မြတင့် သေဆုံးပြီးနောက်တွင် အရေးပိုင်မင်း ကိုလှသောင်မှာ ပျောက်ချင်းမလှ ပျောက်သွားတော့သည်။ သတင်းအစအနပင်ရှာမရခဲ့ပါချေ။
အချို့က တစ်ရပ်တစ်ကျေး ပြောင်းသွားသည်ဟုဆိုသည်။ အချို့ကတော့ သေသွားပြီဟု ဆိုကြသည်။ ဘယ်သူမှ တိတိကျကျမသိပါချေ။
ကိုလှသောင်မှာ မြတင့်နောက်သို့ တကယ် လိုက်ပါသွားခဲ့ပေခြင်းလော။ သို့တည်းမဟုတ် လူသူမရှိလှသောတောရွာလေးတစ်ရွာတွင် မြတင့်ကြိုက်လှပါသည်ဆိုသော နှင်းဆီနီနီများကို စိုက်ပျိုးနေလေမည်လော။ မည်သူမျှ မသိနိုင်တော့ပါချေ။
အမှန်တရားတစ်ခုမှာ ကိုလှသောင်သည် ထာဝရ ပျောက်ကွယ်သွားခဲ့ချေပြီဖြစ်၏။
ဤပတ်ဝန်းကျင်ကြီးမှ၊ မြတင့်လိုလူစားမျိုးအား ရှုံ့ချပြစ်တင်တတ်သော ဤပတ်ဝန်းကျင်ကြီးမှ ထာဝရ...ထာဝရအတွက် ပျောက်ကွယ်သွားခဲ့ပြီသာဖြစ်၏။
ထားမေမှာ သားလေး မွေးဖွားခဲ့သည်။ မြတ်သိန်းမှာ ထားမေအား မချစ်သော်လည်း ကလေးလေးအား အတော်ချစ်ရှာသည်။
ဤကလေးငယ်လေးမှာ မြတင့်ပေးသောလက်ဆောင်၊ မြတင့်ပေးသော ဒဏ်ရာငယ်လေးပင်ဖြစ်ချေသောကြောင့် ဖြစ်၏။
မြတင့် သေဆုံးသွားကြောင်းကိုမူ အတော်လေးနောက်ကျမှ သိခဲ့ရသည်။ မြတ်သိန်းမှာ ကတိတည်ခဲ့၏။ မြတင့်ထံ လုံးဝမလာခဲ့ပါချေ။ သို့ပါသော်လည်း မြတ်သိန်းသည် မြတင့်၏ သဘောကိုဟနားလည်ခဲ့ချေပြီဖြစ်၏။ သူ့နောက်လိုက်ခဲ့မည်စိုး၍ မိမိအား အဝေးသို့တွန်းပို့ခြင်းဟူသည်အား နားလည်ခဲ့ချေပြီ။
"အို...ကျွန်တော့်အတွက်တော့ မြဟာ သနားစရာပဲ"
"မြဟာ မုန်းစရာတဲ့လား၊ မြဟာ သနားစရာ..သနားစရာ"
မြတ်သိန်းသည် မြတင့်သေသွားပြီးနောက် ထိုသို့တမ်းတနေမိပါသေးသည်။
သူ့တွင် ငဲ့စရာ သားငယ်ကလေးရှိလာပြီ။ သူသည် သားငယ်လေးအား ချစ်သောအချစ်တို့ဖြင့် နှလုံးသားတစ်ခုလုံးပြည့်နေပါ၏။
သို့ပါသော်လည်း နှလုံးသား၏ ဟိုးအတွင်းကျကျချောင်လေးတစ်ခုတွင်တော့ မြတင့်ဟူသော ကောင်ငယ်တစ်ယောက်ဟာ နေရာယူထားမြဲပင်ဖြစ်ချေ၏။
မြတ်သိန်းအတွက်မူ မြတင့်သည် ထာဝရပင်ဖြစ်ချေ၏။
