မနက်ကိုးနာရီခန့်တွင် လင်းသန့်တို့ စီးနင်းလိုက်ပါလာသော ရွှေမန္တလာခရီးသည်တင်ကားသည် ပုလောမြို့သို့ ရောက်ရှိလေသည်။ တစ်ညလုံး ညောင်းချိနေအောင် စီးလာရသော ဘတ်စ်ကားပေါ်မှ မြေပြင်ပေါ်သို့ ခြေချလိုက်သည်နှင့် ပုလောမြို့လေးက သူတို့အား နွေးထွေးစွာ ဆီးကြိုနေ၏။
ပုလောဟူသည် မြန်မာနိုင်ငံ တောင်ဘက်စွန်းရှိ ထားဝယ်နှင့် မြိတ်မြို့ကြားက အရိုင်းဆန်ဆန် သဘာဝအလှများ ကိန်းအောင်းနေသည့် မြို့ငယ်လေး တစ်မြို့ဖြစ်သည်။ တနင်္သာရီတိုင်းတွင် ပင်လယ်စာ အပေါဆုံးမြို့ဟုလည်း ဆိုနိုင်သည်။
သာယာလှသည့် ကမ်းခြေများနှင့်အတူ နက်ရှိုင်းလှသည့် တောတောင်ရေတံခွန်များရယ်ကြောင့် ပုလောမြို့လေးသည် ပင်လယ်မြို့မကျ တောင်ပေါ်မြို့မကျသည့် နှစ်လိုဖွယ် ခံစားချက်ကို တစ်ပြိုင်တည်း ပေးစွမ်းနိုင်သည်။
ဟိုဟိုသည်သည် ခြေဆန့်၍ အညောင်းအညာဖြေပြီးသည့်အခါ တည်းခိုရန်အတွက် နေစရာရှာရန် အားလုံးစုဝေးရတော့သည်။ သူတို့အုပ်စုတွင် ပုလောနှင့် ရင်းနှီးသည့် လူရယ်လို့ တစ်ဦးတစ်လေတောင် မပါဝင်ပေ။ ပုလောဆိုသည်ကို လင်းသန့်ပြောမှသာ ကြားဖူးကြသူများ ဖြစ်ကြသည်။
"ရောက်တော့လာပြီ... ဘယ်မှာ နေကြမလဲ စီစဉ်ကြဦး"
"Hostel တစ်ခုတော့ စုံစမ်းလာတယ်ကွ... ဘယ်လိုသွားရမလဲတော့ မသိဘူး"
"ဒီကလူေတွကို ေမးကြည့်ကြမယ်လေ"
သူတို့အုပ်စု ခေါင်းချင်းဆိုင်၍ တိုင်ပင်နေတုန်း လူတစ်ယောက် သူတို့ဆီသို့ ချဉ်းကပ်လာသည်။ ထိုသူသည် ရှပ်လက်တိုနှင့် ပုဆိုးပြာပြာကို သပ်ရပ်စွာ ဝတ်ဆင်ထားသည်။ ခပ်ဝဲဝဲအသံနှင့် အပြုံးချိုချိုကို ဆင်းမြန်းရင်း
"ဟေး... ညီလေးတို့ကို အစ်ကိုသိတယ်၊ အစ်ကို့ကို မှတ်မိကြလား"
မြင်ဖူးသလို ရှိပေမဲ့ ထိုလူ မည်သူမှန်း လင်းသန့်မောင် ဗြုန်းခနဲ မမှတ်မိ။
"မြင်ဖူးတယ်ဗျ... ဘယ်သူလဲမသိဘူး"
သက်လတ်ပိုင်းအရွယ်ရှိ ထိုလူအား ပြန်လည်အဖြေပေးပြီးနောက် လင်းသန့်လည်း ဦးဏှောက်ကို အလုပ်ပေးမိသည်။ ထိုလူ့ကို သူသိနေသည်။ မည်သည့်အချိန် မည်သည့်နေရာမှာ ရင်းနှီးခဲ့သည်ကိုတော့ စဉ်းစား၍မရ။
"ချောင်းသာမှာ အစ်ကို့သားလေး ရေနစ်တာကို ကယ်ပေးခဲ့တာ ညီလေးတို့မလား... အစ်ကိုက ကျော်ကျော်အောင်ပါ"
"အာ... မှတ်မိပြီ မှတ်မိပြီ"
"ညီလေးတို့ ကားပေါ်က ဆင်းကတည်းက ရင်းရင်းနှီးနှီး တွေ့ဖူးပါတယ်ဆိုပြီး အစ်ကိုလှမ်းကြည့်နေတာ၊ မသေချာလို့ မနှုတ်ဆက်တာ၊ ညီလေးတို့ ဘာလုပ်ကြတာလဲ... အလည်လာတာလား"
