သည်မောင် လက်ခုပ် တီးပါ့မယ် (...
By moe_for_more
144K 11.5K 3.1K
အစ်ကိုထွင်းက ဇာတ်စင်ပေါ်မယ် အချိုးအချိတ်ကျကျ လှလှကလေး ကကြိုးဆင်ပါလေ....သည်မောင်ကတော့ ဇာတ်စင်အောက် တစ်နေရာကနေ... More
Author's note
၂(Z)
၃(Z)
၄ Z
၅(Z)
၆(Z)
၇(Z)
၈(Z)
၉(Z)
၁၀
၁၀(Z)
၁၁
၁၁(Z)
၁၂
၁၂ (Z)
၁၃
၁၃ (Z)
၁၄
၁၄ (Z)
၁၅
၁၅ (Z)
၁၆
၁၆ (Z)
၁၇
၁၇ (Z)
၁၈
၁၈ (Z)
၁၉
၁၉ (Z)
၂၀
၂၀ (Z)
၂၁
၂၁ (Z)
၂၂
၂၂ (Z)
၂၃
၂၃ (Z)
၂၄
၂၄ (Z)
၂၅
၂၅ ( Z)
၂၆
၂၆ (Z)
၂၇
၂၇ (Z)
၂၈
၂၈ (Z)
၂၉
၂၉ (Z)
၃၀
၃၀ (Z)
၃၁
၃၁ (Z)
၃၂
၃၂ (Z)
၃၃
၃၃ (Z)
၃၄
၃၄ (Z)
၃၅
၃၅ (Z)
၃၆
၃၆ (Z)
၃၇
၃၇ (Z)
၃၈
၃၈ (Z)
၃၉
၃၉ (Z)
၄၀ (ဇာတ်သိမ်းပိုင်း)
၄၀ (ဇာတ်သိမ်းပိုင်း) (Z)
အခပျြပို
အချပ်ပို
အခပျြပို၂
အချပ်ပို၂
မောင့်ဒိုင်ယာရီ
မောင့်ဒိုင်ယာရီ
နောက်ကျမှ ရေချိုးမိတဲ့အခါ (ေနာက္က်မွ ေရခ်ိဳးတဲ့အခါ)
ပေသလူးနဲ့ တို့များတစ်ခေတ်မောင်
အဆုံးသတ်မဟုတ်လေသော အဆုံးသတ်
Book Announcement
book cover and details
၁ (Z)
2.1K 89 2
By moe_for_more
Zawgyi code
"အလှအပကို အဆိုရယ် အကရယ်နဲ့ သီကာကြူးပြမဲ့ 'ထွင်းအက္ခရာ'ဆိုတဲ့ နှမငယ်လေးရေ!!!"
လူပြက်အဖွဲ့ခေါင်းဆောင်၏ ခပ်သြသြခေါ်သံအဆုံး ဆိုင်းဝိုင်းအလယ်က ဆိုင်းဆရာရွာစားကလည်း တေးတစ်ပုဒ်ကို အဖွင့်လှုပ်လိုက်လေရဲ့။
ဇာတ်ခင်းတစ်ခုလုံးရှိ ပုရိသတ်အားလုံးတို့၏ စိတ်လိပ်ပြာအစုံနှင့်အတူ စိတ်စေရာအတိုင်းဖြစ်သော မျက်ဝန်းအကြည့် ရွှန်းရွှန်းစားစားတို့သည်လည်း လိုက်ကာနီနီနောက်မှ ထွက်ပေါ်လာမည့် ဇာတ်သမကလေးအပေါ် ပုံကာအပ်ထားကြလေသည်။
ဇာတ်သမကလေးထွက်လာသည်နှင့် ဇာတ်တစ်ခင်းလုံး သောင်းသောင်းဖြဖြအော်ဟစ် အားပေးကြကာ ဆူဆူညံညံပွက်လောရိုက်သွားကြသည်။ လက်ခုပ်တီးသူကတီး၊ လေချွန်သူက ချွန်၊ လက်ခေါက်မှုတ်သူက မှုတ်နှင့်မို့ တစ်ကွင်းလုံး ဆူဆူညံလို့။
ညံဆို ထိုပုရိသတို့ရှေ့ ဇာတ်စင်ပေါ်မှာ ခြောက်ထပ်သောနတ်ပြည်က ကတိုက်ကရိုက်ဆင်းကာကျလာတဲ့ နတ်သမီးတစ်ပါး နေရာယူနေသည်လေ။
သတင်းတို့မှာ မှန်လှသည်။ အတင်းတို့မှာ ညံလှသည်။ သူမသည်လည်း အတော်လှသည်။
သူမဟာ ဒေါင်းမကလေးလို ကကြိုးဆင်နေသည်။ သာယာနာပျော်ဖွယ်ရှိသော သူမ၏ အသံသည် ဆူညံနေသော ကွင်းတစ်ခုလုံးကို အုပ်နိုင်လေရဲ့။
လှရက်လိုက်လေခြင်းရယ်လို့ အာဂုဏ်ဆောင်ရလောက်သည်အထိ သူမ၏ အလှသည် ညှို့ချက်ပြင်းလှသည်။
ဇာတ်လာမကမှီ ရှေ့ရက်များကတည်းက ထွင်းအက္ခရာဟူ​သော ပျိုနှမ၏ ဂုဏ်သတင်းသည် ကာလသားများ ပါးစပ်ဖျားတွင် စွဲလို့။မည်မျှ​လှကြောင်း၊ မည်မျှ သဘောကျဖွယ်ကောင်းကြောင်း၊ ​မည်မျှအကတော်ကြောင်း၊ မည်မျှ အဆိုတော်ကြောင်း စသော​စသော ချီးမွမ်းဂုဏ်တင်သံတွေကို အတိသယဝုတ္တိအလင်္ကာတစ်ခုဟုသာ ထင်ကြပေမဲ့ ယခုလို နှဖူးတွေ့ ဒူးတွေ့ တွေ့လိုက်ရခါမှ "ဟာ...နောင်ကြီးတို့ ပြောတာ လိုနေသေးသပ..."ဆိုပြီး ထပ်လောင်း ဖြည့်စွက်ချင်စိတ်တွေ တဖွားဖွားပေါ်လို့။
သူကြီးကတော်ကြီး မသန်းတင့်မျက်နှာကတော့ မသာယာတော့ပေါင်။ သူ့ဘေးနားက သူ့လင်ယောက်ျားသူကြီးကို မျက်စောင်းတွေ ဝင့်ဝင့်ထိုးရင်း နှုတ်ခမ်းပန်းနား မဲ့ရွဲ့ပြနေတော့သည်။ အရိပ်သုံးပါးနားမလည်တဲ့ သူကြီးဆိုသူကတော့ ခေါင်းပေါင်းကြီးကိုတောင်ဖြုတ်ကာ စင်ရှေ့ဖင်တိုးသွားလိုက်တာများဆိုတာ မြင်လို့မကောင်း။ အဆီတဝင်းဝင်းထနေတဲ့ သူ့မျက်နှာကြီးကို အကွက်ကျဲကျဲခေါင်းပေါင်းစကြီးနဲ့ ဖိသုတ်ကာ တဟဲဟဲဖြီးနေတော့သည်။
"တော်နော်တော်....ကျုပ်မသိရင်ခက်မယ်...."
