🦊🏜️
ရာသီဥတုက အေးသထက်အေးလာပြီ ။
ငါ နဲ့ အားတု လည်းနောက်ဆုံးတော့ အပြင်ကိုခိုးထွက်ဖို့ အခွင့်အရေး ရခဲ့ပြီလေ ။
လမ်းမ တွေပေါ်မှာ အချိန်ဖြုန်းရတာ ဘယ်လောက်တောင် ကောင်းလိုက်သလဲ ။
လူတွေက ပျားပန်းခတ် သွားလိုက်လာလိုက်နဲ့
ရထားလုံးတွေ ကလည်း တန်းစီပြီးသွားနေလိုက်ကြတာများ နဂါးတွေလိုလို ရေတွေအဆက်မပြတ်ပဲစီးဆင်းနေသလို မျိုးတောင်ဖြစ်လို့နေပြီး စည်ကားချက်ပဲ ။
(ရထားတွဲတွေ တအားများတော့ နဂါး လိုလို ရေစီးလိုအဆက်မပြတ်ပဲ လို့ပြောချင်တာ )
ငါတို့ လက်ဖက်ရည်ဆိုင်ကို ပုံပြင်နားထောင်ဖို့အတွက်သွားခဲ့ကြတယ် ။
နဂိုက ပုံပြောဆရာဘယ်ရောက်သွားလဲ ဘယ်သူမှမသိကြတော့ဘူး ။
ဘယ်လိုပဲဖြစ်ဖြစ် အခုပုံပြောဆရာက နတ်ဓားသိုင်းတွေအကြောင်းမပြောတော့ဘူး ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အဖြစ်အပျက် နန်းတွင်းရေးရာ အကြောင်းတွေပဲ ပြောပြလို့နေတယ် ။
""အဲ့ဒီတုန်းက အနောက်ဘက် လျန် က
စစ်ရှုံးခဲ့တဲ့အချိန်ကစလို့ တရုတ်ပြည်မကြီးရဲ့ တပ်က သူတို့ဆီကို နီးကပ်လာတဲ့အခါတိုင်း သူတို့က ကြောက်လန့်ပြီး အရှုံးပေးတဲ့အနေနဲ့ သူတို့အလံတွေကိုတောင် လွှင့်ပြစ်ကြတဲ့အထိပဲ ။ "
" ဧကရာဇ်က စိတ်နှလုံးကြီးမြတ်တဲ့အတွက် အနောက်လျန်နဲ့ သံတမန် အနှောင်အဖွဲ့ ဆက်ဆံရေး တစ်ခုတည်ဆောက်ဖို့ ဆုံးဖြတ်တော်မူလိုက်တယ် ။ "
"ဒါ့အပြင် မင်းယွမ် မင်းသမီး ကို လည် လျန်အနောက်ဘုရင် ဆီ လက်ဆက်ဖို့ ချီးမြှင့်တော်မူတယ် ။"
" တိုင်းပြည် နှစ်ပြည်ရဲ့ ငြိမ်းချမ်းတဲ့ ဆက်ဆံရေးဟာ ဆယ်စုနှစ်ကြာ တည့်တံ့လာခဲ့တာ မမျှော်လင့်ဘဲအနောက် လျန်ရဲ့ ဘုရင်ဟောင်း သေဆုံးမှုမတိုင်ခင်ထိပဲ ။ "
" ဘုရင်အသစ်ကတော့ ရည်မှန်းချက်ကြီးမားသူတစ်ယောက်ဖြစ်လို့ တရုတ်ပြည်မကို စစ်ကြေညာမှုပြုတယ် ။
ကြီးမြတ်တဲ့ ဧကရာဇ် ကအေနာက်လျန်ကို လွယ်လင့်တကူ ထိန်းချုပ်နိုင်ခဲ့လို့ ။
အနောက်လျန် ဘုရင်သစ်က တရုတ်ပြည်မကြီးရဲ့ အင်အားကို မြင်တွေ့ပြီး နောင်တရဖို့ အချိန်တောင်မမှီခဲ့ဘူး ။ "
