ဝါး....အိပ်ချင်လိုက်တာ...ဘယ်ကျူရှင်က ဒီအချိန်ခေါ်မှာလဲ..."
သစ်က ပြောပြောဆိုဆို သစ်ဘေးတွင် အိပ်ငိုက်လျက်ပါလာသော သစ်သူငယ်ချင်း ချမ်းမြမေ ကိုလှုပ်နှိုးလိုက်သည်။
"ဟဲ့....အိပ်မနေနဲ့...။ ဒုက္ခပါဘဲ....လမ်းသွားရင်းအိပ်ငိုက်လို့ သေတဲ့မသာရှိတယ်နော်...."
"ဟဲ့.....ဖွဟဲ့....မပြောကောင်းမဆိုကောင်း...."
သစ်သူငယ်ချင်း ချမ်းနှင့် သစ်က အိမ်ချင်းသိပ်မဝေးသဖြင့် သစ်တို့နှစ်ယောက် မကြာခဏအတူတူ ကျူရှင်ကိုလမ်းလျှောက်သွားဖြစ်သည်၊
ချမ်းကတော့ မျက်နှာဖောင်းဖောင်းနှင့် ခန္ဓာကိုယ်အနည်းငယ်ပြည့်ကာ ဆံပင်ဂုတ်ဝဲကို ဘီးကုပ်နှင့် အပြောင်သိမ်းတင်ထားသည်၊ ချမ်းကမျက်စိဖွင့်ကာ ကြည့်မိတော့ မျက်လုံးထဲတွင် တစ်စုံတစ်ခုဟာ ထင်းခနဲပေါ်လာသည်။
"ဟာ....အမိုက်စားဘဲ..."
သစ်လည်း ဘာမှန်းမသိဘဲ မနက်စာပေါင်မုန့်လေးကိုကိုက်ကာ ချမ်းပြတဲ့ဆီကြည့်လိုက်တော့ မျိုးကောင်းမျိုးသန့်ထဲကခွေးတစ်ကောင်ကို မြင်လိုက်သည်။
"နင်ကတော့ ခွေးကိုတောင်မချန်ဘူး......."
"ဟာ....ဘယ်ကသာ...ငါကဘာလို့အဲ့ခွေးစုတ်ကို ပြောရမှာလဲ.....
ဟိုးမှာ....သေချာကြည့် ခွေးပိုင်ရှင်ထင်တယ်......
ဒါနဲ့......စားချင်စရာကြီး..."
သစ်က တစ်ချက်ကြောင်သွားကာ မျက်မှောင်ကြုတ်ရင်း ရေရွတ်လိုက်သည်၊
"ငါတော့ ခွေးသား မကြိုက်ပါဘူး..."
"အော်,....နင်ကတစ်မှောင့်.......၊ ကောက်ညှင်းပေါင်းက အငွေ့တထောင်းထောင်းနဲ့ စားချင်စရာကြီးလို့...."
သစ်တို့နှစ်ယောက်လုံး ကောက်ညှင်းပေါင်းနှင့် ခွေးပိုင်ရှင်ဆီ အာရုံရောက်နေစဉ် ဘလက်ကီကတော့ နှာခေါင်းတရှုံ့ရှုံ့နှင့် သစ်ဆီပြေးလာနေသည်။
"ဟင်.....ဘာလဲဟ...ငါ့ဆီလာနေတာလား.."
သစ်က ကြောင်ပြီးရပ်နေစဉ် ထိုခွေးက သစ်ကိုခုန်အုပ်လိုက်သဖြင့် သစ်လည်းဘုရားတကာ ဖင်ထိုင်လျက် လဲကျသွားသည်၊
"အား....!!!!!"
သစ်လည်းကြောက်ကြောက်လန့်လန့်နှင့် အသားကုန်အော်လိုက်သဖြင့် ဖြတ်သွားဖြတ်လာ လူများက ဝိုင်းအုံလာကြသည်၊
ထို့နောက် ခွေးက သစ်ပါးကိုလျှာဖြင့်လျက်ကာ ဘေးတွင်ကျနေသော ပေါင်မုန့်ကိုကိုက်ချီကာ ထွက်သွားသည်။
"တောက်....စောစောစီးစီး ကျက်သရေကို မရှိဘူး...။ ခွေးစုတ်ကလည်း စားဖို့ဘဲသိတယ်.."
