မိုးရွာပြီးသွားတော့ မိုးပြေးလေလေးတွေဟာ
ရင်ကိုအေးစွာ အဆက်မပြတ် ပြတင်းပေါက်
ကနေ တိုး၀င်နေသည်။
"သူလေး မိုးမစိုပါစေနဲ့"
သူလေးဆိုတာ ဆိုင်ပိတ်ခါနီး ညနေ ၅ နာရီတိုင်း စတော်ဘယ်ရီဖျော်ရည် လာသောက်တတ်တဲ့ ကောင်လေး တစ်ယောက်...
အမြဲ ဟူဒီအပွနဲ့ဂျင်းဘောင်းဘီ ၀တ်ဆင်တတ်တယ်..မျက်နှာကလည်း ခပ်ချေချေရယ် သူ့ရဲ့
ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ဘယ်လိုမှမလိုက်..ဆိုင်ကိုနေ့တိုင်း အချိန်မှန် လာသောက်နေတာ တစ်လကျော်တော့မယ်..သူ့ဆီက"စတော်ဘယ်ရီတစ်ခွက်" ဆိုတဲ့စကားထက်ပိုပြီးကျန်တဲ့စကားသံရယ် ဆိုတာကိုမကြားဖူးတာပါ..အဲ့သလိုကို ချေမိုးနိုင်လွန်းတယ်....
ဪ့ တွေးရင်းနဲ့ရောက်လာပါပြီ..
ကျောပိုးအိတ်တစ်လုံးနဲ့ နားမှာက နားကြပ်
အမြဲတပ်ထားသည် ။ခါတိုင်း သူထိုင်နေကျ နေရာမှာဘဲ ၀င်ထိုင်ပြီး ဟူဒီခေါင်းစွပ်ကိုချွတ်ကာ မိုးနည်းနည်းမိလာလို့ ထင်ပါရဲ့..
ဆံပင်ထိပ်က တွဲလဲခိုနေတဲ့ ရေစက်လေး
တွေကိုအသာသုတ်ထုတ်နေသည်။
လက်ချောင်းလေးတွေကလည်းလှတယ်..
အဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေရော...
ရုပ်ကြည့်ရတာ ကိုယ့်ထက်တော့ ငယ်ပုံပေါ်သည်။ ကောလိပ်ကျောင်းသားများလား?
မပြောတတ်..အခုချိန်ထိ ဆိုင်ကောင်တာကနေ
သူမှာတဲ့ စတော်ဘယ်ရီဖျော်ရည်ကိုပဲ ဖျော်ပေးဖူးတာ ကျန်တာ ဘာမှမသိရ ။
အော်ငါလည်း ဒီအရွယ်ရောက်မှ နှာဘူး
ထချင်ပြန်ပြီလားမသိ..ကိုယ့်မောင်လေးလောက်အရွယ်ကိုသွားမျက်စပစ်နေတယ်..
ပစ်လည်းပစ်ချင်စရာပဲလေ..ကောင်လေးက
အရမ်းချောတာကိုး..ကိုယ့်မှာတော့ ငေးရသည်။ သစ်ကုလားအုပ်ကြီး လည်ပြန်သွားပြီလားအထိ။ သူ့မှာတော့ ချေလှသည် ကိုယ့်ကို
တခါမှတောင် အကြည့်ချင်းဆုံအောင်မကြည့်။
တို့လည်းမင်းနဲ့တွေ့မှ မိန်းမဈေးတွေ ကျပြီ
ကောင်လေးရေ...
