း..အဟီး "
သုံးယောက်သား ပြုံးပြနေလည်း ပြန်မပြုံးပြတဲ့တည်တင်းတင်းမျက်နှာနဲ့ မျက်ဆံနက်တစ်စုံ..။
မီမီတို့ဘဝထဲကို နိုင်နိုင်က အဲ့လိုပုံစံနဲ့ဝင်လာခဲ့တာပါ..။
သိပ်တော့ အချိုးမကျပေမယ့်လည်း..သူအဲ့လိုပုံစံနဲ့တဖြေးဖြေးဝင်ခဲ့မယ်မှန်း ကြိုသိခဲ့ရင် ။
🌸pann
.........................................................
pann မျက်စိထပ်နောက်ဖို့ ပြန်လာပါပြီရှင့်..။
စိတ်များညစ်သွားကြလားနော်..။
ဒီတစ်ခေါက်ရွေးထားတဲ့ဇာတ်မှာ တကယ့်ဇာတိတွေဋ္ဌာနေတွေ ထည့်ထားပေမယ့် စိတ်ကူးယဉ်အတွေးနဲ့ပေါင်းစပ်ထားသည်..။
ကိုယ်မကျွမ်းကျင်တဲ့နေရာလည်းဖြစ်လို့ လိုအပ်ချက်ရှိကောင်းရှိနိုင်သည်..။
တစ်စုံတစ်ဦးတစ်စုံတစ်ရာကို ထိခိုက်စေလိုခြင်းစိုးစဉ်းမရှိ..အမှားတစ်စုံတစ်ရာပါပါက နားလည်သည်းခံခွင့်လွှတ်ပေးဖို့ ကြိုတင်မေတ္တာတောင်းခံအပ်ပါတယ်နော် ။
လိုအပ်ချက်ဖြင့် ထပ်စအုံးမည့်ပန်း..။
အားလုံးကျန်းမာကြပါစေ..။
ဘေးဒုက္ခအန္တရာယ်အပေါင်းမှ ကင်းဝေးလွတ်မြောက်နိုင်ကြပါစေ..။
အချိန်ပေးပြီးဖတ်ပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင့်..🙏
ကြိုးစားပုံဖော်သွားပါမည်..💪
Continue Reading
You'll Also Like
2.2M 148K 104
Doctor Handsome & Medical Student
10.2K 348 35
He Is The Only One I Love The Most { Own Creation } သူသာလျှင် အချစ်ဆုံးပေမို့ (သူသာလျှင် အချစ်ဆုံးပေမို့) Start Date ..... 22.2.2022 End ..... 27.5.2...
946K 81.1K 89
223K 7.9K 51