'' အခြေခံ လက်လုပ်လက်စား လူတန်းစားတွေ ကို အခုလို ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲ လုပ်စားနေရတဲ့ ဘဝတွေကနေ လွတ်မြောက်ဖို့ ကျွန်တော် ကြိုးစားပေးနိုင်ပါတယ်။ ကျွန်တော် သာ သမ္မတ ဖြစ်ရင်ပေါ့လေဗျာ ။ ပြည်သူတွေရဲ့ ဆန္ဒဟာ ကျွန်တော့်ရဲ့ ဆန္ဒပါပဲ ။ အဲတာကြောင့် ကျွန်တော့်ကို သာ မဲပေးကြပါ ။ တိုင်းပြည်တာဝန် ထမ်းဆောင်တဲ့နေရာမှာ ကျွန်တော့်ကိုသာ ရဲရဲ နဲ့ ယုံယုံကြည်ကြည် ခိုင်းလိုက်ပါ လို့ ပြောပါရစေခင်ဗျား ´´
Stage ပေါ်ကနေ မိုက်ကိုင်ပြီး ပြောနေတဲ့ ဦးနေရောင် ရဲ့ စကားအဆုံးမှာ စဉ်အောက်က လူတွေ ရဲ့ လက်ခုပ်သံ တွေ တဖျောင်းဖျောင်း ထွက်လာတယ်။
ဦးနေရောင်က လူအုပ်ကြီးကို လက်ပြနှုတ်ဆက်ရင်း
စင်အောက်ကို ဆင်းလာတယ်။ ထို့နောက်
လက်ဆွဲ နှုတ်ဆက်ဖို့ အတွက် လူအုပ်ကြားထဲကနေ ဖြတ်လျှောက်တယ်။ ဂျေ တို့ရွှေအိမ်တော်က Bodyguard တွေကဘေးကနေ ဦးနေရောင် ကို ဝန်းရံထားရတယ်။ ဦးနေရောင် ရဲ့ လူယုံကတော့ ရှေ့ကနေ လမ်းရှင်းပေးနေတယ်။
လူတွေက တိုးဝှေ့ရင်း ဦးနေရောင် ရဲ့ လက်ကို
မမှီမကမ်း လှမ်းဆွဲနှုတ်ဆက်ကြတယ်။
ဦးနေရောင် က ပြုံးပြီးနေတော့တာပဲ။
ဂျေကတော့ လူအုပ်ကြီးကို ကြည့်ပြီး သနားနေတယ်။ ဒီလောက် နေပူကျဲတဲကြီးဖြစ်နေတာတောင်မှ ဦးနေရောင်ရဲ့ မဲဆွယ်ပွဲကို လာကြည့်ကြတယ်။
သူတို့ခင်မျာ ဦးနေရောင် ဆိုတာ သူတို့ဘဝကောင်းမွန်ဖို့ ဖန်ဆင်းပေးနိုင်မယ့် နတ်ဘုရား တစ်ပါးမဟုတ်ဘဲ သူတို့ဘဝကို ဖျက်ဆီးပစ်နိုင်တဲ့ နတ်ဆိုးတစ်ကောင်ဆိုတာ
မသိကြရှာဘူး။
ဦးနေရောင် သမ္မတ ဖြစ်လို့ မရဘူး။
ပြည်သူတွေကို သူ့လိုနတ်ဆိုးလက်ထဲ ကျရောက်ခွင့်မပေးနိုင်ဘူး။ နတ်ဆိုးရဲ့ ချယ်လှယ်မှုအောက်မှာ အသက်မရှင်စေရဘူး။
*****************
ဦးထိန်လင်း - 45 %
ဦးနေရောင် - 30 %
ဦးစိန်လှိုင် - 25 %
မဲဆွယ်ပွဲ ပြီးတဲ့နောက်ပိုင်း ဦးနေရောင်ကို ထောက်ခံတဲ့သူ ရာခိုင်နှုန်းက သိသိသာသာ မြင့်တက်လာတယ်။
ဦးနေရောင် ဟာ ရလဒ်ကို ကြည့်ပြီး သိပ်ကို ပျော်ပြီး တဟားဟားနဲ့ကို သဘောတကျ ရယ်နေတော့တယ်။
ဂျေကတော့ -
'' ဝ အောင် ပျော်ထားစမ်း ဦးနေရောင်။
