မြတင့်

By Lwin_Sue_Taungoo

1.8M 206K 36K

Unicode ၁၉၄၀ခုနှစ်လောက်က ဇာတ်လမ်းတစ်ပုဒ်။ မိန်းမအဝတ်အစား၊ မျက်နှာချေမှုန့်၊ နှုတ်ခမ်းနီရဲရဲတို့ကို နှစ်ခြိုက်... More

မြတင့်
(၁)[Unicode]
(၂)
(၃)
(၄)
(၅)
(၆)
(၇)
(၈)
(၉)
(၁၀)
(၁၁)
(၁၂)
(၁၃)
(၁၄)
(၁၅)
မနှင်းဆီ
(၁၆)
(၁၇)
(၁၈)
(၁၉)
(၂၀)
(၂၁)
(၂၂)
(၂၃)
(၂၄)
❣️Beautiful❣️
(၂၅)
(၂၆)
(၂၇)
(၂၈)
(၂၉)
(၃၀)
(၃၁)
(၃၂)
(၃၃)
(၃၄)
(၃၅)Final
(၁) [Zawgyi]
(၂)
(၃)
(၄)
(၅)
(၆)
(၇)
(၈)
(၉)
(၁၀)
(၁၁)
(၁၂)
(၁၃)
(၁၄)
(၁၅)
မနှင်းဆီ
(၁၆)
(၁၇)
(၁၉)
(၂၀)
(၂၁)
(၂၂)
(၂၃)
(၂၄)
(၂၅)
(၂၆)
(၂၇)
(၂၈)
(၂၉)
(၃၀)
(၃၁)
(၃၂)
(၃၃)
(၃၄)
(၃၅)(Final)

(၁၈)

3.8K 667 32
By Lwin_Sue_Taungoo

မြတင့်သည် မထားမေအား အတန်ငယ် စိတ်ကွက်မိသည်။ ထိုနေ့မှစ၍ မထားမေသည် မြတင့်ထံသို့ ရောက်မလာခဲ့ပါချေ။ ကျေးဇူးတင်စကား မဆိုထားနှင့်။ မျက်နှာကလေးပင် တစ်ချက်လာမပြခဲ့ပါချေ။ ဤအတောအတွင်းဝယ် မထားမေတစ်ယောက် အဘယ်သောစခန်းချနေသည်ကို မြတင့်မှာ အပြင်မထွက်ဖြစ်၍ မသိရှိနိုင်ပါချေ။ မြတ်သိန်းသည်လည်း တစ်ဖက်ခြံ၏ အကြောင်းကိစ္စများအား ယောင်လို့ပင် စကားမစခဲ့ပါချေ။

မြတင့်သည် အခန်းတွင်း၌သာ အချိန်ကုန်နေခဲ့ပြီး ယခင်ကထက် ပို၍ စီးကရက်များကို ပိုသောက်လာခဲ့သည်။ ယခင်ကထက် ပို၍ ဝီစကီများကို ပိုသောက်ဖြစ်လာခဲ့သည်။

ရံဖန်ရံခါတွင် မြစိမ်းရောင် သိုးမွေးဆွယ်တာလေးကို ထိုးနေတတ်သည်။

များသောအားဖြင့် ခြံဝတွင် ရစ်သီရစ်သီလာလုပ်နေတတ်သော လွန်းမောင်အား အခန်းပြတင်း၏ လိုက်ကာနောက်ကွယ်မှတစ်ဆင့် ချောင်းကြည့်တတ်သည်။ မြတ်သိန်းက လွန်းမောင်အား အလိုမကျစွာဖြင့် မောင်းထုတ်နေပုံကိုလည်း အထင်းသား မြင်တွေ့ရပါသေးသည်။