"အားးးးနာတယ်ရှင်မရဲ့...."
သူကြီးရဲ့ နားရွက်လိပ်ကြီးကို မသန်းတင့် အားပါးတရဆွဲလိုက်ကာ သွားကြိတ်သံဖြင့် တိုးတိုးကြိတ်ကြိတ်ထိန်းတော့သည်။ ဘယ့်နှယ် ကြည့်နေလိုက်တာများဆိုတာ ကိုယ့်ကိုကိုယ် သူကြီးမှန်းတောင် သတိရသေးရဲ့လားမသိပါဘူး။ ယောက်ျားတွေ အရှက်ကင်းလိုက်ပုံများ။ နာနာကလေးနားရွက်ဆွဲပေးထားသည်ကိုတောင် ဇာတ်စင်ပေါ် အကြည့်မခွာနိုင်တဲ့ သင်းကို နောက်စေ့အား ခပ်ဆတ်ဆတ်ရိုက်ပေးလိုက်သည်။ ထိုအခါမှ ကိုယ်တော်က ရှင်မဖြစ်သူထံ အကြည့်ပို့ဖို့ သတိရလေသည်။
"ဘာများလဲ ရှင်မရယ်....ကျုပ်ပွဲကြည့်နေတယ်လေ....."
"ပွဲကြည့်နေသလား....အဟင်းဟင်း ကျုပ်မပြောလိုက်ချင်ဘူး.....တော်နော်တော်....တော့်အကြည့်တွေကို ကျုပ်သိနေတယ်နော်...."
"ရော...ခက်ရန်ကော ရှင်မရယ်...ဇာတ်လေးပြီးအောင်တော့ ကြည့်ပါရစေကွယ်...."
"မလိုချင်ဘူးတော် ခုချက်ချင်း အိမ်ပြန်မယ်...."
"မင်းပဲပြောတော့ ပွဲဈေးတန်းပတ်အုန်းမလို့ဆို...."
"မလိုတော့ဘူး တော်ရေ...."
သူကြီးကတော် မသန်းတင့်မှာ သူကြီးကို ချီ မ 'မ' ရုံတမယ် ဆွဲကာခေါ်သွားသည်။ ဘေးတွင် ရုတ်ရုတ်သဲသဲဖြစ်ကာထထွက်သွားသူများကြောင့် တစ်ခေတ်မောင် မျက်မှောင်ကြုတ်မိသည်။ 'သိပ်လည်း အာရုံနောက်စရာကောင်းတဲ့ လင်မယားပါလားနော်'ဟု တွေးရင်း စင်ပေါ်သို့ အကြည့်ပြန်ပို့လိုက်သည်။ ဇာတ်စင်ပေါ်တွင် လှပျိုဖြူကလေး။
သူမရဲ့ ခေါင်း၊ ခါး၊ ခြေလက်အသွယ်သွယ်တို့သည် အချိုးအဆစ်ကျနလှကာ နွဲ့သော အကွက်၊ သွဲ့သောအကွက်၊ ယိမ်းသော အကွက်၊ တိမ်းသော အကွက်တို့ကို တစ်ကွက်ပြီးတစ်ကွက် ကပြနေတော့သည်။ ခါးသွယ်သွယ်ကလေးကို လက်သွယ်သွယ်ကလေးဖြင့်ထောက်ကာ ရင်ကိုကော့ ခေါင်းကိုမော့ရင်း ခြေဟန်ကြွကြွရွရွချကာ ကပြနေတော့သည်။ သူမသည် နတ်မိမယ်တစ်ပါးများလား။
သည်နေ့သည် တတိယမြောက်နေ့။ တစ်နည်းဆိုရသော ထွင်းအက္ခရာအငြိမ့်ပွဲ နောက်ဆုံးနေ့။ သည်နေ့ညတွင် ဘုရားပွဲကြီးလည်း ပြီး၊ အငြိမ့်ပွဲကြီးလည်း အပြီးသတ်မည်ဖြစ်သည်။ ထို့ကြောင့် ရုံသည် တိုးမပေါက်။ ခြေမချနိုင်လောက်အောင် တိုးကြိတ်များပြားနေပြီး ဇာတ်စင်ရှေ့ နေရာသည် လူကြိုက်များကာ ရုံးစုစုဖြစ်နေသည်။ ထိုသည်မှာတော့ သံသယဝင်စရာမရှိ။ အနွဲ့အ​ပျောင်းနှင့် ကညာပျိုကလေးအား တွေ့ရမြင်ရလိုသော အလိုဆန္ဒရမ္မက်တို့သည် အခိုးတငွေ့ငွေ့တောက်နေလောက်ကြမည်ဖြစ်ပြီး ထိုအငွေ့အသက်တို့ကိုလည်း ခံစားနေရသည်။
သူမကတော့ မမောမပန်းဆိုလိုက်ကလိုက်နှင့်  ရမ္မက်ဝေနေတဲ့ ကာလသားတစ်သိုက်ရဲ့ အကြည့်တို့ကို သတိထားမိရဲ့လားတောင်မသိချေ။ သူမဟာ အလှဆုံးပြုံးလို့ ကွေးညွှတ်ချကာ အကအလှကို အဆုံးသတ်သွားသည်။
