အင်းဝခေတ်က ကညာပျို
အပိုင်း(၇၇)
တတိယမြောက် တံပိုးခရာသံကြားရသည်။
မုလိန္ဒနန်းဆောင်အတွင်းမှ လက်တွဲကာထွက်လာသည့် ရဲသီဟနှင့် ဗညားအဲအားမြင်ရမှ ရတုသက်ပြင်းအသာချ၏။စိတ်ပူပင်စွာဖြင့် စဝ်ခွန်သရင်ခွင်အတွင်းမှ သူတစ်ချိန်လုံးစောင့်ကြည့်ခဲ့သည်။
"မောင်ကြီးပြောသားနဲ့ စိတ်ချပဆို "
မျက်ခမ်းအောက်စပ်ရှိ မှဲ့လေးပေါ်သို့ အနမ်းဖွဖွခြွေရင်းစဝ်ခွန်သဆိုသည်။မျက်ဝန်းတို့ကိုအလိုက်သင့်မှိတ်ရင်း ရတုပြုံး၏။တစ်ယောက်နှင့်တစ်ယောက်ကြား မမြင်နိုင်သောဆက်နွယ်မှု့တို့ရှိသဖြင့် စိတ်ပူပန်ဖို့မလိုကြောင်း စဝ်ခွန်သကပြောခဲ့သည်။
လက်တွေ့ကျကျမြင်လိုက်ရသည့်အခါ အံ့သြသည်ဆိုခြင်းထက်ကြည်နူးမိ၏။
" အောက်ဆင်းကြမလား "
" အင်း "
ထိုင်ရာမှထကာ လှေကားဆီသို့မျက်နှာမူသောရတုအား စွန်ခွန်သ ဖမ်းဆွဲလိုက်လျှင် မျက်ဝန်းဝိုင်းတို့မှေးကာ ၊ မျက်ခုံးတို့တွန့်ချိုးကာဖြင့် ပြန်ကြည့်လာ၏။
ရှည်လျားကျနေသော ငွေရောင်ပဝါစအား လုံး၍ယူရင်း ရတုလက်ထဲသို့ ထည့်ပေးလိုက်သည်။
" ဘာလုပ်ရမှာလဲ "
" ကိုင်ထားပ "
" မဟုတ်..."
စကားလုံးတို့ အဆုံးသတ်ခွင့်မရမီ စဝ်ခွန်သပွေ့ယူလိုက်သည်။ရတုသည် သူ့လက်မောင်းကြားအတွင်းသို့ သိမ်မွေ့စွာပါလာ၏။
အနက်ရောင်တောင်ပံတို့ကို ဖြန့်ထုတ်လိုက်သည်။ပြတင်းပေါက်ဘောင်မှတဆင့် လေဟာနယ်အတွင်းသို့ ခုန်ချလိုက်လျှင် ရတုသည် သူ့လည်ပင်းသို့ ဖက်တွယ်လာသည်။
ဆုပ်ကိုင်ထားသော ငွေရောင်ပဝါရှည်သည်လည်း လေပြေတို့နောက် မျောပါသွား၏။
စိတ်လှုပ်ရှားချိန်တိုင်း တင်းကြပ်စွာပိတ်ထားတတ်သည့် မျက်ခွံတို့အား စဝ်ခွန်သ မြတ်နိုးစွာနမ်းသည်။ထို့နောက် ခပ်တိုးတိုးလေးရယ်၏။
" မျက်လုံးဖွင့်ကြည့်စမ်းပ ရတုရဲ့"
" အရမ်းမြင့်တယ်မို့လား
ကျွန်တော်မကြည့်ရဲဘူး "
" မကြောက်နဲ့ မျက်လုံးကို ဖြည်းဖြည်းချင်းဖွင့် "
စိတ်ပိုင်းဖြတ်လိုက်သလို လေပူတစ်ချက်ခပ်ကြမ်းကြမ်းမှုတ်ထုတ်ရင်း ရတုမျက်လုံးဖွင့်သည်။မျက်တောင်ရှည်တို့ အပေါ်မြောက်တက်သွားချိန် အုပ်မိုးကြည့်နေသည့် စဝ်ခွန်သနှင့်ဆုံ၏။တည်ကြည်သောမျက်နှာပေါ်မှ ရွန်းမြမြအပြုံးတစ်ပွင့်က စိတ်သက်သာစေသည်။စဝ်ခွန်သက ခေါင်းငြိမ့်ပြ၏။
