Desharow's Merman

By Wine-Y

239K 25.2K 1.2K

Desharow Merman (德萨罗人鱼) Total-116 Author: 深海先生 Translators: Cheonsa_I_Bl & Jade(co). Editors: rad_pigeon I'... More

My Note
Warning
Author Note
Synopsis
【Arc 1: နက်ရှိုင်းသော ပင်လယ်ပြင်မှအတွေ့အကြုံ】အခန်း(၁)ရေသူထီးအား ဖမ်းမိခြင်း။
အခန်း(၂)လျှို့ဝှက်အစီအစဉ်
အခန်း(၂) လျို့ဝှက်အစီအစဉ်
အခန်း(၄) ဘယ်သူက သားကောင်လဲ။
အခန်း(၅) အန္တရာယ်ရှိသော ကျူးကျော်မှု
အခန်း(၆)အရေးပေါ်အခြေအနေများ
အခန်း(၇) မိုးသက်မုန်တိုင်းကြားမှ အထိတ်တလန့်ဖြစ်ဖွယ်ရာများ
အခန်း(၈)
အခန်း(၉)
အခန်း(၁၀)
အခန်း(၁၁)
အခန်း(၁၂)
အခန်း(၁၃)
အခန်း(၁၄)
အခန်း(၁၅)
အခန်း(၁၆)
အခန်း(၁၇)
အခန်း(၁၈)
အခန်း(၁၉)
အခန်း(၂၀)
အခန်း(၂၁)
အခန်း(၂၂)
အခန်း(၂၃)
အခန်း(၂၄)
Arc-2
Chapter(26)
Chapter(27)
Chapter(27)
Chapter(29)
Chapter (30)

အခန်း(၃) အန္တရာယ်နှင့် စပ်လျဉ်းနေသော စူးစမ်းစစ်ဆေးခြင်း

6K 807 48
By Wine-Y

အခန်း(၃) အန္တရာယ်နှင့် စပ်လျဉ်းနေသော စူးစမ်းစစ်ဆေးခြင်း။

တိုင်ကဲ့သို့ လုံလုံးရှည်ရှည်ဖြစ်နေသော မှန်လှောင်ကန်၏ထိပ်ဆုံးသို့ လှေကားထစ်တွေကိုနင်းရင်း ကျွန်တော်တက်သွားခဲ့တယ်။ ခြေတစ်လှမ်းအချက မြေကြီးနဲ့ကင်းလွတ်နေတဲ့ လေထုထဲ အမှတ်မထင်ချနင်းမိသလို ဖြစ်နေပြီး ထိုရေသူထီး၏အနားမှာ ရပ်နေမိသည့်တိုင် သူက ဘာတုံ့ပြန်မှုမှမပြုလုပ်ပဲ ရေလှောင်ကန်၏ မှန်သားနံရံကို တိတ်ဆိတ်စွာ မှီတည်ရင်း ကျွန်တော် မလာခင်ကအတိုင်း ငြိမ်သက်နေသည်။ သူ့ပုံစံက သတိကြီးကြီးထားမှုမရှိဘဲ နှစ်ခြိုက်စွာ အိပ်စက်နေတယ်လို့တောင် ထင်ရစေသည်။

ကျွန်တော်က ကျွန်တော့်ရဲ့ခြေလှမ်းနဲ့ လှုပ်ရှားမှုကို သေသေချာချာဂရုစိုက်လိုက်တယ်။ ရေသူထီးရဲ့ ငြိမ်သက်နေတဲ့ပုံစံက ကျွန်တော့်အတွက် မှတ်တမ်းရိုက်ကူးထားဖို့နဲ့ စူးစမ်းလေ့လာဖို့အတွက် အတော်ကို အခွင့်သင့်နေတာမို့ ကျွန်တော်က မီးအလင်းချောင်းကို ဘေးတစ်ဖက်မှာထားလိုက်ပြီး DV ကင်မရာမှ ညဘက်ကြည့်သည့် မြင်ကွင်းကိုဖွင့်လိုက်ကာ ကိုယ်ကို မှန်လှောင်ကန်မှာမှီထားရင်း ခေါင်းမှနေ အမြီး၊ အမြီးမှနေ ခေါင်းအထိကို ရှုထောင့်အစုံမှ ပုံရိုက်ခြင်း စတင်လိုက်တော့သည်။ အလင်းရောင်မှိန်ဖျော့ဖျော့သာရှိသော ရေထဲ၌ စမ်းချောင်းကဲ့သို့ ဟိုဘက်ဒီဘက် ကွေးညွတ်ကျနေတဲ့ အမြီးရှည်ကြီးက ရေမှော်ပင်တွေကြားထဲ ရစ်ခွေနေသည်မှာ စပါးအုံးမြွေကဲ့သို့ ဖြစ်နေသည်။ တောင်ပံသဖွယ်ဖြစ်နေတဲ့ သူရဲ့ရေယက်သုံးခုက အမဲရောင်မီးခိုးငွေ့များကဲ့သို့ တစ်ခုနှင့်တစ်ခု ထပ်လျက်တည်ရှိနေပြီး ပြည်ကြီးငါးတို့ အုပ်စုလိုက် မှုတ်ထုတ်ထားတဲ့ အနက်ရောင်မှင်ရည်တွေနှင့်လည်း ဆင်တူနေသည်။

ဒီလိုမြင်ကွင်းမျိုးနဲ့ ကျွန်တော် ဘယ်လိုမှသဟဇာတဖြစ်မနေ။ မှန်လှောင်ကန်မဟုတ်ဘဲ ပင်လယ်ရဲ့အနက်ပိုင်းမှာရှိနေမယ့် သူ့ရဲ့ပုံစံကိုမြင်ယောင်ကြည့်ရင် တစ္ဆေလိုလိုသတ္တဝါကြီးကို ကြည့်နေရသလိုဖြစ်နေပြီး ငရဲပြည်က မကောင်းဆိုးဝါးအရိပ်ကြီးကို မြင်တွေ့ရသလိုလည်း အလွန့်အလွန်မှ ကြောက်လန့်စရာကောင်းနေမည်။

သူ့ရဲ့ခန္ဓာကိုယ်အောက်ပိုင်းက အတိအကျတိုင်းတာကြည့်ဖို့ မဖြစ်နိုင်သေးတဲ့အခြေအနေမှာရှိနေပြီး မှန်းဆခန့်မှန်းချက်အနေဖြင့် နှစ်မီတာအရှည်ရှိသည်ဟုသာ တွက်ချက်ထားနိုင်သည်။ ထိုမှ အပေါ်ပိုင်း ကိုယ်ထည်ကိုပါ ပေါင်းထည့်လိုက်ရင် သူ့ရဲ့အရွယ်အစားက အရွယ်ရောက်ပြီးသား ကျားငါးမန်းတစ်ကောက်လောက်တောင် ရှိပေသည်။ ဒီလိုအရွယ်အစားတူညီနေတဲ့ သူတို့မျိုးစိတ်နှစ်ခုက ကျူးကျော်တိုက်ခိုက်မှုမှာလည်း လက်ရည်တူနေမလားလို့ ကျွန်တော်စူးစမ်းချင်မိပြန်သည်။

