အပိုင်း(၂၃)
မြို့တော် ဟိုနိုလူလူလေဆိပ်ကိုရောက်တာနှင့် လူကပန်းချင်နေပြီဖြစ်သည်။ flightက နာရီ၂၀လောက် စီးခဲ့ရတာဖြစ်လို့ လူကနုန်းချိနေ၏။
Luggage တွေထုတ်ပြီး လုပ်ရိုးလုပ်စဉ်တွေလုပ်ပြီးတော့ နေ့ခင်းပင်ရောက်နေပြီဖြစ်သည်။ ဟာဝိုင်အီကအပူပိုင်းဖြစ်သည့်တိုင် အရမ်းကြီးသိသိသာသာတော့ မပူပါ။
"အံမလေး လူတွေများနော်…လူမှုဆက်ဆံရေးက ကွက်ကျားမိုးရွာနေသလိုပဲ ။ လေယာဉ်ပေါ်မှာတောင် ခေါင်းအုံးလေးပိုယူလာရတာနဲ့ ရုပ်ရှင်အတူကြည့်ရတာနဲ့ "
သူ့ဘေးနားသို့ရောက်လာကာ တမင်မကြားကြားအောင် ကပ်ပြောသူကတော့ ဆူးဒေဝီရယ်ပါ။ လေယာဉ်ပေါ်က ကိစ္စတွေကိုအခုထိ မကျေနပ်နိုင်ဖြစ်နေသေးလားတော့မသိ။
"ဆူးဒေဝီ နင်လည်းသူများနိုင်ငံရောက်တာတောင် ပေါက်ပေါက်ဖောက်နေတုန်း "
သူပြောတော့ ဆူးကလျှာထုတ်ကာပြောင်ပြသည်။ဘေးက တိတ်ဆိတ်နေသောသူကို လှည့်ကြည့်လိုက်တော့ မအီမသာဖြစ်နေပုံရသည်။
"ညိမ် ခင်ဗျားအဆင်ပြေရဲ့လား အန်ချင်လို့လား "
"ကိုယ်ခေါင်းမူးတယ် ခီ "
"အင်း အင်း ။ ဟိုနားကထိုင်ခုံစီကို သွားနိုင်လား "
"ရတယ် ရတယ် "
ခီတန်ကူးဇဏ် လေယာဉ်ကွင်းအပြင်ဘက်မှ ထိုင်ခုံတစ်ခုံတွင် ညိမ့်အားထိုင်စေသည်။ပြီးမှ luggageများဆွဲကာ နောက်မှလိုက်လာသော ဆူးနဲ့ရတု ကိုအကျိုးအကြောင်းပြောရသည်။
"မင်းတို့နှစ်ယောက်က ဟိုတယ်ကိုသွားလိုက်တော့ ငါဖုန်းဆက်ထားတယ် ။ ညိမ်ခေါင်းမူးနေတာမို့ ကားစီးနိုင်မှာမဟုတ်လောက်ဘူး "
"အင်းအင်း ဒါဆိုဟိုတယ်ရောက်ရင်ဖုန်းပြန်ဆက်လိုက်မယ် ။ ကိုမိုးသန့်အဆင်ပြေမှ လိုက်ခဲ့လိုက် ။ "
"အင်း။ ငါကြည့်လုပ်လိုက်မယ် ။ကားစောင့်နေလောင်ပြီ သွားကြတော့ "
ဆူးက မသွားချင်သလို ပေတေတေလုပ်နေသဖြင့် သူပခုံးမှ လှည့်ကာတွန်းလိုက်ရသည်။
ထိုင်ခုံမှာထိုင်နေသော ညိမ့်ကိုကြည့်လိုက်တော့ နဖူးတွင် ချွေးစလေးများဆို့နေသည်။ သူအင်္ကျီလက်လေးနဲ့ ခပ်ဖွဖွသုတ်ပေးလိုက်တော့ သူ့ကိုမော့ကြည့်လာ၏။
"ကျွန်တော် ဆေးဆိုင်မှာဆေးသွား၀ယ်လိုက်ဦးမယ် ဒီမှာခဏလောက်နေခဲ့လိုက်နော် ။ ဒီနားက လေလည်းရတော့ အဆင်ပြေမှာပါ "
"အင်း "
ခပ်သုတ်သုတ်ထွက်သွားတဲ့ ကျောပြင်ကိုကြည့်ပြီး ညိမ်တကယ် အားကျရသည်။ ပြည်ပခရီးတွေဘယ်လောက်ထွက်ဖူးလဲ မသိ။ အရာအားလုံးကို ဦးဆောင်နိုင်သည့်
အရိပ်အယောင်မျိုး ခီတန်ကူးဇဏ်တွင်ရှိသည်။ တစ်ယောက်တည်းထိုင်ရင်း ဟိုကြည့်ဒီကြည့်လုပ်နေမိသည်။ ခရီးတွေသွားလျှင် အမြဲတစ်ခုမဟုတ် တစ်ခုဖြစ်တတ်သော ကိုယ့်ကိုယ်ကိုယ်လည်း အမြဲစိတ်ပျက်သည်။
ခပ်သင်းသင်းရနံ့နဲ့ အတူဘေးဘက်ခုံတွင် ထိုင်လိုက်သော ကောင်လေးတစ်ယောက်ကြောင့် ဘေးဘက်သို့အကြည့်ရောက်မိတော့....
