part-2

3.1K 195 5
                                    

မဟူရာ

( အပိုင်း - ၂ )

နောက်တစ်နေ့ မနက်၌ မျက်နှာမသာမယာနှင့် အိမ်ကို ပြန်ရောက်လာသူက ကိုသက်နောင် ။

"ကျွန်တော် မသဇင်ကို မတွေ့ခဲ့ဘူး အစ်ကိုလေး ။ အိမ်အနေအထားကို ကြည့်ရတာ သူ တစ်နေရာကို ထွက်သွားတာ ရက်နည်းနည်း ကြာပြီထင်တယ် "

ကိုမြင့်မောင်သည် စိတ်ညစ်ညူးစွာဖြင့် သက်ပြင်းရှည်ကြီး ချမိသည် ။ ပြီးနောက် မိမိအနားမှာ ထိုင်နေသည့် သစ္စာကို ကြည့်မိသည် ။ သစ္စာက သွေးပျက်နေသည့် အမူအရာဖြင့် လက်ထဲမှ သမီးငယ်လေးကို မမှိတ်မသုန် စိုက်ကြည့်နေသည် ။ သူ့အမေဘေးမှာ ထိုင်နေသည့် သားကြီးဒီပါကတော့ နားမလည်သည့် မျက်လုံးလေးများဖြင့် သူ့ကို ကြည့်နေသည် ။

ကိုမြင့်မောင်သည် သားကို အားတင်း၍ ပြုံးပြလိုက်သည် ။ ထို့နောက် ကိုသက်နောင်ကို စေ့စေ့ကြည့်၍... ။

"တခြားလူတွေ ခေါ်ပြီး မသဇင်ကို တွေ့အောင်လိုက်ရှာ ။ သူ့ကို မတွေ့လို့ လုံးဝ မဖြစ်ဘူး "

"ဟုတ်ကဲ့ပါ အစ်ကိုလေး ။ ကျွန်တော် လူခေါ်ပြီး ရှာလိုက်ပါ့မယ် "

ကိုသက်နောင်က ပြောပြီးသည်နှင့် ခြေလှမ်းကျဲကျဲဖြင့် အိမ်ထဲမှ ပြန်ထွက်သွားသည် ။ ထိုအခါမှ ကိုမြင့်မောင်သည် သစ္စာကို စိုက်ကြည့်၍ ပြုံးပြလိုက်သည် ။

"စိတ်မပူပါနဲ့ သစ္စာ ။ မကြာခင် မသဇင်ကို တွေ့ရမှာပါ "

သစ္စာက ခေါင်းညိတ်ပြီး သမီးငယ်ကိုသာ တစိမ့်စိမ့် ကြည့်နေ၏ ။ သစ္စာ၏ ယခုလို ပုံစံကို မြင်ရတာ သူ့ရင်ထဲလည်း မကောင်းလှ ။ သို့သော် သူတစ်ယောက်ကတော့ အားလျော့၍ မဖြစ်သေး ။ ထို့ကြောင့် မာန်တင်းထားရသည် ။

ဒေါက်...ဒေါက်

"အစ်ကိုလေး....အစ်ကိုလေး ၊ မသဇင် ရောက်လာတယ် "

အိပ်မည်ကြံရုံရှိသေး ၊ တံခါးခေါက်သံနှင့်အတူ ကိုသက်နောင်၏ စကားကြားသော် သူ အံ့အားသင့်သွားရ၏ ။ ကိုသက်နောင်က ဦးဆောင်၍  လူတချို့နှင့် တစ်နေကုန်တစ်နေခန်း  မသဇင်ကို လိုက်ရှာခဲ့ပါသော်လည်း အရိပ်အယောင်ပင် မတွေ့ခဲ့ရပေ ။ ယခု ညကြီးမိုးချုပ်မှ မသဇင်က ဤအိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ပင်  ရောက်ချလာသည်တဲ့လား ။

မဟူရာ ( Completed )Where stories live. Discover now