တစ်ခေတ်မောင်သည် သွားရေတမြားမြားဖြစ်နေသော ကာလသားတစ်သိုက်တို့ကို ဖြတ်ခနဲကြည့်လိုက်ရင်း မျက်မှောင်စုကြုတ်ပစ်လိုက်သည်။ သူနှစ်သက်သော နှမပျိုကလေးအား ထိုသို့သော အကြည့်ရွှင်ရွှင်တို့ဖြင့် ကြည့်သည်ကို သူမကြိုက်။ သူကိုယ်တိုင်လည်း မြတ်နိုးသော မျက်ဝန်း၊ အလေးထားသော မျက်ဝန်း၊ အဖိုးထားသော မျက်ဝန်းတို့ဖြင့်သာ ကြည့်သည်။ 'ထွင်းအက္ခရာ'သည် သူ့အတွက် ထိုသို့သော ဖြစ်တည်မှုမျိုးပင်။
တစ်ခေတ်မောင် စိတ်ပင်ပန်းလေးပင်ရသော အချိန်သည် ဇာတ်သမလေး ဇာတ်စင်နောက် တိုးဝင်သွားမည့်အချိန်ပင်ဖြစ်သည်။ ယခုလည်း ထိုကညာပျိုကလေးမှာ သူမအလှည့်ပြီးပြီမို့ သွက်လက်ကြွရွသော ခြေလှမ်းတို့ဖြင့် စင်နောက်သို့ဝင်သွားသည်။ သွက်လက်မကြွရွနိုင်သည်က တစ်ခေတ်မောင်ပင်။ သူ့စိတ်အလုံးစုံသည် ပိဿာအိတ်တစ်ခု ဆွဲနေသလို လေးလံကာနေတော့သည်။
*ကိုယ် မင်းနဲ့ မခွဲချင်သေးဘူး ယမင်းပျို....*
•••••••••••
မနက်လင်းခါနီး အုန်းမောင်း လေးချက်ခေါက်ခါမှ ပွဲခင်း သိမ်းသွားသည်လေ။ ရွာဦးဘုန်းကြီးကျောင်း ကွင်းပြင်တစ်ခုလုံး အမှိုက်သရိုက် ဖတ်များဖြင့် ပြည့်နှပ်သွားတော့သည်။ တစ်ခေတ်မောင်ကဲ့သို့သော ဘုန်းကြီးကျောင်းသားဟောင်းများက ဝိုင်းဝန်းသန့်ရှင်း​ပေးကြရသည်။ မရှင်းလို့လည်းမရ ဆရာတော်ဘုရားက သူ့လက်စွဲတော် သုံးချောင်းပူး ကြိမ်လုံးကြီးတစ်ရမ်းရမ်းနှင့် စောင့်နေခြင်းကြောင့်ဖြစ်သည်။ တစ်ခေတ်မောင်တို့ သူငယ်ချင်းတစ်စုလည်း ငိုက်မြည်းနေတဲ့ မျက်လုံးအစုံစုံတို့ကို အတင်းဖြဲရဲဖွင့်ကာ သွက်သွက် သန့်ရှင်းရေးလုပ်ခဲ့ကြရသည်။
ဇာတ်ပွဲကြည့်နေတုန်းကတော့ လူပြက်တို့ရဲ့ ပြက်လုံးတို့ကို တဟားဟားရယ်လိုက်၊ အရံမင်းသမီးများ၏ အကအလှတို့ကို ငေးလိုက်၊ နတ်မိမယ်ကလေး 'ထွင်းအက္ခရာ'အလှည့်ရောက်လျှင် စင်ရှေ့သို့ အတင်းတိုးသွားလိုက်နှင့် ငိုက်မြည်းချိန်ပင်မရှိခဲ့။ ဇာတ်ပွဲသိမ်းသွားချိန်တွင်တော့ သန့်ရှင်းရေးလုပ်လိုက်ရခြင်းတို့ကြောင့် ပိုပန်းသွားကာ မျက်ခုံးတို့ လေးပင်နေခဲ့သည်။ ဆရာ့အိမ်ရောက်သည်နှင့် တစ်ချိုးတည်းအိပ်ရန် ပြင်လိုက်ပြီး ဖျာကြမ်းပေါ် ကျောခင်းလိုက်ပေမဲ့ အိပ်လို့ကမပျော်။
သူမ၏ အကအလှတို့သည် မျက်ဝန်းတို့မှိတ်လိုက်သည်နှင့် အတွေးထဲ ချင်းနင်းဝင်ရောက်လာတတ်သည်။ သိပ်လည်း ဝဋ်ကြီးပါ့လား တစ်ခေတ်မောင်ရယ်ဟု တစ်ကိုယ်တည်းရေရွတ်မိသည်။ သူ့အတွက်တော့ သူ့စွဲလမ်းမှုသည် ဝဋ်တစ်ခုသာ။ နယ်လှည့် အသုံးတော်ခံနေတဲ့ ဇာတ်သမကိုမှ မေတ္တာသက်ဝင်မိရတယ်လို့။ ဆရာသာ သိရင် နဖူးမောက်မောက်ကို တတောက်တောက် ခပ်နာနာ ခေါက်လိမ့်မည်မှာ ဧကန်အမှန်။ ​တွေးရင်း နဖူးတို့ ကျိန်းစပ်လာသည်။
အိပ်၍လည်း မ​ပျော်သည်နှင့် ဆရာ့အိမ်တစ်ဝင်းလုံးကို ရေလိုက်ဖြန်းနေမိသည်။ အညာမြေမို့ ဖုန်ထတက်သည်လေ။ ဖုန်မသောအောင် ရေပါးပါးကလေး ဖြန်းပေးရတတ်သည်။ မနက်မလင်းခင်ကတည်းက ခြံထဲရှိ အလုပ်မှန်သမျှ သိမ်းကြုံးလုပ်ကိုင်ကာ သူမထံ စိတ်မရောက်ရလေအောင် ထိန်းနေသိမ်းနေရလေသည်လေ။ အုန်းမောင်း ငါးချက်ခေါက်ချိန်တွင် ရွာဦးဘုန်းကြီးကျောင်းမှ သံဃာတော်များ စီတန်းကာ ဆွမ်းခံထွက်ကြသည်။ အပျိုအအို ရွာသူများကလည်း အိမ်ရှေ့သို့ ကိုယ်စီထွက်ကြကာ ဆွမ်းလောင်းနေကြပြီဖြစ်သည်။