[ကျားငါးမန်းတွေက ပုံမှန်အားဖြင့် ၃.၂၅ နဲ့ ၄.၂၅ မီတာအရှည်ရှိကြတယ်။ ဆိုတော့ ဆိုတော့ သူ့နဲ့အရွယ်အစားတူတဲ့ တို့ရဲ့ ကြီးထွားသန်မာ ကြည့်ကောင်းလွန်းတဲ့ အဓိကဇာတ်ဆောင်ကြီးကို ပုံဖော်ကြည့်ကြကုန်လော့။] (၃.၂၅မီတာက ဆယ်ပေကျော်ပြီး၊ ၄.၂၅က ဆယ့်သုံးပေ ကျော်)

ထိုအကြောင်းကိုတွေးမိသည်နှင့် တစ်ပြိုက်နက် ကျွန်တော်လည်း ကင်မရာမြင်ကွင်းကို ပြောင်းလိုက်ပြီး အမြီးမှ စကာ ရေသူထီးရဲ့ သိသာထင်ရှားနေတဲ့ နောက်ကျောပြင်ကြီးကို ရိုက်ကူးမှုစလိုက်သည်။ ထိုအချိန်လေးမှာပဲ အစောသလျင်စိတ်လေးနဲ့ ထိုရေသူထီးကိုစိုက်ကြည့်မိပြီး သူ့ရဲ့ခန္ဓာကိုယ်အပေါ်ပိုင်းက လူသားတွေနဲ့ကွာခြားမှုမရှိပါလား' ဆိုပြီးလည်း တွေးလိုက်မိသည်။ ဘယ်လိုပဲဆိုဆို ကျွန်တော် သူနဲ့ နီးနီးကပ်ကပ်ရှိနေရတဲ့ ထိုအချိန်လေးမှာတော့ သူ့ရဲ့ ရေသူမျိုးနွယ်ခန္ဓာကိုယ်ပေါ်မှာ ပြောင်လက်နေတဲ့ အရေပြားတစ်လွှာရှိနေသေးတာကိုပါ ရှာတွေ့ခဲ့တယ်။ ထိုအရေပြားက ကျွန်တော်အရင်ကမြင်ဖူးထားတဲ့ Beluga (အဖြူရောင်ဝေလငါးကြီး)ရဲ့ အရေပြားနဲ့တူပြီး ရေထဲမှာဆို မသိမသာလေး တောက်ပနေတတ်သည်။ ရောင်ပြန်အတွက်ဖန်းတီးထားတာဖြစ်လို့ ရေသူထီးကိုကြည့်နေရင်း အရိပ်တစ်ခုလားလို့တောင် ကျွန်တော့်ကို ခံစားရစေသည်။

[ Beluga whales တွေကို သူတို့နေထိုင်ရာ အာတိတ်ဒေသရဲ့ နှင်းဖုံးနေတဲ့ သဘာဝနဲ့လိုက်ဖက်ပြီး အဖြူရောင်အရေပြားရှိလို့ အဖြူရောင်ဝေလငါးကြီးဆိုပြီး နာမည်ပြောင် ခေါ်ဝေါ်ကြတယ်။ သူတို့ရဲ့ အရေပြားက မဲမှောင်နေတဲ့ ရေထုထဲမှာဆို မှိန်ဖျဖျလေး လင်းနေတတ်တယ်။]

ရေသူမျိုးနွယ်တွေရဲ့တည်ရှိမှုကို ထင်ယောင်ထင်မှားဖြစ်သွားရသည်သာမက ကျွန်တော်ကပဲ အိမ်မက်မက်နေသလား'ဟု ထင်ရအောင် အခုလက်ရှိအခြေအနေကပါ အစစ်ဟုတ်ရဲ့လား' ဆိုပြီး ကျွန်တော် သံသယဖြစ်သွားသည်။

ဒီကမ္ဘာပေါ်မှာ ရေသူမျိုးနွယ် ဆိုတဲ့ ဖန်တီးပုံဖော်မှုက သက်ဆိုင်တည်ရှိနေရဲ့လား။ ကျွန်တော်တို့မသိတဲ့ တစ်ခြားဂြိုလ်ပေါ်က ပင်လက်ရေနက်ထဲမှာ နေထိုင်တည်ရှိနေတာများလား။

'သေစမ်း ... ငါက ဘာကိစ္စအဲ့ဒီအကြောင်းတွေ တွေးနေတာလဲ။ အဲ့ဒီတုန်းက ငါတွေးနေတဲ့အကြောင်းကိုသာ ရိုင်း ကြားခဲ့ရင် ငါ့ကိုလှောင်ဖို့ နဲ့ ငါ့ရဲ့ နှစ်ပတ်ရိုက်လိုက်ခြင်းအတွက် တဟားဟား ရယ်တာ ခံနေရမှာ။ '

အတွေးလွန်နေတဲ့ ကျွန်တော့်ကိုယ်ကိုပြန်ထိန်းပြီး သိချင်စိတ်တွေပြန်ပြီးပြင်းပြလာဖို့ ကျွန်တော့်စိတ်ကို စုစည်းထားလိုက်သည်။

'အခု ရေသူထီးက ကျွန်တော့်အရှေ့မှာ တကယ်ကြီးရှိနေတာပဲ မဟုတ်ဘူးလား။ ဒါဆို ဒီလိုရူးကြောင်ကြောင် အကြောင်းအရာတွေကို ဘာလို့ တွေးနေရအုံးမှာလဲ။'

အချိန်ခနလောက်ကြာတော့ ကိုယ့်ကိုယ်ကို ပြန်ရယ်လိုက်ပြီး ကျွန်တော့်ရဲ့အာရုံကို ရေသူထီးရဲ့အရေပြားပေါ်မှာ အာရုံပြန်စိုက်ထားလိုက်သည်။ ဒါက အကာအကွယ်ပေးတဲ့ (mucosa) ချွဲကျိကျိ အရေပြားအလွှာဖြစ်လောက်သည်။ အဲ့ဒီအရေပြားကြောင့်ပဲ ရေသူမျိုးနွယ်တွေက လူသားတွေလိုမျိုး ရေထဲမှာအကြာကြီးနေရာမှ ဖြစ်ပေါ်တတ်တဲ့ အရေပြားတွန့်တာတို့ အသားအရည်က အရမ်းကြီးနူးညံ့သွားတာတို့ မဖြစ်ကြတာဖြစ်သည်။ ရေသူတွေရဲ့ အရေပြားကလည်း ကြည့်ရုံနဲ့တင် နူးညံ့ပြောင်ချောနေတာ သူတို့က ငါးမန်တွေရဲ့အရေပြားလိုပဲ မာတောင့်ပြီး ခိုင်ခံ့နေတာမျိုးလည်း ဖြစ်နိုင်သည်။

