နေလဲမပူပါပဲ နဖူးပေါ်ချွေးစလေးတွေရှိနေခြင်းက ဒီနေ့အင်္ကျီလက်ရှည် ဝတ်ထားလို့နေမှာ။ busကားမှန်ရဲ့ အပြင်ဘက်ကို ဖြတ်ပြီး ကောင်းကင်ရဲ့ အခြေနေကို တစ်ချက် ကြည့်လိုက်တော့ မိုးအုံ့နေတယ်။ ဒါပေမဲ့ ရွာမယ့်ပုံမပေါ်ဘူး။
Busစထွက်တာနဲ့ အဲကွန်းလဲ အရှိန်မြှင့်လာပြီဆိုတော့ အေးစိမ့်စိမ့်ရယ်။ အဲကွန်းရှိတဲ့ တည့်တည့် ၊ထိုင်ခုံမှာ ထိုင်နေတော့ ကော်ဖီရောင် ဆံပင်တွေက လှုပ်ယိမ်းနေတယ်။
မိုးချက်ချင်းရွာချလာရင်ကောင်းမယ်။ကျောင်းမသွားတော့ပဲ အိမ်ပြန်ပြီး အခန်းထဲ တစ်နေကုန် စောင်ခြုံပြီးနှပ်ရင်ကောင်းမလားဆိုတဲ့ ဂယူဘင်းရဲ့အတွေးကို ကျောင်းသားတစ်ယောက်က ဖျက်ဆီးပစ်လိုက်တယ်။
တရားခံတော့မဟုတ်ပါဘူး။ ဒီအတိုင်း ဂယူဘင်းရဲ့ အတွေးကို ပြေပျက်သွားစေရုံပါ။
မှတ်တိုင်တစ်ခုရောက်တော့ ကားဆရာက ကားကိုရပ်ပြီး ကားပေါ်တက်လာမယ့် ကျောင်းသားလေးတွေကို စောင့်ပေးနေတယ်။
တက်လာတဲ့ကျောင်းသားတွေက မများပါဘူး။ သုံး လေး ယောက်လောက်ပါပဲ။ ဒါပေမဲ့ အဲ့ထဲက တစ်ယောက်ကတော့ ဂယူဘင်းကို ငေးမောသွားအောင် လုပ်နိုင်ခဲ့တယ်။
ငေးမောအောင်လုပ်တယ်ဆိုတာ ဘယ်လိုမျိုးကိုပြောတာလဲ ဆိုရင် ..ကားပေါ်တက်လာတဲ့ ကျောင်းသားတွေ အားလုံးထဲမှာမှ ထင်းထွက်နေတဲ့ ပုံစံမျိုးမို့လို့။
ထင်းထွက်နေတယ်ဆိုတာကလဲ အခြားသူတွေအတွက်တော့မသိပေမဲ့ ၊ဂယူဘင်းတို့ကျောင်းကပဲလို့ ထင်ရတဲ့ ဂယူဘင်းတို့ကျောင်းဝတ်စုံ ကိုပဲ ဝတ်ထားတဲ့ ကျောင်းသားက ဂယူဘင်းကို မူမမှန်စေတော့ဘူး။
ဘယ်သူမှန်းမသိတဲ့ အဲ့ကောင်ငယ်လေးက ကားမောင်းသမားထိုင်တဲ့ နောက်ခုံမှာထိုင်တော့ ကားရဲ့ ရှေ့ပိုင်းမှာထိုင်နေတယ်။ ဂယူဘင်းက သူ့နဲ့ ငါးခုံကျော်လောက်က ကောင်လေးရဲ့ နောက်ကျောကို တော်တော်ကြာတဲ့အထိ ကြည့်ရင်း လိုက်ပါလာခဲ့သည်။ ခါတိုင်းဆိုရင် ဂယူဘင်းက သီချင်းလေးနားထောင်ရင်း အိပ်ပြီးလိုက်လာခဲ့တာ။ ဒါပေမဲ့ ဒီနေတော့ သီချင်းကို ဖွင့်ဖို့တောင် မေ့လျော့နေခဲ့တယ်လေ။
