အပိုင်း(၁၉)
ဖြည်းညင်းစွာ တသိမ့်သိမ့်တိုက်ခတ်နေသော လေပြေနုနုသည် အရိပ်ကျနေသော ထောင့်ဆုံးဝိုင်းထိ ၀င်ရောက်ကာ ထိုင်နေသော လူငယ်များ၏အရေပြားပေါ်သို့ ဖြတ်၍ပြေးသည်။
ကျောင်းပိတ်ရက်အစပိုင်း ဘာလုပ်လို့လုပ်ရမှန်းမသိသဖြင့် သူငယ်ချင်းသုံးယောက်သား 'အေးရိပ်'ဆိုင်သို့ရောက်နေကြ၏။
"ပျင်းလိုက်တာဟာ "
ပျင်းတိပျင်းတွဲဖြင့် ပြောချလိုက်သော ဆူးဒေဝီ၏ စကားသံကြောင့် ခီတန်ကူးဇဏ်နှင့် ရတုရှင်းဟန်မှာ မျက်ခုံးပင့်သွားသည်။
ရတုရှင်းဟန်က ဆူးဒေဝီစကားကြောင့် နှာခေါင်းရှုံလိုက်ပြီး…
"နင်ပဲ ပျင်းတယ်ဆိုလို့ ငါတို့ရောက်လာတာလေ "
"အေးလေ ပျင်းပါတယ်ဆို တစ်ယောက်က ကျောက်ရုပ်ကြီးလိုထိုင်နေတယ် တစ်ယောက်က ဟိုငေးဒီငေးနဲ့ ငါကဘာလုပ်ရမှာလဲ "
"ဟ ဒါဆိုငါတို့က ဘယ်လိုလုပ်ပေးရမှာလဲ နင့်ကိုထကပြရမှာလား "
ရတုရှင်းဟန်၏ ရွဲ့တဲ့တဲ့စကားကြောင့် ဆူးကမျက်စောင်းတစ်ချက် လွှတ်လိုက်သည်။
"ကပြသင့်ရင် ကပြရမှာပဲ "
"ငပေါမ "
သူတို့နှစ်ယောက် စကားများနေသော်လည်း တစ်ယောက်သော သူမှာ ငူငိုင်ငိုင် ။
ထိုသူမှာ ခီတန်ကူးဇဏ်ပင် ဖြစ်သည်။
ဖြောင်း!!
လက်မောင်းကို တစ်ချက်ရိုက်လိုက်တော့မှ ဆူးကိုကြည့်သည်။
"ဟဲ့ ခီကူး နင်ဘာဖြစ်နေတာလဲ "
"ဟင် ဘာမှမဖြစ်ပါဘူး တွေးစရာလေးရှိလို့ "
"အေးဟယ် အကြောင်းတစ်ခုခုရှိလည်း ငါ့ကိုပြောပေါ့ ငါကဖြေရှင်းပေးမှာပေါ့ "
ဆူးဒေဝီစကားကြောင့် ခီတန်ကူးဇဏ်ကရယ်သည်။
"နင်ကဆရာမကြီးလား "
"ဒါပေါ့ နင်တို့နှစ်ယောက်ပြဿနာရှာတိုင်း ငါပဲရှင်းပေးခဲ့တာလေ "
လွှတ်ခနဲထွက်သွားသော စကားကြောင့် ဆူးအလျင်အမြန် အရှိန်ကိုလျှော့ရသည်။ ခီကူးကို ကြည့်မိတော့ အေးဆေးသာဖြစ်သည်။
ရတုက သူ့ကို လျှာရှည်ရကောင်းလားဆိုသော မျက်နှာပေးနှင့် မဲ့ပြပြီးမှ...