[ mucosa (ချွဲသလိပ်)– ဒါက ခန္ဓာကိုယ်အတွင်းပိုင်းမှာ များစွာတည်ရှိနေတဲ့ အမြှေးပါးတွေဖြစ်ပြီး အတွင်းအင်္ဂါတွေကို ကာကွယ်ပေးထားတဲ့ အလွှာတစ်ခုပါ။ အခြေခံအားဖြင့် ခန္ဓာကိုယ်အတွင်းပိုင်းက အညစ်အကြေးနဲ့ အန္တရာယ်ရှိတဲ့အရာတွေကို ထုတ်ပေးပါတယ်။]

ထိုအတွေးတွေနဲ့အတူ တတ်နိုင်ခြင်းမရှိပေမယ့် ခနတာဖြစ်ပေါ်လာတဲ့ စိတ်တွန်းအားကြောင့် သူ့ရဲ့အရေပြားကို ကျွန်တော့်ရဲ့ ကိုယ်ပိုင်လက်တွေနဲ့ ထိကိုင်ချင်သည့် စိတ်တို့ပေါ်လာသည်။ ထိုအချိန်လေးမှာပဲ DV ကင်မရာထဲကနေ ထူးဆန်းနေတာတစ်ခုကို ကျွန်တော့်တွေ့လိုက်ရသည်။

ရေသူထီးရဲ့ သန်မာပြီး ရှည်သွယ်တဲ့လက်မောင်းပေါ်မှာ ရှိနေတဲ့ ဒဏ်ရာကြီးကြီးတစ်ခု။'

ထိုဒဏ်ရာက သွေးမထွက်တော့ပေမယ့် အရေပြားပြဲထွက်နေတာကြောင့် သန်မာကျစ်လစ်တဲ့ကြွက်သားစိုင်ကိုလည်း မြင်ရနိုင်ပြီး ငါးမန်းတစ်ကောင်ကြောင့်ဟု ထင်ရစေတဲ့ နက်နဲလှသည့် သွားရာကြီးကိုလည်း မြင်နေရသည်။

ကျွန်တော့်ရဲ့ အတွေးအာရုံတွေ ချက်ချင်းရပ်တန့်သွားခဲ့သည်။

''အစောပိုင်းတုန်းက ငါ ဘာလို့ သတိမထားမိခဲ့တာလဲ။ သူက အစကတည်းက အားနည်းနေတာလည်း ဖြစ်နိုင်ပြီး မေ့ဆေးပါ အထိုးခံလိုက်ရသေးတယ်....။ သူ ဒီလိုမျိုး ငြိမ်သက်နေတာ မထူးဆန်းတော့ဘူး။'

အဲ့ဒီအချိန်တုန်းက မကူညီနိုင်ခဲ့ပေမယ့် အခုအချိန်တော့ ကျွန်တော်နဲ့အတူ ဆေးသေတ္တာပါယူလာခဲ့တာကို ဝမ်းသာရမည်။ အလင်းရဲ့အလျင်လောက်နဲ့ ကျွန်တော့်လက်ထဲက DV ကင်မရာကို ခပ်မြန်မြန်ပဲ အဝေးပို့လိုက်ပြီး ရေလှောင်ကန်ရဲ့ ထိပ်ဆုံးပိုင်းသို့ တွယ်တက်သွားလိုက်သည်။ ရုတ်တရက်ဆန်တဲ့ ကျွန်တော့်ရဲ့ လှုပ်ရှားမှုကြီးကြီးကြောင့်လည်း ဖြစ်နိုင်ပေမယ့် ကျွန်တော်ရေလှောင်ကန်အပေါ်ဘက်သို့ တက်နေတဲ့ အချိန်မှာပဲ ကျွန်တော့်ခြေထောက်အောက်ဘက်ကနေ ရိပ်ကနဲဖြတ်ပြေးသွားတဲ့ အရာတစ်ခုကို အမှတ်မထင်တွေ့လိုက်ရသည်။ ထို့နောက် တိတ်ဆိတ်ငြိမ်သက်စွာပဲ ထိုအရာက ကျွန်တော်ရှိရာ ရေလှောင်ကန်အပေါ်ဘက်သို့ ပေါလောမျောပါလာသည်။

'ရေသူထီးက အခု ကျွန်တော့်ရဲ့ ခြေထောက်အောက်မှာ'

ထိုအတွေးက ကျွန်တော်တောင်မသိလိုက်ခင်မှာပဲ ပြင်းပြနက်နဲတဲ့ အသက်ရှူသွင်းမှုတစ်ခုကို ပြုလုပ်မိစေပြီး အောက်ဘက်သို့ ငုံ့ကြည့်စေသည်။

ထိုအချိန်မှာ ကျွန်တော်က အစာကျွေးဖို့အတွက်ရည်ရွယ်ပြီး သတ္တုဖြင့် ပြုလုပ်ထားတဲ့ စက်ဝိုင်းခြမ်းပုံ ပလက်ဖောင်းပေါ်မှာ မတ်တပ်ရပ်နေခဲ့တာဖြစ်သည်။ သေးငယ်တဲ့အပေါက်ကြားကနေ အလင်းရောင်ထဲ မှေးမှိန်စွာ ရောင်ပြန်ဟပ်လာတဲ့ ရေလှိုင်းခွက်တွေကို မြင်နေရပေမယ့် ရေသူထီးဘယ်မှာရှိလဲ ဆိုတာကိုတော့ မမြင်ရပေ။

(စလက်... _)

အောက်ဘက်နားဆီမှ ရေလှိုင်းခတ်သံတွေ ထွက်ပေါ်လာသည်။ အပေါက်ကြားဆီမှ အလင်းရောင်ပြောက်တွေလည်း အစောပိုင်းကလိုမဟုတ်ဘဲ ရုတ်တရက်ကြီး မှုန်ဝါးဝါးဖြစ်သွားကာ ရေသူထီးက ကျွန်တော်ရပ်နေတဲ့ ပလက်ဖောင်းအောက်ဘက်နေရာကနေ အခြားတစ်ဖက်သို့ ကူးခတ်သွားသည်။ ထိုနေရာက မှန်တံခါးဖြင့် ကာရံထားတဲ့ တစ်ဖက်ခြမ်းဖြစ်ပြီး ရေ၏အောက်ခြေနှင့် အပြင်ဘက်ကမ္ဘာကို ဆက်သွယ်ပေးထားသည့် အပိုင်းအခြားနေရာတစ်ခုလည်း ဖြစ်သည်။