တစ်ခေတ်မောင် တစ်ယောက်လည်း မီးဖိုဆောင်သို့ ကရောကပါး ပြေးကာ ဆွမ်းလောင်းဖို့ ပြင်လေသည်။ ယောက်ျားသားနှစ်ဦးသာရှိသော ထိုအိမ်တွင် တပည့်ဖြစ်သူ တစ်ခေတ်မောင်ကသာ အလုံးစုံတာဝန်ယူလုပ်ကိုင်ရသည်။ ဆရာဖြစ်သူ သူ့အပေါ် စိတ်ငြိုငြင်လို့မဖြစ်ပေ။ ယခုချိန်လောက်ဆို အိပ်ကောင်းနေလောက်မည့် ဆရာသမားသည် သူ့ငယ်ချစ်ဦး မမေလေးကို အိမ်မက်မက်နေလောက်မည်ဖြစ်ပြီး ယခုချိန်သူ့ကို သွားနိုးပါက နားပူထူအောင်ပင် အပြောခံရမည်သာ။ ထို့ကြောင့်သာ သည်အိမ်တွင် တစ်ခေတ်မောင်လက် တစ်ခေတ်မောင်ခြေချည်းသာ။
ဆွမ်းလောင်းပြီးသကာလ ဆရာသမားအတွက် ကောက်ညှင်းပေါင်းပြင်ရလေသည်။ တစ်ဖက်ရွာက ဒေါ်ငွေခင်ကြီးက ဆရာ့အား ပိုးပန်းနေကာ ပိုးကြေးပန်းကြေးအဖြစ် ကောက်ညှင်းပေါင်းလာပို့သွားသည်လေ။ သည်လိုဆိုတော့လည်း တစ်ခေတ်မောင်က ပန်းကန်လေးထဲထည့်၊ ဇွန်းလေးတပ်ပေးရုံသာ။ ဆရာသမားက လက်ကြောသာ မတင်းတာ ရွာရှိ အမျိုးသမီးကြီးများက သူမှသူ။ သူမှသူဖြစ်မှာပေါ့ ဆရာသမားက ဟိတ်ဟန်ကောင်းသကို။ မာဖလာကွက်ကြားပတ်၊ ကွက်စိတ်ပုဆိုးဝတ်၊ရှပ်အဖြူနဲ့သာဆို သန့်ထွက်သွားတာလေ။ သို့ကြောင့်မို့ အပျိုအအိုကြိုက်ကြတာ မဆန်းပေါင်။
ဆရာသမား ချောကြောင်းသန့်ကြောင်း တွေးမိတော့ တစ်ခေတ်မောင် တစ်ယောက် စိတ်ဓာတ်ကလေးညှိုးမိတယ်။ ဘာကြောင့်ဆို သူက မချောမလှတာကို။ အရပ်ကြီးထောင်ထောင်မောင်းမောင်းနှင့် ညိုညိုစိုစိုအသားအရေသာရှိသည်။ ဆရာသမားလို ဖြူလည်းမဖြူ၊ အရပ်လည်းအတော်အသင့်မဟုတ်။ ဆရာသမားက အသက်လေးဆယ်စွန်းနေသည့်တိုင် ခန့်တုန်းချောတုန်း။ သူ့မတော့ ချောဖို့လှဖို့မဆိုထားနှင့် အသားလတ်ဖို့တောင် မနည်းကြိုးစားနေရသည်။ ဘယ်သွားသွား လက်ရှည်အကျီအကွက်ကျဲကြီးနှင့်လေ။
*အော် ကိုယ့်လို မင်းကုသလေးက မင်းလို ပပဝတီလေးနဲ့ ဖြစ်နိုင်ပါရဲ့လား....*
ခြံခေါင်းရင်းက စပယ်ရုံမှ စံပယ်ပန်းများကို ခူးယူကာ တစ်ဝက်ကို ဘုရားတင်လိုက်သည်။ တစ်ဝက်ကိုတော့ ရည်ရွယ်သူလေးအတွက် သီကုံးဖို့ပြင်နေသည်။ သည်နေ့ညနေ ပြန်ကြမည်တဲ့လေ။ ရန်ကုန်ဆိုတဲ့ မြို့ကြီးပြကြီးကိုပေါ့။ ထွင်းအက္ခရာအငြိမ့်အဖွဲ့  တို့များရွာမှာ အခြေစိုက်ရင် သိပ်ကောင်းမဗျာ။
"~~မြင်လျှင် မြင်ချင်းပဲကွယ်~~ချစ်မိကြိုက်မိတယ်~~
~~သူဇာနတ်နွယ်~~ယုံပါကွယ်~~ရာသက်ပန် အသဲစွဲ~~
~~မောင်ကပင် မခွဲဘဲ~~အမြဲတမ်းပေါင်းဖို့ ဆုတောင်းတယ်~~
~~မြင်လျှင် မြင်ချင်း ပဲကွယ်~~ချစ်မိကြိုက်မိတယ်~~
~~သူဇာနတ်နွယ်~~ယုံပါကွယ်~~ရာသက်ပန် အသဲစွဲ~~
~~မောင်ကပင် မခွဲဘဲ~~အမြဲတမ်းပေါငါးဖို့ ဆုတောင်းတယ်~~"
"ဟ...ငါ့တပည့်ကြီးက သီချင်း တညည်းညည်းနဲ့ပါလားကွ...ဟေ..."
