အပိုင်း၄၈

Start from the beginning
                                    

    အစောပိုင်းက တီးခတ်ထားသောကြောင့် ကုတင်ပေါ်တွင် ပြန့်ကျဲလျက်ရှိနေသော တယောအား သူ့နေရာနှင့်သူ ပြန်လည်သိမ်းဆည်းလိုက်သည်။ ထိုစဉ် မျက်လုံးက စားပွဲပေါ်ရှိ ပြက္ခဒိန်ကို ခလုတ်တိုက်မိသွားသည်။ လုပ်လက်စ အလုပ်အား ရပ်တန့်လိုက်ကာ ပြက္ခဒိန်ကို တစ်ချက်သာ ကြည့်ပြီးသည့်နောက် အခန်းထဲမှ သူ ထွက်ခဲ့တော့သည်။

    အခန်းအတွင်း၌ တစ်ဝက်တစ်ပျက်သာ ပိတ်လျက်ရှိသော တယောအိတ်လေးသည် စားပွဲပေါ်ရှိ ကြက်ခြေခတ်ရာတစ်ခုပါသော ပြက္ခဒိန်လေးနှင့်အတူ ကျန်ခဲ့လေသည်။ ထိုပြက္ခဒိန်ပေါ်ရှိ ကြက်ခြေခတ်အမှတ်အသား တည်ရှိရာ နေ့ရက်သည်ကား ဇွန်လ၏ နှစ်ဆယ့်ခြောက်ရက်မြောက်နေ့ပင်...။

    မွေးနေ့ဆိုသည်မှာ အများသူငါအတွက်တော့ နှစ်လိုဖွယ် အထူးနေ့တစ်နေ့ဖြစ်သော်လည်း အံ့မဟော်အတွက်တော့ နှစ်လိုဖွယ်ရာ အလျဉ်းမရှိချေ။ အကယ်၍ သူသာ သဘာဝလွန်စွမ်းအားတစ်ခု ရခဲ့မည်ဆိုပါစို့... ဇွန်လ၏ နှစ်ဆယ့်ခြောက်ရက်မြောက်နေ့ကို ပြက္ခဒိန်ပေါ်သာမက ရာသီစက်ဝန်းမှပါ အပြီးပိုင် ပျောက်ကွယ်သွားအောင် လုပ်ပစ်ပေလိမ့်မည်။ ဤမျှအထိ သူသည် ထိုနေ့အား မုန်းတီးကြောက်ရွံ့မိပါ၏။

    လှေကားပေါ်မှ ဆင်းလာတော့ နံရံပေါ်ရှိ ဒယ်ဒီ့ပုံက သူ့အား ပြုံးပြနေသည်။ ခြေလှမ်းတို့ကို ခေတ္တရပ်လိုက်ပြီး ဒယ်ဒီနှင့် မျက်နှာချင်းဆိုင်လိုက်သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် သူ့မွေးနေ့ဟာ ဒယ်ဒီ့နှစ်ပတ်လည်နေ့။ ယခုဆိုလျှင် ရတုတွေ ဘယ်နှနှစ် မြောက်ခဲ့ပြီလဲ။ ပြန်လည်အောက်မေ့ရလျှင် ငါးနှစ်တိုင်တိုင်ရှိခဲ့ပြီထင်သည်။ 

    ဒယ်ဒီ့ရုပ်ပုံက သူ့အား ပြုံးပြနေသော်လည်း သူကတော့ ငြိမ်သက်စွာပင် ကြည့်နေမိသည်။ ကြည့်နေရင်းပင် ဒယ်ဒီသည် ပြုံးနေရာမှ မဲ့လာသလို။ တစ်ဖန် မဲ့နေရာမှ တဖြည်းဖြည်း ပြန်လည်ပြုံးလာပြန်သလို။ ပြုံးရင်း ပြုံးရင်းပင် ဟားတိုက်ရယ်မောတော့မည့်ဟန်လည်း ပေါ်လာပြန်၏။ 

    သူ ဆက်မကြည့်ရဲတော့ပါ။ မျက်လုံးကို မှိတ်ပစ်ပြီး အကြည့်ကို လွှဲလိုက်သည်။ တစ်ညလုံး မှိတ်မရတဲ့ မျက်လုံးနှစ်လုံးက ယခုတော့ မြင်ချင်ရာကို ကယောင်ချောက်ခြား မြင်နေတော့သည်။ 

ရင်ကွဲငှက်ငယ်Where stories live. Discover now