အန္တရာယ်တွေယူဆောင်လာပေးမယ်ဆိုတာ သေချာနေတဲ့ ဒီမှန်တံခါးကို ကျွန်တော် မဖွင့်ချင်။ သို့ပေမယ့် ရေသူထီးရဲ့လက်ရှိဒဏ်ရာအခြေအနေနဲ့က ဒီတံခါးကိုဖွင့်လိုက်တာထက် ပိုကောင်းတဲ့ နည်းလမ်း ရှိမနေ။ ထို့အပြင် ဆေးထိုးထားတဲ့အရှိန်ကြောင့်နဲ့လည်း ကျွန်တော်သူ့ကို မသေစေချင်ဘူး။

နောက်ကျောဆီမှာထိုးထားတဲ့ မေ့ဆေးသေနတ်ကို ကျွန်တော်လှမ်းကိုင်လိုက်သည်။ လက်ဖဝါးတွေက အခုကတည်းက ချွေးတွေရွှဲနေပြီး ကျွန်တော့်ရဲ့အတွေးအာရုံတွေကတော့ စိတ်လှုပ်ရှားမှုကြောင့် မရပ်မနားပဲ တက်ကြွလှုပ်ရှားလျက်ရှိနေသည်။

'ဒါက အသက်ရှင်နေတဲ့ရေသူထီးနဲ့ တိုက်ရိုက်ဆက်သွယ်မှုပြုလုပ်ရမယ့် မင်းရဲ့ ပထမဦးဆုံးအကြိမ်ပဲ၊ အခုမှ နောက်ပြန်လှည့်ဖို့ မလုပ်နဲ့တော့ ဒက်ရှ်ရှဲရိုး။ ' စိတ်လျော့ ...... စိတ်လျော့ '

ရေအောက်ထဲမှာရှိနေတဲ့ အိမ်မက်ဆိုးနဲ့တူတဲ့ အရိပ်ကိုစိုက်ကြည့်ရင်း လက်ရန်းနားသို့ တစ်လှမ်းချင်းတိုးမသွားခင် ကျွန်တော့်ကိုယ်ကျွန်တော် သတိပေးလိုက်သည်။

ကျွန်တော့်လက်ကိုဆန့်ထုတ်လိုက်ပြီး တံခါးလက်ကိုင်ကို ကိုင်လိုက်ကာ အားနည်းနည်းစိုက်ပြီး လူတစ်ယောက်ဝင်ဆံ့ရုံလောက်လေး တွန်းဖွင့်လိုက်သည်။ ထိုအခြေအနေက အကယ်၍ ရေသူထီးက ကျွန်တော့်ကိုလာပြီး တိုက်ခိုက်ရင်တောင် နေရာကျဉ်းတာကြောင့် သူ့ရဲ့ခွန်အားကို ကန့်သတ်ထားသလိုလည်းဖြစ်ပြီး ကျွန်တော့်ဘက်ကလည်း အန္တရာယ်ကိုရှောင်တိမ်းနိုင်ကာ ပြန်တိုက်ခိုက်လို့ ရနိုင်သည်။

ဒူးတစ်ဖက်တည်းပေါ် ဒူးထောက်ချလိုက်ပြီးနောက် ရေအနက်ပိုင်းက ရေသူထီးကလည်း အပေါ်ဘက်ကို ဖြည်းဖြည်းချင်း မြင့်တက်လာတဲ့အခါ ရေနစ်နေတဲ့သူတစ်ယောက်လို ကျွန်တော် အသက်ရှူရ ခက်ခဲသွားသည်။ ကျွန်တော့်ရဲ့ အသိတရားက အခုထိရှိနေပြီး ကျန်းမာရေးလည်း ကောင်းနေသေးသည့်တိုင် ကျွန်တော့်ရဲ့ ဦးနှောက်က စိုးရိမ်ပူပန်မှုနဲ့ စိတ်လှုပ်ရှားမှုကြောင့် ထိန်းချုပ်ရန်ခက်ခဲသည့် ပရမ်းပတာအခြေအနေသို့ ရောက်နေသည်။

ရေသူထီးရဲ့ ဦးခေါင်းက ရေပေါ်‌ လုံးဝပေါ်လာတဲ့အချိန် ကျွန်တော့်ရဲ့ အသိစိတ်က လုံးဝဗလာကျင်းသွားခဲ့သည်။ ထိုအချိန်က တစ်ခနတာလေးသာဖြစ်ပြီး သူ့ရဲ့ဦးခေါင်းက ရေပေါ်မှာ တော်တော်ကြာကြာရှိနေစဉ် ကျွန်တော့်ရဲ့ မျက်နှာကို ရေစက်တွေ လာစင်တဲ့အချိန်မှာတော့ စိတ်နဲ့ကိုယ်နဲ့ပြန်ကပ်သွားခဲ့သည်။ သို့ပေမယ့် ကျွန်တော့်ရဲ့စိတ်တွေက ဒီနေရာကို ဘာလုပ်ဖို့လာခဲ့တယ် ဆိုတာ မမှတ်မိသည့်အလား၊ မှော်အစွမ်းတစ်ခုအောက်မှာ ထိန်းချုပ်ခံထားရသည့်အတိုင်း၊ ကျွန်တော့်ရဲ့ အကြည့်အားလုံးက ရေသူထီးရဲ့ ဆံပင်တွေနဲ့ဖုံးအုပ်ခြင်းခံထားရတဲ့ မျက်ဆံနက်နက်တွေထဲ ဖမ်းစားခံထားရသလို လေးလံထိုင်းမှိုင်းနေသည်။

ကြမ်းတမ်းရိုင်းဆိုင်းတဲ့ တိရိစ္ဆာန်တွေနဲ့ ရင်ဆိုင်ရတဲ့အခါ အကောင်းဆုံးနည်းလမ်းက သူတို့နဲ့အကြည့်ချင်းမဆုံအောင်နေဖို့သာဖြစ်သည်။ မဟုတ်ရင် သူတို့ကို ရန်စတယ်လို့ ထင်သွားစေတာကြောင့် သင့်ကို အန္တရာယ်ပေးလာတတ်သည်။