အိမ်ရှေ့ကွပ်ပျစ် ဖျာကြမ်းပေါ်ထိုင်ရင်း စကောထဲရှိ ပန်းဖြူဖြူတို့ကို သီကုံးနေချိန် သီချင်းကလေးညည်းနေမိသည်။ အချိန်ကိုက်စွာ ဆရာသမားက အိပ်ရာစောစောနိုးလာပြီး သူ့ဘေးဖျာကြမ်းဝင်ပေါ် ထိုင်လေသည်။ တစ်ခေတ်မောင်က ခန္ဓာသာကြီးတာ အရှက်က သည်းသည်လေ။ ဆရာရိပ်မိတော့မည်ဆိုသည်နှင့် ချက်ချင်း စကားတွေ ထစ်ကုန်တော့တာပါပဲ။
"မ...မဟုတ်ရပါဘူးဗျာ...ကျုပ် ကိုဝင်းဦးသီချင်းတွေကို ကြိုက်မှန်း ဆရာသိသားနဲ့ဗျာ...."
"သိပ...သိပ...သို့ပေတိ မင်းအသံထွက် ညည်းဆိုတာ ရှားသကိုး....တစ်ခုခုတော့ တစ်ခုခုမဟုတ်ပေလား...."
"မဟုတ်ရပေါင်ဗျာ..."
"ဟားးးဟားးးဟားးး"
ဆရာကြည်က တဟားဟားရယ်မောလေတော့ တစ်ခေတ်မောင်ကလည်း သူ့အကြောင်းနှင့်သူမို့ ခေါင်းမဖော်ရဲ။
"ဒါနဲ့မင်း ဇာတ်ပွဲသွားကြည့်တာ ဘယ်လိုနေလဲကွ...ပျော်ကောပျော်ခဲ့ရဲ့လား...မနက်လင်းမှ ပြန်ရောက်တာလား...."
"အုန်းမောင်း လေးချက်ခေါက်တော့ ပြီးတာပဲဗျ....ဇာတ်ကတော့ ဘာကောင်းသလဲ မမေးပါနဲ့ဗျာ...မင်းသမီးလေးကလည်း အကအတော်ကောင်းသဗျ..."
"လှလည်းလှတယ်မဟုတ်ပေလား....သတင်းတွေမွှေးပကွာ...."
"ဟုတ်ပဗျာ...လှပ..."
တစ်ခေတ်မောင် ထိုစကားကို သူသီကုံးနေသော ဖြူအုံအုံ စပယ်ငုံကလေးတို့ကို ငေးရင်း ခပ်ဆွေးဆွေးပြောမိသည်။ ယခု သူသည် တစ်ပြည်ပြီးတစ်ပြည် လှည့်လည်နေသော ခရီးသမလေးကို သဘောကျနှစ်သက်နေမိပြီ။ သူ့လက်ထဲမှ စံပယ်ပန်းတို့သည်လည်း သူမအတွက်။ သို့ပေမဲ့။
"နို့...ငါ့တပည့်...သည်စံပယ်ပန်းတွေကို သီပြီး ဘာလုပ်ဖို့ တုန်းကွ....မဟုတ်မှ...မင်း..မင်း..."
ဆရာကြည်၏ မျက်ဝန်းတို့သည် စုကြုတ်သွားပြီး စိုးရိမ်ရိပ်တို့ ပြေးယှက်လာသည်။ တစ်ခေတ်မောင် ခေါင်းကိုသာ ငုံ့ထားမိလေသည်။ ဆရာကြည်၊ ဆရာကြည်။ ဆရာကြည်က သူ့ကို စိတ်ပူမပေါ့။ သူ့လို မဖြစ်စေချင်တာကို။
ဟုတ်ပါသည်။ ဆရာကြည်၏ ငယ်ချစ်ဦး မမေလေးသည် အငြိမ့်သမကလေးဖြစ်သည်။ ဆရာကြည်နှင့် ချစ်ကျွမ်းဝင်ခဲ့ပြီး လူသူမသိလေအောင် တိတ်တခိုး ပုန်းလျှိုးကွယ်လျှိုးနှင့် ခိုးခိုးတွေ့ခဲ့ကြသည်လေ။ အကြောင်းတော့ မလှခဲ့ပါဘူး။ မမေလေးမှာ သူမဝါသနာပါတဲ့ အငြိမ့်မင်းသမီးဘဝကိုတောင် စွန့်ပြီး ဆရာကြည်နဲ့ တူနှစ်ကိုယ် တဲအိုပျက်မှာ နေနေ ဆိုပြီး စုံမှိတ်လက်တွဲဖို့ ပြင်ခဲ့ပေမဲ့ လောဘမသတ်နိုင်တဲ့ ဇာတ်ဆရာက ကြားက ဖြတ်သတဲ့လေ။ မကြာပါဘူး ဇာတ်ဆရာရဲ့ စနက်နဲ့ အရေးပိုင်မင်းတစ်ဦးနှင့် မမေလေး လက်ထပ်လိုက်ရလေသည်။
ထိုကတည်းက လူရွှင်တော် ခေါင်းဆောင် ဆရာကြည်မှာ အကြီးအကျယ်သွေးပျက်ကာ အရူးအနှမ်းတစ်ပိုင်းဖြစ်ခဲ့ရသည်လေ။ နောက်များမှ ဆရာကြည်ရဲ့ မိခင် ဒွေးလေးက ရွာဦးကျောင်းကဆရာတော် ဘုန်းကြီးနဲ့ တိုင်ပင်ပြီး ဘုန်းကြီးဝတ်ပေးခဲ့ကြသည်လေ။ တစ်ခေတ်မောင် ငနဲကလေးနဲ့ ဆရာကြည်ဟာ ရွာဦးဘုန်းကြီးကျောင်းမှာ စတွေ့တယ်ဆိုပါတော့။ လူထွက်ပြီးတဲ့နောက် ဆရာကြည်က အတော်တည်ငြိမ်သွားသဗျ။ မမေလေးကိုတော့ မေ့မရခဲ့ဘူးတဲ့ဗျာ။ ညတိုင်း အိမ်မက်တွေထဲ မမေလေးနဲ့ တွေ့ရတာနဲ့တင် သူပျော်တယ်တဲ့။