ထိုအခါများတွင်တော့ မြတင့်၏ စိတ်ထဲတွင် ကျေနပ်သလိုလို၊ ဝမ်းနည်းသလိုလို ခံစားရ၏။

မြတင့်သည် လွန်းမောင်အား ချစ်လွန်းလှသည်။ သို့ဖြစ်၍ လွန်းမောင်နှင့် မပေါင်းစည်းချင်တော့ပါချေ။ လွန်းမောင်နှင့် မတွေ့ဆုံလိုပါချေ။ လွန်းမောင်အား မေ့ထားပစ်လိုက်ချင်သည်။ ယခုအချိန်တွင် မြတင့်သည် အချစ်မခံလိုပါတော့ချေ။ အချစ်၏ ဝဲကယက်အလယ်တွင် မပျော်မွေ့လိုပါတော့ချေ။ ချစ်ရသူအား မနာကျင်လိုစေချင်သော ဆန္ဒမျှင်မျှင်ကလေးတစ်ခုသာ ရှိပါတော့သည်။

မြတင့်ကား ဆူးများခြံရံနေသော နှင်းဆီနီနီတစ်ပွင့်သာဆိုလျှင် လွန်းမောင်သည် ဆူးကို ကြောက်ရကောင်းမှန်းမသိရှာသေးသော ကလေးငယ်တစ်ယောက်သာဖြစ်သည်။ လွန်းမောင်သည် နှင်းဆီ၏ ရနံ့ကိုသာ နမ်းရှိုက်လိုခဲ့သည်။ ဆူးများ၏ အဆိပ်ကိုမူ သတိမချက်မိခဲ့ပါချေ။

ထုံးစံအတိုင်းပင် မြတင့်သည် စီးကရက်တစ်လိပ်ကို စူးရှစွာ ရှိုက်ဖွာရင်းဖြင့် တစ်ဖက်ခြံဖက်သို့ အခန်းပြတင်း၏ လိုက်ကာနောက်ကွယ်မှတစ်ဆင့် ငေးကြည့်လိုက်ပါ၏။ ထိုခြံဝန်းထဲတွင် ထားမေအား မြတင့်ပေးလိုက်သော နှင်းဆီပင်နှစ်ပင်မှ နှင်းဆီနီနီကလေးများပင် ဖူးပွင့်နေချေပြီဖြစ်၏။ နှင်းဆီတို့သည် သစ္စာမပျက်စွာဖြင့် ဖူးပွင့်နေကြသည်။ မြတင့်သည် ထိုသို့သော နှင်းဆီတစ်ပွင့်သာ ဖြစ်၏။

ထိုအခိုက်ဝယ် လွန်းမောင်သည် အနက်ရောင် တိုက်ပုံနှင့် သက္ကလက်ပုဆိုးကို ခန့်ညားစွာဝတ်ဆင်လျက် ခြံပြင်သို့ ထွက်လာပါ၏။ လွန်းမောင်သည် ဘိလပ်ပြည်၌ ဝတ်လုံတော်ရအတတ်ပညာကို သင်ကြားခဲ့သောသူဖြစ်၍ထင်သည်။ ကြည့်လိုက် မြင်လိုက်ရသည်နှင့် ပြည့်စုံအောင် ခန့်ညားနေခဲ့သည်။

ရုတ်တရက်ပင် လွန်းမောင်သည် မြတင့်၏ ပွင့်ဟာနေသော အခန်းပြတင်းရှိရာသို့ လှမ်းကြည့်လိုက်ပါ၏။ မြတင့်သည် လွန်းမောင်၏ ချစ်သောမျက်စိဖြင့်ကြည့်လာသော မျက်ဝန်းတစ်စုံနှင့် ရင်မဆိုင်ဝံ့သေးသည့်အတွက် လိုက်ကာစကို အမြန်ချလိုက်ကာ အတွင်းသို့ ပြန်ဝင်သွားပါ၏။

လွန်းမောင်သည် အပြာရောင်အပွင့်ပါးလေးများ ယှက်နေသော အနှီလိုက်ကာစလေး လှုပ်ရှားသွားသည်ကို မြင်လိုက်ပါ၏။ တစ်ပြိုင်နက်ပင် လွန်းမောင်၏ စိတ်ထဲဝယ် နင့်ခနဲသော ခံစားချက်ကြီးတစ်ခု စီးနင်းဝင်ရောက်လာတော့သည်။ ထိုခံစားချက်ကြီးသည် ပုံဖော်၍မရနိုင်သည်အထိ ဆိုးရွားကာ နက်ရှိုင်းလွန်းလှသည်။

