"မယ်မယ်တို့ရော"
"မင်္ဂလာဆောင်တစ်ခုသွားပါတယ် သခင်လေး"
"အော်"
"ဆေးနဲ့ ဆန်ပြုတ်ချထားခဲ့ပါတယ်၊ သောက်လိုက်ပါဦး"
"ဟိုဟာ"
"သကြားလုံးလည်း ထည့်ထားပေးပါတယ်"
စဝ်စံဦးသာ၏ အားနည်းချက်တစ်ခုမှာ ဆေးခါးများကြောက်ခြင်းသာ။
"ကျေးဇူး ဦးလေးနောင်"
ထို့နောက်တွင် နားထဲ၌ အသံတို့ဖျော့ဖျော့ကလေးကို ကြားလိုက်ရသည်။
"ဒီမယ် မလိုင်လုံးရှိရော့ စားပါလေ့၊ ခါးသော်လည်း မျိုချရမည်စ ခွန်နှောင်း၊ နောက်များတော့ တွေ့ရာမစားလေနှင့်၊ အကျွန်စိတ်မချရော့၊ ဧည့်သည်ကို နှိပ်စက်သလိုဖြစ်နေစ"
ခွန်နှောင်း ..
ခွန်နှောင်း ...ဆန်ပြုတ်ပန်းကန်ကို ကိုင်ထားသော လက်အစုံတို့က တုန်ယင်လာသည်။ အိပ်ခန်း ပြတင်းပေါက်ကို ဖြတ်ကာ တိုက်ခတ်လာသော လေညှင်းတို့က အနည်းငယ်ပင် အေးနေသယောင်ယောင်။
အဘယ်ကြောင့် သျှန်ခွန်နှောင်းဟာ သူ့စိတ်နှလုံးအစုံကို လွှမ်းမိုးနိုင်သည်နည်းဟု အကြိမ်ကြိမ်မေးခွန်းထုတ်သော်ငြား အဖြေနေရာသည် ကွက်လပ်။ ဦးနှောက်ထဲတွင် အဆိုပါအဖြေရှိနေသော်ငြား စဉ်းစား၍မတတ်။
Keyword တစ်ခုလိုနေသကဲ့သို့၊ လျှို့ဝှက်စကားစုက ပျောက်ဆုံးနေသကဲ့သို့။ ရအောင်ပြန်ရှာရပေမည်။ စဝ်စံဦးသာသည် သံယောဇဉ်ကြီးသလောက် ဇွဲလည်း ကြီးသည်ပင်။
"သား"
"မယ်မယ်"
မင်္ဂလာဆောင်က ပြန်လာသော မယ်မယ်က နန်းဟိတ်နန်းဟန်အပြည့်ဖြင့် အခန်းထဲ တစ်လှမ်းချင်း လှမ်းလာခဲ့လေသည်။ အရှိန်အဝါအပြည့်။
"သားနေမကောင်းဘူးပြောလို့ မင်္ဂလာဆောင်မခေါ်သွားတာ၊ နန်းကြူသမီးလေးဟာလေ သိပ်ကိုလှသောပဲ"
"ဟုတ်"
"သားနဲ့တောင် ချိတ်ပေးဖို့လုပ်ထားသေးတယ်"
မယ်မယ်ကပြောရင်း ဦးသာလက်ထဲမှ ဆန်ပြုတ်ပန်းကန်ကို လှမ်းယူကာ အေးသွားအောင် ဖြည်းဖြည်းချင်း မွှေပေးနေသည်။
YOU ARE READING
နှောင်းဦးသက်လည်တည်စေအံ့
Fantasyလက်ရှိကာလကနေ ၁၉၅၀ ကိုရောက်သွားတဲ့အခါ .. သင်တို့ရော ခွန်နှောင်းလို စော်ဘွားချောချောလေးနဲ့တွေ့နိုင်မယ်ထင်လား ...?