မကြာခင် ခင်ဗျား ငိုရတော့မှာ ´´ လို့ စိတ်ထဲကနေ ရေရွတ်ရင်း အံကိုတင်းတင်းကျိတ်နေမိတယ်။
****************
'' အဲတာပါပဲ ဒေါ်နှင်းမော်ချီ … ။ ဦးနေရောင်ကို ထောက်ခံတဲ့ ရာခိုင်နှုန်းက တဖြည်းဖြည်း မြင့်တက်လာတယ် လို့ ထင်တယ်´´
ဂျေက တခြား သမ္မတလောင်းနှစ်ယောက် ရဲ့ လှုပ်ရှားမှု အခြေအနေနဲ့ ဦးနေရောင် ရဲ့ အခြေအနေတွေအားလုံးကို
လျှို့ဝှက် Camera နဲ့
( ဂျေ Code room ထဲကနေ မထွက်ခင် ဆက်သွယ်ဖို့ ပေးထားရစ်ခဲ့သော ) နားကြပ်ကနေ တစ်ဆင့် ဒေါ်နှင်းမော်ချီ အား ပြောပြနေတယ်။
ဒေါ်နှင်းမော်ချီက မျက်ခုံးတစ်ဖက် ပင့်တက်သွားရင်း -
'' မင်းက ဘယ်လို ထင်လဲ ဂျေ ။ နေရောင် နိုင်မယ် လို့ ထင်လား ´´
'' မထင်ပါဘူး ´´
'' ဘာဖြစ်လို့လဲ ´´
'' လက်ရှိ ခန့်မှန်းချေ အရ
ဦးထိန်လင်းက 45 % ရှိပါတယ်။
ဦးနေရောင်က 30 %
ဦးစိန်လှိုင်က 25 % … ။
ရွေးကောက်ပွဲနေ့က တစ်လကျော်ပဲ လိုပါတော့တယ်။ ဒီကာလအတွင်းမှာ ဦးနေရောင် ဘယ်လိုပဲ စည်းစိမ် ပြုတ်အောင် မဲဆွယ်နေပါစေ ။ ဦးထိန်လင်းကို နိုင်ဖို့ မလွယ်လောက်ဘူး ထင်တယ်။ ဦးထိန်လင်းက
အခြေခံလက်လုပ်လက်စားတွေနဲ့ လူလတ်တန်းစား ပညာတတ်တွေရဲ့ ထောက်ခံမှုတော်တော်များများကို ရထားတာဆိုတော့ .. ”
'' ဟက် ဟက် ´´ ဒေါ်နှင်းမော်ချီ က ခြောက်ကပ်စွာ ရယ်လိုက်ပြီးတော့မှ …
'' ငါ့အတွေးက မင်းနဲ့ ဆန့်ကျင်ဘက်ပဲ ´´
'' ခင်ဗျားအတွေးက ဘာများလဲ ´´
'' မင်းပြောသလို နေရောင်ရဲ့ 30 % က ထိန်လင်း ရဲ့ 45 % ကို မမှီနိုင်ပါဘူး။ ဒါပေမယ့်… စိန်လှိုင်ရဲ့ ရာခိုင်နှုန်းကိုပါ နေရောင့် ထဲ ပေါင်းလိုက်မယ် ဆိုရင်တော့ နေရောင် နိုင်ကို နိုင်လိမ့်မယ် ´´
ဂျေ ခဏတော့ ကြောင်တောင်တောင် ဖြစ်သွားတယ်။ စကားရဲ့ အဓိပ္ပာယ်ကို နားမလည်သေး။
'' ဦးနေရောင် က ဦးစိန်လှိုင်ရဲ့ ရာခိုင်နှုန်းကိုပါ ထည့်ပေါင်းမယ် … ဘယ်လိုများ … ´´
ဒေါ်နှင်းမော်ချီက ပြောမပြဘဲ Laptop screen ထဲကနေ ဂျေ့ကို စဉ်းစားကြည့် ဆိုတဲ့ အထာနဲ့ လက်ပိုက်ပြီး ကြည့်နေတယ်။
'' ဟာ … မဟုတ်မှလွဲ … ´´
ဂျေ ဒေါ်နှင်းမော်ချီ ပြောမှ အဲတစ်ချက်ကို စဉ်းစားလို့ရသွားတော့တယ်။
ဟုတ်တာပေါ့ … ။ ဦးနေရောင်ရဲ့ ကောက်ကျစ်ပုံ ၊ အာဏာရူးပုံမျိုးနဲ့ဆို