လွန်းမောင်သည် မြတင့်၏ အခန်းဘက်သို့ ငေးကြည့်နေဆဲပင်ရှိနေသေး၏။ မြတ်သိန်းသည် လွန်းမောင်အား မြင်သည့်အခါ ခြံတံခါးအတွင်းဘက်မှနေ၍ ဟစ်အော်ကာ မောင်းထုတ်ပြန်ပါ၏။

"ဒီမယ်...ဟိတ်လူ ခြံရှေ့မှာ ဘာတွေရစ်သီရစ်သီလာလုပ်နေသလဲ ၊ ကျုပ်တော့ဖြင့် ခင်ဗျားမျက်နှာကို မြင်ကိုမမြင်ချင်ဘူး သွား..သွား.."

မြတ်သိန်းသည် ရေထမ်းပုံးကို ကိုင်လျက်ပင် လွန်းမောင်အား ထွက်သွားပါရန် လက်ဟန်ပြလိုက်ပါ၏။

လွန်းမောင်မှာ ဤရက်ပိုင်းအတွင်း မြတ်သိန်းထံမှ ဤသို့သော စကားများအား ကြားရဖန်များ၍ အရေပင်ထူနေပြီဖြစ်၏။ လွန်းမောင်သည် ချက်ချင်းမသွားသေးဘဲ မြတင့်၏ အရိပ်အယောင်အား မြင်ရလိုမြင်ရငြား ငေးကြည့်နေမိပါသေးသည်။ မမြင်ရသည်မှာ သေချာသွားပါမှ ထွက်သွားတော့သည်။

"ဘယ်လိုလူလဲမသိဘူး၊ အရှက်ကို မရှိဘူး"

မြတ်သိန်းသည် မြည်တွန်တောက်တီးကာဖြင့် ရေဆက်လောင်းနေတော့သည်။

လွန်းမောင်သည် အဆန်းမွေးနေ့ပွဲရှိ၍ အဆန်းတို့အိမ်ဘက်သို့ ထွက်လာခဲ့ရသည်။ လွန်းမောင်တို့ခြံသည် ရပ်ကွက်၏ အဆုံးပိုင်းတွင် ရှိသည်ဖြစ် သောကြောင့် ရပ်ကွက်ထိပ်ရှိ အဆန်းတို့အိမ်သို့ရောက်ရန် ကွမ်းတစ်ယာညက်ခန့်သောအချိန်ကြာသည်အထိ လမ်းလျှောက်ရန်လိုသည်။

လမ်းတစ်လျှောက်တွင် အထီးကျန်မှုများနှင့် ပြွတ်သိပ်နေခဲ့သော မြတင့်၏ ခြံငယ်လေးအကြောင်းကို မတွေးဘဲ မနေနိုင်ပါချေ။ ယခင်ကမူ မြတင့်သည် သူ၏ နှင်းဆီပန်းများကို ပြုစုကာဖြင့် တယုတယနမ်းရှိုက်နေတတ်သည်။ ထိုအခါတုန်းကမူ ပန်းပင်ကလေးများသည် မြူးထူးကာဖြင့် ဝင့်ဝင့်စွားစွား ဖူးပွင့်နေခဲ့ကြသည်။

ယခုအခါတွင်မူ ထိုပန်းငယ်ကလေးများသည် တာဝန်ရှိသည့်အတိုင်း ဖူးပွင့်နေကြသော်လည်း မြူးထူးခြင်းကင်း၍ ညှိုးငယ်နေကြရှာလေသည်။

သို့နှင့် လွန်းမောင်သည် အဆန်းတို့ ခြံရှိရာသို့ ရောက်သွားခဲ့သည်။ အဆန်းအပါအဝင် အဆန်း၏ မိဘများကပါ လွန်းမောင်အား နွေးထွေးစွာ ကြိုဆိုကြသည်။ မွေးနေ့ပွဲဖြစ်၍ လူအနည်းငယ်ရှုပ်နေသည်။ မွေးနေ့ပွဲအား အိမ်အောက်ထပ်တွင် ပြုလုပ်သည်။ စားပွဲအကြီးကြီးတစ်ခု၏ အလယ်၌ ကိတ်မုန့်အကြီးကြီးတစ်ခုကို တင်ထားသည်။