စူးစူးရဲရဲ အကြည့်များနှင့် တိုးသည်။ ကောင်လေးက ဘာမှမပြော ဖုန်းကိုသာခြေချိတ်ထိုင်လျက် သုံးနေသည်။
ဆံပင်အမဲရောင်အရှည်ကိုမှ Underhaircutညှပ်ထားပြီး ဆံပင်အရှည်ကို ကြိုးနဲ့စုစည်းထားသည်။နားမှာလည်း နားကွင်းက အလွန်ဆုံးလေးကွင်းလောက်နဲ့ ဖြစ်သည်။
မျက်လုံးများကစူးရဲနေတာ နှုတ်ခမ်းထူထူနှင့် တော်တော်လေးချောတဲ့ထဲတွင်ပါသည်။ ခီနှင့်ထိုကောင်လေးက ပုံစံမတူသော်လည်း စူးရဲနေသောမျက်လုံးများနှင့် တင်းတင်းစေ့ထားသောနှုတ်ခမ်းက တူညီနေသလို ခံစားနေရသည်။
ဆံပင်အမဲနဲ့ဆိုတော့ အာရှသားများလား...အသားကလည်း အဝါဘက်နည်းနည်းသန်းသလိုလို။
"Hey baby ... what are you looking for?"
ညိမ်ရေရွတ်နေတာကို ကြားသွားလားမသိ။ nativeသံပီပီသသနဲ့ အင်္ဂလိပ်လိုထွက်လာမှ ကိုယ်ထင်နေတာမဟုတ်မှန်းသိရသည်။
မိုးသန့်ညိမ်လည်းရုတ်တရက်မို့ ဘာပြောရမှန်းမသိ ခေါင်းသာခါပြလိုက်သည်။
"အာရှရုပ်မို့ အာရှသားထင်နေတာမဟုတ်ဘူးဘဲ"
သူခပ်တိုးတိုးရေရွတ်မိတော့…တစ်ဖက်မှ
"ခင်ဗျားက မြန်မာလား "
"ဗျာ "
"မြန်မာဟုတ်နေတာပဲ "
"ဟုတ်တယ်ဗျ ။ မင်းလည်းမြန်မာပဲလား "
"အင်းး အဲ့လိုပြောလို့ရပါတယ် ဒါပေမဲ့ကျုပ်က USမှာ နေတာ "
"အာ…"
သူဘာဆက်ပြောရမှန်း မသိခင်ကောင်လေးက သူ့ကလက်ထဲမှ လက်ကိုင်ပဝါကိုထုတ်ပေးလာ၏။
"ချွေးတွေထွက်နေလို့ ။ဘာလို့လဲ နေမကောင်းဘူးလား "
"အင်း နည်းနည်းပါ ဘယ်သူ့ကိုစောင့်နေတာလဲ"
"အသိညီလေး တစ်ယောက်ကိုပါ သူဆေးသွား၀ယ်နေတာ"
ထို့နောက် ကောင်လေးက တစ်ခုခုကို သူ့အိတ်ထဲမှ ရှာထုတ်နေ၏။
သူ့ရဲ့ ၀တ်စားပုံ ၊ အသုံးအဆောင်တွေက နည်းနည်းအဆင့်မြင့်ပေမဲ့ စကားပြောပုံက ကျုပ်ဆိုတာ သိပ်တော့ နားထောင်ရတာ အဆင်မပြေဘူး။
"လက်ဖြန့် "
သူလည်းယောင်ယမ်းကာ လက်ဖြန့်ပေးမိလိုက်သည်။ ထိုအခါမှ ဗူးအကြည်လေးထဲက လိမ္မော်ရောင်ဆေးပြားလေးက မိုးသန့်လက်ထဲသို့ရောက်လာ၏။
"ဒါက ဘာလုပ်ရမှာလဲ "
"ငုံဆေးလေ "
" ကျေးဇူးပါ "
"မလိုပါဘူး ဒါနဲ့ခင်ဗျားလက်တွေက နုဖက်နေရော ။ မျက်မှန်လေးနဲ့ဆိုတော့ တော်တော်တော့ မျက်လုံးထဲ ချစ်စရာကောင်းတယ်"
ဒီကောင်လေးကဘာကြီးလဲ။ ဘာလို့သူ့ကိုဒီလိုတွေလာပြောနေတာလဲ။
ညိမ် ရှက်လွန်းလို့ အငွေ့တောင်ပျံချင်နေပြီဖြစ်သည်။
တအောင့်ကြာတော့ ခပ်လှမ်းလှမ်းမှ သုတ်သုတ်လျှောက်လာနေသော ဇဏ်ကိုလှမ်းမြင်နေရ၏။
"ကျုပ်သွားတော့မယ် နာမည်ကိုတော့နောက်တစ်ခါတွေ့မှ မိတ်ဆတ်ကြတာပေါ့ ။ ကျုပ်အထင်တော့ နောက်တစ်ခေါက်ထပ်တွေ့အုံးမယ်ထင်ပါတယ် "
"ငုံဆေးပြားအတွက် ကျေးဇူးတင်ပါတယ် "
"ဟက်~~ခင်ဗျားက ထူးဆန်းတယ် ။ ဒါကြောင့်လည်း သဘောတွေ့သွားတယ်ထင်ပါရဲ့ "
"Bye Bye "
သူဘာတွေပြောသွားမှန်း ညိမ်လုံး၀မသိ။
အမှန်ဆို သူကမှထူးဆန်းနေတာဟုတ်ဘူးလား။ ဒီကောင်လေးက ခပ်ဆိုးဆိုးထဲမှ နေမယ်။ ဒါ့ကြောင့် သူ့ကိုစစချင်းတွေ့တာကို ဘေဘီလို့ခေါ်သွားတာပေါ့။
ရိုင်းလိုက်တာ!!