ယုန်လေးနဲ့တူတယ်။ ဆံပင်နုနုအိအိကလေးပေါ်မှာ ထိုးထိုးထောင်ထောင်နားရွက်ကလေးသာရှိရင် ယုန်လေးလို့ ထင်မိမှာ အမှန်။
မျက်နှာလေးကို တစ်ချက်ခဏလောက်သာ ကားပေါ်တက်လာတဲ့ အချိန်တုန်းက မြင်လိုက်ရပေမဲ့ ဂယူဘင်းရဲ့ ရင်ထဲမှာ အဲ့မျက်နှာလေး က စွဲကျန်သွားစေတာက ဘာသဘောလဲ။
ထိုအချ်ိန်မှာပဲ အဲ့ကောင်လေးက ကားမှန်ဘက်ကို လှည့်လာတော့ မျက်နှာ တစ်ခြမ်းကို မြင်လိုက်ရတာနဲ့ ဂယူဘင်းရင်ထဲ တစ်သိမ့်သိမ့်ရယ်။
ဘုရားရေ! ဘေးတစ်စောင်းတွေ့လိုက်ရပေမဲ့ ချစ်စရာကောင်းလိုက်ပုံများ။
သားသားလေး! လိမ်မာတဲ့ သားငယ်လေးတစ်ယောက်ဆိုတာ မြင်တာနဲ့ သိတယ်။
စောင့်ရှောက်ပေးချင်တယ်။ ရင်ခွင်ထဲ ထည့်ကာ ထွေးပွေ့ထားချင်စိတ်ဖြစ်လာတယ်။
ဂယူဘင်းရဲ့ နှလုံးခုန်နူန်းက ၆၀ကြားနှင့် ၁၀၀ကြားမှာ ရှိမနေတော့ဘူးဆိုတာ သိနေတာပဲလေ။ ဘာလို့လဲဆိုတာ ပြင်းအားတွေနဲ့ ခုန်ပေါက်နေတဲ့ ဂယူဘင်း နှလုံးခုန်နူန်းကြောင့် ရင်တွေပါ တုန်တက်လာရတာ ပြဿနာပဲ။
စာညံ့လို့ အထက်တန်းနောက်ဆုံးနှစ်မှာ ကျကျန်ခဲ့တဲ့ ဂယူဘင်း က ဒါကိုတော့ ဘယ်အဓိပ္ပာယ်ကိုသက်ရောက်နေပြီလဲဆိုတာ နဲနဲ သဘောပေါက်ချင်လာသလိုပဲ။
နှလုံးခုန်နူန်းကို တည်ငြိမ်အောင် ၊နေသားတစ်ကျဖြစ်အောင် ကြိုးစားလိုက်တာ ကျောင်းရှေ့က်ိုတောင် ရောက်နေပြီ။
ထိုကောင်လေးက ကျောပိုးအိတ်ရှေ့မှာ ကျနေတဲ့ ကြိုးနှစ်ချောင်းကို ဆွဲထားရင်း ကားပေါ်ကနေ ဆင်းသွားတော့ ဂယူဘင်းက သူ့ရဲ့ အကြည့်တွေကို အဲ့ကောင်လေးဆီမှာပဲ ချောက်ချထားရင်း လိုက်ပါလာတယ်။
ညာ ခြေလှမ်းတွေကို လှမ်းနေတော့ ဂယူဘင်းကလဲ ညာ ခြေလှမ်းကို လှမ်းတယ်။
ဘယ် ညာ၊ ဘယ်ညာ...ပျော်ဖို့ကောင်းလိုက်တာ။