ထိုအခါ လွန်းမောင်သည် မြတင့်အား သတိမရဘဲ မနေနိုင်တော့ပါချေ။ မြတင့်သာ အနှီကိတ်မုန့်ကြီးကို မြင်ပါက အနောက်တိုင်းအစားအစာဟူ၍ သမုတ်ကာ နှာခေါင်းရှုံ့ပါလိမ့်မည်။ မြတင့်သည် ဗမာမုန့်ဖြစ်သော ဘိန်းမုန့်ကိုသာ နှစ်ခြိုက်စွာ စားသုံးပါလိမ့်မည်။

လွန်းမောင်သည် အနှီလူအုပ်စုများနှင့် ခပ်ခွာခွာ၌ မတ်တပ်ရပ်နေခဲ့သည်။ သို့ပါသော်ငြား အဆန်းသည် လွန်းမောင်ထံသို့ ပထမဆုံးသော ကိတ်မုန့်အပိုင်းလေးအား လာပို့ပေးပါ၏။ အဆန်းသည် ကလက်ခြင်းကင်းသော အမူအရာဖြင့်သာ ပြန်ထွက်သွားပြီး ကျန်သူများကို ဆက်လက်ဧည့်ခံနေပါတော့သည်။

"မောင်လွန်းမောင်..ကိုညွန့်တို့ မစိန်တို့ရော ဘယ့်နှယ်တုန်းကွယ့် မာမှမာကြပါလေစ"

အဆန်း၏ ဖခင်ဖြစ်သော ဉီးအောင်မြင့်သည် လွန်းမောင်အနားသို့ လာပြီး မေးမြန်းလေသည်။

"ဟုတ်ကဲ့..ကောင်းလိုက် မကောင်းလိုက်ပါပဲ ဉီးလေးရာ"

ဉီးအောင်မြင့်သည် မုတ်ဆိတ်မွေးဖြူဖြူများပေါက်နေသော သူ၏ မေးစေ့ကို ပွတ်သက်လိုက်ပြီးနောက် ဆက်ပြောပြန်ပါ၏။

"အိမ်း...တို့များအရွယ်ကလည်း မငယ်တော့ဘဲကိုး၊ မိဘကို စိတ်ချမ်းသာအောင်သာထား မောင်လွန်းမောင်ရေ"

ဉီးအောင်မြင့်သည် သူ့စကားအား သဘောကျသည့်အတွက် ရယ်ကာမောကာဖြင့် အနားမှ ထွက်သွားပါ၏။ လွန်းမောင်၏ မိဘများနှင့် အဆန်းတို့မိဘများသည် သူနှင့် အဆန်းက အကြောင်းပါစေလိုဟန်ရှိသည်။ ထုတ်မဖော်မပြောကြသော်ငြား သူနှင့်အဆန်းအား သဘောတူကြသည်နှင့်တူသည်။

သို့ဖြစ်၍ ဉီးအောင်မြင့်သည် လွန်းမောင်အား ဤသို့ လာပြောခြင်းဖြစ်သည်။ လွန်းမောင်သည် ရှုပ်ယှက်ခတ်နေသော လူအုပ်ကြားထဲတွင် ခေါင်းနောက်လာသည်ဖြစ်၍ အိမ်အပြင်သို့ ထွက်လာခဲ့သည်။

အဆန်းတို့၏ အိမ်ဘေးတွင် သစ်ခွပန်းများကို အရောင်အသွေးစုံလင်စွာစိုက်ပျိုးထားသည်။ အိမ်တံစက်မြိတ်မှ ခြံစည်းရိုးထိတိုင်အောင် ပေါင်းမိုးလေးတစ်ခု လုပ်ထားပြီး ထိုပေါင်းမိုးလေးပေါ်တွင် နွယ်ယှက်ကာ ပြေးလွှားနေသော ပန်းပင်များကြောင့် အရိပ်ရလျက်ရှိသည်။