"နှစ်ယောက်လို့ မသုံးပါနဲ့ ဇဏ်က ဘာဆိုင်လို့လဲ အမြဲ ဟိုကောင့်ပြဿနာတွေမှာ ကန်လန့်ကန်လန့်ပါရတာ"
"ဒါနဲ့…"
"အေးပြောလေ ခီကူး"
"ဟိုနင်တို့အိမ်နဲ့ ညိမ်နဲ့ကိစ္စ ဘယ်လိုဖြစ်သွားတာလဲ"
"အဆင်ပြေသွားပြီလေ။ ကိုသော်မှူးက ကိုကြီးကိုအကုန်ပြောပြလိုက်တယ်တဲ့ စိတ်ဆိုးမယ်ထင်ခဲ့ပေမဲ့ စိတ်မဆိုးဘူး သူကတောင် ငါတို့ကိုပြန်အားနာနေတာဟယ် ငါဘယ်လိုတောင်မျက်နှာပြရမလဲ မသိဘူး။
အဲ့တာနဲ့ သိသိချင်းညနေပိုင်းဘဲ ငါတို့အိမ်ကိုရောက်လာတယ် ။ မေမေ့ကို အရာအားလုံးကိုတောင်းပန်ပါတယ်တဲ့ ငါတို့သိနေတာကို မပြောပြမိလို့တဲ့ ။ ပြီးတော့ ငါ့ကိုညီမလေးလိုဘဲ သဘောထားကြောင်း ပြောတယ် ။ မေမေက အားနာလို့ တောင်းပန်ပြီး ဂိုက်လုပ်ပေးဖို့ ပြောတော့ သူကမလုပ်တော့ဘူးတဲ့ ငါ့ဆီတင်မဟုတ်ဘူး ဘယ်သူ့ဆီမှာမှမလုပ်တော့ဘူး လို့ပြောတယ် "
ဆူးစကားအဆုံး ရတုက၀င်ပြောသည်။
"အေးလေ နင်မွှေတာ ကြားလူကို အားနာဖို့ကောင်းတယ်ဆူး"
"မဟုတ်ဘူး ကိုကြီးပုံစံက စိတ်ရှင်းတယ်ထင်တယ် ။မျက်နှာကိုကကြည်လင်နေတာ "
"အဲ့တော့ ဘာဆက်ဖြစ်သွားတာလဲ "
"ဘာမှမဖြစ်ဘူးလေ ငါ့အမေကတော့ သဘောတွေကျနေရော "
ဟုတ်ပါတယ် ။
ထိုလူ့ပုံစံက လူကြီးလူကောင်းဆန်မဲ့ပုံ ဒါ့ကြောင့် သမီးရှင်တိုင်း သဘောကျမှာမလွဲပေ။
"ငါ့ကိုပြောတယ် ဂိုက်ဆက်မလုပ်ဘူးတဲ့ "
"ဟင် ဟုတ်လား ဒါဆိုပြောသွားတာတကယ်ပေါ့ ။ နင်ဘာပြန်ပြောလိုက်လဲ ခီကူး"
စူးစမ်းကာ ပြူးပြဲမေးလာသော ဆူးဒေဝီရဲ့ စကားကိုအရေးမလုပ်။ ခီတန်ကူးဇဏ်က လီမွန်းတီခွက်ကို ကိုင်ကာ ဟန်ပါပါသောက်သည်။ပြီးမှ ပြုံးလိုက်ရင်း…
"ဆက်မသင်ရင် စာမေးပွဲမဖြေဘူးလို့ပြောလိုက်တယ် "
ခီတန်ကူးဇဏ်က ခပ်ပြုံးပြုံးပြောနေသော်လည်း မျက်နှာပျက်သွားရတာက သူတို့နှစ်ယောက်။
ရတုက ဆူးကိုမျက်လုံးလှန်ကြည့်သည်။ ဆူးလည်း ထိုအကြည့်တို့ကို သဘောပေါက်သူပီပီ ခေါင်းညိတ်ပြလိုက်သည်။
"ခီကူး နင်ဒီလိုတွေပြန်လုပ်လို့ မဖြစ်ဘူးဆိုတာ သိတယ်မလား နွေရာသီကိစ္စကနင်မေ့လို့မရဘူးနော် ငါတို့ဒီလိုထပ်အဖြစ်မခံနိုင်ဘူး "
"သိတယ် ဒီကိစ္စနဲ့ပတ်သက်ပြီး ငါ့ကိုဘာမှလာမပြောကြနဲ့တော့ ပြန်ပြီ"
ခီတန်ကူးဇဏ်က အလောတကြီးထရပ်ကာ သူ့ဆိုင်ကယ်ရှိရာသို့ တန်းသွားသည်။
ထွက်သွားသော ကျောပြင်ကျယ်ကို ကြည့်ပြီးတော့သာ သက်ပြင်းချမိသည်။