သစ်ကပြောပြောဆိုတို ဆတ်ခနဲထရပ်လိုက်ပြီး ပါးလေးကိုအသာစမ်းလိုက်သည်။ တွေးကြုံရုံနဲ့တင် အော်ဂလီဆန်ကာ မျက်ကိုရှုံ့မဲ့ရင်း ကြက်သီးတွေပင်ထလာသည်။
"အာ.....သွားပါပြီ.....မနေ့ကမှ စကင်းကဲ(Skincare) ထားတာ....
ခွေးပိုင်ရှင်ကတော့ သေ....."
ရုတ်တရက်ဆုံမိလိုက်သော အကြည့်လေးတစ်စုံကြောင့် သစ်ရဲ့ဒေါသတွေက မီးကိုရေဖြင့်ငြှိမ်းလိုက်သလို ပြေလျော့သွားသည်၊ ရုတ်တရက်မို့ ပြောစရာစကားတွေ ဆွံ့အ,ကာ မခုတ်တဲ့တဲ့ကြောင်သူငယ်လေးသဖွယ် ဖြစ်သွားသည်။
"ရရဲ့လား ခင်ဗျ....တောင်းပန်ပါတယ်ဗျာ..
ကောက်ညှင်းပေါင်းဆီစိတ်ရောက်နေတာနဲ့.....လွှတ်ပေးလိုက်မိတာ...."
သစ်က ပါးစပ်အဟောင်းသားဖြင့်ကြောင်ကြည့်နေသောကြောင့် ချမ်းက ပြုံးစိစိနှင့် လက်တို့ကာ သစ်နား နားကပ်ပြောသည်။
"လူတွေများနော်...တတ်လည်းတတ်နိုင်တယ်...
လူမြင်တော့တစ်မျိုး....ခွေးမြင်တော့ တစ်မျိုး.."
သစ်က ဟက်ခနဲရယ်ကာ ချမ်းဗိုက်ခေါက်ကို မသိမသာ လိမ်ဆွဲလိုက်သည်။
"ရပါတယ်....ရပါတယ်,,,,ဘာမှမဖြစ်ပါဘူး....
ရုတ်တရက်ကြီးမို့ လန့်သွားတာပါ....
အဟင်း ချစ်စရာလေးနော်...ခွေးလေးက..."
"အဟက်....."
ချမ်းက စိတ်မပါတစ်ပါနှင့် ရွဲ့ပြောသယောင်ထင်ရသော သစ်ရဲ့လေသံကြောင့် မထိန်းနိုင်ဘဲရယ်မိကာ နောက်တော့မှ ပြန်တည်သွားသည်။
ဟိန်းရဲ့ဘလက်ကီကတော့ သစ်ပေါင်မုန့်ကို လွန်ခဲ့သောဘဝပေါင်းများစွာကတည်းက ငတ်လာခံသည့် ခွေးပမာ အငမ်းမရစားနေသည်။
"ဒုက္ခပါဘဲ.....ဗိုက်ကဆာနေပါတယ်ဆိုမှ..."
သစ်က တီးတိုးရေရွတ်လိုက်သော်လည်း ဟိန်းကကြားသွားသည်နှင့်တူသည်၊ လက်ထဲက ကောက်ညှင်းပေါင်းထုပ်ကို သစ်ဆီလှမ်းပေးလိုက်သည်။
"ဗိုက်ဆာရင် ကောက်ညှင်းပေါင်းလေးစားလိုက်ပါလား....
အခုမှဝယ်ထားတာ ...ပူပူလေးရှိသေးတယ်.."
"ဟုတ်ကဲ့...ကျေးဇူးပါ...."
