သည်နေ့ လင်းထက် ဆေးရုံမသွားရပေ။ ဦးဖြိုးစည်လင်းသူက ဆေးခွင့်သုံးရက်တင်ပေးထားသည်။ လုပ်ငန်းခွင် မတော်တဆမှုဖြစ်သဖြင့် အစားထိုးပြန်ဆင်းပေးစရာလည်းမလို၍ စိတ်ချလက်ချနားရသည်။ တစ်ဖက်ကိုလည်း စိတ်ကျန်းမာရေးမကောင်းသူဖြစ်၍ တရားမစွဲစေဘဲ ကျေအေးလိုက်သည်။
လင်းထက် စာကြည့်စားပွဲ၌ထိုင်ကာ ကောင်းသောလက်တစ်ဖက်ဖြင့် စာအုပ်တစ်အုပ်ကို ယူလိုက်သည်။
"Maternity " ဟု ခေါင်းစဥ်တပ်ထားပြီး သားဖွားခြင်းနှင့် သက်ဆိုင်သည့် လက်တွေ့မှတ်စုများအားလုံးကို ရေးမှတ်သိမ်းဆည်းထားသည့်စာအုပ်ဖြစ်သည်။ ကျောင်းစာအုပ်ထဲတွင် ထိုထက်ပို၍ တိတိကျကျသင်ခဲ့ရသော်လည်း လက်တွေ့နှင့်တွဲမှတ်သည့်အခါ စာအုပ်လောက်အသေးစိတ်မကျသော်လည်း ပို၍ နားလည်လွယ်ကာ ဘယ်အချိန်ပြန်ဖတ်ဖတ် အသုံးဝင်နိုင်သည်။
ထိုမှတ်စုစာအုပ်ထဲရှိ အချက်အလက်အတော်များများမှာ ဦးဖြိုးစည်လင်းသူသင်ပြခဲ့သည်များသာဖြစ်သည်။ လုပ်စရာအလုပ်မရှိ၍ မှတ်စုစာအုပ်ကို အစမှ ဟိုဟိုသည်သည်ပြန်ဖတ်နေမိသည်။
သိပ်မကြာခင် လင်းထက်တို့ တခြား Ward သို့ပြောင်းရပေတော့မည်။ ကြားထဲ ဆေးခွင့်သုံးရက်ယူထားရ၍ လင်းထက် သားဖွားဆောင်တွင် တန်ဝန်ထမ်းဆောင်ရမည့်ရက်မှာ သုံးရက်ခန့်သာကျန်ပေတော့မည်။
ဒေါက်...ဒေါက်...
"သားငယ်...ဧည့်သည်လာတယ်"
ဧည့်သည်ဆိုတော့ ခေါင်းထောင်မိသည်။ မနက်ခင်းပင်ရှိသေးသည်ကို မည်သူပါလိမ့်။
လင်းထက်တံခါးသွားဖွင့်တော့ အမေက တံခါးရှေ့တွင်ရပ်နေပြီး အမေ့ဘေးတွင်မူ ဦးဖြိုးစည်လင်းသူ။
လုံးဝမမျှော်လင့်ထားသည်မို့ ရင်ဖိုကာ လှိုက်ခနဲပျော်ရွှင်သွားမှုကို ခံစားရသည်။
"အာ အစ်ကို၊ တကူးတကကြီးဗျာ၊ ကျွန်တော် ဘာမှမဖြစ်ပါဘူး"
သူက ပြုံးရုံသာ တုန့်ပြန်သည်။
လင်းထက် တံခါးဝမှ ဖယ်ပေးကာ အခန်းထဲသို့ ဝင်စေရသည်။ အမေက ဧည့်ခံဖို့ တစ်ခုခုသွားလုပ်မည်ဟုဆိုကာ ပြန်ထွက်သွားသည်။
ထိုလူကြီးက လက်ထဲမှ လူနာသတင်းမေးလာသည်ပီသစေသော မုန့်ထုပ်များကို စားပွဲပေါ်တွင် တင်သည်။ အနည်းငယ်နွမ်းလျနေပုံက ဆေးရုံညဂျူတီမှ တန်းလာဟန်ရှိသည်။မနေ့က လင်းထက်တို့ Team က 24 နာရီဂျူတီကျသည်။ ထို့ကြောင့် တန်းလာသည်ဟု ခန့်မှန်းနိုင်ခြင်းဖြစ်သည်။