သနားဖို့ကောင်းလိုက်တာ။
ဘာလို့ သူ့မှဒီလိုအဖြစ်အပျင်တွေ ဖြစ်နေရတာလဲ ။ မနှစ်ကပုံစံမျိုးတော့ ဆူးထပ်ပြီး အဖြစ်မခံနိုင်ပါ။
ခီတန်ကူးဇဏ်ဆိုတာ သူသိပ်ချစ်ရတဲ့ သူမောင်လေးမို့ ။
•••••••••
နေ့ခင်းနေ့လယ် ဘာမှလုပ်စရာမရှိသဖြင့် ဖေဖေ၀ယ်ပေးထားသော sketch bookတွင် သူတောင်ခြစ်မြောက်ခြစ်လုပ်နေမိသည်။
ကိုကြီးနဲ့ပတ်သက်ပြီး ဖြစ်ပျက်သမျှ အရာအားလုံးလည်း သူနဲ့ကင်းရှင်းသွားပြီဖြစ်သည်။ မေမေနဲ့ ကိုကြီးနှစ်ယောက်တည်း စကားပြောအပြီးမှာ သူသိလိုက်ရတာက ကိုကြီးမိုးသန့်က ဂေး။ ထိုကိစ္စကြောင့်လည်း မိသားစုချင်း ပြဿနာတက်ကာ ရန်ကုန်သို့ရောက်လာသည်ဟုဆို၏။ မေမေသည်လည်း ခေတ်ပညာတတ်သူပီပီ ထိုအကြောင်းတွေနှင့်မကင်းတာကြောင့် သဘောပေါက်နားလည်ပုံရသည်။
ဘာရယ်ကြောင့်မှန်းမသိ ပို၍ပင် သဘောကျသွားဟန်။
ဂေးဆိုမှတော့ အရမ်းတွေချစ်ရင်တောင် ဘယ်လိုရှေ့ဆက်တိုးမလဲ။ သူ့လိင်စိတ်တိမ်းညွှတ်မှုကိုက ဆန့်ကျင်ဘက်လိင်အပေါ်မှာ မရှိဘဲလေ။
ဒီအတွက်တော့ ဆူးအနေနဲ့ ဘာမှနာစရာမရှိ။ အဖြောင့်ဆိုရင်တောင် မိန်းမရသွားလို့ အသဲကွဲရဦးမယ်။ အခုတော့ ကိုယ်မရရင်လည်း ဘယ်မိန်းမမမှာရမှာမဟုတ်ဘူးဆိုတဲ့ စိတ်လေးကြောင့် မပျော်ရင်တောင်၀မ်းနည်းမနေတော့ ။
Ring Ring..!!!
ဖုန်းမြည်သံကြောင့် ခေါ်ဆိုသူကိုကြည့်လိုက်တော့ မောင်မင်းကြီးသား။
ထူးထူးဆန်းဆန်း!!သူဘယ်တုန်းကဖုန်းစခေါ်ဖူးလို့လဲ။
ချေချက်က သူငယ်ချင်းအချင်းချင်းတောင် IGမှာတောင်ဖောလိုးလုပ်ထားသူမဟုတ်။
"ဟယ်လို ပြောခီကူး…"
"အင်း"
သောက်ကျိုးနည်း။ သူကစဖုန်းခေါ်လို့ပြောဆိုတာကို အင်းတဲ့ …။
"ဟဲ့ပြောလေ နင်ဘာလို့ဖုန်းခေါ်တာလဲ "
"ငါမေးစရာရှိလို့ ဖြေချင်လည်းရတယ် မဖြေလည်းကိစ္စမရှိဘူး "
ဆူးနှုတ်ခမ်းကို မဲ့လိုက်မိသည်။ မေးတဲ့ပုံကိုကအပေါ်စီးက…ဖြေချင်ဖြေ မဖြေချင်နေ ..စောက်ဂရုမစိုက်ဘူးဆိုတဲ့ သဘော။
"အေးမေး "
"မိုးသန့်ညိမ်မှာ ချစ်သူရှိလား "
"ဟင် "
"ရတယ် မဖြေလည်း ငါ့ဘာသာစုံစမ်းမယ် "
"နေပါအုံးဟ နင်ကဘာလို့မေးတာလဲ "
"ငါသူ့ကိုသဘောကျလို့ "
ဇိုးဖိုးဇတ်ဇတ်ပြန်ဖြေလာသူကြောင့် ဆူးအံ့ဩသွားရသည်။
ရိပ်မိပေမဲ့အနည်းဆုံးတော့ ဝေ့နေမယ်သူထင်ခဲ့တာ။အခုတော့ ဒဲ့ကြီးသာ ဖြေချလိုက်သည်။