မြတင့်မရှိတော့သည့်နောက်ပိုင်းတွင် ခြံကြီးသည် ကြောက်စရာကောင်းလာ၏။ နှင်းဆီတို့သည်လည်း ပြုစုမည့်သူ မရှိတော့သောကြောင့် ယိုင်နဲ့ကာ ဖရိုဖရဲဖြစ်ကုန်ကြ၏။
ခြံဝ၌ ချိတ်ဆွဲထားသော "ပန်းမခူးရ"ဟူသည့် ဆိုင်းဘုတ်လေးရှိ စာလုံးတို့သည်လည်း အရောင်လွင့်ခဲ့ချေပြီ။
ပတ်ဝန်းကျင်ကပြောကြ ဆိုကြသည်မှာတော့ ညညဆိုလျှင် အနီရောင်ဝတ် အမျိုးသမီးပုံရိပ်တစ်ခုသည် ယခင်က မြတင့်နေထိုင်သွားသော အခန်းပြတင်းတွင် မတ်တပ်ရပ်ကာ ဆေးလိပ်သောက်နေတတ်သည်ဟု ဆိုကြ၏။
မျက်လုံးတို့သည် တစ်ဖက်ခြံသို့ စူးစူးဝါးဝါးကြည့်နေတတ်သည်ဟု ဆိုတတ်ကြသေးသည်။ ထို့ကြောင့် လူတို့သည် မတတ်သာမှသာလျှင် မြတင့်၏ခြံရှေ့မှ ဖြတ်လျှောက်ကြပါ၏။
မြတင့်က မကျွတ်မလွတ်ဖြစ်စရာတဲ့လား။
မြတင့်သည် ဤနေရာဒေသကြီးတွင် လုံးဝမနေလိုသူပင် ဖြစ်သောကြောင့် ဤနေရာကြီးတွင် တစ္ဆေသရဲဘဝဖြင့် ရှိနေပါမည်တဲ့လား။
ပတ်ဝန်းကျင်ဆိုတာကြီးသည် မြတင့်အား သေဆုံးသွားပြီးသည်အထိပင် ပြစ်တင်ကဲ့ရဲ့နေချင်စဲပင် ဖြစ်ချေ၏။
မြတင့်ကား သေချာပေါက်ကို ဤပတ်ဝန်းကျင်ကြီးမှ ကျွတ်မြောက်သွားမည်ဖြစ်၏။
ကိုလှသောင်မှာ ပျောက်ချင်းမလှပျောက်သွားခဲ့သော်လည်း မြတင့်ချန်ရစ်ထားခဲ့လေသော စာလေးကိုမူ မြတင့် သေဆုံးပြီး ၃လ အကြာတွင် လွန်းမောင်ထံသို့ ရောက်လာခဲ့ပါ၏။
စာထဲတွင် ဘာရေးထားမှန်းတော့မသိ။ လွန်းမောင်မှာ မြတင့် သေဆုံးသွားကြောင်း သိပါသော်ငြား မြတင့်နေထိုင်ရာ ခြံလေးဆီသို့ လုံးဝရောက်မလာခဲ့ပါချေ။
မြတင့် သေဆုံးသွားသည်ကို သူ မမြင်ချင်ပါချေ။ မမြင်ရက်ပါချေ။ မြတင့်က သေသွားစရာတဲ့လား။ မြတင့်က သေနိုင်မည်တဲ့လား။
မြတင့်က ထာဝရ သူ့ရင်ထဲတွင် ရှင်သန်နေမည်ဖြစ်၏။ သို့ကြောင့် မြတင့်သေသွားသည်ကို သူက သွားနှုတ်ဆက်စရာတဲ့လား။ မြတင့်က ရှင်နေဆဲ။
သည်လိုနှင့် နှစ်တွေ လတွေ အဖန်ဖန်ကုန်လွန်လာပါ၏။ လွန်းမောင်နှင့် မြတင့်တို့၏ အချစ်ဇာတ်လမ်းလေးသည် အတိတ်ကာလတစ်ခုတွင်သာ ကျန်ရစ်ခဲ့ပါတော့၏။