ဘုရင်သစ်က သူ့ရဲ့ သမီးကို တရုတ်ပြည်မကြီးက သက်သက်ညှာညှာ ဆက်ဆံ ရေး အတွက် အလဲအလှယ် အနေနဲ့ ထိမ်းမြားဖို့အတွက် ကမ်းလှမ်းဖို့ ဆုံးဖြတ်ခဲ့တယ် .........။ ""
လက်ဖက်ရည်ဆိုင်ထဲ မှာ လူတိုင်းက မတ်တပ်ရပ်လို့ ရယ်မောနေကြချိန် အားတုက ခုန်လိုက်ပြီး ခွက်ကိုခွဲလိုက်တယ် ။
ပုံမှန်ဆို အားတုက ငါ့ကိုရန်မဖြစ်ဖို့ အရင် တားတာ ။ ဒါပေမဲ့ ဒီတခါတော့ ကြည့်ရတာ သူမ တစ်ယောက်ယောက်ကို အနာတရဖြစ်အောင် လုပ်မိတော့မယ်ထင်လို့ လက်ဖက်ရည်ဆိုင်ထဲကနေ အတင်းဆွဲခေါ်လာရတယ် ။
အပြင်ဘက်မှာ နေရောင်ခြည်က တောက်ပလို့နေတယ် ။
ငါမှတ်မိသေးတယ် မင်းသမီး မင်းယွမ် က အနောက်ရှီးလျန်က အမျိုးသမီးတွေရဲ့ ဝတ်စားပုံ နဲ့ မတူတာမျိုးကိုပဲ အမြဲတစေ ဝတ်လေ့ရှိပြီး သူမက အရမ်းကိုလှတဲ့ အမျိုးသမီး ပဲ ။ သူမ နာမကျန်းဖြစ်ပြီး ဆုံးပါးသွားတဲ့အခါ ငါ့ခမည်းတော် က တော်တော်လေး စိတ်မကောင်းဖြစ်ခဲ့တယ် ။
ခမည်းတော်က သူမအပေါ် ကောင်းကောင်းမွန်မွန်ဆက်ဆံပေးခဲ့တယ် ။ "သူမအပေါ်ကောင်းကောင်းမွန်မွန် ဆက်ဆံပေးတာက တရုတ်ပြည်မကြီး တစ်ခုလုံးကို ကောင်းမွန်စွာ ဆက်ဆံပေးတာနဲ့ အတူတူပဲ " လို့ ခမည်းတော်ကပြောခဲ့တယ် ။
ငါတို့ ရှီးလျန် အနောက်ပိုင်း ကလူတွေက ငါတို့ သူတပါးအပေါ် ကောင်းကောင်း မွန်မွန် ဆက်ဆံရင် သူတပါးကလည်း ငါတို့အပေါ် ကောင်းကောင်းမွန်မွန် တုံပြန်လာမယ်လို့ ယုံကြည်ကြတာ ။
တရုတ်ပြည်မ အလယ်ပိုင်းကလူတွေနဲ့ မတူဘူး ။ အမြဲတစေ အများကြီးစဉ်းစားတွက်ချက်နေပြီး ရှေ့တမျိုးကွယ်ရာ တမျိုးလုပ်ကြတာမျိုး လည်းမဟုတ်ဘူး ။
တကယ်လို့ လွန်ခဲ့တဲ့ သုံးနှစ်ကသာ ဆိုရင် ငါ အဲ့ဒီ လက်ဖက်ရည် ဆိုင်ကလူတွေနဲ့ ရန်ပွဲဆင်နွှဲ ဖို့ တွန့်ဆုတ်နေခဲ့မှာ မဟုတ်ဘူး ။ ဒါပေမဲ့ အခုငါ ရန်ဖြစ်ဖို့ စိတ်မပါဘူး ။
အားတု နဲ့ ငါ တံတားဘေး မှာနားဖို့ ထိုင်လိုက်ကြတယ် ။
မြစ်ရေပြင်ပေါ်မှာက တိုက်ခတ်လာတဲ့ လေတွေကို အသုံးချပြီး သွားနေတဲ့ လှေတစ်စင်း ။
လှေလှော်တဲ့သူက တုတ်ရှည်တစ်ချောင်းကို ကိုင်ထားရင်း တုတ်ကို ရေအောက်ထဲ နှစ်လိုက်အနောက်ကို ဖြည်းဖြည်းရွှေ့လိုက် နဲ့ ဖြေးဖြေးမှန်မှန် သွားနေတယ် ။