သူသမ္မတ ဖြစ်ဖို့ အတွက် ဘာနေနေ လုပ်မှာပါပဲ။ ဦးစိန်လှိုင်သာ သမ္မတလောင်းပြိုင်ပွဲကနေ နှုတ်ထွက်ခဲ့လျှင် …
မြေပြန့်ကျေးလက်ဒေသတွေကို အပိုင်ရထားတဲ့ ဦးစိန်လှိုင်ကို ထောက်ခံမှု ရာခိုင်နှုန်းဟာ ပက်ခနဲ ဦးနေရောင်ဆီကို ရောက်လာနိုင်တယ်လေ … ။
'' ဒီနေ့က စပြီး နေရောင် သာမက စိန်လှိုင့်ကိုပါ အသေချာ အခြေအနေ စောင့်ကြည့်ထားဖို့လိုတော့မယ်ဂျေ ။
တကယ်လို့ နေရောင့်ဘက်က တစ်ခုခု လှုပ်ရှားလာခဲ့မယ် ဆိုရင် သက်သေရနိုင်အောင် ကြိုးစားဖို့ လိုတယ်။ ဒီကိစ္စက အရမ်းအရေးကြီးတယ် ´´
*****************
'' ရလဒ်တွေက ကျေနပ်စရာပဲ ဝန်ကြီး အဲ သမ္မတလောင်း ´´
ဦးနေရောင်က ဆုံလည် ကုလားထိုင်နောက်ကို မှီချ လိုက်ရင်း လက်နှစ်ဖက်နဲ့ ခေါင်းခုကာ မျက်စိမှိတ်ထားတယ်။ တစ်ခုခုကို သူ အလေးအနက် စဉ်းစားနေတယ်။ခဏကြာတော့
သူ့လူယုံကို ပြောတယ်။
'' ငါ သမ္မတ ဖြစ်ကိုဖြစ်ရမယ် ။ မဖြစ်ဖြစ်အောင် ဘာမဆို လုပ်ရမယ် ´´
'' …… ´´
'' ငါ စိန်လှိုင့်ကို သမ္မတလောင်းပြိုင်ပွဲကနေ နှုတ်ထွက်သွားအောင် လုပ်ရမယ် ´´
*****************
ဂျေက ဦးစိန်လှိုင်ရဲ့ အိမ်ပတ်ဝန်းကျင်ကို မရောင်မလည်နဲ့သွားပြီး မသိသာအောင် အိမ်ပေါက်နဲ့ မျက်နှာချင်းဆိုင်က အုတ်နံရံကြားလေးထဲမှာ လက်တစ်ဆစ် တစ်ဝက် လောက်သာရှိတဲ့ Camera လေးထည့်လိုက်တယ်။
ပြီးတော့ ဦးစိန်လှိုင် ရဲ့ ခြံထဲ ခိုးဝင်လိုက်တယ်။ ဦးစိန်လှိုင်ရဲ့ အိမ်ဟာ ခမ်းနားပေမယ့် ဦးနေရောင် အိမ်လောက်တော့ မဟုတ်ဘူး ။ လုံခြုံရေး Bodyguard တွေဟာလည်း ၅ ယောက်ပဲရှိနေတယ်။
ဂျေဟာ Bodyguard တွေ နဲ့ CCTV တပ်ထားတဲ့နေရာတွေကို ကွေ့ပတ်ရှောင်ရင်း ဦးစိန်လှိုင်ရဲ့ ဧည့်ခန်းကို ရောက်လာတယ်။
2 : 45 AM ဆိုတော့ ဦးစိန်လှိုင်ရဲ့ မိသားစုတွေ အိပ်မောကျနေလောက်ရောပေါ့။
အဲနောက် TV ရဲ့ ဘေးက ပန်းအိုးကြီးထဲမှာ Camera လေးကို ရှိမှန်းမသိသာအောင် ထားလိုက်တယ်။ ပြီးတော့ စာကြည့်ခန်းထဲ ဝင်ခဲ့တယ်။ စာကြည့်ခန်း တစ်ခုလုံးကို ကောင်းကောင်းမြင်ရတဲ့ စာအုပ်စင် တစ်နေရာမှာ Camera လေးကို ကောင်းကောင်းကြီး ဖွက်ထားလိုက်တယ်။