အတွေးတွေကို တစ်ခန်းရပ်ကာ သူ့အတွက်
စေတနာအပြည့်နဲ့ ဖျော်ပေးလိုက်တဲ့ စတော်ဘယ်ရီကို ဗန်းပေါ်အသာချကာ ပိုက်ကလေးကို အသည်းပုံစံလုပ်လိုက်သည် ။
Perfect! ပန်းရောင်စတော်ဘယ်ရီနဲ့
ပန်းရောင်ပိုက်..နောက်ပြီး အဲ့ပန်းရောင်သန်းနေတဲ့ နှုတ်ခမ်းလေး..တကယ်ကို အနုပညာ
အတိုင်းပဲ..ကိုယ်ကျေနပ်တဲ့အထိ စတော်ဘယ်ရီခွက်ကို ပြင်ဆင်ပြီးပြီဆိုမှ စားပွဲထိုးကောင်မလေးကို ပေးခိုင်းလိုက်တော့သည်။
ပုံမှန်ဆို မိဟေဆောင်းတို့အဲ့သလောက် သဒ္ဒါ
တရားမထက်သန်တတ်ပါဘူး..အခုဟာက
သေချာကို ဘူးချင်လို့....။
သူလေး စတော်ဘယ်ရီဖျော်ရည်ကို တစ်ငုံ
သောက်လိုက်..သူ့ ကွန်ပြူတာပေါ်မှာ
လက်ချောင်းလေးတွေ ပြေးလွှားလိုက်နဲ့
ကိုယ်တကယ်ကို ထိုကောင်လေးဆီမှ
အကြည့်မခွာနိုင်ပါ....
"လှရက်ချောရက်ပါဘိ"
မှန်ကောင်တာပေါ် မေးထောက်ကာ အငေးလွန်
နေတုန်း..အိတ်ကပ်ထဲက ဖုန်းက တုန်ခါလာသည်။ အမည်လေးက လင်းလက်စွာ
*ငါ့မောင်လေး*
"အေး မောင်လေးပြော"
"မမ ဆိုင်သိမ်းရင် သားအတွက် ဒိုးနပ်လေး
ယူလာခဲ့ပေးပါလားဟင်?"
မောင်လေး...ကိုယ့်ရဲ့တစ်ဦးတည်းသော
မောင်လေး..အဖေနဲ့ အမေမရှိကတည်းက
ဒီအမနဲ့မောင် နှစ်ယောက်တည်းနေလာခဲ့သည်။
ဖြစ်ချင်တော့မောင်လေး အသက်၁၁နှစ်အရွယ်တုန်းက အဆုပ်ပွ ရောဂါကိုတွေ့ခဲ့ပြီး..အခုအသက်၁၅ နှစ်မှာ
ဆေးရုံပေါ်သို့ တင်ခဲ့ရတဲ့အထိ ရောဂါလက္ခဏာကပြင်းထန်ခဲ့သည်။ ဖြစ်တဲ့ရောဂါက သူဌေးရောဂါဆိုတော့ ငွေအတော်လိုက်ရသည်။
အခုဆိုင်ဖွင့်ထားတာလေးနဲ့ မကာမိ ဆေးဖိုးတွေက တော်တော်များသည် ။ ကျွန်မလည်း
ချေးလိုက်ရပြန်ဆပ်လိုက်ရနဲ့ သံသယာလည်ရင်း မောင်လေးကို ရအောင်ဆေးကုနေပါသည်။ ဒါပေမဲ့..နောက်ဆုံး ခွဲစိတ်မှုအကြီး
ထိတော့ ငွေမလိုက်နိုင်သေးဘူး..အဲ့အတွက်လည်း ရသမျှ ပိုက်ဆံတွေကို ခြစ်ကုတ်ပြီး
စုနေတာ အခုထိမပြည့်နိုင်သေး..ဆရာ၀န်
ကြီးတွေကတော့ပြောတယ်..အဲ့ခွဲစိတ်မှုအောင်မြင်ရင်တော့ လူကောင်းလောက်နီးပါး
ပြန်ကောင်းနိုင်မယ်တဲ့ ဒါ့ကြောင့် မဖြစ်ဖြစ်တဲ့
နည်းနဲ့ မောင်လေးကို ခွဲစိတ်ကုသပေးချင်သည်။ မောင်လေးသာ နေပြန်ကောင်းမယ်ဆို
ဘယ်လောက်ငွေကုန်ကုန် ကုန်ပါစေလေ။
"မောင်လေး အချိုတွေအများကြီးမစားရဘူး
လို့ မမပြောထားတယ်လေ"
"တစ်ခြမ်းတည်းပါမမရဲ့ တစ်ခြမ်းတည်းလေ
ယူခဲ့ပေးနော် နော် နော် သားစားချင်လို့ပါ
ပလိစ်..."