ရတုခေါင်းအနည်းငယ်စောင်းကာ အောက်သို့ တဖြည်းဖြည်းငုံ့ကြည့်လိုက်သည်။ လှပသောနန်းရင်ပြင်၏ မြင်ကွင်းက သူ့အာရုံအားဖမ်းစားသွား၏။
အပြာရောင်မီးတောက်များ နေရာအနှံ့ထွန်းလင်းနေသည့် နန်းတော်မှာ ကြာပန်းကိုးဆယ့်ကိုးပွင့်ပေါ်၌တည်ဆောက်ထားသည်။ထို့ကြောင့်လည်း ပေါက္ခရဝတီဟူ၍ ခေါ်ဆိုခြင်းဖြစ်မည်။
မြေနန်းဆောင်၏ ခေါင်းရင်းဘက်၌ စင်မြင့်တစ်ခုရှိကာ မင်္ဂလာမောင်နှံတို့ထိုင်ရန် ခင်းကျင်းထားသည့် အဖြူရောင်အမွေးပွ ကောဇောများရှိသည်။
ရှေ့၌ မင်္ဂလာကွမ်းအစ်၊ ပန်းတောင်း ၊ ဆွမ်းအုပ်အစရှိသည့် ပစ္စည်းများအား ရိုးရာမပျက်ခင်းကျင်းထား၏။
စင်မြင့်၏ ဘေးဝဲယာ၌ ကျောက်သလင်းနီ ထိုင်ခုံများရှိသည်။ အကြီးအကဲတို့၏ နေရာထိုင်ခင်းများဖြစ်နိုင်ကောင်း၏။
အဝင်အဝ၌ လူစည်ကားသည်။မင်္ဂလာပွဲသို့တက်ရောက်သူများသည်လည်း လက်ဖွဲ့ကိုယ်စီဖြင့်။လက်ဖွဲ့အများစုသည် အသီးအနှံများ အထည်အလိတ်များနှင့် ကျောက်မြတ်ရတနာများဖြစ်သည်။ငွေ ပိုက်ဆံထက် ဒေသထွက်တို့ကို တန်ဖိုးထားကြပုံရ၏။
အပြာရောင် မီးပုံကြီး၏ ဘေးပတ်လည်မှ ကချေသည်တို့သည်လည်း မြူးကြွသည့်တေးသံသာအောက်၌ လှပစွာကခုန်နေကြသည်။ပျော့ပြောင်းသော ခါးတစ်ချက်ယိမ်းနွဲ့သွားချိန်တိုင်း လှုပ်ခါသွားသည့် ခါးစည်းအဆင်တန်ဆာတို့၏ အလှတရားမှာ အနုပညာဆန်လှသည်။
" အမြင့်ကြောက်သေးသလား "
" မကြောက်တော့ဘူး "
လွယ်လင့်တကူပြောလိုက်ပြီးမှ စဥ်းစားကာစကားလုံးအနည်းငယ်ဖြည့်စွက်လိုက်သည်။
" ခင်ဗျားရှိရင်ပေါ့ "
ထပ်လောင်းဖြည့်လိုက်သည့်စကားများက အဓိပ္ပါယ်ပိုရှိစေ၏။
ရွန်းမြသည့်လရောင်က မိုးတိမ်ကင်းသောကောင်းကင်ထက်၌ ဝင့်ထည်လို့နေသည်။စဝ်ခွန်သသည် သူ၏အနက်ရောင်တောင်ပံတို့အား ဖြန့်ကျက်လိုက်၏။
တည်ငြိမ်နေသော လေက သူ၏ ထိန်းချုပ်မှု့ဆီသို့ ကသုတ်ကရုတ်ပြန်လည်ရောက်ရှိလာခဲ့ပြီး အရောင်စုံပန်းပွင့်ချပ်လေးများကိုပါ ဆောင်ယူလာခဲ့သည်။
လပြည့်ဝန်းအားနောက်ခံထား၍ များပြားလှသောပွင့်ချပ်လွှာများ ကောင်းကင်၌ ပျံ့ကြဲနေသည်ကရင်သတ်ရှု့မောဖွယ်အတိ။
လှလွန်းသည်။