ငါအလယ်ပိုင်း ပြည်မကို ပထမဆုံးရောက် တဲ့အချိန်တုန်းက လှေကို မြင်တော့ ငါ့အတွက် အကြီးအကျယ်ကို အံ့ဩစရာဖြစ်နေခဲ့တာ မှတ်မိတုန်းပဲ ။ လှည်းသေးသေးလေးက ရေထဲမှာ ဘယ်လိုတောင် လှုပ်ရှားသွားလာနိုင်ရတာလဲ ပေါ့ ။
တံတားကိုမြင်တော့ ပိုလို့တောင် အံ့ဩနေခဲ့သေး ။
ကျောက်တုံးတွေကို သက်တံ့ဖြစ်အောင်များဘယ်လိုလူက ဆောက်ခဲ့သလဲ ။
အနောက်ရှီးလျန်မှာ မြစ်ရေက ကြည်လင် နက်ရှိုင်းပြီး "qua la la " အသံ တစ်ချိန်လုံးထွက်နေပြီး မြင်းတွေတောင် ခုန်ကျော်လို့ရတယ် ။မြစ်ထဲမှာ လှေဆိုတာရော တံတားဆိုတာ ပါ မရှိဘူး ။
အလယ်ပိုင်း ပြည်မကို ရောက်မှပဲ ငါအရင်တုန်းက မမြင်ခဲ့ဖူးတာတွေ အများကြီးကိုတွေ့ ခဲ့ရတယ် ။ ဒါပေမဲ့ ငါ တစက်ကလေးမှ မပျော်ဘူး ။
ငါအတွေးတွေ ထဲမှာမျောနေတုန်း
ရုတ်တရက် သိပ်မဝေးတဲ့ နေရာကနေ အုတ်အုတ်ကျက် ကျက် အသံတချို့ကြားလိုက်ရပြီးနောက်
လူတစ်ယောက် " လာကြပါအုန်း !! ငါ့မောင်လေး မြစ်ထဲကို ပြုတ်ကျသွားလို့ !! တစ်ယောက်ယောက်ကယ်တင်ပေးကြပါအုန်း " လို့အော်သံကြားလိုက်ရတယ် ။
ငါကြည့်လိုက်တော့ သိပ်မဝေးတဲ့ တနေရာမှာ ၇ နှစ် ၈နှစ်လောက်ရှိတဲ့ကလေးမလေးတစ်ယောက်ငိုပြီး " ငါ့ မောင်လေး ကိုကယ်တင်ပေးကြပါအုန်း ။ သူရေထဲကို ကျသွားပြီ "လို့အော်ဟစ် လို့ နေတယ် ။
မြစ်ရေထဲမှာ ခေါင်းလေးတစ်ခေါင်း မြှပ်လိုက်ပေါ်လိုက် နဲ့ဖြစ်နေတာ ငါမြင်လိုက်တယ် ။
ငါ ကလေးကို ကယ်တင်ဖို့ တုံ့ဆိုင်းမနေဘဲ ရေထဲကို တန်း ခုန်ချလိုက်တာ ငါရေမကူးတတ်ဘူးဆိုတာကိုတောင် စဉ်းစားဖို့ ခဏမေ့သွားမိပြီ ။
ကလေး ရဲ့ လက်မောင်းကို ငါဖမ်းမိလိုက်တဲ့ချိန်
ငါ့လည်ချောင်းထဲ မှာ တံတွေး တွေ ဘယ်လောက်တောင် မွန်းနေအောင်မျိုချနေမိပြီလဲမသိဘူး ။
ငါ တွေးနေမိတာက ကလေးကိုလည်းမကယ်တင်နိုင်ပဲ ငါလည်းနစ်သွားမယ်ဆိုရင် တော့ မကောင်းဘူး ။
ငါ ရေနစ်လို့ သေသွားတာက ကိစ္စမရှိပေမဲ့ အားတုကို ဘယ်သူက ဂရုစိုက်ေပးတော့မှာလဲ ။
အနောက် ရှီးလျန်ကို ပြန်ဖို့ လည်းကိုလည်းသူမသိတာမဟုတ်ဘူး ........