မြတင့်ဟူသည့် အမည်နာမလေးအား ဘယ်သူကမှ အမှတ်မရကြတော့ပါချေ။ လောကကြီးသည် မြတင့်အား မေ့သွားခဲ့ချေပြီ။
နှစ်ပေါင်း ၅၈နှစ်အကြာ ၁၉၉၈ခုနှစ်။
အခန်းငယ်တစ်ခုထဲတွင် အသက်ရှစ်ဆယ်အရွယ် အဖိုးအိုတစ်ဦးသည် အသက်ငင်နေရှာ၏။ ထိုအဖိုးအို၏ နံဘေးတွင် ဘယ်သူမှရှိမနေခဲ့ပါချေ။ အဖိုးအို၏ ဇနီးသည်မှာ လွန်ခဲ့သော ဆယ်နှစ်ကျော်လောက်ကပင် သေဆုံးသွားခဲ့ရှာပြီဖြစ်၏။ သားသမီးလည်း မထွန်းကားပါချေ။
ထိုအဖိုးအိုမှာ လွန်းမောင်သာဖြစ်၏။ ဆံပင်တို့သည် ဖွေးဖွေးဖြူနေပြီး ပါးရေနားရေလည်း တွန့်နေပြီဖြစ်၏။ သို့ရာတွင် အဖိုးအိုသည် ရွှင်ရွှင်ပျပျပြုံးနေခဲ့ပါ၏။ သေခြင်းတရားအား မကြောက်ရွံ့သည့်နှယ်။ လောကကြီးမှ ထွက်သွားချင်နေသည့်နှယ်။ တမင်လွန်၌ တစ်စုံတစ်ဦးအား ပြင်းပြင်းပျပျတွေ့ချင်နေဟန်။
အဖိုးအိုသည် လက်ထဲ၌ ဝါညစ်ညစ် စာလေးတစ်စောင်ကို ဆုပ်ကိုင်ထားပါ၏။
"မောင်ရဲ့ မြလေးရေ" ဟူ၍ တုန်တုန်ရီရီ ရေရွတ်နေရှာ၏။
"မြရေ...မောင် မြနောက် လိုက်လာခဲ့တော့မယ်ကွယ်"
"မြလေးရေ...ဘယ်မှထွက်မသွားဘဲ မောင်...မောင့်ကို စောင့်နေပါနော်၊ မောင်လေ...မြကို တောင်းပန်ချင်လိုက်တာ.."
လွန်းမောင်ဆိုသော အဖိုးအိုသည် လှိုက်လှိုက်လှဲလှဲပြုံးလာပြန်ပါ၏။
"မောင့်ကို ဒီလောက် ညှဥ်းဆဲရရင် တော်ရောပေါ့ကွယ်၊ မောင့်ရဲ့ မြလေးရယ်"
ထို့နောက်တွင် အဖိုးအိုသည် အသက်ပြင်းပြင်းတစ်ချက်ငင်ကာ သေဆုံးသွားတော့သည်။
အဖိုးအိုဘေးတွင် ဘယ်သူမှမရှိခဲ့။ အဖိုးအို သေဆုံးသွားသည်ကိုပင် လောကကြီးက မသိခဲ့ပါချေ။
အဖိုးအိုသည် သူ၏ ဘဝတစ်လျှောက်လုံးတွင် မြတင့် ရေးသားခဲ့လေသော စာကလေးအား အခေါက်ပေါင်း သိန်းသောင်းမက ဖတ်ခဲ့ဟန်တူသည်။
အဘယ်ကြောင့်ဆိုသော် ထိုအဖိုးအိုထံတွင် မြတင့်နှင့် ပတ်သက်လေသော အရာဟူ၍ ဤစာလေးတစ်စောင်သာ ရှိခဲ့သောကြောင့်ပင် ဖြစ်၏။
အလွမ်းပြေကြည့်ရန် မြတင့်၏ ဓာတ်ပုံကလေးတစ်ပုံမရှိခဲ့၊ အမှတ်တရပစ္စည်းလေးတစ်ခုပင် မရှိခဲ့ပါချေ။
ဤစာကလေးကသာ အဖိုးလွန်းမောင်အတွက် ဖြေသိမ့်စရာဖြစ်ခဲ့ရ၏။ မြတင့်အား စူးစူးနင့်နင့် သတိရလာမိသည့်အခါ ဤစာလေးအား အကြိမ်ကြိမ်ပြန်ဖတ်ကာ ငိုရှာသည်။