ထိုစကားသည် မော့ကြည့်နေသူတိုင်း၏ နှုတ်ဖျား၌ ရှိနေခဲ့၏။ဝိုင်းပတ်လာသည်ရောင်စုံပွင့်ချပ်များအား ရတုအံ့အားသင့်စွာငေးမောမိသည်။ပန်းပွင့်များသည် တစ်ဆထက်တစ်ဆ ပိုမိုများပြားလာခဲ့ပြီး နောက်ဆုံး၌ ကောင်းကင်မှ မြေပြင်ပေါ်သို့ ထိုးဆင်းသွားသော ပန်းလှေကားအသွင်သို့ပြောင်းလဲသွားသည်။
စဝ်ခွန်သသည် ရတုရှေ့မှာပြုံးလျှက်ကြည့်နေ၏။
ထိုအချိန်မှ ရတုသတိထားလိုက်မိသည်။သူလေပေါ်၌ ရပ်တန့်နေခဲ့ကာ ခြေအစုံသည် ပန်းလှေကား၏ ထိပ်ဆုံးအထစ်၌ ရှိနှင့်နေသည်။
နှစ်ဆင့်နိမ့်သည့်လှေကားထစ်၌ ရပ်ရင်း စဝ်ခွန်သက လက်ကမ်းလာ၏။အတောင်ပံများရှိနေသော်လည်း လူအသွင်ပြောင်းနိုင်ခဲ့ပြီဖြစ်ရာ နဂိုရှိရင်းစွဲခန့်ညားမှု့များကပို၍ အရှိန်အဝါကောင်းလာသည်။
အနက်နှင့်ငွေရောင် ရောစပ်ထားသည့် ကြိုးကြာရုပ်ပါပိုးထည်အား ဝတ်ဆင်ထားသည်။ရင်ဘတ်ပေါ်မှ တစ်ခြမ်းသာမြင်ရသည့် ရွှေရောင်အနားသတ်များပါသော အနက်ပန်းမှာ အရောင်ဖျဖျထွက်နေ၏။
ကမ်းကြိုနေသောလက်ထံသို့ ရတုလက်ပြန်ကမ်းပေးရင်း ခြေတစ်လှမ်းထပ်လှမ်းလိုက်သည်။ပွင့်ချပ်တို့သည် သူ့အား နိုင်နင်းစွာထောက်ပံ့ပေးထား၏။အောက်ဘက်ရှိ မင်္ဂလာပွဲတက်ပရိတ်သတ်များထံမှ သြဘာပေးသံများ ညံစီ၍ပေါ်ထွက်လာသည်။
ပန်းလှေကားထစ်တို့ဆုံးသည့်အခါ ကတ္တီပါကြမ်းခင်းကောဇောပေါ်သို့ခြေချရ၏။
ဖျောက် ~~~
စဝ်ခွန်သ လက်ဖျောက်တစ်ချက်တီးလိုက်သည်။
လေသည် ပွင့်ချပ်လွှာတို့အား သိမ်မွေ့စွာလှည့်ပတ်သယ်ဆောင်ကာ ပန်းဘောလုံးအသွင်သို့ပြောင်းလဲစေခဲ့သည်။
" လကန်တော့ချိန်ရောက်ပါပြီအရှင် "
နတ်ဆရာက သတိပေးလာ၏။
ဆူညံနေသောလူအုပ်ကြီးသည်လည်းကောင်း တူရိယာတို့၏ တီးခတ်သံသည်လည်းကောင်း ဆိတ်သုဥ်းသွားခဲ့ပြီး အနီရောင် ကော်ဇောအားနင်းဖြတ်ကာ စင်မြင့်ပေါ်သို့ သူတို့တက်လိုက်သည်။ရဲသီဟနှင့် ဗညားအဲက လက်ဝဲဘက်တွင် နေရာယူထားပြီးဖြစ်၏။
နတ်ဆရာသည် လပြည့်ဝန်းအားမော့ကြည့်၍ လက်နှစ်ဖက်အား မြှောက်ကာမြှောက်ကာဖြင့် သူတို့နားမလည်သော ဘာသာစကားတို့အားရွတ်ဆိုနေသည်။အတန်ငယ်ကြာသည့်အခါ သူတို့ရှိရာသို့လျှောက်လာရင်း အပျိုတော်လေးယောက်အားငွေလင်းဗန်းနှစ်ခုယူဆောင်လာစေလိုက်သည်။