မနေ့က သိပ်စကားမပြောသော်လည်း ယခုလို တာဝန်ပြီးသည်နှင့် သတင်းမေးလာသည်ကို တွေးမိတော့ ပျော်သွားသလို ဖြစ်ပြန်သည်။
"မင်းကိုအောက်မဆင်းခိုင်းစေချင်လို့ အခန်းထဲထိလာလိုက်တာ"
သူက ဖြေရှင်းချက်ပေးသည်။
"ဟုတ် ရပါတယ်"
"လက်က သက်သာလား"
"ဟုတ်ကဲ့"
"အင်း ကိုက်တော့ကိုက်မှာပေါ့၊ ဆေးတော့သောက်တယ်မဟုတ်လား"
"ဟုတ် သောက်တယ်"
အမေးတစ်ခွန်းအဖြေတစ်ခွန်းနဲ့ နှစ်ယောက်ကြားတိတ်ဆိတ်သွားပြန်သည်။ လင်းထက် ပျော်ရွှင်နေသော်လည်း မည်သို့ဧည့်ခံစကား၊ ကျေးဇူးတင်စကား စပြောရမည်ကိုတော့ စဥ်းစားမရဖြစ်နေသည်။
မိမိဘက်မှသာ သဘောကျရင်းနှီးသလိုရှိနေပေမယ့် လုပ်ငန်းခွင်တာဝန်အကြောင်းမှလွဲ၍ အခြားမည်သည့်အကြောင်းမှ ထိုလူကြီးနှင့် ရင်းရင်းနှီးနှီး မပြောဖူးသေးပါလေ။
နှစ်ယောက်လုံး ခေတ္တတိတ်ဆိတ်နေပြီး အတန်ကြာမှ ဦးဖြိုးစည်လင်းသူက စပြောလာသည်။
"ငါတောင်းပန်ပါတယ်"
"ဗျာ"
အဆက်အစပ်မရှိ၍ နားမလည်နိုင်စွာကြည့်မိတော့ သူက မျက်နှာလွှဲသည်။
"ဟိုနေ့က ငါပြောလိုက်တာလေ၊ အဲ့ဒါကြောင့် မင်းအခုလို..."
သူကဆက်မပြောဘဲ စကားကိုရပ်သည်။ ထိုလူကြီးပြောမှ ထိုကိစ္စတိုက်ဆိုင်လွန်းသည်ကို လင်းထက် သတိရသည်။
"အာ...အစ်ကိုကလည်း မဆိုင်တာကြီးကို၊ တကယ်တော့ ကျွန်တော်က အစ်ကို့ကိုတောင် ကျေးဇူးတင်ရမှာ၊ အစ်ကိုသာ အချိန်မှီဝင်မဆွဲရင် အဲ့နားတင် ကျွန်တော်သေသွားနိုင်တာ"
ထိုလူကြီးက ဘာမှပြန်မပြော။ ခေါင်းငုံ့ကာ မျက်နှာမကောင်းခြင်းက သိသာလွန်းစွာ။ စိတ်ထိခိုက်ကာ ယူကြုံးမရဖြစ်နေဟန်ရှိသည်။
ပထမဆုံးအကြိမ် ထိုလူကြီးကို သည်လိုပုံစံနှင့် မြင်ရခြင်းဖြစ်သည်။ တိတ်ဆိတ်ငြိမ်သက်နေသည့်ပုံစံက ထိုလူကြီးနှင့် မလိုက်ဖက်။
ဒါက လင်းထက် အားကျရတဲ့ ဦးဖြိုးစည်လင်းသူ၏ ပုံစံအစစ်မှမဟုတ်တာ။
အဆင်မပြေဘူး။ အဲ့လိုကြီးမြင်ရတာ တကယ်အဆင်မပြေဘူး။
"ကျွန်တော် အဆင်ပြေပါတယ် အစ်ကိုရဲ့၊ တကယ်တော့လေ ကျွန်တော်က အဲ့လိုဖြစ်နေကျ သိလား"
တအံ့တသြ မော့ကြည့်လာသည်။