စာလေးက "မောင့်ထံသို့" ဟူ၍ဖြစ်ချေ၏။
မောင့်ထံသို့/
မောင်ရေ.. မြတော့ သိပ်မောတာပဲကွယ်။ ဘာလို့မောရသလဲ မောင် မေးဦးမလား။ မောလို့ မောတာပေါ့ကွယ်။ မောင့်ဆီ စာလေးတစ်စောင် ရေးဖို့အရေး မြမှာ အတော်လေး အားယူလိုက်ရတယ်..။
မြလည်း သေရဖို့ နီးပြီထင်ပါရဲ့ မောင်..။
ဒါနဲ့ မောင်ရေ... ညက မြ သွေးတွေ အန်တယ်။ မဲညစ်ညစ်ကြီးပါ မောင်ရာ။ ပြီးတော့ အခုလိုပဲ မြ မောလာပါရောလား။
သွေးတွေ မဲညစ်နေတာဟာ သေဖို့လက္ခဏာပဲဖြစ်မယ် မောင်။
ဟာ ဟ ၊ ရယ်ချင်စရာပဲ မောင်ရာ။ နာလိုက်ကျင်လိုက်တာဆိုတာလေ အသည်းခိုက်အောင်ပဲ။
သိပ်မကြာလိုက်ပါဘူး...။ မြ အိပ်ပျော်သွားတော့တာပဲ။ ဆေးရှိန်ကြောင့် နေမှာပါ..။ ပုံမှန်ဆို မြဟာ တော်တော်နဲ့ အိပ်မပျော်တတ်ဘူး။ ပြီးတော့ မြလည်း အိပ်မက်တွေ လျှောက်မက်တော့တာပဲ..။
အိပ်မက်ထဲမယ် ပျော်စရာကြီး မောင်ရယ်...။
မောင်နဲ့မြ ပန်းခင်းကြီးတစ်ခုထဲမှာ လမ်းလျှောက်နေကြသတဲ့။ ပန်းခင်းကြီးက အနီရောင်ကြီးတဲ့။ နှင်းဆီတွေဖြစ်မယ် မောင်။ တစ်ချက် တစ်ချက်တော့ မြ ပန်းဖြူဖြူလေးတွေကို မြင်ရတယ်။ အဲ့တာ စံပယ်လေးတွေတဲ့လေ။
စံပယ်တွေဟာ သိပ်မွှေးတဲ့အကြောင်း မြ တော်တော်နောက်ကျမှ သိခဲ့ရတယ်။ ဒါပေမယ့် မြဟာ နှင်းဆီတွေကို ကြိုက်နှင့်နေပြီးသားဖြစ်နေတယ်လေ။ စံပယ်တွေကို ပြောင်းမကြိုက်ချင်တော့ပါဘူး။
မြတို့နှစ်ယောက်က တစ်ယောက်လက်ကို တစ်ယောက် မလွှတ်တမ်း တွဲထားကြသေးတယ်တဲ့။
မောင်က မြကို ကလေးလေးတစ်ယောက်လို ခေါင်းပုတ်ပေးသတဲ့။ ပြီးတော့ မြကို မဆိုးဖို့လည်း ဆုံးမနေသေးတယ်။ မြ ကြည်နူးလိုက်တာလေ။
နောက်ပြီး မောင်က ပြောသေးတယ်။ မောင်တို့ တစ်သက်လုံး အတူတူနေသွားကြမယ်တဲ့လေ။ မြမှာကလည်း နာကျင်စရာတွေ မရှိ။ မောင့်မှာကလည်း ငဲ့ကွက်စရာ လူတွေမရှိ။
အို...ကုန်ကုန်ပြောရကြေးဆို မြတို့နှစ်ယောက်ကြားမှာ အချစ်တွေပဲ ရှိတယ် မောင်..။ နောက်ပြီး မောင်က မြကို တင်းနေအောင် ဖက်ထားသတဲ့။ ထွက်ပြေးသွားမှာ စိုးလို့တဲ့လေ။