ငွေလင်ဗန်းငယ်အတွင်း၌ အဋ္ဌဂံပုံဒင်္ဂါးပြားတစ်ခု၏ ခေါင်းနှင့်ပန်း ပါ၏။
စက္ကရနဝ၏ ဒင်္ဂါးတို့မှာ ငွေကြေးအဖြစ်သုံးစွဲကြရုံမက ဒင်္ဂါးပြားကိုနှစ်ခြမ်းခွဲ၍ မင်္ဂလာဆွဲကြိုးအဖြစ်ပါအသုံးပြုကြသည်။
မျက်နှာပြင်နှစ်ခုပေါင်းစပ်မှသာ အဖိုးတန်သော ဒင်္ဂါးပြားလေးသည် နှစ်ယောက်ပေါင်းမှ တစ်ဘဝဟူသော အဓိပ္ပါယ်နှင့်တူညီလှ၏။ထို့ကြောင့် ခေတ်အဆက်ဆက် မင်္ဂလာပွဲ၏ အထိန်းအမှတ်အဖြစ်ပါဝင်လာခဲ့သည်။
ဒင်္ဂါပြား၏ ကြာပန်းပုံပါသောဘက်ခြမ်းအား စဝ်ခွန်သ ကိုင်လိုက်သည်။နတ်ဆရာက ရတုအား အမေးရှိလာ၏။
" လက်ခံပါမည်လား "
" လက်ခံပါ့မည် "
ရတုပြန်ဖြေလိုက်သည်။စဝ်ခွန်သက ဒင်္ဂါးခြမ်းလေးအား သူ့လည်ပင်းတွင် ဆွဲပေးလာ၏။အပြန်အလှန်အနေဖြင့် အောက်ချင်းငှက်ပုံပါသောဒင်္ဂါး၏ ကျန်တစ်ဖက်ခြမ်းအား ရတုကောက်ယူလိုက်သည်။နတ်ဆရာက စဝ်ခွန်သအားမေး၏။
" လက်ခံပါမည်လော "
စဝ်ခွန်သ ပြန်ဖြေလိုက်သည်။
" ကြည်ဖြူစွာ လက်ခံပါ့မည် "
နတ်ဆရာကြီး၏ နှုတ်ခမ်းပါး၌ အပြုံးတစ်ပွင့်တွဲခိုသွားပြီးနောက် စဝ်ခွန်သအား အရိုအသေပြုကာ နောက်ထပ်ငွေလင်ဗန်းငယ်နှင့်အတူ ဗညားအဲတို့ဆီသို့ လျှောက်သွားသည်။ထို့နောက် တူညီသောမေးခွန်းကိုပင် မေးကာ မင်္ဂလာဆွဲကြိုးအားဆွဲစေခဲ့၏။
ထိုမျှနှင့်မပြီး..။
ငွေလင်ဗန်းကိုင်ထားသည့် အပျိုတော်လေးဦးထွက်ခွာသွားပြီးနောက် ကြွေရေခွက်နှစ်လုံးနှင့် ကျောက်စိမ်းဓားငယ်နှစ်ချောင်းစီကိုင်ဆောင်ထားသည့် နောက်ထပ်လေးဦးရောက်ရှိလာသည်။
နတ်ဆရာသည် ဓားငယ်အားကိုင်ဆောင်ရင်း စဝ်ခွန်သ၏ ညာလက်ထိပ်ဖျားနှင့် ရတုဘယ်လက်၏ ထိပ်ဖျားတို့အား ခပ်သေးသေးခွဲကာ သွေးထုတ်ယူလိုက်သည်။ကြွေခွက်အတွင်း ကျဆင်းသွားသော သွေးစက်တို့သည် ခွက်အတွင်းရှိ ရေ၌ ပျော်ဝင်သွားခြင်းမရှိ။
သွေးစက်လေးနှစ်စက်သည် ကြွေခွက်ငယ်အတွင်း တစ်ခုနှင့်တစ်ခု ခဏမျှလှည့်ပတ်နေခဲ့ပြီးနောက် ပေါင်းစပ်သွားလေ၏။
ထို့နောက် လကန်တော့ခြင်းစတင်သည်။နတ်ဆရာသည် သူ၏ တောင်ဝှေးအားတစ်ချက်စောင့်ချလိုက်ပြီး ဆုတောင်းသီချင်းအားစတင်ဆိုခဲ့သည်။