"ဟုတ်တယ်၊ ကျွန်တော်က တစ်နှစ်ကို တစ်ကြိမ်လောက်တော့ သည်းသည်းလှုပ်အလန့်တကြားဖြစ်လိုက်ရမှဗျ၊ အမေတို့ဆို ဖိုးကံကောင်းလို့ ပြောကြတယ်၊ အဲ့လို သီးသီးလေးတွေနဲ့ပဲ အမြဲ ကပ်လွတ်လာတာ"
မျက်မှောက်ကုတ်ကာ ကြည့်လာသည်။
"နှစ်တိုင်းဖြစ်တာပေါ့"
"ဟုတ်"
သူ စိတ်သက်သာစေရန် လင်းထက် ပေါ့ပေါ့ပါးပါးရယ်ရင်းပြန်ဖြေလိုက်သည်။
ထိုအခါမှ ထိုလူကြီးက ပို၍ မျက်မှောက်ကုတ်လာသည်။
"ဒါကိုရယ်စရာထင်နေလား လင်းထက်နောင်၊ နှစ်တိုင်းဖြစ်တယ်ဆိုတာ မင်းစိတ်နဲ့ကိုယ်နဲ့ ခဏခဏလွတ်နေလို့ဖြစ်တာပေါ့"
"ဗျာ"
ရုတ်ချည်း ပြောင်းလဲသွားသော မျက်နှာအနေအထား။ စိတ်မကောင်းဖြစ်နေပုံရှိရာမှ ဆူတော့မည့် အငွေ့အသက်ကို လင်းထက်နောင် ရလိုက်သည်ဟုထင်သည်။
"အဲ့နေရာမှာ မင်းကို တခြားတစ်ယောက်က ဝင်မဆွဲဘူးဆိုရင် မင်းဒီတိုင်း ရပ်ကြည့်နေလိုက်မှာလား၊ ကိုယ်က ဒီလိုဖြစ်တတ်ရင် သေချာမှတ်ထားပြီး နောက်တစ်ကြိမ် မတော်တဆဆိုတဲ့ စကားလုံးမရှိအောင်တောင် မင်းသတိရှိရမှာမဟုတ်ဘူးလား၊ အခုဆို မင်း တစ်လတောင်မပြည့်သေးခင် ဘယ်နှစ်ကြိမ်လောက် သတိလွတ်ပြီး ဒုက္ခ ခဏခဏရောက်ပြီးပြီလဲ၊ မင်းဘေးမှာ တခြားတစ်ယောက်မရှိဘဲနဲ့ မင်းဘာမင်း သတိရှိရှိနဲ့ ရှောင်နိုင်အောင် မကြိုးစားတော့ဘူးလား၊ အဲ့မှာ မင်းတစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ၊ ကပ်သီးလေးလွဲရအောင် မင်းအမြဲကံကောင်းနေမယ်ထင်နေလား၊ လူတွေ သတိထားပြေးလွှားနေပြီဆိုကတည်းက မင်းလည်း လွတ်ရာကို ရှောင်ရမှာ မဟုတ်ဘူးလား"
မနေ့က မဆူပါလားဟု တွေးနေ့မိခြင်းအတွက် ထိုလူကြီးက တကယ်တမ်းတော့ ဒေါသတွေကို စုထားတာမှန်း လင်းထက် နားလည်လိုက်သည်။ မနေ့က ဖြစ်ဖြစ်ချင်းမို့ မပြောဘဲ မျိုသိပ်ထားပုံရသည်။
အိမ်ထိလူနာသတင်းမေးလာပြီး စိတ်မကောင်းဖြစ်လိုက် ဆူလိုက်ဆိုတော့ လင်းထက် ရယ်ချင်သွားသည်။ သို့သော်လည်း မရယ်ရဲ။
ထို့ပြင် ထိုလူကြီးက လင်းထက်ကို စိတ်ပူသည်ဆိုတာကို စိတ်ထဲကျေနပ်မိပြန်သည်။
"ဘာပဲဖြစ်ဖြစ် အခု ကျွန်တော် ဘာမှမဖြစ်ဘူးလေ၊ အစ်ကို ကျွန်တော့်ကို အချိန်မှီလှမ်းဆွဲလိုက်နိုင်တာပဲလေ"
"အေး တကယ်လို့ ငါမဆွဲနိုင်ခဲ့ရင်ရော..."