အခုများတော့ သူ့တပည့်မှာ သူ့ဆရာခြေရာလိုက်လို့ အငြိမ့်သမတစ်ယောက်ကို ချစ်ရတယ်လို့။ ရပ်ထဲရွာထဲက ကြားရင်တော့ "သည်ဆရာနဲ့ သည်တပည့်"ဆိုပြီး လက်ညှိုးငေါက်ငေါက်ထိုးမှာ သေချာသည်လေ။ သို့ပေတိ တစ်ခေတ်မောင်တို့ကတော့ ဂရုမစိုက်ပေါင်။ ဝိဇ္ဇာမျက်လုံး အမှောင်ဖုံးလေပြီလားလို့ ဆိုဆို၊ ဉာဏ်တိမ်လိုက်ရန်ကောလို့ ပြောပြော သူသတိထားလိမ့်မည်မဟုတ်။ ဆရာကြည် သူ့အား ဆူဆဲလာလျှင်လည်း ခေါင်းငုံ့ခံရုံသာ။ ထွင်းအက္ခရာလေးက သူ့အတွက် ပထမ ပဏာမ အချစ်ဦးကလေးဖြစ်နေသည်လေ။
"မိုက်လိုက်လေ ငါ့တပည့်ရာ....ကိုယ့်ဆရာအကြောင်းမသိတာလည်းမဟုတ်...ဒါတောင် မင်းက အငြိမ့်သမကို ချစ်ရသတဲ့လား....."
ဆရာကြည်ရဲ့ လေသံက အေးအေးသက်သာနှင့် မချိတင်ကဲဖြစ်နေရုံသာ။ တစ်ခေတ်မောင် ပုခုံးကို ပုတ်ရင်း ခေါင်းတဆတ်ဆတ်ငြှိမ့်ကာ စဉ်းစားနေသေးသည်။
"သုံးရက်လေး အငြိမ့်ကသွားတာကို မင်းက စွဲလမ်းသွားရောလားကွ....မေ့လိုက်ပါတော့ကွာ...စွဲလမ်းမှု တစ်မျိုးလို့ပဲ မှတ်ယူထားလိုက်...."
"နှင်းဆီနီနီဝေနေတဲ့ သူ့ဆံ ဆံထုံးပေါ် ဖြူလုံးလုံး စပယ်ကုံးကလေး ကိုယ်တိုင်ပန်ပေးချင်တာမျိုးဟာ စွဲလမ်းခြင်းရယ်လို့တော့ ကျုပ်မထင်ဘူး ဆရာကြည်။ ကျုပ်အတွက်တော့ မြင်မြင်ချင်းဖြစ်တဲ့ မှော်ဆန်တဲ့ အချစ်ပါပဲလေ..အဲ့သည်လို မထင်မိဘူးလား ဆရာကြည်..."
"မင်းတော့ ရူးနေပြီပဲ ငါ့တပည့်... "
"ကျုပ်လည်း မသိတော့ပါဘူးဗျာ....စံပယ်တွေကို ကျုပ်ကိုယ်တိုင်သီပြီး ပန်ပေးချင်စိတ်ဖြစ်မိတာက သူမအပေါ် ပထမဦးဆုံးပါပဲ...."
"အင်းးးးးးးးငါ့တပည့်..."
ဆရာကြည်က ခေါင်းတရမ်းရမ်းနှင့် ခပ်တိုးတိုးညည်းညူပြန်သည်။ ဆရာကြည်သည် သူ့ကို တားဆီးမလာပါ။ မချစ်ပါနဲ့ကွာ ဆိုပြီး မပိတ်ပင်လာပါ။ ထို့အစား ခပ်လျော့လျော့သက်ပြင်းချသံလေးသာ။
ပြီးတာနဲ့ ဆရာကြည်က အိမ်အပေါ်ထပ် တက်သွားတော့တာပါပဲ။ မော့မကြည့်လည်း ဝါးကြမ်းခင်းသံ တရှပ်ရှပ်ကြားရုံနဲ့ သိနိုင်ပါတယ်။ ဆရာကြည့်ကို သူလေးစားပါတယ်။ ဆရာကြည်ဟာ သူ့ဖခင် ၊ သူ့ဦးလေး၊ သူ့ဆွေမျိုးရင်းချာနှင့် မခြားလေပါဘူး။ သို့ပေတိ အချစ်ရေးအချစ်ရာမှာတော့ ဆရာကြည့်ကို ဆရာမတင်နိုင်လေတော့ဘူး။ ထိုအရေးတို့မှာတော့ ကိုယ်ပိုင် နှလုံးသားနှင့် စိတ်အစဉ်တို့ကိုသာ ဆရာသမား တင်မြှောက်စားမည်သာ။
နေမြင့်လာလေ စံပယ်ငုံတို့ ပွင့်အာလာလေပါပဲ။ အလျားရှည်မြောလွန်းတဲ့ စံပယ်ကုံးကြီးကို စိတ်ရှည်လက်ရှည်သီပြီးကာမှ တစ်ခေတ်မောင် တစ်ယောက် မနက်စာစားဖို့ သတိရတော့သည်။ သူ့အတွက်ကတော့ ထမင်းခြမ်းတစ်ခဲနှင့် ငပိရည်ဆိုလျှင် မြိန်မြိန်ယှက်ယှက်ဖြစ်နေလေသည်။ ဆရာကြည့်လို ကောက်ညှင်းပေါင်း၊ မုန့်စိမ်းပေါင်း၊ မုန့်လိပ်ပြာ၊ စသောစသော မြန်မာမုန့်များကို သူမစားနိုင်။ သူ့ဝမ်းက မတင်းတိမ်နိုင်ဆိုလျှင် ပိုမှန်မည်။ ဘိုစာကြိုက်တဲ့ သူကြီးကတော်ကြီး မသန်းတင့်တို့လို ကာဖီဆိုလား ဘာဆိုလား၊ အဲ့သည်လို အစာမျိုးသူမစားနိုင်။ သူ့နံကြားပင်မကပ်ချေ။