ထိုအောက်တွင် ကြိမ်စားပွဲပုပုကလေးတစ်လုံးနှင့် ကြိမ်ထိုင်ခုံပုပုကလေးနှစ်လုံးကို ချခင်းထားသည်။ လွန်းမောင်သည် ထိုကြိမ်ကုလားထိုင်လေးပေါ်တွင် ထိုင်ကာ သစ်ခွာပန်းများကို ငေးမောကြည့်နေမိသည်။

သစ်ခွပန်းကလေးများသည် သူ့အစွမ်းအစရှိသလောက် လှပစွာဖူးပွင့်နေကြသော်လည်း မြင်နေကျဖြစ်သော နှင်းဆီနီနီများ၏ အလှကိုမူ မယှဉ်နိုင်ဟူ၍ လွန်းမောင် တွေးထင်မိသည်။ လွန်းမောင်အတွက်မူ နှင်းဆီပန်းများကသာ ပန်းအားလုံးထဲတွင် အလှဆုံးဖြစ်နေပေသည်။

အဆန်းသည် အတွေးများနေဟန်ရှိသော လွန်းမောင်ရှိရာ နေရာသို့ သွားလိုက်ပါ၏။ ထို့နောက် ကြိမ်ကုလားထိုင်လေးပေါ်တွင် အသာဝင်ထိုင်လိုက်သည်။

"မောင်.."

လွန်းမောင်သည် အဆန်းအား ကြည့်လိုက်မိပါ၏။ အဆန်းသည် ကျစ်ဆံမြည်းလေးနှစ်ဖက်ခွဲကျစ်ထားပြီး ဖဲကြိုးဖြူဖြူကလေးများနှင့် စည်းနှောင်ထားပါ၏။ အဆန်းသည် မလှပသော်ငြား ယဉ်နေခဲ့သည်။ သိမ်မွေ့ကာ အေးချမ်းနေခဲ့သည်။

"အထဲမှာ ဧည့်သည်တွေသာ ဧည့်ခံလိုက်ပါ အဆန်းရယ်"

"ဖေဖေ့ဧည့်သည်တွေသာ ကျန်တော့တာပါ မောင် ၊ပြီး..အဆန်းဧည့်သည်က မောင်တစ်ယောက်တည်းပါလေ"

လွန်းမောင်သည် ခေါင်းညိတ်ကာ အသိအမှတ်ပြုလိုက်သည်။ အဆန်းသည် လွန်းမောင်၏ မျက်နှာကို အကဲခတ်ကြည့်လိုက်၏။ မောင့်မျက်နှာနုနုသည် နွမ်းလျကာ ကြေကွဲနေခဲ့သည်။

"မြရော...မောင်..၊သူ အဆင်မှပြေပါရဲ့လားကွယ်"

အဆန်းသည် လွန်းမောင်အား အမြဲအရိပ်တကြည့်ကြည့် ကြည့်နေခဲ့သူဖြစ်သည့်အတွက် လွန်းမောင်၏ စိတ်အစဉ်သည် အဘယ်သောသူထံ၌ ရှိနေသည်ကို သေချာပေါက်သိရှိပါ၏။ သို့မူကား အဆန်းသည် မြတင့်အပေါ်ဝယ် မနာလိုဝန်တိုခြင်း ကင်းပါ၏။

အဆန်း၏ အချစ်သည် ပေးဆပ်လိုခြင်းသာဖြစ်၍ အေးချမ်းနေခဲ့သည်။ မောင်နှင့်ပတ်သက်သောသူများအား အဆန်း မမုန်းတီးခဲ့ပါချေ။ အဆန်း တတ်နိုင်သမျှ မေတ္တာထားပေးရန်သာ ဆန္ဒရှိခဲ့သည်။

အဆန်းသည် မြတင့်နှင့် လွန်းမောင်တို့အကြားရှိ ပြဿနာကိုလည်း သိရှိပြီးဖြစ်သည်။ လွန်းမောင်အား အမြဲတစေ အကောင်းမြင်ကာ ခွင့်လွှတ်ပေးခဲ့သော အဆန်းသည် ဤတစ်ကြိမ်တွင်မူ လွန်းမောင်အား စိတ်ဆိုးမိသည်။

