"ဘာစကားလဲ"
"လူဆိုးလူမိုက်တွေက အများကွယ်ရာမှာ ခိုးပြီးလိမ္မာတတ်ကြတယ်တဲ့... မင်းလိုပေါ့"
"ဒါဆို ခင်ဗျားက ကျွန်တော့်ကို လူဆိုးလူမိုက်လို့ ပြောတာပေါ့... ဟုတ်လား ကိုလင်း"
လင်းသန့်မောင်က ရယ်လိုက်သည်။
"ဟေး ကောင်လေး... ငါအဓိကပြောချင်တဲ့စကားက အများကွယ်ရာမှာ ခိုးပြီးလိမ္မာတတ်တယ်ဆိုတဲ့စကားနော်၊ လူဆိုးလူမိုက်ဆိုတဲ့စကားမဟုတ်ဘူး"
"ခိုးလိမ္မာတယ်ဆိုမှတော့ ခင်ဗျားပြောသလို လူဆိုးလူမိုက်ဟုတ်နေလို့ပေါ့ဗျ"
"ကဲ ကြည့်... အခုပဲ လူမိုက်ဟုတ်ကြောင်း မင်းဟာမင်းပဲ ဝန်ခံလိုက်ပြီ၊ ငါပြောတာမဟုတ်ဘူးနော်"
အံ့မဟော် မျက်မှောင်ကြုတ်သွားလေပြီ။
"ကိုလင်း.... ခင်ဗျား ကျွန်တော့်ကို ကလေးကွက်နဲ့ ရန်လာစနေတာလား၊ ဟုတ်တယ်ဗျာ... ဟုတ်တယ် ကျွန်တော်က ဆိုးလည်းဆိုးတယ် မိုက်လည်းမိုက်တယ်၊ အဲ့တော့ဘာဖြစ်ချင်လဲပြော"
"ဘာမဖြစ်ချင်ပါဘူးခင်ဗျာ... ဘာမှမဖြစ်ချင်ပါဘူး"
အနည်းငယ် စူပုတ်ပုတ် ဖြစ်နေသော အံ့မဟော်ကို လင်းသန့်မောင် ရယ်ကျဲကျဲနှင့် နောက်နေမိသည်။ ဒီကောင်လေး ငြိမ်နေရင် သူတကယ်မနေတတ်။
"မရတော့ဘူး... ခင်ဗျားကို ကျွန်တော်တစ်ခုခုလုပ်ရမှကို ကျေနပ်တော့မယ်"
အံ့မဟော်က ပြောပြောဆိုဆိုနှင့် လင်းသန့်မောင်၏ ပခုံးတစ်ဖက်ကို လှမ်းကိုက်သည်။ ပြုံးစိစိဖြစ်နေသော လင်းသန့်မောင်၏ မျက်နှာသည် သံပုရာသီးငုံလိုက်ရသလို ရှုံ့တွသွားချေပြီ။
တကယ်ကို ကိုက်လိုက်တာပဲ။ နည်းတဲ့အားမဟုတ်။
"အ.. အား..."
သူအော်တော့မှ လွှတ်ပေးတော့သည်။ မဟုတ်လျှင် ကျားတစ်ကောင်လို ဘယ်အချိန်ထိ ဆက်ခဲထားဦးမလဲမသိ။
"နာလိုက်တာကွာ... အတည်ကြီးကိုက်တာပဲ... မင်းက လူလား ခွေးလား ဟင်"
အပိုင်း၅၀
Start from the beginning