ဟုတ်သားပဲ။ သူမေ့နေခဲ့တာ ။
ခီကူးဟာ အရင်တည်းက သူလိုချင်တာကို သူသိသည်။ အလိမ္မာနည်းနှင့် ရအောင်ယူတတ်သည် ။
ဒေါ်မူယာနွယ်ကိုဘဲ သူသနားသည်။ အတ္တတွေနဲ့ ပိတ်လှောင်နေတဲ့ အမျိုးသမီး ၊ သူဘယ်အချိန်ထိတောင့်ခံနိုင်မှာလဲ။ ဘာလို့ဆို ခီတန်ကူးဇဏ်ဟာ သူ့သွေးအပြည့်နဲ့ မွေးလာတဲ့ မြေးတစ်ယောက်ဖြစ်နေတာမို့။
"မရှိလောက်ပါဘူး "
"ဘယ်လိုစကားလဲ "
"ငါထင်တာပြောတာလေဟယ် ရှိမရှိတော့ငါသိမလား ။ မရှိလောက်ဘူးထင်တယ်လို့ "
"ဪ အင်း"
"အေးအေး"
ဆူးဒေဝီ သက်ပြင်းချသည်ကလွဲ၍ ဘာမှမတတ်နိုင်ပါ
ဇာတ်လမ်း ကတော့စပြီထင်၏။ ဘယ်လိုဘဲဖြစ်ဖြစ် ကိုယ့်လူဘက်တော့ ကိုယ်သာရှိရမည်မို့ ခီကူးကို ကံကောင်းပါစေလို့သာ ဆုတောင်းပေးရုံဘဲ တတ်နိုင်သည်။
••••••••
ငါပျင်းလို့ အင်းယားကိုလာခဲ့ပါလားဆိုသော စကားကြောင့် သူအိမ်ကနေ သုတ်ချေတင်ကာ အင်းယားကန်သို့ပြေးလာရသည်။တော်သေးသည်က အင်းယားကန်ဆိုသည်မှာ သူ့အိမ်နဲ့ သိပ်မဝေးလှ။ ရောက်လာသော်လည်း ဘာမှမပြောဘဲ ရေပြင်ကျယ်ကြီးကိုသာ ညိမ်ကထိုင်ကြည့်နေသည်။မျက်နှာလှလှလေးကို ငေးနေတုန်း ညိမ့်ထံမှ စကားသံထွက်လာသည်။
"ခီ"
"အင်း"
"ကျောင်းပိတ်ရက်အားနေတာဘဲ ကိုယ်တို့အင်္ဂလိပ်စာသင်ကြမလား "
"ကျွန်တော့်အတွက် မလိုဘူး ။ ပြီးတော့ ဘာအတွက်လဲ "
"စာမသင်ဘဲလစာယူရတာ အားနာဖို့ကောင်းတယ်ခီရဲ့ "
"လစာကို အားနာမနေနဲ့ ဒေါ်မူယာနွယ်အတွက်က အဲ့လစာလောက်ကို ညိမ့်ကိုတစ်သက်လုံးပေးနိုင်တယ် "
"ဒါပေမဲ့ အလကားတော့ မယူချင်ပါဘူး"
"အလကားမယူချင်ရင် ကျွန်တော့်ကိုတာ၀န်ယူလိုက်ပေါ့"
"ဘယ်လို"
"ဘာမှမဟုတ်တော့ဘူး ။ ကျွန်တော်တို့ ခရီးသွားရအောင်"
ကလေးတစ်ယောက်လို စူပုတ်ပုတ်ရုပ်နဲ့ ဂျီတိုက်နေတဲ့ ခီ့ကိုကြည့်ကာ သူခေါင်းသာယမ်းမိသည်။ သူကိုအမြဲတွေ့တိုင်း ခရီးသွားမယ် ကျောင်းမဖွင့်ခင်သွားရအောင်ဆိုသော စကားများသာ ခဏခဏပြောသည်။ ညိမ်က အဲ့လိုတွေစုဝေးပြီးသွားလာရာ မကြိုက်ပေ။ Extrovertမဟုတ်တာကြောင့် အားလျှင်လည်း အိမ်မှာနေရတာသာ ကြိုက်သည်။
"နေပါအုံး ခရီးသွားမယ်ဆိုတော့ ဘယ်ကိုသွားမှာလဲ "
သူ့ အမေးကြောင့် မျက်လုံးများက ပြုံးယောင်သန်းသွားသည်။
"မသိဘူးလေ"
"အော် ဟော်"
"ညိမ် ။ ပင်လယ်ကြီးကိုကြိုက်လား တောင်တန်းတွေကိုကြိုက်လား "