"ညိမ် "
ခေါ်သံနဲ့အတူခီက သူ့ရှေ့ခပ်သုတ်သုတ်နှင့်ရောက်လာသည်။ ဆေးဆိုင်ကအတော်လှမ်းသည်ထင်၏။စိတ်ထဲတစ်ခုခုအလိုမကျလို ပုံကသိသာလွန်းသည်။
"ဟင် "
"ဘယ်သူလဲ "
"…...."
"ခုနက ဘေးကထသွားတဲ့ကောင်ကဘယ်သူလဲလို့ "
"ကိုယ် မသိဘူး "
"ခင်ဗျားဗျာ မသိဘဲဘာလို့စကားတွေပြောနေတာလဲ "
"သူလာပြောလို့ "
"ထားလိုက်တော့ ဖုန်းပြောနေလို့နည်းနည်းကြာသွားတယ် နေလို့အဆင်ပြေရဲ့လား "
"ပြေပါတယ် ခုနကကောင်လေးက ငုံဆေးပြားလေးပေးသွားတယ် "
သူခီ့ရှေ့ကို သူ့လက်ထဲမှငုံဆေးပြားလိမ္မော်ရောင်လေးကို ပြလိုက်တော့ လက်ထဲမှယူကာ ချက်ချင်းလွင့်ပစ်သည်။ သူခီနဲ့ခင်ခဲ့တဲ့ တစ်လျှောက် ဒီလိုလုပ်ရပ်မျိုးတစ်ခါမှမမြင်ဘူးတာမို့ အံ့ဩသလို လန့်လည်းလန့်သွားတာအမှန်။
"ဘယ်လိုလူက ပေးသွားမှန်းမသိတဲ့ဟာကို ယူစရာလားညိမ် ။ ပြီးတော့ သဘောရိုးနဲ့ပေးရင်တောင် ဆေးက အရည်အသွေးနိမ့်နေရင်ဘယ်လိုလုပ်မလဲ ။ နောက်မယူနဲ့ညိမ် ကျွန်တော်မကြိုက်ဘူး "
သူ ခီပြောတာကို သဘောကျသဖြင့် ပြုံးမိသည်။ အပေါစားဆိုတဲ့စကားလုံး အစားအရည်အသွေးနိမ့်ရင်ဆိုပြီး သုံးသွားတဲ့ သခင်လေးက တကယ့်ကို ကိန်းကြီးခမ်းကြီးနိုင်သည်ပဲ။
"ရယ်နေပြန်ပြီ…ရော့ညိမ်ဒါလေးသောက်လိုက် ခေါင်းကြည်သွားအောင် "
ခီတန်ကူးဇဏ် ရယ်နေသော သူရဲ့လက်ထဲသို့ ဆေးပုလင်းအရည်လေးကို ထည့်ပေးမှ လက်ထဲမှာဆုပ်ထားသော လက်ကိုင်ပုဝါလေးကိုတွေ့သည်။
"ဒါကရော ဘာလဲ "
"လက်ကိုင်ပုဝါပါ "
"ကျွန်တော်က မသိလို့မေးနေတယ်ထင်နေလား "
"နောက်တစ်ခါတွေ့မှ ပြန်ပေးလိုက်မယ် "
ညိမ်က လက်ကိုင်ပုဝါကို ဘောင်းဘီအိတ်ထဲသို့ ထိုးထည့်လိုက်ပြီးမှ ဆေးကိုသောက်သည်။ သူလည်း ဘာမှပြောမနေချင်တော့တာမို့ ဟိုတယ်သို့သွားရန်သာ တက္ကစီတစ်စီးငှားလိုက်သည်။
ဟိုတယ်ဆိုတာထက် ခဏတာနားသည့် guest houseပုံစံမျိုးဖြစ်ပြီး နှစ်ယောက်ခန်းတစ်ခန်းသာယူထားသည်။
"ညိမ်…သူ့ကိုထပ်တွေ့ချင်သေးတာလား"
"ဟင် ဘယ်သူ့ကို "
"လက်ကိုင်ပုဝါပိုင်ရှင်ကို"
"ပိုင်ရှင်ကိုပြန်ပေးရမယ်လေ "
"အင်းပါ ခေါင်းမူးသေးရင် ကျွန်တော့်ကိုမှီထားလိုက်"
"ကိုယ်အဆင်ပြေပါတယ် "
.