"ဆွဲလိုက်နိုင်တယ်လေ"
သူက လင်းထက်ကို စူးခနဲ ကြည့်သည်။ စလည်းစချင်သည် စလည်းမစရဲတာမို့ ခေါင်းငုံ့ကာ ခပ်တိုးတိုးပြောလိုက်ရသည်။
"ကျွန်တော် နောက်ကို သတိထားပါ့မယ်"
သူက သူ့ကိုယ်သူသတိထားမိကာ စိတ်လျှော့ဟန်ဖြင့် ဘာမှမပြောတော့။
မေမေက မနက်ခင်းမို့ ကော်ဖီနဲ့မုန့်ကို လင်းဗန်းနှင့် ထည့်ကာ ယူလာပေးသည်။
ထို့နောက် "စကားပြောကြနော်" ဟုဆိုကာ အောက်ပြန်ဆင်းသွားသည်။
"လက်က ဆေးထည့်ပြီးပြီလား"
ထိုအခါမှ မနက်ခင်း ဆေးမထည့်ရသေးမှန်း သတိရသည်။
"ပြီးရင် ထည့်မှာ"
"ငါထည့်ပေးမယ်"
"အာ ရပါတယ် ကျွန်တော့်ဘာသာထည့်လို့ အဆင်ပြေပါတယ်"
သူက နားမထောင်ဘဲ နေရာမှထကာ စားပွဲပေါ်ရှိ ဆေးအိတ်ကို လှမ်းယူကြည့်သည်။
ထို့နောက် "ရေချိုးခန်း ဘယ်မှာလဲ" ဟု မေးကာ လက်သွားဆေးသည်။
တားလည်း ထည့်ပေးမည်ဆိုတာသိ၍ လင်းထက် ပတ်တီးကိုသာ ဝိုင်းဖြေပေးလိုက်သည်။
သူက အနာအခြေအနေကိုကြည့်ကာ ပိုးဝင်မဝင်သေချာစစ်ဆေးသည်။
ထို့နောက် "ချုပ်ရိုးဖြေရင် ငါ့ဆီလာဖြေ"တဲ့။
လင်းထက်ကို ကုတင်ပေါ်မှာ ထိုင်စေကာ သူက မတ်တပ်ရပ်လျက်ပင် ဆေးထည့်ပေးသည်။ လင်းထက် စိတ်ထင်တာမဟုတ်ဘဲ ထိုလူကြီး၏ အပြုအမူများက ညင်သာနေသည်ဟု ခံစားရသည်။
မရိုးနိုင်သော မွှေးရနံ့ခပ်သင်းသင်းကို ရပြန်သည်။
"အစ်ကိုက ဘာရေမွှေးသုံးတာလဲ"
"ဟမ်"
ဘာမှမဆိုင်သည့်မေးခွန်းကြောင့် ကြောင်သွားဟန်ရှိသည်။
"ဟို...ကျွန်တော် အဲ့အနံ့လေးကြိုက်လို့ ကျွန်တော်လည်း လိုက်သုံးချင်လို့"
ခပ်တိုးတိုးမဝံ့မရဲရှင်းပြတော့ ဟက်ခနဲတစ်ချက်ရယ်သည်။
"အဲဒါ ရေမွှေးနံ့ မဟုတ်ဘူး၊ စန္ဒကူးနံ့"
"ဗျာ"
"စန္ဒကူးလို့... ကြားဖူးတယ်မဟုတ်လား စန္ဒကူးအပင်ကို"
"ကြားတော့ကြားဖူးတယ်၊ ဒါပေမယ့် ဒီဘက်ခေတ်မှာ မမြင်ဖူးတော့ မရှိတော့ဘူးထင်တာ"
"ဟုတ်တယ် တော်တော်ကြီးကို ရှားနေပြီ၊ ငါလည်း ငါ့အမေလက်ဆောင်ရလို့ မြင်ဖူးတာ၊ အနံ့ကတော့ မင်းအခုရတဲ့ အနံ့ပဲ၊ စန္ဒကူးအမြစ်ကို အင်္ကျီခေါက်ကြားထဲ ထည့်ထားရင် အင်္ကျီမှာ အဲ့အနံ့တွေ စွဲသွားစေတာပေါ့၊ ငါ့အမေက ရှေးဆန်တယ်၊ ဒီဘက်ခေတ်ရေမွှေးတွေထက် အမွှေးနံ့သာဆို အဲ့လိုပဲ သုံးတတ်တာ"
ဦးဖြိုးစည်လင်းသူက စိတ်ရှည်ရှည်နဲ့ ရှင်းပြပေးသည်။ လက်ကလည်း ဆေးထည့်မပျက်။
"ခေါင်းကရော အဲ့အနံ့ပဲနော်"
လင်းထက် အရဲစွန့်ပြီး ထပ်မေးပြန်သည်။ ထိုလူကြီးက မျက်ခုံးပင့်ပြကာ ထပ်ရယ်သည်။