မင်္ဂလာပွဲသို့တက်ရောက်လာသူများကလည်း လိုက်၍ဆို၏။
သူတို့ယုံကြည်သည်။ လနတ်သမီး၏ ကောင်းချီးပေးမှု့ကြောင့် မင်္ဂလာမောင်နှံသည် တစ်သက်တာလုံး အေးချမ်းစွာနေနိုင်လိမ့်မည်ဟူ၍။
လကန်တော့ပြီးသည့်နောက် စုလျားခေါ် တဘက်ရှည်တစ်ထည်အား လက်ကောက်ဝတ်တွင်ရစ်ပတ်စေသည်။
စုလျားရစ်ပတ်လက်ထပ်ခြင်းမည်၏။
အဆုံးတွင်တော့ မင်္ဂလာပွဲအောင်မြင်စွာ ပြီးဆုံးပြီဖြစ်ပါကြောင်း နတ်ဆရာမှကြေညာလိုက်သည်။တိတ်ဆိတ်နေသော တူရိယာတို့နိုးကြွလာ၏။လူအပေါင်းတို့၏ တစ်ဦးတစ်ပေါက် စကားပြောသံများ ညံညံစီစီပေါ်ထွက်လာသည်။
ကောင်းကင်မှ လျှပ်စီးကြောင်းတစ်ခု ပန်းဘောလုံးလေးအား ထိုးဖောက်သွားသည်။အစိတ်စိတ်ကွဲထွက်သွားသော ပွင့်ချပ်များသည်နေရာအနှံ့အပြားသို့ ကြွေကျလာ၏။မွှေးပျံ့သည့် ပန်းရနံ့က လူတိုင်းအား ပျော်မြူးစေသည်။
ထို့နောက် တည်ခင်းထားသော စားသောက်ဖွယ်ရာတို့အား မြိန်ရှက်စွာစားသောက်ကြ၏။လူတိုင်း၏ မျက်နှာ၌ ပျော်ရွှင်မှုကိုမြင်ရသည်။
ဗညားအဲလက်အား ရဲသီဟ ခပ်တင်းတင်းလေးဆုပ်ကိုင်လိုက်၏။
" ဘာဖြစ်သလဲ သီဟငယ်
မျက်နှာညှိုးနေပါ့လား "
" နောင်တော်ရှိရင်ကောင်းမယ်လို့
ကျုပ်တွေးမိရုံပါ "
အဖြူရောင် ကုမုဒြာကြာပန်းတို့အား ငေးကြည့်ကာဆိုသည်။ယဲ့ယဲ့လေးသာပြုံးနိုင်သော နှတ်ခမ်းပါးတို့က ခွန်အားမဲ့နေကြောင်း ဖော်ပြနေ၏။
" ခွန်သ...
အစ်ကိုဒိပ္ပက ဒီကိုလာလို့မရတော့ဘူးလား "
" ဆိုရမပေါ့
နန်းတော်သခင်က ဝင်ပေါက်ကို
အပြီးချိတ်ပိတ်ခဲ့ပြီလေ "
" အစ်ကိုသီဟကိုကြည့်ရတာ
သူ့နောင်တော်ကို သတိရနေတာထင်တယ်
ဒီလိုအချိန်မျိုးမှာ ဘယ်သူပဲဖြစ်ဖြစ်
ကိုယ့်မိသားစုဝင်ကို ရှိစေချင်မှာပဲ
သူဝမ်းနည်းနေမှာ "
" ဒါဖြင့် ရတုကရော "
ရတု ဖြေးညင်းစွာခေါင်းခါသည်။
" အရာအားလုံးနဲ့ယှဥ်ပြီး
ခင်ဗျားကို ရွေးခဲ့တာပါဗျာ "
သွားစွယ်ကလေးတစ်ဖက်ပေါ်ထွက်လာသည်အထိ ရယ်လျှက် ပြောနေသူအား စဝ်ခွန်သ မြတ်နိုးစွာတစိမ့်စိမ့်ကြည့်နေခဲ့သည်။
ရတုသည် သူ့အတွက် တန်ဖိုးဖြတ်၍ မရနိုင်သည့် ရတနာလေးသာဖြစ်၏။
" ထားပါတော့လေ ကျုပ်လည်း
ငယ်တော့တဲ့အရွယ်မှမဟုတ်တာ
ဘယ်လိုလုပ် နောင်တော်နဲ့ပဲ