ထိုအကြောင်းအရာတွေက ကျွန်တော့်စိတ်ထဲ ရှင်းရှင်းလင်းလင်းသိမြင်နေတာမို့ ကျွန်တော်သူနဲ့ အကြည့်ချင်းမဆုံရအောင် မျက်နှာကို ရှောင်လွှဲလိုက်သည်။ ဘယ်လိုပဲဆိုဆို ရေထဲကနေ ဝိုးတိုးဝါးတားမြင်နေရတဲ့မျက်နှာထံမှ ရှောင်လွှဲလိုက်ဖို့ ကျွန်တော့်ရဲ့ အကြည့်တွေက ငြင်းဆိုနေခဲ့သည်။

'ထိုမျက်နှာက ကျွန်တော် ပုံဖော်ကြည့်လို့တောင် မရနိုင်တဲ့ မျက်နှာမျိုး။'

သူက ကြားဖူးထားတဲ့ ကောလဟာလတွေထဲက ရေသူမျိုးနွယ်တွေလိုမချောမောပေမယ့် တွေ့ဖူးသမျှလူသားတွေထက်ပိုပြီး အသက်ရှူမှားလောက်အောင် ရင်ဖိုစေတာတော့ ကျွန်တော် ဝန်ခံသည်။ သူ့ရဲ့အပြင်ပန်းအသွင်အပြင်က စူးရှထက်မြက်မှုနဲ့ ပြီးပြည့်စုံအောင် ပေါင်းစပ်ဖြစ်တည်နေသည်။ ဒီလိုမျက်နှာပေါက်မျိုးနဲ့ လူသားအဖြစ်သာမွေးဖွားလာရင် မင်းမျိုးမင်းနွယ်ကဆင်းသက်လာတဲ့ ရုရှားတော်ဝင်စစ်သည်တစ်ယောက်လို့ ကျွန်တော် သေချာပေါက် ထင်မှတ်မိမှာ။

ကျွန်တော်သူ့ကို လှပတဲ့ ဘယ်လိုစကားလုံးမျိုးနဲ့ ခိုင်းနှိုင်းဖော်ပြရမလဲ မတွေးတတ်ဘူး။ ကျွန်တော့်စိတ်ထဲ တိုးဝင်လာသမျှက မစ္စတာ ရှီနီချီပြောခဲ့တဲ့ စကားလုံး တစ်ခုတည်းသာ ဖြစ်နေသည်။

'နတ်ဆိုး'

မျက်ခုံးနှစ်ဖက်က ကျနေတဲ့ အရိပ်နက်နက်ထဲ ခိုဝင်နစ်မြှုပ်နေတဲ့ သူ့ရဲ့မျက်ဝန်းတွေက အလင်းရောင်ကင်းမဲ့နေတဲ့ နက်ရှိုင်းတဲ့ပင်လယ်ပြင်ရဲ့ အမှောင်ထုထဲ စိမ့်ဝင်နေသလိုပင်။ သို့ပေမယ့် နှုတ်ခမ်းထောင့်စွန်းတွေကျတော့ ရယ်စရာအကြောင်းအရာတစ်ခုခုရှိနေသည်ထင်ရအောင် အပေါ်သို့ အနည်းငယ်ကော့တက်နေကာ ထိုပြုံးယောင်သန်းနေတဲ့ ပုံစံက တစ်ဖက်သားကို ဆွဲဆောင်ဖို့နဲ့ ဆိုးသွမ်းတဲ့ပုံစံတို့ ပြည့်ဝနေသည်။

'ပထမဦးဆုံးအကြိမ်အဖြစ် ကျွန်တော်က မစ္စတာ ရှီနီချီ သတ်မှတ်ခဲ့တဲ့ စကားတစ်ခွန်းရဲ့ အရသာကို မြည်းစမ်းခဲ့ရသည်။'

'နှလုံးသား၏ နက်နဲလှသော အကြောက်တရား'

ထိုအရသာက စိတ်ဝိဉာဉ်ကိုတောင် တုန်ရီခြောက်ခြားသွားစေသည်။

ကြောက်လန့်မှုထွေလီနဲ့ ကျွန်တော်လုံးလည်ချာလည်လိုက်နေတုန်း သူ့ရဲ့ အပေါ်ပိုင်းကိုယ်ထည်က ရေပေါ်သို့ လုံးလုံးလျားလျားပေါ်လာသည်။ လက်တစ်ဖက်က ပလက်ဖောင်းရဲ့ အစွန်းတစ်ဖက်ပေါ်မှာရှိနေပြီး ရေစိုနေတဲ့ သူ့ရဲ့ခန္ဓာကိုယ်က မတ်တပ်ရပ်နေသည့်အတိုင်း တည့်တည့်မတ်မတ်ဖြစ်နေသည်။ ရေအပေါ်ဘက်ရောက်နေတဲ့ ခန္ဓာကိုယ်အပေါ်ပိုင်း၏ အရိပ်က ကျွန်တော့်ထက်ပင် ပိုမြင့်နေကာ ကျွန်တော့်တစ်ကိုယ်လုံးကို ပြည့်ပြည့်ဝဝ အုပ်မိုးထားပေသည်။ ထိုအခြင်းအရာတွေကို ကျွန်တော်မှင်သက်ပြီးသာ စိုက်ကြည့်နေမိသည်။ အကြောင်းက သူ့ရဲ့ခန္ဓာကိုယ်တည်ဆောက်ပုံနဲ့ ကိုက်ညီခြင်းမရှိတဲ့ ဒီလိုရေလှောင်ကန်ထဲကနေပြီး သူ့ရဲ့ကိုယ်ကို တည့်တည့်မတ်မတ်ဖြစ်အောင် ရပ်တည်ထားနိုင်ဖို့ သူ့အမြီးက ဘယ်လိုများ တတ်နိုင်ရတာလဲ' ဆိုသည့်အကြောင်းကို ကျွန်တော် ပုံဖော်တွေးကြည့်လို့ မရတာကြောင့် ဖြစ်သည်။

ကျွန်တော်သတိကြီးကြီးနဲ့ အနောက်သို့ဆုတ်လိုက်ပြီး တစ်ချိန်တည်းမှာပဲ မေ့ဆေးသေနတ်ဖြင့် ချိန်ရွယ်ထားလိုက်သည်။ သို့ပေမယ့် သူက အမြီးကို အပေါ်ဘက်သို့ ကွေးညွတ်လိုက်ပြီး ရုတ်တရက်ကြီး အနားသို့ တိုးကပ်လာသည်။ သူနဲ့ ကျွန်တော့်ကြားမှာ အကွာအဝေးက လက်လှမ်းတစ်ဝက်စာသာရှိတော့ပြီး စပါးအုံမြွေက သူ့သားကောင်ကို အာရုံခံစားကြည့်နေသကဲ့သို့ ကျွန်တော့်အနား မှီခိုကျလာသည်။