"အဲ့တာကလည်း ငါခေါင်းသုတ်တဲ့ တဘက်ကြောင့်ပေါ့၊ တဘက်ကိုလည်း စန္ဒကူးနံ့စွဲအောင် လုပ်ထားတာမိုလို့လေ"
"ဝါး...မိုက်တယ်၊ စန္ဒကူးနံ့က တကယ် သင်းသင်းလေးနော်"
"လိုချင်လို့လား၊ ငါ့အမေဆီက တောင်းပေးမယ်"
"အာ...ရပါတယ်၊ စန္ဒကူးက ရှားတယ်မဟုတ်လား၊ စျေးကြီးမှာပေါ့"
ထိုလူကြီးက ထပ်မံ၍ ရယ်ပြန်သည်။
"ရပါတယ်၊ မင်းတစ်ယောက်စာတော့ရမှာပေါ့"
ပြောပြီး သူက ဆေးထည့်ခြင်းကို အဆုံးသတ်သည်။ စကားတပြောပြောနှင့်မို့ သေချာတောင်မသိလိုက်။
ယနေ့ ထိုလူကြီးနှင့် စကားတွေအများကြီးပြောဖြစ်သည်ဟု လင်းထက် ထင်သည်။ တကယ်ကို ဖော်ဖော်ရွှေရွှေဟု ခံစားရသည်။
စိတ်ထင်တာမဟုတ်ဘဲ ထိုလူကြီးက လင်းထက်ကိုဆို ဘက်လိုက်သည်။ တကယ်ဆိုလျှင် ရွယ်တူသူငယ်ချင်းဖြစ်သည့် ကောင်းကောင်းတို့တောင် သတင်းမေးမလာသေးခင် ဂျူတီဆင်းဆင်းချင်း မည်သည့်အကြီးက အရေးတယူသတင်းမေးလာမည်နည်း။ နောက်ပြီး ကိုယ်တိုင်ကိုယ်ကျဆေးထည့်ပေးမည်နည်း။ ဂရုမစိုက်သလိုနှင့် ဆူပူသော်လည်း အသေးစိတ်ကအစ ဂရုစိုက်တတ်မှန်း နားလည်လာသည်။
နွေးထွေးသည်။ ကျေနပ်သည်။ တသိမ့်သိမ့် မည်သော ခံစားချက်ကိုရသည်။ တကယ်ပင် ထိုလူကြီးက လင်းထက်အတွက် ထူးခြားသည့် စိတ်ခံစားမှုကိုပေးသည်။
"ဒီလက်နဲ့ လှုပ်လှုပ်ရှားရှား သိပ်မလုပ်နဲ့နော်၊ ဆေးလည်း ပုံမှန်သောက်ဦး"
"ဟုတ်ကဲ့"
"အာ့ဆို ငါသွားတော့မယ်၊ မနက်ဖြန်မှ တစ်ခေါက်လာခဲ့မယ်"
"အာ...ရပါတယ်၊ အစ်ကို ပင်ပန်းပါတယ်"
"အနာအခြေအနေကြည့်ရမယ်လေ၊ မင်းက ဆေးရုံလည်း လာနိုင်မှာ မဟုတ်ဘူးမဟုတ်လား၊ ပြီးတော့ အားမနာနဲ့၊ ငါ့အိမ်ပြန်လမ်းနဲ့ သင့်လို ဝင်တာ"
ဘယ်လိုကြောင့်ပဲဝင်ဝင် မနက်ဖြန်လည်းလာမည်ဆိုသည်ကိုတော့ လင်းထက် ပျော်ရွှင်မိပြန်သည်။
"ဟုတ် ဒါဆိုလည်း အိမ်ရောက်ရင် ကောင်းကောင်းနားပါ"
"အင်း...မနက်ဖြန်မှ စန္ဒကူးမြစ်ယူလာပေးမယ်"
မသိလျှင် ကလေးတစ်ယောက်က လိုချင်သည့် ပစ္စည်းကို မှာသလိုပင် လင်းထက်ကို ကတိပေးလာသည်။
မထိန်းနိုင်စွာ ပြုံးမိသည်။
ဦးဖြိုးစည်လင်းသူကလည်း ဆေးရုံမှာမပေးဖူးသည့် အပြုံးတွေကို သည်နေ့ ဖောဖောသီသီပေးနေသည်ဟု ထင်သည်။
အိမ်အောက်ထပ်ထိလိုက်ပို့ကာ ခြံဝထိဆက်လိုက်ပို့မည်ဆိုတော့ အတင်းတားသည်။ ထိုကြောင့် ကားပေါ်တက်သွားသော ကျောပြင်ကျယ်နှင့် မောင်းထွက်သွားသော ကားနောက်မှီးပျောက်ကွယ်သည်အထိ အိမ်ထဲမှပဲ လှမ်းကြည့်နေခဲ့ရသည်။