"ငါတော့ ပင်လယ်ကိုသဘောကျတယ် တောင်တန်းတွေကတက်ရသေးတယ် ပင်လယ်က အနီးကပ်မရောက်သေးခင် မြင်ရတာတောင် စိတ်တွေလွတ်လပ်သွားတာမျိုးလေ ဒါ့ကြောင့် ငါကတော့ပင်လယ်ကိုရွေးတယ် မင်းရော "
ခီက ညိမ့်ကိုစူးကြည့်သည်။ တမင်စူးစိုက်ကြည့်တယ်ဆိုတာထက် သူ့မျက်လုံးတွေကိုက ပုံမှန်ထက် စူးရဲနေတာမျိုး။
"တောင်တန်း…တိမ်တွေလွှမ်းနေတဲ့တောင်ဆိုပိုသဘောကျတယ် "
"ဘာလို့လဲ "
"ခက်ခဲတဲ့အရာတွေက အကုန်ဖြတ်ကျော်ပြီးရင်အကောင်းဆုံးရလဒ်ကိုပေးတယ် တောင်ဆိုတက်ေနတုန်းသာ မောတာလေ တကယ်ထိပ်ကိုရောက်ကြည့်တကယ့်အလှပဆုံး မြင်ကွင်းကိုမြင်ရတယ် ကျွန်တော့်ဘ၀ကိုလည်းအဲ့လိုဘဲမှတ်ယူတယ် အခက်ဆုံးအရာကို ရယူပြီးရင် အကောင်းဆုံးရလဒ်ကစောင့်ကြိုနေမှာဘဲ "
ခီတန်ကူးဇဏ်၏ အပြောကို မိုးသန့်ညိမ်ကထောက်ခံသလို ခေါင်းညိတ်သည်။ ပြီးမှသူ့အိတ်ထဲမှာပါလာတဲ့ ရေဘူးကိုဖွင့်သည်။ သို့သော်ရေဘူးက မပွင့် အဖုံးကကျပ်နေသည်။
ခီတန်ကူးဇဏ်လည်း ညိမ်မရမကဖွင့်နေတဲ့ ရေဘူးကိုယူကာဖွင့်ပေးလိုက်ပြီး နှုတ်ခမ်းနားတေ့ပေးလိုက်သည်။
"ကျေးဇူးပဲ "
"အဟင်း ရပါတယ် "
"ဒါဆိုမင်းက စွန့်စားရတာတွေ ကြိုက်တာပေါ့ ။ ဟုတ်လား"
"အင်း အဲ့လိုသဘောပေါ့ "
"ငါကတော့မကြိုက်ဘူး ဒီအတိုင်းကိုယ့်မျက်စိရှေ့မှာ ရှိတဲ့အရာကိုဘဲ တန်ဖိုးထားရတာမျိုးပေါ့ ဥပမာ ဘာအပူအပင်မှမရှိဘဲ နေထွက်တာမျိုးကိုထိုင်ကြည့်ရတာကြိုက်တယ်"
"ဪ "
"သေချာစဉ်းစားကြည့်တော့ မင်းနဲ့ငါကတစ်လမ်းစီနော် ခီ။ မင်းက စွန့်စားရတာကိုကြိုက်တယ် ၊ ငါကအေးဆေးအပူအပင်မရှိနေရတာကိုကြိုက်တယ် "
ရေပြင်ကိုသာ ငေးကြည့်နေတဲ့ ခီတန်ကူးဇဏ်က မိုးသန့်ညိမ်၏ စကားကြောင့် တစ်ဖက်သို့ပြန်လှည့်လာသည်။ ပြီးမှ…
"အင်းနော် ဒါပေမဲ့ တစ်ခါတလေကျရင် ဆန့်ကျင်ဘက်တွေက ပိုလိုက်ဖက်တယ်တဲ့ "
"ဟင်"
သူ့စကားကြောင့် ညိမ်ကအံ့ဩသွားပုံရသည်။ နားမလည်သော မျက်လုံးများဖြင့် သူ့ကိုငေးကြည့့်နေခဲ့သည်။
"သဘောပြောပြတာ"
"အင်းပါ။ ပြန်ကြရအောင် ညနေတော်တော်စောင်းနေပြီ "
"အင်း ၊ ပြန်ကြတာပေါ့"
စွန့်စားရတဲ့ အရာတွေကိုသဘောကျတယ်။
ခင်ဗျားအချစ်ကို ရဖို့ဆိုရင်လည်း အတော့်ကိုစွန့်စားရမယ်ထင်ပါရဲ့။
──────────────────
𝗚𝗲𝗻𝗻𝘆ʕ•ᴥ•ʔ
Reviewလေးဘာလေးလည်း ရေးပေးကြဦးလေ။
ဒီအတိုင်းပဲ ဖတ်နေတော့မှာလား ပြော။