.
.
.
.
.
.
.
.
သုံးထပ်သာရှိသော hotel ကိုကြည့်ပြီးမှ ညိမ်အံ့ဩသွားရသည်။ ဟိုတယ်ပိစိလေး ။ ဟိုတယ်ကသေးပေးမဲ့ တကယ့်ကို Summer Vibeနှင့် ချစ်စရာလေးဖြစ်သည်။
Receptionမှာ အခန်းသော့ယူပြီး အပေါ်ဆုံးထပ်ကိုတက်သွားရသည်။ အခန်းရှေ့ရောက်တော့ အခန်းကိုဖွင့်လိုက်တော့ ကိုယ်ထင်ထားသလို ဆူးနှင့်ရတုက ရှိမနေဘဲ ဟာလာဟင်းလင်းနှစ်ယောက်အိပ်ကုတင်က စီးကြိုနေသည်။
ညိမ်နားမလည်သလို ခီ့ကိုကြည့်မိတော့ ခီကအထုတ်တွေကို ချကာကုတင်ပေါ်တွင် အရင်သွားထိုင်နေသည်။
"ခီ ဆူးတို့ကော "
"မရှိဘူး…"
"ဟင်"
"သူတို့ဟိုတယ်ကို သွားပြီ "
"ဒါက မင်းပြောတဲ့ဟိုတယ်မဟုတ်ဘူးလား "
"မဟုတ်ဘူး…ဒါကခဏတည်းလို့ရတဲ့ နားနေဆောင်သဘောပဲ ။ ပိုက်ဆံချေထားတဲ့ နေရာကOahuမှာ ။ စိတ်မပူပါနဲ့ ကျွန်တော်ပင်ပန်းနေလို့ ဒီမှာခဏနေမလားလို့လေ ချက်ချင်းသွားဖို့ကလည်း နေကတအားပူနေလို့ ။ ညနေကျမှသွားမလားလို့ "
"အော်…အဲ့လိုကိုး"
"အဆင်ပြေရဲ့လား ညိမ် "
"ရပါတယ် ခီ။ ကိုယ်အဆင်ပြေပါတယ် "
"အခန်းကတစ်ခန်းထဲယူလိုက်တာက အကုန်အကျသက်သာသွားအောင်လို့ပါ ညိမ်အဆင်မပြေရင် တစ်ယောက်ခန်းလဲပေးပါ့မယ် "
"အာ မလိုပါဘူး ။ အဆင်ပြေပါတယ် "
သူပြောတာလည်း ဟုတ်တာပဲ။ လေယာဉ်စရိတ်နဲ့တင် တော်တော်ကြီးနေပြီ။ ယောင်္ကျားလေးတွေပဲ ခဏလေးနေလို့ဘာမှမဖြစ်ပါဘူး။
ကုတင်ပေါ်မှာ ထိုင်နေတဲ့ခီက ရေချိုးမလို့လားမသိ ရေချိုးခန်းထဲ၀င်သွားသည်။ ထိုအခါမှသာ သူလည်း အထုတ်များချလိုက်ပြီး ကုတင်ပေါ်တွင် ခဏလောက်မှေးရန် ဆုံးဖြတ်လိုက်သည်။
ခီတန်ကူးဇဏ် ရေချိုးခန်းထဲမှ ထွက်လာတော့ ကုတင်ပေါ်တွင်တောင့်တောင့်ကြီး လှဲနေသူကိုတွေ့ရသည်။ သူအနားသွားကြည့်လိုက်တော့ မျက်မှန်လည်းမချွတ်ထား။ သူအသာအယာချွတ်ပေးလိုက်တော့ မျက်လုံးများပွင့်လာသည်။ မျက်လုံးကြီးပြူးကာ ကြည့်လာသူကြောင့် သူလည်းလန့်သွားပြီး နောက်ဆုတ်လိုက်တော့ မျက်မှန်ကသူ့လက်ထဲသို့ပါလာသည်။
"အော် ခီ ရေချိုးပြီးပြီလား "
"ချိုးပြီးပြီ ညိမ်အိပ်နေတာမျက်မှန်ကြီးနဲ့နာနေမှာစိုစလို့ မျက်မှန်ချွတ်ပေးနေတာပါ"
"အာကျေးဇူး ခီ "
"ဟိုဟာ ကိုယ်ဘာမှမမြင်ရဘူး မျက်မှန်လေးတစ်ချက်လောက်ပြန်ပေးပါ"
လက်ထဲထည့်ပေးမယ်ထင်ခဲ့ပေမဲ့ ခီက မျက်မှန်ကိုကိုယ်တိုင်တပ်ပေးလာသည်။ မျက်မှန်တပ်လိုက်တော့ အမြင်က ရှင်းသွားသည်။ ပထမဆုံး သူမြင်လိုက်ရတာက ရေစက်တွေတွဲလဲခိုနေတဲ့ ခပ်ချောချောမျက်နှာတစ်ခု။