************************************
နောက်တစ်နေ့ ညနေစောင်းအချိန်တွင် ကတိပေးထားသည့်အတိုင်း ဦးဖြိုးစည်လင်းသူ ရောက်လာသည်။ တစ်နေကုန် မျှော်နေမိခြင်းကို လင်းထက် ကိုယ့်ကိုယ်ကိုယ် သတိထားမိသည်။ မနေ့ညနေက ဝေဝေနှင့် ကောင်းကင်ယံတို့ကလည်း သတင်းမေးလာခဲ့သေးသည်။ သည်နေ့တွင်တော့ မနက်ဖြန်လာမည်ဟုဆိုသော ထိုလူကြီးကို ဘယ်အချိန်လာမည်မသိသော်လည်း လင်းထက် မိုးလင်းကတည်းက မျှော်နေမိတာပင်။
ရင်းနှီးနေသော ကားလေး ခြံထဲ ဝင်လာသည်နှင့် လင်းထက် အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည်။
"လင်းထက်နောင် သက်သာလား"
"ဟုတ် သက်သာတယ်"
အိမ်ထဲဝင်ဝင်ချင်း တစ်ချက်ပြုံးပြကာ နှုတ်ဆက်လာသည်။ လန်းလန်းဆန်းဆန်းဖြစ်နေသော ထိုလူကြီးထံမှ စန္ဒကူးနံ့က သင်းနေသည်။ ထူးထူးဆန်းဆန်း အချိန်ပြည့်နီးပါးပြုံးနေသည်မှာ ဆေးရုံမှာလို သီးသန့်ခွဲထွက်သည့် လူရှိန်စရာအမူအရာမျိုးမရှိ။ လက်ထဲ၌ ခပ်သေးသေးအိတ်လေးတစ်လုံးကိုကိုင်ထားသည်။
"ရော့ လင်းထက်နောင်၊ ငါ့အမေက မင်းအကြောင်းတွေကြားပြီး မင်းကို မမြင်ဖူးဘဲ ချစ်သွားလို့တဲ့၊ လက်ဆောင်အဖြစ်သေချာပေးခိုင်းလိုက်တယ်"
ထိုလူကြီးက တစ်ချက်ပြုံး၍ ဆိုလာသည်။ ဘာရယ်မဟုတ် လင်းထက် ပါးနှစ်ဖက် ပူနွေးသွားသလိုခံစားလိုက်ရသည်။ ကမ်းပေးလာသော အိတ်လေးက လင်းထက် အလွန်သဘောကျရသော အနံ့သင်းသင်းလေး ထုံပျံ့နေသည်။
"အစ်ကို့အမေ့ကို အများကြီး ကျေးဇူးတင်ပါတယ်လို့ ပြောပေးပါနော်၊ ကျွန်တော် တကယ် အရမ်းသဘောကျတာ"
အိတ်လေးကို မျက်နှာနားကပ် နမ်းရှိုက်လိုက်ရင်း လင်းထက် ပျော်လွန်းကာ အပြုံးများမထိန်းနိုင်တော့။
"အင်း သေချာ ပြောလိုက်မယ်၊ အခု အနာအခြေအနေကြည့်ရအောင်၊ ပြီးရင် ငါ ဆက်သွားစရာရှိလို့"
"ဆေးတွေက အပေါ်မှာ"
"အာ့ဆို အပေါ်သွားမယ်လေ"
"ဟုတ်"
အပေါ်ရောက်တော့ လင်းထက်မှာ အိတ်ကို ချစရာနေရာမရှိသလို လက်ထဲကမချကိုင်ထားမိသည်။
"ကုန်သွားရင် ထပ်ပြောဖို့ အမေက မှာလိုက်ပါတယ်၊ သူ ထပ်ပေးမယ်တဲ့၊ ငါက မင်းအကြောင်း အရမ်းလွဲတတ်တဲ့ကောင်လေးဆိုပြီးပြောပြတာ၊ အမေက ဘာသဘောကျသွားလဲ မသိဘူး၊ လက်ဆောင်ပေးမယ်ဆိုတာချည်းပဲ"
လင်းထက် သည်းသည်းလှုပ်ဖြစ်နေသည်ကို သတိထားမိသွားဟန်ဖြင့် ထိုလူကြီးက ဆိုလာသည်။
"ကျွန်တော်က ချစ်မွှေးပါတာကို"
"မင်းက?"