အထက်တန်းနောက်ဆုံးနှစ်မှာ ကျကျန်ခဲ့လို့ ပထမဆုံး
ဝမ်းသာခြင်းပဲ။
ဂယူဘင်းက ကံကောင်းမှုလေးနဲ့တွေ့လိုက်ရတာပဲ။
တက္ကသိုလ်မတက်နိုင်လဲ ဘာအရေးလဲ ။ အထက်တန်းနောက်ဆုံးနှစ် တစ်နှစ်လုံးက ပျော်ရွှင်ရတော့မယ်လို့ထင်တယ်။
နေဝင်ပြီး မိုးချုပ်တဲ့ အထိ ..ဒီကောင်လေးအကြောင်း တွေးတောရတော့မှာ။ ဒီအတွေးလေးကို ကြိုပြီး စဉ်းစားလိုက်တော့ ဂယူဘင်းက သူ့ကိုယ်သူ အဓိက ဇာတ်ကောင်တစ်ယောက်လို့ ခံစားသွားရတယ်။
ရှေ့ကနေ သွားနေတဲ့ ထိုကောင်လေးက ဂယူဘင်းတို့စာသင်တဲ့ အဆောင်ကို ခြေဦးတည့်နေတာမို့ ဂယူဘင်း သူ့ရဲ့ ဦးနှောက်တွေကို ချက်ချင်းအလုပ်ပေးလိုက်ရတယ်။
မနေ့က အတန်းပိုင်ပြောတာတော့ မနက်ဖြန် အတန်းထဲ ကျောင်းသားအသစ်တစ်ယောက်ရောက်လာမယ်ဆိုတာကိုပေါ့။
ဒါပေမဲ့ ဒီကောင်ငယ်လေးကကျ ဘယ်သူ့ကိုမှတောင် အတန်းဘယ်မှာလဲ မမေးပဲ အခန်းရှိရာကိုပဲ တည့်တည့် မတ်မတ်သွား နေတာမဟုတ်ဘူးလား။
ဘာပဲဖြစ်ဖြစ် ၊ဖြစ်ချင်တာဖြစ် ဂယူဘင်းစိတ်မဝင်စားချင်တော့ဘူး။ သူ့ရှေ့က ကောင်ငယ်လေးကလွဲရင်ပေါ့။
နှလုံးသားမီးအိမ်လေးကို ခဏအတွင်းမှာပဲ ချစ်မိသွားတော့တာပဲ! နေဦး..ဒါက အချစ်လို့တန်းပြောလို့ရနိုင်လား၊ စိတ်ဝင်စားတဲ့ အဆင့်လို့သတ်မှတ်ရမှာလား။
အို..ဘာဖြစ်လဲ စိတ်ဝင်စားတာက အဆင့်တစ်ပေါ့။
စိတ်ဝင်စားမယ်၊ ကြိုက်မယ်၊ ချစ်မယ်၊ မြတ်နိုးမယ်၊တန်ဖိုးထားမယ်လေ။ဘာတွေများ ခက်ခဲတာကျလို့!
ဂယူဘင်းတွေးခဲ့မိတဲ့ အတိုင်းပဲ ထိုကောင်လေးက ဂယူဘင်းတို့ ကျောင်းကို ပြောင်းလာတဲ့ ကျောင်းသားသစ်ဖြစ်ပြီး တိုက်ဆိုင်စွာ ဂယူဘင်းအခန်းတို့မှာ တက်ရမှာ။
"မင်္ဂလာပါ ဟန်ယူဂျင်းပါ"
ရိုရိုသေသေလေးနဲ့ အတန်းဖော်တွေကို နူတ်ဆက်နေတဲ့ ထိုကောင်လေးကို ဂယူဘင်းက အခန်းဝမှာ ငေးကြည့်နေသည်။
ဟန်ယူဂျင်း!..