ချစ်မောင်လေးက သံရှည်လေးဆွဲပြီးချွဲနေတော့
အရည်ပျော်တတ်တဲ့ အမကပဲ အလျှော့ပေးရတော့မယ် ။
"အွန်းမ်ပါ ဟုတ်ပါပြီ မမ ယူလာခဲ့ပေးမယ်နော်"
"ရေးးးး ဒါမှ တို့မမကွ ! ဟုတ်မမ အဲ့ဆို
ဒါပဲနော်"
"ဟုတ်ပါပြီရှင့်"
ဖုန်းတီကနဲ ချသွားမှ ကိုယ်လည်း မလွယ်ဘူး
ဆိုပြီး ခေါင်းတရမ်းရမ်းလှုပ်ကာ
ဟိုကောင်လေး ရဲ့ ခုံကို တစ်ချက်ပြန်ကြည့်မိသည်။
"အယ်ပြန်သွားပြီလား?"
သူများပြန်သွားပြီလားဆိုပြီး မေးခွန်းထုတ်
တော့ဘေးနားက အချိန်ပိုင်း၀န်ထမ်းလေးက
ပြန်ဖြေပေးသည်။
"ဟုတ် သူခုနလေးတင် မမဖုန်းပြောနေတုန်း
ပြန်သွားတာပါ"
မြန်တာ..သူဒီနေ့ ဆိုင်ထိုင်တာ မြန်သလိုပဲ..
မိုးများမိလို့ စောစောပြန်သွားတာလား?
ဟုတ်မှာပေါ့လေ..ငါဘာတွေမျှော်လင့်နေတာလဲ? သူက သာမန်ဖောက်သည်ပဲ ဥစ္စာ..။
သူပြန်သွားတော့ သူထိုင်ခဲ့တဲ့ ခုံလေးနား
သွားကြည့်မိသည် ။ စားပွဲခုံလေးကိုကြည့်မိရင်း
တွေ့လိုက်ရတာ..ကတ်ပြားလေးတစ်ခု ၊
"ယန်ဂျောင်၀န်း?"
ဒါ ကောင်လေးရဲ့ နာမည်များလား? ကတ်ပြားလေးက သာမာန်စာရွက်လေးဖြစ်ပြီး..
နံပါတ်စဉ်လေးရောပါတာမို့..အဆောင်ကတ်များလား? ကျွန်မတို့ ကောလိပ်တက်တုန်းကလည်းအဆောင်မှာနေရင်း ကတ်ပြားအပေးခံရတယ်လေ..သူမေ့ကျန်ခဲ့တာပဲ..
အွန်မ်...ဘယ်လိုပဲဖြစ်ဖြစ် အဆိုးထဲက
အကောင်း ငါသူ့နာမည်လေးကို သိခွင့်ရသွားတာပေါ့..သူမနက်ဖြန် ဒီဆိုင်ကိုထပ်လာရင်တော့ သေချာပေါက် ဒီကတ်ပြားလေးပေးပြီး
စကားပြောကြည့်ရမယ်..နောက်မို့ဆို..
ငါလည်း ဒီတသက် သူလေးနဲ့ စကားပြောဖူးမယ်မထင်..အော် ခေတ်တွေများ မိန်းကလေး
ဘက်က စစကားပြောရတယ်လို့..ဟူး~
လွန်ခဲ့တဲ့ မိနစ်အနည်းငယ်ခန့်က ယန်ဂျောင်၀န်း
မှာတော့..
ဒီနေ့ အတန်းပြီးပြီးချင်း ပြေးလာခဲ့တာ လမ်းရောက်တော့ မိုးနည်းနည်းမိသည်။
မိုးရေထဲ ဆက်မပြေးဘဲ..ခဏလောက်
လောင်းရိပ်ထဲ မိုးခိုနေသည်မို့...