အကြွားသန်တဲ့ သူကြီးကတော် မသန်းတင့်ကြီးမှာ ဆရာကြည့်ထံသို့ ရန်ကုန်ရွှေမြို့တော်က လက်ဆောင်ရတဲ့ ကာဖီဆိုပြီး တစ်ထုပ်ကြီးလာပို့သွားသေးသည်။ တစ်ခေတ်မောင်ကတော့ လက်ဖြင့်ပင် မတို့။ ဆရာကြည်တို့ကလည်း ကာဖီဆိုတာမျိုးထက် ရေနွေးကြမ်းခပ်ကျကျကိုသာ ခပ်အေးအေး သောက်တတ်သူဆိုတော့ ထိုကာဖီထုပ်ကြီးက နွားစာပဲကျွေးပစ်ရတော့မလို၊ လွှင့်ပဲပစ်ရတော့မလိုနှင့် လများစွာ သောင်တင်နေလေသည်။
ကာဖီထုပ်ကြီးထံ စိတ်ရောက်နေတာနဲ့ မူရင်း လုပ်မည့် အလုပ်တို့ကိုတောင် မေ့လျော့သွားလေသည်။ တကယ်တော့ တစ်ခေတ်မောင် တစ်ယောက် ဆရာကြည်ရဲ့ အလစ်ကို ချောင်းနေတာဖြစ်သည်။ သူ့တွင် ယနေ့ ထွေထွေထူးထူးလုပ်စရာမရှိ။ သို့ကြောင့်မို့ နတ်မိမယ် နှမပျိုဖြူကလေးအား နေမဝင်မှီ အိမ်ပြန်လက်ဆောင်အဖြစ် စံပယ်ကုံးကြီး သွားပို့ပေးချင်သည်လေ။ သည်နေ့မှ ဆရာကြည်ကလည်း အိမ်ကပ်သား ကောင်းနေသည်။
အရင်နေ့များကလို ရွာမြောက်ပိုင်းက ဦးလှမောင်တို့ဆီသွားပြီး ဓာတ်ပြားလည်း နားမထောင်တော့။ ဘုရားစင်ရှေ့ဖျာကြမ်းပေါ်တွင် တုံးလုံးလှဲကာ မဖတ်တာကြာသည့် ဖုန်တက်ဝါကျင်နေသော စာအုပ်ကလေးကို ဖတ်နေလေသည်။သူ့ကိုလည်း အနားမနေရအောင် ဟိုဟာ ခိုင်းလိုက် သည်ဟာ ခိုင်းလိုက်နှင့် အလွတ်မပေး။ ခိုင်းလိုက်လျှင်လည်း တိုလီမုတ်စကလေးများသာဖြစ်ချေသည်။
"တပည့်ကျော်ကြီး တစ်ခေတ်မောင် ....ငါ့ လာ ယက်ခပ်ပေးလှည့်...."
"ဟုတ်ကဲ့ ဆရာကြည်..."
နှုတ်ကသာ ဟုတ်ကဲ့ဆောင်နေပေမဲ့ စိတ်တွေက အုတ်ကန်ထဲ စိမ်ထားခဲ့တဲ့ စပယ်ကုံးကလေးနှင့် သူ့ပိုင်ရှင် နှမပျိုဖြူဆီသို့သာ။ နှီးယက်တောင်နှင့် အေးအေးသက်သာ ယက်ခပ်ပေးလိုက်တော့ မကြာသော အချိန်တွင် ဆရာကြည်တစ်ယောက် အိပ်ပျော်သွားတော့သည်။ ဆရာကြည် အအိပ်စက်သည်ကို သူသိသည်မို့ ဝါးကြမ်းခင်းသံ မမြည်လေအောင် ခြေကို ဖော့၍လျှောက်လေတော့သည်။
ကံကောင်းထောက်မစွာဖြင့် အိမ်အောက်သို့ အသံပလန်မထွက်ပါဘဲ ရောက်ရှိလာသည်နှင့် အုတ်ကန်ထဲမှ စံပယ်ကုံးရှည်ရှည်အား ဆယ်ယူကာ ရွာဦးကျောင်းဆီ သုတ်ခြေတင်ပြေးတော့သည်။ ဇာတ်အဖွဲ့သားတို့သည် ရွာဘုရားပွဲမို့ ရွာဦး ဘုရားကျောင်းတွင်သာ တည်းကြလေသည်။ သို့ကြောင့်မို့ တစ်ခေတ်မောင်၏ ​လျင်သောခြေအစုံသည် ရွာဦး ဘုန်းကြီးကျောင်းသို့။
ဘုန်းကြီးကျောင်းသို့ မရောက်မီ ဖုန်တသောသောထနေသော ရွာလမ်းမှ သဘင်ပစ္စည်းအပြည့်တင်ကာ ထွက်သွားသော ကုန်တင်ယာဉ်အသေးစားကလေးကို တွေ့လိုက်ရသည်။ နေတောင် မဝင်သေးပါဘဲ စောစော ပြန်ကြပုံပေါ်သည်။ တစ်ခေတ်မောင် ခြေထောက်တွင် အရှိန်တင်လိုက်ကာ ဒုန်းဆိုင်းပြေးတော့သည်။ ရွာဦး ဘုန်းကြီးကျောင်း အဝင်ဝသို့ ရောက်သည့်အခါ တစ်ခေတ်မောင် တခဏရပ်တန့်လိုက်သည်။ သူ ကရောကပါး ပြေးလာသည်မို့ ခုံဖိနပ်လည်း ပါမလာ။ နေမွန်းတည့်ချိန်မို့ ခြေဖဝါးတွေ ပူလှသည်။ ထို့ကြောင့် သူခဏနားမိသည်။