ငါရေတွေ အများကြီး အများကြီးကို သောက်မိလိုက်ပြီ။
ငါမြစ်ရေထဲကို မြှပ်သွားတဲ့အချိန်မှာပဲ အားတုက ငါ့ကိုရေထဲကနေ ဆွဲတင်လိုက်တယ် ။
ဒါပေမဲ့ ငါကအဲ့အချိန်မှာ ငါကသတိလစ်စ ပြုနေပြီ ။
အားတုက ငါ့ကိုမြစ် ဘေးက ကျောက်တုံးအကြီးကြီး တခုပေါ်တင် လိုက်တော့ ငါရေတွေ တော်တော်များများကို အန်ထုတ်လိုက်မိတယ် ။
အရှေ့နန်းတော်ကို ပထမဆုံးအကြိမ်ရောက်တုန်းကလည်း ရွှေငါးလေး တစ်ကောင်ထည့်ထားတဲ့ ဖန်ငါးလှောင်ကန်လေးကို ငါတွေ့တော့ အဲ့ငါးလေးကို ကြည့်ရတာ အတော်ကို ကြုံတောင့်ကြုံခဲ ဖြစ်ရပ်လို့ ငါခံစားခဲ့ရတယ် ။
အဲ့ဒီငါးက အရမ်းကြီးပြီး သူရဲ့ဗိုက်ဖောင်းကားကားလေးနဲ့ အရမ်းကိုချစ်ဖို့ ကောင်းနေပြီး ပါးစပ်က နေ ပူဖောင်းလေးတွေလည်း တဖြည်းဖြည်း မှုတ်ထုတ်နေနိုင်တာလဲ ။ ဒါပေမဲ့အခုတော့ ငါနားလည်သွားပြီ ။
ဘာလို့လဲဆိုတော့ အဲ့ဒီငါးရဲ့ ဗိုက်ထဲမှာလည်း ရေတွေပြည့်နေလို့ပဲ ။
အားတုက တစ်ကိုယ်လုံးကို ရွှဲစိုနေရော ။ သူမ ငါ့ဘေးမှာ ငုတ်တုတ်ထိုင်ချလိုက်တယ် ။ အင်္ကျီကလည်း ရေတစက်စက် နဲ့ ကျနေတုန်းပဲ ။ သူမငါ့ကို စိုးရိမ်တကြီးနဲ့ကြည့်နေတာ တကယ်လို့ ငါသာ နိုးမလာခဲ့ရင် ဒီအရူးမလေးက ငိုနေလောက်တယ် ။
"
ငါ ခေါင်းတွေ မူးနောက်နေပြီး ပါးစပ်ထဲက ရေအပြည့်ကို ထွေးထုတ်လိုက်ရင်း " ............ကလေးရော ဘယ်မှာလဲ ?....."
အားတု ရေထဲကနေ ကလေးကို သယ်လာပြီးငါ့ဆီကို ခေါ်လာပြတယ် ။ သူ့တကိုယ်လုံးရေတွေ စိုရွှဲလို့ မျက်ရည်ဝဲနေတဲ့ မျက်လုံးလေးတွေနဲ့ ငါ့ကိုကြည့်နေတာ ။
ငါမူးနောက်နောက်နဲ့ ပဲ မတ်တပ်ရပ်လိုက်တယ် ။လူတချို့က ငါ့တို့ကို လာဝိုင်းကြည့်နေတာ ဒီနေရာက လူနည်းနည်းရှုပ်သလိုတောင် ဖြစ်လာတယ် ။
ငါ အမြဲတမ်း စိတ်လှုပ်ရှားဖို့ကောင်း တာတွေကိုခံစားဖို့ လမ်းမပေါ်တွေလျှောက်သွားတတ်ပေမဲ့ ဒီတခါ ငါက လူတိုင်းရဲ့ အာရုံစိုက်မှု အလယ်မှာရောက်နေတာတော့ ငါ့အတွက်သိပ်တော့အဆင်မပြေလှဘူး ။
ငါနဲ့အားတု တို့ အဝတ်တွေကို ရေညှစ်နေကြတုန်းမှာပဲ "ငါ့ကလေး !ငါ့ကလေး !" ဆိုပြီး အော်ဟစ်ငိုယို ပြီးလူနှစ် ယောက် လူကြားထဲကိုတိုးဝှေ့ လာတယ် ။
အဲ့နှစ်ယောက်ကြည့်ရတာ လင်မယားတွေဖြစ်တဲ့ပုံပဲ ။ နှစ်ယောက်စလုံးက ရေထဲကျသွားတဲ့ကလေးကို ချီထားပြီး မျက်ရည်တွေ ကျနေတယ် ။ အဲ့ကလေးရဲ့ အမဖြစ်သူကလည်း သူမ မျက်လုံးတွေကို ပွတ်ရင်းဘေးနားမှာ မတ်တပ်ရပ်လို့ ။