အဆန်း နားလည်သောအချစ်နှင့် လွန်းမောင်ပုံဖော်နေသော အချစ်တို့သည် များစွာ ကွာခြားနေခဲ့သည်။ အဆန်းသည် ချစ်ရသူအား သွေးတစ်စက်ပင်ကျန်သည်အထိ ကာကွယ်ပေးမည်သာ။ သို့ရာတွင်မူ မောင်ဟုခေါ်သော လွန်းမောင်သည် အနာပေးပြီးမှ ဆေးကျွေးနေခဲ့လေသည်။ မဟုတ်သေး။ မောင်က ဆေးအရင်ပြပြီး ဒဏ်ရာလှလှပေးခဲ့ခြင်းဖြစ်သည်။

လွန်းမောင်သည် အဆန်း၏ မေးခွန်းအား မည်သို့ပြန်ဖြေရမည်ကို မသိနိုင်ပါချေ။ မြတင့် အဆင်ပြေသည် မပြေသည်ကို သူ သေချာပေါက်မသိနိုင်ပါချေ။ တစ်ခုသော အရာကိုသာ အတပ်သိပါ၏။ ဤသည်မှာ....

"မြ...သူ ပြောင်းလဲသွားခဲ့ပြီ အဆန်း"

အဆန်းသည် လွန်းမောင်အား ဒေါသထွက်စွာဖြင့် ကြည့်လိုက်သည်။ အဆန်းသည် မြတင့်အတွက် လွန်းမောင်အား ဒေါသထွက်ခဲ့ချေသည်။

"မောင် ဘာလို့များ အခုလို ပြောရက်ရသလဲ၊ မြက ပြောင်းလဲသွားခဲ့တယ်ဆိုရင်တောင် မောင့်မှာသာ တာဝန်ရှိခဲ့တာ မဟုတ်ရော့သလား"

အဆန်း၏ စကားများမှာ မှန်နေသည်ဖြစ်၍ လွန်းမောင်မှာ ငြိမ်နေရသည်။ သို့ရာတွင်မူ လွန်းမောင်သည် ချက်ချင်းပင် ပြန်ချေပလိုက်ပါ၏။

"မြကိုက မောင့်ကို လက်မခံတော့တာ.."

"မြက လက်မခံရင်တောင် မောင်က လက်ခံလာတဲ့အထိ တောင်းပန်ရမယ်မဟုတ်ဘူးလား၊ ဒီလိုဆိုမြှဖင့် မောင် မြကို တောင်းပန်ဖူးပါရဲ့လား"

"..."

လွန်းမောင်သည် တုန့်ဆိုင်းသွားရသည်။ သူ...မြတင့်အပေါ်တွင် တောင်းပန်ဖို့ မကြိုးစားခဲ့ဖူးပါချေ။ လွန်းမောင်သည် မြတင့်အား တောင်းပန်လိုက်ပါရန် မေ့လျော့နေခဲ့သည်။ အကယ်၍ သတိရခဲ့လျှင်ပင် လွန်းမောင်ထံတွင် သတ္တိတို့ရှိမနေခဲ့ပါချေ။

အဆန်းသည် လွန်းမောင်၏ စိတ်အစဉ်ကို ထိုးထွင်းသိမြင်နိုင်သည့်အတွက် အားမလိုအားမရဖြစ်နေခဲ့သည်။

"မောင့်မှာ အရာအားလုံးပြည့်စုံနေပါတယ်၊ မိသားစုအသိုင်းအဝိုင်းကလည်း ပြည့်စုံတယ်၊ ဘိလပ်ကနေ ဝတ်လုံတော်ရ အတတ်ပညာတွေကိုလည်း သင်ယူခဲ့ရတယ် ၊တစ်ခုပဲ မောင်ရယ်..၊မောင့်မှာ သတ္တိမရှိဘူး မောင်ကလေ..လူဆိုးဖြစ်လိုက်ဖို့၊ သားမိုက်တစ်ယောက်ဖြစ်လိုက်ဖို့၊ မြကို ကာကွယ်ပေးလိုက်ဖို့ သတ္တိမရှိခဲ့ဘူး..၊ ပြောရရင် မောင်ဟာ လူကြောက်တစ်ယောက်ပဲ"