"ရေသွားသုတ်လေ အအေးပတ်မယ် "
ခေါင်းညိတ်ကာ ရေချိုးခန်းထဲပြန်၀င်သွားသည်။ သူ့ရှေ့အင်္ကျီလဲရမှာ အားနာလို့လားမသိ။
ညိမ်လည်း ရေမိုးချိုးပြီးထွက်လာတော့ ခပ်ပွပွအဖြူရောင်တီးရှပ်ကို ဘောင်းဘီတိုဒူးလောက်နဲ့ ၀တ်ထားသော ခီ့ကိုတွေ့ရသည်။ ဘောင်းဘီတိုနဲ့ တစ်ခါမှမတွေ့ဖူးလို့လားမသိ သူ့မျက်လုံးတွင် ပိုလိုက်ပြီး လူငယ်ပိုဆန်သည်။
ခီက ပတ်ထားသောနာရီကိုတစ်ချက်ကြည့်ပြီး
"ကျွန်တော်တို့ လမ်းမှာပဲစားပြီးမှ ဟိုတယ်ကိုသွားကြမယ်လေ အဆင်ပြေလား "
"ရတယ် မင်းအဆင်ပြေသလိုလုပ် "
"လာသွားရအောင် "
ဆူးတို့ သူ့အတွက်ထားသွားတဲ့ လက်ဆွဲအိတ်ကို ဆွဲယူကာ ရှေ့မှထွက်သွားသည်။ ခီကသူ့လက်ထဲမှာလည်း အိတ်နဲ့တောင့်ဘသူ့အခုတ်ကို ဆွဲယူသွားတာဖြစ်၏။
Receptionမှာ အခန်းအပ်တော့လည်း ၀န်ထမ်းမလေးတွေကသေချာကြည့်နေကာ ခီနဲ့စကားတွေပြောနေကြ၏။ တော်ရုံမပြုံးသည့် ခီကပါ ပြုံးရင်း ကျေးဇူးဘာညာပြောနေတဲ့ အသံကိုကြားရသည်။
ညိမ်တို့ထွက်လာတော့ Perfect coupleဆိုသည့်စကားကိုပြောနေတာကြားရသည်။
"ခီမင်းနဲ့သူတို့ ဘာတွေပြောနေကြတာလဲ "
"အော် အဆင်ပြေလား ဘယ်ကလာတာလဲ ဘာညာပါ"
"perfect coupleလို့ကြားလိုက်လို့ "
"ကျွန်တော်နဲ့ညိမ့်ကို အတွဲတွေထင်နေကြတာလေ"
"ဟင် မဟုတ်ဘဲနဲ့ "
"ညိမ်ရယ် သူများတွေဘာပြောပြော ဂရုစိုက်မနေပါနဲ့ "
"........"
"သူတို့ပြောသလိုဖြစ်ရင်လည်း ဖြစ်လာနိုင်တာပဲလေ"
"မြန်မြန်သွားရအောင် ဆူးတို့စောင့်နေတော့မယ် "
"လာပါပြီဗျာ "
ညိမ်က အင်္ဂလိပ်လိုအနည်းအကျဉ်းပြောတတ်ပေမဲ့ Nativeတွေပြောတဲ့ လေသံကိုတော့ဘယ်လိုမှဖမ်းလို့မမိ။ ဒါ့ကြောင့် နိုင်ငံခြားတွင်နေတဲ့ သူတွေကပြောကြသည်။ မြန်မာမှာ သင်တန်းဘယ်လောက်တက်တက် စစရောက်ချင်းဆို သူတို့နားမလည်တာကြောင့် body languageသုံးရသည်တဲ့။
ဒါပေမဲ့ ခီနဲ့ရတုကြတော့ တစ်ခုခုဆိုကြောင်နေတာမျိုးမရှိ…လေယာဉ်ပေါ်မှာရော လေဆိပ်ထဲမှာပါ ပီပီသသပြောနိုင်၏။
သူဌေးတွေဆိုတော့ သူတို့တက်တဲ့ သင်တန်းတွေကဈေးကြီးလို့များလား။
ခီတန်ကူးဇဏ်ကရှေ့ရောက်နေတာဖြစ်တာကြောင့် မိုးသန့်ညိမ်က ခပ်မြန်မြန်ပြေးလိုက်ရင်း သူသိချင်တာကို မေးသည်။
"ခီ မင်းဘယ်မှာအင်္ဂလိပ်စာ တက်တာလဲ "
ခီက ညိမ့်ကိုကြည့်ရင်းခပ်ဟဟရယ်သည်။
"ညိမ်က တက်ချင်လို့လား ။ "
"အင်း "