နာရီကြည့်မိတာ..၅နာရီ ၁၅ မိနစ် ။
မဖြစ်သေးဘူး..နောက်ကျလိမ့်မယ်..
မမဆိုင်က ၆ နာရီဆိုပိတ်တာ..သူသာ
နောက်ကျသွားရင် တစ်ရက်မတွေ့ရဘဲ ဖြစ်လိမ့်မယ်... အဲ့လိုတော့အဖြစ်မခံနိုင်ပါ..
တကယ်ကို မမ မျက်နှာလေးမြင်ရမှ
စိတ်ထဲအေးချမ်းသွားသည်မို့..။
ဟီး..အဲ့အကြောင်းပြောရမယ်ဆိုရင်တော့
မမ ကိုစတွေ့တာ လွန်ခဲ့တဲ့ ၁လကျော်က..
အဲ့နေ့က ပရောဂျက်အတွက် လိုအပ်တဲ့
ပစ္စည်းလေးတွေလာ၀ယ်ရင်း ရေဆာလာလို့
အနီးအနားက ဆိုင်မှာထိုင်ဖြစ်သည်။
မီနူးထဲမှာ စတော်ဘယ်ရီဖျော်ရည်ပါရသည်ဟု
ရေးထား၍ မှာရာ စတော်ဘယ်ရီဖျော်ပေးတဲ့
မမကိုပါ မြင်မြင်ချင်းနှစ်သက်ခဲ့ရသည် ။
ဆံနွယ်ရှည်တွေကို စုစည်းထားပြီး မိတ်ကပ်ပါးပါးနဲ့ ရိုးရိုးလေးလှပါသည် ။ အဲ့နေ့ကစ
စတော်ဘယ်ရီဖျော်ပေးတဲ့သူရော လူကိူပါ
ကြိုက်မိသွားလို့ နေ့တိုင်းလာထိုင်ဖြစ်သည်။
မအားရင်လည်း အားသလိုကိုလာထိုင်သည်။
သို့ပေမဲ့ မမရိပ်မိသွားမှာစိုးလို့ မျက်နှာအမူအရာကို အမြဲထိန်းရကာ ချေသလိုမျိုး
ဟန်ဆောင်ပြရသေးသည် ။ ကိုယ့်ထက်အသက်ကြီးမည့်ပုံပေါ်သောကြောင့် မမ လို့သာ
စိတ်ထဲမှာ ကြိတ်ခေါ်ရင်း..အပြင်မှာ စကား
လေးတောင် မပြောဖူးပါ..မဖြစ်သေး..
မမဘက်ကလည်း ဒီပုံအတိုင်းဆို ငါ့ကိုတောင်
သတိမထားမိဘဲ..ကောင်လေးရသွားနိုင်တယ်။
ငါလည်း ဒီလိုမျိုးကြီး အမြဲကြိတ်မကြိုက်နိုင်ဘူးလေ..ကြိုးစားရဦးမှာပေါ့..အဲ့ကြောင့်
ပထမဦးဆုံး ခြေလှမ်းလေး စလိုက်ရင်ကောင်းမလား? အဲ့သလိုနဲ့ပဲ ကျောပိုးအိတ်ထဲက
ကိုယ့်အဆောင်ကတ်ပြားလေးကို ထုတ်ကာ
စားပွဲခုံပေါ်အသာတင်ထားခဲ့သည် ။
မမမြင်ပါစေ... အဆောင်မှုးက ရင်းနှီးနေသည်မို့ ထွေထွေထူးထူး ကိုယ့်ဆို စစ်တော့မည့်မဟုတ်..အဲ့ကြောင့် ကတ်ပြားလေးထားခဲ့ခြင်း..မမဘက်ကကြည့်ရင်တော့ ကျွန်တော်က
မေ့ခဲ့တာပေါ့..ကျွန်တော့်ဘက်ကဆိုရင်တော့
တမင်သက်သက် မမနဲ့ ရင်းနှီးချင်လို့သာ...