လွန်းမောင် အဆန်းထံမှ ဤသို့သော စကားမျိုးကြားရမည်ဟု မထင်မှတ်ထားသည့်အတွက် နင့်နင့်နဲနဲခံစားလိုက်ရသည်။ သို့ရာတွင်မူ သူ့ထံတွင် ရွေးချယ်စရာလမ်းမရှိခဲ့သည်ကို အဆန်း သိမှသိပါလေစ။

"မောင့်မှာ ရွေးချယ်စရာလမ်းမှ မရှိခဲ့တာ"

အဆန်းသည် လွန်းမောင်အား တစ်ချက်ကလေးပင် စောင်းငဲ့မကြည့်ဘဲ မဲ့လိုက်ပါ၏။ လွန်းမောင်မှာ အဆန်းက ယခုလိုဆက်ဆံသည်ကို တစ်ခါမှ မခံခဲ့ဖူး၍ ပို၍ပင် သိမ်ငယ်လာရတော့သည်။

"ဒီမယ် မောင်..လမ်းဆိုတာ သူ့အလိုလိုဖြစ်လာခဲ့တာမဟုတ်ဘူး ၊ လမ်းဖောက်ရတယ် မောင်၊ မောင် လမ်းအသစ်ထွင်ဖို့ ကြံရွယ်ခဲ့ဖူးပါရဲ့လား၊ မောင်က သူများဖောက်ပြီးသား လမ်းပေါ်ကနေ သက်သက်သာသာ သွားချင်နေခဲ့တာပဲ"

လွန်းမောင်သည် လမ်းအသစ်ထွင်ဖောက်ရန် တစ်ခါသောအခါမျှ မတွေးခဲ့ဖူးပါချေ။ မည်သို့ဖောက်လုပ်ရမည်ကို မတွေးတတ်ပါချေ။ သူ သင်ကြားခဲ့ရသော ဝတ်လုံတော်ရ အတတ်ပညာတို့တွင် ဤဘာသာရပ်အား မသင်ကြားခဲ့ရပါချေ။

အဆန်းကပင် ဆက်ပြော၏။

"မြကို အရေးပိုင်ဆီ လွှတ်လိုက်ရတာဟာ အရေးပိုင်မင်းဆိုတဲ့လူရှိနေလို့ မဟုတ်လား မောင်၊ အကယ်၍များ အရေးပိုင်မင်းသာ မရှိတော့ရင် မြကို ပို့ပေးစရာလိုပါရဲ့လား၊ တကယ်ဆို မောင် အရေးပိုင်မင်းကို သတ်ပစ်ခဲ့သင့်တာ"

လွန်းမောင်သည် သိမ်မွေ့လှသော အဆန်းထံမှ ဤသို့သော စကားမျိုးကြားရပါရန် ဘယ်သောအခါကမျှ မတွေးထားမိခဲ့ပါချေ။ လွန်းမောင်သည် ကြောင်အသွားရသည်။

"ဖြစ်လာမယ့် အကျိုးဆက်ကို အဆန်း တွေးမိပါရဲ့လား"

အဆန်းက ပြုံးသည်။

"ချစ်ရသူကို ကာကွယ်ဖို့အတွက်ပဲ မောင် ၊ အကျိုးဆက်ဆိုတာတွေကို ထည့်စဉ်းစားဖို့ လိုပါရဲ့လား"

Continue Reading

You'll Also Like

171K 16.4K 153
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မှားယွင်းသော လက်ထ...
327K 33.3K 131
ဘာသာပြန်သူ - စွဲညို့အသင်း
1.3K 102 31
စာတွေ ကဗျာတွေကို တခုတ်တရချမရေးဖြစ်တာအချိန်အတော်ကြာခဲ့ပြီ... ကိုယ်ကချမရေးမိပေမဲ့..ခေါင်းထဲ ပေါ်လာတာ​ တေ ွ၊ရင်ဘတ်ထဲကနေပလုံစီ ဆန်တက်လာတဲ့အတွေးတွေ၊စကားလု...
63K 4K 54
အင်္ဂါနေ့တိုင်း Update ရှိပါသည်။ ကြာပန်းဖြူလေးများအဖွဲ့