"ကျွန်တော်က ဟိုးငယ်ငယ်တုန်းက သင်ခဲ့ဖူးတာ ငယ်တော့ဘယ်မှာလဲတော့မမှတ်မိတော့ဘူး သူကငယ်ငယ်တည်းကနိုင်ငံခြားသားတွေနဲ့ ပြောရတာဆိုတော့ သိပ်ပြောရမှာမကြောက်တော့ဘူး "
"ငါက အင်္ဂလိပ်လိုသိပ်မရဘူး Grammarပိုင်းကရပေမဲ့ speakingကျမပြောရဲဘူး "
"ကျွန်တော်သင်ပေးမှာပေါ့"
"မင်းက အားတာကိုး ဘယ်အချိန်သွားသင်ပေးမှာလဲ "
"ကျွန်တော် ညိမ့်အတွက်ဆို မအားရင်တောင် တစ်ဘ၀လုံးသင်ပေးနိုင်ပါတယ်ဗျ "
"ငါ ငါဗိုက်ဆာနေပြီ "
ညိမ်တို့ ဆိုင်တစ်ဆိုင်မှာစားပြီးတာနှင့် ကားငှားကာ Oahu သို့ထွက်ခဲ့ကြသည်။ ဟိုနိုလူလူမြို့ထဲမှ ကျွန်းမို့သိပ်မဝေးတာကြောင့် လမ်းခရီးကလည်းအဆင်ပြေရှိလှသည်။ လမ်းကြီးကလည်း ဖြောင့်ဖြူးနေကာ ညနေစောင်းမို့ လေနုအေးများကလည်း တိုက်နေသည်။
"ညိမ် သဘောကျလား "
"အင်း မင်းရော "
"ညိမ်သဘောကျရင် အဆင်ပြေပါတယ်"
"ကိုယ်ကရည်းစားရရင် ဟာဝိုင်အီအတူသွားမယ်လို့တွေးထားတာ ။ မင်းရော ချစ်ရသူရှိလာရင်ဘယ်သွားချင်လဲ "
"ကျွန်တော်ကတော့ ကျွန်တော့ချစ်ရသူရှိတဲ့နေရာတိုင်းအဆင်ပြေပါတယ် ။ ချစ်ရသူနဲ့ယှဉ်ရင်ကျွန်တော်က အဓိကမကျပါဘူး သူအဆင်ပြေပြီးပြုံးနေရင်ပြီးတာပဲ "
"မထင်ရဘူး ရိုတတ်လိုက်တာ မင်းချစ်ရသူကတော့ ကံကောင်းမှာပဲ "
"သူကံကောင်းမှာပါ "
တစ်ခဏကြာတော့ ကားကထိုးရပ်သွား၏။ ကားပေါ်ပေါ်ကဆင်းဆင်းချင်း မြင်လိုက်တော့ တော်တော်ထပ်မြင့်တဲ့ ဟိုတယ်တစ်ခု ။ဟိုတယ်လား ကွန်ဒိုလားတောင်မသဲကွဲတာကြောင့် နှစ်ခါပြန်ကြည့်ယူရသည်။
၀င်လာတဲ့ လမ်းတစ်လျှောက် ရေကူးကန်ကြီးက ခန့်ထည်နေပြီး ကစားကွင်းများလည်း တည်ရှိသည်။ဓာတ်လှေကားမှ တစ်ဆင့်သူတို့တက်လာတော့ ခီက12ထပ်မြောက်ကို နှိပ်လိုက်တာ မြင်ရ၏။ သူလက်ထဲမှ အထုတ်ကိုယူမယ်လုပ်သော်လည်း ခီကမပေး ။ သူသယ်နိုင်တယ်ဆိုတာ တစ်ယောက်တည်း အထုတ်နှစ်ထုပ်ကို ကိုင်ထား၏။
အခန်းရှေ့ရောက်တော့ ဆူးကတံခါးလာဖွင့်ပေးသည်။ သူမြန်မာမှာလို တစ်ယောက်ခန်း နှစ်ယောက်ခန်းတွေထင်ပေမဲ့ ကွန်ဒိုတစ်ခုလို ဖြစ်နေ၏။ facilitiesအစုံပါသည့်အပြင် အိပ်ခန်းများက အထဲတွင်ရှိ၏။
ဆူးက ရေခဲမုန့်ဗူးကြီးကို ကိုင်စားနေကာ ပါးစပ်ကလည်း ပလုပ်ပလောင်းနဲ့ ပြောသည်။
"နှစ်ယောက်ခန်းနှစ်ခန်းပါတယ် တစ်ယောက်ခန်းတစ်ခန်းပါတယ် ။ တစ်ယောက်ခန်းကို ငါယူလိုက်ပြီ ခီကူးနင်ကအဆင်ပြေသလိုနေပေါ့ "
ထိုအခါရတုကပါ၀င်ပြောသည်။
