အပိုင်း၄၉

Start from the beginning
                                    

    ငယ်ငယ့်စကားကြောင့် ခွာလိုက်ဖဲ့လိုက်နှင့် ကစားနေသော သူ့လက်ချောင်းတို့သည် ဘရိတ်အုပ်ရပ်တန့်သွားကာ မျက်ခုံးတို့လည်း ကြုတ်သွားရသည်။ ထို့အပြင် ပျင်းရိဟန်ဖြင့် ပေါ့ပါးတိုးညှင်းနေသော လေသံသည်လည်း အနည်းငယ်မာသွားလျက်...

    "ဒီမှာ ငယ်ငယ်... သံယောဇဉ်တွေ အရမ်းကြီးမပစ်လိုက်နဲ့၊ တဖြည်းဖြည်း ငယ်ငယ်ပဲ လုံးပါးပါးရလိမ့်မယ်၊ အခုပဲ အချိန်နှောင်းကာမှ ငယ်ငယ့်အတွက် မင်္ဂလာပွဲဆိုတာ ဖြစ်လာခဲ့ရတာမလား၊ သူများအတွက် ကြည့်လွန်းရင် နောက်ဆုံးကိုယ်ပဲခံရမှာ၊ ငယ်ငယ်က ကျွန်တော့်အတွက် အခုလိုမျိုး တွေးပေးပေမဲ့ ကျွန်တော့်အလှည့်ကျရင် ငယ်ငယ့်လိုမျိုး ပြန်တွေးပေးမယ်လို့ ဘယ်သူအာမခံမှာလဲ၊ ငယ်ငယ်လည်း ငယ်ငယ့်ကိုယ်ပိုင် မိသားစုတစ်ခု ထူထောင်သင့်တယ်၊ ငယ်ငယ့်မှာလည်း ကိုယ့်အတွက်ကိုယ် ကြည့်ခွင့်ရှိတယ်"

    ငယ်ငယ်က ဘာမှပြန်မပြောဘဲ သူ့ကို စိတ်မကောင်းစွာဖြင့် ကြည့်နေ၏။ သူကပဲ စကားထပ်ဆက်လိုက်သည်။

    "ငယ်ငယ်ရွေးလိုက်တဲ့လမ်းကို လွတ်လွတ်လပ်လပ်ကြီး လျှောက်ပစ်လိုက်စမ်းပါ၊ ဘာမှငဲ့နေစရာမလိုဘူး၊ တကယ်ဆို ကျွန်တော်တို့နှစ်ယောက်က ဘာသွေးသားမှ မတော်စပ်ဘူးလေ၊ ဘာလို့များ ကိုယ်နဲ့မဆိုင်တဲ့ အထုတ်တွေကို အလေးခံပြီး သယ်ချင်နေရတာလဲ... ဘာလို့... ဘာလို့..."

    သုံးနှုန်းနေကျ နာမ်စားအား ပြောင်းလဲပစ်လိုက်ခြင်းဖြင့် ပြတ်သားခြင်းကို သူ သက်သေပြလိုက်သည်။ သို့သော်ငြား အဆုံးသတ် စကားတွေကတော့ အားနည်းချက်တွေအဖြစ် အဖျားဝင်တုန်ရီသွားခဲ့ရသည်။

    "ဘာလို့လဲဆိုတော့ ငယ်ငယ်က ကိုယ်မွေးထားတဲ့ ရင်သွေးတစ်ယောက်လို သားသားကို ချစ်ရတာမို့လို့ပေါ့... သားသားကရော ငယ်ငယ့်ရင်နာအောင် ဘာလို့အဲ့လိုစကားတွေ ပြောနေရတာလဲဟင်"

    စကားလုံးတွေ အများကြီး ပြောခဲ့သမျှကို ငယ်ငယ့်စကားတိုတိုလေးက ပိတ်ဆို့ပစ်လိုက်သည်။ ရုတ်တရက် သူ ဘယ်လိုတုန့်ပြန်ရမလဲဆိုတာမသိ။ ကလေးဘဝတုန်းကလို ငယ်ငယ့်ရင်ခွင်ထဲ တိုးဝှေ့ပစ်လိုက်ချင်မိသည်။

ရင်ကွဲငှက်ငယ်Where stories live. Discover now