𝖤𝗉𝗂𝗌𝗈𝖽𝖾 [𝟣]

1.9K 114 14
                                    

" ချယ်ရီပွင့်လေးတွေက တစ်စက္ကန့်ကို 𝟧𝖼𝗆 နှုန်းနဲ့ မြေပြင်ပေါ်ကို ကြွေကျကြတယ်တဲ့"

ချယ်ရီပင်တွေ အစီအရီစိုက်ထားတဲ့ ကုန်းစောင်းလမ်းလေးအတိုင်း ခုန်ဆွခုန်ဆွပြေးရင်း ပြောလိုက်တဲ့ ကောင်လေးရဲ့အသံက ရွှင်ရွှင်မြူးမြူးလေး။

နွေဦးလေပြေက ချယ်ရီပွင့်ဖတ်လေးတွေကို တစ်လွှာပြီးတစ်လွှာခြွေယူနေတယ်။ လေတစ်ချက်ဝေ့လိုက်တိုင်း ပွင့်ဖတ်လေးတွေက မြေပြင်ပေါ်ကိုဝဲခနဲ၊ ကောင်လေးရဲ့ ခပ်အုပ်အုပ် ဆံပင်လေးတွေကလည်းလွင့်ခနဲ။

𝖲𝗁𝖺𝗇𝗀𝗁𝖺𝗂 ရဲ့နွေဦးက ဒီနှစ်မှာလည်း လှလှပပလေး ရောက်လာခဲ့ပြန်တာပဲ။

ကြည်ပြာရောင်မိုးကောင်းကင်ရယ်...၊
ပန်းနုရောင်သမ်းနေတဲ့ပတ်ဝန်းကျင်ရယ်...၊

အသက်ရှူမှားလောက်အောင်လှပေမယ့် ရှောင်းကျန့်ရဲ့အာရုံတွေကတော့ ကောင်လေးရဲ့ဆံပင်ညိုညိုလေးတွေပေါ်ကပ်ငြိနေသော ပွင့်ဖတ်လေးတွေဆီမှာသာ။

ဘာတစ်ခွန်းမှပြန်မပြောဘဲ အကြာကြီးငြိမ်နေမိတော့ ကောင်လေးက ပြေးနေရာကနေ တုံ့ခနဲရပ်လိုက်ပြီး လည်ပြန်လှည့်ကြည့်လာတယ်။

" ကိုကို မင်းသိလား?"

ဒီလူရိုင်းကောင်လေးက သူ့ထက် လေးနှစ်ကြီးတဲ့ ရှောင်းကျန့်ကို အတော်ရိုသေရှာပါတယ်။ ခေါ်တော့ "ကိုကို"၊ စကားပြောတော့ "မင်း" နဲ့ "ငါ" တဲ့။ ပြင်ပေးလို့လည်းမရပါဘူး။ ဒီလိုနဲ့ ကြာလာတော့ သူခေါ်တဲ့အတိုင်း နားယဉ်သွားရတော့တာပဲ။

ရှောင်းကျန့် ကောင်လေးဆီ ခပ်ဖြည်းဖြည်းလျှောက်သွားလိုက်ပြီး ခေါင်းပေါ်တင်နေတဲ့ ပွင့်ဖတ်လေးတွေကို အသာအယာဖယ်ပေးရင်း လေတိုက်လို့ ဖွာချင်, ချင်ဖြစ်နေတဲ့ ဆံပင်လေးတွေကိုလည်း နေရာတကျဖြစ်အောင်လုပ်ပေးလိုက်တယ်။

" ကိုကို သိလားလို့?"

" ဟင့်အင်း"

ကောင်လေးက အလိုမကျသလိုနှာခေါင်းရှုံ့လိုက်ရင်း ရှူးဖိနပ်ဖြူလေးနဲ့ မြေကြီးကို ဟိုထိုးဒီဆွလုပ်ကာ ငြိမ်နေတယ်။

အဲ့ဒီအချိန်မှာပဲ ရထားသံလမ်းဆီက အချက်ပေးခေါင်းလောင်းသံကိုကြားလိုက်ရတယ်။

𝟧𝖼𝗆 𝗉𝖾𝗋 𝗌𝖾𝖼𝗈𝗇𝖽 [𝖤𝖽𝗂𝗍𝖾𝖽]Where stories live. Discover now