အဲဒီနောက်မှာတော့ ခပ်သွက်သွက်ပဲ Bodyguard ငါးယောက်ကို ပတ်ရှောင်ရင်း ခြံအပြင်ကို ထွက်ခဲ့တော့တယ်။
*****************
'' အား … ´´
မာန်ခ အိပ်ယာကနေ ချောက်ခြားစွာ လန့်နိုးလာတယ်။ တစ်ကိုယ်လုံးလဲ ချွေးတွေရွှဲနေတယ်။
အိပ်မက်ထဲမှာ အဖေ ဟာ မဲဆွယ်ပွဲ လုပ်နေတုန်း ဂျေ က အနောက်ကနေ အဖေ့ ခေါင်းတည့်တည့်ကို သေနတ်နဲ့ ချိန်ပြီး ပစ်လိုက်တာတဲ့။
မာန်ခ ရင်တွေတုန်နေတယ်။
ငါဘာဖြစ်လို့ ဒီလို မဖြစ်နိုင်တဲ့ အိပ်မက်မျိုးကို မက်ရတာလဲ။ တကယ်ဖြစ်နေတဲ့ အတိုင်းပဲ ရှင်းရှင်းလင်းလင်းကို မက်တာ။
'' ဟူး ´´
သက်ပျင်းမှုတ်ထုတ်ပြီး အိမ်အောက်ထပ်က မီးဖိုချောင်ကို ဆင်းလာတယ်။
ရေခဲသေတ္တာထဲက ရေဗူးထုတ်ပြီး အားရပါးရ မော့သောက်လိုက်တယ်။
အဲဒီနောက် စိတ်ရှုပ်ရှုပ်နဲ့ လေကောင်းလေသန့်ရဖို့ ခြံထဲကို ထွက်လာခဲ့တယ်။
မကြာခင် 4 : 00 AM ရှိတော့မှာ ဆိုပေမယ့် ပတ်ဝန်းကျင်က မှောင်မဲနေတုန်းပဲ။ လမ်းမီးဝါဝါ ပျပျသာ ခြံထဲကို အနည်းငယ်မှုန်ရီရီ ဖျာလင်းနေတယ်။
ခြံထဲက ခုံလေးမှာထိုင်ရင်း ဂျေ တို့ အိမ်ဘက်ကို
လှမ်းကြည့်လိုက်တော့ ဂျေ့အခန်းက မီးပိတ်ထားတယ်။ အေးလေ … ဒီအချိန်ဆို ဂျေလည်း အိပ်မောကျနေမှာပေါ့။ တွေးတုန်း ခြေသံ ရှပ်ရှပ်ကြားတာကြောင့် မာန်ခ မှောင်ရိပ်ထဲမှာ ငြိမ်နေလိုက်တယ်။
ဂျာကင်အနက်ရောင်ဝတ်ထားတဲ့ အရပ်ရှည်ရှည် လူက ဂျေ တို့ ခြံထဲကို လွှားခနဲခုန်ကျော်ဝင်လာတယ်။
ထိုသူက အိမ် တံခါးပေါက်ဝကို ရောက်တော့
ခေါင်းမှာ ဆောင်းထားတဲ့ လျှာထိုးဦးထုပ် အနက်ရောင် နဲ့ ပါးစပ်မှာတပ်ထားတဲ့Mask ကို ချွတ်လိုက်ချိန်…
'' ဟင် … ဂျေ ´´
မာန်ခ ကြောင်တောင်တောင်နဲ့ ငေးကြည့်ဆဲ
ဂျေက ပတ်ဝန်းကျင်ကို ဟိုဒီဝေ့ဝဲကြည့်တော့
ခပ်မြန်မြန်ပဲ ဝပ်နေလိုက်တယ်။
အိမ်တံခါးပိတ်သံကို ကြားရပြီး ဂျေ အိမ်ထဲ ဝင်သွားပြီထင်တော့မှ ဝပ်နေရာမှ ပြန်ထ လိုက်တယ်။
ဒီအချိန်ကြီး ဂျေ ဘယ်ကပြန်လာတာလဲ။
ဘာဖြစ်လို့ အခုလို တစ်ကိုယ်လုံး All black ဝတ်ထားရတာလဲ။ သံသယ ဖြစ်စရာ ကောင်းနေတာတော့ အမှန်ပဲ လို့ တွေးလိုက်မိတာနဲ့ တစ်ပြိုင်နက် အိပ်မက်ထဲက
ပုံရိပ်တွေကို ဖျတ်ခနဲ သတိရသွားပြီးထိုခဏမှာ မာန်ခ ကြက်သီးတွေ ဖြန်းခနဲ ထသွားရပါတော့တယ်။