မိသားစုတွေပြန်တွေ့သွားကြပြီပဲ။
ငါပျော်ရွှင်မိတယ် ။
တချိန်လုံး ငါ လက်ဖက်ရည်ဆိုင်မှာ ပုံပြင်ပြောတဲ့လူပြောပြတဲ့ အမျိုးသမီးတွေကိုကယ်တင်ပေးတဲ့ သူရဲကောင်းအကြောင်းဇာတ်လမ်း ကိုနားထောင်နေခဲ့တာ ။ ဒါပေမဲ့ ငါက ဒီနေ့ သူရဲကောင်း ဖြစ်လာမယ်လို့တောင် မထင်မှတ်ထားမိဘူး။
ဘယ်သူသိမှာလဲ ။ ငါ့အတွေးလေးတွေတောင် အမျှင်မပြတ်သေးဘူး ။ ရေထဲပြုတ်ကျတဲ့ကလေးလေးက ရုတ်တရက် ငိုချလိုက်ပြီး " အဖေ အဲ့ဒီလူ ကျနော့်ကို ရေထဲကိုတွန်းချလိုက်တာ!"ဆိုပြီး သူ့လက်ကိုမြှောက်လိုက်ပြီး ငါ့ကိုလက်ညှိုးထိုးပါလေရောလား။
ငါကြောင်တောင်တောင်နဲ့ ကြက်သေသေ သွားတော့တယ် ။ ဘာတွေဖြစ်နေမှန်းတောင် ငါမသိတော့ဘူး ။
"အဲ့ဒီလူ မောင်လေးကို မြစ်ထဲကိုတွန်းချလိုက်တာ သမီးလည်းမြင်လိုက်တယ် " ကလေးမလေးက လည်း သူမရဲ့ လေသံပျော့လေးနဲ့ ပြောလာတယ် ။ နားထောင်လိုက်ရတာ ငါ့နားထဲ ကို မိုးကြိုးငါးစင်းလောက် ပစ်ချလိုက်သလိုပဲ ။
"လူက ဘယ်လိုဖြစ်လို့ အသည်းနှလုံး မရှိနိုင်ရတာလဲ "
"အဲ့ကလေးက မင်းတခုခုလုပ်ေနတာကို တားဆီးမိလို့လား? "
" ငါနှယ် ထင်တောင်မထင်ရဘူး ။သပ်သပ်ရပ်ရပ်နဲ့ ပညာရှိမယ့်ပုံလေးနဲ့ ဘာလို့ တိရစ္ဆာန်လို အပြုအမူမျိုးလုပ်နိုင်ရတာလဲ ?"
"လူယဉ်ကျေး အမှိုက်! အင်္ကျီဝတ်ထားတဲ့ တရစ္ဆာန်ပဲ !"
"ငါတို့ သူတို့ကို လွှတ်ပေးလို့မဖြစ်ဘူး !"
"ဟုတ်တယ် အမှန်ပဲ !!!"
" ငါတို့သူတို့ကို လွှတ်ပေးလိုက်လို့မဖြစ်ဘူး!"
ဘေးနားက ဝိုင်းနေတဲ့လူတွေ က ဇွတ်အတင်းရှေ့တိုးလာပြီး ငါတို့ဆီ တိုးဝှေ့လာတော့တယ် ။
အားတုက တော့ ဘာဖြစ်သွားတာလဲ တစက်ကိုမှနားမလည်နိုင်တာဖြစ်မယ် ငါ့ကို ပဲ ကြည့်နေတယ် ။
ငါ့ နားထင်က သွေးကြောတွေတောင် တဒုတ်ဒုတ်မြည်လာသလိုပဲ ။
ငါ ဘယ်တော့မှ လူကောင်းတယောက်ကို လူဆိုးတစ်ေယာက်အဖြစ်ဝိုင်းပြီး စွပ်စွဲ ကြလိမ့်မယ်လို့ မတွေးထားခဲ့မိဖူးဘူး ။ ငါ အရမ်း စိတ်တိုတယ် !!
"ကလေးကို ဆေးဆရာ ဆီ ခေါ်သွား ပြီး ဆေးဆရာ ကိုကလေးဘာဖြစ်သွားလဲ ကြည့်ပါစေ "
"နစ်နာ မှုအတွက် မင်း လျော်ကြေးပေးရမယ် !! သူများရဲ့ ကလေးကို ရေထဲ တွန်းချပြီးဘာအကြောင်းပြချက်မှ မလိုချင်ဘူး အခုချက်ချင်း လျော်ကြေးပေး !! "
"ကလေးကို ကယ်လိုက်တာ က ငါပါ ။ နင်ဘယ်လိုတောင် နင့်ရဲ့ ပါးစပ်ထဲက ဖြူဖွေးနေတဲ့ သွားထက်ထက် နဲ့ ငါက ကလေးကို မြစ်ထဲ တွန်းချတဲ့လူပါ လို့ စွပ်စွဲနိုင်ရတာလဲ !!!"