မောင်ဟာ အိပ်မက်ထဲမှာတောင် ကလေးဆန်နေတုန်းပါလားဆိုပြီး မြ ပြန်တွေးရင်း ပြုံးမိသေးတယ်။ မဲ့ပြုံးမဟုတ်ရပါဘူး မောင်ရယ်။ ရင်ထဲကလာတဲ့ အပြုံးပါ။
မြက ထွက်ပြေးစရာလားနော်။ မောင်ဟာ သိပ်ရယ်ရတာပဲ။ မြဟာ မောင့်အနားမှာပဲ အမြဲနေချင်သူပါ။
ဒါပေမယ့်ကွယ် မြ ပျော်ရွှင်မှုတွေက ကြာကြာမခံပါဘူး မောင်ရာ...။ အိပ်မက်ထဲမှာ မြ မောလာတယ်လေ။ မြ မောလာပါသတဲ့ မောင်။
ဒါနဲ့ပဲ မြလည်း မောင့်ရင်ခွင်ထဲကနေ ထွက်ပြီး တစ်ဖက်ကိုလှည့် ချောင်းဆိုးလိုက်တယ်။ မြ မောင့်ဖက် ပြန်လှည့်လာတော့ မောင်ဟာ နေရာမှာ မရှိတော့ဘူး။
မောင်က မြနဲ့ အဝေးကြီးကို ထွက်သွားသတဲ့။ မြ မောင့်နောက်ကို ပြေးလိုက်ချင်တာဆိုတာလေ။ ဒါပေမယ့် မြမှာကလည်း အားမရှိ၊ မောနေတယ်တဲ့လေ။ မြဟာ နေရာလေးမှာရပ်ပြီး မောင့်ကျောပြင်လေးကိုပဲ ရပ်ကြည့်နေရတာပေါ့။
နောက်ဆုံး မောင့်ကိုလည်း မမြင်ရတော့ဘူး၊ အနီရောင်ပန်းခင်းကြီးဟာလည်း မရှိတော့ဘူး။ မြ အမှောင်ကြီးကိုပဲ မြင်နေရတယ်။ နောက်တော့ မြ လန့်နိုးလာတော့တာပဲ။
မြ တစ်ကိုယ်လုံး ချွေးတွေ နစ်လို့။ မြပါးပေါ်မှာ စိုစိုစွတ်စွတ်ကြီးဖြစ်နေလို့ လက်နဲ့ပွတ်ကြည့်လိုက်တော့ မျက်ရည်တွေ ဖြစ်နေသတဲ့လေ။
ဒါဟာ အိပ်မက်တဲ့ မောင်..။ အို အိပ်မက်မို့လို့ တော်သေးတာပေါ့လေ။
အခုတော့ မောင်ရယ်.. မြ အသက်ရှင်နေပါသေးတယ်။ မြဟာလေ အသက်ကို ပြင်းနေပါရောလား။ မြဟာ သေချင်တယ် သေချင်တယ်သာ ဆိုနေရတယ်။
တကယ်တော့ မြလေ သေရမှာ သိပ်ကြောက်ပါတယ်။ မြလည်း အခြားလူတွေလိုပဲ မသေချင်ပါဘူး။ ဒါပေမယ့် မောင်ရယ်၊ လူတွေပေးတဲ့ဒဏ်ရာတွေဟာ အသက်ရှင်ချင်တဲ့စိတ်ကို အနိုင်ပိုင်းပစ်လိုက်နိုင်ကြတယ်လေ။ အားကြီးလိုက်ပုံများ ရယ်ချင်စရာတောင်ကောင်းတယ်။ မြ အော်ရယ်လိုက်တော့ လူတွေက မြကို အရူးတစ်ယောက်လို သတ်မှတ်သွားကြပုံပဲ။
မောင်ရယ် မြဟာ မရူးသေးပါဘူး။ ရူးတော့ ရူးကြည့်ချင်တယ်။ ရူးရင် အေးချမ်းသွားလေမလား။ အို သေမှ အေးမှာ မောင်ရဲ့။ သေသွားမှ။