'ကောင်းလိုက်တဲ့ ကံ ..... ၊ ဒီအနေအထားကြီးက တကယ်ကို ကြောက်လန့်စရာကောင်းတယ်။'

လူမိသွားသည့်အလား ကြောက်လန့်တကြားဖြင့် ထခုန်လိုက်မိသည့်ကျွန်တော်က ပြုလုပ်မိနေကျအလေ့တစ်ခုအတိုင်း ခေါင်းကိုလည်း လက်နဲ့ကာထားလျက်ဖြစ်သွားသည်။ ထိုမှဆက်၍ ရလာသည့်အကျိုးဆက်က လက်ထဲကိုင်ထားတဲ့ မီးချောင်း ရေကန်ထဲ ပြုတ်ကျသွားရခြင်းဖြစ်လေသည်။ အလင်းကနေ အမှောင်သို့ ရုတ်ချည်းပြောင်းလဲသွားသည့် ထိုအခြေအနေက ကျွန်တော့်ကို ခြေလှမ်းများပင်မှားသွားစေသည်။ နဂိုအစက ဒူးတစ်ဖက်ထောက်ပြီးနေရာမှ မတ်တပ်ရပ်လိုက်မိတော့ ကျွန်တော့်ခန္ဓာကိုယ်က ထိန်းညှိခြင်းတွေမတည်ငြိမ်ပဲ ခြေနှစ်လှမ်းလောက်ပင် မလှမ်းနိုင်လိုက်ခင် ကြမ်းပြင်ပေါ်သို့ နောက်ပြန်လဲကျသွားခဲ့သည်။

ထိုအခြေအနေ ထိုအခိုက်အတန့်မှာ .... ကျွန်တော့်ရဲ့ ပထဝီဝင်ဆိုင်ရာတတ်ကျွမ်းမှုတွေလည်း ပျောက်ဆုံးသွားရပြီး ကျွန်တော့်ခန္ဓာကိုယ်က တစ်နည်းတစ်ဖုံဖြင့် နှေးကွေးလေးလံလာကာ သေနေတဲ့ခရုတစ်ကောင်လို ပုန်းခိုဖို့အတွက် ကိုယ်ကို ကွေးထားဖို့သာ တတ်နိုင်ခဲ့သည်။ ရေသူထီးက ဘယ်နေရာမှာ ရှိနေပြီး သူက ကျွန်တော်နဲ့ ဘယ်လောက်ထိနီးနီးကပ်ကပ်ရှိနေသလဲဆိုတာလဲ မသိနိုင်ခဲ့။ ကျွန်တော်ခံစားမိတဲ့ တစ်ခုတည်းသော အရာက လေထုတစ်ခုလုံးကို အေးခဲသွားစေသည့် ထူးဆန်းတဲ့ အနံ့နဲ့ အမှောင်ထုထဲကလာတဲ့ စိုထိုင်းထိုင်းရနံ့တစ်ခု။ အေးစက်စက် ရေပေါက်တွေက ကျွန်တော့်ခြေထောက်ပေါ် တစ်စက်ပြီးတစ်စက် ကျဆင်းနေပြီး ထိုနောက်မှဆက်၍ ကျွန်တော့်ခြေချင်းဝတ်တစ်ခုလုံးကနေ ခံစားမိလိုက်သည့် အေးစက်မှုတစ်ခု။ ' ကြည့်ရတာ စိုစွတ်ပြီး စေးကပ်ကပ်နိုင်တဲ့ တစ်စုံတစ်ခုက ကျွန်တော့်ခြေထောက်ကို လာဆုပ်ကိုင်လိုက်တာ ထင်တယ်။'

'ထိုအရာက ရေ သူထီး ရဲ့ လက် ....'

ကျွန်တော်သတိထားမိတဲ့အချိန်မှာ လက်ဖဝါးတစ်ခုလုံးက ချွေးတွေနဲ့ရွှဲနေပြီး လက်ထဲက မေ့ဆေးသေနတ်ကိုတောင် သေသေချာချာ ထိန်းကိုင်ထားနိုင်ခြင်း မရှိတော့ပြီ။ လုံးဝကိုမလှုပ်ရှားနိုင်တော့သည့် ခန္ဓာကိုယ်အောက်ပိုင်းက ကျွန်တော့်ခြေထောက်ကို အကျအနကိုင်တွယ်နိုင်ဖို့ ရေသူထီးကို ခွင့်ပြုထားသည့်နှယ်။

ကဆုန်ပေါက်နေတဲ့ နှလုံးခုန်ခြင်းနဲ့ သူ့ရဲ့ခေါင်းက ကျွန်တော့်အနားတိုးကပ်လာမည့် အချိန်ကိုသာ စောင့်နေမိတော့သည်။ သို့မှသာ သူ့ရဲ့တိုက်ခိုက်မှုကနေလွတ်မြောက်အောင်လုပ်နိုင်ဖို့ အကောင်းဆုံးနဲ့ အထိရောက်ဆုံးဖြစ်သည့် သူ့လည်ပင်းရှိသွေးကြောထဲ မေ့ဆိုးထိုးထည့်နိုင်မည် ဖြစ်သည်။

မကြာလိုက် ..... ရေသူထီးရဲ့ ရှည်လျားထူထဲပြီး စိုစွတ်နေတဲ့ ဆံပင်က ကျွန်တော့်ရဲ့ အရေပြားပေါ် ကျရောက်လာသည်။ ဆံနွယ်တစ်ချောင်းချင်းစီက ကျွန်တော့်ရဲ့ ခြေထောက် ၊ ကျွန်တော့်ရဲ့ ပေါင်သားတွေကိုထိကပ်ဖြတ်သန်းသွားပြီး ကျွန်တော့်ရဲ့ ဝမ်းဗိုက်အရောက်မှာ အဆုံးသတ်အဖြစ် ရပ်တန့်သွားခဲ့သည်။

ကျွန်တော့်ခြေထောက်ရဲ့ သွေးကြောတွေလည်း တောင့်တင်းလို့။ သူဘာလုပ်ချင်လဲ ဆိုတာ သေချာမသိပေမယ့် ဒါမျိုးပုံစံက ကျွန်တော့်ဝမ်းဗိုက်ကိုဖောက်ပြီး အတွင်းကလီဇာတွေစားသောက်တော့မယ့်ပုံနဲ့တော့ အတော့်အတော့်လေးကိုမှ ဆင်တူပေသည်။

ဒီအခြေအနေမှာပဲ သူ့ကိုမေ့ဆေးသေနတ်နဲ့ပစ်လိုက်ဖို့ ကျွန်တော်ဆုံးဖြတ်လိုက်ရင် အဖြစ်နိုင်ဆုံး နေရာက သူ့ဦးခေါင်းပင် ဖြစ်ကာ ရေသူထီးရဲ့အသက်နဲ့ ကျွန်တော့်အသက်ကြား ဆုံးဖြတ်ချက်တစ်ခုကို ချက်ချင်းချရတော့မည် ဖြစ်သည်။

သို့ပေမယ့် ကျွန်တော်တုံ့ဆိုင်းမိနေတဲ့ ထိုအချိန်ခနလေးမှာပဲ တစ်ဆက်တည်းဆွဲငင်ကာ ပုံမှန်ထက်ပိုနိမ့်သော အသံနှုန်းထားဖြင့် ထူးဆန်းစွာ ထွက်ပေါ်လာသည့် အသံကို ရုတ်တရက်ကြီး ကြားလိုက်ရသည်။

"ဒ—ရာ—ကူ—လာ..."