"မင်း ကလေးကို မတွန်း ချခဲ့ရင် ။ ဘာကိစ္စ သူ့ကိုကယ်ရတာလဲ ?"
ငါပါးစပ်ထဲကနေ သွေးတောင် အန်မိတော့မလို့ ။
ဒါက ...ဘယ်လိုယုတ္တိမရှိတဲ့ အကြောင်းပြချက်ကြီးလဲ????
"ကျွန်တော့် သားလေးအရမ်းကို လန့်သွားရှာတယ် ။ကျေးဇူးပြုပြီး ဆေးဆရာခေါ်ပေးကြပါ !"
"ဟုတ်တယ် အရင်ဆုံး သူဘယ်နားထိခိုက်ဒဏ်ရာသွားလဲသိရအောင် ဆေးတရာ ခေါ်သင့်တယ် !"
"ဘာဖြစ်လို့ ဒီကလေးက ဒဏ်ရာရမှာလဲ ?သူ့ကို ကယ်လိုက်တာက ငါလေ....."
"ဒီ လူယုတ်မာကတော့ ခုထိကို ဝန်မခံသေးဘူး !ကောင်းပြီလေ နစ်နာကြေး လျော်မပေးချင်ရင် မင်းငါတို့နဲ့အတူ တရားရုံးကို လိုက်ခဲ့ရမယ်!"
ဘေးပတ်လည်က လူတွေက " သူတို့ကို တရားရုံးမှာ ဖမ်းချုပ်ထားလိုက်!!" လို့အော်ဟစ်နေကြတယ် ။
လူတွေ အားလုံးရဲ့"တရားရုံးကို သွားကြမယ် !"လို့ အော်ဟစ်နေကြသံကိုလည်း ငါကြားနေရတယ် ။
ငါအရမ်းကို ဒေါသထွက်နေပြီ။ တကယ်လို့ သူတို့ငါ့ကို တရားရုံးကိုသွားစေချင်နေရင်လည်း သွားလိုက်မယ်။ ငါကအပြစ်ကင်းတဲ့ အတွက် လုံးဝကြောက်စရာမရှိဘူး ။
လူတချို့ လမ်းမပေါ်မှာ လူတွေအာရုံစိုက်မှုကို ရရှိဖို့အတွက် အသံဟစ်နေကြတယ် ။
အဲ့လူတွေက ကလေးတွေရဲ့ မိဘတွေ ပဲ။
"အားလုံးပဲ ကြည့်ကြပါ.... တရားမျှတမှုဆိုတာ ဘယ်မှာလဲ....ကလေးတစ်ယောက်ကို မြစ်ရေထဲကို တွန်းချပြီး ...ကလေးကို ကယ်ခဲ့ပါတယ်ဆိုပြီး ရူးချင်ယောင် ဆောင်နေပါတယ် ....ကလေးဆိုတာ မလိမ်တတ်ပါဘူး...."
အားတုနဲ့ ငါနဲ့ကို ဘေးကလူတွေက တံတွေးနဲ့ေထွးလိုက်အရွက်တွေနဲ့ ပစ်ပေါက်လိုက်နဲ့ ငါတို့ကို လမ်းဘေးမြေကြွက်တွေလိုမျိုး ပြုမူနေကြတာ ။
ကံကောင်းလို့ အားတု က သိုင်းပညာကောင်းလို့ ငါတို့ကိုပစ်တဲ့ဘယ်အရွက်မှ လာမထိဘူး ။ ဒါပေမဲ့ သူတို့ငါ့ကို ဒီလိုပြုမူဆက်ဆံလေ ငါတကယ်ကြီး စိတ်တိုလေ ပဲ ။
တရားရုံးကို ငါတို့ရောက်သွားကြတော့ ငါဒေါသတောင်နည်းနည်း ပြေသွားတယ် ။နောက်ဆုံးတော့ တရားမျှတမှုရှိတဲ့ တစ်နေရာ ကိုရောက်ပြီလေ ။ဒါ တရားရုံးကို ပထမဆုံးရောက်ဖူးတာပဲ တော်တော်လေးတော့ ခမ်းနားတယ်။
ချန်အန်း နဲ့ ဝမ်နျန်း က ကျင်းကျောက်ယန်ရှား ရဲ့ လက်အောက်ကပဲ ။
ချန်အန်း နဲ့ ဝမ်နိန်းတရားရုံးနှစ်ခုပေါင်းက ပထမအဆင့် အောက် တရားရုံး ။