မြ သေရင် မောင် ငိုနေမလားနော်။ ငိုတော့ မငိုပါနဲ့။ ဒါဟာ ငိုစရာ မဟုတ်ပါဘူး မောင်။ မြအတွက်တော့ ပျော်စရာပါ။ မြဘဝကြီးက အေးချမ်းတော့မယ်လေ။
မောင်တစ်ယောက် ဒီစာရတဲ့အခါ မြ ရှိရာဆီ မလာခဲ့ပါနဲ့။ မြ ရှိတော့မှာလည်း မဟုတ်ဘူး။
မောင့်ကိုလည်း မြ ခွင့်လွှတ်ခဲ့တယ်။ နောက်ပြီး မောင့်ကို မြ သိပ်ချစ်တယ်။ ဒါကြောင့်မို့ မောင် အသက်ရှည်ရှည် နေရမယ်နော်။
တစ်ခုတော့ မြ မောင့်ကို ပြောခဲ့ပါဦးမယ်။ မောင် တစ်ခါလောက်တော့ မြကို ကာကွယ်ပေးဖို့ကောင်းပါတယ်။ တစ်ခါလောက်ပဲလေ။
ချစ်တဲ့ မြ။
စာလေးမှာ သည်မှာတင် အဆုံးသတ်၏။ မြတင့်မှာ နောက်ဆုံးအနေဖြင့် လွန်းမောင်အား တစ်ခုသာလျှင် တောင်းဆိုခဲ့ပါ၏။
ဤသည်မှာ အသက်ရှည်ရှည်နေပါရန်ဖြစ်၏။
အချစ်ဟူသည် ဤအရာသာဖြစ်၏။ အချစ်စစ်ဟူသည် ရယူပိုင်ဆိုင်လိုခြင်း မဟုတ်။ စိတ်လိုလက်ရ ပေးဆပ်လိုခြင်းသာ ဖြစ်၏။
နောင်ဘဝဆိုတာများ ရှိခဲ့လျှင် မြတင့်သည် ပန်းလေးတစ်ပွင့် ဖြစ်ချင်မိပါ၏။ ပန်းနီနီလေးဖြစ်ချင်သည်။ ပန်းဖြူဖြူလေးဆိုရင်တောင် အဆင်ပြေပါသည်။
ပန်းကလေးများဖြစ်ခဲ့ရင်တော့ မောင့်နှာခေါင်းဝမှာ ကလူကျီစယ်လုပ်နေတဲ့ ပန်းရနံ့လေးဟာ မြဖြစ်ကြောင်း မောင့်ကို သတိထားမိစေချင်သည်။
ထိုပန်းရနံ့ကြောင့် မောင်ပြုံးတဲ့အခါ မြကမ္ဘာမှာ ပန်းတွေ လှိုင်လှိုင်ပွင့်ရပါမယ် မောင်။
နောင်ဘဝမှာ မောင် အမြဲပြုံးနေပါ။ ဝမ်းနည်းစရာရှိလာတဲ့အခါ ပန်းကလေးတွေကို ရင်ဖွင့်ပါ။
ပျော်စရာရှိလာရင်တော့ ချစ်ရသူတွေနဲ့ မျှဝေခံစားပါ။ ပန်းကလေးငယ်ကတော့ အဝေးကနေပဲ မောင့်အပြုံးတွေကို ငေးကြည့်နေပါမည်။
ငေးသာငေးနေချင်သည်။ မတွေ့ဆုံချင်တော့၊ မကြုံချင်တော့၊ မဆုံချင်တော့ပါချေ။
မောင်မမြင်နိုင်သော ချောင်ကျကျနေရာလေးတစ်ခုကပင် မောင့်အား ခိုးငေးနေချင်တော့သည်။
တစ်ခုတော့ မောင့်ကို မှာချင်ပါသေးသည်...။
"ပန်းမခူးပါနဲ့ မောင်"ဟူ၍...။ ။
...........The End........
______