"ဟုတ်တယ်လေ၊ ward ထဲမှာဆို ကျွန်တော့်ကို ချစ်တဲ့ အစ်မတွေအများကြီး"
"ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလိုက်တာ"
ပတ်တီးဖြေရင်း ခပ်ဖွဖွရယ်ကာ ထိုလူကြီးကပြောသည်။
"အာ အထင်ကြီးတာမဟုတ်ဘူးနော်၊ တကယ်ဗျ၊ ဟိုတစ်ခါဆို ဘယ်သူလဲမသိဘူး၊ ကျွန်တော့်အတွက် မုန့်တွေတောင် ကျွန်တော့် လော်ကာထဲထည့်သွားပေးဖူးတယ်"
လင်းထက် လက်မောင်းမှ ပတ်တီးကို ဖြေနေသော ထိုလူကြီး၏ လက်များကတစ်ချက်ရပ်သွားသည်။ ထို့နောက် ခပ်ဖွဖွ တစ်ချက်ရယ်သည်။
တကယ်ကို ထိုလူကြီးက ယခုနောက်ပိုင်း ခဏခဏပြုံးလာသည်။
"အဲ့ဒါ မင်းကို ဘယ်သူပေးတယ်လို့ ထင်နေတာတုန်း"
"ကျွန်တော့်ကို ချစ်တဲ့ အစ်မတစ်ယောက်ယောက်ပေးတာနေမှာပေါ့၊ ဒါမှမဟုတ်...ကျွန်တော့်ကို ကြိုက်နေတဲ့ တစ်ယောက်ယောက်ပေါ့"
ထိုလူကြီးက ထပ်ပြုံးပြန်သည်။
"ပေါက်ကရတွေ လျှောက်မပြောနဲ့၊ ဘယ်ချစ်တဲ့ အစ်မမှ မဟုတ်ဘူး၊ အဲ့ဒါ ငါထည့်ထားတာ"
အဆုံးသတ်မှာ ထိုလူကြီး၏ အသံက မသိမသာတိုးသွားသည်။
"ဗျာ"
"ဟေး...ဟေး တခြားတွေ လျှောက်မတွေးနဲ့ ၊ အဲ့နေ့က ငါဗိုက်သိပ်မဆာတော့လို့ မင်းကို ပေးဖို့တွေးမိသွားတာ၊ ဒါပေမယ့် မင်းတစ်ယောက်တည်းကွက်ပေးရတာ ဟိုနှစ်ယောက်ကို အားနာလို့ မင်းလော်ကာထဲထည့်ပေးခဲ့တာ"
ထိုလူကြီး၏ ဖြောင့်ချက်က ဘက်လိုက်သည်ဟု ခံစားရသည်။ မည်သို့ပင်ဖြစ်စေ လင်းထက်ကို ဘက်လိုက်နေတာ အသိအသာကြီး။ အားရပါးရ တစ်ချက်ခိုးပြုံးလိုက်မိသည်။ သို့သော် ရုတ်တရတ် ဝင်လာသော အတွေးတစ်ခုကြောင့် ထိုအပြုံးတို့အားလျော့သွားသည်။ မျက်လုံးထဲမြင်ယောင်မိလာသည်က ဆံပင်ရှည်ရှည်နှင့်အမျိုးသမီးတစ်ဦး။
အလန့်တကြား ထိုလူကြီးကို မော့ကြည့်မိတော့ အနာကို ဂရုတစိုက်ဆေးထည့်နေသည်။ ခေါင်းငုံ့ထားသဖြင့် အနီးကပ်ရှိနေသော နှဖူးပြင်က မွှေးညှင်းနုလေးတွေရှိနေသည်။ ထူထဲထဲမျက်ခုံးတစ်စုံက အာရုံစိုက်ထားသောကြောင့် စုဆုံနေဟန်ရှိပြီး အရင်က လင်းထက်နှင့်ဆိုလည်း မကြာခဏ စုဆုံနေလေ့ရှိသည်။ ထိုမျက်ခုံးတစ်စုံအောက်မှ လင်းထက် ဆုံမကြည့်နိုင်သော မျက်ဝန်းတွေက ယောက်ျားတစ်ယောက်အနေဖြင့် အလွန်ယောက်ျားဆန်ကာကြည့်ကောင်းသော မျက်ဝန်းမျိုးဖြစ်သည်။ နှာတံက ဖြောင့်စင်းနေခြင်းမဟုတ်ဘဲ အလယ်တွင် ခပ်မို့မို့ တစ်ချက်ရှိကာ လေးထောင့်ဆန်ဆန်မျက်နှာနှင့် လိုက်ဖက်သည်ဟု ယူဆမိသည်။ ခပ်ညိုညိုနှုတ်ခမ်းတို့က ပါးသည်ဟုမဆိုနိုင်သလို ထူသည်ဟုလည်း မသတ်မှတ်နိုင်။