တရားစီရင်မှု စတော့မယ်ဆိုတာနဲ့ ပတ်ဝန်းကျင် မှာ အာဏာရှိ မှု ကိုစတင်ခံစားလာရတာပဲ ။
တရားရုံး စပြီဆိုတာနဲ့ ဘေးနားက တရားရုံးအလုပ်သမားတွေဆီကနေ အသံတခုကြားရပြီးတဲ့နောက် ဝမ်နန်း ရာဇဝတ်တရားသူကြီးက ဖြည်းဖြည်းချင်း ထိုင်ချလိုက်ပြီး နှစ်ဖက် တရားလိုနဲ့ တရားပြိုင် တို့ရဲ့ နာမည်တွေကိုမေးမြန်းတော့တယ် ။
ဒီလင်မယားနှစ်ယောက်ရဲ့ မျိုးရိုးနာမည်က ကျား
ဆိုတာသိလိုက်ရတယ် ။မြို့ ရဲ့ တူးမြောင်းဘေးနားမှာ ငါးရောင်းပြီး အသက်မွေးကြတာ။
သူတို့ငါ့နာမည်ကို မေးတဲ့ အချိန် ငါ ခပ်တည်တည်ပဲ လျန်းရှီ ဆိုတဲ့ နာမည်တု တခုဖန်တီးလိုက်တယ်။
ပုံမှန်တိုင်းဆို ငါလမ်းတွေပေါ်ကို လျောက်သွားတဲ့အခါတိုင်း ငါဒီနာမည်ပဲ သုံးလေ့သုံးထရှိတာ ။
ဝမ်နျန်း တရားသူကြီးက ငါ့ရဲ့ အလုပ်အကိုင်ကဘာလဲမေးလာတော့ ငါ့မှာ စကားတောင် ထစ်အထစ်အ ဖြစ်သွားရတယ် ။ တရားသူကြီးဘေးကလက်ထောက်ကတောင်ငါ့ကိုကြည့်ပြီး မနေနိုင်မထိုင်နိုင် "မင်းကအလုပ်လက်မဲ့လား?"လို့မေးယူရတယ် ။
ငါ က အလုပ်လက်မဲ့လို့ ပြောလို့တော့လည်းရပါတယ်လေ သိပ်ပြီးကွာခြားချက်မှမရှိတာ ။ ငါထောက်ခံတဲ့ အနေနဲ့ ခေါင်းငြိမ့်ပြလိုက်တယ် ။
ဝမ်နျန်းတရားသူကြီးက အဲ့လင်မယားနှစ်ယောက်ရဲ့ အရေမရအဖတ်မရ တွေနားထောင်ပြီးတဲ့ နောက် ကလေးနှစ်ယောက်ကို မေးမြန်းတော့ ။
ကလေးနှစ်ယောက် က တပြိုင်ထဲ ငါက သူ့မောင်လေးကို ရေထဲတွန်းချတာပါလို့ ပြောကြပါလေရော ။
ဝမ်နျန်းတရားသူကြီး သူတို့ကို စစ်မေးနေတာရပ်လိုက်ပြီး ငါ့ကိုလှည့်ကြည့်ရင်း မေးတယ် ။
"မင်းရေကူးကျွမ်းသလား ?"
"မကျွမ်းဘူး။"
ဝမ်နျန်းတရားသူကြီး ခေါင်းငြိမ့်ရင်း ပြောလိုက်တယ် ။
"မင်း ကလေးကို မြစ်ရေ ထဲ တမင်မတွန်းချခဲ့ပေမဲ့လို့ မင်းက သူ့ကို အသက်အန္တရယ်ဖြစ်စေ လုနီးပါပဲ ။ မင်းဘာ စကားကောင်း ဘာပြောစရာကျန်သေးလဲ ။""
ငါ့ခေါင်းထဲက ဦးနှောက်တောင် ခုန်ထွက်တော့မယ် :____"ငါ သူရေထဲ ကိုကျသွားတာ မြင်လိုက်လို့ သွားကယ်လိုက်တာလေ ။ ဘာကိစ္စသူ့ကို ငါက မြစ်ထဲ တွန်းချရမှာလဲ ။ရေထဲတွန်းပြီး ဘာလုပ်ရမှာလဲ ? "
ငါပြောလိုက်တယ်
" ငါသူ မြစ်ထဲ ကိုပြုတ်ကျသွားတာ မြင်လိုက်လို့ ဘာမှသိပ်မစဉ်းစားပဲ ကယ်ဖို့ ဆင်းသွားတာ ပြီးမှသတိရတာက ငါလည်းရေမကူးတတ်ဘူးဆိုတာကိုပဲ "