"ဇဏ်က အခြားသူတွေနဲ့ နေရတာမကြိုက်ဘူးမလား ။ ကိုမိုးသန့်က ကျွန်တော်နဲ့လာနေလေ အဆင်ပြေလား "
"ရတယ် ရတုအစ်ကိုက ဘယ်လိုနေနေအဆင်ပြေပါတယ်။ ခီက အတူမျှသုံးရတာမကြိုက်ဘူးလား"
"ရတယ် ။ ကျွန်တော် ရတုနဲ့နေလိုက်မယ် ညိမ်က တစ်ယောက်တည်းနေလိုက်ပါ "
"ဇဏ် မင်းတကယ် ငါနဲ့နေလို့အဆင်ပြေလို့လား "
"ရတယ်လို့ပြောနေတယ်လေ ရတု ။ ငါမင်းနဲ့ပဲနေမယ် "
"အေးပါကွာ"
ခပ်ဆတ်ဆတ်လေသံကြောင့် ရတုပင်အံ့ဩသွားရသည်။
ခီတန်ကူးဇဏ်ဆိုတာ ဘယ်တော့မှ သူငယ်ချင်းတွေစကားပြောရင် တစ်ခါမှအဲ့လိုလေသံနှင့်ပြောဖူးသူမဟုတ်။
"အဟင်းဟင်း အနံ့တွေရနေတယ်နော် "
ဆူးက မြွေမြွေချင်းခြေမြင်သူပီပီ ဘာကဘယ်လိုဆိုတာတန်းသိသည်။
ခီကူးက ခရီးတွေသွားရင်တောင် ဘယ်သူနဲ့မှ ရောနှောနေတတ်သူမဟုတ်တာမို့ ငယ်ငယ်တည်းကသူ့အတွက် တစ်ယောက်ခန်းသီးသန့်မှာပေးရသည်။ မဖြစ်မနေအတူနေရင်တောင် အသန့်ကြိုက်တတ်တဲ့ စစ်သွေးနဲ့မှ နေတာပင်။ အခုများတော့ အချိုးတွေပြောင်းလို့။
"ရတုရေ ဟာဝိုင်အီကပူတယ်တဲ့ ငါ့အထင်တော့မိုးရွာတော့မယ်ထင်တယ် ရာသီဥတုကတဖြည်းဖြည်းပြောင်းလာသလိုပဲ"
သူတို့သူငယ်ချင်းသုံးယောက် အခန်းခွဲနေတာ တစ်ယောက်တစ်ပေါက်။ ညိမ်လည်း၀င်မပါချင်တာကြောင့် သူတို့အဆင်ပြေတဲ့နေရာမှာနေဖို့ပဲ တွေးထားပါသည်။ ကလေးတွေက ချေးများတတ်ကြတာမို့ သူတို့စိတ်ကြိုက်ရွေးပါစေ လို့သာ လွှတ်ထားပေးလိုက်သည်။
ခီက အထုတ်တွေဆွဲကာ ရတုနေသည့်အခန်းထဲ၀င်သွားမှ သူလည်းသူ့အထုတ်သူယူကာ အခန်းထဲသို့၀င်လာလိုက်သည်။
ရောက်ရောက်ချင်း ဒေါ်ဒေါ့်ကို အင်တာနက်မှ ဖုန်းခေါ်ရသည်။
"ဟယ်လို ဒေါ်ဒေါ် သားတို့ဟိုတယ်ရောက်ပြီသိလား "
"အခုမှရောက်တာလား သားရဲ့ "
"ဟုတ်တယ် ဒီမှာတော့ ညနေပိုင်းပဲ အရမ်းတော့ မိုးမချုပ်သေးဘူး "
"ဒီမှာ မနက်ပိုင်းသားရဲ့ အချိန်တစ်ရက်ကွာတယ်ဆို"
"ဟုတ်တယ်…သားပင်ပန်းလာလို့ အိပ်တော့မယ်။ ဒေါ်ဒေါ့်ကိုရောက်ကြောင်း လှမ်းပြောတာ "
"အေးအေး အ၀တ်အစားလဲပြီးမှ အိပ်ဦး "
"အင်းပါ တစ်ကိုယ်လုံးကိုက်ခဲနေတာပဲ "
"ဂရုစိုက်အုံးနော် ကလေးတွေကိုလည်းဂရုစိုက်ပေးလိုက်ဦး"
ဒေါ်ဒေါ့်စကားကြောင့် သူရယ်လိုက်မိသည်။ ကလေးတွေတဲ့ လည်ချက်က သူ့အသက်ထက်ကျော်လောက်မည်။
"ဟုတ်ကဲ့ပါ ဒါပဲနော်။ တအားအိပ်ချင်နေပြီ"
ညိမ်လည်း ချည်ပွပွဘောင်းဘီနဲ့အင်္ကျီကိုလဲလိုက်ပြီး ကုတင်ပေါ်တွင်သာ အိပ်လိုက်တော့သည်။ ဆူးတို့ကိုပြောဖို့ စဉ်းစားမိပေမဲ့ သူတို့လည်းပင်ပန်းနေမှာမို့ ပြောမနေတော့ ။