"ဟုတ်တယ် အစ်ကိုရေ... ကျောင်းပြီးတော့ သူငယ်ချင်းတွေ စုပြီး ခရီးထွက်လာတာ"
"ဒီမြို့မှာ အသိတွေ ဘာတွေရှိလား"
"မရှိဘူး အစ်ကိုရ... ကျွန်တော်တို့ ဒီအတိုင်း စူးစမ်းမလို့ ထွက်လာကြတာ"
"ဒါဆိုရင်တော့ ဘာမှ စိတ်မပူနဲ့၊ အစ်ကိုတို့အိမ်မှာသာ လိုက်နေ၊ ပုလောတစ်မြို့လုံးကို နှံ့အောင် လိုက်ပို့ပေးမယ်"
"အားနာစရာကြီးဗျာ... ကျွန်တော်တို့က လူအများကြီးရယ်၊ ကျွန်တော် hostel တစ်ခု စုံစမ်းလာတယ်၊ နာမည်က royal hostel ဆိုလား... အဲ့ကိုတော့ အစ်ကိုဖြစ်နိုင်ရင် ကျွန်တော်တို့ကို လမ်းညွှန်ပေးပါ့လား"
"Royal ကို သွားစရာမလိုပါဘူးကွာ... အစ်ကိုတို့အိမ်က အဲ့ hostel အနားလေးတင်... အစ်ကို့ အိမ်ကိုသာ လိုက်ခဲ့"
ပုလောမြို့ခံ ထိုအစ်ကိုက ဝမ်းပန်းတသာ ကြိုဆိုနေတော့ ငြင်းရမလို လက်ခံရမလို ဝေခွဲရခက်နေသည်။ နယ်ခံအသိရှိတော့ သွားရလာရအဆင်ပြေမှာကြောင့် မငြင်းချင်ပေမဲ့ ကိုယ့်လူအုပ်ကိုယ် ပြန်ကြည့်ရသေးသည်။ လူရှစ်ယောက်တောင် သူစိမ်းအိမ်မှာ နေရဖို့ကတော့ နည်းနည်းတော့ အားနာချင်စရာ ကောင်းသည်မဟုတ်လား။
ကျန်တဲ့လူတွေကတော့ လင်းသန့်ဆုံးဖြတ်ချက်ကို လိုက်နာမည်ဟု ခံယူထားကြသလားမသိ။ ဘာစကားတစ်ခွန်းမျှ ဝင်မပြောဘဲ သူ့ကိုသာ ဝိုင်းကြည့်နေကြသည်။
"ဟို... ကျွန်တော်တို့ လူအုပ်က နည်းနည်း..."
"ဒီလူအုပ်လောက်ကို အစ်ကို ကောင်းကောင်းကြီး ဧည့်ခံနိုင်ပါတယ်ကွ... ဘာမှအားမနာနဲ့၊ ကြုံတုန်းကျေးဇူးဆပ်ရတယ် သဘောထားလိုက်ကွာ"
ထိုအစ်ကိုက လင်းသန့်အတွေးအား သိနေသလို အားမနာစေရန် ပြောသည်။
"အိမ်ကမိန်းမဆိုရင် သူ့သားကို ကြုံတိုင်း ညီလေးတို့အကြောင်းကို တဖွဖွပြောပြတုန်း... လိုက်သာလိုက်ခဲ့ပါကွာ... အခုလို ပြန်ဆုံရင် သူလည်း သိပ်ဝမ်းသာမှာ"
လင်းသန့်လည်း ငြင်းရခက်သလို ခေါင်းကို တစ်ချက်ပွတ်လိုက်ပြီး
"ကောင်းပါပြီ အစ်ကို၊ ဒါဆိုလည်း အစ်ကို့ကိုပဲ ဒုက္ခပေးရတော့မယ်"
"ဒုက္ခမဟုတ်ပါဘူးကွာ... ကိုယ့်နယ်ကို လာလည်တဲ့ ဧည့်သည်တွေကို အိမ်ရှင်ဖြစ်တဲ့ အစ်ကိုတို့က ဧည့်ဝတ်ကျေရမှာပေါ့၊ အစ်ကို့အိမ်က တံတားဘက်မှာ ဆိုတော့ နည်းနည်းလှမ်းတယ်၊ လာ... အစ်ကို့နောက်က လိုက်ခဲ့ကြ"
ဤသို့ဤနှယ် ကိုကျော်ကျော်အောင်၏ ကောင်းမှုဖြင့် ပုလောမြို့တွင် နေထိုင်တည်းခိုရန်အပြင် စားသောက်လည်ပတ်ရန် အရာအားလုံး အဆင်ပြေချောမွေ့ခဲ့လေတော့သည်။
°°°°°°°