အစားအသောက်နှင့်ပတ်သတ်လျှင် ဘယ်တော့မှငြင်းဆိုခြင်းမရှိသော ချမ်းက အရိပ်အကဲနားမလည်ဘဲ ဝမ်းသာအားရလှမ်းယူလိုက်သည်၊
"ဟုတ်ကဲ့ ...ဒါဆိုခွင့်ပြုပါအုံး..."
ဟုဆိုကာ ဟိန်းက ဘလက်ကီကိုခေါ်ရင်းထွက်သွားသည်။ သစ်တို့နှစ်ယောက်ကတော့ ခွေးပိုင်ရှင်ကိုငေးကာ ကျန်ခဲ့သည်။
"ဒီနေ့ကတော့ ကျက်သရေရှိသွားပြီ..."
ချမ်းက သစ်ပြောတာကိုအာရုံမစိုက်နိုင်ဘဲ ကောက်ညှင်းပေါင်းကိုသာ ဖွင့်စားနေသည်။ သစ်က အငမ်းမရစားနေသောချမ်းကိုကြည့်ကာ မြင်ကွင်းတစ်ခုကို ဖျတ်ခနဲသတိရသွားပြီး ရယ်လိုက်မိသည်၊
"ချမ်း....နင့်ပုံစံက ခုနက ဟိုခွေးစားနေတဲ့အတိုင်းဘဲ..."
ချမ်းက ထောင်းခနဲဒေါသထွက်သွားကာ သစ်ပုခုံးကို တဖုန်းဖုန်းရိုက်ရင်း ရန်တွေ့ပါတော့သည်။
"ဘာ.....နင်ကများရာရာစစ ငါ့ကိုခွေးနဲနှိုင်းစရာလား...."
သစ်တို့နှစ်ယောက်အော်ရယ်ရင်း ရှေ့ကိုဆက်လျှောက်လာခဲ့သည်။ နောက်တော့မှ ချမ်းက စိတ်ပြေသွားသည့်ဟန်ဖြင့်..
"အေးပေါ့လေ.....ဟိုခွေးဖြစ်ရတာလည်း မဆိုးပါဘူး..။
ပိုင်ရှင်က ချောချောလေးသာဆိုရင် ခွေးဖြစ်လဲရပါတယ်..."
"နင်....ဟာ....."
သစ်လည်း ချမ်းကို ထိန်းမနိုင်တော့သည့် အဆုံးလက်မြှောက်အရှုံးပေးရတော့သည်၊ ဖြစ်နိုင်ရင် ခွေးတောင်ဖြစ်လိုက်ချင်သေးသတဲ့....။ ဘာမှ ဆက်ပြောစရာ မရှိတော့ပေ၊
သစ်က ချမ်းဆီက ကောက်ညှင်းပေါင်းကို လုကာ...
"ပေးစမ်းပါ....ဒါငါ့ကိုပေးခဲ့တာ...."
"သွားစမ်းပါ....နင့်ဆီက ခွေးစော်နံတယ်..."
"အောင်မာ......ဝက်မကများပြောနေရသေးတယ်...."