ညနေစောင်းသည်အထိ အခန်းထဲမှထွက်မလာသေးသူကြောင့် ခီတန်ကူးဇဏ်တစ်ယောက်နေလို့မရတော့။
သူ့ကိုကြည့်ပြီး အမြင်ကပ်နေသူက ဆူး။ ထမင်းစားနေရင်းတောင် မျက်စောင်းတထိုးထိုး။ သူထိုင်မနေနိုင်တော့တာကြောင့် အခန်းထဲသွားကြည့်မိတော့ နှစ်နှစ်ချိုက်ချိုက်ကို အိပ်ပျော်နေသည်။
သူကုတင်ပေါ်သို့ တစ်ဖက်လွှဲကာ မျက်နှာလေးကိုကြည့်မိတော့ နုဖက်နေကာ နှုတ်ခမ်းဖောင်းဖောင်းလေးက ပန်းနုရောင်ပြေးနေ၏။မနေနိုင်စွာ ပါးလေးကိုထိမိတော့ ပူတင်းလေးလို နူးညံ့အိစက်နေ၏။ သူကောင်မလေးတစ်ယောက်ကို သဘောကျခဲ့ဖူးပေမဲ့ မိုးသန့်ညိမ်လိုတော့ တစ်ခါမှမခံစားမိဘူး။ ခင်ဗျားက ဘာလဲ။
ကျွန်တော်က အတ္တနည်းနည်းကြီးတာမို့ ကိုယ့်သဘောနဲ့ကိုယ် ၀င်လာပြီးရင် ထွက်သွားဖို့က နည်းနည်းခက်လိမ့်မယ် ညိမ်။
အခြားသူနဲ့ ပြုံးပျော်နေတာမျိုး ကျွန်တော်တကယ်သဘောမကျဘူး ညိမ်။ ကျွန်တော်ကလွဲပြီး ခင်ဗျားကိုတစ်ယောက်ယောက် ပိုင်ဆိုင်သွားမှာကို တွေးကြည်ရုံနဲ့တင် ထိတ်လန့်တတ်နေပြီ။
ဒါပေမဲ့ ဝုန်းဒိုင်းလုပ်တတ်တာက ကျွန်တော့်စတိုင်လ်မဟုတ်ဘူး ။ ဘယ်သူ့ကိုမှ မထိခိုက်ချင်တာမို့ အချိန်တစ်ခုလိုတာကို နားလည်ပေးမယ်မလား။အချိန်ယူနေတဲ့ ကာလတော့ဘယ်သူ့ကိုမှသဘောမကျဖို့ မျှော်လင့်ရမှာပဲ။ သဘောကျလည်း ကိစ္စမရှိပါဘူး အချိန်တန်ရင် ကျွန်တော့အပိုင်ပဲဖြစ်မှာလေ။
ဇဏ် ညိမ့်ရဲ့ ဆံပင်လေးကိုလက်နှင့် နားနောက်သို့သပ်ပေးလိုက်ပြီး…
"ကောင်းကောင်းအိပ်ပါညိမ် "
အခန်းထဲကထွက်တော့ ဆူးကကြည့်နေသည်။
"ကိုကြီးရော"
"သူအိပ်နေတယ် "
"တစ်ခုခုမစားဖူးလား အဆာလွန်နေဦးမယ် ငါသွားနှိုးလိုက်မယ် "
ဆူးက ညိမ့်အိပ်ခန်းဘက်သို့သွား နှိုးမည့်ဟန်ပြင်နေတာကြောင့် သူလက်မောင်းမှဆွဲထားလိုက်သည်။
"အိပ်နေတာမို့ နှိုးမနေနဲ့တော့ ဆူး။ သူနိုးလာရင် ငါတစ်ခုခုလုပ်ကျွေးလိုက်မယ် နင်လည်းအန်တီစိတ်မပူအောင် အနေအထိုင်ဆင်ခြင်သင့်တယ်"
ထိုအခါမှ ဆူးခြေလှမ်းများရပ်တန့်သွားသည်။
"ဒါဆိုလည်း ငါသွားအိပ်တော့မယ် ။ ငါတစ်ခုပြောချင်တယ်။ နင့်ကြောင့် ဘယ်သူ့ကိုမှ ထပ်မထိခိုက်စေချင်ဘူး ။ အထူးသဖြင့် ကိုမိုးသန့်ပေါ့"
"ငါနားလည်တယ် ၊ နင်နဲ့မဆိုင်တာမို့ မပူလည်းဖြစ်တယ်"
──────────────────
𝗚𝗲𝗻𝗻𝘆ʕ•ᴥ•ʔ
Special thanks to my readers 🤎