လည်ချောင်း၏တုန်ခါမှုမှ ထွက်ပေါ်လာသည်ဟုထင်ရသော အနိမ့်သံမျိုးဖြင့်၊ .... ရုရှားလေသံနှင့်လည်း အနည်းငယ်ဆင်တူနေသည်။ ကျွန်တော့်ရဲ့မိသားစုက ရုရှားကဖြစ်တာကြောင့် ဤကဲ့သို့အကျွမ်းတဝင်ရှိသော လေသံမျိုးဖြင့် စကားပြောသံကိုကြားလိုက်ရတဲ့အခါ ထိုအသံက' သေမင်းနဲ့ပင် တွေ့လုတွေ့ခင်ဖြစ်တော့မည်' ဟူသော ကျွန်တော့်ရဲ့ ပရမ်းပတာအတွေးတို့ကိုပါ လွင့်မြောသွားစေသည်။

သူဘာကို ပြောချင်သလဲ' ဆိုတာ သေချာမခန့်မှန်းနိုင်ပေမယ့် အခုလိုအချိန်မျိုးမှာ ကျွန်တော့်ကိုမစားသလို တိုက်ခိုက်ဖို့လည်း မကြိုးစားခဲ့တာက အနည်းဆုံးတော့ 'ဒီရေသူထီးက သာမန်ရိုးရှင်းတဲ့ ဖြစ်တည်မှုတစ်ခု မဟုတ်ဘူးဆိုတာကို သက်သေပြခဲ့သည်။

အဲ့လိုမှမဟုတ်ဘူးဆိုရင် .... ကိုယ့်ရဲ့သားကောင်ကို မစားခင် သူတို့နဲ့ စကားစမြည်အသိပေးခြင်း ပြုလုပ်တာက ဘယ်လောက်တောင်မှ ထူးဆန်းလိုက်သလဲ။

'... နောက်ထပ် ..... ဒီလိုပုံစံရေသူတွေက လူသား ဘာသာစကားကို နားလည်နိုင်တာလည်း ဖြစ်နိုင်သည်။' သို့ပေမယ့် ရေသူထီးနဲ့ လူသားကြား အောင်မြင်တဲ့ဆက်သွယ်မှုတွေ ပြုလုပ်နိုင်ခဲ့သည်' ဟူသော မှတ်တမ်းမှတ်ရာတွေမရှိတဲ့အတွက် ဒါက ခန့်မှန်းချေသက်သက်သာဖြစ်ပြီး ..... အမျိုးစုံသော ကြားခံနည်းလမ်းတွေသုံးတာထက်ပိုပြီး ရေသူထီးနဲ့ လူသားကြား ဆက်သွယ်မှုပြုလုပ်နိုင်ခဲ့သည်ဟူသော အချက်မှာ သမိုင်းတွင်ပင် မရှိပေ။ ကျွန်တော်ကသာ ရေသူထီးနဲ့ တိုက်ရိုက်ဆက်သွယ်စကားပြောနိုင်ခဲ့သူအဖြစ် ကမ္ဘာပေါ်က ပထမဦးဆုံးသောသူ သေချာပေါက်ကို ဖြစ်နေအုံးမည်။

ကျွန်တော့်ရဲ့ဝမ်းဗိုက်နေရာမှာ ဖိကပ်တည်ရှိနေတဲ့ ရေသူထီးကို မျက်နှာချင်းဆိုင် မငုံ့ကြည့်ခင် ကျွန်တော်ကိုယ်တိုင် စိတ်တည်ငြိမ်စေဖို့အတွက် အသက်ပြင်းပြင်းရှူလိုက်သည်။

သူ့ရဲ့မျက်ဝန်းတွေက ညကြည့်ကင်မရာမြင်ကွင်းထဲမြင်ရတဲ့ မြေခွေးတွေရဲ့မျက်ဆံလို အပြာရောင်ဖျော့ဖျော့လင်းနေတဲ့ ဆံပင်တွေရဲ့ အနောက်တွင် ပုန်းကွယ်နေသည်။

ကျွန်တော်က ပါးစပ်ထဲအပြည့်ဖြစ်နေတဲ့ တံတွေးတွေကို ကျွန်တော့်ရဲ့ကြောက်စိတ်တွေနဲ့အတူ ဗိုက်ထဲမြိုချလိုက်ပြီး ရှင်းလင်းပြတ်သားသော လေသံတိုးတိုးလေးဖြင့် အားယူကာအသံပြုလိုက်သည်။

"ဟေး နားထောင်အုံး .... ငါ မင်းကို ဒုက္ခရောက်အောင် လုပ်ဖို့မဟုတ်ဘူး။ မင်း ငါးမန်းအကိုက်ခံထားရတယ်။... ငါက အဲ့ဒီဒဏ်ရာကို ဆေးထည့်ပေးချင်ရုံသက်သက်ပဲ။"

ပြောရုံတင်မဟုတ်ဘဲ ကျွန်တော်က သူ့လက်မောင်းပေါ်က ဒဏ်ရာကိုပါ လက်ညှိုးထိုးပြလိုက်သေးသည်။ သို့ပေမယ့် ထိုရေသူထီးက တုံ့ပြန်မှုတစ်စုံတစ်ရာမပြဘဲ အရင်အတိုင်း ကျွန်တော့်ရဲ့ခြေထောက်တွေကို မြဲမြံနေအောင်ဆုပ်ကိုင်ပြီး ခိုင်ခိုင်မာမာ ရှိနေလေသည်။ လွတ်ပေးမည့်ပုံလည်း တစိုးတစိပင် မရှိ။