ဝမ်နျန်း တရားသူကြီးက " ဒါလိမ်လည်နေတာပဲ !! လူသားတွေဆိုတာ အတ္တကြီးတယ် ။အထူးသဖြင့် ကိုယ်ရဲ့အသက်နဲ့ သက်ဆိုင်လာရင် ။ မင်းသူကို သိတောင်မသိကျွမ်းပဲနဲ့ သူ့ကိုသွားကယ်တယ်?? မင်း သူကို ကယ်တင်တဲ့ သူရဲကောင်းလုပ်ချင်လို့တွန်းချလိုက်တာပဲ " လို့ပြောပါလေရော ။
ငါသူ့အနောက်က
" မင် ကျင်း ကောင်း ရွှမ် " [အမြော်အမြင်ကြီးမားပြီး တရားစီရင်မှုတွင် သမာသမတ်ကျသော]
ဆိုတဲ့ စကားလုံးလေးလုံးကိုကြည့်လိုက်မိတာ ။ ဒီစကားလုံးတွေကို သူ့အနောက်မှာမြင်ရတာက ငါ့နားထင်သွေးကြောတွေကိုတောင် အပေါ်တက်လိုက် အောက်ဆင်းလိုက်ဖြစ်လုနီးနီး ပဲ ။သူ့ကို ရိုက်သာရိုက် ပစ်လိုက်ချင်တော့တယ် ။
ဝမ်နျန်းတရားသူကြီးကို ငါကြည့်ရတာ ပြောစရာစကားတောင်ပျောက်တယ် ။
"မင်းမှာ ကလေးကို မြစ်ထဲကို တွန်းချဖို့ အကြောင်းအရင်း မရှိဘူး ။ ကလေးကိုထိန်လန့်မှုဖြစ်စေတယ် ။အခုငါမင်းကို ကျား အိမ် ကို မင်းအဲ့မိသားစုကို မင်းလုပ်လိုက်တဲ့ နစ်နာမှုအတွက် အဖိုးခ ပေးလျော်ဖို့ အမိန့်ချမှတ်လိုက်တယ် "
ငါအေးဆေးရီလိုက်ပြီး
"အဲ့ဒီတော့ ဒါက တရားသူကြီး အမှုကိုင်တွယ်ဖြေရှင်းတဲ့ ပုံပေါ့?"
ဝမ်နျန်းတရားသူကြီးက ဖြည်းဖြည်းချင်း " မင်း က ငါမတရားဘူး လို့ထင်တာလား ။" လို့ပြောတယ် ။
"သေချာပေါက် တရားမျှတ မှုရှိပါတယ် ။ကောင်းကင်ကြီးက ကြည်လင်တောက်ပနေတာ ။သေချာပေါက် ကလေးကို ကယ်တင်လိုက်တာ ငါဖြစ်ပါရက်နဲ့ ။ ခင်ဗျားက တဖက်တည်းရဲ့ ဇာတ်လမ်းကို ပဲနားထောင်ပြီး အစကတည်းက ငါ့ကို ယုံကြည်ဖို့စိတ်ကူးမှမရှိပဲ "
" မင်းပြောသလို ကလေးကို ရေထဲကို တွန်းမချခဲ့ဖူးဆိုရင် ဘယ်မှာလဲမျက်မြင်သက်သေ ??"
ငါအားတုကိုကြည့်လိုက်ပြီးပြောလိုက်တယ် "အားတု က ငါအဲ့ကလေးကို ကယ်တာ မြင်လိုက်တယ် ။ သူမပဲငါတို့နှစ်ယောက်လုံးရေနစ်နေတာကိုကယ်တင်ပေးခဲ့တာ ။"
ဝမ်နျန်းတရားသူကြီးက "အဲ့တာဆိုလည်း သူမကိုဆင့်ခေါ်ပြီး မေးမြန်းစေ "
ငါသက်ပြင်းချလိုက်ပြီး "သူမက စကားမပြောနိုင်ဘူး " လို့ပြောလိုက်တယ် ။
ဝမ်နျန်းတရားသူကြီးက ရယ်လိုက်ပြီး " အဲ့ဒီတော့ သူက စကားမပြောနိုင်တဲ့လူပေါ့ "
သူရယ်လိုက်တဲ့ အချိန်မှာပဲ အခြေအနေတွေက ဒီထက်ပိုဆိုးလာတော့မယ်ဆိုတာ ငါသိလိုက်ပြီ ။
________
T/N အပိုင်း ၅.၂ TMR ပါရှင့်။ 🤗