ခြေတကြွကြွနှင့် ခုန်ဆွဆွဖြစ်နေရင်း အမောကလည်း မပြေဘဲ ပိုပိုမောလာလေသည်။ ကျောင်းဝင်းထဲတွင် လိပ်ခုံးကား တစ်စီးရှိနေပြီး ထိုကားနားတွင် မတ်တပ်ရပ်နေသော သန့်ပြန့်အောင် ဝတ်စားထားသူတစ်ဦး။ ထို့နောက် ထိုလူ့အနားသို့ ခပ်ဖြေးဖြေးလျှောက်လာသော အရိပ်ကလေး။ ဖုန်ငွေ့တို့ တလိပ်လိပ်ထနေသည်မို့ သေချာမမြင်ရ။ သူ ခုန်ဆွဆွဖြစ်နေမှုကို ခေတ္တရပ်လိုက်ကာမှ ဖုန်တို့ငြိမ်ကျသွားသည်။ သို့မှ ပီပြင်လာသော သဏ္ဍာန်ကလေး။
ပုဝါပါးကလေးအား ခြုံလွှားထားသူလေးသည် ကြည်လဲ့လှပနေသော မျက်နှာတော်နုနုကိုသာ မြင်ရသည်။ ဆံနွယ်နက်နက်တို့အား ပုဝါပါးဖြင့် လွှမ်းကာထားသည်။ သန့်ပြန့်သော အသွင်နှင့်လူက ကားတံခါး ဖွင့်ပေးသည့်အခါ နတ်မိမယ်ကလေးက ထိုကားပေါ် အရန်သင့် ဝင်ထိုင်သွားသည်။ ထိုမိန်းကလေးမှာ တစ်ခေတ်မောင်၏ အချစ်ဦးကလေး၊ ရူးရသူလေ၊ စွဲရသူလေး၊ ဟုတ်ပါ၏ "ထွင်းအက္ခရာ" ဆိုသည့် နှမငယ်ဖြစ်သည်။
ထိုလိပ်ခုံးကားကလေး သူ့အမြင်အာရုံရှေ့မှ ထွက်ခွာသွားကာမှ သူကြောင်အမ်းအမ်းရပ်ကြည့်နေမိမှန်းသတိရလေသည်။ သတိရလျှင်ရချင်း ထိုကားနောက်သို့ စံပယ်ကုံးလေး မြှောက်ပြကာပြကာဖြင့် ပြေးလိုက်မိသည်။ မှီလိမ့်မည်လား။ သူမမှီခဲ့ပါ။ နောက်ဆုံးတွင် သူကျန်ရစ်ခဲ့သည်။ နှာမွန်စေသော ဖုန်တလိမ်းလိမ်းနှင့် သူကျန်ရစ်ခဲ့လေပြီ။
*တကယ်ပဲ ဝေးရပြီလား...ထွင်းအက္ခရာရယ်....*
ဟာတာလစ်ဟင်းသွားသော ရင်အစုံ၊ လေးပင်သွားသော ခြေအစုံဖြင့် သူနောက်ကြောင်းပြန်ခေါက်မိသည်။ ​သူ့ခြေအစုံမှ အပူဒဏ်ကို သတိရဖို့ သူမေ့နေပြီလေ။ လက်ထဲမှ စံပယ်ကုံးကလေးကို ခပ်ငူငူကြည့်ရင်း ရွာဦး ဘုန်းကြီးကျောင်းရှေ့ ပြန်ရောက်လာခဲ့သည်။ ဘုန်းကြီးကျောင်းဝင်းအဝတွင် တမောတပန်းပြေးလာသော ဆရာကြည်နှင့် ဆုံသည်။ ဆရာကြည် ဘာ့ကြောင့် ပြေးလာသလဲ ဆိုသည်ကို သူအံ့သြစူးစမ်းနေဖို့ သတိမြဲမနေချေ။ ဆရာကြည်က တစ်ခေတ်မောင်ရဲ့ ပုခုံးနှစ်ဖက်ကို ခပ်ဖြေးဖြေးကိုင်လှုပ်ရင်း။
"တပည့်....ငါ့တပည့်...ဖိနပ်လည်းမပါပါလား ကွာ...."
"ကျုပ် ....ကျုပ် သူ့ကို စံပယ်ကုံးလေး မပေးလိုက်ရဘူး ဆရာကြည်...."
ငူစင်းတွေဝေနေသော မျက်ဝန်းအစုံဖြင့်ငေးကြည့်လာသော တပည့်ဖြစ်သူကြောင့် ဆရာကြည်တစ်ယောက် စကားတစ်ခွန်း ခပ်တိုးတိုးရေရွတ်ရင်း နှစ်သိမ့်အားပေးမိသည်။
"မင်းသူ့ကို ပြန်တွေ့နိုင်မှာပါကွာ....ငါကတိပေးပါတယ်...မင်း ပြန်တွေ့ရမှာပါ...."
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
15.1.2022🖤ဆွေး🖤
ဦးဝင်းဦး၏ ဖုန်းမောင့်သက်လယ် သီချင်းအား Full crd ပေးပါကြောင်း~~~
Continue Reading
You'll Also Like
441K 23.1K 51
1.5M 68.6K 37
adult story(18+) သင့်သခင်×ရုပ်သေး 9.1.2023...
1.2M 89.8K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
157K 8K 34
Start date : 22.3.2023 ဆန်းကြယ်တဲ့ချစ်ခြင်းမေတ္တာတရားတွေကလည်း လောကကြီးရဲ့တစ်စိတ်တစ်ပိုင်းပဲလို့ ပြောရင် ယုံကြမလား...အသွင်မတူတဲ့သူနှစ်ယောက်ရဲ့ချစ်ခြင်...