အမြဲနေလို့ရပါ့မလဲ "
စိတ်ပိုင်းဖြတ်သလို သက်ပြင်းလေးချကာ ရဲသီဟဆိုသည်။အချိန်အကြာကြီး စိတ်ညစ်ညူးနေတတ်သည့် သူထဲတွင် သူမပါပေ။
" ကျုပ်ရှိသေးပါ့
သီဟဘေးမှာ တစ်သက်လုံးရှိသွားပေးမယ်လို့
ကတိပေးရော့တယ် "
" ကတိဆိုတာပေးပြီးရင်
တည်ရပနော် "
"ကျုပ်က ယောက်ျားပါသီဟငယ်
ပေးထားကတိကို
မဖောက်ပျက်ပါရော့ "
ရဲသီဟ နှစ်ခြိုက်စွာပြုံးလိုက်၏။သည်လမ်းနှင့် သည်လူအား ရွေးချယ်ခဲ့ပြီဖြစ်၍ အကျိုးဆက်များအတွက် သူတာဝန်ယူရမည်။
" သွားရအောင်ပ
ကျုပ်...အဟမ်း...အိပ်ချင်ပြီ "
ဗညားအဲ ခိုးကာပြုံးသည်။ရှက်သွေးဖြာနေသည့် ကောင်ငယ်လေးက ဖျစ်ညစ်ချင်ဖွယ်အတိ။
ထို့နောက် လက်မောင်းများကြားမှဝင်၍ ကုန်းပေါ်ခေါ်သည့်အခါ ရန်ထောင်ပြန်သည်။
" အသင် ဘယ်နှယ်ဖြစ်နေတုန်း ဗညားအဲ "
" အင်း...သီဟလေး အိပ်ချင်သပဆို
အိပ်လို့ရအောင် ကျုပ်ကကြံပေးတာပ "
" တကယ်တမ်းတော့....
ကျုပ်..မအိပ်ချင်ပါဘူး "
သံရှည်ဆွဲကာ ဆိုနေသူကြောင့် ရယ်ချင်စိတ်အား မနည်းထိန်းရသည်။စကားစရန် ခက်ခဲနေသည့်ပုံစံက စနောက်ကျီစယ်ချင်စရာကောင်းလွန်း၏။
" ဒါဖြင့် ဒီည ကျုပ် သီဟကို
အခွင့်အရေးယူလို့ရသလား "
နောက်ဆုံးတွင် သူဆက်၍ စနောက်မနေတော့ပဲ တည့်တိုးသာမေးလိုက်၏။မဟုတ်လျှင် ညစာငတ်မည့်အပြင် မြင်ဇောင်းတွင် သွားအိပ်ရကိန်းများမြင်သည်။
" ရပါ့ "
ရဲသီဟသည် သူ့အနားသို့ကပ်ကာ တိုးတိုးကလေးပြန်ဖြေပေး၏။လှည့်၍ ကြည့်စရာမလိုပါပဲ နားရွက်ဖျားမှာ နီမြန်းနေမည်ကိုသိ၏။ဗညားအဲခပ်တိုးတိုးရယ်ဖြစ်သည်။ ရလဒ်အနေဖြင့် နားရွက်ပြတ်မတတ် လိမ်ဆွဲခြင်းခံလိုက်ရ၏။
လရောင်လေးက ပွင့်လန်းနေသော ကုမုဒြာပန်းလေးများအပေါ်ဖြာကျလို့နေသည်။
စားသောက်ပွဲကြီးများနှင့် ကခုန်ပျော်မြူးနေကြသူတို့အား နောက်တွင်ချန်ခဲ့ကာ အိပ်ဆောင်ဆီသို့ခြေလှမ်းတို့ဦးတည်ခဲ့၏။သွက်လက်ပေါ့ပါးနေသောခြေလှမ်းတို့ကြောင့် လည်တိုင်ရှိ လက်ထပ်ဆွဲကြိုးမှ ဒင်္ဂါးငယ်တို့လှုပ်ရမ်းသွားသည်။
မြတ်နိုးလှပါ၏...။
အသံတိတ်ပြောခဲ့ပါသော စကားတို့အား ကုမုဒြာတို့လည်း ကြားနိုင်စွမ်းမရှိပြီ။
2356 words
Dec 25 2022 🍵
_________________