သစ်တို့နှစ်ယောက် တွန်းရင်းတိုက်ရင်း၊ ထုရင်းရိုက်ရင်း ရန်ဖြစ်ရင်း ထွက်သွားကြလေသည်။
************************************
ဘဝထဲကို လူတွေအများကြီး ဝင်လာဖူးသည်။ ပြီးတော့ ပြန်ထွက်သွားကြသည်။ တစ်ချို့ကဒဏ်ရာတွေပေးပြီး တစ်ချို့က ပျော်ရွှင်စရာတွေ ချန်ထားခဲ့သည်၊ လောကကြီးဟာ ဒီလိုဘဲလည်ပတ်နေတာပင်...။
လူတစ်ယောက်ကို ရူးရူးမူးမူးစွဲလမ်းခဲ့ဖူးတယ်....၊ သူဟာ ကိုယ် ဘယ်တုန်းကမျှ လက်လှမ်းမမှီခဲ့တဲ့ လူတစ်ယောက်ပေါ့...။ ကိုယ့်ဘဘက်ကချစ်တယ်လို့ ဖွင့်မပြရုံသာ...၊ သူလိုတဲ့အတိုင်း အမြဲတမ်း အဆင်သင့်ရှိနေပေးခဲ့သည်။ ကိုယ့်စကားကို အရေးမထားတာတောင် အရူးတစ်ယောက်လို အတင်း ဂရုစိုက်ခံရဖို့ ကြိုးစားခဲ့ဖူးသည်၊
ကိုယ့်မှာတော့ စိတ်ကူးတွေယဉ်ပြီး ကိုယ်မပိုင်တဲ့သူ့ဘဝထဲကို အကြိမ်ကြိမ်ဝင်ခဲ့ဖူးသည်။ သူပြောသမျှ ဂရုတရိုက်နားထောင်ပြီး သူ့မျက်နှာတစ်ချက်မပျက်ရအောင် အရိပ်တကြည့်ကြည့် ချစ်ပေးခဲ့ဖူးသည်။ အချစ် ခံရတယ်ဆိုတာ ဘာမှန်းမသိတာတောင် ကိုယ့်ရဲ့ချစ်ခြင်းမေတ္တာတွေကို ဖောဖောသီသီ ပေးခဲ့ဖူးသည့် လူတစ်ယောက်ရှိခဲ့ဖူးသည်။
အခုလည်း ရှိနေဆဲပါဘဲ....။
သစ်ကဖုန်းလေးကိုင်ကာ chat box ကနေတဆင့် လူတစ်ယောက်ဆီကို စာအရှည်ကြီး ပို့လိုက်သည်။
"ဟေးး.....ဥာဏ်လင်း...
နေကောင်းရဲ့လား..၊မတွေ့ရတာ ကြာပြီနော်...."
"ငါအခု အိမ်အသစ်မှာ.....နည်းနည်းတော့ အသားမကျသေးပေမယ့် အဆင်တော့ပြေနေပါပြီ.."
"ကျောင်းတွေဖွင့်တော့မှာနော်...ကျောင်းဖွင့်ရင်တွေ့မယ်..."
သစ်သည် အိပ်ရာပေါ်မှာထိုင်ရင်း သူ့အကောင့်ရဲ့ မီးစိမ်းလေးကိုထိုင်ကြည့်နေလိုက်သည်။
တစ်နာရီ.....နှစ်နာရီ.....၊
"တင်...." ဟူသောအသံလေးနှင့်အတူ ပြန်စာတစ်ခုဝင်လာတော့ အားရပါးရဝမ်းသာကာ ဖွင့်ကြည့်လိုက်သည်။
"အင်း...."
နည်းနည်းတော့ စိတ်မကောင်းဖြစ်သွား ပေမယ့်လည်း ပျော်ရွှင်မှုကပိုပြီး အလေးသာနေသည့်အတွက် လှိုက်လှိုက်လှဲလှဲ ပြုံးကာ စာထပ်ပို့လိုက်သည်။
"အခုဘာလုပ်နေလဲ..."
"အိပ်တော့မလို့..."
သစ် နာရီကိုတစ်ချက်ကြည့်လိုက်တော့ ကိုးနာရီပင်မထိုးသေး...။ လိမ်နေမှန်းသိပေမယ့်လည်း အပြည့်အဝယုံကြည်လိုက်သည်။
"Aww...Goodnight.. sweet dreams! "
သစ်က အသည်းပုံလေးထည့်ပြီးမှ မကောင်းပါဘူးဟုပြန်တွေးကာ ပြန်ဖျက်လိုက်ပြီး ဒီတိုင်းပို့လိုက်သည်။
ဟိုဘက်ကတော့ လက်မကြီး တစ်ခုပို့ပြိး အဆုံးသတ်သွားသည်။
နာကျင်လျက်ပင် ပျော်ရွှင်ရင်း ထိုလက်မကြီးကိုလည်း မြတ်နိုးတတ်ခဲ့ရသည်.....။
***************************************