ကျွန်တော်နည်းနည်းတော့ စိတ်ပျက်သလို ဖြစ်သွားသည်။ သို့ပေမယ့် ရေထဲပြုတ်ကျသွားတဲ့ အလင်းချောင်းရဲ့ မီးရောင်မှိန်မှိန်ကနေပြီး လှုပ်ရှားသွားသယောင်ရှိတဲ့ ရေသူထီးရဲ့ နှုတ်ခမ်းထောင့်စွန်းကို ကျွန်တော် တွေ့လိုက်ရသည်။ အနည်းငယ် ပွင့်ဟနေပြီး .... ဖျော့တော့တော့ အပြုံးတွေလည်း ဖြစ်တည်ကာ .... သူက စနောက်ကျီစယ်နေသည့်အလား ပြုံးဖြီးဖြီးလုပ်ပြနေသည် ထင်ရသည်။

ထိတ်လန့်ကြောက်ရွံ့မှုတွေက ဝမ်းဗိုက်မှထွက်ကာ နောက်ကျောဆီမှ တစ်ဖန်ပြန်ပြီး ကုတ်တွယ်တက်လာကြပြန်သည်။ စိတ်ပျက်အားငယ်ခြင်းများက တစ်ကိုယ်လုံးအနှံ့ဖုံးလွှမ်းလို့ ..... တစ်ချိန်က ရေသူမျိုးနွယ်တွေရဲ့ ဥာဏ်ရည်က လူသားနဲ့ လင်းပိုင်းကြားလောက် ရှိမယ်ထင်ခဲ့တဲ့ အတွေးနဲ့ ထိုဘာသာရပ်ကို ရိုင်းရဲ့ညွှန်ပြမှုနဲ့ များစွာသော စာတမ်းတွေတောင် ထုတ်ခဲ့တဲ့ ကျွန်တော့်ရဲ့ အတိတ်ကာလက သုံးသပ်ချက်တွေအပေါ် အခုတော့ တကယ်ကို သံသယကြီးကြီး ဝင်နေခဲ့ပြီ။

ရေသူထီးရဲ့ အပြုအမူကြောင့်ပဲ ကျွန်တော်သိနားလည်ခဲ့သမျှအပေါ် ကြောက်ရွံ့စိတ်တွေဖြစ်လာကာ ဒါက မှန်သလား မှားသလားတောင် မသိတော့။

သူက မြင့်မားရှည်သွယ်တဲ့ ဖွဲ့စည်းတည်ဆောက်မှု ပုံစံနဲ့မို့ ကျွန်တော့်ကို လက်ခုပ်ထဲထည့်ပြီး သူ့ရဲ့ ထူးခြားလွန်းလှတဲ့ သိနားလည်မှုတွေနဲ့ စိတ်ကြိုက် ကစားနိုင်ပေသည်။

'တကယ့် မုဆိုး စစ်စစ်သာ'

Desharow's Merman
W

ords-4210
Sep/17/2021
Wine.


Note.


(Deracula) Dracula(ဒရာကူလာ) က Transylvania(ထရမ်စဗေးနီယား) မှာ Dracul လို့အမည်ရှိတဲ့ အရာရှိမျိုးနွယ် Vlad II ရဲ့ ဒုတိယမြောက်သား ဖြစ်ပြီး သူ့ရဲ့ နာမည်ကို Dracula ဆိုပြီး မှည့်ခဲ့ပါတယ်။
(Dracula က Son of Dracul ဆိုပြီး အဓိပ္ပါယ်ရပါတယ်။)
ဒါက (ဒရာကူလာ ဆိုတဲ့ အမည်နဲ့သက်ဆိုင်တဲ့ ပထမဦးဆုံး ဖြစ်တည်မှုပါ။)
နောက်ပိုင်းမှာ (ဒရာကူလာ) က နဂါးမင်း၏ အမိန့်တော်' ဆိုတဲ့ ခရစ်ရှန်သူရဲကောင်းတွေရဲ့ လျှို့ဝှက်အစီအစဉ်မှာ ပါဝင်ဖို့ လက်မှတ်ထိုးခဲ့တယ်တဲ့။

အဲ့ဒီအကြောင်းတွေကို ဆက်ပြီးတော့ ခေါ်တွင်သတ်မှတ်ခဲ့တာလို့တော့ထင်တယ်။ ရောမ ဘာသာမှာ Dracul က နဂါး လို့ အဓိပ္ပါယ်ရတယ်တဲ့။ 

ဒုတိယရှာတွေ့တဲ့တစ်ချက်မှာလည်း _ Deracula(Dracula) က Son of Dracul လို့ အဓိပ္ပါယ်ရပါတယ် ဆိုပြီး ပြောထားတယ်။

နောက် ဒီနေ့ခေတ် ရောမဘာသာမှာ .... နတ်ဆိုး လို့လည်း အဓိပ္ပါယ်ရတယ် ဆိုပြီး ပြောထားတယ်။
Drac က Devil လို့ အဓိပ္ပါယ်ရပြီး ul က  the  ပါ။ (the devil)

ဒါပေမယ့် ဒီမှာ ဖော်ပြထားတဲ့ နတ်ဆိုးဆိုတဲ့ အဓိပ္ပါယ်ကလည်း လက်တင်ဘာသာ  ( Draco _ " Dragon" ) ကနေ ဆင်းသက်လာတာပါပဲ။ 

ခြုံကြည့်ရင်တော့ (ဒရာကူလာ) က နဂါးကိုလည်း ရည်ညွှန်းပြီး နတ်ဆိုးလို့လည်း အဓိပ္ပါယ်ယူလို့ရပါတယ်။

နားမလည်တာတွေရှိရင် သေချာပေါက် လာမေးလို့ရပါတယ်နော်။ ထောက်ပြချင်တာ ရှိရင်လည်းပေါ့။ 

Continue Reading

You'll Also Like

779K 30K 90
ခဏခဏ ရည်းစားစကားအပြောခံနေရရင် အဖြေပေးဖို့ စဉ်းစားတော့လေ အကြောင်းပြချက်ပဲ မေးနေတာ မမောဘူးလား ခင်များ ဦးနှောက်သေးသေးလေးထဲ သေချာမှတ်သွား ကျုပ်''ချစ်ချ...
918K 38.8K 109
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
561K 15.2K 20
"ဘယ်သူကမှ သူရဲကောင်းအဖြစ်မွေးဖွားလာတာမဟုတ်ဘူး သူရဲကောင်းတစ်ယောက်၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ပင်ကိုယ်အရည်အသွေးနဲ့ ကိုယ်တိုင်လုပ်ယူထားတဲ...
1.5M 89.3K 37
မချစ်ဘဲနဲ့ လက်ထပ်လိုက်ရပြီး အတူတူရှာဖွေလုပ်ကိုင်စားသောက်ကြတဲ့ marriage life ဇာတ်လမ်းလေးပါ uke က sissy typeပါ M-preg ပါ သဘောကျမှ ဖတ်ပါရှင် ဉာဏထင် ချစ...