ခြုံငုံကြည့်လျှင် ဦးဖြိုးစည်လင်းသူက အတော်ချောမောသောယောက်ျားတစ်ယောက်ဖြစ်သည်။ ရုပ်ရည်၊ ဥစ္စာ၊ အရည်အချင်းပြည့်စုံသော ထိုသို့သော ယောက်ျားတစ်ယောက်က ယခုအချိန်ထိ ချစ်သူမရှိရခြင်းမှာ တစ်စုံတစ်ယောက်ကို သစ္စာရှိရှိစောင့်နေ၍များလား။
ကိုယ်နှင့်မဆိုင်သည့်ကိစ္စတစ်ခုကို အတွေးနှင့်ပင် လင်းထက် မွန်းကြပ်သွားသလို ခံစားရသည်။
လင်းထက်ပင် သဘောကျရသော ဆံပင်ရှည်များကို ပိုင်ဆိုင်ထားသော မမလင်းသစ္စာနွယ်။
တချိန်က ထိုလူကြီး တင်ထားခဲ့သောစာနှင့် မမကိုတွဲကာ မြင်ယောင်မိလာသည်။ ယခင်က သူဘာကြောင့်မတွေးမိခဲ့ပါလိမ့်။
"ပြီးပြီ"
ပတ်တီးဖြူဖြူကို တစ်ချက်ငေးကြည့်ရင်း စိတ်နှင့်ကိုယ်ကိုကပ်ဖို့ သတိပေးရသည်။
"ကျေးဇူးတင်ပါတယ် အစ်ကို"
"အေး ကျေးဇူးတင်ရင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်၊ စိတ်နဲ့ကိုယ်နဲ့ မကွာအောင် သတိထား။ မင်းကို ငါလည်း အမြဲတမ်းလိုက်မဆွဲနိုင်ဘူး။ ဘယ်သူ့မှလည်း အချိန်တိုင်း ကူညီနိုင်မှာမဟုတ်ဘူး။ ငါပြောတာ ကြားလား"
"ဟုတ်"
"ဒါဆို ငါသွားတော့မယ်၊ အဖျားတက်တာဖြစ်ဖြစ် ဘာဖြစ်ဖြစ် တစ်ခုခု အကူအညီလိုတာရှိရင် ဖုန်းဆက်၊ ဖုန်းနံပါတ်ရှိတယ် မဟုတ်လား"
"ဟုတ် ရှိတယ်"
"အင်း အာ့ဆို ငါသွားပြီ"
ထို့နောက် နှုတ်ဆက်ပြီးပြန်သွားသော ထိုလူကြီးကို ငေးကြည့်ရင်း ဘာကြောင့်ရယ်မသိ မပျော်တော့ခြင်းကို ခံစားရသည်။
ထိုလူကြီး၏ အချစ်ဦးဟာ မမဖြစ်လိမ့်မည်ဟု မသိစိတ်က ထင်လာသည်။ တည်ကြည်ကာ ဒေါသကြီးတတ်သော ထိုလူကြီးလိုလူမျိုးက လင်းထက်လို အမြဲလွဲချော်တတ်သည့် ကောင်လေးတစ်ယောက်ကို သူ့မူနှင့်ကွဲထွက်၍ ဘက်လိုက်အလေးပေးနေသည်က မည်သို့ပင်စဥ်းစားစဥ်းစား ထိုအဖြေကို တွဲတွေးမိစရာပင်။
တကယ်ဆို ကိုယ်အားကျရသည့်လူနှင့် ကိုယ့်အစ်မဆိုလျှင် ပျော်ရွှင်ရမည်မဟုတ်လား။ ယခုတော့ မပျော်ရွှင်နိုင်ဘဲ မွန်းကြပ်သွားခြင်းက မည်သည့်အတွက်ကြောင့်များလဲ။
**********************************
အားလုံးကို ကျေးဇူးတင်လျက်
Sakura Rain🌸