အချိန်ကို ရည်ညွှန်းပေမဲ့ နက္ခတ်ဗေဒင်တွေဖြစ်တဲ့ နေ၊ လ ၊ကြယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ စင်္ကြဝဠာလို့ ဆိုလိုချင်တာလား။
စာမလုပ်တဲ့ ဂယူဘင်းရဲ့ ဦးနှောက်က ယူဂျင်းနဲ့မှာမှ အလုပ်လုပ်နေရတော့တယ်။
"ဟိုကောင်! အခန်းဝမှာ ဘာရပ်လုပ်နေတာလဲ"
ဒါကတော့ အတန်းပိုင်ဆရာရဲ့ ခုနစ်ဆောင်ကြား ရှစ်ဆောင်ကြား အော်လိုက်တဲ့အသံ။ ဆရာရေ..အရင်ဘဝက ခေါင်းလောင်းများ လှူခဲ့သလား..အသံက အောင်နေရော။
အဲ့ဒါထက် ယူဂျင်းက သူ့ဘက်ကို လှည့်ကြည့်လာပြီ!
ဘယ်လိုလုပ်ရမလဲ။
ပထမဆုံးတွေ့ဆုံမှုမှာ ပထမဆုံး အကြည့်ချင်းဆုံနေရတဲ့ အချိန်မှာ ကမ္ဘာကြီးဟာ ရပ်တန့်သွားရင်ကောင်းမယ်။
နာရီလက်တံတွေမရှိတော့ပဲ ဒီကမ္ဘာပေါ်မှာ သူနှင့် ယူဂျင်းက လွဲရင် အကုန် လှုပ်ရှားမှုတွေရပ်တန့်သွားရင်ကောင်းမယ်။
ဘယ်လောက်မှ ကွာဝေးမှုမရှိတဲ့ ရပ်နေကြတဲ့ အကွာအဝေး။ ယူဂျင်းက သူ့ကို ကြည့်နေတယ်။ မျက်လုံးလဲ့လဲ့တွေက ဖြူစင်ပုံများ။ သမင်မျက်လုံးလှလှလေးတွေ..မဟူရာပုလဲလုံး..ဘာနဲ့ တင်စားရမှာပါလိမ့်။
မဟုတ်သေးပါဘူး တင်စားတယ်ဆိုတာကလဲ တစ်ခုနှင့် တစ်ခု ခိုင်းနှိုင်းတာ..ယူဂျင်းကိုတော့ ဘယ်သူ့နဲ့မှ ခိုင်းနှိုင်းစရာမလိုအောင် တောက်ပနေတဲ့ ကြယ်တစ်ပွင့်မဟုတ်ဘူးလား။
နဖူးပေါ်ဝဲကျနေတဲ့ ဆံပင်ခပ်အုပ်အုပ်တွေကတောင် အသဲယားစေတာပဲ။ ပါးအိအိလေးတွေကတော့ မက်မွန်းသီးလေးလိုပဲဖြစ်မယ်ထင်ရတယ်။
ဘာလို့ တစ်အားချစ်ဖို့ကောင်းနေရတာလဲ။ အဲ့အကြည့်တွေက ဂယူဘင်းရဲ့ ပထမအားနည်းချက်ဖြစ်လာတော့မှာမြင်ယောင်နေပြီ။ ဒုတိယ အားနည်းချက်ကတော့ စာညံ့တာဆိုပေမဲ့ပေါ့။
ဂယူဘင်းရဲ့ ကမ္ဘာလေးထဲကို ရောက်လာတဲ့ ဟန်ယူဂျင်းက ကြယ်လေးတစ်ပွင့်သာ ဆိုရင် ဂယူဘင်းက လဲ ထိုကြယ်လေးကို ကြည့်ပြီး တောက်ပမယ့် ကြယ်လေးတစ်ပွင့်ပဲပေါ့။
#1.10.2023
N/ ပထမplotကိုမကြိုက်လို့ အသစ်ပြန်ရေးထားတာပါ^^ ဒါကိုလဲ သဘောကျပေးပါဦး။